← Chapters

အခန်း (၅၉-၆၀)

Vol. 4 Ch. 59-60

အခန်း (၅၉-၆၀)

Vol. 4 Ch. 59-60

စူပါ-ဖမ်း(SFS)

အခန်း ၅၉ ။ ဒီဂင်ဂိုပင်အရွက်က လက်ဖက်ရည်ကျိုသောက်လို့ရတာပဲ!

ချင်အဖေသည် "မိခင်ပင် တာ့ဟုန်ဖောင်" လက်ဖက်ရည်ကို အလွန်ပင် ရိုသေသမှုဖြင့် မြည်းစမ်းနေသည်။ ဤလက်ဖက်ရည်မျိုးကို တစ်ခွက်ကလေး သောက်လိုက်ရရုံနှင့်ပင် တစ်သက်လုံး ကြွားလို့ဝပြီ မဟုတ်လား။

သို့သော် လင်းယန် နှင့် လောင်ဝမ်ကို ကြည့်လိုက်ပါဦး။ ကြွေခွက်အစုတ်လေးတွေထဲမှာ ဒီအတိုင်း ခတ်သောက်နေကြတာ...။ ဒီလက်ဖက်ရည်က ဘယ်လောက်အထိ အဖိုးတန်လဲဆိုတာကို သူတို့ ဂရုမစိုက်ကြသလိုပါပဲ။ စကားစပ်မိရင်းနှင့်လည်း ဒီလက်ဖက်ရည် ဘယ်ကလာသလဲဆိုတာ သိလိုက်ရသည်။

"ငါ့တပည့်တစ်ယောက်က လက်ဖက်ပင်မျိုးစိတ် သုတေသန စီမံကိန်းတစ်ခု လုပ်နေတာလေ။ အဲ့ဒါကြောင့် လက်ဖက်ရည်ကုန်သည်ကြီးတွေက အကောင်းဆုံး လက်ဖက်ခြောက်တွေကို လာပို့ကြတာ။ ရည်ရွယ်ချက်ကတော့ မျိုးစိတ်သစ်တွေ ပြုပြင်ပြီး ပိုကောင်းတဲ့ လက်ဖက်ရည်တွေ ထွက်လာဖို့ပေါ့။ အင်း... ငါ့ဆီမှာ လက်ဖက်ခြောက်ထုပ် အဟောင်းတွေလည်း ရှိသေးတယ်၊ အိမ်မှာ သိမ်းထားတာ။ အားတဲ့အခါ ယူလာပေးမယ်လေ။"

လောင်ဝမ်ကတော့ အေးအေးဆေးဆေး ပြောနေသော်လည်း လင်းယန်ကတော့ ဘာမှမထူးခြားသလိုပင်။ သူကတော့ ဒီ "မိခင်ပင် တာ့ဟုန်ဖောင်" နဲ့ သာမန်လက်ဖက်ရည် ဘာကွာသလဲဆိုတာ ခွဲခြားမသိပေ။ တစ်ခုတည်းသော အားသာချက်ကတော့ ရေငတ်ပြေပြီး အာသာပြေတာပါပဲ! ချင်စုစု ဝယ်ပေးတဲ့ ကိုကာကိုလာထက်တော့ အများကြီး ပိုသောက်လို့ ကောင်းပါတယ်။

ချင်အဖေသည် လင်းယန်က လက်ဖက်ရည်အနယ်တွေကို ခွေးကြီးတာ့ဟွမ်ရဲ့ ပါးစပ်ထဲ သွန်ကျွေးလိုက်တာ မြင်ရတဲ့အခါ နှမြောလွန်းလို့ မျက်နှာက အသားတွေတောင် တုန်ယင်လာတော့သည်။ ဒီလောက်အထိ အဖြုန်းအတီး မရှိသင့်ဘူးလေ!

"ကြည့်ရတာ တာ့ဟွမ်လည်း သောက်ရတာ ကြိုက်ပုံပဲ။ ဒါဆို နောက်ကျရင် ငါ ပိုယူလာခဲ့မယ်။" လောင်ဝမ်က ပြုံးပြုံးလေး ပြောနေသည်။ စိုက်ပျိုးရေးနယ်ပယ်ကလူတွေအတွက် ဒီလို ထွက်ကုန်တွေဆိုတာ မရှားပါဘူး။ လက်ဖက်ရည်ဆိုတာလည်း မြေကြီးက ထွက်တာပဲ မဟုတ်လား။ အပြင်ဈေးကွက်မှာ အဖိုးတန်လှပါတယ်ဆိုတဲ့ အရာတွေဟာ သူတို့ဆီမှာတော့ အဲ့ဒီလောက်အထိ မဟုတ်ပါဘူး။ ရှာချင်ရင် မခက်သလို၊ ဈေးကွက်ထဲကထက် ပိုကောင်းတဲ့ အရာတွေကိုတောင် ရနိုင်ပါသေးသည်။ ဘာပဲဖြစ်ဖြစ် လူတွေက အကောင်းဆုံးကို ကိုယ်တိုင်သုံးဖို့ ချန်ထားပြီး ညံ့တာကိုမှ ရောင်းကြတာကိုး။

"..." ချင်အဖေကတော့ သူတို့နှစ်ယောက်ရဲ့ စကားဝိုင်းကို နားထောင်ရင်း ဆွံ့အသွားရသည်။ ဒီလိုလူမျိုးတွေလည်း ရှိတာပဲလား! ဒီလောက်ဈေးကြီးတဲ့ လက်ဖက်ရည်ကို ဒီလိုသောက်တာဟာ တကယ့်ကို ဖြုန်းတီးရာ ရောက်တယ်။

ချင်အဖေကတော့ တစ်ငုံချင်းစီကို အရသာခံသောက်ရင်း စိတ်ထဲမှာ နှမြောတသ ဖြစ်နေရှာသည်။ လင်းယန်ရဲ့ အားရပါးရ သောက်ပုံကို ကြည့်ပြီး အတော်လေး အားကျမိသော်လည်း လက်ဖက်ရည်က ကိုယ့်ဟာမဟုတ်တော့ ဘာမှမတတ်နိုင်ပေ။

"ဒါကြောင့်လည်း ဒီသူဌေးတွေက လယ်စိုက်ရတာကို ဝါသနာပါကြတာကိုး။ ထွက်လာတဲ့ အကောင်းဆုံးအရာတွေကို ဝအောင် စားနိုင်သောက်နိုင်တာကိုး!"

ချင်အဖေသည် မိမိကိုယ်တိုင်လည်း သူဌေးတစ်ယောက်ဖြစ်မှန်း ခနမေ့သွားပုံရသည်။ အမှန်တော့ သူ့လို ပိုင်ဆိုင်မှုများတဲ့သူတွေဟာ လက်ထဲမှာ သုံးနိုင်တဲ့ ငွေသားက သိပ်မများလှပါဘူး။ လင်းယန်လို ဘဏ်ကတ်ထဲမှာ ယွမ်သန်းပေါင်း ရာချီရှိနေတဲ့သူကမှ ဘဏ်ရောက်ရင် ဘိုးဘေးတွေလို ဝိုင်းဝန်းပြုစုခံရမှာပါ။

ဒါ့အပြင် လင်းယန်က ကျန်းနန်စိုက်ပျိုးရေးတက္ကသိုလ်ရဲ့ ပါမောက္ခရာထူးကိုလည်း ရထားသေးတယ်လေ။ အဲ့ဒီတက္ကသိုလ်က စိုက်ပျိုးရေးလောကမှာ ကမ္ဘာကျော်တဲ့ ကျောင်း မဟုတ်လား။ အရေးကြီးဆုံးက သူက အသက် ၂၀ နဲ့တင် အထူးပါမောက္ခ ဖြစ်နေတာပါ။ ဘယ်သူပဲသိသိ လင်းယန်ရဲ့ နောက်ခံက တော်တော်တောင့်တယ်လို့ပဲ ထင်ကြမှာပါ။

လူသုံးဦး လက်ဖက်ရည်သောက်ရင်း စကားတွေ အားရပါးရ ပြောဖြစ်ကြသည်။ ချင်အဖေက စကားပြောကောင်းသူပီပီ စကားဝိုင်းကို ဘယ်တော့မှ မပျက်စေပါဘူး။ လင်းယန်နဲ့ လောင်ဝမ်ကတော့ ကြားဖြတ်ပြီး တစ်ခွန်းစ၊ နှစ်ခွန်းစပဲ ပြောကြရင်း အေးအေးဆေးဆေး နေကြသည်။ ထိုစဉ် လောင်ဝမ်က ရုတ်တရက် ပြောလာ၏။

"ရှောင်ဝူ (ဝူယင်း) က မင်းရဲ့ အနောက်ဘက်အိမ်ဝင်းထဲက ဂင်ဂိုပင်အရွက်ကို ဓာတ်ခွဲစစ်ဆေးကြည့်တာ ပြဿနာတချို့ တွေ့တယ်တဲ့"

လင်းယန် ကြောင်သွားပြီး - "ဝူယင်းလား?"

ဟို ဓာတ်ခွဲခန်းထဲမှာပဲ အောင်းနေတတ်တဲ့ အစ်မကြီးလား? အင်း... သူမရဲ့ ကိုယ်လုံးကိုယ်ပေါက်ကတော့ သူ့ကို အမှတ်ရစေပါတယ်။ နှမြောစရာကောင်းတာက သူမက ဓာတ်ခွဲရတာကို အရူးအမူးဖြစ်နေတာပါပဲ။ သူ့ရဲ့ ဂင်ဂိုပင်ကြီးလည်း သူမရဲ့ လက်ထဲက မလွတ်ခဲ့ဘူးပေါ့။ တစ်ဖက်မှာလည်း ရလဒ်က ဘယ်လိုထွက်လာမလဲဆိုတာ သူ စပ်စုချင်လာသည်။

"ဘယ်လိုရှိလဲဟင်?"

"အရမ်း အံ့ဩဖို့ကောင်းတာပဲ။ အဲ့ဒီအပင်ရဲ့ သက်တမ်းက နှစ်ပေါင်း ၁,၅၀၀ ဝန်းကျင် ရှိနေပြီ။ ရှီးအန်းမြို့က ရှေးဟောင်း ဂင်ဂိုပင်ထက်တောင် ပိုပြီး သက်တမ်းရင့်နေတယ်။ ဒါပေမဲ့ အပင်ရဲ့ အုပ်ဆိုင်းပုံက သိပ်မကြီးသလို၊ မျိုးစိတ်ကလည်း အခုရှိနေတဲ့ ဂင်ဂိုပင်တွေနဲ့ လုံးဝမတူဘူး"

လင်းယန် ကြောင်သွားရပြန်သည်။ အပင်ရဲ့အရွယ်အစားကတော့ သူ့ရဲ့စိတ်ဆန္ဒအတိုင်း စနစ်က လုပ်ပေးထားတာပါ။ ဒါပေမဲ့ မျိုးစိတ်မတူဘူးဆိုတာက ဘာသဘောလဲ။ စနစ်က ထပ်ပြီး ပြုပြင်ပေးလိုက်တာလား။

"ဒီဂင်ဂိုပင်ရဲ့ အရွက်တွေမှာ အဆိပ်အတောက် လုံးဝမရှိတဲ့အပြင် ချိုမြိန်တဲ့ အရသာလည်း ရှိနေတယ်။ တရုတ်ဆေးပညာ တတ်တဲ့သူတွေကတော့ အဆုတ်ကို အားကောင်းစေပြီး ချောင်းဆိုးပျောက်စေတယ်လို့ ပြောကြတယ်။ ငါ အဲ့ဒီအရွက်ကို လက်ဖက်ရည်လို ကျိုသောက်ကြည့်တော့ အရသာက တကယ့်ကို ကောင်းတာ။ အခု ငါတို့ သောက်နေတဲ့ လက်ဖက်ရည်ထက်တောင် ပိုကောင်းနေသလိုပဲ"

လောင်ဝမ် ပြောပြောဆိုဆိုနှင့် ဘူးတစ်ဘူးကိုထုတ်ကာ အထဲက လက်ဖက်ခြောက်တွေကို လောင်းပြသည်။ လင်းယန် ကြည့်လိုက်တော့ တကယ့်ကို ဂင်ဂိုရွက်တွေကို လက်ဖက်ခြောက်လုပ်ထားတာပါပဲ။ ခူးထားတာတွေကလည်း အဖူးနုလေးတွေချည်းပဲ...။

ဒါကြောင့်လည်း ဒီရက်ပိုင်း ဂင်ဂိုပင်ကြီးက တစ်နေရာမှာ ပြောင်သလင်းခါနေသလို ခံစားရတာကိုး။ ဝူယင်း ခူးသွားတာကိုး! ကြိုပြီးတော့ အသိမပေးနိုင်ဘူးလား။

အင်း... ပြောတော့ ပြောခဲ့သလိုပဲ၊ ဒါပေမဲ့ အဲ့ဒီတုန်းက သူ သိပ်ပြီး ဂရုမစိုက်မိလိုက်ဘူး။ ထားလိုက်ပါတော့လေ၊ ကိစ္စမရှိပါဘူး။

လောင်ဝမ်က အချက်ပြလိုက်တော့ ချင်အဖေက လက်ဖက်ရည် ဖျော်ပေးသည်။ ကံ့ကော်လက်ဖက်ရည်ဟာ ခဏချင်းမှာပင် ပွင့်လာပြီး အရောင်က စိမ်းမြမြလေးနဲ့ ကြည်လင်နေတာပဲ။ အငွေ့ပျံလာတဲ့ အနံ့ထဲမှာလည်း ချိုသင်းတဲ့ ရနံ့လေး ပါနေသည်။

"လက်ဖက်ရည်ကောင်းပဲ!" ချင်အဖေ မနေနိုင်ဘဲ အော်လိုက်မိပြီး အပူကိုတောင် မမှုဘဲ တန်းသောက်လိုက်သည်။ ခံတွင်းထဲမှာ ရနံ့တွေ မွှေးပျံ့သွားပြီး တစ်ကိုယ်လုံး လန်းဆန်းသွားသလို ခံစားလိုက်ရသည်။ "မိခင်ပင် တာ့ဟုန်ဖောင်နဲ့ ယှဉ်ရင်တောင် ပိုကောင်းရင်ကောင်း၊ မဟုတ်ရင် မနိမ့်ဘူး!"

လင်းယန်လည်း သောက်ကြည့်ပြီးတော့ အံ့ဩသွားရသည်။ တကယ်ကို သောက်လို့ကောင်းတာပဲ။ သောက်ပြီးတာနဲ့ စိတ်ကြည်လင်သွားသလို ခံစားရသည်။ သာမန် ဂင်ဂိုရွက်ဆိုရင် စားရင် လျှာထုံတတ်ပေမဲ့ ဒီလက်ဖက်ရည်ကတော့ လုံးဝမဖြစ်ပါဘူး။ သူရထားတဲ့ ဆေးပညာဗဟုသုတအရဆိုရင် ဒီလက်ဖက်ရည်က အဆုတ်အတွက် တကယ်ကောင်းပြီး ချောင်းဆိုးတာကို သက်သာစေမှာပါ။ ဆေးလိပ်သောက်တဲ့သူတွေအတွက်ဆိုရင် ပိုတောင် အကျိုးရှိဦးမယ်။

"လက်ဖက်ရည် လုပ်တဲ့သူက တော်လို့ ဖြစ်မှာပါ၊ တခြား အနံ့တွေလည်း ပါနေသလိုပဲ" လင်းယန်က မှတ်ချက်ပေးလိုက်သည်။ သူကိုယ်တိုင်လည်း လက်ဖက်ရည် လုပ်နည်းကို အနည်းငယ် သိထားတာကိုး။ ရွာလူကြီးဆီမှာလည်း လက်ဖက်ပင်ရှိပြီး ကိုယ်တိုင် လက်ဖက်ခြောက် လုပ်တတ်တာလေ။ ဒါပေမဲ့ လင်းယန်သာ လုပ်ရင်တော့ ဂင်ဂိုရွက်ကို ဒီလောက်အထိ ကောင်းတဲ့ လက်ဖက်ရည်ဖြစ်အောင် လုပ်နိုင်မှာ မဟုတ်ပါဘူး။

လောင်ဝမ်က လက်ယမ်းပြကာ - "အဓိကက အရွက်ရဲ့ အရည်အသွေး ကောင်းလို့ပါ ဟို မိခင်ပင် တာ့ဟုန်ဖောင်က သက်တမ်း ၃၆၀ ပဲ ရှိသေးတာ၊ မင်းရဲ့ အပင်က နှစ်ပေါင်း ၁,၅၀၀ လေ၊ ယှဉ်လို့ မရပါဘူး"

ချင်အဖေကလည်း ခေါင်းညိတ်ပြီး - "ဒါကိုသာ ရောင်းမယ်ဆိုရင် တာ့ဟုန်ဖောင်ထက်တောင် ဈေးကြီးဦးမှာပဲ"

လင်းယန်ကတော့ ပြုံးလိုက်ကာ - "အများကြီးတော့ ထွက်မှာမဟုတ်ပါဘူး၊ ကိုယ်တိုင်သောက်ဖို့တောင် လောက်ပါ့မလားပဲ"

ချင်အဖေကတော့ နောင်တမရအောင် အမြန်ပဲ ထပ်သောက်လိုက်သည်။ ဂင်ဂိုပင်ရဲ့ အရွက်တွေကတော့ အများကြီးပါပဲ။ အဖူးနုလေးတွေကပဲ လက်ဖက်ရည်လုပ်လို့ ကောင်းတာဆိုပေမဲ့ အပင်ကြီးဆိုတော့ တော်တော်တော့ ရမှာပါ။ ဒါပေမဲ့ အပင်ကြီး ပြောင်သွားရင်တော့ မလှတော့ဘူးပေါ့။

လောင်ဝမ်ကတော့ - "နှစ်တစ်ထောင် သက်တမ်းရှိတဲ့ ရှေးဟောင်းပင်ဆိုတာ သာမန်အသိဉာဏ်နဲ့ တိုင်းတာလို့ မရဘူး။ အပင်ဆိုတာ နှစ်တိုင်းရဲ့ နေရောင်ခြည်၊ မိုးရေချိန်ပေါ်မူတည်ပြီး ပုံစံပြောင်းလဲတတ်တာ။ နှစ်ပေါင်း ၁,၅၀၀ အတွင်းမှာ လောကဓံတွေကို ကြုံဆုံပြီး အသွင်ပြောင်းလာခဲ့တာဆိုတော့ သာမန်ဂင်ဂိုပင်နဲ့ မတူတော့တာ သဘာဝပါပဲ"

လောင်ဝမ် ပြောတာ မှန်တယ်လို့ လင်းယန် ထင်မိသည်။ မျိုးစေ့တစ်ခုတည်းကိုပဲ နှစ်တိုင်း စိုက်ပေမဲ့ ထွက်လာတဲ့ အရသာက ကွာခြားနိုင်တာပဲလေ။ ဒီလို နှစ်ပေါင်း ၁,၅၀၀ သက်တမ်းရှိတဲ့ အပင်ဆိုရင်တော့ ပြောနေစရာတောင် မလိုပါဘူး။

ဒါပေမဲ့ စနစ်က ဒီအပင်ကို ဘယ်ကနေ ယူလာတာလဲဆိုတာ သူ စဉ်းစားမရပါဘူး။ မျိုးစိတ်တောင် မတူဘူးဆိုတော့... ဒါမှမဟုတ် စနစ်က ပေးတဲ့ မျိုးစေ့နဲ့ ဆုကြေးတွေဟာ ဒီကမ္ဘာမှာ ရှိတာနဲ့ ဆင်တူပေမဲ့ လုံးဝမတူတာမျိုးလား?

လင်းယန် စဉ်းစားနေစဉ်မှာပင် လောင်ဝမ်က ရုတ်တရက် အကူအညီ တောင်းလာသည်။

"ကျောင်းကိစ္စတစ်ခုရှိလို့ မင်းနဲ့ ဆွေးနွေးချင်တယ်..."

***

စူပါ-ဖမ်း(SFS)

အခန်း ၆၀ ။ သူက စိုက်ပျိုးရေးကျောင်းသားတွေရဲ့ 'နတ်ဘုရား' ပဲ!

"ငါတို့ ဒီဂင်ဂိုပင်ရဲ့ ကိုင်းတချို့ကို ဖြတ်ယူပြီး ပျိုးထောင်ချင်ပါတယ်။ နောင်ကျရင် စမ်းသပ်မှုတွေ လုပ်ဖို့အတွက် အပင်သစ်တွေ ပွားယူချင်လို့ပါ"

ကျောင်းက ဘာလုပ်ချင်သလဲဆိုတာကို လင်းယန် ချက်ချင်း သဘောပေါက်သွားသည်။ ဤနှစ်တစ်ထောင်သက်တမ်းရှိ ဂင်ဂိုပင်ကြီး၏ ကိုင်းများကို သုံးပြီး အပင်သစ်များ ထပ်မံပျိုးထောင်ခြင်းမှာ ဤအပင်ကြီး၏ မျိုးဆက်ကို ပြန့်ပွားစေခြင်းပင် ဖြစ်သည်။

"ရပါတယ်၊ ပြဿနာမရှိဘူး"

ဤကိစ္စကို လင်းယန် ငြင်းပယ်ရန် အကြောင်းမရှိပါ။ တစ်နည်းအားဖြင့် ကျန်းနန်စိုက်ပျိုးရေးတက္ကသိုလ်သည် သူ့ကို အများကြီး ကူညီပေးထားသည် မဟုတ်လား။ ဤကဲ့သို့သော ကိစ္စမျိုးမှာ အပြန်အလှန်အကျိုးရှိစေသည့် ကိစ္စပင် ဖြစ်သည်။ ထိုကျောင်းသားများသာ လာပြီး လယ်ဝိုင်းစိုက်ပေးမည်ဆိုလျှင် ကျန်တာ ဘာမဆို အဆင်ပြေသည်။

ဒါ့အပြင်... အကယ်၍ ဤတောင်းဆိုချက်ကို မလိုက်လျောပါက ထိုသုတေသနရူးမလေး ဝူယင်းသည် အကြောင်းပြချက်မျိုးစုံဖြင့် ဤဂင်ဂိုပင်ကြီးနားတွင် တဝဲလည်လည် လုပ်နေပေလိမ့်မည်။ "ခိုးမယ့်သူကို မကြောက်ရဘူး၊ ကြံစည်နေမယ့်သူကိုပဲ ကြောက်ရတယ်" ဆိုသည့်အတိုင်း ဘာတွေဖြစ်လာမလဲ မသိနိုင်ပေ။ ထို့ကြောင့် သူတို့ကို ခွင့်ပြုပေးလိုက်ခြင်းက ပို၍ စိတ်အေးရသည်။

"စိတ်ချပါ၊ ကျောင်းက ဒီစီမံကိန်းအတွက် ရန်ပုံငွေ ချပေးထားတယ်၊ အများစုက မင်းဆီမှာ ကျန်မှာပါ"

"ပိုက်ဆံတော့ မလိုပါဘူး၊ ပစ္စည်းတွေပဲ ပေးပါ"

လင်းယန်သည် ပိုက်ဆံထက်စာလျှင် ပစ္စည်းများက ပို၍ အရေးကြီးကြောင်း တဖြည်းဖြည်း နားလည်လာသည်။ အင်တာနက်ကုမ္ပဏီအချို့ မည်မျှပင် ချမ်းသာသည်ဆိုစေကာမူ အခြေခံပစ္စည်းများကို စီမံခန့်ခွဲရာတွင်တော့ နိုင်ငံပိုင် အရေးကြီးလုပ်ငန်းများ သို့မဟုတ် ကျန်းနန်စိုက်ပျိုးရေးတက္ကသိုလ်ကဲ့သို့ အဖွဲ့အစည်းများကို မမီပေ။

ကျန်းနန်စိုက်ပျိုးရေးတက္ကသိုလ်၏ စိုက်ပျိုးရေးနယ်ပယ်တွင် လွှမ်းမိုးနိုင်စွမ်းမှာ ထိပ်တန်းအဆင့် ဖြစ်သည်။ ဤအဖွဲ့အစည်းကြီး၏ အကာအကွယ်အောက်တွင် လင်းယန်အတွက် နောင်ကျလျှင် အလုပ်လုပ်ရသည်မှာ ပို၍ လွယ်ကူသွားတော့မည်။ စနစ်ထဲက မျိုးစေ့များကို ရှင်းပြရန်နှင့် ပြန့်ပွားစေရန်အတွက်လည်း ပို၍ အဆင်ပြေသွားမည် ဖြစ်သည်။

လင်းယန် မသိလိုက်သည်မှာ သူ "အထူးပါမောက္ခ" ဖြစ်သွားသည့် ကိစ္စသည် အွန်လိုင်းတွင် အကြီးအကျယ် ဟိုးလေးတကျော် ဖြစ်နေခြင်းပင်။

အစပြုလိုက်သည်မှာ စိုက်ပျိုးရေးတက္ကသိုလ်ကျောင်းသားတစ်ဦး၏ လူမှုကွန်ရက်ပေါ်မှ ပို့စ်တစ်ခု ဖြစ်သည်။

"ငါတို့ နောက်လကျရင် ကျေးလက်ဒေသကို လက်တွေ့ဆင်းရတော့မယ်။ အဲ့ဒီနေရာက 'ချင်းရှန်းရွာ' တဲ့ဟေ့!"

"ဟုတ်တယ်၊ 'ဖရဲသီးကိုကို' ရှိတဲ့ အဲ့ဒီ ချင်းရှန်းရွာပဲ!"

"ဒီသတင်းကြောင့် ကျောင်းက မိန်းကလေးတွေ ဘယ်လောက်တောင် အိပ်မပျော်ဖြစ်နေကြသလဲ မသိဘူး။ စာသင်နေရင်းတောင် ဘယ်လို မိတ်ကပ်လိမ်းရမလဲ တိုင်ပင်နေကြတာ!"

"သူတို့အမြင်မှာတော့ သူတို့ရဲ့မေဂျာက ဖရဲသီးကိုကိုနဲ့ ကွက်တိပဲလေ။ တကယ်လို့သာ ဖရဲသီးကိုကိုနဲ့ တွဲရမယ်ဆိုရင် အဲ့ဒီ တောခေါင်ခေါင်ရွာလေးမှာပဲ တစ်သက်လုံး နေသွားချင်ကြတာ"

"ဒါပေမဲ့ ငါတို့ကို ပိုပြီး အံ့ဩသွားစေတာကတော့... ဖရဲသီးကိုကိုက သာမန်လူတစ်ယောက် မဟုတ်ဘဲ ငါတို့ကျောင်းရဲ့ အထူးပါမောက္ခဖြစ်နေတာပဲ!"

ဤဗီဒီယိုအတိုလေးသည် အွန်လိုင်းတွင် ချက်ချင်းဆိုသလို နာမည်ကြီးသွားသည်။ လူပေါင်းများစွာက ဝင်ကြည့်ရင်း မှတ်ချက်တွေ ပေးကြတော့သည်။

"ဖရဲသီးကိုကိုက ကျန်းနန်စိုက်ပျိုးရေးတက္ကသိုလ်ရဲ့ပါမောက္ခ ဟုတ်လား? တကယ်လား? သူက အရမ်းငယ်သေးတာကို"

"နောက်နေတာလား”

"ကျန်းနန်စိုက်ပျိုးရေးတက္ကသိုလ်ဆိုတာ တစ်နိုင်ငံလုံးမှာ ထိပ်တန်းကျောင်းကြီးလေ။ ငါတို့အိမ်မှာ စိုက်နေတဲ့ မျိုးစေ့တွေက အဲ့ဒီကျောင်းနဲ့ မကင်းဘူး"

"အလျင်မလိုကြပါနဲ့ဦး၊ နောက်ထပ် ဗီဒီယိုတစ်ခု ထပ်ကြည့်လိုက်ကြပါဦး"

ထိုကျောင်းသားမှာ တော်တော်လေး လည်သူ ဖြစ်သည်။ ဗီဒီယိုတစ်ခုတည်း တင်မည့်အစား ကြည့်ရှုသူများအောင် နှစ်ပိုင်းခွဲတင်လိုက်ခြင်းဖြစ်သည်။

"ဖရဲသီးကိုကိုက ငါတို့ကျောင်းရဲ့ ပါမောက္ခဆိုတာကို အစက ငါလည်း သံသယရှိခဲ့ပါတယ်။"

"ဒါပေမဲ့ စီနီယာအစ်မကြီးတစ်ယောက်က သူ့ရဲ့ ပါရဂူလမ်းညွှန်ဆရာနဲ့ ဒီကိစ္စကို ဆွေးနွေးနေတာကို ငါ ကြားလိုက်ရတယ်။

အသက် ၅၀ ကျော် ပါမောက္ခကြီးက ဖရဲသီးကိုကိုအကြောင်း ပြောတဲ့အခါမှာ တလေးတစားနဲ့ ချီးကျူးနေတာ။ သူ့မျက်လုံးတွေက Idol ကို ကြည့်နေတဲ့ မိန်းကလေးတွေလိုမျိုး အရောင်တွေ ထွက်နေတာ!"

"တကယ့်ကို ပါမောက္ခပေါင်းများစွာရဲ့ လေးစားခြင်းကို ခံရတဲ့ ပါမောက္ခလင်းဆိုတာ မင်းတို့ပြောနေတဲ့ ဖရဲသီးကိုကိုပဲ။"

"သူက လယ်ပဲ စိုက်တတ်တယ်လို့ မင်းတို့ ထင်နေတာလား?

သူ့ရဲ့ အောင်မြင်မှုတွေကို ငါ နည်းနည်း ပြောပြမယ်။ အခု ငါတို့ကျောင်းက 'စူပါမုန်ညင်းစေ့' ပြန့်ပွားရေးအတွက် သုတေသန လုပ်နေတယ်။ ငါလည်း အဲ့ဒီထဲမှာ ပါခွင့်ရခဲ့တယ်။

ဒီစူပါမုန်ညင်းစေ့ဆိုတာ ပါမောက္ခလင်းရဲ့ လက်ရာပဲ!"

ဗီဒီယိုထဲက ကျောင်းသားမှာ ပြောရင်းနှင့်ပင် တကယ်ကို စိတ်လှုပ်ရှားကာ ကြည်ညိုလေးစားမှုများ ပေါ်လွင်နေသည်။

"အကယ်၍ လောင်ယွမ်က ကျောင်းသားအားလုံးရဲ့ စံပြပုဂ္ဂိုလ်ဆိုရင်၊ ဖရဲသီးကိုကိုကတော့ ငါတို့ စိတ်နှလုံးထဲက 'နတ်ဘုရား' ပဲ!"

"ဒီမုန်ညင်းစေ့က သာမန်ထက် ထွက်နှုန်း လေးဆ ပိုများတယ်! ဆီထွက်နှုန်းက နှစ်ဆ ပိုများတယ်!

ဆိုလိုတာက မုန်ညင်းစေ့ တစ်ပိဿာကနေ သာမန်ထက် ဆီနှစ်ဆ ပိုထွက်တာလေ!

အကြောက်ဆုံးကတော့ ဒါက သဘာဝသီးနှံဖြစ်ပြီး GMO မဟုတ်တာပဲ။ ကျန်းမာရေးအတွက် လုံးဝ ဘေးကင်းတယ်!

ငါ ခံစားမိတာကတော့ နောက်နှစ်အနည်းငယ်အတွင်းမှာ ဒီမျိုးစေ့က တစ်နိုင်ငံလုံး ပြန့်သွားပြီး စပါးမျိုးစေ့တွေထက်တောင် ပိုပြီး အောင်မြင်လိမ့်မယ်!

အခုထိရော ဖရဲသီးကိုကိုက ရုပ်ချောရုံပဲ ရှိတဲ့ ဖရဲသီးသည်လေးလို့ ထင်နေတုန်းပဲလား?"

ဤဗီဒီယို ထွက်လာပြီးနောက် အကြီးအကျယ် ဆွေးနွေးမှုများ ဖြစ်ပေါ်လာသည်။

အစကတော့ ဖရဲသီးကိုကိုက ရုပ်ချောရုံပဲ၊ လယ်ပဲ စိုက်တတ်တာပဲဆိုပြီး လူအချို့က အထက်စီးက ကြည့်ခဲ့ကြသော်လည်း၊ ယခုအခါတွင်မူ သူသည် ရုပ်ချောရုံတင်မကဘဲ ပါရမီရှင်တစ်ဦး ဖြစ်နေကြောင်း သိလိုက်ရသည်။ စိုက်ပျိုးရေးကျောင်းသားများကပင် "နတ်ဘုရား" ဟု သတ်မှတ်ထားကြသည် မဟုတ်လား။

မှတ်ချက်များမှာလည်း ပွက်လောရိုက်နေတော့သည်။

"ကျန်းနန်စိုက်ပျိုးရေးတက္ကသိုလ်က သူငယ်ချင်းကို မေးကြည့်ပြီးပြီ၊ အကုန်အမှန်တွေချည်းပဲတဲ့"

"ဒီကျောင်းသားတွေအတွက်တော့ ဖရဲသီးကိုကိုက နတ်ဘုရားနဲ့ မခြားဘူးပေါ့"

"ထွက်နှုန်းလည်းကောင်း၊ အရသာလည်းကောင်းအောင် လုပ်ဖို့ဆိုတာ အင်္ဂါဂြိုဟ်ပေါ် တက်ရတာထက် ပိုခက်တယ်လို့ ကျောင်းသားတွေက ပြောကြတယ်!"

"ဟယ်... တကယ်ပဲ အဲ့ဒီလောက် ထွက်နှုန်းကောင်းတာလား? မယုံနိုင်စရာပဲ"

"လိမ်နေတာတော့ မဟုတ်ပါဘူးနော်"

"ကျန်းနန်စိုက်ပျိုးရေးတက္ကသိုလ်က ပါမောက္ခတွေက အရူးမှ မဟုတ်တာ"

"ဟို အရမ်းစားကောင်းတဲ့ ဖရဲသီးဆိုတာလည်း သူ ထုတ်ထားတဲ့ မျိုးစိတ်သစ် ဖြစ်မှာပေါ့"

"ဖရဲသီးကတော့ တို့ မဝယ်နိုင်ပေမဲ့၊ ဒီမုန်ညင်းဆီ ထွက်လာရင်တော့ မြည်းကြည့်ရမယ်"

"အဟမ်း... စိုက်ပျိုးရေးကျောင်းသားတစ်ယောက်အနေနဲ့ ငါ မြည်းကြည့်ပြီးပြီ၊ ဟင်းချက်ရင် အရမ်းမွှေးတာပဲ၊ နိုင်ငံခြားက ပဲဆီတွေထက် အများကြီး သာတယ်"

ဤသတင်းသည် တစ်နိုင်ငံလုံးရှိ ပြည်သူများကို တက်ကြွသွားစေသည်။ အကယ်၍သာ ဤမုန်ညင်းမျိုးစေ့ ပြန့်ပွားသွားပါက ပြည်ပမှ ဆီထွက်သီးနှံ တင်သွင်းနေရမှုကို လျှော့ချနိုင်မည်ဖြစ်ပြီး ဆီဈေးနှုန်းများလည်း ကျဆင်းသွားပေလိမ့်မည်။

ဖရဲသီးကိုကိုနှင့် စူပါမုန်ညင်းစေ့ သတင်းသည် လူတိုင်း၏ လူနေမှုဘဝနှင့် သက်ဆိုင်နေသဖြင့် ချက်ချင်းဆိုသလို Hot Search နံပါတ် (၁) နေရာသို့ ရောက်ရှိသွားလေတော့သည်။

စီးပွားရေးနှင့် နည်းပညာနယ်ပယ်မှ ကျွမ်းကျင်သူများကပါ ဤစီမံကိန်း၏ မဟာဗျူဟာမြောက် အရေးပါပုံကို ဝိုင်းဝန်းသုံးသပ်လာကြသောအခါ၊ သတင်းမီဒီယာကြီးများကပါ ထပ်ဆင့်ဖော်ပြလာကြသဖြင့် အရှိန်အဝါမှာ အထူးတန်းအဆင့်သို့ ရောက်ရှိသွားခဲ့လေပြီ။

***

All Chapters