← Chapters

အခန်း (၆၁-၆၂)

Vol. 4 Ch. 61-62

အခန်း (၆၁-၆၂)

Vol. 4 Ch. 61-62

စူပါ-ဖမ်း(SFS)

အခန်း ၆၁ ။ ကျင်းယွမ်ဟန်၏ ဒေါသ

"လင်းယန်ရဲ့ စူပါမုန်ညင်းမျိုးစေ့ဟာ သိပ္ပံနဲ့နည်းပညာတိုးတက်ရေး ပထမဆုကို ရရှိဖို့ အလားအလာ အလွန်များနေပါတယ်။"

"ဒါဟာ စိုက်ပျိုးရေးကဏ္ဍမှာ နှစ်ပေါင်းနှစ်ဆယ်ကြာ ဟာကွက်ဖြစ်နေခဲ့ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ပြန်လည်ရရှိခဲ့တဲ့ ကြီးမားတဲ့အောင်မြင်မှုပါပဲ!"

"နိုင်ငံတကာက လင်းယန်ကို စူပါမုန်ညင်းစေ့နဲ့ပတ်သက်တဲ့ စာတမ်းပြုစုဖို့ တောင်းဆိုခဲ့ပြီး နိုဗယ်ဆုပေးဖို့ ကမ်းလှမ်းခဲ့ပေမဲ့ လင်းယန်က ငြင်းပယ်ခဲ့ပါတယ်။"

"ဒီလိုမျိုး နိုင်ငံဂုဏ်ဆောင် ပညာရှင်တစ်ယောက်ဟာ တောင်ကြားထဲမှာ အေးအေးဆေးဆေး ဖရဲသီးစိုက်ပျိုးနေဖို့ လိုလားနေတာပါ။"

"မုန်ညင်းစေ့တင်မကဘဲ လင်းယန်ဟာ သာမန်ထက် ထွက်နှုန်းနှစ်ဆရှိတဲ့ မြေပဲကိုလည်း စိုက်ပျိုးနိုင်ခဲ့ပါတယ်။ အရသာကလည်း ပိုမိုကောင်းမွန်လှပါတယ်။"

"ဒီလူသားဟာ သူတစ်ယောက်တည်းရဲ့ အစွမ်းနဲ့ ရှေးရိုးစိုက်ပျိုးရေးနိုင်ငံကြီးကို ခေတ်မီစိုက်ပျိုးရေးရေစီးကြောင်းထဲကို တွန်းပို့ပေးလိုက်တာပါပဲ။"

ဤရှေးရိုးမီဒီယာကြီးများသည် လင်းယန်အပေါ် ချီးမွမ်းစကားများကို အတိုင်းအထက်အလွန် ပြောဆိုနေကြတော့သည်။

အွန်လိုင်းအသုံးပြုသူများစွာလည်း အကြီးအကျယ် စိတ်လှုပ်ရှားသွားကြ၏။ လင်းယန်တွင် ဤမျှအထိ လေးနက်သော နောက်ခံသမိုင်းကြောင်းရှိလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ကြပေ။ သိသာလှသည်မှာ ဤနိုင်ငံအဆင့်ရှေးရိုးမီဒီယာကြီးများ၏ ဩဇာအာဏာမှာ ကိုယ်ပိုင်မီဒီယာများထက် ပို၍ ယုံကြည်စိတ်ချရသည် မဟုတ်လား။

"သိပ္ပံနဲ့နည်းပညာဆုရတယ်ဆိုမှတော့ စူပါမုန်ညင်းစေ့က အစစ်အမှန်ဖြစ်မှာ သေချာပြီ။"

"နိုဗယ်ဆုကြီးနော်! သိပ္ပံပညာရှင်ပေါင်းများစွာ အိပ်မက်မက်နေရတဲ့အရာကို သူက ဒီအတိုင်း ငြင်းလိုက်တာလား။"

"ငါသာဆိုရင်တော့ တစ်သက်လုံး နှမြောနေမိမှာပဲ။"

"ဒီလောက်အထိ ငယ်ငယ်လေးနဲ့ အောင်မြင်မှုက ကြီးမားလှချည်လား။"

"အရင်က ဖရဲသီးတစ်လုံး ယွမ်ငါးထောင်ဆိုတာ ဈေးကြီးတယ်လို့ ထင်ခဲ့တာ၊ အခုကြည့်တော့ တကယ်ကို တန်လွန်းနေပြီ။"

"ဒီလို ဖရဲသီးကိုကိုမျိုးကိုတော့ လူတိုင်း ချစ်ကြမှာပဲ။"

"ဖရဲသီး တကယ်စားချင်မိပြီ။ ငါ့ရဲ့ ခြောက်လစာလစာနဲ့ ဖရဲသီးနှစ်လုံးလောက် ဝယ်ချင်တယ်။"

"နှမြောစရာက ဝယ်လို့မရတာပဲလေ!"

အွန်လိုင်းပေါ်တွင် လူပေါင်းများစွာ ဝိုင်းဝန်းဆွေးနွေးနေကြသည်။

ရန်ကျင်းလီသည် အားလပ်ချိန်တွင် မှတ်ချက်များကို တစ်ခုချင်းစီ လိုက်ဖတ်ရင်း အံ့ဩနေမိသည်။ သူမသည် လင်းယန်နှင့် စတင်တွေ့ဆုံခဲ့သည့် အခိုက်အတန့်ကို ပြန်လည်အမှတ်ရမိ၏။

နေရောင်ခြည်က သူ့နောက်ကွယ်တွင် ရှိနေပြီး ထူးခြားသော အရှိန်အဝါနှင့်အတူ သူသည် အလွန်ပင် တောက်ပလွန်းလှသည်။ ထိုမြင်ကွင်းသည် သူမ၏နှလုံးသားထဲတွင် ထာဝရ စွဲထင်ကျန်ရစ်ခဲ့လေပြီ။

ရိုက်ကူးရေးလုပ်နေစဉ်အတွင်းမှာပင် သူမသည် သူ့အကြောင်းကို မကြာခဏ တွေးတောမိတတ်သည်။ သူ့အကြောင်း သတင်းများကို ဖတ်ရှုခြင်းမှာ သူမ၏အကျင့်တစ်ခု ဖြစ်လာခဲ့သည်။

"သူက ဒီလောက်အထိ တော်တာလား။

စူပါမုန်ညင်းစေ့၊ ထွက်နှုန်းကောင်းမြေပဲ၊ စိုက်ပျိုးရေးတက္ကသိုလ်ရဲ့ အငယ်ဆုံး အထူးပါမောက္ခ...

ပြီးတော့... သူက တော်တော်လည်း ချမ်းသာတာပဲ!"

ရန်ကျင်းလီ သူမ၏ပါးကို လက်ဖြင့်အုပ်လိုက်မိသည်။ "ငါက သူ့ကို ပြန်ကျွေးမယ်လို့တောင် ပြောခဲ့မိသေးတယ်..."

အတန်ကြာမှသာ သူမသည် လင်းယန်၏ဖုန်းသို့ စမ်းသပ်ခေါ်ဆိုကြည့်သည်။ ဖုန်းမျက်နှာပြင်တွင် မရရှိခဲ့သော ခေါ်ဆိုမှုနီနီလေးများစွာ ရှိနေသော်လည်း ယခုတစ်ကြိမ်တွင်တော့ ဖုန်းဝင်သွားခဲ့သဖြင့် ရန်ကျင်းလီ အလွန်ပင် စိတ်လှုပ်ရှားသွားရသည်။

"ရှင် ရွာပြင်ထွက်လာပြီလား? ကျွန်မ ရှင့်ဆီလာပြီး အတူတူ ထမင်းစားရအောင်လား?" သူမ၏အသံမှာ အလွန်ပင် တက်ကြွနေသည်။

သို့သော် တစ်ဖက်မှ ထွက်လာသည်မှာ ကလေးမလေးတစ်ဦး၏ အသံဖြစ်၏။

"ဟင်? မမကျင်းလီလား? ကိုကိုက လယ်ထဲသွားပြီ၊ ဖုန်းက အိမ်မှာ ကျန်ခဲ့တာ။"

"ရှောင်ဝူလား? မင်းတို့ဆီမှာ ဖုန်းလိုင်းတွေ ရပြီလား?"

"ကိုကိုက လမ်းကို အကုန်ဖောက်ပြီးသွားပြီလေ။ ဖုန်းပြောလို့ရရုံတင်မကဘူး၊ လျှပ်စစ်မီးတွေတောင် ရနေပြီ။ မမ အားရင် လာလည်လေ။"

ရန်ကျင်းလီ ကြောင်အသွားရသည်။ ဤလအနည်းငယ်အတွင်း ထိုနေရာတွင် ဘာတွေဖြစ်ပျက်သွားသည်ကို သူမ စိတ်ကူးမယဉ်နိုင်တော့ပေ။

ဖြစ်နိုင်သည်မှာ... အစီအစဉ်အဖွဲ့၏ ဆင်းရဲနွမ်းပါးမှုကူညီရေး ရိုက်ကူးရေးများက သူတို့ကို ကူညီပေးလိုက်ခြင်း ဖြစ်ပေလိမ့်မည်။ ထိုမျှလောက် ထူးချွန်သောလူတစ်ယောက်သည် ရေတိမ်မှာ နစ်နေမည့်သူ မဟုတ်သည်မှာ အမှန်ပင်။

"ကောင်းပြီ... အမ အလုပ်အားတာနဲ့ မင်းတို့ဆီ လာလည်မယ်နော်။" ရန်ကျင်းလီ ဆုံးဖြတ်ချက်ချလိုက်သည်။

ဒီရိုက်ကူးရေးတွေ ပြီးတာနဲ့ ခဏလောက် အနားယူရမယ်။ ဒါက လူကြိုက်များမှုကို ထိခိုက်နိုင်ပေမဲ့ အရေးကြီးဆုံးကတော့ ထိုအမျိုးသား၏အနားကို စောစောရောက်သွားဖို့ပဲ။ လမ်းပေါက်သွားပြီဆိုတော့ သူ့ကို လာပြီး မြူဆွယ်မယ့် မိန်းကလေးတွေ ဘယ်လောက်တောင် များလာမလဲ မသိနိုင်ဘူး!

ချမ်းသာတယ်၊ ချောတယ်၊ ပညာရှိတယ်!

တောင်သူတစ်ယောက်ဆိုရုံနဲ့တော့ သူက သာမန်လူတစ်ယောက် မဖြစ်နိုင်တော့ပါဘူး။ ဒီလိုလူမျိုးနဲ့ တစ်သက်လုံး လက်တွဲချင်တဲ့ မိန်းကလေးတွေ မနည်းလှပေ။ ရန်ကျင်းလီ သူမကိုယ်တိုင်လည်း လက်ဦးအောင် လုပ်ရမည်ဟု ခံစားလိုက်ရသည်။

အွန်လိုင်းပေါ်က လူများနှင့် ရန်ကျင်းလီ၏ တုံ့ပြန်မှုများအပြင်၊ ယွမ်ကျင့်ဂရုမှ ကျင်းယွမ်ဟန်သည်လည်း အတွင်းရေးမှူးမှတစ်ဆင့် လင်းယန်၏သတင်းကို သိလိုက်ရသည်။

"အဲ့ဒီ တောင်ကြားရွာလေးက စိုက်ပျိုးရေးတက္ကသိုလ်ရဲ့ သုတေသနအခြေစိုက်စခန်း ဖြစ်သွားပြီလား?" ကျင်းယွမ်ဟန် အကြာကြီး ကြောင်အသွားရသည်။

အစကတော့ အဘိုးစူးက ထိုရွာလေးကို ကာကွယ်ပေးနေသည်ဟုသာ သူ ထင်ခဲ့ခြင်းဖြစ်သည်။ သို့သော် သာမန်လူငယ်တစ်ယောက်ဟု ထင်ခဲ့သော ထိုကောင်လေးတွင် ဤမျှအထိ စွမ်းအားကြီးမားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ စူပါမုန်ညင်းစေ့ တစ်ခုတည်းနှင့်တင် နိုင်ငံတော်က အလေးအနက်ထားခြင်းကို ခံရမည်မှာ သေချာသည်။

ဒါ့အပြင်... သူက အရမ်း ငယ်သေးတယ်လေ! အနာဂတ်က အကန့်အသတ်မရှိဘူး။

ထိုအခိုက်အတန့်တွင် သူသည် အိမ်သို့ အမြန်ဖုန်းဆက်လိုက်သည်။

"မင်း လွှတ်လိုက်တဲ့လူတွေကို ချက်ချင်း ပြန်ခေါ်လိုက်! သူက ငါတို့ ရန်သွားစရမယ့်လူ မဟုတ်ဘူး!"

"မရဘူး! သူက ငါတို့သားကို အဲ့ဒီလို ဒုက္ခရောက်တဲ့နေရာ ပို့လိုက်တာလေ၊ ငါ ဒီအတိုင်း မနေနိုင်ဘူး။"

"အဲ့ဒါက အဲ့ဒီကောင် မောက်မာလို့ ကိုယ့်ဘာသာကိုယ် ရှာတဲ့ပြဿနာလေ! စစ်တပ်ထဲမှာ သွားပြီး လေ့ကျင့်တာ ဘာဖြစ်လို့လဲ? မင်း ချက်ချင်း ပြန်ခေါ်လိုက်စမ်း!"

"တူ... တူ... တူ..."

ဖုန်းချသွားသံကို ကြားလိုက်ရသောအခါ ကျင်းယွမ်ဟန်၏ နဖူးတွင် အကြောများ ထောင်လာပြီး ဖုန်းကို မြေကြီးပေါ်သို့ ပစ်ပေါက်လိုက်ရာ အစိပ်စိပ်အမွှာမွှာ ဖြစ်သွားတော့သည်။

"အသုံးမကျတဲ့ မိန်းမ! အလုပ်ဖျက်မယ့်ဟာမ!"

"လူတစ်ယောက် လာစမ်း၊ ကားပြင်လိုက်၊ ချင်းရှန်းရွာကို သွားမယ်။"

"လက်ဆောင်တွေ အများကြီး ပြင်ထား။"

"ပြီးတော့ ရှေ့နေကို ဖုန်းဆက်လိုက်၊ ကွာရှင်းစာချုပ် ပြင်ခိုင်းလိုက်စမ်း။"

ကျင်းယွမ်ဟန် အလွန်ပင် ထိတ်လန့်နေသည်။ မိသားစုထက်စာလျှင် သူကိုယ်တိုင် တည်ထောင်ခဲ့သော လုပ်ငန်းကြီးကို ပို၍ ဂရုစိုက်သည်။ သူတို့ သောင်းကျန်းတာကို သူ အကြိမ်ကြိမ် သည်းခံခဲ့ပြီးပြီ။ ယခုတစ်ကြိမ်တွင်တော့ သူ ထပ်ပြီး သည်းမခံနိုင်တော့ပါ။ သူ တော်တော်လေး စိတ်ကုန်နေပြီ!

အကယ်၍ လင်းယန်ကိုသာ တကယ် ရန်စမိလျှင် သူ့နောက်ကွယ်က ကျန်းနန်စိုက်ပျိုးရေးတက္ကသိုလ်သည် သူ၏ ခရီးသွားလုပ်ငန်းစုကြီးကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်သည် မဟုတ်လား။

…..

ကျင်းယွမ်ဟန် စိုးရိမ်နေချိန်တွင် ဗီဒီယိုရိုက်ကူးနေသော လီရှောင်ချီသည်လည်း လက်ထောက်ပေးသော ဖုန်းကို ကြည့်လိုက်မိသည်။

"မမလီ... မမ စိတ်ဝင်စားနေတဲ့ အဲ့ဒီ ဖရဲသီးကိုကိုက သာမန်လူ မဟုတ်ဘူး! ကြည့်လိုက်ဦး!"

လီရှောင်ချီ ကြောင်သွားပြီး ဖုန်းကို လှမ်းယူကြည့်လိုက်ရာ မျက်လုံးများ ပြူးသွားရတော့သည်။ သတင်းများက သူမကို တုန်လှုပ်စေခဲ့သည်။ သူမသည် နိုင်ငံတကာတွင် အရှိန်အဝါရှိသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ သူမသည် သာမန် Vlogger တစ်ယောက်မဟုတ်ဘဲ သူမ၏ ဗီဒီယိုများမှတစ်ဆင့် နိုင်ငံ၏ ရိုးရာယဉ်ကျေးမှုများကို ကမ္ဘာသို့ ချပြနေသူ ဖြစ်သည်။

"သူက ငါ့အတွက် အကောင်းဆုံး လက်တွဲဖော် ဖြစ်လိမ့်မယ်လို့ ထင်ခဲ့တာ။ မထင်ထားတာက သူ့ရဲ့ အောင်မြင်မှုတွေက ငါ့ကိုတောင် လေးစားမိစေတာပဲ။"

လီရှောင်ချီ နဖူးက ချွေးတွေကို သုတ်လိုက်သည်။ သူမ၏အလုပ်များမှာ ဟန်ဆောင်ရိုက်ကူးခြင်း မဟုတ်ဘဲ တကယ့်လက်တွေ့ လုပ်အားပေးခြင်းဖြစ်သည်။ အဓိကမှာ စစ်မှန်သော ခံစားချက်ကို ရိုက်ကူးရန်ပင် ဖြစ်သည်။

သူမ ခန တုံ့ဆိုင်းပြီးနောက် ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ပြန်သည်။

"ကျန်းနန်စိုက်ပျိုးရေးတက္ကသိုလ်နဲ့ ဆက်သွယ်ဖို့ နည်းလမ်းရှာပေးပါ။ ပါမောက္ခလင်းနဲ့ ပူးပေါင်းချင်လို့။ သူ့ရဲ့ မျိုးစေ့တွေကို စိုက်ပျိုးကြည့်ချင်မိတယ်"

လီရှောင်ချီသည် တက္ကသိုလ်မှတစ်ဆင့် လင်းယန်ကို ဆက်သွယ်နိုင်မည်ဟု ယူဆထားသည်။ နောင်ခရိုင်မှာ ရက်ပေါင်းများစွာ ရှာခဲ့ပေမဲ့ ရှာမတွေ့ခဲ့တာကို သူမ မမေ့နိုင်ပေ။

ဗီဒီယိုဆရာလေးကတော့ အလွန်ပင် စိတ်လှုပ်ရှားနေသည်။

"ချင်းရှန်းရွာကို သွားတဲ့လမ်းက လုံးဝ ဖောက်လို့ပြီးသွားပြီတဲ့။"

"ကျွန်တော်တို့ အဲ့ဒီကို သွားရင် ဖရဲသီးကိုကိုနဲ့ တိုက်ရိုက် တွေ့လို့ရပြီ။"

ဗီဒီယိုဆရာလေး၏ တက်ကြွနေသော ပုံစံမှာ လီရှောင်ချီထက်ပင် လင်းယန်ကို ပို၍ တွေ့ချင်နေပုံရလေတော့သည်။

***

စူပါ-ဖမ်း(SFS)

အခန်း ၆၂ ။ မင်းတို့ ငါ့ရဲ့ပျိုးပင်တွေကို နင်းမိနေပြီ

လင်းယန်နဲ့ပတ်သက်တဲ့ သတင်းတွေကို မြင်ပြီးနောက် လူပေါင်းများစွာဟာ အံ့ဩတသ ဖြစ်နေကြရပေသည်။

အဘိုးစူးကတော့ စူပါမုန်ညင်းစေ့အကြောင်းကို ကြိုသိထားပေမဲ့ သူအမြဲကြည့်နေကျ သတင်းတွေမှာပါ ဒီလောက်အထိ ပါလာလိမ့်မယ်လို့ မထင်ထားခဲ့ပေ။

"ဒီကောင်လေးက တကယ်ကို ဒီလောက်အထိ တော်တာပဲလား။ ထွက်နှုန်းကောင်းတဲ့ မြေပဲလည်း ရှိသေးတယ်ဆိုတော့ တကယ့်ကို မခေဘူးပဲ။ ရို့ရို့လေးနဲ့ တွဲတာလည်း မဆိုးပါဘူး။ မြစ်လေးတွေကို ဘယ်တော့လောက် မြင်ရမလဲပဲ သိချင်တော့တယ်။ ကလေးလေးတွေကို မြင်ချင်လှပြီ။"

အဘိုးစူးရဲ့ စိတ်ထဲမှာတော့ မျှော်လင့်ချက်တွေ ပြည့်နှက်နေပါတယ်။ စူးရို့ရို့တစ်ယောက် ချင်းရှန်းရွာမှာ နေနေတာကိုလည်း သူ လုံးဝ စိတ်မပူပါဘူး။ ဘာပဲဖြစ်ဖြစ် လောင်ဝမ်လည်း အဲ့ဒီမှာ ရှိနေတာပဲလေ။

နေဦး... လောင်ဝမ်...

အဲ့ဒီအဘိုးကြီးက အဲ့ဒီကောင်လေးနဲ့ အရမ်းနီးစပ်နေတာ။ ငါ့ရဲ့ အဖိုးတန်မြေးမလေးကို သူများဆီ ရောင်းစားလိုက်ဦးမယ်!

"မဖြစ်ဘူး၊ ငါ အဲ့ဒီရွာကို တစ်ခေါက်သွားကြည့်မှ ဖြစ်မယ်။"

"ဟယ်လီကော်ပတာ ပြင်လိုက်စမ်း။"

အဘိုးစူးက အငြိမ်းစားယူထားပြီ ဆိုပေမဲ့ သူ၏ အရှိန်အဝါကြောင့် အခွင့်ထူးအချို့ကိုတော့ အသုံးချလို့ ရပါသေးတယ်။ လက်ရှိ အာဏာရှိသူ အတော်များများက သူ့ရဲ့ လက်တပည့်တွေ မဟုတ်လား။

…..

ထိုအချိန်တွင် လယ်ထဲ၌ အလုပ်လုပ်နေသော လင်းယန်သည် လယ်ကွင်းထဲသို့ ဇွတ်အတင်း မောင်းဝင်လာသော ဗင်ကားတစ်စီးကို တွေ့လိုက်ရသည်။

သားရေဂျာကင်တွေ ဝတ်ထားပြီး လက်ထဲမှာ တုတ်တွေကိုင်ထားတဲ့ လူမိုက်ပုံစံ လူငယ်တစ်စု ကားပေါ်ကနေ ခုန်ဆင်းလာကြသည်။ တစ်ယောက်၊ နှစ်ယောက်၊ သုံးယောက်... စုစုပေါင်း ၁၀ ယောက်တောင်!

"ကားလေးတစ်စီးထဲမှာ လူဘယ်လောက်တောင် ဆံ့သလဲ" ဆိုတဲ့ စကားက တကယ်ကို မှန်ကန်လှပေသည်။

ခေါင်းတုံးနှင့် ဗလတောင့်တောင့် လူမိုက်ခေါင်းဆောင်က ပီကေဝါးရင်း သူ့တပည့်များကို ဦးဆောင်ကာ လင်းယန်ရှေ့သို့ ယိမ်းထိုးလျက် လျှောက်လာသည်။

"ဖရဲသီးကိုကိုလား? ငါတို့နဲ့ ခဏလိုက်ခဲ့စမ်း၊ မင်းကို ပျော်စရာနေရာ ခေါ်သွားပေးမလို့။"

လင်းယန် မျက်မှောင်ကြုတ်သွားသည်။ သူတို့၏ ခြေထောက်အောက်ကို ကြည့်ရင်း သူ့မျက်ဝန်းထဲတွင် အေးစက်သော အကြည့်များ ပေါ်လာ၏။

"မင်းတို့ ပျိုးပင်တွေကို နင်းမိနေပြီ။"

ဘေးနားက ပိန်ပိန်ပါးပါး လူတစ်ယောက်က ရယ်မောလိုက်ပြီး နောက်ထပ် ပျိုးပင်တစ်ပင်ကို တမင်တကာ ထပ်နင်းလိုက်သည်။

"ကိုကြီးချန်ရဲ့ စကားကို မင်းက ငြင်းချင်တာလား၊ သေချင်လို့လား?"

လင်းယန် ရုတ်တရက် ပြုံးလိုက်မိသည်။

ကိုကြီးချန်? ခေါင်းတုံးနဲ့ ဆိုတော့... "ကတုံးချန်" ပေါ့! (ကာတွန်းဇာတ်ကောင် အမည်)

ဒါဆို ဝက်ဝံညီနောင်တွေရော ဘယ်မှာလဲ? ကြည့်ရသလောက်တော့ ဒီနားမှာ ဝက်ဝံဗလနဲ့ လူမျိုး တစ်ယောက်မှ မရှိပါဘူး။

ဒါပေမဲ့ ဒီလူတွေက တော်တော်လေးကို မောက်မာလွန်းနေကြသည်။ ဒီလိုပုံစံနဲ့ အခုထိ ဘယ်လို အသက်ရှင်နေကြသလဲတောင် စဉ်းစားမရတော့ပါ။ အမှန်တော့ သူတို့က လမ်းဘေးလူမိုက် အုပ်စုလေးသာ ဖြစ်သည်။

"မင်းတို့ ငါ့ကို ရိုင်းရိုင်းစိုင်းစိုင်း လုပ်တာက ထားပါတော့။ ဒါပေမဲ့ ငါ့ရဲ့ ပျိုးပင်တွေကိုတော့ မနင်းသင့်ဘူး။ ဘယ်ခြေထောက်နဲ့ နင်းသလဲ၊ အဲ့ဒီခြေထောက်ကို ငါ ကျိုးအောင် လုပ်ပေးမယ်။"

လင်းယန်၏မျက်နှာတွင် ပြုံးယောင်သန်းနေဆဲဖြစ်ပြီး အေးအေးဆေးဆေးပင်။ ရန်ဖြစ်မည့် အရိပ်အယောင် လုံးဝမပြပေ။ သို့သော် စကားလုံးများကတော့ အလွန် ပြတ်သားလှသည်။

"ဟက်! မင်းကများလား? ရယ်ရလွန်းလို့။ ငါ နင်းလိုက်တော့ ဘာဖြစ်မလဲ ကြည့်စမ်း!"

ထိုလူသည် လင်းယန်၏ရှေ့မှာတင် ပျိုးပင်ကို ဆက်တိုက် နင်းပြလိုက်သည်။

လင်းယန်သည် သူ့ဒူးခေါင်းကို ချက်ချင်းပင် ကန်ထည့်လိုက်သည်။

"ဂွပ်!" ဆိုသည့် အသံနှင့်အတူ ထိုလူမိုက်၏ခြေထောက်မှာ အနောက်ဘက်သို့ ပြောင်းပြန် ကွေးသွားကာ မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။

"အားးးး!"

ဝက်သတ်သံကဲ့သို့ အော်ဟစ်သံကြီး ချက်ချင်း ထွက်ပေါ်လာသည်။

"ငါ့ခြေထောက်!"

ဘေးပတ်ပတ်လည်က လူများ မျက်လုံးနီသွားကြသည်။ လင်းယန်၏ ကန်ချက်က အရမ်းပြင်းလွန်းလှသည်။ ဤခြေထောက်မှာ ပြန်ကောင်းရန်ပင် မလွယ်တော့ပေ။

"ရိုက်ကြစို့!"

ကတုံးချန်က ဟိန်းဟောက်လိုက်ရာ တပည့်များ အားလုံး ဝိုင်းအုံလာကြသည်။ လမ်းဘေး ရန်ပွဲစတိုင်ပင် ဖြစ်၏။

နှမြောစရာကောင်းသည်မှာ လယ်ထဲတွင် ကောက်ကိုင်စရာ ဘာမှမရှိခြင်းပင်။ ကံကောင်းသည်မှာ အချို့လူများက သံတုတ်များ ပါလာခြင်း ဖြစ်သည်။ သံတုတ်များ လေထဲတွင် ဝှေ့ယမ်းသံကို ကြားလိုက်ရချိန်တွင် လင်းယန်၏ နှုတ်ခမ်း၌ အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။

သူ့ခန္ဓာကိုယ်မှာ မူလကတည်းက ကြံ့ခိုင်ပြီးသား ဖြစ်သည်။ တောဝက်ကို သတ်ပြီးနောက်တွင် သူ၏ ခွန်အားမှာ ပို၍ ကြောက်စရာကောင်းသော အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

သူသည် သံတုတ်ကို အသာအယာပင် ဖမ်းဆီးလိုက်ပြီး ထိုလူမိုက်ကို ဆွဲကာ တစ်ကိုယ်လုံးကို မြှောက်၍ ဝှေ့ယမ်းလိုက်တော့သည်။ သူ၏ လက်ထဲမှ လူမိုက်မှာ သူ၏ လက်နက် ဖြစ်သွားတော့သည်။ လူနဲ့လူကို ရိုက်ရသည်မှာ အတော်လေး လက်သားကျလှပေသည်။ အထူးသဖြင့် လွင့်ထွက်သွားသော လူမိုက်များ၏ အော်ဟစ်သံမှာ နောက်ခံတေးဂီတသဖွယ် ဖြစ်နေတော့သည်။

ကတုံးချန်၏မျက်လုံးထဲတွင် ကြောက်ရွံ့မှုများ ပေါ်လာကာ ဗီဇအရ အနောက်သို့ ဆုတ်လိုက်မိသည်။ လင်းယန်၏ ခွန်အားမှာ လူတစ်ယောက်ထက်စာလျှင် ကြမ်းတမ်းသော သားရဲတစ်ကောင်နှင့် ပိုတူနေသည်။

"မင်း စောင့်နေလိုက်!"

"မင်းတော့ ပြဿနာတက်ပြီ!"

"ငါ ရဲတိုင်မယ်!"

လင်းယန်သည် ကတုံးချန်၏ စကားကို ကြားသောအခါ ရယ်လိုက်မိသည်။ လမ်းဘေးလူမိုက်တွေက ရဲတိုင်မယ် ဟုတ်လား?

ဒါပေမဲ့ သူ ဖုန်းထုတ်နေပုံကို ကြည့်ရသည်မှာ အတော်လေး ရယ်စရာကောင်းလှသည်။ လင်းယန်က မျက်နှာတပြင်လုံး ဖူးယောင်နေသော လူများကို ပစ်ထားခဲ့ကာ -

"ရဲတိုင်ကြည့်လေ။"

ကတုံးချန်သည် သူ့ဖုန်းကို ကြည့်လိုက်ပြီး မျက်နှာ ပြာနှမ်းသွားသည်။

မင်းမေ...!

ဒီနေရာစုတ်မှာ ဖုန်းလိုင်းက တစ်တိုင်တောင် မရှိပါလား!

လင်းယန်၏ တည်ငြိမ်နေသော မျက်နှာကို ကြည့်ရင်း သူ ပို၍ ကြောက်လာသည်။ အထူးသဖြင့် လင်းယန်၏ နောက်ထပ်စကားက သူ့စိတ်ဓာတ်ကို လုံးဝ ရိုက်ချိုးလိုက်တော့သည်။

"ဒီတောနက်ထဲမှာ ဘာမှမရှိဘူး။ မင်းတို့က ငါ့ရဲ့ ပျိုးပင်တွေကို နင်းခဲ့တော့၊ ဒီမှာပဲ မြေသြဇာအဖြစ် ကျန်ခဲ့ကြတော့ပေါ့။"

ကတုံးချန်မှာ နောက်ဆုံးတွင် သည်းမခံနိုင်တော့ဘဲ မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားတော့သည်။ ဒူးထောက်ပုံကလည်း ပျိုးပင်တွေကို မနင်းမိအောင် အတော်လေး နည်းစနစ်ကျလှပေသည်။

"ဆရာကြီး... ကျွန်တော့်ကို လွှတ်ပေးပါ။ ကျွန်တော်တို့ ပိုက်ဆံ ယွမ်နှစ်သိန်းယူပြီး လာခဲ့တာပါ။ မဟုတ်ရင် ဆရာကြီးကို ကျွန်တော်တို့ ဘယ်ရဲပါ့မလဲ!"

လင်းယန် ခေါင်းယမ်းလိုက်သည်။

"တကယ်တော့ အဲ့ဒီကိစ္စကို ငါ ဂရုမစိုက်ပါဘူး၊ ကလေးကလား ကိစ္စတွေပါ။ ငါ ပိုဂရုစိုက်တာက မင်းတို့ ငါ့ပျိုးပင်တွေကို နင်းခဲ့တာပဲ။ လယ်သမားရဲ့ သီးနှံကို ဖျက်ဆီးတာဟာ သူ့ရဲ့ အသက်သွေးကြောကို ဖြတ်တာနဲ့ အတူတူပဲ။ မင်းတို့ကို သတ်ပြီး မြေသြဇာလုပ်တာက တရားမျှတပါတယ် မဟုတ်လား။"

"မလုပ်ပါနဲ့ ဆရာကြီးရယ်... ပျိုးပင်အတွက်ဆိုရင် ကျွန်တော်တို့ လျော်ပါ့မယ်။"

"မင်းတို့ လျော်နိုင်လို့လား?"

"ဟို ပိုက်ဆံ နှစ်သိန်းလုံး ဆရာကြီးကို ပေးပါ့မယ်။"

"မလောက်ဘူး!"

"ဒါဆို... ကျွန်တော်တို့ ဆရာကြီးအတွက် လယ်ကူစိုက်ပေးပါ့မယ်။ ဒီလယ်တွေ အကုန်ပြီးတဲ့အထိ ကူလုပ်ပေးပါ့မယ်။"

လင်းယန် ခနစဉ်းစားပြီးနောက် သဘောတူလိုက်သည်။

ဘာပဲဖြစ်ဖြစ် သူ့မှာ မြေကွက်တွေ အများကြီး ရှိတာကိုး။ သတ်ပစ်မယ်ဆိုတာကလည်း ခြောက်လှန့်ရုံသက်သက်ပါ။ သူက စိတ်ပုတဲ့သူမှ မဟုတ်တာ၊ အလွန်ဆုံး သူတို့ကို တစ်သက်လုံး မသန်မစွမ်းဖြစ်အောင်လုပ်ပြီး ပိုက်ဆံနည်းနည်းပေးပြီး နှင်ထုတ်လိုက်ရုံပါပဲ။

ဒါပေမဲ့ ဒီကတုံးချန်က လယ်ကူစိုက်မယ် ဆိုတော့ကာ... သူ့စိတ်ထဲက လိုအင်နဲ့ ကွက်တိ ဖြစ်သွားသည်။

သူကိုယ်တိုင် စိုက်ရတာ တကယ်ကို မနိုင်တော့တာကိုး! ကျောင်းသားတွေကို စောင့်နေရင်လည်း ဘယ်တော့ ရောက်မလဲ မသိဘူး။

"ကောင်းပြီလေ။"

"ဒါဆို... ခြေထောက်ကျိုးတဲ့သူတွေကို ဆေးရုံ သွားပို့ခွင့်ပြုပါဦး ဆရာကြီး။"

လူမိုက် ၁၀ ယောက်မှာ ၄ ယောက်က ခြေထောက်ကျိုးနေသည်။ လင်းယန်က တရားမျှတသူဖြစ်သဖြင့် ပျိုးပင်မနင်းတဲ့သူကို ခြေထောက်မကျိုးစေခဲ့ပါ။

"ဆေးရုံ ရောက်တဲ့အထိစောင့်ရင် ခြေထောက်က ပြတ်သွားလိမ့်မယ်။"

လင်းယန်က ထိုလူ၏ ခြေထောက်ကို အသာအယာ တစ်ချက်ကန်လိုက်ရာ... အရိုးမှာ နေရာပြန်ကျသွားသည်။ စနစ်ပေးထားသော ဆေးပညာက တကယ်ကို အသုံးဝင်လှပေသည်။ ဒါပေမဲ့ ထိုလူမိုက်က ပို၍ ကျယ်လောင်စွာ အော်ဟစ်တော့သည်။

"အရိုးတွေ ကြေကုန်ပြီ!"

ခြေထောက်ကတော့ နေရာပြန်ကျသွားပါပြီ။ ဒါပေမဲ့ အရိုးကတော့ အနည်းငယ် အက်သွားဟန်ရှိသည်။ လင်းယန် အနည်းငယ် အနေခက်သွား၏။ အားနည်းနည်း များသွားပုံရသည်။

"ဘာအော်နေတာလဲ! တစ်ယောက်က သူတို့ကို ဆေးရုံပို့ပေးလိုက်။ ကျန်တဲ့သူတွေ ဒီမှာနေပြီး လယ်စိုက်ကြ။ ငါ့လယ်တွေ အကုန်မပြီးမချင်း ဘယ်သူမှ ထွက်မသွားရဘူး။"

"ဟုတ်ကဲ့... ဟုတ်ကဲ့ပါ ဆရာကြီး။"

ကတုံးချန်တို့တစ်သိုက်မှာ တကယ့်ကို လိမ္မာသွားကြသည်။ လင်းယန်၏ ကြောက်စရာကောင်းသော ခွန်အားကြောင့် သူတို့ လုံးဝ မခုခံရဲတော့ပေ။ ထွက်သွားတဲ့သူက ဉာဏ်ရှိရှိနဲ့ ရဲတိုင်ပေးဖို့သာ ဆုတောင်းနေကြတော့သည်။ ရဲတွေက သူတို့ကို လာကယ်လိမ့်မည်ဟု သူတို့ ယုံကြည်နေကြဆဲ ဖြစ်သည်။

ဒါပေမဲ့ လောလောဆယ်တော့... အလုပ်နဲ့ အပြစ်ပေးခံရပြီပေါ့။

လူ ၅ ယောက် အလကား လယ်စိုက်ပေးရတာ... တကယ်ကို နာလှပေသည်။ ကံကောင်းသည်မှာ လယ်စိုက်ရသည်မှာ မခက်ခဲခြင်းပင်။ ကြည့်ရုံနှင့် တတ်လှပေသည်။

အရှိန်ကတော့ နည်းနည်း နှေးသော်လည်း သူတို့ အသေအချာ လုပ်ကိုင်ကြသည်။ အားလုံးက လူငယ်တွေဆိုတော့ အင်အားကတော့ ရှိကြသား။ သုံးရက်လောက် စိုက်ရမည့် မြေကွက်မှာ မိုးမချုပ်ခင်မှာတင် ပြီးသွားတော့သည်။

လင်းယန်သည် လယ်ကွင်းကို ကျေနပ်စွာ ကြည့်လိုက်သည်။ အင်း... ပျိုးပင်လေးတွေ နည်းနည်း စောင်းနေတာကလွဲရင် ကျန်တာ အဆင်ပြေပါတယ်။ ကြီးလာရင်တော့ အလိုလို ပြန်တည့်သွားမှာပေါ့။

ကတုံးချန်တို့ကတော့ လင်းယန်၏နောက်တွင် ရိုသေစွာ ရပ်နေကြသည်။

"ဆရာကြီး... ကျွန်တော်တို့ စိုက်လို့ပြီးပါပြီ။ သွားလို့ ရပြီလား။"

လင်းယန် မျက်လုံးလေး မှေးလိုက်ကာ -

"ဒါက နည်းနည်းလေးပဲ ရှိသေးတာလေ။ ငါ့မှာ ဧက ၈၀၀ ကျော် ကျန်သေးတယ်။ အကုန်ပြီးဖို့က အဝေးကြီး လိုသေးတယ်"

ကတုံးချန်တို့ မျက်နှာများ ပြာနှမ်းသွားကြသည်။ လင်းယန် ပြောတာ အတည်လား၊ နောက်နေတာလား မသိကြတော့ပေ။ ဧက ၈၀၀ ဆိုရင် သူတို့ တစ်သက်လုံး စိုက်ရင်တောင် ပြီးပါ့မလား! ဟိုဘက်မှာ စိုက်လို့ပြီးရင် ဒီဘက်မှာ ရိတ်သိမ်းရတော့မည်၊ ပြီးရင် မြေကွက်အလွတ်မှာ ပြန်စိုက်ရဦးမည်...။

သူတို့ စိတ်ထဲတွင် လင်းယန်က သူတို့ကို ကစားနေသည်ဟု ထင်သော်လည်း ဘာမှ မပြောရဲကြပါ။

"ဆရာကြီး... နောက်ထပ် နှစ်ရက်လောက် ကူပေးတာကတော့ ရပါတယ်၊ ဒါပေမဲ့ ညဘက် နေစရာ မရှိလို့ပါ။"

"စိတ်မပူပါနဲ့... နွားတင်းကုပ် ရှိတယ်။"

***

All Chapters