← Chapters

အဂ္ဂိရတ် တိုက်ပွဲ စတင်ခြင်း

Vol. 24 Ch. 333

အဂ္ဂိရတ် တိုက်ပွဲ စတင်ခြင်း

Vol. 24 Ch. 333

သုံးလတိုင်တိုင် စောင့်ဆိုင်းခဲ့ရသော အဂ္ဂိရတ် တိုက်ပွဲကြီး နောက်ဆုံးတွင် စတင်ပြီ ဖြစ်ကြောင်း တရားဝင် ကြေညာလိုက်သံက တိတ်ဆိတ်နေ‌သော လူထုကို ကြောက်မက်ဖွယ် ‌ကောင်းအောင် အုံကြွသွားစေခဲ့၏။ ကွင်းပြင်အတွင်းရှိ မရေမတွက်နိုင်သော ရွှေပွဲလာ ပရိသတ်များမှာ စိတ်လှုပ်ရှားစွာဖြင့် အသံကုန် အော်ဟစ်ကြရင်း သူတို့ သဘောကျသည့်ဘက်ကို အားပေးနေကြပြီ ဖြစ်လေသည်။

“အာဏာရှင်ဝေ့... သူ့ကို ဦးချိုးပစ်လိုက်”

“ထာဝရ နတ်မိမယ်လေး... ဒီကမ္ဘာကြီးက ခင်ဗျား အပိုင်ပဲ”

ဂျိန်း...ဒလိမ်း...

ထိုအခိုက်တွင်ပင် တိုက်ပွဲ စင်မြင့်မှာ တုန်ရီလာကာ ပါးလွှာသော အမိုးခုံး တစ်ခု ဖြစ်ပေါ်လာ၏။ ၎င်းက ပြိုင်ပွဲ ကျင်းပမည့် နေရာ တစ်ခုလုံးကို ခြုံလွှာ တစ်ခုလို လွှမ်းခြုံရင်း ဝေ့ဝူယင်နှင့် ချင်ကူးယင်တို့ကို ပြင်ပ ကမ္ဘာနှင့် သီးခြားခွဲထုတ်လိုက်သည်။

ထိုအမိုးခုံးမှာ ပြိုင်ပွဲဝင်များအား အနှောက်အယှက် ဖြစ်စေနိုင်သည့် အသံဗလံများကို တားဆီးပေးလိမ့်မည် ဖြစ်ကာ အခြား တစ်ဖက်တွင်တော့ ပရိသတ်များမှာ လွတ်လွတ်လပ်လပ် ဆက်လက် ကြည့်ရှု့နိုင်လိမ့်မည် ဖြစ်သည်။ ‌အော်ဟစ် အားပေးသံများက စိတ်အား တက်ကြွနေသည် ဆိုသော်လည်း အဂ္ဂိရတ် တိုက်ပွဲမှာ ကာယနှင့် စိတ်ခွန်အားကိုသာ အဓိက အားပြုသည့် စစ်ပွဲ တစ်ခု မဟုတ်ချေ။

ပွဲကြည့်စင်ရှိ အခန်း တစ်ခုထဲ၌ နာ့ရှင်းရီမှာ လက်နှစ်ဖက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ရင်း မျက်လုံးများက စိုးရိမ်မှုများဖြင့် ပြည့်နှက်နေ၏။ သူမမှာ ဆက်ဆက် ထိန်းချုပ်ရန် မတတ်နိုင်တော့ပဲ ဘေးနားရှိ ချင်ချူးမူကို မေးလိုက်တော့သည်။

“သူ နိုင်မယ်လို့ နင်ထင်လား..”

အခန်းအတွင်းရှိ အခြား မိန်းကလေး အားလုံးမှာလည်း ထိုမေးခွန်းကို ထောက်ခံသည့် အလား ချင်ချူးမူကို ဝိုင်းကာ ကြည့်လိုက်ကြသည်။

ချင်ကူးယင် ပိုင်ဆိုင်ထားသည့် အဂ္ဂိရတ် ကြယ်တာရာ ဝိညာဥ်မှာ လုံးဝကို ဒဏ္ဍာရီ ဆန်လွန်းသည့် အရာ ဖြစ်သည်။ ၎င်းက ယနေ့ခေတ်ရှိ အဂ္ဂိရတ်သမားတိုင်း၏ အိပ်မက်လည်း ဖြစ်၏။ တစ်ခေတ်တစ်ခါတုန်းက ထာဝရ ဧကရာဇ် လျှမ်းလျှမ်းတောက်ခဲ့သည့် အကြောင်းရင်းမှာလည်း ထိုအဂ္ဂိရတ် ကြယ်တာရာ ဝိညာဥ် ကြောင့်ပင် ဖြစ်သည်။

ချင်ချူးမူ၏ လှပသော မျက်တောင်ရှည်များက တဖျပ်ဖျပ် လှုပ်ရှားသွား၏။ ဝေ့ဝူယင်မှာ မနိုင်သည့် တိုက်ပွဲကို တိုက်တတ်သူ မဟုတ်ကြောင်း သူမ အပြည့်အဝ ယုံကြည်သည်။ ထိုလူငယ်မှာ မည်သည့် အရာကို မဆို သေချာအောင် အစီအစဥ်ဆွဲပြီးမှ လုပ်ကိုင်တတ်သူ ဖြစ်သည်။ သို့သော်... ချင်ကူးယင်မှာလည်း ဒဏ္ဍာရီလာ အဂ္ဂိရတ် ကြယ်တာရာ ဝိညာဥ် ပိုင်ဆိုင်ထားသူ ဖြစ်ရာ ထိုအားသာချက်ကို အထင်သေး၍ မရပြန်ချေ။

အားလုံးထဲ၌ စိုးရိမ်ပူပန်မှု မရှိသည့် တစ်ဦးတည်းသော ပုဂ္ဂိုလ်က လင်းကျိရန် ဖြစ်သည်။ လွန်ခဲ့သည့် နှစ်ပတ်ခန့်က ဝေ့ဝူယင်၏ ကြယ်တာရာ ဝိညာဥ် လေးခုကို သူမ မြင်တွေ့ခဲ့ရသည်။ ထိုအထဲမှ တစ်ခုမှာ စိတ်စွမ်းအင်လှိုင်းများဖြင့် ပြည့်နှက်နေကာ အဂ္ဂိရတ် အရိပ်အငွေ့များ ဖြာထွက်နေသည်။ ရှင်းလင်း သေချာစွာ မပြောနိုင်သည့်တိုင် ၎င်းက အဂ္ဂိရတ် ကြယ်တာရာ ဝိညာဥ် ဖြစ်လိမ့်မည် ဟု သူမ ခံစားရသည်။

“အင်း.. သူနိုင်လိမ့်မယ်...”

ထိုအခိုက်တွင်ပင် ချင်ချူးမူ၏ အသံက ထွက်ပေါ်လာ၏။ သူမ၏ အသံက ခပ်ပါးပါး ယုံကြည်ချက်တို့နှင့် ပြည့်နှက်နေသည်။

“အမက ဘာလို့ အဲဒီလောက် သေချာနေတာလဲ”

ဘေးနားရှိ လုံထျန်းယုက မကျေနပ်သည့် ပုံစံဖြင့် နှုတ်ခမ်းကလေးကို စူလိုက်၏။ သူမ ဝေ့ဝူယင်ကို သဘောမကျသည်က ရှင်းရှင်းလင်းလင်းပင် ဖြစ်သည်။ အကယ်၍ ဝေ့ဝူယင် လင်းကျိရန်ကို ဘာမှ မလုပ်ခဲ့ဘူး ဆိုလျှင်ပင် သူမ နှလုံးသားထဲ၌ အကိုကြီးသာလျှင် အမြဲတမ်း မှန်သည်။

“စောနက သူက နိုင်မယ်လို့ ပြောသွားတယ်လေ”

ချင်ချူးမူက ‌ပေါ့ပေါ့ပါးပါးပင် ပြောလိုက်၏။ သူမ၏ အဖြေက အတော်လေး ရိုးရှင်းလှသည့်တိုင် အခြား မိန်းကလေးများမှာ ရလဒ်ကို သေချာလာသလိုပင် ခံစားလိုက်ကြရသည်။

နာ့ရှင်းရီ၏ လက်သီးလေးများမှာ မူလကထက်ပင် ပိုမို တင်းကြပ်စွာ ဆုပ်သွားခဲ့၏။ သူမ၏ သမင် မျက်လုံးများက ဝေ့ဝူယင်ထံ ပြန်လည် ရွေ့လျားသွားကာ တစ်ဖဝါးမှ မခွာတော့ပဲ စိုက်ကြည့်နေခဲ့တော့သည်။

ထိုအချိန် စင်မြင့်ထက်၌... ဝေ့ဝူယင်မှာ တည်ငြိမ်စွာပင် ချင်ကူးယင်ကို အကဲခတ် နေခဲ့၏။ သူ ထိုမိန်းကလေးကို အတော်လေး စိတ်ဝင်စားနေမိသည်။ သူမက အမှန်တကယ်ကြီး အဂ္ဂိရတ် ဝိညာဥ်ကို ပိုင်ဆိုင်ထားသည်လား။ ဤသို့ဆိုလျှင် အဂ္ဂိရတ် တာအိုတွင် မည်သည့် အဆင့်သို့ ရောက်ရှိနေပြီနည်း။

“သူကရော အဆင့်ကိုး အဂ္ဂိရတ် ထုတ်ကုန်ကို ဖန်တီးနိုင်မှာလား”

ဝေ့ဝူယင်၏ ‌ငွေရောင် မျက်လုံးများက တက်ကြွမှုများနှင့် ပြည့်နှက်နေ၏။ ချင်ကူးယင်မှာ သူ့ထက် အသက်ကြီးရုံမျှ မက အဂ္ဂိရတ် အစည်းအရုံး၏ ထောက်ပံ့မှုနှင့် အတူ ခိုင်မာလှသော အဂ္ဂိရတ် အခြေခံ အုတ်မြစ်ကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ သည်တိုက်ပွဲက သူ၏ အစစ်အမှန် အရည်အသွေးကို တိုင်းတာရန် အကောင်းဆုံး နည်းလမ်း ဖြစ်ပေသည်။

အဂ္ဂိရတ် တိုက်ပွဲ စတင်ခဲ့ပြီ ဖြစ်ရာ ပထမဆုံး ရွေးချယ်မှုများ ပြုလုပ်ရတော့မည် ဖြစ်သည်။ ဝေ့ဝူယင်က စိန်ခေါ်ခံရသူ ဖြစ်လေရာ ပထမဆုံး ရွေးချယ်ရန် အခွင့်အရေး ရှိသည်။ သူက ပြုံးလိုက်ရင်း မမျှော်လင့်သည့် ရွေးချယ်မှုကို ပြုလုပ်လိုက်၏။

“ဆေးလုံး...”

“ ... “

မိုင်ပေါင်းများစွာ ကျယ်ဝန်းလှသော ကွင်းပြင်ကျယ်ကြီးတွင် အံ့သြသံ ခပ်အုပ်အုပ် ထွက်ပေါ်လာ၏။ ပထမဆုံး ရွေးချယ်မှုက ဆေးပြား သို့မဟုတ် ဆေးရည် ဖြစ်သည်။ ၎င်းတို့က ကျင့်ကြံသူများ အကြားတွင် အသုံး အများဆုံး ထုတ်ကုန်များ ဖြစ်ကြသည့် အပြင် မျိုးကွဲ အများဆုံးများလည်း ဖြစ်ကြပေသည်။ သို့မှသာ မိမိ အပိုင်နိုင်ဆုံး တစ်ခုကို ‌ရွေးချယ်နိုင်ပေလိမ့်မည်။ အဂ္ဂိရတ် လမ်းစဥ်ကို သိပ်နားမလည်သူများပင် ထိုအချက်ကို သိထားကြသည်။

“အာရုဏ်ဦး ဧကရာဇ်ဝေ့ရဲ့ ပထမဆုံး ရွေးချယ်မှုက တကယ့်ကို ဖြစ်တောင့် ဖြစ်ခဲပဲ”

ယီယွင်က မျက်မှောင်ကြုတ်ရင်း မှတ်ချက်ချလိုက်၏။ အခြား ခုံသမာဓိ တစ်ယောက် ဖြစ်သည့် လီချီးက မေးစေ့အား ပွတ်သက်လိုက်သည်။

“အင်း... ပုံမှန်ဆိုရင် ဆေးလုံးက တတိယမြောက် ဦးစားပေး ရွေးချယ်မှုပဲ... ဝေ့ဝူယင်ရဲ့ ရည်ရွယ်ချက်က ဘာဆိုကာ ငါလည်း မစဥ်းစားတတ်တော့ဘူး”

အခြားတစ်ဖက်ရှိ ချင်ကူးယွင်မှာလည်း မျက်မှောင်ကြုတ်နေ၏။ ဝေ့ဝူယင် တစ်ယောက် အဘယ်ကြောင့် ဆေးပြား၊ သို့မဟုတ် ဆေးရည်အား မရွေးချယ်ခဲ့သည့်ကို သူ ကိုယ်တိုင်လည်း မသေချာချေ။ သို့သော်လည်း... ဝေ့ဝူယင် မည်သည့် လှည့်ကွက်များ သုံးစေကာမူ ချင်ကူးယင်ကတော့ ထိုအကွက်ထဲ ကျဆင်းသွားလိမ့်မည် မဟုတ်ချေ။ သူမက အနိုင်ရလဒ် တစ်ခုတည်းကိုသာ အာရုံစိုက်ကာ ယူပေလိမ့်မည်။ ထို့အတွက် အဂ္ဂိရတ် အစည်းအရုံးမှာ သူမအား လပေါင်းများစွာ ကြာအောင် လေ့ကျင့်ပေးခဲ့ပေသည်။

“ဆေးရည်...”

ချင်ကူးယင်က ရွေးချယ်ရင်း ဝေ့ဝူယင်၏ မျက်နှာကို လှမ်းကြည့်လိုက်၏။ ထိုအခါ သူ့ နှုတ်ခမ်းထောင့်၌ အပြုံး တစ်ခု တွဲခိုနေသည်ကို သူမ မြင်လိုက်ရသည်။ ချင်ကူးယင်မှာ အတွေးများ ဖောက်ထွင်းခံလိုက်ရသလိုပင် ခံစားလိုက်ရ၏။ သူမက ချက်ချင်းပင် ခေါင်းကို ခါလိုက်ရင်း ထူးဆန်းသော ခံစားချက်များကို မောင်းထုတ် ပစ်လိုက်သည်။

“ဆေးတောင့်...”

ဝေ့ဝူယင်က ဒုတိယမြောက် ရွေးချယ်မှုကို ကြေညာလိုက်၏။

“ဘာကြီး...”

ယခုတစ်ကြိမ်တွင်တော့ ပရိသတ်များသာမက ယီယွမ်နှင့် လီချီးတို့ ကဲ့သို့ ခုံသမာဓိများထံမှပင် အာမေဋိတ်သံ ထွက်ပေါ်လာခဲ့သည်။ သူတို့မှာ ထိုင်ခုံမှ ထရပ်ကာ ဝေ့ဝူယင်ကို မေးခွန်းထုတ်လုနီးပါးပင် ဖြစ်သွားခဲ့၏။

ဆေးတောင့်...

ဆေးတောင့်များမှာ လေးခုထဲတွင် ဖော်စပ်ရန် အလွယ်ကူဆုံးသော အရာများ ဖြစ်သည်။ ၎င်းတို့မှာ များသော အားဖြင့် မျှတစွာ ရောနှောမှု ပုံစံတစ်မျိုးသာ ဖြစ်သည်။ ကျွမ်းကျင်သူများ အတွက် ကျဆုံးရန် ရာနှုန်းမှာ အလွန် နည်းပါးလွန်းလှသည်။

‌ဆေးတောင့်များမှာ တစ်ခါတစ်ရံ ကျင့်ကြံခြင်း အတွက်ပင် သိပ်အသုံးမဝင်လှပဲ အလှအပ ထုတ်ကုန်များ အဖြစ်သာ အသုံးများကြသည်။ ထို့အပြင် ဆေးတောင့်များမှာ များသောအားဖြင့် ဆေးဖော်စပ်ခြင်း၏ အစပျိုးခြင်း အဆင့်တွင်သာ ပြီးဆုံးလေ့ ရှိသည်။ အဆုံးထိပင် သွားရခြင်း မရှိချေ။

ထို့ကြောင့်ပင် ဆေးတောင့်ကို ရွေးချယ်ခြင်းမှာ အလွန့်အလွန်ကို ရှားပါးလွန်းသော ဖြစ်စဥ် တစ်ခု ဖြစ်သည်။ ၎င်းအား ရွေးချယ်ခြင်းဖြင့် မည်သည့် အားသာချက်မှ ရရှိနိုင်လိမ့်မည် မဟုတ်ချေ။ သို့သော်လည်း ဝေ့ဝူယင်က ဆေးတောင့်ကို ဒုတိယမြာက် အဖြစ် ရွေးချယ်ခဲ့သည်။ သူက ဘာလုပ်ချင်နေသနည်း။

ချင်ကူးယင်၏ လှပသော ‌ရွှေရောင် မျက်ဝန်းလေးများမှာ အံ့သြ ထိတ်လန့်ခြင်းများနှင့် ပြည့်နှက်သွား၏။ အေးစိမ့်မှု တစ်ခုက သူမ၏ နှလုံးသားတွင် ဖြစ်ပေါ်လာကာ အရိုးထဲထိ စိမ့်ဝင်သွားသည်။

ချင်ကူးယွင်မှာ ထူးဆန်းဟန် မပြသော်လည်း သူ့နှလုံးသားကတော့ တစ်မိနစ်လျှင် အကြိမ် တစ်ထောင်နှုန်းဖြင့် ရိုက်ခတ်နေခဲ့ပြီ ဖြစ်သည်။

“သူ ဘယ်လို သိသွားတာလဲ”

ဝေ့ဝူယင်မှာ ထိုရွေးချယ်မှု တစ်ခုတည်းဖြင့်ပင် သူတို့ မြေးအဘိုး၏ မူလ ယုံကြည်ချက်များကို ရိုက်ချိုးလိုက်ပြီ ဖြစ်လေသည်။ ဘာတွေ ဖြစ်လာမည်ကို သူတို့ပင်လျှင် မပြောနိုင်တော့။

“မဆိုးဘူး.. မဆိုးဘူး...”

ရုတ်တရက် တစ်စုံတစ်ရာကို ရိပ်မိသွားဟန်နှင့် ယီယွင်က ထအော်လိုက်၏။ အကယ်၍ ခုံသမာဓိနေရာကိုသာ ယူမထားဘူး ဆိုပါက သူ ချက်ချင်းပင် ဝေ့ဝူယင်ကို လက်ခုပ်လက်ဝါးတီးကာ အားပေးမိလိမ့်မည် ဖြစ်သည်။

“ ... “

မဟာ အင်အားစု သုံးခု၏ ခေါင်းဆောင်များမှာ အနည်းငယ် ကြောင်တောင်တောင် ဖြစ်သွား၏။ ဒြပ်စင် ကောင်းကင် နန်းတော်သခင်မ လင်းယုရန်က မေးခွန်းထုတ်လိုက်သည်။

“သူ လုပ်နေတာတွေက အဓိပ္ပာယ် ရှိတာလား”

ယီယွင်က ပြုံးရင်း ချင်ကူးယွင်ကို တစ်ချက် လှမ်းကြည့်လိုက်၏။ ထိုလူအိုကြီး၏ အနည်းငယ် ရုပ်ပျက်နေပုံကို ကြည့်ကာ သူ့အတွေးများက ပိုမို သေချာသွားသည်။ သူက ခေါင်းတစ်ချက် ညိတ်လိုက်ရင်း လင်းယုရန်တို့ဘက် လှည့်ကာ ရှင်းပြလိုက်တော့၏။

“ဝေ့ဝူယင်က ပြိုင်ဘက်ရဲ့ အနိုင်မဟုတ်ရင်တောင် သရေရနိုင်မယ့် အခွင့်အရေးကို ရှင်းထုတ် ပစ်လိုက်တာ”

“ဘယ်လို...”

အခြားလူများမှာ နားမလည်နိုင်ကြသေးချေ။ ယီယွင်က ထိုအရာကို သဘောတူသည့် အလား အနည်းငယ် ပြုံးရင်း ဆက်လက် ရှင်းပြလိုက်၏။

“ပုံမှန်ဆိုရင် ပထမဆုံး ရွေးချယ်မှုက ဆေးပြား ဒါမှမဟုတ် ဆေးရည် ဖြစ်သင့်တယ် မလား... နောက်ထပ် ရွေးချယ်မှုကတော့ ဆေးလုံးနဲ့ ဆေးတောင့်ပေါ့... ယေဘုယျ အစီအစဥ်အတိုင်း ဆိုရင် ဆေးပြား ဒါမှမဟုတ် ဆေးရည်... ပြီးတော့ ဆေးလုံး... ဆေးတောင့်ကတော့ နောက်ဆုံးမှပေါ့... ဆိုတော့ကာ စိန်ခေါ်သူက အမြဲတမ်း လိုလို နောက်ဆုံး ရွေးချယ်မှု ဖြစ်တဲ့ ဆေးတောင့်ကို ရမှာ မလား... အဲဒါက အခြားလူတွေအတွက် အားနည်းချက် ဖြစ်မယ် ဆိုရင်တောင် အဂ္ဂိရတ် အစည်းအရုံးလို ရေရှည် ထိပ်တန်းမှာ ရပ်တည်ခဲ့တဲ့ အဖွဲ့အစည်းကြီး အတွက်တော့ မဟာ့ မဟာ အားသာချက်ကြီးပေါ့... သူတို့မှာ ရှိတဲ့ နှစ်ပေါင်းထောင်ချီ ရင်းမြစ်တွေ၊ အဂ္ဂိရတ် အင်ပါယာတွေရဲ့ အကူအညီနဲ့ အရမ်း အသေးစိတ်ဆန်တဲ့၊ အလှည့်အပြောင်းတွေ မရေမတွက်နိုင်အောင် များပြားတဲ့ ဆေးတောင့် အညွှန်းတစ်ခုကို အလွယ်လေး ဖန်တီးလို့ရတယ်... ဝေ့ဝူယင် ဘယ်လောက်ပဲ တော်တယ် ပြောပြော ကိုယ်နဲ့ အကျွမ်းတဝင် မရှိတဲ့ နည်းလမ်းတစ်ခုကို ဘယ်လိုလုပ် လွယ်လွယ် အောင်မြင်နိုင်မှာလဲ... တကယ်လို့ အောင်မြင်မယ် ဆိုရင်တောင် ချင်ကူးယင်က သူ့ကို အပြတ်အသတ် ဖြတ်ပြီး အနိုင်ရမှာ သေချာတယ်... အရမ်းကို ကံဆိုးလို့ အရှေ့ပိုင်း တိုက်ပွဲ နှစ်ခု ရှုံးထားမယ် ဆိုရင်တောင်  ရလဒ်က ၂-၂ ဖြစ်သွားလိမ့်မယ်”

လင်းယုရန်မှာ ထိုအဖြေကို သိပ်ကျေနပ်သေးပုံ မရချေ။ သူမက မျက်မှောင်ကြုတ်ရင်း ထပ်မံ မေးခွန်းထုတ် လိုက်၏။

“အဲဒါဆို သူက ဘာလို့ ‌ဆေးလုံးကို ပထမဆုံး ရွေးရတာလဲ... ဘာလို့ ဆေးတောင့်ကို အရင် မရွေးရတာလဲ”

***

All Chapters