← Chapters

အဂ္ဂိရတ် တိုက်ပွဲ

Vol. 24 Ch. 334

အဂ္ဂိရတ် တိုက်ပွဲ

Vol. 24 Ch. 334

“အဲဒါဆို သူက ဘာလို့ ‌ဆေးလုံးကို ပထမဆုံး ရွေးရတာလဲ... ဘာလို့ ဆေးတောင့်ကို အရင် မရွေးရတာလဲ”

လင်းယုရန်ကပင် ထပ်မေးလိုက်သည်။ သို့သော်လည်း ယခုတစ်ကြိမ် ပြန်လည် ဖြေရှင်းသူက ယီယွင် မဟုတ်တော့ချေ။

ပိန်ပိန်ပါးပါး မျက်နှာနှင့် စိတ်လှုပ်ရှားနေသော လီချီးပင်။

“တူညီတဲ့ အကြောင်းပြချက် အတွက်ပဲ နတ်မိမယ်ယင်က ဆေးလုံးကို ရွေးချင်ခဲ့တာ... ငါ့အထင် သူက ဆေးလုံနဲ့ ဆေးတောင့် နှစ်ခုစလုံး အတွက် အသေးစိတ် ပြင်ဆင် ပြီးလောက်ပြီ... ဒါပေမဲ့ အဲဒီ မြေခွေးလေးက အစီအစဥ် တစ်ခုလုံးကို ပြောင်းလဲ ပစ်လိုက်တာပဲ”

“အဲဒီလိုလား... “

လင်းယုရန်၏ မျက်လုံးများက အတွေးနက်တည်း ကျရောက်သွားဟန် ရ၏။ ဤသို့ဆိုလျှင် ဝေ့ဝူယင်မှာ အတော်လေး ယုံကြည်ချက် ရှိသူ ဖြစ်ရမည်။

အသူရာ နတ်ဆိုး တောင်တန်း သခင် ကောင်းကျိက စိတ်ဝင်စားမှုများ ပြည့်နှက်နေသည့် နတ်ဆိုးလေသံဖြင့်...

“မင်းတို့ပြောတာ အမှန်ဆိုရင်... နတ်မိမယ်ယင်ကို ထိခိုက်ပျက်စီးစေနိုင်တဲ့ အလွှာ တစ်ခု အပြင် အောက်မှာ လျှို့ဝှက်ထားတဲ့ ငါးမျှားချိတ်တွေတောင် ရှိကောင်း ရှိနေနိုင်တယ်ပေါ့”

ယီယွင်က တဖျပ်ဖျပ် တောက်ပနေသော မျက်လုံးများဖြင့် ခေါင်းညိတ်လိုက်၏။

“တောင်တန်းသခင်ကောင်း ပြောတာ အမှန်ပဲ... ဒီပွဲကတော့ ထင်ထားတာထက်တောင် ပိုပြီး စိတ်ဝင်စားစရာ ကောင်းလာပြီ...”

...

စင်မြင့်ထက်တွင် ချင်ကူးယင်က တိတ်တဆိတ် ပင့်သက်ရှိုက်လိုက်၏။ သူမတို့ ပြင်ဆင်ထားခဲ့ပုံက ယီယွင်နှင့် လီချီးတို့ ပြောသည့် အတိုင်း အတိအကျပင်။ ဝေ့ဝူယင်၏ ကွက်ကျော် မြင်တတ်မှုကား ကြောက်စရာ ကောင်းလွန်းသည်။ သို့သော်လည်း သူမတွင် အဂ္ဂိရတ် ကြယ်တာရာ ဝိညာဥ် ဟူသော အားသာချက်ကြီး ရှိနေဆဲ ဖြစ်သည်။ သို့ဖြစ်ရာ သူမ ကိုယ့်ကိုယ်ကို ယုံကြည်ချက် အပြည့်အဝ ရှိနေသေးဆဲ ဖြစ်သည်။

“ဆေးပြား...”

ချင်ကူးယင်က သူမ၏ နောက်ဆုံး ရွေးချယ်မှုကို ကြေညာလိုက်၏။ မထင်မှတ်ထားသည့် အလှည့်အပြောင်း များစွာနှင့် အတူ စဦး ရွေးချယ်မှုများမှာ ပြီးဆုံးသွားပြီ ဖြစ်သည်။ ယခုက ဒုတိယ အပိုင်း ဖြစ်သည့် ဆေးညွှန်း ရွေးချယ်မှုပင် ဖြစ်လေသည်။

ဤသည်က ပြိုင်ပွဲ၏ အရေး အကြီးဆုံး အစိတ်အပိုင်းလည်း ဖြစ်၏။  များစွာသော လူများမှာ သူတို့ နှစ်ယောက် မည်သည့် ဆေးညွှန်းများအား ရွေးချယ်မည်ကို သိလိုနေကြသည်။ တိုက်ပွဲ၏ စည်းမျဥ်းများ အရ ဤတစ်ကြိမ်တွင်တော့ စိန်ခေါ်သူဘက်မှ စတင် ရွေးချယ်ရမည် ဖြစ်သည်.

“အဂ္ဂိရတ် တိုက်ပွဲရဲ့ အဆင့်အတန်းက နတ်မိမယ်ယင်ရဲ့ လက်ထဲကို ကျရောက်သွားပြီ”

ယီယွင်က စိတ်လှုပ်ရှားစွာဖြင့် ဆိုလိုက်၏။ သူ့ မျက်လုံးများက စိတ်ဝင်စားမှုများဖြင့် တဖိတ်ဖိတ် တောက်ပနေသည်။

“ဘာလို့လဲ...”

လင်းယုရန်က ယီယွမ်ကို လှည့်ကြည့်ရင်း မေးလိုက်ပြန်၏။ သူမသည် မဟာ အင်အားစုကြီး တစ်ခု၏ ခေါင်းဆောင် ဖြစ်ပြီး အဂ္ဂိရတ် တိုက်ပွဲများ အကြောင်း ဗဟုသုတများစွာကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ သို့သော်လည်း ကိုယ်တိုင်က အဂ္ဂိရတ်သမား တစ်ယောက် မဟုတ်လေရာ အလှည့်အပြောင်းများ၊ လှည့်ကွက်များကိုတော့ သေချာ မြင်နိုင်စွမ်း မရှိချေ။

လီယွမ်က အသာအယာပင် ပြုံးလိုက်၏။

“နန်းတော်သခင်လင်း... ခင်ဗျား မြင်မှာပေါ့... ခုဆိုရင် ဘယ်သူမှ ပြိုင်ပွဲဝင် နှစ်ယောက်ရဲ့ အဂ္ဂိရတ် အဆင့်အတန်းကို မမြင်ရ‌သေးဘူးလေ... ပုံမှန်ဆိုရင် အဂ္ဂိရတ် တိုက်ပွဲဆိုတာက အဂ္ဂိရတ် အဆင့်အတန်း တူတဲ့လူ နှစ်ယောက်ကြားမှာသာ ပြိုင်ရလေ့ ရှိတဲ့ ပြိုင်ပွဲမျိုးပဲ”

“ဒါပေမဲ့ အာဏာရှင် ဧကရာဇ်ဝေ့နဲ့ နတ်မိမယ်ယင်တို့ကတော့ လုံးဝ ခြားနားတယ်... သူတို့ နှစ်ယောက်က သုံးလွှာ ကြယ်တာရာ နယ်မြေတစ်ခုလုံးကို ကိုင်လှုပ်နိုင်နေပေမဲ့ တကယ်တမ်း သူ့တို့ရဲ့ အဂ္ဂိရတ် အဆင့်အတန်းကို ဘယ်သူက သေချာ ပြောနိုင်လို့လဲ”

ဘေးနားရှိ လူများမှာ နားထောင်ရင်း ဉာဏ်အလင်းပွင့်သွားသလို ခံစားလိုက်ရ၏။ အာရုဏ်ဦး အာဏာရှင် ဧကရာဇ်ဝေ့သည် ဘယ်တုန်းကမှ သူ့ အဂ္ဂိရတ် အဆင့်အတန်းကို စစ်ဆေးခဲ့ဖူးခြင်းမျိုး မရှိခဲ့ချေ။ သို့တိုင်အောင် အဆင့်ခြောက်နှင့် အဆင့်ခုနစ် ဆေးများမှာမူ သူ့ဆီမှ တောရိုင်းမီးတစ်ခုလို ပျံ့နှံ့ခဲ့ပြီး ဖြစ်သည်။ ပျံ့နှံ့နေသော သတင်းများ အရဆိုလျှင် ဝေ့ဝူယင်မှာ ဂြိုဟ်ဝင်္ကပါကို သုံးကာ အဆင့်ရှစ် ဆေးတစ်လုံးကိုပင် ဖော်စပ်ခဲ့ဖူးသည်ဟု ဆိုသည်။

အမျိုးမျိုးသော အချက်အလက်များကို သုံးသပ်ရပါက ဝေ့ဝူယင် အဂ္ဂိရတ် ဧကရာဇ် တစ်ပါး ဖြစ်‌ကြောင်းကတော့ သေချာပေသည်။ သူ အဂ္ဂိရတ် အင်ပါယာ တစ်ပါး ဟုတ် မဟုတ် ဆိုသည်ကိုသာ စိတ်ဝင်စားစွာ ဆက်လက် စောင့်ကြည့်ရပေလိမ့်မည်။

အခြား တစ်ဖက်ရှိ ထာဝရ နတ်မိမယ်လေးကို မည်သူမှ မသုံးသပ်ရဲကြချေ။ သူမက လျှို့ဝှက် သိုသပ်လွန်းသူ ဖြစ်ပြီး ယခုမှသာ လူမြင်ကွင်းကို ထွက်ပေါ်လာသူ ဖြစ်သည်။ အဂ္ဂိရတ် ကြယ်တာရာ ဝိညာဥ် ပိုင်ဆိုင်ထားသည် ဆိုခြင်းမှ လွဲ၍ သူမ အကြောင်း ဘာမှ မသိကြရချေ။

“ဒီတော့ကာ ပထမဆုံး ရွေးချယ်မှုမှာတင် သူတို့ရဲ့ အဂ္ဂိရတ် အဆင့်အတန်းက ပေါ်လွင်သွားမယ်ပေါ့ ဟုတ်လား”

ကောင်းကျိက တောင်တစ်မျှ လေးပင်သော အသံဖြင့် မေးလိုက်၏။ ယီယွင်က တိကျသေချာသော ပုံစံဖြင့် ခေါင်းညိတ်လိုက်သည်။

“ဟုတ်တယ်... တကယ်လို့ နတ်မိမယ်ယင်သာ အဆင့်ရှစ် ဆေးညွှန်းကို ရွေးလိုက်မယ် ဆိုရင် ဒီပြိုင်ပွဲ တစ်ခုလုံးက အဂ္ဂိရတ် အင်ပါယာ အဆင့် ဖြစ်သွားလိမ့်မယ်”

အခြားတစ်ဖက်၌ ချင်ကူးယွင်မှာ တည်ငြိမ်သော အမူအရာဖြင့် စင်မြင့်ကို ကြည့်နေခဲ့သည်။ ဤတိုက်ပွဲကား အဂ္ဂိရတ် ပါရမီနှင့် အဂ္ဂိရတ် ကြယ်တာရာ ဝိညာဥ် မည်သည်က ပိုသာသည်ကို ဆုံးဖြတ်ပေးမည့် တိုက်ပွဲလည်း ဖြစ်သည်။

စင်မြင့်ထက်တွင်မူ ချင်ကူးယင်မှာ ရှုပ်ထွေး ပွေလီသော အတွေးများကို ရှင်းလင်းပြီးပုံ ရသည်။ သူမက တည်ငြိမ်စွာပင် ဆေးညွှန်းကို ရွေးချယ်လိုက်၏။

“အဆင့်ရှစ်... အဆင့်မြင့် လောကအလင်း ဆေးရည်...”

“ ... “

ရုတ်တရက် လူအုပ်ကြီးမှာ တိတ်ဆိတ်သွား၏။ ခုံသမာဓိများမှာ တိတ်ဆိတ် သွား၏။ အလင်း မျက်နှာပြင်များမှ ကြည့်နေကြသည့် ထရီလျံနှင့် ချီသော ပရိသတ်များမှာ တိတ်ဆိတ်သွားကြ၏။ ထို့နောက် ရုတ်ချည်း ဆိုသလိုပင် တုန်လှုပ် ချောက်ချားမှု၊ အံ့အားသင့်မှု၊ မယုံကြည်နိုင်မှုနှင့် စိတ်လှုပ်ရှားမှု လှိုင်းလုံးများက အင်အားကြီး ဆူနာမီတစ်ခုလို ကွင်းပြင်တစ်ခုလုံးကို ရိုက်ခတ်သွားခဲ့တော့သည်။

“တကယ်ကြီးလား...”

လီချီးမှာ မတ်တပ်ရပ်ကာ ထအော်လိုက်မိ၏။ သူ၏ မျက်လုံးများက ထိတ်လန့် တုန်လှုပ်မှုတို့ဖြင့် အစွမ်းကုန် ပြုးကျယ်ကာ ချင်ကူးယင်၏ ပုံရိပ်ကို ငေးကြည့်နေမိသည်။

အဆင့်ရှစ်ဆေးညွှန်း... ထို့အပြင် အဆင့်မြင့်... ထိုထက် ပိုသည်က လောကအလင်း ဆေးရည်...

ဤဆေးရည်မှာ ဖော်စပ်ရန် ခက်ခဲရုံသာ မက သုံးလွှာ ကြယ်တာရာ နယ်မြေ၏ အကျော်ကြားဆုံး အဂ္ဂိရတ် ထုတ်ကုန် တစ်ခုလည်း ဖြစ်သည်။ သမိုင်း တစ်လျှောက် တန်ဖိုး အရှိဆုံး ထုတ်ကုန် မဟုတ်ဘူး ဆိုလျှင်ပင် ၎င်းမှာ အဆင့်လေး ကျင့်ကြံသူများကို ကြယ်တာရာ အမြုတေ အဆင့်ငါး၊ အလင်းရောင်ပြန်ခြင်းသို့ လွယ်ကူစွာ ခြေချနိုင်အောင် ကူညီ ထောက်ပံ့ပေးနိုင်စွမ်း ရှိသည်။

အလင်း ရောင်ပြန်ခြင်း အဆင့်...

၎င်းက သုံးလွှာ ကြယ်တာရာ နယ်မြေ၏ အထွတ်အထိပ်၌ ရပ်တည်နေသည့် အဆင့် မဟုတ်သော်လည်း ခြေချရန် အခက်ဆုံး အဖြစ် ပြောစမှတ် ပြုကြသည်။ နှိုင်းယှဥ်ရမည် ဆိုလျှင်ပင် အဆင့်ခြောက် မြေဆွဲအား လွတ်မြောက်ခြင်း အဆင့်က တက်လှမ်းရန်ပင် ပိုမို လွယ်ကူသည်?

သည်လောကတွင် အလင်းမှာ ထာဝရ တည်ရှိနေသော အရာ ဖြစ်သည်။ ၎င်းအား နေသုံးစင်းမှ ထုတ်လွှတ် နေသည်။ အလင်းရောင်ပြန်ခြင်း အဆင့်ကို တက်လှမ်းရန် အတွက် တစ်စုံတစ်ယောက်မှာ အလင်းနှင့် ထိတွေ့ တုန့်ပြန်နိုင်ရန် လိုအပ်သည်။ သို့သော်လည်း အလင်းမှာ အလွန် လျှင်မြန်လွန်းလှရာ ထိုကဲ့သို့ ပြုလုပ်နိုင်ရန် အလွန် ခက်ခဲလှသည်။

လောကအလင်းဆေးရည်သည် ကျင့်ကြံသူတို့၏ ဝိညာဥ် အာရုံ အခြေခံ သဘောတရားများကို ပြောင်းလဲပေးနိုင်ကာ အလင်းအား အာရုံခံနိုင်အောင် ခွင့်ပြုပေးသည်။ ဤနည်းဖြင့် ကျင့်ကြံသူများမှာ အလင်းစွမ်းအင် အပေါ် ပိုမို တုန့်ပြန်လာနိုင်ကာ ကပ်ဘေးကို ဆင့်ခေါ် လာနိုင်ကြသည်။

အလင်း ရောင်ပြန်ခြင်း အဆင့်မှာ ကောင်းကင် အုပ်စိုးသူ အဆင့်၊ ဝိညာဥ် ဆင်းတု အဆင့်၊ အာကာသ ပဲ့တင်သံ အဆင့်များနှင့် လုံးဝ ခြားနားသည့် အဆင့် တစ်ခု ဖြစ်သည်။ ထိုအဆင့်များတွင် ကြယ်တာရာ ဝိညာဥ်များကိုသာ လိုအပ်သော စွမ်းအင်များနှင့် ဖြည့်စွက်ရသည်။ သတ်မှတ်ထားသည့် ပမာဏသို့ ရောက်သည်နှင့် အချိန်မရွေး ကပ်ဘေးအား ဆင့်ခေါ်ကာ အဆင့်တက်နိုင်ကြသည်။ ဝိညာဥ် ဆင်းတု အဆင့်နှင့် အာကာသ ပဲ့တင်သံ အဆင့်တို့တွင် ကန့်သတ်ချက် အချို့ ရှိသည့်တိုင် အလင်း‌ရောင်ပြန်ခြင်း အဆင့်၏ အခက်အခဲများနှင့် နှိုင်းယှဥ်လျှင်တော့ ပမွှားလောက်သာ ဖြစ်ပေသည်။

“သုံးလွှာ ကြယ်တာရာ နယ်မြေမှာ လောကအလင်း ဆေးရည် ထွက်ပေါ် မလာခဲ့တာ နှစ်ပေါင်း ခြောက်ရာ ကျော်လောက် ကြာပြီ”

ယီယွင်က ပင့်သက်ရှိုက်ရင်း ဆိုလိုက်သည်။ လီချီးကတော့ အထွတ်အမြတ် အလင်း နန်းတော်သခင်မ ကျန်းဖေးလန်ကို မနေနိုင်မထိုင်နိုင် လှမ်းကြည့်လိုက်မိ၏။ ထိုလှပ ကျက်သရေ ရှိသည့် အမျိုးသမီးမှာ ခါတိုင်းကဲ့သို့ပင် တည်ငြိမ်သည့် အမူအရာကို ဆက်လက် ဖော်ဆောင်ထားဆဲ ဖြစ်သည့်တိုင် မျက်ဝန်းထဲတွင်မူ မယုံကြည်နိုင်မှု အချို့က ဖုံးမရ ဖိမရ ထွက်ပေါ်နေသည်။

လီချီးသာလျှင် မဟုတ်... အခြား ခုံသမာဓိ သုံးယောက်မှာလည်း သူမကို ကြည့်လိုက်မိကြ၏။ အာကာသ ဝိညာဥ်ဆေးကို သုံးကာ လက်ရှိ အဆင့်ကို တက်လှမ်းလာသည့် ချင်းရိုင် ကဲ့သို့... ကျန်းဖေးလန်မှာလည်း အလင်း ရောင်ပြန်ခြင်းဆေးရည်ကို သုံးကာ အထွတ်အမြတ် အလင်းနန်းတော် သခင်မ နေရာကို တက်လှမ်းလာခဲ့ခြင်း ဖြစ်ပေသည်။

“ ... “

ကျန်းဖေးလန်မှာ ငြိမ်သက်နေ၏။ သူမက ဘာမှတ်ချက်စကား တစ်ခွန်းမှ မပြောချေ။ ယီယွမ်က လေးပင်သော ဖိအားတို့ဖြင့် သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။

“တကယ်လို့ လောကအလင်း ဆေးရည်သာ တကယ် ပေါ်ထွက်လာခဲ့မယ်ဆိုရင် သုံးလွှာ ကြယ်တာရာ နယ်မြေရဲ့ ခေတ်သစ်က သူတို့ လက်ထဲကို ရောက်သွားပြီလို့ ပြောလို့ရတယ်”

ထိုစကားလုံးများက တက်ရောက်လာသော ပရိသတ်တိုင်း၏ နားထဲတွင် ပဲ့တင်ထပ်သွား၏။ ထိုအရာများ ဖြစ်ပျက်နေချိန်တွင် ဝေ့ဝူယင်၏ ငွေရောင် မျက်လုံးများထဲမှ အပြောင်းအလဲကိုတော့ ဘယ်သူမှ သတိမထားမိလိုက်ကြချေ။

၎င်းတို့က အတိုင်းအဆ မရှိ စိတ်ပျက်မှုတို့ဖြင့် ပြည့်နှက်နေကာ စိတ်ပျက်ခြင်း အရိပ်အယောင် အချို့ပင် ပါဝင်နေသည်။ အကယ်၍ လူများသာ သူ့အတွေးကို ကြားသိနိုင်ခဲ့လျှင် အရူးတစ်ပိုင်းပင် ဖြစ်သွားနိုင်သည်။ လောကအလင်း ဆေးရည်မှာ သူအကျွမ်းကျင်ဆုံး အဂ္ဂိရတ် ထုတ်ကုန်ထဲမှ တစ်ခု ဖြစ်သည်။ ယခု သူ၏ သိုလှောင်လက်စွပ်ထဲတွင်ပင် ထိုပုလင်း ဒါဇင်ပေါင်းများစွာ ရှိပေသည်။

***

All Chapters