အဂ္ဂိရတ် တိုက်ပွဲ (၂)
Vol. 24 Ch. 335
“သူက အဆင့်ကိုး ဆေးရည်ကို မရွေးဘူးပဲ...”
ဝေ့ဝူယင်သည် ထာဝရ နတ်မိမယ်လေးကို အဆင့်ကိုး ဆေးရည် တစ်ခု ရွေးချယ်စေချင်ခဲ့သည်။ အဆင့်ရှစ် ဆေးများမှာ သူ့အတွက် ထမင်းစား ရေသောက်သဖွယ် ဖြစ်နေခဲ့ပြီ ဖြစ်သည်။ အဆင့်ကိုး အဂ္ဂိရတ် ထုတ်ကုန်များ သာလျှင် သူ့အား စိတ်လှုပ်ရှားအောင် စွမ်းဆောင်နိုင်သည်။ မည်မျှပင် စိတ်ပျက်သည် ဆိုစေ... ဤသည်က ပြိုင်ပွဲဖြစ်ရာ ဆက်လက် ယှဥ်ပြိုင်ရပေလိမ့်မည်။
ထို့အပြင် အဂ္ဂိရတ် တိုက်ပွဲမှာ ဆေးဖော်စပ်မှု အောင်မြင်ခြင်း၊ ကျရှုံးခြင်း အပြင် ဆေးအရည်အသွေး၊ အမြန်နှုန်း၊ အောင်မြင်နှုန်းတို့ကိုပါ ထည့်သွင်း တိုင်းတာသည်။ အနည်းဆုံးတော့... ထိုကဏ္ဍများတွင် ထာဝရ နတ်မိမယ်လေးနှင့် သူ မည်သူ ပိုသာ၊ မသာ စစ်ဆေးနိုင်ပေလိမ့်မည်။
ချင်ကူးယင်မှာ ဝေ့ဝူယင်၏ မျက်လုံးများကို ငေးရင်း ပွဲမစတင်ခင် ကတည်းက ရှုံးနိမ့်သွားသလို ခံစားလိုက်ရ၏။ မသေချာ မရေရာခြင်းနှင့် ဆက်စပ်နေသည့် ထူးဆန်းသည့် ခံစားချက် တစ်မျိုးက သူမ နှလုံးသား အတွင်း မွေးဖွားလာသည်။
ဝေ့ဝူယင်နှင့် ချင်ကူးယင်တို့ နှစ်ယောက် တစ်ယောက်ကို တစ်ယောက် နောက်ဆုံး အကြိမ် အဖြစ် ကြည့်လိုက်ကြ၏။ သူတို့ နှစ်ယောက်စလုံး ဆေးညွှန်းကို သိရှိထားကြပြီး ဖြစ်ရာ အထူးတလှယ် စကားလုံးများ ဖလှယ်စရာ မလိုတော့ချေ။
ဝှစ်...
ကောင်းကင်မှ နေ၍ မျက်လှည့်ဆန်စွာပင် သိုလှောင် လက်စွပ် နှစ်ကွင်း ကျဆင်းလာသည်။ ထိုလက်စွပ်များထဲတွင် လောကအလင်း ဆေးရည် ဖော်စပ်ရန် လိုအပ်သည့် ရင်းမြစ်များ အတိအကျပင် ပါဝင် နေပေသည်။ ထိုရင်းမြစ်များက သုံးကြိမ် ကြိုးစားရန် လုံလောက်သည်ထက်ပင် ပိုနေပေသည်။
ထို့အပြင် ရင်းမြစ်များကို သမာမှု ပြုလုပ်ထားမည်ကိုလည်း ပူစရာ မလိုချေ။ ခုံသမာဓိ ငါးယောက်မှာ ၎င်းတို့ကို ဝိညာဥ်အာရုံများဖြင့် စစ်ဆေးပြီး ဖြစ်သည်။ အကယ်၍ မသမာတာ တစ်ခုခု ရှာတွေ့ခဲ့လျှင် ပြုလုပ်သည့် ဘက်မှာ အလိုအလျောက် ရှုံးနိမ့်ရလိမ့်မည် ဖြစ်သည်။
ဟူး... ဟူး...
ချင်ကူးယင်သည် သူမ အတွက် သတ်မှတ်ပေးထားသည့် နေရာတွင် ရပ်လိုက်ရင်း ကြမ်းပြင်ထက်တွင် ဝင်္ကပါ တစ်ခုကို ခင်းကျင်းလိုက်သည်။
ထိုဝင်္ကပါတွင် ယန္တယား အကူအညီ သို့မဟုတ်... ထုတ်ကုန်၏ အောင်မြင်မှု၊ အရည်အသွေးနှင့် အမြန်နှုန်းတို့ကို ပြောင်းလဲ ပေးနိုင်သည့် နည်းလမ်း တစ်ခုမှ မပါဝင်ချေ။ များသောအားဖြင့်... ဆေးဖော်ရာတွင် ထိုကဲ့သို့ နည်းလမ်းများကို သုံးလေ့ ရှိသော်လည်း အဂ္ဂိရတ် တိုက်ပွဲမှာ အစစ်အမှန် အရည်အသွေးများကိုသာ စစ်ဆေးခြင်း ဖြစ်သည်။ နောက်ခံကို မဟုတ်ချေ။
ပြိုင်ပွဲတွင် ခွင့်ပြုထားသည့် တစ်ခုတည်းသော ချွင်းချက်က ကိုယ်ပိုင် မှော်ဆေးအိုးများကို အသုံးပြုနိုင်ခြင်း ဖြစ်သည်။ အဂ္ဂိရတ် သမာနှင့် မှော်ဆေးအိုးမှာ ဓားသမားနှင့် ဓား ကဲ့သို့ပင်။ ပြိုင်ဘက်တွင် သင့်ထက် ပိုကောင်း၊ ပိုထက်မြက်သော ဓားတစ်လက် ရှိခြင်းအား မတရားဟု ဆို၍ မရချေ။
ချင်ကူးယင်က သူမ၏ မှော်ဆေးအိုးကို ထုတ်ယူလိုက်၏။ ၎င်းက ရွှေအိုရောင်အဆင်း ရှိကာ အနက်ရောင် သင်္ကေတများကို မျက်နှာပြင် အပြည့် ရေးထိုးထားသည်။ ထိုသင်္ကေတများကို စူးစိုက်ကြည့်မည် ဆိုလျှင် အလွန် အမင်း ဖိနှိပ်ချုပ်ခြယ်သော သဘာဝကို ခံစားရကာ စိတ်တစ်ခုလုံး မွမ်းကြပ်လာလိမ့်မည် ဖြစ်သည်။ ထိုကဲ့သို့ ခံစားရသည့်တိုင် ၎င်းတို့၏ အရွယ်အစားက အလွန် သေးငယ်ကာ ဆန်တစ်စေ့စာမျှသာ ရှိပေလိမ့်မည်။
“အကြွင်းမဲ့ အရှင်သခင် မှော်ဆေးအိုးပဲ... အစည်းအရုံး တည်ထောင်သူ ကိုယ်တိုင် အသုံးပြုခဲ့တဲ့ အထွတ်အထိပ် ကြယ်တာရာ မှော်ဆေးအိုးကို ခင်ဗျား သူ့ကို ပေးလိုက်တယ်ပေါ့”
လီချီးက ချင်ကူးယွင်အား လှမ်းကြည့်လိုက်ရင်း မေးလိုက်၏။ ယီယွင်ကလည်း ဘာမှ မပြောသည့်တိုင် ထိုမြေခွေးအိုကြီးကို လှမ်းကြည့်သည်။ မှော်ဆေးအိုး၏ အရည်အသွေးက အဂ္ဂိရတ် သမားတစ်ယောက်၏ ကြွယ်ဝမှုနှင့် အဆက်အသွယ်တို့ကို ကိုယ်စားပြုနိုင်စွမ်း ရှိပေသည်။
အကြွင်းမဲ့ အရှင်သခင် မှော်ဆေးအိုးမှာ အထွတ်အထိပ် အဆင့် ကြယ်တာရာ ရတနာ တစ်ခု ဖြစ်ကာ အဂ္ဂိရတ် အစည်းအရုံး တည်ထောင်သူ ကိုယ်တိုင် အသုံးပြုခဲ့သည်။ အချို့ ပြောစကားများ အရဆိုလျှင် ထိုပုဂ္ဂိုလ်ကြီးမှာ ထာဝရ ဧကရာဇ်၏ သွန်သင်ဆုံးမမှုများကို ဘာသာရေး တစ်ခု သဖွယ် လိုက်နာခဲ့ကာ ဘဝ တစ်ခုလုံးကို အဂ္ဂိရတ် တာအိုတွင် မြှုပ်နှံထားခဲ့သူ ဖြစ်သည်။ ထိုကဲ့သို့ ပုဂ္ဂိုလ်ကြီး ကိုယ်တိုင် အသုံးပြုခဲ့သည့် ရတနာမှာ ကြောက်မက်ဖွယ်ကောင်းအောင် အဖိုးထိုက်တန်လိမ့်မည်ကတော့ ပြောစရာပင် မလိုချေ။
ဝေ့ဝူယင် ပင်လျှင် အကြွင်းမဲ့ အရှင်သခင် မှော်ဆေးအိုးကို ကြည့်ရင်း အနည်းငယ် အံ့အားသင့်သွား၏။ မရှူနိူင် မကယ်နိုင်ဖြင့် ၎င်းအား သုံးလေးကြိမ်ပင် သူ ပြန်လည် ကြည့်လိုက်မိသည်။ မသိစိတ်ထဲမှ နေ၍ ဒြပ်စင်ကိုးမျိုး နေကြတ် မှော်ဆေးအိုးနှင့် ၎င်းကိုပင် ဝေ့ဝူယင် နှိုင်းယှဥ်လိုက်မိ၏။
ဒြပ်စင်ကိုးမျိုး နေကြတ် မှော်ဆေးအိုးမှာ ဆယ်စုနှစ် တစ်ခုလောက် ဆေးဖော်စပ်ရာတွင် သူ အသုံးပြုခဲ့သည့် ရတနာ ဖြစ်သည်။ အပြင်ပန်းအားဖြင့် အကြွင်းမဲ့ အရှင်သခင် မှော်ဆေးအိုးမှာ ပိုမို အထင်ကြီးစရာ ကောင်းသည် ဆိုသော်လည်း ဒြပ်စင်ကိုးမျိုး နေကြတ် မှော်ဆေးအိုးက သူ၏ ဒြပ်စင် မူလ ရည်ရွယ်ချက်နှင့် အတော်လေး ကိုက်ညီသည်။
သို့သော်လည်း ၎င်းမှာ သူ စတင် ပိုင်ဆိုင်ခဲ့စဥ် အချိန်က အဆင့်နိမ့် ကြယ်တာရာ ရတနာ တစ်ခုသာ ဖြစ်သည်။ နှစ်ပေါင်းများစွာ ကြာအောင် အဆင့်ရှစ်၊ အဆင့်ကိုး အဂ္ဂိရတ် ထုတ်ကုန်များကို သန့်စင်ပြီးမှသာ ထိုအတွေ့အကြုံများနှင့် အတူ အဆင့်မြင့် ကြယ်တာရာ ရတနာ တစ်ခု အဖြစ် တက်လှမ်းလာခဲ့ခြင်း ဖြစ်သည်။
ဝေ့ဝူယင်၏ အမြင်အရ ဆေးလုံးများကို ဖော်စပ်ခြင်းမှာ မှော်ဆေးအိုး တစ်ခုအား အဆင့်မြှင့်တင်ရန် သဘာဝ အကျဆုံး နည်းလမ်း ဖြစ်သည်။ ခြားနားစွာပင် အကြွင်းမဲ့ အရှင်သခင် မှော်ဆေးအိုးမှာမူ အထွတ်အထိပ် ကြယ်တာရာ ရတနာ ဖြစ်အောင် အတင်းအကြပ် သန့်စင်ထားသည့် ထုတ်ကုန် တစ်ခုသာ ဖြစ်သည်။ အဆင့် တစ်ဆင့် နိမ့်ကျသည့်တိုင် အဂ္ဂိရတ် စွမ်းအင်နှင့် အငွေ့အသက် အရာတွင် ဒြပ်စင်ကိုးမျိုး နေကြတ် မှော်ဆေးအိုးကပင် ပိုမို သာလွန်သယောင် ဝေ့ဝူယင် ခံစားရသည်။
ဂုဏ်ယူစွာပင် ဝေ့ဝူယင် မှော်ဆေးအိုးကို ဆွဲထုတ်လိုက်၏။ ချက်ချင်းပင် သက်တန့်ရောင် အလင်း တစ်ခု ဖြာထွက်လာကာ ဝေ့ဝူယင်၏ ပတ်လည် ဆယ်မီတာခန့်မှာ ရောင်စုံမြူနှင်းတို့နှင့် ဖုံးအုပ်သွား၏။ ထိုမြင်ကွင်းက အလွန် လှပလွန်းလေရာ လူများမှာ ဘာမှကိုမှပင် အာရုံမစိုက်နိုင်တော့ချေ။
“ဒါက...”
ချင်ကူးယွင်၏ ပါးစပ်မှာ ပွင့်ဟသွား၏။ လီချီး၏ မျက်လုံးများကတော့ အပြင်သို့ ထွက်မတတ်ပင် ပြူးကျယ်သွားသည်။ မုတ်ဆိတ်များကို ပွတ်သပ်နေသည့် ယီယွင် တစ်ယောက်ကတော့ သူ့ အမွေးများကိုပင် ယောင်ယမ်းကာ ဆွဲနှုတ်လိုက်မိ၏။
“သန့်စင်လိုက်တဲ့ အဂ္ဂိရတ် မြူတွေ...”
ထိုအဂ္ဂိရတ် အင်ပါယာ သုံးယောက်မှာ အဆုံးမဲ့ ထိတ်လန့်မှုတို့ ပြည့်နှက်နေသည့် အသံများဖြင့် တစ်ပြိုင်နက်တည်း လိုလိုပင် အော်ဟစ်လိုက်မိကြသည်။
“ဘာလဲ...”
လူများမှာ သိပ်နားမလည်ကြသည့်တိုင် သူတို့ သုံးယောက်၏ အမူအရာများကို အကဲခတ် လိုက်မိကြ၏။ သူတို့ မျက်မှောင်ကြုတ်ရင်း ဝေ့ဝူယင်ကို ဝန်းရံနေသည့် လှပသော မြူများအား နောက်တစ်ဖန် ပြန်ကြည့်လိုက်မိကြသည်။ အဂ္ဂိရတ် အင်ပါယာများပင် သွေးလေခြောက်ခြားစွာ တုန့်ပြန်ရလောက်အောင် ၎င်းတို့က မည်ကဲ့သို့ ထူးဆန်းနေသနည်း။
“သန့်စင်လွန်းတယ်... အရမ်းကို သန့်စင်လွန်းတယ်... ငါပဲ အမြင်မှားနေတာလား...”
ယီယွမ်က မယုံကြည်နိုင်စွာဖြင့် ရေရွတ်လိုက်၏။ အဂ္ဂိရတ် တာအိုတွင် မိမိ အသုံးပြုသည့် ကြယ်တာရာ ရတနာ အတွက် အသန့်စင်ဆုံး အဂ္ဂိရတ်မြူများ စုဆောင်းရန်မှာ အခက်ခဲဆုံးသော အလုပ်လည်း ဖြစ်သည်။ ပုံမှန်အားဖြင့် အသန့်စင်ဆုံး အဂ္ဂိရတ်မြူ တစ်မီတာခန့် ရရှိရန် အတွက် အဆင့် ခုနစ်နှင့် အထက် အဂ္ဂိရတ် ထုတ်ကုန်ပေါင်း တစ်သောင်းကို ဆက်တိုင် အောင်မြင်စွာ သန့်စင်ပြီးဖို့ လိုသည်။
“ခုက ဆယ်မီတာလောက်တောင် ရှိတယ် ဆိုတော့...”
အကြိမ်တစ်သိန်း ဆက်တိုက်အောင်မြင်မှု၊ အဆင့်ခုနစ်နှင့် အထက် အဂ္ဂိရတ် ထုတ်ကုန်များကို အကြိမ် တစ်သိန်း ဆက်တိုက် အောင်မြင်မှု...
“မဟုတ်မှ လွဲရော... အဲဒါက ထာဝရ ဧကရာဇ် ကိုယ်တိုင် အသုံးပြုခဲ့တဲ့ မှော်ဆေးအိုးများလား...”
လီချီးမှာ မရှူနိုင် မကယ်နိုင် မေးလိုက်မိ၏။ ဝေ့ဝူယင်မှာ ထိုတုန့်ပြန်မှုများကို မျှော်လင့်ထားပြီး ဖြစ်ရာ အထူးအလှယ် ခံစားရခြင်းမျိုး မရှိပါချေ။ ထို့အပြင်... ပြန်လည် ဖြေရှင်းချင်စိတ်လည်း သူ့တွင် မရှိချေ။
ဒြပ်စင်ကိုးမျိုး နေကြတ် မှော်ဆေးအိုးမှာ သူ ကောင်းကင်နိုဘယ် တစ်ယောက် ဖြစ်လာပြီး နောက်တွင် လက်ဆောင်ရခဲ့သည့် ရတနာ တစ်ခု ဖြစ်သည်။ ၎င်းအား သူ ကိုယ်တိုင် အလွန် သဘောကျကာ ဆေးဖော်စပ်တိုင်း အသုံးပြုခဲ့သည်။ ဘယ်နှစ်ကြိမ် ဖော်စပ်အောင်မြင်ခဲ့ကြောင်း သေချာ မပြောတတ်သော်လည်း ဆယ်စုနှစ် တစ်ခုလောက် ကြာပြီးနောက်တွင်တော့ ၎င်း၏ အဂ္ဂိရတ်မြူများမှာ ဆယ်မီတာလောက် အထိ ရောက်ရှိခဲ့သည်။
ထိုအချိန် စင်မြင့်ထက်၌ ချင်ကူးယင် တစ်ယောက်မှာ ဝေ့ဝူယင်၏ ပတ်လည်ရှိ ရောင်စုံမြူနှင်းများကို ငေးကြည့်မိနေဆဲ ဖြစ်သည်။ သူမ၏ စိတ်ထဲတွင် မေးခွန်း ထောင်ပေါင်းများစွာ ပေါ်နေသော်လည်း လက်တွေ့တွင်တော့ ဆွံ့အနေခဲ့သည်။
“ဝေ့ဝူယင်က အဲဒီ အဂ္ဂိရတ် မြူတွေ ပေါ်လာအောင် ကိုယ်တိုင် လုပ်ခဲ့တာလား... ဟင့်အင်း မဖြစ်နိုင်ပါဘူး...”
သူမက ခေါင်းကို ခါလိုက်မိ၏။
“အဲဒီ ဆေးအိုးရဲ့ ပထမ ပိုင်ရှင်က အနန္တ ဧကရာဇ်ဂိုဏ်းရဲ့ သမိုင်းမှာ အကြီးကျယ်ဆုံး အဂ္ဂိရတ် ပညာရှင်ကြီးပဲ ဖြစ်ရမယ်... ဟုတ်တယ်... ဘာဖြစ်ဖြစ်... သူ့လှည့်ကွက်ထဲ ငါ ကျသွားလို့ မဖြစ်ဘူး”
ဆယ်စုနှစ် တစ်ခု အပြည့်ခင် အချိန် အတွင်း ဝေ့ဝူယင် ၎င်းတို့ကို စုစည်း ပြီးမြောက်ခဲ့ခြင်း ဖြစ်ကြောင်းကိုသာ သိရှိပါက သူမ စိတ်လွတ်ကာ ရူးသွပ်၍ပင် သွားနိုင်လောက်သည်။
မည်သို့ပင် ဆိုစေ အဂ္ဂိရတ် တိုက်ပွဲမှာ စတင်ခဲ့ပြီ ဖြစ်သည်။ ရတနာများ၏ ပုံပန်းသွင်ပြင်တွင် နစ်မြုပ်နေ၍ မဖြစ်ချေ။ လုပ်စရာရှိသည်များကို လုပ်ရတော့မည် ဖြစ်သည်။
အဂ္ဂိရတ် တာအိုတွင် အပိုင်းခုနစ်ပိုင်း ပါဝင်နေသည်။ ၎င်းတို့မှာ ထုတ်ယူမှု၊ ကြီးထွားမှု၊ ချုပ်ကိုင်မှု၊ သန့်စင်မှု၊ ဖန်တီးမှု၊ အသွင်ပြောင်းမှုနှင့် ပေါင်းစပ်မှုတို့ပင် ဖြစ်သည်။ ထိုအပိုင်း တစ်ခုချင်းစီတွင် မရေမတွက်နိုင်သော အဆင့်များလည်း ထပ်မံ ပါဝင်နေသည်။
ဆေးလုံးဖြစ်စေ၊ ဆေးပြားဖြစ်စေ၊ ဆေးရည်ဖြစ်စေ... အဆင့်တစ်မှ အဆင့်ကိုး အထိ အဂ္ဂိရတ် ထုတ်ကုန်တိုင်းမှာ ထိုအပိုင်း ခုနစ်ခုကို ဖြတ်ကျော် ကြရသည်။
စက္ကန့်အနည်းငယ် အတွင်းမှာပင် ပြိုင်ပွဲတင် နှစ်ဖက်စလုံးမှာ အသင့်အနေအထားသို့ ရောက်ရှိခဲ့ကြပြီး ဖြစ်သည်။ သူတို့က တိတ်ဆိတ် ငြိမ်သက်စွာပင် လောကအလင်းဆေး ဖော်စပ်ရာတွင် လိုအပ်သည့် ရင်းမြစ်နှင့် အဆင့်များကို ခွဲခြမ်းစိတ်ဖြာနေ၏။ လှုပ်ရှားမှု တစ်စုံတစ်ရာ မပြုလုပ်ကြသေးချေ။
ဝေ့ဝူယင်မှာ လောကအလင်းဆေးနှင့် အတော်လေး ရင်းနှီးကျွမ်းဝင်ကာ အကြိမ်ပေါင်းများစွာပင် ဖော်စပ်ခဲ့ဖူးသည်။ ထို့ကြောင့်ပင် ဆေးဖော်စပ်သည့် နည်းလမ်းကို အထူးအလှယ် ပြန်လည် လေ့လာရန် မလိုအပ်ချေ။ သူ ကြည့်ရှုရန် လိုအပ်သမျှက သိုလှောင်လက်စွပ် အတွင်းရှိ ရင်းမြစ်များ အကောင်းဆုံးတွင် အရည်အသွေးတွင် ရှိနေကြောင်း၊ မနေကြောင်းကိုပင်။
အားလုံး ပြီးပြည့်စုံကြောင်း သေချာသွားသော အခါတွင်မှ သူက မေးစေ့ကို လက်ဖြင့် ပွတ်သပ်လိုက်၏။ ဤသည်က ဆေးမဖော်စက်ခင် သူ အမြဲလိုလို ပြုလုပ်လေ့ ရှိသည့် စိတ်ပိုင်းဆိုင်ရာ ကုထုံးတစ်ခုပင် ဖြစ်သည်။ အဂ္ဂိရတ် တာအိုမှာ အလွန် ကျယ်ပြန့်ကာ ခက်ခဲလှသည်။ ကြီးစွာသော အားထုတ်မှုနှင့် အာရုံ စူးစိုက်မှုတို့ကို လိုအပ်သည်။ ထုတ်ယူမှု၊ ကြီးထွားမှု၊ ချုပ်ကိုင်မှု၊ သန့်စင်မှု၊ ဖန်တီးမှု၊ အသွင်ပြောင်းမှုနှင့် ပေါင်းစပ်မှု ဟူသော အဆင့်ခုနစ်ဆင့်တွင် အနည်းငယ်လေး လွဲချော်ရုံဖြင့်ပင် မိမိ အားစိုက်ထုတ်ကာ ကြိုးပမ်းထားသမျှက အချည်းနှီး ဖြစ်သွားနိုင်ပေသည်။
မိနစ် အနည်းငယ် တိတ်ဆိတ်ပြီးနောက်တွင် ဝေ့ဝူယင်မှာ အထမဆုံး စတင် လှုပ်ရှားလာလေ၏။
***