← Chapters

အဂ္ဂိရတ် တိုက်ပွဲ (၃)

Vol. 24 Ch. 336

အဂ္ဂိရတ် တိုက်ပွဲ (၃)

Vol. 24 Ch. 336

“အာဏာရှင် ဧကရာဇ်ဝေ့ကတော့ စပြီး လှုပ်ရှားလာပြီ...  ဒီလောက် မြန်တာ ကြုံတောင့်ကြုံခဲပဲ... သူက ဘာတွေကို အသုံးပြုမယ် ဆိုတာ ကြိုတင် ဆုံးဖြတ်ထားပြီးပြီလား... ဒါမှမဟုတ် အဆင်ပြေသလို ပုံစံမျိုးနဲ့ ဖော်စပ်မှာလား”

ယီယွင်က ဝေ့ဝူယင်ကို ကြည့်ရင်း စိတ်ဝင်စားဟန်နှင့် ရေရွတ်လိုက်သည်။

“အဲဒီလို လုပ်လို့ရလို့လား...”

နတ်ဆိုးတောင်တန်းသခင် ကောင်းကျိက မျက်မှောင်ကြုတ်ရင်း မေးလိုက်သည်။ သူကား ကြမ်းကြမ်းတမ်းတမ်း နတ်ဆိုးကြီး တစ်ယောက် ဖြစ်ရာ အသေးစိတ် အနုပညာဆန်သော အဂ္ဂိရတ် ပညာရပ် အကြောင်း သိပ်နားလည်သူ မဟုတ်ချေ။

လီချီးက စိတ်ရှည်စွာပင် ဝင်ရောက် ရှင်းပြလိုက်၏။

“ဆေးဖော်စပ်တဲ့ အခါမှာ အဂ္ဂိရတ် သမားတွေ အသုံးပြုကြတဲ့ အဓိက လုပ်ငန်းစဥ် နှစ်ခု ရှိတယ်... ကြိုတင် ဆုံးဖြတ် ပြင်ဆင်ထားတဲ့ ဖြစ်စဥ်နဲ့ အဆင်ပြေသလို ဖော်စပ်ကြတဲ့ ဖြစ်စဥ်တို့ပေါ့... ကြိုတင် ဆုံးဖြတ် ပြင်ဆင်ထားတဲ့ ဖြစ်စဥ်ဆိုတာက ထုတ်ယူမှု၊ ကြီးထွားမှု၊ ချုပ်ကိုင်မှု၊ သန့်စင်မှု၊ ဖန်တီးမှု၊ အသွင်ပြောင်းမှုနဲ့ ပေါင်းစပ်မှုဆိုတဲ့ အဆင့် ခုနစ်ခုကို တစ်ခုပြီးမှ တစ်ခု... သွေဖည်မှု မရှိအောင် အစဥ်လိုက် လိုက်နာ ဆောင်ရွက်တဲ့ ပုံစံမျိုးပေါ့”

“အဆင်ပြေသလို ဖော်စပ်တာကတော့ ပထမဆုံး နည်းလမ်းတစ်ခုကို ရွေးလိုက်တယ်... ပြီးတော့ သင့်တော်တဲ့ အဆင့် တစ်ခုကို ရွေးလိုက်တယ်... အဲဒီနောက် ထုံးတမ်းစဥ်လာတွေကို သိပ် ဂရုမစိုက်ပဲ လွတ်လွတ်လပ်လပ် စိတ်ထင်သလို ဖော်စပ်တာမျိုးကို ပြောတာ”

ယီယွင်က ခေါင်းတစ်ချက် ညိတ်ကာ ဖြည့်စွက်လိုက်၏။

“အဲဒီ လုပ်ငန်းစဥ် နှစ်ခုစလုံးမှာ ကိုယ်ပိုင် အားနည်းချက်နဲ့ အားသာချက်တွေ ရှိတယ်... ဒါပေမဲ့ အဂ္ဂိရတ် ပညာရှင် အများစုက ကြိုတင် ပြင်ဆင် ဆုံးဖြတ်တဲ့ လမ်းစဥ်ကိုပဲ အသုံးများတယ်... အဲဒီ နည်းလမ်းက ပိုတည်ငြိမ်ပြီး အာရုံစူးစိုက်မှုလည်း သိပ်မလိုဘူး... နောက်ပြီး အောင်မြင်နှုန်းလည်း ပိုမြင့်မားတယ်”

“ဒါပေမဲ့ ကျွမ်းကျင်တဲ့ အဆင့်မြင့် အဂ္ဂိရတ် ပညာရှင်ကြီးတွေကတော့ အဆင်ပြေသလို ဖော်စပ်တဲ့ နည်းကိုပဲ ရွေးကြတယ်... ဘာလိုဆို ဒီနည်းလမ်းနဲ့  ဖော်စပ်တာက ဆေးလုံးရဲ့ အရည်အသွေးကို တသမတ်တည်း ရှိမနေစေတောပဲ ပြောင်းလဲသွားစေနိုင်တယ်လေ... ဥပမာ ဆေးညွှန်းက အဆင့်နိမ့် အဆင့်မှာ ရှိနေရင်တောင် အဆင်ပြေသလို ဖော်စပ်ပြီး အဆင့်မြင့်တို့၊ အထွတ်အထိပ် အဆင့်တို့ထိ ခုန်တက်သွားတာမျိုးတွေတောင် ရှိဖူးတယ်”

သူတို့ နှစ်ယောက်၏ ရှင်းပြမှုက အဂ္ဂိရတ် အကြောင်း နားမလည်သူများကိုပင် ကွက်ကွက်ကွင်ကွင်း မြင်သွားစေခဲ့သည်။

“ယင်အာက ကြိုတင်ပြင်ဆင် ဆုံးဖြတ်ထားတဲ့ လုပ်ငန်းစဥ် အတိုင်းပဲ သွားလိမ့်မယ်... ဝေ့ဝူယင်ကရော...”

ချင်ကူးယွင်က စင်မြင့်ထက်ရှိ ချင်ကူးယင်နှင့် ဝေ့ဝူယင်တို့ကို လှမ်းကြည့်လိုက်၏။  သူ့မျက်လုံးများက စိတ်ဝင်စားမှုများဖြင့် ပြည့်နှက်နေသည်။

ချင်ကူးယင်နှင့် ခြားနားစွာပင် ဝေ့ဝူယင်မှာ ဘယ်တုန်းကမှ ကြိုတင် ဆုံးဖြတ်တတ်သည့် အဂ္ဂိရတ် သမား တစ်ယောက် မဟုတ်ချေ။ သူက စည်းမျဥ်းစည်းကမ်းများကို သိပ် အလေးမထားပဲ အမြဲတမ်းတမ်းလိုလို စိတ်ထင်တိုင်း လုပ်တတ်သူ ဖြစ်သည်။ ထို့ကြောင့်ပင် အဂ္ဂိရတ် ထုတ်ကုန်တစ်ခုကို ပထမဆုံး အကြိမ် ကြိုးစားချိန်တိုင်း အောင်မြင်သည်ဟူ၍ သိပ်မရှိခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ကျရှုံးမှု တစ်ခုချင်းစီတိုင်းတွင် သူ့အတွေ့အကြုံနှင့် ကျွမ်းကျင်မှုတို့မှာမူ ဆထက်ထမ်းပိုး တိုးတက်လာခဲ့ပေသည်။

ဝေ့ဝူယင်၏ ရှေ့တွင် အဓိက ပါဝင် ပစ္စည်းလေးမျိုးနှင့် သာမည ပါဝင် ပစ္စည်း ဆယ့်ခုနစ်မျိုး ရှိနေခဲ့၏။ သို့သော်လည်း သာမည ပါဝင်ပစ္စည်းများမှာ သိပ်အရေးမကြီးလှပဲ အဓိက ပါဝင် ပစ္စည်းများ၏ အာနိသင်နှင့် စွမ်းရည်ကို မြှင့်တင်ရန် အတွက်သာ အသုံးပြုကြခြင်း ဖြစ်သည်။

ပထမဆုံး အဓိက ပါဝင် ပစ္စည်းမှာ အလင်း ကြယ်တာရာ ကျောက်တုံး ဖြစ်သည်။  ထိုကြယ်တာရာ ကျောက်တုံးမှာ သာမန် ကျောက်တုံးများနှင့် နှိုင်းယှဥ်လျှင် လုံးဝ ကွဲပြားကာ ပုံမှန် စံချိန်စံနှုန်းများထက် များစွာ ပိုမို ကြီးမားသည်။ အရွယ်အစားချင်း နှိုင်းယှဥ်ရပါလျှင် ၎င်းမှာ ကြယ်တာရာ ကျောက်တုံး ဆယ်တုံး ပေါင်းစပ်ထားသလောက်ပင် ရှိပေသည်။

အလင်း ကြယ်တာရာ ကျောက်တုံးကို ဆေးညွှန်း အမြုတေ ဟုပင် ဆိုနိုင်ကာ လောကအလင်း ဆေးရည် ဖော်စပ်ရာတွင် လိုအပ်သည့် အလင်း အမတေများ ပါဝင်နေသည်။ အခြား အဓိက ပါဝင် ပစ္စည်း သုံးမျိုးမှာ အလင်းယိုင်မြက်၊ ကျောက်စိမ်းနို့ရည်နှင့် လောကပုလဲတို့ပင် ဖြစ်၏။

အလင်းယိုင်မြက်မှာ နေမှ လာသည့် အလင်းများကို စုပ်ယူ တုန့်ပြန်နိုင်သည့် ပြိုင်ဘက်ကင်း အရည်အသွေးများကို ပိုင်ဆိုင်ထားကာ ကျောက်စိမ်းနို့ရည်မှာမူ သဘာဝ အတိုင်း ဖွဲ့စည်းထားသည့် ဝိညာဥ် စွမ်းအားများကို သိုလှောင်ထား၏။ လောကပုလဲထဲတွင်မူ ထူးခြားသော မန်နာများ ပါဝင်နေသည်။

ထိုတစ်ခုချင်းစီမှာ နောက်ဆုံး ထုတ်ကုန် ပေါ်ထွက်လာရန် အတွက် လိုအပ်သော အရည်အသွေးနှင့် အာနိသင် ကိုယ်စီကို ပိုင်ဆိုင်ထားသည်။

ဝေ့ဝူယင်မှာ ချင်ကူးယင်အား အကဲခတ်ခြင်းဖြင့် အချိန်ဖြုန်းရန် စိတ်မဝင်စားတော့ချေ။ သူက အတွေးတစ်ချက်ဖြင့်ပင် ဧဒင်နှင့် ဆက်သွယ်လိုက်၏။ ဧဒင်က ဖြည်းညင်းစွာပင် လှုပ်ရှားလာကာ အဆင်သင့် ဖြစ်ပြီး ဖြစ်ကြောင်း ပြန်လည် အချက်ပြသည်။

ဝှစ်...

မူလဒြပ်စင် ရည်ရွယ်ချက်ကို အသုံးပြုရင်း မီးတောက်တစ်ခုကို ထုတ်ဖော်လိုက်၏။ ထို့နောက် မီးစွမ်းအင်များကို ဒြပ်စင်ကိုးမျိုး နေကြတ် မှော်ဆေးအိုးထံ ဝန်းရံလိုက်သည်။ စက္ကန့်ဝက်မျှ အတွင်းမှာပင် ဝေ့ဝူယင်၏ ပတ်လည် နေရာ တစ်ခုလုံးမှာ မီးမုန်တိုင်း အသွင် ပြောင်းလဲသွားကာ မှော်ဆေးအိုး အတွင်း စုပြုံ ဝင်ရောက် နေကြတော့၏။

ထို့နောက်... အတွင်းအား၊ အပြင်အား နှစ်ခုစလုံး၏ အကူအညီနှင့် အတူ သူ ပါဝင် ပစ္စည်းများကို တစ်ခုပြီး တစ်ခု မှော်ဆေးအိုး အတွင်း ပစ်ထည့်လိုက်တော့သည်။

ပထမဆုံး တစ်ခုမှာ အလင်း ကြယ်တာရာ ကျောက်တုံးပင် ဖြစ်သည်။ ၎င်းအား ဆေးအိုး အတွင်း ထည့်သွင်းပြီးသည်နှင့် ချက်ချင်းပင် ဝေ့ဝူယင် အဂ္ဂိရတ် အင်အားကို အသုံးပြုကာ မီးစွမ်းအင်များ၏ အကူအညီနှင့် အတူ ကျောက်တုံးကို ချေမှုန်းရန် ကြိုးစားတော့၏။ ပထမ၌ ကျောက်တုံးမှာ တုတ်တုတ်မျှ မလှုပ်သည့်တိုင် ဝေ့ဝူယင် စိတ်မပူပါချေ။

“အမှုန့်ကြေစမ်း...”

သူက အဂ္ဂိရတ် အင်အားများကို ထပ်မံ ဖိထည့်ရင်း ကျောက်တုံးအား ဖိအားပေး၏။ ကြာကြာ မစောင့်လိုက်ရခင်မှာပင် ကျောက်တုံးမှာ ဖျပ်ခနဲ ကွဲအက်သွားကာ အစိတ်အပိုင်းများမှာ ပြာမှုန် အဖြစ် လွင့်ပျံသွားလေသည်။

ခေါင်းတစ်ချက် ညိတ်လိုက်ရင်း မီးစွမ်းအင်များကို ဝေ့ဝူယင် ပြန်လည် ရုတ်သိမ်းလိုက်၏။ တောက်ပသော ကြယ်အလင်းစက် အချို့မှ လွဲ၍ ထိုနေရာတွင် ဘာမှ ကျန်မနေတော့ချေ။

မဆိုင်းမတွပင် အလင်းယိုင်မြက်မှာလည်း တူညီသော ကံကြမ္မာနှင့် ကြုံတွေ့လိုက်ရပြန်သည်။  ၎င်းသည် ချက်ချင်းပင် သဲတစ်စ အရွယ်အစားရှိသည့် ဖန်သားစများ ဖြစ်သည် အထိ လောင်ကြွမ်းခံလိုက်ရ၏။ ဤသို့နှင့် မကြာခင်မှာပင်... ပါဝင် ပစ္စည်းတစ်ခုချင်းစီတိုင်းမှာ ဆေးအိုးတစ်ခုလုံး ပြည့်လာသည် အထိ ခြေဖျက် ခံလိုက်ရတော့သည်။

နောက်ထပ် အဆင့်က ကြီးထွားခြင်း အဆင့် ဖြစ်သည်။ ထုတ်ကုန်များ၏ အရည်အသွေးမှာ တစ်ခါတစ်ရံ၌ နိမ့်ကျနေကာ တစ်ခါတစ်ရံ၌ မြင့်မားလွန်း နေတတ်သည်။ ပြီးပြည့်စုံသော အဂ္ဂိရတ် ထုတ်ကုန် တစ်ခု ထွက်ပေါ် လာစေရန် အတွက် သင့်တင့်မျှတသော ပမာဏ အတိုင်းအတာ လိုအပ်သည်။ နည်းနည်းလေးပင် အတိမ်းအစောင်းခံ၍ မဖြစ်ချေ။

အရှင်းလင်းဆုံး အဓိပ္ပာယ် ဖွင့်ရလျှင် ကြီးထွားခြင်း အဆင့်မှာ အရည်အသွေး ညှိခြင်း အဆင့်ပင် ဖြစ်ပေသည်။

ဟူး... ဟူး...

ဝေ့ဝူယင် ကောင်းကင်ဘုံ နတ်မျက်လုံးကို အသုံးပြုရင်း ပစ္စည်းတစ်ခုချင်းစီကို လေ့လာလိုက်၏။ ထို့နောက် ဝိညာဥ်အာရုံကို အသုံးပြုရင်း အပူလှိုင်း ကြီးထွားခြင်း နည်းလမ်းကို အသုံးပြုကာ ပစ္စည်းများ၏ အရည်အသွေးကို စတင် ညှိလိုက်သည်။ ဧဒင်၏ အဂ္ဂိရတ် အင်အား အကူအညီနှင့် အတူ အပိုအလို မရှိ ကွက်တိ။

ထို့နောက်... ချုပ်ကိုင်မှု အဆင့်၊ သန့်စင်မှု အဆင့်...

ဥယျာဥ်ထဲ လမ်းလျှောက်သလို ဆေးဖော်စပ်ခြင်း လုပ်ငန်းစဥ်ကို ပေါ့ပေါ့ပါးပါး ဆောင်ရွက်နေသည့် ဝေ့ဝူယင်ကို ကြည့်ရင်း အဂ္ဂိရတ် အင်ပါယာများမှာ မျက်လုံးများပင် တဖြည်းဖြည်း ပြူးကျယ်လာခဲ့လေတော့၏။

“သူက ဘာလို့ ဒီလောက်တောင် မြန်ရတာလဲ...”

ချင်ကူးယွင်မှာ စိတ်တစ်ခုလုံး လွတ်ခါနီးပင် ဖြစ်နေခဲ့ပြီ ဖြစ်သည်။ သူ၏ တည်ငြိမ်မှု၊ ယုံကြည်မှု... အရာအားလုံးမှာ မုန်တိုင်းတစ်ခု ဝင်မွှေခံရသလို ပျက်စီးသွားခဲ့ပြီ ဖြစ်၏။ ဝေ့ဝူယင်မှာ အမှန်တကယ် ကြောက်စရာ ကောင်းလွန်းလှသည်။

လေးမိနစ်...

ပြိုင်ပွဲစတင်သည်မှာ လေးမိနစ်မျှသာ ကြာမြင့်သေးသည်။ သို့တိုင်အောင် ဝေ့ဝူယင်မှာ အဆင့်ခုနစ်ဆင့်တွင် အခက်ခဲဆုံးအဆင့် တစ်ဆင့် အဖြစ် ကျော်ကြားသည့် သန့်စင်ခြင်း အဆင့်ကိုပင် အောင်မြင်ခဲ့ပြီး ဖြစ်သည်။

“ဘုရားရေ... သူက ဖန်တီးခြင်း အဆင့်ကိုတောင် စနေပြီဟ”

လီချီးမှာ ကိုယ့်မျက်လုံးကို မယုံကြည်နိုင်စွာဖြင့် ထ‌အော်မိလိုက်တော့၏။

***

All Chapters