အနာဂတ်ယောက္ခမလောင်းကို ရှာဖွေတွေ့ရှိခြင်း
Vol. 6 Ch. 78
ဝေါ...ဝေါ...။
တောင်ပေါ်မှ ရေများမှာ တသွင်သွင်စီးကျနေပြီး ထိုမြစ်ငယ်လေးအတွက် ရေချိုအရင်းအမြစ်ကို အဆက်မပြတ် ပံ့ပိုးပေးနေ၏။
ရေချိုမြစ်မှာ အခြေခံအားဖြင့် ပုံဖော်ပြီးစီးသွားပြီဖြစ်ရာ ရေချိုသယံဇာတများ မကြာမီ ပြည့်လျှံလာတော့မည်ဟု ခန့်မှန်းရပေသည်။
ရှောင်းယီက ကျေနပ်စွာ ခေါင်းငြိမ့်လိုက်သည်။
မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် တောအုပ်မှာ ပိုမိုစိမ်းလန်းစိုပြည်လာသော်လည်း တောထဲတွင် လမ်းမဖောက်ရသေးသည့်အတွက် ရှောင်းယီက ဇွတ်အတင်း မဝင်ရောက်သေးပေ။
တိုက်ခန်းသို့ ပြန်ရောက်သောအခါ ရှောင်းယီသည် လူတိုင်းအတွက် နံနက်စာအဖြစ် နွားနို့၊ ကြက်ဥ၊ ပြောင်းဖူးနှင့် ပန်းသီးတစ်ခြမ်းစီ ပြင်ဆင်ပေးလိုက်သည်။
နောင်လာမည့် အခြေအနေများသည် သူတစ်ဦးတည်း ကိုင်တွယ်နိုင်သည့်အရာ မဟုတ်သောကြောင့် သူ့အဖော်များ၏ ရုပ်ခန္ဓာများသည်လည်း တိုးတက်ရန် လိုအပ်ပေသည်။
ဆုဝမ်နှင့် ကျန်လူများသည် အားနာမနေတော့ဘဲ နံနက်စာကို အမြန်စားသောက်ပြီးနောက် ကျွန်းပတ်လည်တွင် မျောပါနေသော ရိက္ခာသေတ္တာများကို စောင့်ကြည့်ရန် ထွက်သွားကြတော့သည်။
ဤရာသီဥတုက ဘယ်လောက်ကြာဦးမလဲ မသိနိုင်ရာ အချိန်မီ ဆယ်ယူနိုင်ရန် ကြိုးစားရမည်ဖြစ်သည်။
ပင်လယ်ရေကလည်း သူတို့ကျွန်းများကို တိုက်စားနေဆဲပင်။
အမှန်စင်စစ် ၎င်းတို့ သုံးဦးသာမက အခြားသော အသက်ရှင်ကျန်ရစ်သူများ အားလုံးသည်လည်း စက္ကန့်မလပ် အချိန်လုနေကြရ၏။ အထူးသဖြင့် ထိုအပတ်အတွင်း ရိတ်သိမ်းမှု မရှိသလောက် နည်းပါးသူများမှာ ပို၍ဆိုးသေးသည်။
ကျွန်းအကျယ်အဝန်း သုံးစတုရန်းမီတာသာ ကျန်တော့သည့် အသက်ရှင်ကျန်ရစ်သူများမှာ ပို၍ပင် စိုးရိမ်ပူပန်နေကြသည်။
သူတို့သည် ပထမပတ်တွင် အုတ်မြစ်ကျောက်၏ တန်ဖိုးကို မသိဘဲ ရေနှင့် အစားအသောက် ရရှိရန် အကုန်လုံး လဲလှယ်ပစ်ခဲ့ကြသည်လေ။
ပထမပတ်ကုန်မှ အုတ်မြစ်ကျောက်၏ အရေးပါပုံကို သဘောပေါက်လာကြသော်လည်း ပူပြင်းသည့် ရာသီဥတု ရောက်လာသည့်အခါ အုတ်မြစ်ကျောက် ရရှိနိုင်ခြေက လျော့နည်းသွားခဲ့သည်။
အကယ်၍ ယနေ့သာ အုတ်မြစ်ကျောက် ထပ်မရပါက သူတို့ကျွန်းသည် နှစ်စတုရန်းမီတာသာ ကျန်ရှိတော့မည်ဖြစ်သည်။
ကျွန်းအလယ်ရှိ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကလည်း နေရာယူထားသေးသည်ဖြစ်ရာ သူတို့ လှဲအိပ်ရန်ပင် နေရာရှိတော့မည်မဟုတ်ချေ။ အကယ်၍ လှဲအိပ်မိလျှင်ပင် ဟိုဘက်ဒီဘက် လှည့်လိုက်သည်နှင့် ပင်လယ်ထဲသို့ ပြုတ်ကျသွားနိုင်ခြေ ရှိသည်။
မှန်ပါသည်။ ဤပြဿနာများသည် ရှောင်းယီအတွက်တော့ ပြဿနာမဟုတ်ပေ။
ပြီးခဲ့သည့်အပတ်က ပူပြင်းခဲ့သော်လည်း ဆယ်ယူသင့်သည့် ရိက္ခာသေတ္တာ တစ်ခုမှ မလွတ်ခဲ့ချေ။
သူ၏ကျွန်း ဧရိယာမှာ ယခုအခါ ၂၃၇၆ စတုရန်းမီတာအထိ ရှိနေပြီဖြစ်သဖြင့် ပင်လယ်ရေ တိုက်စားမှုအတွက်လည်း စိုးရိမ်စရာ လုံးဝမလိုတော့ချေ။
ကျွန်းပေါ်တွင် အိမ်များ၊ စိုက်ခင်းများ၊ တောအုပ်များသာမက တောင်နှင့် မြစ်များပါ ရှိနေပြီဖြစ်ရာ ယခင်ကမ္ဘာက ကျွန်းများနှင့် မခြားနားတော့ပေ။
လူတိုင်း အလုပ်ရှုပ်နေကြစဉ်တွင် ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ ပြန်သွားပြီး အန်းရန်အား ရှာဖွေသည့် မက်ဆေ့ဂျ်ကို ထပ်မံပေးပို့လိုက်လေသည်။
လူတိုင်း ရိက္ခာသေတ္တာ ဆယ်ယူရန် အလုပ်ရှုပ်နေကြသဖြင့် အများသုံးချန်နယ်တွင် မည်သူမျှ စကားမပြောကြချေ။
ဤတစ်ကြိမ်တွင်မူ ရှောင်းယီ၏ မက်ဆေ့ဂျ်သည် အခြားမက်ဆေ့ဂျ်များဖြင့် ဖုံးကွယ်မသွားမီ တစ်မိနစ်ခန့် ကြာအောင် မြင်နေခဲ့ရ၏။
“တီ... လူစိမ်းတစ်ယောက်က သီးသန့်စကားပြောရန် တောင်းဆိုနေပါသည်။”
ရှောင်းယီ ချက်ချင်းပင် သီးသန့်ချန်နယ်သို့ ပြောင်းလိုက်သည်။
“မင်းက ဘယ်သူလဲ။ အန်းရန်ကို ဘာလို့ ရှာနေတာလဲ။”
တစ်ဖက်လူက မေးလာ၏။ အိုင်ဒီ ဖုံးထားသည့် ထိုသူကို ရှောင်းယီက ပြန်ဖြေလိုက်သည်။
“ခင်ဗျားကရော ဘယ်သူလဲ။ ကျုပ် အန်းရန်ကို ရှာတာ ခင်ဗျားနဲ့ ဘာဆိုင်လို့လဲ။”
“အန်းရန်က ငါ့သမီးပဲ။ ငါနဲ့ဆိုင်တယ်လို့ မင်းမထင်ဘူးလား။”
တစ်ဖက်လူက ပြန်ပက်လာခဲ့သည်။ ထိုစာကိုမြင်သောအခါ ရှောင်းယီ၏ လက်များပင် တုန်ယင်သွားပြီး ကိုင်ထားသည့် နွားနို့ခွက်ပင် ဖိတ်ကျလုနီးပါး ဖြစ်သွားခဲ့သည်။
“ယောက္ခထီးကြီးလား”
ရှောင်းယီ စိတ်ထဲတွင် တွေးလိုက်မိသော်လည်း ချက်ချင်းပင် သံသယဝင်ကာ ပြန်မေးလိုက်သည်။
“အန်းရန်က ခင်ဗျားသမီးဆိုရင် သူမ အကြိုက်ဆုံး အသီးက ဘာလဲဆိုတာ ခင်ဗျား သိလား။”
“လိမ္မော်သီး။”
တစ်ဖက်လူက တုံ့ဆိုင်းခြင်းမရှိဘဲ ဖြေလိုက်သည်။
“အန်းရန်ရဲ့ ဘယ်ဘက်လက်ကောက်ဝတ်မှာ အမာရွတ်တစ်ခုရှိတယ်။ သူမ ငါးနှစ်သမီးတုန်းက လဲကျပြီး ဖန်ကွဲစရှလို့ ဖြစ်ခဲ့တာပဲ။ ငါတို့က ထျန်းဟန်မြို့၊ အန်းလုံခရိုင်ကပဲ။ တခြား မေးစရာ ရှိသေးလား။”
တစ်ဖက်လူက အန်းရန်၏ အချက်အလက်များကို အလွန်ရှင်းလင်းစွာ ပြောပြနိုင်သည်ကို မြင်သောအခါ ရှောင်းယီ သဘောပေါက်သွားခဲ့သည်။
“ဒီတစ်ခါတော့ အန်းရန်ရဲ့ဖခင် အန်းယွဲ့ ကို တကယ် ရှာတွေ့ပြီပဲ။”
“ဦးလေးအန်း ကျုပ်ပါ...ရှောင်းယီ။”
ရှောင်းယီက အနည်းငယ် ရှက်ရွံ့စွာဖြင့် ပြောလိုက်၏။
ရှင်းပြရခက်သည့် မာနကြောင့် သူသည် ထိုစဉ်က အန်းရန်ကို ထားရစ်ခဲ့မိသည့်အတွက် သူမအပေါ် အလွန် အားနာနေမိသည်။
“ရှောင်းယီလား။”
တစ်ဖက်လူက မယုံကြည်သေးဘဲ မေးလိုက်သည်။
“မင်း ဘယ်တက္ကသိုလ်ကလဲ။ မင်းရဲ့ ကျောင်းသားနံပါတ်က ဘယ်လောက်လဲ။ အန်းရန်ရဲ့ နံပါတ်ကိုရော သိလား။”
တစ်ဖက်လူကလည်း သူ့ကို မယုံကြည်သေးခြင်းမှာ ရှင်းနေချေ၏။
“ထျန်းဟန်တက္ကသိုလ်ပါ။ ကျုပ်နံပါတ်က ၃၂၇၅၀၁၂၂ ၊ အန်းရန်က ၃၂၇၅၀၁၀၈ ပါ။”
ရှောင်းယီက ချက်ချင်း ပြန်ဖြေလိုက်သည်။သူ ဘွဲ့ရသည်မှာ တစ်နှစ်ကျော်ပြီ ဖြစ်သော်လည်း သူ၏ လေးနှစ်တာ တက္ကသိုလ်ဘဝတစ်လျှောက် အတူရှိခဲ့သည့် ထိုနံပါတ်များကိုမူ ရှောင်းယီ ကောင်းစွာ မှတ်မိနေဆဲပင်။
နောက်အခိုက်အတန့်တွင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှ အကြောင်းကြားစာ မြည်လာခဲ့လေသည်။
“အန်းယွဲ့က သင့်ကို သူငယ်ချင်းအဖြစ် အပ်နှံရန် တောင်းဆိုနေပါသည်။ လက်ခံပါမည်လား။”
ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွင် တစ်ဖက်လူ၏ အမည်မှာ အန်းယွဲ့ ဟု ပေါ်နေသဖြင့် သူ အမှန်တကယ် ဖြစ်ရပေမည်။ ရှောင်းယီ အလျင်အမြန် လက်ခံလိုက်၏။
အန်းယွဲ့က ချက်ချင်းပင် ဗီဒီယိုကော ခေါ်လာခဲ့လေသည်။
ဗီဒီယို ချိတ်ဆက်ပြီးနောက်တွင် ရှောင်းယီ မြင်တွေ့ရသည်မှာ ယခင်က ထက်မြက်ပြီး ချောမောသော စီးပွားရေးလုပ်ငန်းရှင်ကြီး မဟုတ်တော့ဘဲ ယခုအခါ ဖရိုဖရဲနှင့် ပင်ပန်းနွမ်းနယ်နေသူ တစ်ဦးကိုသာ ဖြစ်သည်။
“ဟွန့် မင်းမှာ အန်းရန်ကို ရှာဖို့ သတ္တိရှိသေးတယ်ပေါ့။ အန်းရန် အဲ့ဒီနေ့တွေကို ဘယ်လို ဖြတ်သန်းခဲ့ရလဲဆိုတာ မင်းသိရဲ့လား။”
အန်းယွဲ့က အားနည်းနေသော်လည်း အားမာန်အပြည့်ဖြင့် ဆူပူလိုက်သည်။
“ဦးလေးအန်း အဲ့ဒါ ကျုပ်ရဲ့အမှားပါ။”
ရှောင်းယီက သူ၏အပြစ်ကို ပြတ်ပြတ်သားသား ဝန်ခံလိုက်သည်။
“ကျုပ်ရဲ့ အဓိပ္ပာယ်မရှိတဲ့ မာနတွေကြောင့်ပါ။ တောင်းပန်ပါတယ်။”
“ဟမ့် မာနလား။ မင်းက ငါ့ကုမ္ပဏီထဲကို ဘယ်သူမဆို ဝင်လို့ရတယ်လို့ ထင်နေတာလား။”
အန်းယွဲ့က ဒေါသတကြီး ပြောလိုက်သည်။
“မင်း အဲ့ဒီတုန်းက ဝင်ခဲ့ရင်တောင် အောက်ခြေကနေ စရမှာပဲ။ မင်း အလုပ်ကောင်းကောင်း မလုပ်ရင် ငါ မင်းကို အလုပ်ထုတ်မှာ။ အန်းရန်က မင်းကို ထောက်ပံ့တာကို ငါ စိတ်မရှိပေမယ့် ငါ့ကုမ္ပဏီကတော့ အလကားလူတွေကို ဘယ်တော့မှ မမွေးဘူး။”
“အဲ့ဒီနောက်ပိုင်း အန်းရန် အဆင်ပြေရဲ့လား။”
ရှောင်းယီက သတိထားပြီး မေးလိုက်သည်။
“မင်း ဘယ်လိုထင်လဲ။”
အန်းယွဲ့က သူ့ကို စိုက်ကြည့်ကာ ပြောလိုက်သည်။
“သူမ နေ့တိုင်း ငိုနေခဲ့တာ။ ဖခင်တစ်ယောက်အနေနဲ့ ငါ မင်းကို ဓားနဲ့ လိုက်ခုတ်ချင်စိတ်တောင် ပေါက်ခဲ့တယ်။”
“တောင်းပန်ပါတယ်။ ကျုပ် တကယ် မှားသွားပါတယ်။”
ရှောင်းယီ ရင်ထဲ၌ နာကျင်သွားခဲ့သည်။
“သူမ နောက်ပိုင်းတော့ သက်သာသွားပါတယ်။ ဒါပေမဲ့ လူကတော့ အေးစက်စက် ဖြစ်သွားခဲ့တယ်။ သူမ စိတ်အခြေအနေ ကောင်းစပြုနေတုန်းမှာပဲ လူတိုင်း ဒီငရဲတွင်းထဲ ရောက်ကုန်ကြတာပဲ။”
အန်းယွဲ့က ပြောလိုက်သည်။
“ဟင်း သနားစရာ ငါ့သမီးလေး။”
“ဦးလေးက အန်းရန်နဲ့ အတူရှိနေတာလား။”
အန်းယွဲ့ ပြောသည်ကို ကြားသောအခါ သူတို့ နှစ်ယောက် ကျွန်းတစ်ခုတည်းတွင် ရှိနေသည်ဟု ထင်သွားကာ ရှောင်းယီက အမြန် မေးလိုက်မိ၏။
“မဟုတ်ဘူး။”
အန်းယွဲ့က စိတ်ပျက်လက်ပျက် ပြောလာခဲ့သည်။
“လူတိုင်းက ကျွန်းတစ်ကျွန်းစီပဲ။ ဘယ်သူမှ ထူးခြားမနေဘူး။”
ရှောင်းယီ ချက်ချင်းပင် စိတ်ပျက်သွားခဲ့သည်။
ရှောင်းယီ၏ စိတ်ပျက်နေသော မျက်နှာကို မြင်သောအခါ သူသည် အန်းရန်ကို လက်မလွှတ်နိုင်သေးကြောင်း အန်းယွဲ့ သိလိုက်ပြီး ဆက်ပြောလိုက်သည်။
“ငါလည်း သူမနဲ့ သူမအမေကို အဆက်မပြတ် ရှာနေတယ်။ ဒါပေမဲ့ အခုထိ ဘာသတင်းမှ မရသေးဘူး။”
“ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။”
ရှောင်းယီ အနည်းငယ် စိုးရိမ်သွားခဲ့သည်။
“ဒါပေမဲ့ ငါ့ရဲ့ ခန့်မှန်းချက်အရဆိုရင် ငါတို့ရဲ့ အများသုံးချန်နယ်က လူတစ်စုစာအတွက်ပဲ ဖြစ်လိမ့်မယ်။”
အန်းယွဲ့က ပြောလိုက်သည်။
“ဟင် ဘာကို ဆိုလိုတာလဲ။”
ရှောင်းယီက အန်းယွဲ့ကို နားမလည်နိုင်စွာ ကြည့်လိုက်သည်။
“အရင်က ငါ့ကုမ္ပဏီမှာ လူသောင်းနဲ့ချီ ရှိခဲ့တယ်။ ငါ ဒီကို ရောက်တဲ့ ပထမဆုံးနေ့မှာ အများသုံးချန်နယ်ထဲမှာ သူတို့ကို ရှာကြည့်ခဲ့ပေမယ့် တစ်ယောက်မှ ပြန်မဖြေခဲ့ဘူး။ တချို့လူတွေ ငါ့မက်ဆေ့ဂျ်ကို လွတ်သွားရင်တောင် လူသောင်းနဲ့ချီတဲ့သူတွေ အကုန်လုံး လွတ်သွားဖို့ဆိုတာ မဖြစ်နိုင်ဘူး။ အဲ့ဒါကြောင့် ဒီချန်နယ်က ကမ္ဘာပေါ်က လူအားလုံးအတွက် မဟုတ်နိုင်ဘူးလို့ ငါ ယူဆတယ်။”
အန်းယွဲ့က ခွဲခြမ်းစိတ်ဖြာပြလိုက်သည်။
“တစ်နည်းပြောရရင် ကျုပ်တို့အားလုံးကို အုပ်စုတွေအများကြီး ခွဲထားတာပေါ့။ ဆာဗာတစ်ခုမှာ အုပ်စုတစ်ခုစီပေါ့။ ပြီးတော့ ဒီ အများသုံးချန်နယ်က ဒီဆာဗာထဲက လူတွေအတွက်ပဲပေါ့။”
ရှောင်းယီက အွန်လိုင်းဂိမ်း အယူအဆဖြင့် နားလည်ရန် ကြိုးစားလိုက်သည်။
“အဲ့ဒီလို နားလည်လို့ ရတယ်။”
အန်းယွဲ့က ပြန်ဖြေလိုက်သည်။
“အဲ့ဒါကြောင့် မင်း သူတို့ကို ရှာတွေ့ဖို့ အခွင့်အရေး ရှိမှာပါ။”
ရှောင်းယီ ခေါင်းငြိမ့်လိုက်သည်။
“ကောင်လေး မင်း နောင်ကျရင် လူမိုက်မလုပ်နဲ့တော့။ အန်းရန်ကို ရှာတွေ့ရင် ငါ့ကိုယ်စား သူမကို ကောင်းကောင်း စောင့်ရှောက်ပေးပါ။ မဟုတ်ရင် ငါ သေရင်တောင် မင်းကို အလွှတ်မပေးဘူး။”
အန်းယွဲ့က သက်ပြင်းချကာ ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်ရသောအခါ ရှောင်းယီ တစ်ခုခု မှားနေပြီဖြစ်ကြောင်း သိလိုက်ပြီး အမြန် မေးလိုက်၏။
“ဦးလေးအန်း ဦးလေးဘက်မှာ အခြေအနေ ဘယ်လိုရှိလဲ။”