ကျွန်းသည်လည်း ပင်လယ်သတ္တဝါများ၏ တိုက်ခိုက်ခြင်းကို ခံရသည်
Vol. 6 Ch. 84
“ရတယ်။ ဘေးကင်းဖို့က ပထမပဲ။”
ယွမ်နွန်၏ အကြံပြုချက်ကို ရှောင်းယီ ချက်ချင်း သဘောတူလိုက်၏။
မူလက ယွမ်နွန်သည် ဆုဝမ်ကျွန်း၏ အရှေ့မြောက်ဘက်တွင် ရှိနေခြင်းဖြစ်ပြီး သူရွက်လွှင့်ရမည့် ဦးတည်ချက်မှာ အနောက်တောင်ဘက် ဖြစ်သည်။
ယွမ်နွန်၏ အစီရင်ခံချက်အရ သူရှိနေသော ပင်လယ်ပြင်တွင် အနောက်မြောက်လေ တိုက်ခတ်နေခြင်းဖြစ်သည်။ အကယ်၍ ဤလေကြောင်းကို အသုံးချမည်ဆိုပါက အရှေ့တောင်ဘက်သို့ ရွက်လွှင့်ခြင်းမှာ အမြန်ဆုံးဖြစ်သော်လည်း ၎င်းသည် မူလစီစဉ်ထားသော ရေကြောင်းလမ်းကြောင်းမှ လုံးဝ သွေဖည်သွားပေလိမ့်မည်။
သို့သော်လည်း ဘေးကင်းရေးအတွက်ဆိုလျှင် အနည်းငယ် ပတ်မောင်းရခြင်းမှာ ပြဿနာမရှိပေ။
ယွမ်နွန်သည် လေအားကို အပြည့်အဝ အသုံးချနိုင်ရန်အတွက် သင်္ဘောဦးတည်ချက်နှင့် ရွက်များကို ချက်ချင်း ချိန်ညှိလိုက်တော့၏။ ရလဒ်အနေဖြင့် ယွမ်နွန်၏ ရွက်လှေအရှိန်မှာ အလွန်မြန်လာပြီး တစ်နာရီလျှင် ၃၀ ကီလိုမီတာအထိ ရောက်ရှိသွားခဲ့သည်။
ယခင်က ရွက်လှေကို တိုက်ခိုက်ခဲ့သော ပင်လယ်သတ္တဝါမှာ ဆက်လက်တိုက်ခိုက်ခြင်း မရှိတော့ပုံရမှသာ ယွမ်နွန် သက်ပြင်းအရှည်ကြီး ချလိုက်နိုင်ခဲ့သည်။ အရှိန်ပြင်းပြင်းဖြင့် တစ်နာရီခန့် မောင်းနှင်ပြီးနောက် ယွမ်နွန်သည် ဦးတည်ချက်ကို ပြန်လည်ချိန်ညှိကာ ဆုဝမ်၏ ကျွန်းဆီသို့ ဦးတည်မောင်းနှင်လိုက်တော့သည်။
ယွမ်နွန် ပင်လယ်သတ္တဝါရန်မှ လွတ်မြောက်သွားပြီဟု ကြားလိုက်ရသဖြင့် ရှောင်းယီ အနည်းငယ် စိတ်အေးသွားခဲ့၏။ ထို့နောက် သူသည် ဈေးကွက်ခန်းမသို့ ပြောင်းလဲကြည့်ရှုကာ အခြေခံရိက္ခာများ စုဆောင်းရန်အတွက် ရေနွေးနှင့် ပင်လယ်ငါးများကို ဆက်လက် တင်ရောင်းနေလိုက်သည်။
ယွမ်နွန်သည် ခရီးစထွက်သည်နှင့် ပင်လယ်သတ္တဝါ၏ တိုက်ခိုက်မှုကို ကြုံခဲ့ရ၏။ နောင်တွင် အခြေခံရိက္ခာများ မည်မျှထပ်မံလိုအပ်မည်ကို မသိနိုင်သဖြင့် ကြိုတင်စုဆောင်းထားခြင်းက အသင့်မဖြစ်ဘဲ နေရခြင်းထက် ပိုကောင်းသည် မဟုတ်ပါလား။
ရှောင်းယီသည် နွားနှင့် ကြက်များအတွက် အစာသွားထည့်ရန် အပြင်သို့ ထွက်ခါနီးတွင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှ သတိပေးချက် တက်လာခဲ့ပြန်သည်။
[သတိပေးချက်- ကျွန်း၏ အုတ်မြစ်ကျောက် တိုက်ခိုက်ခံနေရပါသည်။ တိကျသော တည်နေရာကို မြေပုံတွင် စစ်ဆေးပါ။]
“ဘာ”
ရှောင်းယီ ထိတ်လန့်သွား၏။ ကျန်းယွင်ထျန်း တစ်ခုခုဖြစ်သည်ဟုသာ သူထင်နေခဲ့သော်လည်း သူ၏ ကိုယ်ပိုင်ကျွန်းပင်လျှင် တိုက်ခိုက်ခံရလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ရှောင်းယီသည် မြေပုံသို့ ချက်ချင်းပြောင်းပြီး သူ၏ကျွန်းကို ချဲ့ကြည့်လိုက်ရာ သူတူးဖော်ထားသော ကျွန်းတွင်းမြစ်ဝရှိ အုတ်မြစ်ကျောက်မှာ တိုက်ခိုက်ခံနေရသည်ကို တွေ့လိုက်ရတော့သည်။
ရှောင်းယီသည် သူ၏ ထန်ဓားကို ဆွဲယူကာ သံလှံရှည်တစ်ချောင်းကိုပါ ကိုင်၍ အပြင်သို့ တစ်ဟုန်ထိုး ပြေးထွက်သွားခဲ့သည်။
“ဝမ်ချိုင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို သေချာကြည့်ထားပေး။ သတင်းတစ်ခုခုတက်လာရင် ငါ့ကို ချက်ချင်းလာခေါ် နားလည်လား။”
ရှောင်းယီ၏ အသံမှာ အပြင်ဘက်မှ ထွက်ပေါ်လာခဲ့သည်။
“ဝုတ် ဝုတ်”
ဝမ်ချိုင်က တုံ့ပြန်လိုက်သည်။
တိုက်ခန်းနောက်ဘက်ရှိ ကျွန်းတွင်းမြစ်ဝသို့ ရှောင်းယီ ရောက်သွားသောအခါ ငါးအရှည်ကြီးတစ်ကောင်သည် ကျွန်း၏ အုတ်မြစ်ကျောက်အား အဆက်မပြတ် တိုက်ခိုက်နေသည်ကို တွေ့လိုက်ရလေသည်။
“လျှပ်စစ်ငါးရှဉ့် (C အဆင့်): Gymnotidae မျိုးရင်းဝင်ဖြစ်ပြီး ထွက်ရှိသော လျှပ်စစ်ဗို့အားမှာ ၃၀၀ မှ ၈၀၀ ဗို့အထိ ရှိနိုင်သည်။ အားအပြင်းဆုံး လျှပ်စစ်လွှတ်နိုင်သော ရေချိုငါးဖြစ်ပြီး ရေထဲက ဗို့အားမြင့်လိုင်းအဖြစ် လူသိများသည်။”
စနစ်၏ သတိပေးသံ ထွက်ပေါ်လာခဲ့ရာ ရှောင်းယီ ပဟေဠိ ဖြစ်သွားခဲ့၏။
“ဘာလို့ ဒီရေချိုငါးက ပင်လယ်ထဲ ရောက်နေတာလဲ။”
သို့သော် ယခုအချိန်မှာ ထိုအကြောင်းကို စဉ်းစားနေရမည့် အချိန်မဟုတ်ပေ။ ရှောင်းယီသည် သူ၏ လှံရှည်ဖြင့် ရေထဲသို့ တိုက်ရိုက် ထိုးစိုက်ပစ်လိုက်တော့လေသည်။ လျှပ်စစ်ငါးရှဉ့်သည် ကိုယ်ကိုတွန့်ကာ ရှောင်းယီ၏ လှံချက်ကို ရှောင်တိမ်းလိုက်ပြီး အုတ်မြစ်ကျောက်ကိုသာ ဆက်လက် တိုက်ခိုက်နေ၏။
“ငါတို့ ဘယ်ဘဝက ရန်ငြိုးတွေ ရှိခဲ့လို့လဲ။”
ရှောင်းယီ တိုးတိုးလေး ရေရွတ်လိုက်မိသည်။ လျှပ်စစ်ငါးရှဉ့်သည် သူ့ကို လုံးဝ လျစ်လျူရှုထားပြီး အုတ်မြစ်ကျောက်ကိုသာ အာရုံစိုက်၍ တိုက်ခိုက်နေသည် မဟုတ်ပါလား။
ရှောင်းယီသည် အာရုံစိုက်ကာ နောက်တစ်ကြိမ် ထိုးစိုက်လိုက်ပြန်သည်။ ဤတစ်ကြိမ်တွင်မူ အသေအချာ ထိမှန်သွားခဲ့သည်။ သို့သော် လှံဦးမှာ ချော်ထွက်သွားသလို ခံစားလိုက်ရပြီး လျှပ်စစ်ငါးရှဉ့်၏ ကိုယ်ပေါ်တွင် ခြစ်ရာလေးတစ်ခုပင် မထင်ကျန်ရစ်ခဲ့ပေ။
“ချောလှချည်လားဟ။”
ရှောင်းယီ မျက်မှောင်ကျုံ့ကာ ပြောလိုက်သည်။
အမှန်စင်စစ် ချော်ထွက်သွားရခြင်း၏ နောက်ထပ် အကြောင်းရင်းတစ်ခုမှာ သူ၏ သံလှံမှာ လုံလောက်သော ထက်မြက်မှု မရှိခြင်းကြောင့်လည်း ဖြစ်သည်။
ထိုအချိန်တွင် အနီးအနား၌ ကင်းလှည့်နေသော အလိုအလျောက် ငါးဖမ်းပိုက်ကို သူ တွေ့လိုက်ရ၏။ ရှောင်းယီသည် ပစ်မှတ်ကို လျှပ်စစ်ငါးရှဉ့်အဖြစ် ချက်ချင်း ပြောင်းလဲလိုက်သည်။
ဗွမ်း...
ငါးဖမ်းပိုက်မှာ ပစ်လွှတ်လိုက်ပြီး လျှပ်စစ်ငါးရှဉ့်ကို တည့်တည့် ထိမှန်သွားခဲ့သည်။ စက်ယန္တရားက ငါးဖမ်းပိုက်ကို ဖြည်းညည်းစွာ ပြန်လည်ရုပ်သိမ်းလိုက်သည်။ ထိုအခါမှ လျှပ်စစ်ငါးရှဉ့်သည် ပိုက်ထဲမိနေကြောင်း သိသွားခဲ့ပြီး ၎င်း၏ ကိုယ်ပေါ်တွင် လျှပ်စစ်စက်ကွင်းများ ချက်ချင်းပင် ဖြစ်ပေါ်လာတော့သည်။
အလိုအလျောက် ငါးဖမ်းပိုက်၏ စက်ပေါ်တွင်လည်း လျှပ်စစ်စက်ကွင်းများ ချက်ချင်း ပေါ်လာတော့သည်။
“သေစမ်း...အလိုအလျောက် ငါးဖမ်းပိုက်ကြီး ပျက်မသွားပါစေနဲ့။”
ရှောင်းယီ ထိတ်လန့်သွားပြီး သူ၏ခါးမှ ထန်ဓားကို ချက်ချင်း ဆွဲထုတ်ကာ ပိုက်ထဲတွင် ပိတ်မိနေ၍ မရှောင်နိုင်တော့သော လျှပ်စစ်ငါးရှဉ့်ကို တိကျစွာ ပိုင်းချလိုက်တော့သည်။
တစ်ချိန်တည်းမှာပင် ရှောင်းယီသည် လျှပ်စစ်ဓာတ်စီးကြောင်းတစ်ခု သူ၏ ညာဘက်လက်သို့ ချက်ချင်း ရောက်လာသည်ဟု ခံစားလိုက်ရပြီး လက်မောင်းတစ်ခုလုံး ထုံကျင်သွားခဲ့သည်။ သို့သော် ဤတစ်ကြိမ်တွင်မူ ထန်ဓားက ရှောင်းယီကို စိတ်မပျက်စေခဲ့ပေ။ ၎င်းသည် လျှပ်စစ်ငါးရှဉ့်ကို နှစ်ပိုင်း တိတိ ပြတ်သွားစေခဲ့သည်။
ပြတ်သွားသော လျှပ်စစ်ငါးရှဉ့်မှာ အပြင်းအထန် ရုန်းကန်နေဆဲဖြစ်သော်လည်း လျှပ်စစ်ဓာတ်အားများ မထုတ်လွှတ်နိုင်တော့ပေ။ အလိုအလျောက် ငါးဖမ်းပိုက်မှာလည်း လျှပ်စစ်ရှော့ခ် ဖြစ်သွားသဖြင့် တစ်နေရာတည်းတွင် ရပ်တန့်သွားပြီး ဆက်လက် ရုပ်သိမ်းခြင်း မရှိတော့ပေ။
ရှောင်းယီသည် စိုးရိမ်တကြီးဖြင့် အလိုအလျောက် ငါးဖမ်းပိုက်နားသို့ လျှောက်သွားလိုက်၏။ ဘာပဲဖြစ်ဖြစ် ဤစက်ကြီးမှာ ရိက္ခာသေတ္တာများ ဆယ်ယူရန်နှင့် စားစရာ ငါးများရရှိရန်အတွက် အဓိက အသက်သွေးကြော မဟုတ်ပါလား။
တခြား အခြေခံရိက္ခာများကို ဖယ်ထားလိုက်လျှင်ပင် အုတ်မြစ်ကျောက်များကိုမူ ရိက္ခာသေတ္တာများမှသာ ရရှိနိုင်ပြီး ယခုအချိန်တွင် အုတ်မြစ်ကျောက် ရောင်းလိုသူမှာလည်း အလွန်ပင် ရှားပါးလှပေသည်။ အကယ်၍ ရိက္ခာသေတ္တာများ မဆယ်နိုင်တော့ပါက ရှောင်းယီသည် အဖိုးတန် ရိက္ခာအချို့ သို့မဟုတ် အထူးအခြေအနေများမှလွဲ၍ အုတ်မြစ်ကျောက်များ ရရှိနိုင်ရန် ခက်ခဲသွားပေလိမ့်မည်။ ထို့အတူ ပင်လယ်ငါး လုံလောက်စွာ မရရှိပါက အခြေခံရိက္ခာများ စုဆောင်းနိုင်သည့် အရှိန်မှာလည်း များစွာ ထိခိုက်သွားမည် ဖြစ်သည်။
ရှောင်းယီ လဲလှယ်ရယူထားသော အခြေခံရိက္ခာ အများစုမှာ ပင်လယ်ငါးများကို သုံး၍ လဲလှယ်ထားခြင်းဖြစ်ကြောင်း သိထားရမည်ဖြစ်သည်။
ရှောင်းယီ စိတ်ပူနေစဉ်မှာပင် အလိုအလျောက် ငါးဖမ်းပိုက်မှာ ပြန်လည် လည်ပတ်လာပြီး ပြတ်နေသော လျှပ်စစ်ငါးရှဉ့်ကို ကမ်းပေါ်သို့ ဆွဲတင်လိုက်လေသည်။ ရှောင်းယီ သက်ပြင်းအရှည်ကြီး ချလိုက်မိ၏။ ငါးဖမ်းပိုက်ကြီး ပျက်သွားပြီလားဟု သူ တကယ် စိုးရိမ်ခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ဤစက်မှာ SS အဆင့်ကိရိယာတစ်ခု ဖြစ်ရာ လျှပ်စစ်ငါးရှဉ့်လေး တစ်ကောင်ကိုပင် မခံနိုင်စရာ အကြောင်းမရှိပေ။ ကမ်းပေါ်ရောက်လာပြီးနောက် လျှပ်စစ်ငါးရှဉ့်မှာ ခဏမျှ ထပ်မံရုန်းကန်နေပြီးနောက် ငြိမ်သက်သွားတော့သည်။
“C အဆင့်လျှပ်စစ်ငါးရှဉ့်ဆိုရင်တော့ အရသာ ရှိမှာပဲ။”
ရှောင်းယီ တိုးတိုးလေး ရေရွတ်ကာ လျှပ်စစ်ငါးရှဉ့်ကို မပြီး တိုက်ခန်းဆီသို့ လျှောက်လာခဲ့လိုက်သည်။
“ဝုတ် ဝုတ် ဝုတ်”
ဝမ်ချိုင်၏ အသံမှာ တိုက်ခန်းထဲမှ ထွက်ပေါ်လာသဖြင့် ရှောင်းယီ သူ၏ခြေလှမ်းများကို အရှိန်မြှင့်လိုက်၏။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ ပြန်ရောက်သောအခါ သတိပေးချက်တစ်ခု ထပ်တက်နေခဲ့သည်။
“ကျွန်း၏ အုတ်မြစ်ကျောက် တိုက်ခိုက်ခံနေရပါသည်။”
“နောက်တစ်ခေါက်လား။”
ရှောင်းယီ မျက်လုံးပြူးသွားခဲ့၏။
“’ပိုမိုကြီးမားတဲ့ စမ်းသပ်မှု’ ဆိုတာ ဒီဟာဖြစ်နိုင်မလား။”
ယခင်က ကျောက်တိုင်၏ ကြေညာချက်တွင် ပိုမိုကြီးမားသော စမ်းသပ်မှုများအကြောင်း အထူးတလည် ဖော်ပြထားခဲ့ရာ ပင်လယ်သတ္တဝါများ အုတ်မြစ်ကျောက်ကို တိုက်ခိုက်ခြင်းမှာ ၎င်းတို့ထဲမှ တစ်ခုသာ ဖြစ်ရပေမည်။
စဉ်းစားနေရန် အချိန်မရှိသဖြင့် ရှောင်းယီသည် တိုက်ခိုက်ခံရသည့် နေရာကို ချက်ချင်းစစ်ဆေးပြီး အပြင်သို့ ပြန်ပြေးထွက်သွားခဲ့၏။
ဤတစ်ကြိမ်တွင် တိုက်ခိုက်ခံရသော အုတ်မြစ်ကျောက်မှာ ကျွန်း၏ မြောက်ဘက်ခြမ်းတွင် ဖြစ်သည်။ ရှောင်းယီ ထိုနေရာသို့ ရောက်သောအခါ ရေဘဝဲတစ်ကောင်က အုတ်မြစ်ကျောက်အား ရစ်ပတ်ထားသည်ကို တွေ့လိုက်ရလေသည်။
ရှောင်းယီ လုံးဝ တွန့်ဆုတ်မနေဘဲ လက်ထဲရှိ သံလှံဖြင့် အရှိန်အဟုန်ပြင်းစွာ ထိုးချလိုက်တော့သည်။
ဇွပ်
ဤတစ်ကြိမ်တွင်မူ ချော်ထွက်မသွားဘဲ ရေဘဝဲ၏ ကိုယ်ထဲသို့ တိုက်ရိုက် စိုက်ဝင်သွားခဲ့၏။ ရေဘဝဲသည် နာကျင်မှုကြောင့် အုတ်မြစ်ကျောက်ကို ချက်ချင်း လွှတ်လိုက်တော့လေသည်။ ရှောင်းယီသည် ၎င်းကို ပင်လယ်ထဲမှ အလွယ်တကူ မတင်လိုက်သည်။ ရေဘဝဲမှာ အပြင်းအထန် ရုန်းကန်နေဆဲဖြစ်ပြီး ၎င်း၏ လက်တံများဖြင့် သံလှံကို မြဲမြံစွာ ရစ်ပတ်ထားခဲ့သည်။
သို့သော် ရှောင်းယီသည် မသေသေးသော ဤရေဘဝဲကို ကိုင်တွယ်ရန် အချိန်မရှိပေ။ ဝမ်ချိုင်၏ ဟောင်သံက ထပ်မံ ထွက်ပေါ်လာပြန်ပြီဖြစ်သည်။
“မဖြစ်နိုင်တာ ထပ်ပြီး နောက်တစ်ခါလားဟ။”
ရှောင်းယီသည် တိုက်ခန်းဆီသို့ ပြေးသွားရင်း ပြောလိုက်သည်။
ကျောက်တိုင်ဆီသို့ ပြေးသွားသောအခါ ဤတစ်ကြိမ်တွင် သူ၏ကျွန်း တိုက်ခိုက်ခံရခြင်း မဟုတ်ဘဲ ကျန်းယွင်ထျန်းက ဂရုထဲတွင် စကားပြောနေခြင်းဖြစ်ကြောင်း တွေ့လိုက်ရလေသည်။
“ငါ့ရွက်လှေရဲ့ ကိုယ်ထည်ကို လိပ်ကြီးတစ်ကောင်က ဝင်တိုက်လို့ ပျက်စီးသွားတယ်။ ပြင်ဖို့အတွက် ပစ္စည်းတွေ လိုတယ်။ သစ်သားပြား ၂၁၊ ကြေးနီ ၅၊ သံ ၃။”
ရှောင်းယီသည် ကျန်းယွင်ထျန်း လိုအပ်သော ပစ္စည်းများကို ချက်ချင်း လွှဲပေးလိုက်၏။ ကျန်းယွင်ထျန်းသည်လည်း ကျောက်တိုင်ပေါ်တွင် ပြုပြင်မှုများကို ချက်ချင်း လုပ်ဆောင်လိုက်သည်။
“လိပ်တွေက အဲ့လောက်တောင် ကြမ်းနေပြီလား။”
ရှောင်းယီက ဂရုထဲတွင် မေးလိုက်သည်။
“ငါလည်း မထင်ထားခဲ့ဘူး။ အဲ့ဒီလိပ်က ကားလေးတစ်စီးလောက်တောင် ကြီးတယ်။ ကံကောင်းလို့ တစ်ခါပဲ တိုက်ပြီး ထွက်သွားတာ။ ဒါမှမဟုတ် ငါက သူ့လမ်းကို ပိတ်နေလို့ ဖြစ်လိမ့်မယ်။”
ကျန်းယွင်ထျန်းက ခါးသီးသော အပြုံးဖြင့် ပြန်ဖြေလိုက်သည်။
“ငါ့ကျွန်းမှာလည်း ပင်လယ်သတ္တဝါတွေရဲ့ တိုက်ခိုက်မှုကို ခံနေရတယ်။ ဒါက ကျောက်တိုင်ကပြောတဲ့ ‘ပိုမိုကြီးမားတဲ့ စမ်းသပ်မှု’ ဖြစ်ဖို့ များတယ်။”
ရှောင်းယီက ဂရုထဲတွင် ပြောလိုက်သည်။
“ဆုဝမ်၊ ဦးလေးအန်း၊ ခင်ဗျားတို့ဆီမှာကော အခြေအနေ ဘယ်လိုရှိလဲ။”