← Chapters

ကျွန်းများပေါ်သို့ ပင်လယ်သတ္တဝါများ တိုက်ခိုက်သည့် ပုံစံများ

Vol. 6 Ch. 85

ကျွန်းများပေါ်သို့ ပင်လယ်သတ္တဝါများ တိုက်ခိုက်သည့် ပုံစံများ

Vol. 6 Ch. 85

“ငါ အခုလေးတင် တစ်မီတာနီးပါးရှည်တဲ့ ပင်လယ်ငါးတစ်ကောင်ကို ဒဏ်ရာရအောင် လုပ်လိုက်တယ်။ သူ ထွက်ပြေးသွားပါပြီ။”

ဆုဝမ်က သက်ပြင်းချရင်း ပြောလိုက်သည်။

“ငါ့ဘက်မှာလည်း ပင်လယ်သတ္တဝါ တိုက်ခိုက်တာ ခံလိုက်ရတယ်။ ငါက လှုပ်ရှားရတာ အဆင်မပြေတော့ ဘယ်လိုသတ္တဝါလဲဆိုတာ အသေအချာ မမြင်လိုက်ရဘူး။ ဒါပေမဲ့ အုတ်မြစ်ကျောက် တစ်ခုကို ဖျက်ဆီးပြီးတော့ သူ ထွက်သွားတယ်။”

အန်းယွဲ့ကလည်း ပြန်ဖြေလာခဲ့သည်။

ဆုဝမ်နှင့် အန်းယွဲ့တို့၏ အဖြေများကို ကြားရသောအခါ ရှောင်းယီက မေးလိုက်သည်။

“ခင်ဗျားတို့ရဲ့ ကျွန်းတွေကို ပင်လယ်သတ္တဝါ တစ်ကောင်တည်းပဲ တိုက်ခိုက်တာလား။”

“ဟုတ်တယ်။”

နှစ်ယောက်စလုံးက ဖြေလာခဲ့ကြ၏။ ရှောင်းယီ အနည်းငယ် စဉ်းစားပြီးနောက် ပြောလိုက်သည်။

“ကျုပ်တို့ ရရှိထားတဲ့ အချက်အလက်တွေအရ အဓိက အချက် ၃ ချက်ကို အနှစ်ချုပ်လို့ ရတယ်။ ပထမအချက်က ကျွန်းဧရိယာ ပိုကျယ်လေလေ၊ ပင်လယ်သတ္တဝါတွေရဲ့ တိုက်ခိုက်မှုကို ပိုကြုံရလေလေပဲ။ ဥပမာ- ကျုပ်ဆိုရင် အခု တိုက်ခိုက်မှု နှစ်ကြိမ် ကြုံရပြီးပြီ။”

“ဒုတိယအချက်က အုတ်မြစ်ကျောက်ကို လာတိုက်ခိုက်တဲ့ ပင်လယ်သတ္တဝါကို ဒဏ်ရာရအောင် လုပ်နိုင်ရင် သူ့ကို မောင်းထုတ်နိုင်တဲ့ အခွင့်အရေး ရှိတယ်။”

“တတိယအချက်က ဘာတုံ့ပြန်မှုမှ မလုပ်ဘဲ ဒီတိုင်းလွှတ်ထားရင် အဲ့ဒီသတ္တဝါက အုတ်မြစ်ကျောက် တစ်ခုကို ဖျက်ဆီးပြီးတာနဲ့ ထွက်သွားဖို့ များတယ်။”

ထိုအချက် ၃ ချက်ကို ကြားသောအခါ အခြားသူများကလည်း တညီတညွတ်တည်း ခေါင်းငြိမ့်လိုက်ကြသည်။

“ဦးလေးအန်း အခု ဦးလေးဆီမှာ ဧရိယာ ၃ စတုရန်းမီတာပဲ ကျန်တော့တယ် မဟုတ်လား။”

ရှောင်းယီက မေးလိုက်သည်။

“ဟုတ်တယ် အမှန်ပဲ။”

အန်းယွဲ့က ဖြေလိုက်သည်။

“အဲ့ဒါကြောင့် ဦးလေး ဒဏ်ရာရနေပေမဲ့ လှုပ်လှုပ်ရှားရှားတော့ လုပ်ရလိမ့်မယ်။”

ရှောင်းယီက ပြောလိုက်သည်။

“ကျုပ် ဦးလေးအတွက် ချိုင်းထောက်တစ်စုံ လုပ်ပေးလိုက်မယ်။ ပင်လယ်သတ္တဝါ ပေါ်လာတာနဲ့ ဦးလေး ပြန်တိုက်ရမယ်။”

“နားလည်ပြီ။”

အန်းယွဲ့ ခေါင်းငြိမ့်လိုက်သည်။

ထို့နောက် ရှောင်းယီသည် ချက်ချင်းပင် အပြင် ထွက်လာခဲ့လိုက်သည်။ အလုပ်ရုံတွင် ရိုးရှင်းသော ချိုင်းထောက်တစ်စုံနှင့် သံလှံတစ်ချောင်းကို အမြန်ပြုလုပ်ပြီးနောက် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်သို့ ပြန်လာကာ အန်းယွဲ့ထံသို့ လွှဲပြောင်းပေးလိုက်သည်။

“[ရိုးရှင်းသော ချိုင်းထောက်] ၁၊ [သံလှံ] ၁၊ [အုတ်မြစ်ကျောက်] ၁ - အခမဲ့လဲလှယ်ခြင်း။”

ရှောင်းယီက အုတ်မြစ်ကျောက်တစ်ခုကိုပါ ပို့ပေးလိုက်သည်ကို မြင်သောအခါ အန်းယွဲ့သည် အနည်းငယ်တွေဝေသွားသော်လည်း လဲလှယ်မှုကို လက်ခံလိုက်လေသည်။

‘တကယ်ကို မလွှဲမရှောင်သာတဲ့ အခြေအနေမျိုး မရောက်မချင်း ဒီအုတ်မြစ်ကျောက်ကို ငါ လုံးဝ အသုံးမပြုဘူး။’

အန်းယွဲ့ စိတ်ထဲမှ ကျိန်ဆိုလိုက်သည်။

ရှောင်းယီ အများသုံး ချန်နယ်သို့ ပြောင်းလဲကြည့်ရှုလိုက်၏။ သူ အနှစ်ချုပ်ထားသော အချက် ၃ ချက် မှန်ကန်ခြင်း ရှိ၊ မရှိ အတည်ပြုရန်အတွက် နောက်ထပ် အချက်အလက်များ သူ လိုအပ်သည် မဟုတ်ပါလား။

“တောက်... ဘာတွေ ဖြစ်နေတာလဲ။ ငါ အိပ်ပျော်နေတုန်း ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က အုတ်မြစ်ကျောက် တိုက်ခိုက်ခံနေရတယ်လို့ သတိပေးလို့ နိုးလာခဲ့ရတယ်။”

“ကျုပ်လည်း အတူတူပဲ။ ဘာတွေဖြစ်နေတာလဲ။ သွားတောင်မကြည့်မရဲဘူး။ တစ်ခုခုများ ဖြစ်နေတာလား။”

“ဘာတွေ ကြောက်နေတာလဲ။ အဲ့ဒါတွေက ပင်လယ်သတ္တဝါတွေပဲ။ မြန်မြန်...လက်နက်တစ်ခုခုယူပြီး သွားတိုက်စမ်းပါ။”

“ဟင်...သူတို့က ရေအောက်မှာလေ။ ငါက ဘယ်လို တိုက်ရမှာလဲ။”

“သောက်ကျိုးနည်း... မင်း မပြောခင် သွားကြည့်စမ်းပါ။ ဘယ်လို ပင်လယ်သတ္တဝါပဲဖြစ်ဖြစ် သူတို့က ရေမျက်နှာပြင်နဲ့ အနီးဆုံး အုတ်မြစ်ကျောက်ရဲ့ အစိတ်အပိုင်းကိုပဲ တိုက်ခိုက်ကြတာ။”

“ဒီလို သူရဲဘောကြောင်တဲ့သူကို ဘာလို့ စကားပြောနေတာလဲ။ သူ့အုတ်မြစ်ကျောက်တွေ အကုန် ပျက်စီးသွားတဲ့အခါ ပင်လယ်ထဲဆင်းပြီး အဲ့ဒီသတ္တဝါတွေနဲ့ သွားနေခိုင်းလိုက်။”

“ဘာ...သူတို့က ငါတို့ အုတ်မြစ်ကျောက်တွေကို တကယ် ဖျက်ဆီးနိုင်တာလား။”

“ဟား... အံ့ဩစရာပဲ။ လူအတော်များများဆီမှာ အုတ်မြစ်ကျောက် တစ်ခုစီတော့ အဖျက်ဆီး ခံလိုက်ရလောက်ပြီ။”

အစောပိုင်းတွင် မသိနားမလည်မှုကြောင့် ဖြစ်ပေါ်လာသော ကြောက်ရွံ့မှုများကြောင့် အသက်ရှင်ကျန်ရစ်သူ အတော်များများမှာ အချိန်မီ မတုံ့ပြန်နိုင်ခဲ့ကြဘဲ လူအများအပြား၏ ကျွန်းများမှာ ၁ စတုရန်းမီတာစီ ဆုံးရှုံးခဲ့ကြရသည်။

“ငါ မနေ့ကမှ အုတ်မြစ်ကျောက် အချို့ ရထားတာ။ ဒီနေ့ စတာနဲ့ တစ်ခု အဖျက်ဆီး ခံလိုက်ရပြီ။ ဒီလိုသာဆို ငါ ဘယ်လို ဆက်ပြီးရှင်သန်ရရပါ့မလဲ။”

“မေမေ... သား အိမ်ပြန်ချင်တယ်။”

“အော်နေလို့လည်း အပိုပဲ။ မြန်မြန် လက်နက်ကိုင်ပြီး ကိုယ့်ကျွန်းကိုယ် ကာကွယ်ကြ။”

“ဟုတ်တယ် သူတို့ကို ဒဏ်ရာရအောင် လုပ်နိုင်ရင် သူတို့ ထွက်ပြေးသွားကြတယ်။ ငါ အခုလေးတင် တစ်ကောင် မောင်းထုတ်လိုက်ပြီ။”

“အဲ့ဒါ အမှန်ပဲ။ အားလုံးပဲ အစွမ်းကုန် ကြိုးစားကြပါ။ ဘယ်သူမှ လာမကူညီနိုင်ဘူး။ ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးရမယ်။”

“တစ်ယောက်ယောက် သတိထားမိလား။ အဲ့ဒီ ပင်လယ်သတ္တဝါတွေက အုတ်မြစ်ကျောက် တစ်ခုကို ဖျက်ဆီးပြီးရင် ထွက်သွားကြပုံပဲ။”

“ဟင်...မင်း သေချာလို့လား။”

“တကယ် ဖြစ်လောက်တယ်။ ငါလည်း ဘာမှ ပြန်မတိုက်ဘဲ လွှတ်ထားကြည့်တာ။ အုတ်မြစ်ကျောက် တစ်ခု ပျက်စီးသွားပြီးတာနဲ့ အဲ့ဒီသတ္တဝါ ထွက်သွားတာပဲ။”

“ဆိုလိုတာက...အုတ်မြစ်ကျောက်ကို အချိန်မီ ရှာဖွေနိုင်ရင် ငါတို့ ပြန်မတိုက်ရင်တောင် ကျွန်းတစ်ခုလုံး ပျောက်ကွယ်မသွားအောင် တားဆီးနိုင်တယ်ပေါ့။”

“မင်းက အကောင်းမြင်လွန်းနေပြီ။ ပင်လယ်သတ္တဝါတွေ ဘယ်နှစ်သုတ် လာမလဲဆိုတာ မင်း သေချာသိလို့လား။ တစ်နေ့ကို တစ်သုတ်ပဲ လာမယ်ဆိုရင်တော့ ပြဿနာမရှိဘူး။ တစ်ယောက်တည်း ကြိုးစားပြီး ရိက္ခာသေတ္တာတွေ ပိုဆယ်နိုင်ရင် ဆုံးရှုံးသွားတဲ့ အုတ်မြစ်ကျောက်အတွက် ပြန်ဖြည့်လို့ ရနိုင်တယ်။ ဒါပေမဲ့ တစ်ကြိမ်ထက်မက ဖြစ်လာရင်တော့...”

ထိုသူက ဆက်မပြောတော့သော်လည်း ကျန်ရှိနေသည့် အဓိပ္ပာယ်ကို လူတိုင်း သိကြသည်။

“အခုထိ လူတိုင်းရဲ့ ကျွန်းတွေ ဘယ်နှစ်ကြိမ် တိုက်ခိုက်ခံရပြီးပြီလဲ။”

“တစ်ကြိမ်။”

“ငါလည်း တစ်ကြိမ်ပဲ။”

“တစ်ကြိမ်ဆိုရင် တော်သေးတယ်။ နှစ်ကြိမ် တိုက်ခိုက်ခံရတဲ့သူ ရှိလား။”

အများသုံးချန်နယ်တွင် လူတိုင်းက သူတို့ တစ်ကြိမ်စီသာ တိုက်ခိုက်ခံရကြောင်း အသီးသီး ပြောဆိုနေကြခဲ့၏။

‘ငါ တစ်ယောက်တည်း နှစ်ကြိမ် တိုက်ခိုက်ခံရတာလား။’

ရှောင်းယီ စကားပြောခန်းများကို ကြည့်ရင်း မျက်မှောင်ကျုံ့လိုက်မိသည်။

“သတိပေးချက်- ကျွန်း၏ အုတ်မြစ်ကျောက် တိုက်ခိုက်ခံနေရသည်...”

“တောက်...ထပ်လာပြန်ပြီဟ။”

တိုက်ခိုက်ခံရသည့် နေရာကို အမြန်ကြည့်ပြီးနောက် ရှောင်းယီသည် သူ၏ ထန်ဓားနှင့် သံလှံကို ဆွဲယူကာ အပြင်သို့ ထပ်မံ ပြေးထွက်လိုက်ရပြန်သည်။

ရှောင်းယီ ထိုနေရာသို့ ရောက်သွားသောအခါ သာမန်ပင်လယ်ငါးတစ်ကောင်က အုတ်မြစ်ကျောက်အား အဆက်မပြတ် ထိုးဆိတ်နေသည်ကို တွေ့လိုက်ရလေသည်။

ရှောင်းယီသည် ၎င်းကို လှံရှည်ဖြင့် ချက်ချင်း ထိုးချလိုက်ရာ တစ်ချက်တည်းနှင့် ထိမှန်သွားခဲ့သည်။ ရှောင်းယီ၏ လက်ရှိ ခန္ဓာကိုယ် ကြံ့ခိုင်မှုဖြင့်ဆိုလျှင် လက်နက်သာ အနည်းငယ် အသုံးဝင်ပါက ဤပင်လယ်သတ္တဝါများမှာ သူ့အတွက် အန္တရာယ် မရှိသလောက်ပင်။

ထိုပင်လယ်ငါးကို တိုက်ခန်းသို့ ပြန်သယ်လာပြီးနောက် ရှောင်းယီ တွေးလိုက်မိသည်။

‘အခု အတည်ပြုလို့ ရသွားပြီ။ ပိုကြီးတဲ့ ကျွန်းတွေက ပိုပြီး တိုက်ခိုက်ခံရတာပဲ။ ဒါပေမဲ့ တိုက်ခိုက်မှုတွေ တိုးလာဖို့အတွက် ဧရိယာ ဘယ်လောက်အထိ လိုအပ်သလဲဆိုတာကိုတော့ မသိရသေးဘူး။’

အခြားကစားသမားများ၏ ကျွန်းဧရိယာ အချက်အလက်များ မရှိဘဲ ဤကောက်ချက်ကို အတည်ပြုရန်မှာ သဘာဝကျကျပင် မဖြစ်နိုင်ပေ။

“ရှောင်းယီ ငါ့သင်္ဘောကိုယ်ထည် ပင်လယ်သတ္တဝါရဲ့ တိုက်ခိုက်တာကို ခံနေရတယ်။ ပြင်ဖို့အတွက် သစ်သားပြား ၁၀၊ ကြေးနီ ၂ လိုတယ်။”

“ငါ့ဘက်မှာလည်း တိုက်ခိုက်ခံနေရတယ်။ လိုအပ်တာက သစ်သားပြား ၂၀၊ သံ ၅။”

ယွမ်နွန်နှင့် ကျန်းယွင်ထျန်းတို့မှ မက်ဆေ့ချ်များ တစ်ပြိုင်နက် ပို့လာကြသဖြင့် ရှောင်းယီသည် လိုအပ်သော ပစ္စည်းများကို ချက်ချင်း ပို့ပေးလိုက်၏။ ခဏစဉ်းစားပြီးနောက် ရှောင်းယီသည် သူတို့ထံသို့ အပိုသစ်သားပြားများ၊ သံနှင့် ကြေးနီများကိုပါ ပို့ပေးလိုက်သည်။

သင်္ဘော၏အရှိန်ကို မထိခိုက်စေဘဲ သူတို့နှစ်ဦးစလုံးသည် အခြေခံပြုပြင်ရေး ပစ္စည်းအချို့ကို သူတို့၏ သင်္ဘောပေါ်တွင် အသီးသီး ဆောင်ထားလိုက်ကြသည်။

“ဆုဝမ်၊ ဦးလေးအန်း တကယ်လို့ ဒုတိယအကြိမ် တိုက်ခိုက်တာ ခံရရင် ကျုပ်ကို ချက်ချင်း အသိပေးပါ။”

ရှောင်းယီက မှာလိုက်သည်။

“နားလည်ပြီ။”

ဆုဝမ်နှင့် အန်းယွဲ့တို့က ပြန်ဖြေလိုက်ကြ၏။

ထိုပြဿနာများကို ဖြေရှင်းပြီးနောက် ရှောင်းယီသည် နွားတင်းကုပ်နှင့် ကြက်ခြံအတွက် အစာထည့်ရန် အချိန်မရသေးပေ။ သူသည် ချက်ချင်း အပြင်ထွက်ကာ မြက်များကို ရိတ်သိမ်းပြီး နွားတင်းကုပ်ထဲသို့ ပစ်ထည့်ပေးလိုက်သည်။

ဤတစ်ကြိမ်တွင် သူသည် ကြက်ခြံထဲသို့လည်း မြက်များကို နုပ်နုပ်စဉ်းကာ ပြောင်းဖူးမှုန့်နှင့် ငါးမှုန့်အချို့ကို ထည့်ပေးလိုက်၏။ အာဟာရ ပြည့်ဝလှသည်။

မိခင်ကြက်မ၏ ဂရုတစိုက် စောင့်ရှောက်မှုအောက်တွင် ကြက်ပေါက် ၁၉ ကောင်မှာ ကြီးထွားလာခဲ့ပြီး နောက်ထပ် အများဆုံး နှစ်ရက်အတွင်း ဥများ စတင်ဥနိုင်တော့မည်ဟု ခန့်မှန်းရပေသည်။

ထို့အပြင် တိုက်ခန်း၏ အရှေ့ဘက်ရှိ S အဆင့်ပန်းအိုးထဲက အုန်းပင်မှာလည်း အသီးသီးနေပြီ ဖြစ်ကာ နောက်ထပ် နှစ်ရက်ခန့်ဆိုလျှင် ရင့်မှည့်တော့မည် ဖြစ်သည်။ ဤသည်မှာ S အဆင့် အုန်းသီးဖြစ်ပြီး အသီးသီးလျှင် ကျန်းယွင်ထျန်းကို တစ်လုံးပေးမည်ဟု သူ ကတိပေးထားခဲ့ဖူးသည်။

သက်တမ်းတိုသော ဟင်းသီးဟင်းရွက်များအတွက်မူ ရှောင်းယီက စိုက်ပျိုးဧရိယာကို လျှော့ချလိုက်၏။ သူတို့စားသောက်ရန် လုံလောက်နေသရွေ့ ထပ်မစိုက်တော့ပေ။ ဟုတ်ပါသည်...ရှောင်းယီသည် ထိုဟင်းသီးဟင်းရွက်များ၏ မျိုးစေ့အချို့ကိုတော့ အရံအဖြစ် သိမ်းဆည်းထားမည် ဖြစ်သည်။

ဟင်းသီးဟင်းရွက် အချို့ကို ရိတ်သိမ်းပြီးနောက် ရှောင်းယီ တိုက်ခန်းသို့ ပြန်လာခဲ့လိုက်သည်။

ယွမ်နွန်နှင့် ကျန်းယွင်ထျန်းတို့သည် သူတို့၏ သင်္ဘောကိုယ်ထည်များ ပင်လယ်သတ္တဝါများ၏ တိုက်ခိုက်ခြင်းကို ခံနေရကြောင်း အဆက်မပြတ် အစီရင်ခံနေကြဆဲ ဖြစ်သည်။ သို့သော် ရှောင်းယီသည် သူတို့ထံသို့ အခြေခံပစ္စည်းများ ကြိုတင်ပို့ပေးထားပြီး ဖြစ်သဖြင့် သူတို့အနေဖြင့် ဆက်လက်ပြုပြင်နေရန်သာ လိုအပ်တော့ပေသည်။

All Chapters