ဝေလငါး၊ ပင့်ကူကဏန်းနှင့် အန္တရာယ်အတွင်းမှ ကျန်းယွင်ထျန်း
Vol. 6 Ch. 86
“ဒီလိုပဲဆိုရင်တော့ ငါ့ဆီကို ရွက်လွှင့်လာတာ သိပ်မခတ်ခဲလောက်ပါဘူး။”
ကျန်းယွင်ထျန်းနှင့် တခြားသူများ၏ ခရီးစဉ်အတွင်း ပင်လယ်သတ္တဝါအသေးလေးများနှင့်သာ တွေ့ကြုံရသည်ကို ကြည့်ရှုရင်း ရှောင်းယီက တိုးတိုးလေး ရေရွတ်လိုက်မိသည်။
အခြေခံရိက္ခာများ အလျှံပယ်ရှိနေပြီး လှေကိုနှောင့်ယှက်မည့် ပင်လယ်သတ္တဝါများလည်း မရှိသဖြင့် ပြဿနာရှိမည်မဟုတ်ပေ။
သို့သော် ထိုအတွေး ရှောင်းယီ၏ခေါင်းထဲ ဝင်လာရုံရှိသေး ယွမ်နွန်က ဂရုထဲတွင် ပြောလာခဲ့လေသည်။
“ဝေလငါးတစ်ကောင်က ငါ့ကို ပစ်မှတ်ထားနေပြီ။”
သူ့စကားပင် မဆုံးသေးခင်မှာပင် ကျယ်လောင်သော အက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။
လှေတစ်စီးလုံး တစ်ဖက်သို့ တိမ်းစောင်းသွားကာ တိမ်းမှောက်တော့မည်ဟု ယွမ်နွန်ထင်လိုက်မိသော်လည်း လှေမှာ ဖြည်းဖြည်းချင်း ပြန်တည့်သွားခဲ့၏။
“ဒီ...ဒီ...လှေကိုယ်ထည် တိုက်ခိုက်ခံရပြီး ပြင်းထန်စွာ ပျက်စီးနေပါသည်။ ပြုပြင်ရန် လိုအပ်ချက်- သစ်သားပြား ၁၀၀၊ သံ ၃၀၊ ကြေးနီ ၁၀။”
“ရှောင်းယီ ငါ သံလိုနေတယ်။ ၇ ခု ထပ်လိုသေးတယ်။”
ယွမ်နွန်က အရေးတကြီး ပြောလိုက်သည်။
ရှောင်းယီသည်လည်း လိုအပ်သည့်ပစ္စည်းများကို ချက်ချင်း ပို့ပေးလိုက်သည်။
ယွမ်နွန်က ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်တွင် လှေကိုယ်ထည်အား ပြင်ဆင်ပြီးရုံရှိသေးစဉ်မှာပင် ဝေလငါးသည် နောက်တစ်ကြိမ် ပြန်လှည့်လာပြီး ရွက်လှေကို ထပ်မံတိုက်ခိုက်လိုက်ပြန်သည်။
ဂျွတ်
ဤတစ်ကြိမ် တိုက်ခိုက်မှုက အရင်ထက်ပင် ပို၍ကျယ်လောင်လှ၏။
ယွမ်နွန်သည် လှေဦးပိုင်း ပျက်စီးသွားသည်ကိုလည်းကောင်း၊ ထိန်းချုပ်ခန်းအနှံ့ အက်ကြောင်းကြီးများ မြွေလိမ်မြွေကောက် ပေါ်လာသည်ကိုလည်းကောင်း ကြည့်နေမိသည်။
“ဒီ...ဒီ...လှေကိုယ်ထည် တိုက်ခိုက်ခံရပြီး ပြင်းထန်စွာ ပျက်စီးနေပါသည်။ ပြုပြင်ရန် လိုအပ်ချက်- သစ်သားပြား ၁၅၀၊ သံ ၅၀၊ ကြေးနီ ၄၀။”
ယွမ်နွန်က လိုအပ်သည့် အရင်းအမြစ်များကို ဂရုထဲတွင် တင်လိုက်သော်လည်း ဝေလငါးက ဘယ်ဘက်မှနေ၍ နောက်တစ်ကြိမ် အရှိန်ပြင်းပြင်း ပြေးဝင်လာသည်ကို မြင်လိုက်ရပြန်သည်။
“ရှောင်းယီ အဲ့ကောင် ပြန်လာပြန်ပြီ။”
ယွမ်နွန်က အားကိုးရာမဲ့စွာ ပြောလာခဲ့ရှာသည်။
“ငါ့ရဲ့ သံလှံလည်း မရှိတော့ဘူး။ ဒူးလေးက မြှားတွေလည်း ကုန်ပြီ။ ငါတော့ သွားပြီထင်တယ်။ အခြေခံရိက္ခာတွေကို အလကား မဖြုန်းတီးပါနဲ့တော့။”
“ဦးလေးယွမ် အရှုံးမပေးလိုက်နဲ့။ အခုချက်ချင်း ပြုပြင်လိုက်ပါ။ ကျုပ် နည်းလမ်းတစ်ခု စဉ်းစားနေတယ်။”
ရှောင်းယီက အော်ပြောလိုက်သည်။
ယွမ်နွန်က သက်ပြင်းချကာ လှေကိုယ်ထည်ကို နောက်တစ်ကြိမ် ဖာထေးလိုက်သည်။
ဂျွတ်
ရွက်လှေသည် ညာဘက်သို့ အဝေးကြီး တိမ်းစောင်းသွားကာ နောက်တစ်ကြိမ် မှောက်လုနီးပါး ဖြစ်သွားခဲ့ပြန်၏။
“ဒီ...ဒီ...လှေကိုယ်ထည် တိုက်ခိုက်ခံရပြီး ပြင်းထန်စွာ ပျက်စီးနေပါသည်။ ပြုပြင်ရန် လိုအပ်ချက်- သစ်သားပြား ၁၀၀၊ သံ ၃၀၊ ကြေးနီ ၁၀။”
“မဖြစ်တော့ပါဘူး။ ဒီလိုသာဆို ပစ္စည်းတွေ ဘယ်လောက်ပဲရှိရှိ ကုန်သွားမှာပဲ။”
ယွမ်နွန်က ခေါင်းခါရင်း ပြောလိုက်သည်။
ရှောင်းယီသည် ယွမ်နွန် အသက်ရှင်နိုင်ရန် နည်းလမ်းကို အပြင်းအထန် စဉ်းစားနေမိသည်။
လိုအပ်သည့် အရင်းအမြစ်များကို နောက်တစ်ကြိမ် ပို့ပေးပြီးနောက် စိတ်ကူးတစ်ခု ရလာခဲ့သည်။
“ဦးလေးယွမ် ဒါကို စမ်းကြည့်လိုက်။”
သူက ပစ္စည်းတစ်ခုကို ချက်ချင်း လွှဲပြောင်းပေးလိုက်သည်။
“[ရေသန့်] (S အဆင့်) ၁၀၀ မီလီလီတာ - အခမဲ့လဲလှယ်ခြင်း။”
ယွမ်နွန်သည် Sအဆင့်ရေကို ကြည့်ဟာ ပဟေဠိ ဖြစ်သွားခဲ့သည်။
“ငါ S အဆင့် ရေတွေကို ဂါလန်လိုက် သောက်ရင်တောင် ဝေလငါးကို တိုက်နိုင်မှာ မဟုတ်ဘူး။”
“သောက်ဖို့ မဟုတ်ဘူး။”
ရှောင်းယီက ဆိုသည်။ ယွမ်နုံ သဘောပေါက်သွား၏။
“မင်း ဆိုလိုတာက ဝေလငါးကို အာရုံလွှဲဖို့ ဒါကို သုံးပြီး ငါ့ကို ထွက်ပြေးခိုင်းတာလား။”
“အတိအကျပဲ။”
ရှောင်းယီက ပြောလိုက်သည်။
“စမ်းကြည့်သင့်တယ်။ စမ်းကြည့်ရအောင်။”
“ကောင်းပြီ။”
ယွမ်နွန် ပြန်ဖြေလိုက်သည်။
S အဆင့် ရေသည် လူသားတို့၏ ကြံ့ခိုင်မှုကို များစွာ တိုးတက်စေသည် ဖြစ်ရာ ပင်လယ်သတ္တဝါများသည်လည်း ၎င်းကို အာရုံခံမိမှာ အသေအချာပင်။ အကယ်၍ ၎င်းက ဝေလငါး၏ အာရုံကို လွှဲပေးနိုင်ပြီး ရွက်လှေကို ထပ်မံမတိုက်ခိုက်အောင် တားဆီးနိုင်လျှင် အခြားနည်းလမ်း စဉ်းစားရန် အချိန်ရမည်ဖြစ်သည်။
လှေကိုယ်ထည်ကို ပြင်ဆင်ပြီးနောက်၊း ယွမ်နွန်သည် ကုန်းပတ်ပေါ်သို့ တက်လာခဲ့ရာ ဝေလငါးက နောက်တစ်ကြိမ် တိုက်ခိုက်ရန် ပြေးဝင်လာသည်ကို မြင်လိုက်ရလေသည်။
သူသည် S အဆင့် ရေပုလင်းကို ဖွင့်ကာ ပင်လယ်ထဲသို့ အနည်းငယ်လောင်းချလိုက်ပြီး ပုလင်းတစ်ခုလုံးကို လှေသွားနေသည့် လမ်းကြောင်းနှင့် ဆန့်ကျင်ဘက်သို့ လွှဲပစ်လိုက်၏။
ဝေလငါး၏ အရှိန်မှာ တန့်သွားပြီး S အဆင့် ရေ၏ ရနံ့နောက်သို့ လိုက်ပါသွားတော့သည်။
“အလုပ်ဖြစ်တယ်။”
ယွမ်နွန်က ဝမ်းသာအားရ အော်ဟစ်လိုက်ပြီးနောက် တက်မကို လှည့်ကာ အမြန်ဆုံး မောင်းထွက်ခဲ့တော့သည်။
“ရှောင်းယီ ဝေလငါးက S အဆင့် ရေနောက်ကို လိုက်သွားပြီး ငါ့ကို တိုက်တာ ရပ်သွားပြီ။”
သူက ဂရုထဲတွင် သတင်းပို့လိုက်သည်။
ရှောင်းယီ စိတ်အေးသွားကာ သက်ပြင်းချလိုက်မိ၏။
“ကောင်းပြီ လေကြောင်းအတိုင်း ရွက်လွှင့်ပြီး အဲ့ဒီဝေလငါးနဲ့ ဝေးနိုင်သမျှ ဝေးအောင်သာ သွားတော့။”
“သိပြီ။”
ယွမ်နွန်သည် သူစီစဉ်ထားသော လမ်းကြောင်းကို စွန့်လွှတ်ကာ ရွက်တိုင်အားလုံးကို ဖြန့်ပြီး အရှေ့သို့ အပြင်းနှင်တော့သည်။
“ဒါပေမဲ့ အဲ့ဒီကောင်က အရသာတွေ့သွားရင် ခင်ဗျားနောက်ကို ဆက်လိုက်လာလောက်ဦးမလား။”
ရှောင်းယီက စိုးရိမ်တကြီး မေးလိုက်သည်။
“အဲ့ဒါကတော့ စွန့်စားကြည့်ရမှာပဲ။ သူ့နယ်မြေထဲကနေ လွတ်သွားဖို့ပဲ မျှော်လင့်ရမယ်။”
ယွမ်နွန်က မျှော်လင့်ချက်ကင်းမဲ့စွာ ပြန်ဖြေလာခဲ့သည်။
ရှောင်းယီက ခေါင်းငြိမ့်လိုက်သော်လည်း ဝေလငါးအန္တရာယ်ကို အမြစ်ပြတ်အောင် မည်သို့ရှင်းလင်းရမည်ကို ဆက်လက်စဉ်းစားနေမိသည်။
ကျန်းယွင်ထျန်း၏ ဘက်တွင်မူ ပင်လယ်သတ္တဝါလေးများက ခဏခဏ နှောင့်ယှက်နေသော်လည်း စိုးရိမ်စရာ တစ်စုံတစ်ရာ မရှိသေးပေ။
မွန်းတည့်ချိန်တွင် ရှောင်းယီသည် ငါးကင်နှင့် ဟင်းသီးဟင်းရွက်ကြော် အချို့ကို ပြုလုပ်ကာ လူတိုင်းထံသို့ ပို့ပေးလိုက်သည်။
အဖြစ်အပျက်များက အလွန်မြန်ဆန်နေသဖြင့် ဟင်းကောင်းကောင်းချက်ရန် အချိန်မရဘဲ ဗိုက်ပြည့်ရန်သာ အဓိကထားရတော့ပေမည်။
နေ့လယ်စာ စားပြီးပြီးချင်း ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က အသံမြည်လာခဲ့ပြန်သည်။
“သတိပေးချက်- ကျွန်း၏ အုတ်မြစ်ကျောက် တိုက်ခိုက်ခံနေရသည်...”
“ငါ့ကို နားချိန်လေးတောင် မပေးတော့ဘူးလား။”
ရှောင်းယီက တည်နေရာကို စစ်ဆေးပြီးနောက် အပြေးအလွှား ထွက်လာခဲ့ရပြန်သည်။
ထိုနေရာသို့ မရောက်မီမှာပင် အိမ်ရာထဲမှ ဝမ်ချိုင်က စူးစူးဝါးဝါး ဟောင်လာခဲ့သည်။
“တောက်...အကုန်လုံး တစ်ပြိုင်တည်း ရောက်လာနေတာပဲ။”
သူက ကျိန်ဆဲရင်း ပိုမြန်အောင် ပြေးလိုက်သည်။
သူ ရောက်သွားသောအခါ အံ့အားသင့်ဖွယ် ကောင်းလောက်အောင်ပင် ကြီးမားသော ငါးမန်းကြီးတစ်ကောင်ကို တွေ့လိုက်ရလေသည်။
သူ အရင်က သတ်ခဲ့သော ငါးမန်းထက်ပင် ပိုကြီးနေသေးသည်။
သူသည် တွေဝေမနေဘဲ သံလှံကို မြှောက်ကာ လျှပ်စီးကဲ့သို့အလျင်ဖြင့် ထိုးစိုက်လိုက်တော့သည်။
ဗျစ်
လှံသွားမှာ ငါးမန်း၏ ခန္ဓာကိုယ်ထဲသို့ တစ်မီတာခန့် နစ်ဝင်သွားခဲ့၏။
ငါးမန်းက ရုန်းကန်လိုက်သဖြင့် ပတ်ဝန်းကျင်မှ ရေများမှာ သွေးရောင် လွှမ်းသွားတော့လေသည်။ ယခုတစ်ကြိမ်တွင် ရှောင်းယီက ထွက်မပြေးနိုင်စေရန် လှံကို မြဲမြဲကိုင်ထားလိုက်သည်။
“တက်လာခဲ့စမ်း...။”
သူသည် ထိုငါးမန်းကို ကုန်းပေါ်သို့ မြှောက်တင်ကာ အမြန်ဆုံး အဆုံးစီရင်ရန် ကြိုးစားလိုက်၏။
ထိုကြီးမားသော ငါးမန်းကြီးမှာ ရေပေါ်သို့ တကယ်ပင် ကြွတက်လာခဲ့သည်။
ဂျွတ်
ငါးမန်းကိုယ်ထည် တစ်ဝက်ခန့် လေထဲရောက်လာချိန်တွင် လေးလံသော အလေးချိန်ကြောင့် သစ်သားလှံရိုးမှာ ကျိုးသွား၏။
ရှောင်းယီသည် သူ၏ ထန်ဓားကို ဆွဲထုတ်ကာ ငါးမန်း၏ ဝမ်းဗိုက်ကို ပိုင်းချလိုက်တော့သည်။
ဗြိ
တစ်မီတာခန့်ရှိသော ဒဏ်ရာကြီး ပွင့်ထွက်သွားပြီး သွေးများ ပန်းထွက်လာခဲ့သည်။
ဗွမ်း
ငါးမန်းသည် ရေထဲသို့ ပြန်လည်ပြုတ်ကျသွားပြီး ရှောင်းယီ တစ်ကိုယ်လုံး ပင်လယ်ရေများ စိုရွှဲကုန်တော့သည်။
သူ ကမ်းခြေသို့ ပြေးကြည့်လိုက်သောအခါ ဒဏ်ရာရထားသော ငါးမန်းကြီး အဝေးသို့ ထွက်ပြေးသွားသည်ကို မြင်လိုက်ရ၏။
သူ့တွင် အလိုအလျောက် ငါးဖမ်းပိုက် မရှိသဖြင့် ထိုအတိုင်းသာ လွှတ်ပေးလိုက်ရသည်။
ဝမ်ချိုင်၏ ဟောင်သံက မရပ်သေးပေ။ တစ်စုံတစ်ယောက်က သူ့ကို ခေါ်နေခြင်း ဖြစ်ရပေမည်။
ရှောင်းယီသည် လေကဲ့သို့ အဟုန်ဖြင့် အိမ်ရာဆီသို့ ပြန်ပြေးသွားခဲ့၏။
ကျန်းယွင်ထျန်းပင်....။
သူ၏ လှေသည် ပင့်ကူနှင့်တူသော ကဏန်းကြီးတစ်ကောင်၏ တိုက်ခိုက်ခြင်းကို ခံနေရလေသည်။ အကျယ် ၄ မီတာခန့်ရှိသော ထိုပင့်ကူကဏန်း၏ လက်သည်းများက ဓားကဲ့သို့ ထက်ရှလှပြီး ရိုက်ချက်တိုင်းက လှေကိုယ်ထည်ကို စုတ်ပြတ်သွားစေခဲ့သည်။
“ရှောင်းယီ ငါ့မှာရှိတဲ့ ပစ္စည်းတွေ ကုန်သလောက် ဖြစ်နေပြီ။ ၁၀ မိနစ်အတွင်း လှေမြုပ်တော့မယ်။”
“ရှောင်းယီ အဲ့ကောင် ထပ်တိုက်ပြန်ပြီ။ ၅ မိနစ်ပဲ ကျန်တော့တယ်။”
“ရှောင်းယီ မရတော့ဘူး လှေဝမ်းထဲ ရေတွေဝင်နေပြီ။ ရေပက်ထုတ်ဖို့ အချိန်မမီတော့ဘူး။”