အန္တရာယ်မှ လွတ်မြောက်ခြင်းနှင့် အရင်းအမြစ်များ အသည်းအသန် ပြန်လည်စုဆောင်းခြင်း
Vol. 6 Ch. 87
ပင့်ကူကဏန်းက မရပ်မနား တိုက်ခိုက်နေသောကြောင့် လှေမှာ တစ်စတစ်စ ပိုမိုမြန်ဆန်စွာ မြုပ်စပြုလာခဲ့သည်။
ရှောင်းယီသည် ကျန်းယွင်ထျန်း၏ မက်ဆေ့ဂျ်ကို မြင်လိုက်ရပြီး အခြေအနေမှာ အလွန်ပင် စိုးရိမ်ရကြောင်း သိလိုက်ကာ ရိက္ခာများကို သူ့ထံသို့ ချက်ချင်း ပို့ပေးလိုက်၏။
“ခုနက ငါ့ကျွန်းလည်း ပြန်အတိုက်ခိုက်နေခံရလို့ပါ။ အရင်ဆုံး လှေကို အမြန်ပြင်ပြီးမှ အဲ့ကောင်ကို မောင်းထုတ်ဖို့ နည်းလမ်းရှာလိုက်ပါ။”
ရှောင်းယီက ပြောလိုက်သည်။
ရှောင်းယီထံမှ ရိက္ခာများ ရရှိသည်နှင့် ကျန်းယွင်ထျန်းသည် လှေကို ချက်ချင်း ပြုပြင်ရန် ရွေးချယ်လိုက်ပြီးနောက် အနီးရှိ လေးနှင့်မြှားကို ဆွဲကိုင်ကာ လှေနံဘေးသို့ ပြေးထွက်သွားပြီး ပင့်ကူကဏန်းကို ပစ်ခတ်တော့လေသည်။
ရွှတ်... ရွှတ်... ရွှတ်
ကျန်းယွင်ထျန်း၏ လေးပစ်သံမှာ ပြတ်တောက်မသွားခဲ့ချေ။ ပင့်ကူကဏန်းမှာ ဖျတ်လတ်သော်လည်း ကျန်းယွင်ထျန်း၏ စက်သေနတ်သဖွယ် တရစပ် မြှားဖြင့်ပစ်ခတ်မှုများကိုမူ မခံနိုင်ပေ။
တစ်ချိန်တည်းမှာပင် တရစပ်ပစ်ခတ်နေသော မြှားများကြောင့် ပင့်ကူကဏန်းမှာ လှေကို ဆက်လက်မတိုက်ခိုက်နိုင်တော့ဘဲ ဟန့်တားခြင်း ခံလိုက်ရတော့သည်။
ဇွပ်!
မြှားတစ်စင်းသည် ပင့်ကူကဏန်း၏ ကျောလယ်ဗဟိုသို့ တည့်တည့်ထိမှန်ကာ အခွံကို ဖောက်ထွက်သွားခဲ့၏။
ပင့်ကူကဏန်းသည် ချက်ချင်းပင် နောက်ကြောင်းပြန်လှည့်ကာ ထွက်ပြေးတော့သည်။
“ပြေးချင်တာလား။ အဲ့လောက် မလွယ်ဘူးကွ။”
ကျန်းယွင်ထျန်းသည် အနီးရှိ ငါးဖမ်းပိုက်ကို ချက်ချင်းဆွဲယူကာ ပင့်ကူကဏန်းရှိရာသို့ ပစ်ပေါက်လိုက်တော့သည်။
တည့်တည့်ပင် ထိမှန်သွား၏။
ကျန်းယွင်ထျန်းက ပိုက်ကို ချက်ချင်း ပြန်ဆွဲလိုက်ရာ ပင့်ကူကဏန်းကို နောက်သို့ ပြန်ပါလာစေခဲ့သည်။
ပင့်ကူကဏန်း၏ လက်သည်းများက ငါးဖမ်းပိုက်ကို ဖြတ်တောက်နေသော်လည်း ကျန်းယွင်ထျန်းသည် ၎င်း မလွတ်မြောက်မီမှာပင် ကုန်းပတ်ပေါ်သို့ အောင်မြင်စွာ ဆွဲတင်နိုင်ခဲ့သည်။
ထို့နောက် ကျန်းယွင်ထျန်းသည် သူ၏ B အဆင့် ဓားမြှောင်ကို ဆွဲထုတ်ကာ ၎င်းထံသို့ တည့်တည့် လျှောက်သွားလိုက်၏။
ပင့်ကူကဏန်းသည် ၎င်း၏ လက်သည်းများကို ဝှေ့ယမ်းကာ ကျန်းယွင်ထျန်းကို အနားမကပ်ရန် သတိပေးနေပုံရသည်။
သို့သော် ကျန်းယွင်ထျန်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ၎င်း၏ ရှေ့တည့်တည့်အထိ လျှောက်သွားလိုက်လေသည်။
သူသည် ပင့်ကူကဏန်း၏ အဆက်မပြတ် ဝှေ့ယမ်းနေသော လက်သည်းများကို လွယ်လင့်တကူ ရှောင်တိမ်းလိုက်ပြီး တစ်ခုပြီးတစ်ခု ပိုင်းဖြတ်ပစ်လိုက်တော့သည်။
လက်သည်းများ အားလုံး အဖြတ်ခံလိုက်ရသော ပင့်ကူကဏန်းမှာ မသေသေးဘဲ ကုန်းပတ်ပေါ်တွင် လူးလိမ့်နေစဉ် ကျန်းယွင်ထျန်းက ထိန်းချုပ်ခန်းထဲသို့ ပြန်ဝင်သွားခဲ့သည်။
“ရှောင်းယီ ငါ ရှင်းပြီးပြီ။”
ကျန်းယွင်ထျန်းက ပြောလိုက်ပြီး ပင့်ကူကဏန်း၏ လက်သည်းပုံကိုလည်း ဂရုထဲသို့ တင်ပေးလိုက်သည်။
“[ပင့်ကူကဏန်း လက်သည်း] ၁။ တို့ရဲ့ အရင်ကမ္ဘာမှာ ဒီလိုသတ္တဝါတွေ ရှိဖူးလား။ ဒီကမ္ဘာမှာ တကယ်ပဲ ထူးဆန်းတဲ့ သတ္တဝါတွေ ရှိနေတာလား။”
ကျန်းယွင်ထျန်းက မေးလိုက်သည်။
“ရှိတယ်။”
ယွမ်နွန်က ချက်ချင်း ပြန်ဖြေလာခဲ့သည်။
“ဒီကောင်ရဲ့ သိပ္ပံအမည်က ‘ဧရာမ ပင့်ကူကဏန်း’ ပဲ။ မှတ်တမ်းတင်ထားတဲ့ အချက်အလက်တွေအရ သူ့ခြေထောက်တွေရဲ့ အကျယ်က ၄ မီတာကျော်အထိ ရှိတတ်တယ်။ ပစိဖိတ်သမုဒ္ဒရာရဲ့ ရေနက်ပိုင်းမှာ နေထိုင်ကြပြီး လက်သည်းတွေက အရမ်းထက်မြက်တယ်။ ရှေးဒဏ္ဍာရီတွေအရဆိုရင် တံငါသည် တော်တော်များများဟာ ဒီကောင်တွေရဲ့ ဆွဲချစားသောက်တာကို ခံခဲ့ရဖူးတယ်လို့ ဆိုကြတယ်။”
“ဒီတော့ ဒါက တကယ်ရှိတဲ့ အကောင်ပေါ့။ ကျုပ် ဗဟုသုတ နည်းသွားတယ်။”
ကျန်းယွင်ထျန်းက ဆိုသည်။
“ဒါပေမဲ့ ဒီကမ္ဘာမှာ ငါတို့တစ်ခါမှ မမြင်ဖူးတဲ့ ထူးဆန်းတဲ့ သတ္တဝါတွေလည်း ရှိနေနိုင်သေးတယ်။”
ယွမ်နွန်က ခါးသီးစွာ ပြုံးရင်း ပြန်ပြောလိုက်သည်။
“နောက်ဆုံးတော့ ငါတို့ ဒီကို ရောက်လာတာကိုက တော်တော်လေးကို ဆန်းကြယ်နေတာပဲ မဟုတ်လား။”
ကျန်းယွင်ထျန်းက ပင့်ကူကဏန်းကို နှိမ်နင်းနိုင်ခဲ့ကြောင်း ကြားလိုက်ရသောအခါ ရှောင်းယီ စိတ်အေးသွားကာ သက်ပြင်းရှည်ကြီး ချလိုက်မိသည်။
“ရှိ၊ မရှိကတော့ ကောင်းကင်ဘုံပဲ သိလိမ့်မယ်။ ဒါပေမဲ့ ဒီကမ္ဘာရဲ့ သဘောသဘာဝအရဆိုရင် ရှိနေရင်တောင် အခုလောလောဆယ်တော့ ပေါ်လာဦးမှာ မဟုတ်ဘူး။”
ယွမ်နွန်နှင့် ကျန်းယွင်ထျန်းတို့လည်း ခေါင်းငြိမ့်လိုက်ကြသည်။ အဘယ်ကြောင့်ဆိုသော် ဤကမ္ဘာ၏ ရှင်သန်ရေး ခက်ခဲမှုနှုန်းသည် တဖြည်းဖြည်းချင်း တိုးလာခြင်းကြောင့်ပင်။
“ခင်ဗျားတို့ နှစ်ယောက်လုံး သတိထားကြဦး။ ကျုပ်ရဲ့ကျွန်းကိုလည်း ပင်လယ်သတ္တဝါတွေ ထပ်မတိုက်တော့ဖို့ပဲ မျှော်လင့်ရတော့မယ်။”
ရှောင်းယီက ပြောလိုက်သည်။
“မင်း ကျွန်းက ၄ ကြိမ်တောင် အတိုက်ခံရပြီးပြီ ထင်တယ် ဟငတ်လား။”
ကျန်းယွင်ထျန်းက ဆိုသည်။ ထိုအခါ ရှောင်းယီ ခေါင်းငြိမ့်ကာ ပြန်ဖြေလိုက်သည်။
“ဟုတ်တယ်။ ဒီကမ္ဘာရဲ့ ဥပဒေသတွေက ကျွန်းတစ်ကျွန်းချင်းစီရဲ့ အရွယ်အစားကို ကန့်သတ်နေတဲ့ပုံပဲ။”
“ဒီကမ္ဘာကြီးက ဘာတွေလုပ်ဖို့ ကြိုးစားနေတာလဲဆိုတာ တကယ်ကို မသိတော့ဘူး။”
ယွမ်နွန်က သက်ပြင်းချကာ ပြောလိုက်၏။
“လောလောဆယ်တော့ အရေးကြီးတာတွေကိုပဲ အာရုံစိုက်ရအောင်။”
ရှောင်းယီက ပြောလိုက်သည်။
“ဦးလေးယွမ် အဲ့ဒီ ဝေလငါးက ခင်ဗျားနောက်ကို လိုက်နေတုန်းပဲလား ဆိုတာကို သေချာ ဂရုစိုက်ကြည့်ထားပါ။”
“နားလည်ပြီ။”
ယွမ်နွန်က ပြန်ဖြေလိုက်သည်။ နောက်ဆုံးတွင် S အဆင့် ရေသန့်မှာ အကန့်အသတ်မရှိ ရှိနေသည်မဟုတ်သဖြင့် ကျန်းယွင်ထျန်း လုပ်သကဲ့သို့ အန္တရာယ်ကို အစပျိုးကတည်းက နှိမ်နင်းလိုက်ခြင်းကသာ အကောင်းဆုံး နည်းလမ်းဖြစ်ပေသည်။
သို့သော် ယွမ်နွန်အတွက်မူ ဝေလငါးတစ်ကောင်ကို သတ်ပစ်ရန်ဆိုသည်မှာ အိမ်မက်တစ်ခုကဲ့သို့ပင်။
သူ မတိုက်ခိုက်နိုင်သရွေ့တော့ ဆက်လက် ပုန်းရှောင်နေရုံသာ ရှိပေလိမ့်မည်။
ကျန်းယွင်ထျန်းမှာ လှေဝမ်းထဲရှိ စုပြုံနေသော ရေများကို သွားရောက် ဖယ်ထုတ်နေပြီဖြစ်သည်။ အစောပိုင်းက ပင့်ကူကဏန်း၏ အငိုက်ဖမ်း တိုက်ခိုက်မှုကြောင့် ရေဖယ်ထုတ်ရန်သာ အလုပ်များနေသဖြင့် ပင့်ကူကဏန်းနှင့် ရင်ဆိုင်ရန် အခွင့်အရေး မရခဲ့ခြင်း ဖြစ်သည်။
လှေကို ပြုပြင်ပြီးပြီးချင်း ကျန်းယွင်ထျန်းသည် ပင့်ကူကဏန်းနှင့် ထိပ်တိုက်ရင်ဆိုင်ရန် ပြေးထွက်သွားခဲ့ခြင်းကြောင့် ၎င်းကို နှိမ်နင်းနိုင်ခဲ့ခြင်း ဖြစ်သည်။
တကယ်တမ်း ထိပ်တိုက်တွေ့လျှင် ကျန်းယွင်ထျန်းသည် အနိုင်ရနိုင်ခြေများသော်လည်း ပင်လယ်သတ္တဝါများသည် ရေအောက်တွင် ရှိနေပြီး ကျန်းယွင်ထျန်းတွင် ရေဒါထောက်လှမ်းရေးစက်မျိုးမရှိသဖြင့် ၎င်းတို့၏ လှုပ်ရှားမှုကို ကြိုတင်မသိနိုင်ဘဲ ချောင်းမြောင်း တိုက်ခိုက်ခံရမှသာ သိနိုင်ခြင်း ဖြစ်သည်။
ရှောင်းယီသည်လည်း အဝေးသို့ ထပ်မသွားရဲတော့ပေ။ ခုနက သူ၏ကျွန်း အုတ်မြစ်ကျောက်တုံး တိုက်ခိုက်ခံရသည်ကို သွားရောက်ရှင်းလင်းစဉ်က ကျန်းယွင်ထျန်းမှာ သေလုနီးပါး ဖြစ်ခဲ့ရ၏။
သူ ဆုံးဖြတ်ချက် တစ်ခု ချလိုက်သည်။ အကယ်၍ သူ၏ကျွန်း အုတ်မြစ်ကျောက်တုံး ထပ်မံတိုက်ခိုက်ခံရပါက ကျောက်တုံးကို အရင်စွန့်လွှတ်ရန် ရွေးချယ်မည် ဖြစ်သည်။
ကျောက်တုံး ပျောက်သွားပါက ပြန်လည် ဆယ်ယူစုဆောင်းနိုင်သော်လည်း သူငယ်ချင်းတစ်ယောက် ဆုံးရှုံးသွားပါက ဘယ်တော့မှ ပြန်မရနိုင်တော့ပေ။
သူသည် သူတို့နှစ်ဦးကို ဘေးကင်းအောင်နေရန်နှင့် အမြဲတမ်း အဆက်အသွယ်လုပ်ရန် ထပ်မံ သတိပေးလိုက်သည်။
ထို့နောက် ရှောင်းယီသည် ဈေးကွက်ခန်းမသို့ ပြောင်းလိုက်ကာ အခြေခံရိက္ခာများကို အသည်းအသန် စုဆောင်းတော့လေသည်။ အဓိကအားဖြင့် သစ်သား၊ သစ်သားပြား၊ သံ နှင့် ကြေးနီတို့ကိုသာ အာရုံစိုက်ထားခဲ့၏။
ရှောင်းယီသည် ထိုရိက္ခာများအတွက် လဲလှယ်ပေးမည့် ပင်လယ်ငါးနှင့် ရေနွေးပမာဏကိုလည်း နှစ်ဆ တိုးမြှင့်ပေးလိုက်သည်။
တစ်နည်းအားဖြင့် ယခင်က ရိက္ခာပမာဏ အတူတူကို ယခုအခါတွင် ရေနှင့် အစားအစာ နှစ်ဆပို၍ ရရှိနိုင်မည် ဖြစ်သည်။
အများသုံးချန်နယ်တွင်မူ မိမိတို့၏ကျွန်းများ ပင်လယ်သတ္တဝါ တိုက်ခိုက်ခံရကြောင်း ညည်းညူနေသူအချို့ ရှိနေသေးသော်လည်း အများစုမှာ တိုက်ခိုက်မှုများ ပြီးဆုံးသွားပြီ ဖြစ်ပုံရသည်။
လူအများစုမှာ ကျောက်တုံးတစ်တုံး ဆုံးရှုံးခဲ့ရပြီး လူအနည်းစုမှာမူ ထိုသတ္တဝါများကို ဒဏ်ရာရစေကာ ခြောက်လှန့် မောင်းထုတ်နိုင်ခဲ့ကြသည်။ အလွန်နည်းပါးသော လူအချို့မှာမူ တိုက်ခိုက်လာသော သတ္တဝါကို သတ်ပစ်နိုင်ခဲ့ကြ၏။
ရှောင်းယီ၏ အခြေခံရိက္ခာ အမြောက်အမြား စုဆောင်းမည့် ကုန်သွယ်မှု ကမ်းလှမ်းချက်များ တက်လာသည်နှင့် အများသုံးချန်နယ်တွင် ချက်ချင်းပင် ဆွေးနွေးငြင်းခုံမှုများ ဖြစ်ပေါ်လာတော့သည်။
“ဘာတွေဖြစ်နေတာလဲ။ သူဌေးကြီးက သစ်သား၊ သစ်သားပြား၊ ကြေးနီနဲ့ သံတွေကို အသည်းအသန် ပြန်စုနေပြီ။”
“ဟုတ်တယ်။ အရင်က ရိက္ခာပမာဏ အတူတူပဲကို အခုတော့ ရေနဲ့ အစားအစာ နှစ်ဆတောင် ပိုရနေတယ်။”
“ဒီသူဌေးက ဘာတွေလုပ်နေတာလဲ။”
“မသိဘူး။ ဘာပဲဖြစ်ဖြစ် ရေနဲ့ အစားအစာရဖို့ မြန်မြန် လဲလှယ်ရမယ်။ ဒီနေ့ ရိက္ခာသေတ္တာ နှစ်လုံးဖွင့်တာ ရေနဲ့ အစားအစာ တစ်ခုမှ မပါဘူး။”
“ဟုတ်တယ်။ ကျုပ်လည်း သုံးလုံးဖွင့်တာ ဘာမှမရခဲ့ဘူး။ ပစ္စည်းရနိုင်တဲ့ ရာခိုင်နှုန်းကို ထပ်လျှော့လိုက်ပြီ ထင်တယ်။”
“ဟုတ်တယ်၊ မြန်မြန် လဲလှယ်ကြစို့။”
“ခင်ဗျားတို့ ထင်မိလား။ ရေနဲ့ အစားအစာရဖို့ ခက်လာတဲ့အချိန်မှာ သူဌေးက အခြေခံရိက္ခာတွေကို ဈေးကောင်းပေးပြီး ဝယ်နေတယ်ဆိုတော့ သူတစ်ခုခု အရေးပေါ် ဖြစ်နေလို့များလား။”
“အဲ့ဒါလည်း ဖြစ်နိုင်တာပဲ။”
“ဒါဆိုရင် တို့တွေ ခဏလောက် စောင့်ကြည့်ကြမလား။ သူဌေး ဈေးထပ်တင်လာရင် ရေနဲ့ အစားအစာ ပိုရဦးမှာလေ။”
“ဟုတ်သားပဲ။ ဒါဆို... မင်းပဲ စောင့်နေလိုက်။ ငါကတော့ မစောင့်နိုင်ဘူး။”
အချို့သူများက ရှောင်းယီ ဈေးထပ်တင်လာမည့်အချိန်ကို စောင့်နေကြသော်လည်း လူအများစုမှာမူ မြန်မြန်ဆန်ဆန်ပင် လဲလှယ်ရန် ရွေးချယ်ခဲ့ကြသည်။
ထိုအချိန်တွင် ခြောက်စတုရန်းမီတာသာရှိသော ကျွန်းငယ်လေးတစ်ခုပေါ်တွင် ဂါဝန်အဖြူရောင် ဝတ်ဆင်ထားသော မိန်းကလေးတစ်ဦးသည် ဈေးကွက်ခန်းမမှ အခြေခံရိက္ခာ လဲလှယ်မှုများကို ကြည့်ရင်း အံ့အားသင့်ကာ မျက်လုံးများ ဝိုင်းစက်သွားခဲ့သည်။
“အရင်က ဒီလိုသူဌေးမျိုး ဘာလို့မရှိခဲ့တာလဲ။ သူက ပင်လယ်ငါးနဲ့ ရေနွေးတွေ ဒီလောက်တောင် ဘယ်လိုရှိနေရတာလဲ။”
ထိုမိန်းကလေးက စိတ်ထဲမှ တွေးနေမိသည်။
“ပြီးတော့ အများသုံးချန်နယ်မှာ စကားပြောနေတဲ့ အိုင်ဒီတွေကလည်း အရင်ကနဲ့ မတူတော့ဘူး။”
သူမသည် အမြဲတမ်း စကားပြောလေ့ရှိသူများ၏ အိုင်ဒီများကို ရင်းနှီးပြီးသား ဖြစ်သော်လည်း ယခုအခါတွင် လူသစ်အချို့ ရောက်နေသည်ဟု ခံစားလိုက်ရသည်။
“ဒါက ကျွန်းအထိမ်းအမှတ်ကျောက်တိုငခရဲ့ အသိပေးချက်ထဲမှာပါတဲ့ ‘သူငယ်ချင်းအသစ်တွေ’ များလား။”
ထိုမိန်းကလေးက မျက်မှောင်ကျုံ့ရင်း စဉ်းစားမိလိုက်သည်။
သံသယများစွာ ရှိနေသော်လည်း သူမသည် တွေဝေမနေဘဲ သူမ၏ ရိက္ခာများကို ထုတ်ယူကာ ပင်လယ်ငါးနှင့် ရေနွေး အတော်များများကို လဲလှယ်လိုက်တော့သည်။