← Chapters

အန်းရန်နှင့် အိပ်ရေးမဝသော ညတစ်ည

Vol. 6 Ch. 88

အန်းရန်နှင့် အိပ်ရေးမဝသော ညတစ်ည

Vol. 6 Ch. 88

“ဒါတွေကို ချွေတာသုံးမယ်ဆိုရင် တစ်ပတ်လောက်တော့ အေးအေးဆေးဆေး ခံမှာပဲ။”

ယခုလေးတင် လဲလှယ်ရယူထားသော ရေနွေးနှင့် ပင်လယ်ငါးများကို ကြည့်ရင်း ထိုမိန်းကလေးက တွေးလိုက်၏။

“ဖေဖေ မေမေ...မင်းတို့ ဘယ်မှာလဲ။ သမီး ဘာလို့ ဆက်သွယ်လို့ မရတာလဲ။”

“သူရော ဒီကမ္ဘာကို ရောက်နေလောက်မလား။ မရောက်ပါစေနဲ့လို့ပဲ ဆုတောင်းရမယ်။ ဒီကမ္ဘာကြီးက အရမ်းရက်စက်လွန်းတယ်။”

မိန်းကလေးသည် အဆုံးမရှိသော ပင်လယ်ပြင်ကြီးကို ငေးကြည့်ရင်း သက်ပြင်းသာသာ ချလိုက်မိသည်။

အကယ်၍ ရှောင်းယီသာ ထိုမိန်းကလေးကို မြင်လိုက်ရပါက ဝမ်းသာအားရဖြင့် ခုန်ပေါက်မိမည်မှာ အသေအချာပင်။

အဘယ်ကြောင့်ဆိုသော် ဂါဝန်အဖြူရှည် ဝတ်ဆင်ထားသော ဤမိန်းကလေးမှာ သူ အမြဲတမ်း တသသ သတိရနေသော အန်းရန် ဖြစ်နေသောကြောင့်ပင်။

အန်းရန်သည် ချမ်းသာသော မိသားစုမှ ဆင်းသက်လာသူ ဖြစ်သော်လည်း ဖခင်ဖြစ်သူ အန်းယွဲ့မှာ သူမ၏ ပညာရေးသာမက ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းများတွင်ပါ အမြဲတမ်း တင်းကျပ်စွာ သင်ကြားပေးခဲ့သူ ဖြစ်သည်။

မည်သူမဆို ဘာပဲလုပ်လုပ် ကျန်းမာသော ခန္ဓာကိုယ်ရှိရန် လိုအပ်သည်ဟု အန်းယွဲ့က အမြဲတမ်း ယုံကြည်ထားခဲ့သည်။

ဤကမ္ဘာသို့ ရောက်ရှိလာပြီးနောက် အန်းရန်သည် သူမ၏ ကိုယ်ပိုင်ကြိုးစားအားထုတ်မှုဖြင့် အလွန်ခက်ခဲသော်လည်း ပထမ နှစ်ပတ်ကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့သည်။

သူမသည်လည်း မိဘများကို လိုက်လံရှာဖွေနေသော်လည်း မည်သည့်တုံ့ပြန်မှုမျှ မရရှိခဲ့ပေ။ နှစ်ပတ်ဆက်တိုက် သတင်းအစအန မရရှိခဲ့ခြင်းက သူမ၏ စိတ်ထဲတွင် မျှော်လင့်ချက် ကုန်ဆုံးစေရန် မျိုးစေ့ချပေးသကဲ့သို့ ဖြစ်နေခဲ့လေသည်။

ရှောင်းယီမှာမူ ယွမ်နွန်နှင့် ကျန်းယွင်ထျန်းတို့၏ ခရီးစဉ်များဖြင့် အလုပ်ရှုပ်နေခြင်းနှင့် မိမိကျွန်း တိုက်ခိုက်ခံရခြင်းတို့ကြောင့် ကျွန်းအထိမ်းအမှတ်ကျောက်နိုင်ပေါ်တွင် အန်းရန်ကို ရှာဖွေသည့် မက်ဆေ့ဂျ် တင်ရန် အချိန်မရခဲ့ပေ။

မဟုတ်လျှင် အန်းရန်သည် ရှောင်းယီ၏ မက်ဆေ့ဂျ်ကို မြင်တွေ့ပြီးဖြစ်ပေလိမ့်မည်။

အန်းယွဲ့ကမူ မက်ဆေ့ဂျ် တစ်စောင် တင်ခဲ့ဖူးသော်လည်း အခြားမက်ဆေ့ဂျ် အသစ်များအောက်သို့ လျင်မြန်စွာ ရောက်ရှိသွားခဲ့သည်။ ထိုအချိန်တွင် အန်းရန်မှာ ရိက္ခာသေတ္တာ ဆယ်ယူရန် အလုပ်ရှုပ်နေသဖြင့် လွတ်သွားခဲ့ခြင်း ဖြစ်သည်။

အသက်ရှင်ကျန်ရစ်သူ အမြောက်အမြား စကားပြောနေကြသဖြင့် မည်သူမျှ စာဟောင်းများကို ပြန်လှန်ဖတ်ရန် အားမရှိကြပေ။ အကယ်၍ တစ်စုံတစ်ယောက်ကသာ တကယ်တမ်း ပြန်ဖတ်ရန် ကြိုးစားပါက တစ်နေကုန် အချိန်ပေးလျှင်တောင် ကုန်မည်မဟုတ်ပေ။

ကုန်သွယ်မှု ပြီးဆုံးသွားချိန်တွင် အန်းရန်၏ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှ ရုတ်တရက် သတိပေးချက် တက်လာခဲ့၏။

“သတိပေးချက်- ကျွန်း၏ အုတ်မြစ်ကျောက် တိုက်ခိုက်ခံနေရသည်...”

အန်းရန်သည် ချက်ချင်း ထရပ်လိုက်ပြီး ဘေးနားရှိ သံလှံကို ဆွဲကိုင်ကာ အပြင်သို့ အပြေးအလွှား ထွက်သွားတော့လေသည်။

ရှောင်းယီမှာမူ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှေ့တွင် ထိုင်ကာ သူတင်ထားသော ရေနှင့် အစားအစာများအကြောင်း လူများ အသည်းအသန် ဆွေးနွေးနေကြသည်ကို ကြည့်နေခဲ့၏။ ဈေးကွက်ခန်းမတွင်လည်း အရောင်းအဝယ်များမှာ မပြတ်တမ်း ပြီးမြောက်နေခဲ့သည်။

အနည်းငယ် စဉ်းစားပြီးနောက် ရှောင်းယီသည် အများသုံးချန်နယ်တွင် စာတစ်စောင် ပို့လိုက်၏။

“အန်းရန် ဒီစာကို မြင်ရင် ငါ့ကို ချက်ချင်း စာပို့ပေးပါ။”

သို့သော် ထိုစာမှာလည်း ခဏချင်းပင် မြင်ကွင်းမှ ပျောက်ကွယ်သွားတော့သည်။

ရှောင်းယီသည် မျှော်လင့်ချက်ကင်းမဲ့စွာ ခေါင်းခါလိုက်မိ၏။

ဗလာဖြစ်လုနီးပါး ဖြစ်နေသော ဂိုဒေါင်ထဲတွင် ပစ္စည်းများ ပြန်လည် ပြည့်နှက်လာသည်ကို ကြည့်ရင်း ဤပစ္စည်းများဖြင့် ခဏတော့ တောင့်ခံနိုင်လိမ့်မည်ဟု သူ တွေးလိုက်မိသည်။

ကျန်းယွင်ထျန်းနှင့် ယွမ်နွန်တို့မှာမူ တစ်နာရီခြား တစ်ခါနီးပါး ပင်လယ်သတ္တဝါများ၏ တိုက်ခိုက်ခြင်းကို ခံနေကြရသည်။

ကံကောင်းသည်မှာ ထိုတိုက်ခိုက်မှုများက အရင်ကလောက် မပြင်းထန်တော့ခြင်းပင်။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို သုံးကာ လှေကို ပြုပြင်ပြီးနောက် ခရီးဆက်ရုံဖြင့် ထိုသတ္တဝါများကို အဝေးမှာ ထားခဲ့နိုင်ခဲ့သည်။

စတုတ္ထအကြိမ် တိုက်ခိုက်ခံရပြီးနောက် ရှောင်းယီ၏ ကျွန်းမှာ ထပ်မံ တိုက်ခိုက်ခြင်း မခံရတော့ပေ။

“ငါ့ကျွန်းရဲ့ ဧရိယာက ၂၄၂၄ စတုရန်းမီတာ ရှိပြီး တစ်ရက်တည်းမှာ ၄ ကြိမ် အတိုက်ခံရတယ်။ ဒီနှစ်ခုကြားမှာ ဆက်နွယ်မှု တစ်ခုခုတော့ ရှိရမယ် “

ရှောင်းယီက တွက်ချက်နေမိသည်။သို့သော် တိကျသော ဆက်နွယ်မှုက ဘာလဲဆိုသည်ကိုမူ သူ မသိသေးပေ။ အချက်အလက် နည်းပါးလွန်းသဖြင့် အဖြေရှာရန် ခက်ခဲနေခဲ့သည်။

ယနေ့တွင် ရှောင်စယီသည် ရိက္ခာသေတ္တာ စုစုပေါင်း ၄ လုံး ရရှိခဲ့သည်။ ဖွင့်ကြည့်လိုက်သောအခါ အုတ်မြစ်ကျောက် ၃ ခု ရရှိပြီး ကျန်သည်မှာ အခြေခံပစ္စည်းများသာ ဖြစ်သည်။ ရေနှင့် အစားအစာ တစ်ခုမှ မပါပေ။

ပင်လယ်သတ္တဝါများက အုတ်မြစ်ကျောက်များကို တိုက်ခိုက်နေသဖြင့် ရှောင်းယီသည် ထိုအုတ်မြစ်ကျောက် ၃ ခုကို ချက်ချင်း အသုံးမပြုဘဲ သိမ်းဆည်းထားလိုက်၏။

ဤကဲ့သို့ တိုက်ခိုက်မှုမျိုး ရှိလာပြီဖြစ်ရာ အနာဂတ်တွင် အုတ်မြစ်ကျောက်များသည် ပိုမို အဖိုးတန်လာပြီး ပစ္စည်းများနှင့် လဲလှယ်ရန် ပိုမို ခက်ခဲလာပေလိမ့်မည်။

အနာဂတ်တွင် အန်းရန်ကို ကူညီနိုင်ရန်အတွက် ရှောင်းယီသည် အုတ်မြစ်ကျောက်များကို ပိုမို စုဆောင်းထားရန် ဆုံးဖြတ်လိုက်၏။

ထို့ပြင် အန်းယွဲ့ကိုလည်း ကူညီရမည် ဖြစ်သည်။ အန်းယွဲ့သည် သွားလာလှုပ်ရှားမှု ကန့်သတ်ခံထားရသူ ဖြစ်ရာ ပင်လယ်သတ္တဝါ တိုက်ခိုက်မှုတိုင်းတွင် အုတ်မြစ်ကျောက်တစ်ခု ပျက်စီးနိုင်ခြေ ရှိသည်။

ရှောင်းယီအနေဖြင့် သူ့အတွက် ကြိုတင် ပြင်ဆင်ပေးထားရမည်သာ။

ဆုဝမ်သည်လည်း ရိက္ခာသေတ္တာ ၂ လုံး ဆယ်ယူရရှိခဲ့ပြီး အုတ်မြစ်ကျောက် ၂ ခု ရခဲ့၏။ ကျန်သည့် အခြေခံပစ္စည်းများ အားလုံးကို ရှောင်းယီထံသို့ လွှဲပြောင်းပေးလိုက်သည်။

ထို့နောက် ရှောင်းယီ ခုတင်ပေါ်သို့ လှဲလိုက်၏။

“ဝမ်ချိုင် တစ်ယောက်ယောက် ငါ့ကို လာရှာရင် ချက်ချင်း နှိုးနော်။”

“ဝုတ် ဝုတ်”

ဝမ်ချိုင်က တုံ့ပြန်လိုက်ပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှေ့တွင် ဝပ်နေလိုက်သည်။

မအိပ်မီ ရှောင်းယီသည် ယွမ်နွန်နှင့် ကျန်းယွင်ထျန်းတို့ထံသို့ လှေပြင်ရန်အတွက် အခြေခံပစ္စည်းများ ပို့ပေးလိုက်သည်။ ၎င်းတို့ဖြင့် ခဏတော့ တောင့်ခံနိုင်ပေလိမ့်မည်။

ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို စိုးရိမ်စွာ ကြည့်ရှုရင်း မူးဝေစွာဖြင့် အိပ်ပျော်သွားတော့သည်။

“ဝုတ် ဝုတ် ဝုတ်”

အချိန် မည်မျှ ကြာသွားသည် မသိ။ ဝမ်ချိုင်၏ ဟောင်သံကြောင့် ရှောင်းယီ လန့်နိုးလာခဲ့သည်။

သူ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ အပြေးသွားကြည့်လိုက်ရာ ကျန်းယွင်ထျန်းက အကူအညီ တောင်းနေသည်ကို တွေ့လိုက်ရလေသည်။ လှေပြင်ရန် ပစ္စည်းများ ထပ်လိုနေခြင်းပင်။

ရှောင်းယီ လိုအပ်သည်များကို ချက်ချင်း လဲလှယ်ပေးလိုက်သည်။

“ဒီအချိန်ကြီးမှ ဘယ်လိုဖြစ်ပြီး အတိုက်ခိုက်ခံရတာလဲ။”

ရှောင်းယီက မေးလိုက်သည်။

“ငါလည်း နားနေတာပါ။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရဲ့ သတိပေးသံကြောင့် နိုးလာခဲ့တာပဲ။ လှေကိုယ်ထည် ပျက်စီးသွားမှ ငါသိလိုက်ရတာ။”

ကျန်းယွင်ထျန်းလည်း အားကိုးရာမဲ့စွာ ပြောရှာသည်။

“သက်ပြင်းချရုံပဲ ရှိတော့တာပေါ့။ အမြန်ပြင်လိုက်ဦး။ နောက်ထပ် အတိုက်ခံရသေးလားဆိုတာလည်း ကြည့်လိုက်ဦး။”

ရှောင်းယီက ပြန်ပြောလိုက်သည်။ ခဏအကြာတွင် ကျန်းယွင်ထျန်းက ပြန်စာပို့လာခဲ့သည်။

“လောလောဆယ်တော့ ဘာမှမတွေ့ဘူး။ ငါ့လှေကို ဘာက လာတိုက်သွားမှန်းတောင် မသိလိုက်ဘူး။ သွားအိပ်တော့။”

ရှောင်းယီ ခေါင်းခါလိုက်သည်။

“အင်း... ဆက်နားလိုက်ပါဦး။”

ရှောင်းယီ ပြန်အိပ်ပျော်သွား၏။ တစ်နာရီခန့် အကြာတွင် ဝမ်ချိုင်က သူ့ကို ထပ်နှိုးလိုက်ပြန်သည်။

ရှောင်းယီသည် မျက်လုံးများကို ပွတ်သပ်ရင်း ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ လာခဲ့ရာ ယွမ်နွန်တွင် ပစ္စည်းများ ပြတ်လပ်နေကြောင်း တွေ့လိုက်ရလေသည်။

“ရှောင်းယီ ငါ့ဆီမှာ ပစ္စည်းတွေလိုနေတယ်။ ပင်လယ်ငါး အကြီးကြီးတစ်ကောင် လာတိုက်သွားသလိုပဲ။ ဒါပေမဲ့ သူက တရစပ်တော့ လိုက်မတိုက်ဘူး။”

ယွမ်နွန်က စာပို့ထားသည်။ ရှောင်းယီက လိုအပ်သည်များကို ပို့ပေးလိုက်ပြီး ပြောလိုက်သည်။

“အင်း... သူက တရစပ် မတိုက်ခိုက်ဘူးဆိုရင်တော့ မြန်မြန် ပြန်နားလိုက်ပါ။”

“အင်း”

ရှောင်းယီ စနစ်ကို ကြည့်လိုက်ရာ အချိန်မှာ ၀၀:၃၀ (သန်းခေါင်ကျော် ၁၂ နာရီခွဲ) ရှိနေပြီ ဖြစ်သည်။

“သန်းခေါင်ပဲ ရှိသေးတာလား။”

ရှောင်းယီ စိတ်ပျက်သွား၏။

“ဒီရက်ပိုင်းတော့ အိပ်ရေးဝဝအိပ်ရဖို့ မမျှော်လင့်တာ အကောင်းဆုံးပဲ။”

သူ ထင်ထားသည့်အတိုင်းပင်။ ထိုညတစ်ညလုံး နှစ်နာရီခြား တစ်ခါစီ ဝမ်ချိုင်က သူ့ကို နှိုးနေခဲ့၏။ သူသည် ကျန်းယွင်ထျန်းနှင့် ယွမ်နွန်တို့၏ လှေများကို ပြုပြင်ရန်အတွက် အခြေခံပစ္စည်းများ ထောက်ပံ့ပေးနေခဲ့ရသည်။

ဤသို့ဖြင့် သူသည် မူးနောက်နောက်ဖြင့် နံနက်ခင်းသို့ ရောက်ရှိလာခဲ့သည်။

“အွတ်...အီးအီး... အွတ်...။”

“ကွက် ကွက် ကွက် ကွက်”

ကြက်ခြံထဲမှ ကြက်ဖနှင့် ကြက်မတို့၏ သံပြိုင်ဟစ်ကြွေးသံကြောင့် ရှောင်းယီ ထပ်မံ နိုးလာခဲ့ပြန်သည်။

ယခုအခါ ရာသီဥတုမှာ မပူပြင်းတော့သဖြင့် ရှောင်းယီ အဲယားကွန်း မဖွင့်ထားဘဲ တံခါးနှင့် ပြတင်းပေါက် အားလုံးကို ဖွင့်ထားခြင်း ဖြစ်သည်။

ရှောင်းယီ မျက်လုံးများကို ပွတ်သပ်ရင်း ညည်းညူလိုက်မိ၏။

“ဒီလောက် စောစောစီးစီး ဘာသတင်းကောင်းတွေ ရှိလို့ နှိုးနေကြတာလဲ။”

သူသည် ကြက်ခြံဆီသို့ လျှောက်သွားလိုက်ရာ ဥပေါင်း ၂၀ ကျော် ရှိနေသည်ကို မြင်လိုက်ရသဖြင့် စိတ်ပျက်မှုများ ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။

ဆိုလိုသည်မှာ ထိုကြက်ကလေးများသည် ဥဥနိုင်သည့် အရွယ်သို့ ရောက်ရှိလာပြီ ဖြစ်သည်။ ရှောင်းယီ၏ ကြက်ခြံမှာ ဥများကို အမြောက်အမြား ထုတ်လုပ်နိုင်တော့မည် ဖြစ်သည်။

သို့သော် ရှောင်းယီ၏ ကြက်ခြံနှစ်ခုမှာ မပြည့်သေးသဖြင့် ယွမ်နွန် သင်ပေးထားသော နည်းလမ်းဖြင့် သန္ဓေမအောင်သော ဥများကိုသာ အစားအစာအဖြစ် ရွေးထုတ်လိုက်၏။ ကျန်သည့်ဥများကိုမူ ကြက်ကလေးများ ထပ်မံ အကောင်ပေါက်ရန် ထားရှိရပေမည်။ အနည်းဆုံး ကြက်ခြံနှစ်ခုလုံး ပြည့်သွားရန် လိုအပ်သည်။

သန္ဓေမအောင်သော ဥများကို ခွဲခြားပြီးရုံရှိသေး ဝမ်ချိုင်က အခန်းထဲမှ ပြန်ဟောင်လာခဲ့ပြန်၏။

ရှောင်းယီ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ အပြေးပြန်သွားရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိတော့ပေ။

“ရှောင်းယီ နောက်ထပ် ဝေလငါးတစ်ကောင် ပေါ်လာပြန်ပြီ။”

“ရှောင်းယီ ဒီမှာ လေက ရုတ်တရက် အရမ်းပြင်းလာတယ်။ လေဆင်နှာမောင်းတစ်ခု ဖြစ်လာတော့မလိုပဲ။”

All Chapters