ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှ ညွှန်းဆိုသော သူငယ်ချင်းအသစ်များ
Vol. 6 Ch. 90
ယွမ်နွန်သည် မေ့ဆေးသေနတ်စက်ကို မေ့ဆေးကျည်သုံးတောင့် ပစ်ခတ်ရန် ချက်ချင်းပင် အမိန့်ပေးလိုက်၏။
ပြင်ဆင်မှုများ ပြီးဆုံးသည်နှင့် စက်ထဲမှ ပြောင်းတစ်ခု ထွက်လာခဲ့သည်။
“အခုမှပဲ တကယ့်သေနတ်နဲ့ တူသွားတော့တယ်။”
“ရွှတ်... ရွှတ်... ရွှတ်”
အပ်ချောင်းပုံသဏ္ဌာန် ကျည်ဆန်သုံးတောင့်မှာ တစ်ပြိုင်တည်း ပျံထွက်သွားပြီး ဝေလငါး၏ ကျောကုန်းတည့်တည့်ကို ထိမှန်သွားတော့သည်။
၎င်းတို့ထံသို့ ကူးခတ်လာနေသော ဝေလငါးကြီးမှာ ချက်ချင်းပင် ရပ်တန့်သွားပြီး ပင်လယ်လှိုင်းများနှင့်အတူ မျောပါသွားတော့သည်။
“အာနိသင်က တကယ် သိသာတာပဲ။”
ယွမ်နွန်သည် လှုပ်ရှားမှုမရှိတော့သော ဝေလငါးကြီးကို ကြည့်ရင်း အံ့အားသင့်စွာ ရေရွတ်လိုက်မိ၏။ ထို့နောက် ရှောင်းယီထံ သတင်းပို့လိုက်တော့လေသည်။
“ဒီဝေလငါးကို သတ်ပစ်လိုက်ရမလား။”
ရှောင်းယီက ပြတ်ပြတ်သားသား ခေါင်းခါပြလိုက်သည်။
“ခင်ဗျားတစ်ယောက်တည်း လုပ်ဖို့ မလွယ်ဘူး။ ငါးကို ဖျက်ဆီးနေတုန်း တခြား ပင်လယ်သတ္တဝါတွေ ထပ်ရောက်လာရင် ပြဿနာတက်လိမ့်မယ်။ ရှေ့ကိုပဲ ဆက်သွား။ အရှိန်ကို မြှင့်နိုင်သမျှ မြှင့်ထားလိုက်ပါ။”
မေ့ဆေးသေနတ်၏ စွမ်းဆောင်ရည်အပေါ် ရှောင်းယီ အံ့သြခြင်းမရှိပေ။ အဘယ်ကြောင့်ဆိုသော် စနစ်မှ ထွက်လာသော ပစ္စည်းများမှာ အမြဲတမ်း ထိပ်တန်းအဆင့်များသာ ဖြစ်သောကြောင့်ပင်။
“ကောင်းပြီ။”
ယွမ်နွန်က ခေါင်းငြိမ့်လိုက်ပြီး သတ်မှတ်ထားသော လမ်းကြောင်းအတိုင်း အမြန်ဆုံး မောင်းထွက်သွားခဲ့၏။
သူတို့နှစ်ဦး၏ ပြဿနာများကို ဖြေရှင်းပေးပြီးနောက် ရှောင်းယီလည်း သက်ပြင်းချကာ အနားယူနိုင်တော့သည်။
“ဒီ... ဒီ... သတိပေးချက်- ကျွန်း၏ အုတ်မြစ်ကျောက် တိုက်ခိုက်ခံနေရသည်။”
ရှောင်းယီ အသက်ဝဝပင် မရှူရသေးမီ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှ သတိပေးသံ ထပ်မံ ထွက်ပေါ်လာပြန်၏။
“ဒီနေ့အတွက် ဒါက ပထမဆုံးအကြိမ်ပဲ။”
ရှောင်းယီက ရေရွတ်လိုက်သည်။ သူသည် ကျန်းယွင်ထျန်းနှင့် ယွမ်နွန်ထံသို့ ရိက္ခာအချို့ ပို့ပေးပြီးနောက် အပြင်သို့ အပြေးထွက်သွားခဲ့သည်။
ကျန်းယွင်ထျန်းဘက်တွင် လေနှင့်လှိုင်းများ ပြင်းထန်နေသဖြင့် လောလောဆယ် ပင်လယ်သတ္တဝါ တိုက်ခိုက်မှုများ ရှိမည်မဟုတ်ပေ။ ယွမ်နွန်မှာလည်း ဝေလငါးကို ဖြေရှင်းပြီးခါစ ဖြစ်ရာ အချိန်တိုအတွင်း ပြဿနာတက်ဦးမည် မဟုတ်ချေ။
ထို့ကြောင့် ရှောင်းယီသည် မိမိကျွန်းကို တိုက်ခိုက်နေသော ပင်လယ်သတ္တဝါကို အရင်ဆုံး ရှင်းလင်းရန် ဆုံးဖြတ်လိုက်တော့သည်။
တိုက်ခိုက်ခံရသည့် နေရာသို့ ရောက်သောအခါ ပင်လယ်လိပ် တစ်ကောင်က အုတ်မြစ်ကျောက်ကို တမြုံ့မြုံ့ ကိုက်ခဲနေသည်ကို တွေ့လိုက်ရ၏။
[ပင်လယ်လိပ် (B အဆင့်): နှေးကွေးသည်ဟု ထင်ရသော်လည်း ၎င်း၏ တိုက်ခိုက်မှု အရှိန်မှာ အလွန်မြန်ဆန်သည်။ သတိထားပါ။]
ရှောင်းယီသည် ထန်ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ကာ လိပ်၏ ဦးခေါင်းကို တည့်တည့် ထိုးစိုက်လိုက်၏။
သို့သော် ပင်လယ်လိပ်သည် ၎င်း၏ဦးခေါင်းကို ဘေးသို့ အနည်းငယ် ယိမ်းလိုက်သဖြင့် ရှောင်းယီ၏ ဓားချက်မှာ လွဲချော်သွားခဲ့သည်။
ရှောင်းယီက ဓားကို ဘေးတိုက်သို့ ဝှေ့ယမ်းကာ ဆက်တိုက် တိုက်ခိုက်လိုက်သည်။
ရွှပ်
လိပ်၏ ဦးခေါင်းမှာ လုံးဝ ပြတ်ထွက်သွားတော့သည်။ ရှောင်းယီက သံလှံကို သုံးကာ လိပ်ကြီးကို မြှောက်တင်လိုက်၏။
“ဒီနေ့တော့ လိပ်သားစွပ်ပြုတ် လုပ်သောက်ရမယ်။”
ရှောင်းယီသည် အသေမိထားသော လိပ်ကြီးကို ထမ်းကာ တိုက်ခန်းဆီသို့ ပြန်လာခဲ့လိုက်သည်။
ကျန်းယွင်ထျန်းနှင့် ယွမ်နွန်တို့တွင် ကြီးမားသော ပြဿနာများ မရှိသော်လည်း ပြဿနာအသေးအမွှားလေးများက အဆက်မပြတ် ရှိနေသဖြင့် အခြေခံရိက္ခာများမှာလည်း ဆက်တိုက် ကုန်ဆုံးနေခဲ့သည်။
ရှောင်းယီတွင်သာ ရိက္ခာ အမြောက်အမြားနှင့် လဲလှယ်နိုင်လောက်အောင် ငါးများ အလျှံပယ် ရှိနေခြင်း ဖြစ်သည်။
အခြား အသက်ရှင်ကျန်ရစ်သူများသာဆိုလျှင် ဤကဲ့သို့ ကုန်ဆုံးမှုနှုန်းကို တောင့်ခံနိုင်မည် မဟုတ်ပေ။
ရှောင်းယီသည် အရင်က ဖမ်းမိထားသော ငါးများကို ကြေးနီနှင့် သံ လဲလှယ်ရန် အကုန်နီးပါး သုံးစွဲလိုက်ရ၏။
လူတိုင်းတွင် သစ်သားနှင့် သစ်သားပြားများ အများအပြား ရှိနေသဖြင့် ရှောင်းယီအနေဖြင့် အချိန်မရွေး လဲလှယ်ရယူနိုင်သည်။
လဲလှယ်၍ မရလျှင်ပင် သူ၏ကျွန်းပေါ်ရှိ သစ်တောမှာ ကျန်းယွင်ထျန်းနှင့် ယွမ်နွန်တို့၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန် လုံလောက်လှပေသည်။
ယွမ်နွန်တို့၌ ပြဿနာမရှိတော့သည်ကို မြင်သောအခါ ရှောင်းယီသည် အပြင်ထွက်၍ လိပ်သားကို စတင် ပြင်ဆင်တော့သည်။
သူသည် လိပ်သားများကို ဖယ်ထုတ်ကာ ဆီဖြင့် အနည်းငယ် ဆီသတ်ပြီးနောက် ရေတစ်အိုးထည့်ကာ ပြုတ်လိုက်သည်။
ထို့နောက် ကြက်ဥများကို ခွက်ထဲတွင် ခေါက်ကာ လိပ်သားစွပ်ပြုတ် ဆူပွက်လာသည်နှင့် လောင်းထည့်လိုက်လေသည်။
“[လိပ်သား ကြက်ဥစွပ်ပြုတ်] (B အဆင့်) ၁ ကီလိုဂရမ်၊ [ပြောင်းဖူး] (S အဆင့်) ၂၀၀ ဂရမ် - အခမဲ့လဲလှယ်ခြင်း။”
“ဒါက ခုနက ကျုပ်ကို လာတိုက်တဲ့ လိပ်ပဲ။ စွပ်ပြုတ် လုပ်ထားတယ်။ အားလုံးပဲ မြည်းကြည့်ကြပါဦး။”
ရှောင်းယီက သူတို့ထံ၌ စာချန်ထားလိုက်သည်။
“မင်းကျွန်းကို တိုက်တဲ့ ပင်လယ်သတ္တဝါက B အဆင့်တောင်လား။”
ရှောင်းယီ၏ စာကို မြင်ပြီးနောက် ကျန်းယွင်ထျန်းက အံ့အားသင့်စွာ မေးလိုက်သည်။
“ဟုတ်တယ်၊ မနေ့က ငါးရှဉ့်ကတော့ C အဆင့်ပဲ။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“ကြည့်ရတာ ကျွန်းဧရိယာ ကြီးလေလေ တိုက်ခိုက်ခံရတာ ပိုများလေလေ ဖြစ်ရုံတင်မကဘဲ တိုက်ခိုက်တဲ့ သတ္တဝါတွေရဲ့ အဆင့်ကလည်း ပိုမြင့်လာပုံရတယ်။”
ကျန်းယွင်ထျန်းက သုံးသပ်လိုက်သည်။
“အဲ့လိုပဲ ထင်တယ်။ ငါ့ကျွန်းကို တိုက်ခိုက်တဲ့ သတ္တဝါတွေကတော့ ရိုးရိုးငါးတွေပဲ။ သိပ်တော့ ရန်မမူကြဘူး။”
ဆုဝမ်က ဝင်ပြောလာခဲ့သည်။
“ငါလည်း ခုနက ငါးတစ်ကောင်ကို မောင်းထုတ်လိုက်တယ်။ သိပ်မကြီးပါဘူး။”
အန်းယွဲကလည်း ပြောလိုက်သည်။
“ငါ့မှာ အုတ်မြစ်ကျောက် ၃ ခုပဲ ကျန်တော့လို့ သနားသွားတာ ထင်တယ်။”
ရှောင်းယီ ခေါင်းငြိမ့်လိုက်ပြီး မနေ့ညက ဖမ်းမိထားသော ငါးများကို ထပ်မံ အရောင်းတင်လိုက်ကာ အများသုံးချန်နယ်သို့ ကူးပြောင်းလိုက်သည်။
“ဒီနေ့လည်း စောစောစီးစီး နိုးပြန်ပြီ။ အုတ်မြစ်ကျောက် အတိုက်ခံရတယ်။”
“မင်း အဲ့ဒါကို လွှတ်ထားလိုက်ပြန်တာတော့ မဟုတ်ပါဘူးနော်။”
“ဒီနေ့တော့ ဘယ်လွှတ်ထားပါ့မလဲ။ သံလှံကို အသင့်ပြင်ပြီး ထိုးလိုက်တာ။ ဘာဖြစ်သွားလဲ ခန့်မှန်းကြည့်။”
“မင်းက လူရွှင်တော် လုပ်နေတာလား။ မြန်မြန် ပြောစမ်းပါ။”
“ဆောရီး အကျင့်ပါသွားလို့။ ငါ အဲ့ဒီငါးကို တကယ်ပဲ ထိုးမိသွားတယ်။”
“အဲ့ဒါလည်း အလုပ်ဖြစ်တာပဲလား။”
“ဟုတ်တယ်။ ဒီတစ်ခါ အုတ်မြစ်ကျောက်ကို ကာကွယ်နိုင်ရုံတင်မကဘူး၊ အပိုစားစရာပါ ရလိုက်သေးတယ်။ အမြတ်ကြီးပဲ။”
“မနာလိုလိုက်တာ။ ငါ့ဆီကျမှ ဘာလို့ ထိုးရခက်တဲ့ မြွေလို အကောင်ရှည်ကြီးနဲ့ လာတွေ့ရတာလဲ။”
“ဟုတ်တယ်။ ဒါပေမဲ့ မောင်းထုတ်ရတာတော့ ပြဿနာ မရှိပါဘူး။”
“ဒါဆို ဒီကမ္ဘာကြီးက ငါတို့ရဲ့ သတ္တိကို စမ်းသပ်နေတာလား။”
“ဖြစ်နိုင်တယ်။”
ဒဏ်ရာရနေသော အန်းယွဲ့ပင်လျှင် ငါးကို မောင်းထုတ်နိုင်သည်ဆိုပါက ဤအဆင့်မှာ လူတိုင်း၏ သတ္တိကို စမ်းသပ်ခြင်းသာ ဖြစ်ပေလိမ့်မည်။
လက်နက်ကို ကောက်ကိုင်လိုက်သည်နှင့် သင် အောင်မြင်သွားပြီ ဖြစ်သည်။
“ငါ့ကျမှ ဘာလို့ အဲ့လိုမဟုတ်ရတာလဲ။”
လူတိုင်း၏ ဆွေးနွေးမှုကို ကြည့်ရင်း ရှောင်းယီက တိုးတိုးလေး ရေရွတ်လိုက်၏။
သူ့ထံတွင်မူ C အဆင့်လျှပ်စစ်ငါးရှဉ့်နှင့် ငါးမန်းများ၊ ယနေ့တွင်မူ B အဆင့် ပင်လယ်လိပ်နှင့် တွေ့နေရသည်။ ရှေ့တွင် မည်မျှထပ်လာဦးမည်ကိုလည်း သူ မသိပေ။
“ငါ့ကို အထူးအခွင့်အရေး ပေးနေတာများလား။”
ရှောင်းယီ အားကိုးရာမဲ့သလို ခံစားလိုက်ရသည်။
“ရှောင်းယီ အများသုံးချန်နယ်မှာ လူသစ်တွေ အများကြီး ပေါ်လာတာ ငါသတိထားမိတယ်။”
အန်းယွဲ့က ရှောင်းယီထံ သီးသန့်စာ စာပို့လာခဲ့သည်။
မနေ့က တတိယပတ်၏ ပထမဆုံးနေ့ဖြစ်ရာ လူတိုင်းမှာ အလုပ်ရှုပ်လွန်းသဖြင့် ထိုအရာများကို သတိမထားမိခဲ့ကြပေ။
ထို့ပြင် အသက်ရှင်ကျန်ရစ်သူ အရေအတွက်မှာ အလွန်များပြားလှရာ မည်သူက အခြားသူများ၏ အိုင်ဒီများကို အလွတ်မှတ်မိနိုင်ပါမည်နည်း။
“ဦးလေးအန်း သူတို့က လူသစ်တွေဆိုတာ သေချာလား။”
ရှောင်းယီက မျက်မှောင်ကျုံ့ကာ မေးလိုက်သည်။
“သေချာတယ်။ အထူးသဖြင့် စကားပြောတာ ဝါသနာပါတဲ့သူတွေပေါ့။”
အန်းယွဲ့က ပြန်ဖြေလိုက်သည်။
“လူဟောင်းတွေ ရှိနေသေးသလို လူသစ်တွေလည်း တိုးလာတယ်။ လူတွေက ပျင်းလို့ စကားပြောတာလည်း ဖြစ်နိုင်ပေမဲ့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရဲ့ အသိပေးချက်အရဆိုရင် ငါတို့နယ်မြေက တခြားနယ်မြေတစ်ခုနဲ့ ပေါင်းစည်းသွားတဲ့ ရာခိုင်နှုန်းက ပိုများလိမ့်မယ်။”
ရှောင်းယီ ခေါင်းငြိမ့်လိုက်သည်။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က ‘သူငယ်ချင်းအသစ်များ’ ရှိလိမ့်မည်ဟု ဖော်ပြခဲ့ဖူးသည်။ ထိုစဉ်က သူသည် ဒေသခံများကို ဆိုလိုခြင်းဖြစ်မည်ဟု ထင်ခဲ့ခြင်းပင်။
သို့သော် အန်းယွဲ့၏ အချက်အလက်များအရ ‘သူငယ်ချင်းအသစ်များ’ ဆိုသည်မှာ အခြားနည်မြေများမှ ပေါင်းစည်းလာသူများကို ဆိုလိုခြင်းဖြစ်ကြောင်း သေချာသလောက် ရှိသွားပြီ ဖြစ်သည်။
“အန်းရန်ဆီကရော သတင်းမရသေးဘူးလား။”
ရှောင်းယီက မေးလိုက်သည်။
“စာတွေတော့ ဆက်တိုက်ပို့နေတုန်းပဲ။ ဒါပေမဲ့ ဘယ်သူမှ မတုံ့ပြန်သေးဘူး။”
အန်းယွဲ့က အားကိုးရာမဲ့စွာ ပြန်ဖြေလိုက်သည်။
“အင်း... ဆက်ပို့ရင်း စောင့်ကြည့်ရုံပဲ ရှိတာပေါ့။”
ရှောင်းယီက သက်ပြင်းချရင်း ဆိုလိုက်သည်။
အန်းယွဲ့တင်မကဘဲ အများသုံးချန်နယ်ရှိ အခြားသူများလည်း ယနေ့တွင် ထိုအချက်ကို သတိထားမိလာကြပုံရသည်။
“ဟေ့... ခင်ဗျားကို အရင်က မမြင်ဖူးပါဘူး။ @လေထဲကတိမ်တိုက်။”
“ကျုပ်လည်း ခင်ဗျားကို မမြင်ဖူးဘူးလေ။ အဲ့ဒါက ဘာဆန်းလို့လဲ။”
“ဟုတ်တယ်။ လူတွေ ဒီလောက်များတာ ဘယ်သူက ဘယ်သူ့ကို သိမှာလဲ။”