ကျိုးဟုန်ဝေ
Vol. 10 Ch. 98
Nirvana X ဖုန်းများကို စစ်တပ်က အထူးမှာယူသည့်သတင်း ထွက်ပေါ်လာချိန်တွင် စစ်တပ်ဘက်က ဖန်ထန်းအုပ်စုကို အခက်တွေ့အောင် လုပ်လိမ့်မည်ဟု လင်းဖန် အနည်းငယ်မျှ စိုးရိမ်ခြင်းမရှိပေ။
အဘယ်ကြောင့်ဆိုသော် စစ်တပ်၏ လက်ရှိသဘောထားမှာ ဖန်ထန်းနှင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်ရန် အခွင့်အရေးကိုသာ စောင့်ဆိုင်းနေသည်မှာ ထင်ရှားနေသောကြောင့်ဖြစ်သည်။
ထို့နောက်တွင် ဖန်ထန်း၏ အဆင့်မြင့်အရာရှိများသည် လက်ရှိရင်ဆိုင်နေရသော ပြဿနာများဖြစ်သည့် နေရာအနှံ့တွင် စက်ရုံသစ်များ တိုးချဲ့ဖွင့်လှစ်ရေးနှင့် နည်းပညာကျွမ်းကျင်သူများ ခေါ်ယူရေးကိစ္စများကို အပြင်းအထန် ဆွေးနွေးခဲ့ကြသည်။ အစည်းအဝေးမှာ မွန်းတည့် ၁၂ နာရီခွဲမှသာ တရားဝင် ပြီးဆုံးသွားတော့သည်။
မွန်းလွဲ ၂ နာရီတွင်အဆောက်အအုံရှိ ဥက္ကဋ္ဌရုံးခန်းအတွင်းသို့ မိုရှင်းယာ အပြေးအလွှား ဝင်လာကာ -
"သူဌေး ၊ 360 ကုမ္ပဏီရဲ့ ဥက္ကဋ္ဌနဲ့ CEO ဖြစ်တဲ့ ကျိုးဟုန်ဝေ ရောက်နေပါတယ် အစည်းအဝေးခန်းမမှာ စောင့်နေပါတယ်"
ဟု အစီရင်ခံလိုက်သည်။
ဘာ ကျိုးဟုန်ဝေ ဟုတ်လား။
ကုလားထိုင်ပေါ်တွင် မှီ၍ အနားယူနေသော လင်းဖန်၏ မျက်နှာတွင် ဇဝေဇဝါဖြစ်သွားသော အမူအရာ ပေါ်လာသည်။ 360 ရဲ့ သူဌေးကြီးက ဘာလို့ ဒီအချိန်မှာ ရုတ်တရက်ကြီး ကြိုတင်အကြောင်းမကြားဘဲ ရောက်လာရတာလဲ။ တကယ်ကို အံ့သြစရာပင်။
ရှီးအန်းကျောင်းထုန်းတက္ကသိုလ် စီမံခန့်ခွဲမှုပညာဌာနမှ မဟာဘွဲ့ရရှိခဲ့သည့် ဤပုဂ္ဂိုလ်အပေါ် လင်းဖန် အလွန်စိတ်ဝင်စားမိသည်။
၁၉၉၅ ခုနှစ်တွင် ဘွဲ့ရခဲ့သော ကျိုးဟုန်ဝေသည် ဦးစွာ Founder Group တွင် အလုပ်ဝင်ခဲ့ပြီးနောက် တရုတ်အင်တာနက် ဝန်ဆောင်မှုလောကတွင် ရှေ့ဆောင်ကုမ္ပဏီတစ်ခုဖြစ်သည့် 3721 ကို တည်ထောင်ခဲ့သူဖြစ်သည်။
ထို့နောက်တွင် Yahoo China ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပြီး နိုင်ငံတကာ အချက်အလက်အဖွဲ့ (IDG) ၏ ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့တွင်လည်း ပါဝင်ခဲ့သည်။ ၂၀၀၆ ခုနှစ်သို့ ရောက်သောအခါ 360 ကုမ္ပဏီကို တရားဝင်တည်ထောင်၍ ကွန်ရက်လုံခြုံရေးလုပ်ငန်းကို စတင်ခဲ့သည်။ သူသည် "အခမဲ့" ဆိုသည့် စနစ်ကို အသုံးချကာ အင်တာနက်နယ်ပယ်များစွာ၏ တံခါးကို ဖွင့်လှစ်နိုင်ခဲ့သူဖြစ်သည်။
360 ၏ PC လုံခြုံရေးထုတ်ကုန်များသည် ဈေးကွက်၏ ၉၅.၀၆ ရာခိုင်နှုန်းကို သိမ်းပိုက်ထားပြီး၊ မိုဘိုင်းလုံခြုံရေးထုတ်ကုန်များမှာမူ အသုံးပြုသူ သန်းပေါင်း ၈၆၈ သန်းကျော် ရှိသည်။ ၎င်းတို့၏ Browser (ရှာဖွေရေးဆော့ဖ်ဝဲလ်) မှာလည်း ဈေးကွက်ဝေစု ၇၅.၀၄ ရာခိုင်နှုန်းအထိ ရရှိထားသည်။
360 Mobile Assistant သည် ပြည်တွင်း Android ဈေးကွက်တွင် အကြီးဆုံး အက်ပ်ဖြန့်ချိရေး ပလပ်ဖောင်း ဖြစ်လာခဲ့သလို၊ 360 Search သည်လည်း နိုင်ငံအတွင်း ဒုတိယအကြီးဆုံး Search Engine ဖြစ်သည်။ ယနေ့အချိန်အထိ 360 ကုမ္ပဏီသည် နည်းပညာမူပိုင်ခွင့်ပေါင်း ၁၀,၀၀၀ ကျော် လျှောက်ထားပြီး ဖြစ်ရာ အင်တာနက်ဆော့ဖ်ဝဲလ် မူပိုင်ခွင့်တွင် ပထမနေရာ၌ ရပ်တည်နေသည်။
သို့သော် ကျိုးဟုန်ဝေသည် တရုတ်နိုင်ငံတွင် "လူမိုက်ဆော့ဖ်ဝဲလ်များ၏ ဖခင်" ဟု ကဲ့ရဲ့ပြစ်တင်ခြင်းကိုလည်း ခံရသူဖြစ်သည်။ သူ့လက်အောက်ရှိ 360 သည် အသုံးပြုသူများ၏ ကွန်ပျူတာထဲသို့ အတင်းအဓမ္မ ဝင်ရောက်ကာ အချက်အလက်များကို ခိုးယူရုံသာမက၊ အသုံးပြုသူ၏ ကွန်ပျူတာကို အသုံးချ၍ ပြိုင်ဘက်ကုမ္ပဏီများ၏ ထုတ်ကုန်များကို နှိမ်နင်းလေ့ရှိသည်။ ဤသည်မှာ တကယ့်ကို ဥပဒေမဲ့ လုပ်ရပ်များပင် ဖြစ်သည်။
အမှန်အတိုင်းပြောရလျှင် လင်းဖန်အနေဖြင့် ကျိုးဟုန်ဝေနှင့် မဆက်ဆံလိုပေ။
အဘယ်ကြောင့်ဆိုသော် တန်ရွမ်စမတ်ဖုန်းလည်ပတ်မှုစနစ်သည် ကွန်ရက်လုံခြုံရေးပိုင်းတွင် 360 နှင့် တိုက်ရိုက်ပဋိပက္ခ ရှိနေသောကြောင့်ဖြစ်သည်။
"ဆရာ... သူ အစည်းအဝေးခန်းမမှာ စောင့်နေပါတယ် တွေ့မှာလား"
"တွေ့ရမှာပေါ့"
လင်းဖန် သေချာစဉ်းစားကြည့်ပြီးနောက် လူကိုယ်တိုင် ထွက်မတွေ့လျှင် မကောင်းဟု ယူဆကာ လက်ကာပြလိုက်ပြီး အောက်ထပ်ရှိ အစည်းအဝေးခန်းမသို့ ခြေလှမ်းကျဲကျဲဖြင့် ဆင်းလာခဲ့သည်။
မိနစ်အနည်းငယ်အတွင်းမှာပင်...
"အားလုံးပဲ တောင်းပန်ပါတယ်ဗျာ အခုလေးတင် အလုပ်ရှုပ်နေတာနဲ့ အမြန်မလာနိုင်လိုက်ဘူး"
လင်းဖန်က တံခါးကို ဆတ်ခနဲ ဖွင့်ကာ အစည်းအဝေးခန်းမထဲသို့ ဝင်လာပြီး ကြိုတင်တောင်းပန်လိုက်သည်။ ဧည့်သည်ဆိုသည်မှာ အဝေးကလာသူဖြစ်ရာ ပစ်ပယ်ထားခြင်းက ဖန်ထန်းအုပ်စု၏ စတိုင်မဟုတ်ပေ။
"ဟာ မစ္စတာလင်းကလည်း အရမ်းအားနာစရာကြီး၊ ကျွန်တော်တို့ ရောက်တာ မကြာသေးပါဘူး"
အင်္ကျီအနီရောင် ဝတ်ထားသည့် အလတ်တန်းစား အမျိုးသားတစ်ဦးက လျင်မြန်စွာ ထရပ်ကာ စကားလမ်းကြောင်း လွှဲပေးလိုက်သည်။
တောက်ပလှသော အနီရောင်အင်္ကျီကို ကြည့်ရုံဖြင့် 360 သူဌေးကြီး ကျိုးဟုန်ဝေမှန်း လင်းဖန် ချက်ချင်း သိလိုက်သည်။ ဘာပဲဖြစ်ဖြစ် တရုတ်စီးပွားရေးလောကတွင် ဤမျှ "မြူးကြွ" သော အဝတ်အစားကို ဝတ်ရဲသူဆို၍ သူတစ်ယောက်တည်းသာ ရှိသည်။
"အားလုံး ထိုင်ကြပါဦး"
လင်းဖန်က အပိုစကားများစွာ မပြောတော့ဘဲ အထက်ဆုံးနေရာတွင် ဝင်ထိုင်လိုက်သည်။ မိုရှင်းယာနှင့် ဖန်ထန်းအဖွဲ့သားများက ဘယ်ဘက်တွင် ထိုင်ကြပြီး၊ ကျိုးဟုန်ဝေနှင့် 360 အဖွဲ့သားများက ညာဘက်တွင် ထိုင်ကြသည်။ နှစ်ဖက်စလုံးက တစ်ဦးကိုတစ်ဦး စကားမပြောဘဲ ကြည့်နေကြရာ ပတ်ဝန်းကျင်တစ်ခုလုံးမှာ အနည်းငယ် တင်းမာနေသလိုပင်...
"ဒါရိုက်တာလင်း၊ ကျွန်တော်တို့က ဖန်ထန်းအုပ်စုနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ရောက်လာတာပါ ခင်ဗျားတို့ ကုမ္ပဏီဘက်က ဘယ်လိုသဘောရပါသလဲ"
ခဏအကြာတွင် 360 CEO ကျိုးဟုန်ဝေက သူ့စိတ်ကို မထိန်းနိုင်တော့ဘဲ တိုက်ရိုက်ပင် မေးလိုက်တော့သည်။ အခန်းထဲရှိ အကြည့်အားလုံးမှာ ဆုံးဖြတ်ချက်ချမည့် လင်းဖန်ထံသို့ စုပြုံရောက်ရှိသွားသည်။
"ကျွန်တော်တို့ဘက်ကလည်း မစ္စတာကျိုးတို့ ကုမ္ပဏီရဲ့ တောင်းဆိုချက်ကို သိပါတယ် ဒါပေမဲ့ ဖန်ထန်းအုပ်စုဟာ အရင်က Penguin အုပ်စုနဲ့ ပူးပေါင်းဆောင်ရွက်ရေး စာချုပ် ချုပ်ထားပြီးသားပါ အဲဒီစာချုပ်အရ အမျိုးအစားတူ ကုမ္ပဏီတွေနဲ့ ပူးပေါင်းဆောင်ရွက်ခွင့် မရှိပါဘူး အဲဒီအတွက် နားလည်ပေးဖို့ တောင်းဆိုချင်ပါတယ်"
ကွန်ရက်လုံခြုံရေးနယ်ပယ်တွင် 360 သည် ဘီလူးကြီးတစ်ဦး ဖြစ်သော်လည်း၊ သူ့တွင် ပြင်းထန်သော ပြိုင်ဘက်တစ်ခုရှိသည်။ ၎င်းမှာ အင်တာနက်နယ်ပယ်အားလုံးတွင် ပျံ့နှံ့နေသော Penguin အုပ်စုပင် ဖြစ်သည်။ Penguin နှင့် ဖန်ထန်းတို့၏ ပူးပေါင်းဆောင်ရွက်မှုတွင် အရေးကြီးဆုံးအချက်မှာ 360 ၏ ထုတ်ကုန်များကို တန်ရွမ်စနစ်၏ အက်ပ်ပလပ်ဖောင်းပေါ်သို့ ပေးမဝင်ရန်ပင် ဖြစ်သည်။
"မစ္စတာလင်း၊ ကျွန်တော်တို့က လုံခြုံရေးပိုင်းမှာ သြဇာအရှိဆုံး ကုမ္ပဏီပါ Penguin က အခုမှ တက်လာတဲ့ လူသစ်လေးပဲ ရှိသေးတာ၊ သူတို့ ထုတ်ကုန်တွေက ကျွန်တော်တို့နဲ့ ယှဉ်ရင် အများကြီး နိမ့်ကျပါသေးတယ်"
ဟု ကျိုးဟုန်ဝေက ထိုင်မရတော့ဘဲ ချက်ချင်း တုံ့ပြန်လိုက်သည်။
PC လောကတွင် 360 က အကောင်းဆုံး ဖြစ်နိုင်သော်လည်း ခေတ်သစ်တွင် မိုဘိုင်းဖုန်းစနစ်ကသာ အရာရာကို စိုးမိုးတော့မည်ကို လူတိုင်း သိကြသည်။ ယခင်က 360 သည် Apple နှင့် ပြဿနာတက်ခဲ့ဖူးရာ Apple စနစ်၏ ဈေးကွက်ကို လုံးဝ လက်လွှတ်ခဲ့ရသည်။ ထို့ကြောင့် သူတို့အတွက် Android တစ်ခုတည်းသာ ရွေးချယ်စရာ ရှိတော့သည်။ ယခုအခါ ပြည်တွင်းဖြစ် စမတ်ဖုန်းစနစ်တစ်ခု ပေါ်လာချိန်တွင် ထိုအခွင့်အရေးကိုသာ လက်လွှတ်လိုက်ရပါက သူတို့အတွက် နစ်နာလှပေမည်။
"မစ္စတာကျိုး၊ ပွင့်ပွင့်လင်းလင်းပဲ ပြောရအောင် တန်ရွမ်စနစ်က Penguin ပဲဖြစ်ဖြစ်၊ 360 ပဲဖြစ်ဖြစ် ဘယ်ကုမ္ပဏီကိုမှ သူ့ရဲ့ လုံခြုံရေးပိုင်းကို ထိန်းချုပ်ခွင့် ပေးမှာမဟုတ်ဘူး"
လင်းဖန်က မျက်မှောင်ကြုတ်လျက် ပြတ်သားစွာ ပြောလိုက်သည်။ 360 အကြောင်းကို သူ ကောင်းကောင်းသိသည်။ Apple က ဘာလို့ ဒီလောက် ဒေါသထွက်ခဲ့တာလဲ။ 360 က Apple စနစ်ထဲမှာ မရှိသင့်တဲ့ ပရိုဂရမ်တွေကို ခိုးထည့်ခဲ့လို့ပဲ။ ထိုပရိုဂရမ်များသည် အသုံးပြုသူ၏ အချက်အလက်ကို ခိုးယူရုံတင်မက၊ အသုံးပြုသူ၏ ဖုန်းကို အသုံးချပြီး အခြားဆာဗာများကို တိုက်ခိုက်လေ့ရှိသည်။ ဤသည်မှာ လက်ခံနိုင်စရာ မဟုတ်ပေ။
အကြောင်းမဲ့ ချစ်ခြင်းဆိုတာ မရှိသလို၊ အကြောင်းမဲ့ မုန်းတီးခြင်းဆိုတာလည်း မရှိပါချေ။
Penguin အုပ်စု၏ နာမည်မှာလည်း သိပ်မကောင်းလှသော်လည်း၊ သူတို့က ဂိမ်းခိုးကူးမှုပိုင်းမှာသာ အဓိကဖြစ်ပြီး 360 လိုမျိုး လုံခြုံရေးပြဿနာမျိုး မရှိခဲ့ပေ။
အကယ်၍သာ Nirvana X ဖုန်းတွေမှာ 360 ထုတ်ကုန်တွေ ပါဝင်တယ်ဆိုတာကို တစ်နိုင်ငံလုံး သိသွားရင် ပြဿနာအကြီးအကျယ် တက်ပေလိမ့်မည်။
လက်ရှိ ဖန်ထန်းအုပ်စုအနေဖြင့် 360 နှင့် တိုက်ရိုက် ရန်ဖြစ်နိုင်လောက်အောင် အင်အားမကြီးသေးသောကြောင့်သာ ကျိုးဟုန်ဝေကို လက်ခံတွေ့ဆုံခြင်း ဖြစ်သည်။
လူတစ်ယောက်တွင် သိက္ခာရှိဖို့ လိုသလို၊ ကျင့်ဝတ်မရှိသော ကုမ္ပဏီတစ်ခုမှာလည်း မည်သူ၏ လေးစားမှုကိုမျှ ရထိုက်မည်မဟုတ်ပေ။
.......................................................