← Chapters

စုချင်းနင်နဲ့ တွေ့ဆုံခြင်း

Vol. 10 Ch. 100

စုချင်းနင်နဲ့ တွေ့ဆုံခြင်း

Vol. 10 Ch. 100

အချိန်တွေက မြန်ဆန်သည်။၊ မျက်တောင်တစ်ခတ်အတွင်းမှာပင် ဒီဇင်ဘာလကုန်ဆုံးလို့ ဇန်နဝါရီလကို ရောက်လာခဲ့ပြီ။

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့မှာတော့ ယန်တာတက္ကသိုလ် (YSU) ရဲ့ အဆုံးသတ်စာမေးပွဲတွေ တရားဝင်စတင်ခဲ့သည်။ ပုံမှန်ဆိုရင် တိတ်ဆိတ်ခြောက်သွေ့နေတတ်တဲ့ ကျောင်းဝင်းကြီးဟာ အခုတော့ ကျောင်းသားတွေနဲ့ ပြန်လည်စည်ကားလာခဲ့ပါပြီ။

အလုပ်သင်ဆင်းနေတဲ့သူတွေရော၊ အပြင်မှာ ကိုယ်ပိုင်စီးပွားရေးလုပ်နေကြတဲ့ ကျောင်းသားလုပ်ငန်းရှင်တွေပါမကျန် အားလုံး ကျောင်းကို ပြန်ရောက်လာကြတာပါ။

နိုင်ငံရဲ့ အစဉ်အလာအကြီးမားဆုံး တက္ကသိုလ်တစ်ခုဖြစ်တဲ့ ယန်တာဟာ တစ်ချက်ကိုတော့ အမြဲကိုင်စွဲထားပါတယ်။ မင်းက ဘယ်လောက်ပဲ ချမ်းသာတဲ့မျိုးရိုးကလာလာ၊ ဒါမှမဟုတ် ကိုယ်တိုင်က ဘယ်လောက်ပဲ ထူးချွန်ထူးချွန်... စည်းကမ်းပိုင်းမှာတော့ ဘယ်သူ့ကိုမှ အခွင့်ထူးမပေးတာပါပဲ။ ကိုယ်ပိုင်ကိစ္စတွေကို သတ်မှတ်ထားတဲ့ ဘောင်အတွင်းမှာ ခွင့်ပြုပေးထားပေမဲ့ စာမေးပွဲဖြေဆိုခြင်းနဲ့ ဘွဲ့နှင်းသဘင်လို အခမ်းအနားမျိုးတွေမှာတော့ မပျက်မကွက် တက်ရောက်ရစမြဲပါ။

ဝူး... ဝူး... ဝူး...

ယန်တာတက္ကသိုလ် အရှေ့ဘက်မုဒ် အပြင်ဘက်က ချန်ဖူလမ်းမပေါ်မှာတော့ အင်ဂျင်သံအေးအေးလေးနဲ့အတူ လှပတဲ့ အပြာရောင် SUV ကားတစ်စီးဟာ လမ်းမထက်မှာ အရှိန်နဲ့ ပြေးလွှားနေသည်။

လင်းဖန်ဟာ သီချင်းလေး နားထောင်ရင်း ကျောင်းဆီကို ဦးတည်မောင်းနှင်နေတာပါ။ ကံကောင်းတာက ဒီနေ့က စနေနေ့ဖြစ်လို့ ရုံးတက်သူနည်းနေတာကြောင့် လမ်းမပိတ်တာပါပဲ။

"အယ်"

ထိုစဉ် လမ်းလယ်ခေါင်မှာ စက်ဘီးစီးလာတဲ့ လူရိပ်တစ်ခုကို မြင်လိုက်ရတာကြောင့် လင်းဖန် ချက်ချင်း ဘရိတ်အုပ်လိုက်သည်။

ကားပေါ်က ဆင်းလိုက်ချိန်မှာတော့ လင်းဖန် မနေနိုင်ဘဲ ကျိန်ဆဲမိတော့မလို ဖြစ်သွားသည်။ ကံကောင်းလို့ ကားဘရိတ်က မိနေတာပေါ့၊ မဟုတ်ရင် ဒီနေ့တော့ ကားတိုက်မှုဖြစ်ပြီပဲ။

"တောင်း... တောင်းပန်ပါတယ်"

Maserati Levante ကားကြီးရဲ့ ဘေးမှာတော့ ပိန်ပိန်ပါးပါး မိန်းကလေးတစ်ယောက်ဟာ ခေါင်းလေးငုံ့ပြီး အားငယ်စွာ တိုးတိုးလေး ပြောနေသည်။ လင်းဖန် မသိစိတ်နဲ့ ဝေ့ကြည့်လိုက်မိချိန်မှာတော့ အဖြူရောင် တီရှပ်နဲ့ ဂျင်းဘောင်းဘီကို ဝတ်ထားတဲ့ ချစ်စရာကောင်းတဲ့ မိန်းကလေးတစ်ယောက်ကို တွေ့လိုက်ရသည်။

သူမရဲ့ မျက်လုံးလေးတွေကို ကြည့်ရင်း တစ်နေရာရာမှာ မြင်ဖူးသလိုလိုနဲ့ ရင်းနှီးတဲ့ ခံစားချက်တစ်ခု ရလာသည်။

"စုချင်းနင်... မင်း ဘာလို့ ဒီမှာ ရှိနေတာလဲ"

"လင်း... လင်းဖန်"

စုချင်းနင် ခေါင်းမော့ကြည့်လိုက်တဲ့အခါ သူမရဲ့ မျက်နှာမှာ ရှုပ်ထွေးတဲ့ အမူအရာတွေ ပေါ်လာသည်။ ကြည်လင်တဲ့ သူမရဲ့ မျက်ဝန်းတွေထဲမှာ ကျေးဇူးတင်မှု၊ အံ့သြမှုနဲ့ ထိတ်လန့်မှုတွေ ရောပြွမ်းနေတာပါ။

ရင်းနှီးသလိုလိုနဲ့ သူစိမ်းဆန်နေတဲ့ ဒီကောင်လေးကို ဒီမှာ တွေ့ရလိမ့်မယ်လို့ သူမ မထင်ထားခဲ့။ အရင်က တက္ကသိုလ်ဝင်တန်း စာမေးပွဲတုန်းကသာ လင်းဖန်သာ မကူညီခဲ့ရင် ဒီနေ့မှာ သူမ ယန်တာတက္ကသိုလ်ကို ရောက်ချင်မှ ရောက်နေမှာပါ။

"မင်းက ယန်တာမှာ တက်နေတာလား"

လင်းဖန်က ခပ်အေးအေးပဲ မေးလိုက်သည်။ သူ့ရှေ့က ပိန်ပိန်ပါးပါး မိန်းကလေးဟာ မိသားစုနောက်ခံ သိပ်မရှိပေမဲ့ ကျင်းလင် အမှတ် (၁) အထက်တန်းကျောင်းရဲ့ အတော်ဆုံး ကျောင်းသူတစ်ဦး ဖြစ်ခဲ့တာကို သူ သတိရသွားသည်။ လင်းဖန် မပေါ်လာခင်အထိ စုချင်းနင်ဟာ အမြဲတမ်း ပထမရနေကျဖြစ်ပြီး လူတိုင်းက သူမကိုပဲ ဒီနှစ်ရဲ့ ဝိဇ္ဇာဘာသာရပ် ဂုဏ်ထူးဆောင် ထိပ်သီးဖြစ်လိမ့်မယ်လို့ ထင်ထားခဲ့ကြတာပါ။

ဒါပေမဲ့ နောက်ဆုံးမှာ လင်းဖန်က ရမှတ်အပြည့်နဲ့ပေါ်လာပြီး နိုင်ငံတော်အဆင့် စံချိန်တွေကို ချိုးဖျက်ကာ ကျင်းလင်မြို့တင်မက တစ်နိုင်ငံလုံးရဲ့ ဝိဇ္ဇာဂုဏ်ထူးဆောင် ပထမဆုကို ဆွတ်ခူးသွားခဲ့တာ ဖြစ်သည်။

"အင်း"

စုချင်းနင်က ခေါင်းလေးငြိမ့်ပြသည်။ သူမရဲ့ အရည်လဲ့နေတဲ့ မျက်ဝန်းလေးတွေက လင်းဖန်ကို စိုက်ကြည့်နေပြီး ရင်ထဲမှာ ပြောမပြတတ်တဲ့ ခံစားချက်တွေ ပြည့်နေသည်။ ဒါပေမဲ့ ဘေးနားက ပျက်စီးသွားတဲ့ စက်ဘီးလေးကို ကြည့်ရင်း သူမရဲ့ လှပတဲ့ မျက်နှာလေးမှာ စိုးရိမ်စိတ်တွေ ပြန်ပေါ်လာပြန်သည်။ အခု စက်ဘီးက ပျက်သွားပြီဆိုတော့ ကျောင်းကို ဘယ်လိုသွားရတော့မလဲ။

"စုချင်းနင်"

မပြင်မဆင်ဘဲနဲ့တောင် ကမ္ဘာကို အံ့သြသွားစေလောက်တဲ့ မျက်နှာလေးကို ကြည့်ရင်း လင်းဖန်က

"ကားပေါ်တက်"

လို့ ပြောလိုက်သည်။

"ဟင်"

ဝမ်းနည်းလွန်းလို့ ငိုချင်စိတ်ပေါက်နေတဲ့ စုချင်းနင်ဟာ ခေါင်းမော့ပြီး လင်းဖန်ကို ကြောင်ကြည့်နေသည်။

"ဒီနေ့က အဆုံးသတ် စာမေးပွဲလေ မင်းသာ စာမေးပွဲလွတ်သွားရင် ဘွဲ့ရခါနီးမှ ပြန်ဖြေရလိမ့်မယ်"

လို့ လင်းဖန်က တိုးတိုးလေး ပြောလိုက်သည်။ ပြီးနောက် မြေပြင်ပေါ်က ပျက်နေတဲ့ စက်ဘီးကို မကာ Maserati ရဲ့ နောက်ဖုံးထဲ ထည့်လိုက်သည်။

"ဒါပေမဲ့..."

စုချင်းနင် ခေါင်းလေးငုံ့ပြီး ဘာလုပ်ရမှန်း မသိဖြစ်နေတုန်းမှာပဲ လင်းဖန်က သူမလက်ကို ဆွဲပြီး ရှေ့ခန်းမှာ ထိုင်ခိုင်းလိုက်တော့သည်။ ဒီအတိုင်းသာ အချိန်ဆွဲနေရင် စာမေးပွဲခန်းထဲ ရောက်မှာ မဟုတ်တော့ဘူးလေ။

လမ်းတလျှောက် လင်းဖန် ဘာမှမပြောဘဲ ကျောင်းဝင်းထဲကိုသာ ဦးတည်မောင်းနှင်လာခဲ့သည်။ ယန်တာက နိုင်ငံရဲ့ အကောင်းဆုံး တက္ကသိုလ်ဖြစ်သလို လုံခြုံရေးကလည်း အဆင့်မြင့်ပေသည်။ အရှေ့ဘက်မုဒ်ကို ရောက်တဲ့အခါ လုံခြုံရေးတွေက ကျောင်းသားကတ်ကို ကြည့်ပြီး လင်းဖန်ကို တိုက်ရိုက်ဝင်ခွင့်ပြုလိုက်သည်။

အဓိကကတော့ အတွေးအခေါ်ပညာဌာနရဲ့ အကြီးအကဲက လုံခြုံရေးဌာနကို မှာထားတာကြောင့်ပါ။ လင်းဖန်ရဲ့ ကားဆိုရင် တိုက်ရိုက်လွှတ်ပေးရန်ဖြစ်သည်။ ဒီကျောင်း၌တက်နေတဲ့သူတွေဟာ အထက်တန်းလွှာတွေ၊ သူဌေးသားတွေ များပြားပြီး သူတို့တွေက ပြိုင်ကားတွေကို အရောင်တောက်တောက်နဲ့ စီးလေ့ရှိကြပေမဲ့ Maserati Levante လို SUV မျိုးကိုတော့ ခပ်တည်တည် စီးလာတာက လင်းဖန်တစ်ယောက်ပဲ ရှိနိုင်သည်။

ဒါကြောင့် လင်းဖန်က ကျောင်းကို ခဏခဏ မလာဖြစ်ပေမဲ့ လုံခြုံရေးဝန်ထမ်းတိုင်းက သူ့ကားကို သိနေကြတာပါ။ တစ်နိုင်ငံလုံး ရမှတ်အပြည့်ရခဲ့တဲ့ ပထမဆုံး ပါရမီရှင် ကျောင်းသားဖြစ်သလို အတွေးအခေါ်ဌာနကလည်း သူ့ကို လွတ်လပ်စွာ လေ့လာခွင့်ပေးထားတာကြောင့် လူတိုင်းရဲ့ အာရုံစိုက်မှုကို ခံနေရတာ ဖြစ်သည်။

"ဒါနဲ့ မင်းက ဘယ်မှာ စာမေးပွဲဖြေရမှာလဲ"

"ကျွန်မက စာပေဌာနကပါ ဒီရှေ့မှာပဲ ချပေးခဲ့ပါ၊ ကျွန်မဘာသာ သွားလိုက်ပါ့မယ် ရှင့်ရဲ့ စာမေးပွဲကို နှောင့်နှေးသွားမှာ စိုးလို့ပါ"

စုချင်းနင်က သူမရဲ့ လွယ်အိတ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး သူ့ကို ခိုင်မာတဲ့ အကြည့်နဲ့ ကြည့်နေသည်။ မိန်းကလေးရဲ့ တည်ကြည်တဲ့ အမူအရာကို မြင်တော့ လင်းဖန် မပြုံးဘဲ မနေနိုင်တော့ချေ။

"ကောင်းပြီလေ၊ ဒါဆို ဒီမှာပဲ ဆင်းလိုက်တော့"

စုချင်းနင် ကားပေါ်က ဆင်းသွားပြီးနောက် လင်းဖန်က အတွေးအခေါ်ဌာနရှိရာ စာမေးပွဲခန်းဆီကို မောင်းထွက်လာခဲ့သည်။ ဌာနနှစ်ခုက ဘေးချင်းကပ်လျက်ဆိုတော့ သိပ်မဝေးပေ။ နှစ်ယောက်စလုံး စာမေးပွဲမစခင် အချိန်မီ ရောက်သွားကြသည်။

ပုံမှန်ဆိုရင် မနက်ပိုင်း စာမေးပွဲတစ်ဘာသာပဲ ရှိတတ်ပြီး အတွေးအခေါ်ဌာနက ဒီနေ့ နိုင်ငံရေးဘာသာရပ် ဖြေရတာပါ။ ဒီဘာသာရပ်က လင်းဖန်အတွက်တော့ အေးဆေးပါပဲ၊ နာရီဝက်အတွင်းမှာတင် သူ အကုန်ဖြေပြီးသွားသည်။

၁၁ နာရီ ၃၀ မိနစ်၊ စာပေဌာန စာသင်ဆောင်အောက်..

"ဟင်"

စာမေးပွဲခန်းထဲက ထွက်လာတဲ့ စုချင်းနင်ဟာ တစ်ယောက်ယောက်က သူမကို ခေါ်နေသလို ကြားလိုက်ရသည်။ ခေါင်းမော့ကြည့်လိုက်တော့ ပန်းခြံဘောင်မှာ မှီပြီး စောင့်နေတဲ့ လင်းဖန်ကို တွေ့လိုက်ရသည်။ အကြည့်ချင်း ဆုံသွားတဲ့အခါ စုချင်းနင်ရဲ့ မျက်နှာမှာ ထူးဆန်းတဲ့ အမူအရာတစ်ခု ပေါ်လာပြန်သည်။

သူ ဘာလို့ ဒီမှာ ရှိနေတာလဲ...။

လင်းဖန်က စုချင်းနင်ကို ပြုံးပြပြီး ဘေးနားကို လက်ညှိုးညွှန်ပြကာ ကားပါကင်ဆီ လျှောက်သွားသည်။ စုချင်းနင်လည်း မဆိုင်းမတွဘဲ သူ့နောက်က လိုက်သွားခဲ့သည်။

"စာမေးပွဲ ကောင်းကောင်း ဖြေနိုင်ခဲ့ရဲ့လား"

ကျောင်းဝင်းထဲမှာ လမ်းလျှောက်ရင်း လင်းဖန်က ဘေးနားက မိန်းကလေးကို ငေးကြည့်နေမိသည်။ အခုအချိန်မှာ စုချင်းနင်က အထက်တန်းတုန်းကထက် ပိုပြီး ရင့်ကျက်တဲ့ အလှမျိုး ရှိနေပါပြီ။ အရင်က ကျစ်ဆံမြီး ကျစ်ထားတတ်တဲ့ ဆံပင်လေးတွေဟာ အခုတော့ ပခုံးပေါ်မှာ ဝဲကျနေသည်။ သူမ ဝတ်ထားတာက ရိုးရိုးရှင်းရှင်း အဖြူရောင် တီရှပ်နဲ့ ဂျင်းဘောင်းဘီ၊ ပြီးတော့ ရှူးဖိနပ်အဖြူလေး တစ်စုံပါပဲ။

ဒါပေမဲ့ သူမရဲ့ အလှကအတွင်းစိတ်ကနေ အပြင်ကို ထိုးဖောက်ထွက်နေသလိုပါပဲ။ လူတိုင်းက သူမကို မြင်လိုက်တာနဲ့ ရင်ထဲမှာ အေးချမ်းသွားပြီး သဘောကျမိကြမှာ အသေအချာပင်။ ဖြူစင်လွန်းတဲ့ "First Love" ပုံစံမျိုးဖြစ်သည်။

"အဆင်ပြေပါတယ်၊ ဒါနဲ့ ရှင်... ကျွန်မကို ကူညီစရာ ရှိလို့လား"

စုချင်းနင်က လင်းဖန်ကို ခေါင်းမော့ကြည့်ပြီး မေးလိုက်သည်။ သူမရဲ့ လှပတဲ့ မျက်ဝန်းတွေထဲမှာ သံသယရိပ်လေးတွေ ဖြတ်ပြေးသွားသည်။ သူ ဘာလို့ သူမဆီကို ရောက်လာရတာလဲဆိုတာကို သူမ လုံးဝ နားမလည်နိုင် ဖြစ်နေပုံရသည်။

....................................................

All Chapters