အခန်း (၇၉၁-၇၉၂)
Vol. 80 Ch. 791-792
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၇၉၁ + ၇၉၂
မူရင်းစာရေးဆရာ - Silent Cake And Pastrie
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
(ကိုယ်ရေးကိုယ်တာ ပြဿနာအချို့ကြောင့် ကြာနေတာ တောင်းပန်ပါတယ်ဗျ။ စာစဥ် ၈၀ လေးကို ရာသက်ပန် အခမဲ့ချပေးလိုက်ပါတယ်။ အားပေးမှုများအတွက် ကျေးဇူးအများကြီးတင်ပါတယ်ဗျ။)
“ဟားးး”
အချိန်အတော်ကြာ အသက်ရှူကျပ်နေခဲ့သော မိုဟန်တစ်ယောက် အခေါင်းထဲမှ ခုန်ထွက်လာပြီး လေကောင်းလေသန့်ကို လောဘတကြီး ရှူရှိုက်လိုက်ရ၏။
အခေါင်းထဲရှိ သန့်စင်သော ရွှေဝါရောင် အရည်များမှာ ယခုအခါ လုံးဝ ညစ်ထေးသွားပြီဖြစ်သည်။ အစိမ်းပုပ်ရောင်နှင့် ရွှေဝါရောင်အနည်းငယ် ရောနှောသွားကာ အလွန်ထူးဆန်းသော အသွင်သို့ ပြောင်းလဲသွား၏။ ထိုရွှေဝါရောင်အရည်များသည် ယခင်က တုပိုင် ညစ်ညမ်းစေခဲ့ဖူးသည့် ရေတွင်းထဲမှရေများနှင့် ပုံစံတူသွားပြီး မည်သည့် စွမ်းအင်လှိုင်းမှ မကျန်ရစ်တော့ချေ။
မိုဟန် မြေပြင်ပေါ်သို့ လှမ်းဆင်းလိုက်ရာ သူမ၏ခန္ဓာကိုယ်က အလိုအလျောက် အားအင်အပြည့်ဖြင့် လှုပ်ရှားသွား၏။ မည်သူမျှ ထင်မှတ်မထားလောက်အောင်ပင် သူမသည် လျှပ်စီးသဖွယ် ပြေးထွက်သွားမိပြီး အမြန်နှုန်းမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားလေသည်။
အံ့မခန်း ပြေးလွှားနေသော သူမ၏ ခြေလှမ်းများသည် တစ်စက္ကန့်လျှင် မီတာ ခြောက်ဆယ် ၊ ခုနစ်ဆယ်အထိ လူသားမဆန်သော နှုန်းထားသို့ ရောက်ရှိနေကာ ဤထက်ပင် ပိုမို မြန်ဆန်နိုင်သေးကြောင်း သူမ ခံစားလိုက်ရသည်။
ထို့နောက် သူမ၏ ကိုယ်ထဲမှ ရွှမ်းချီအတွင်းအားများ ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာ၏။ ထိုအခါ အံ့ဩဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ပေါ်ပေါက်လာလေသည်။ သူမ၏ ခန္ဓာကိုယ်သည် ပတ်ဝန်းကျင် မြင်ကွင်းထဲတွင် လုံးဝ ပျောက်ကွယ်သွားကာ ကိုယ်ပျောက်အသွင်သို့ ကူးပြောင်းသွားလေတော့သည်။
ဓာတ်ခွဲခန်း တာဝန်ခံ အမျိုးသမီးနှစ်ဦးမှာ ဤမြင်ကွင်းကြောင့် လုံးဝကို မှင်တက်အံ့ဩသွားကြလေသည်။ သူတို့ တွေးလိုက်မိကြ၏။
“ဒါ... ဒါက အရောင်ပြောင်းနိုင်တဲ့ ရေနဂါးရဲ့ ရွှေရောင်သွေးစွမ်းအင်ပဲ။ ဒီလောက်အထိ ပေါ့ပါးဖျတ်လတ်ပြီး အသွင်ပြောင်းနိုင်တဲ့အပြင် ကိုယ်ဖျောက်နိုင်စွမ်းပါ ရှိနေတာလား”
တုပိုင်၏ ရွှေနဂါးသွေးကြောသည် အလွန်တရာ စွမ်းအားကြီးမားလှသဖြင့် ဓားလှံလက်နက်များ ဖောက်ထွင်း၍မရသလောက်နီးပါး ဖြစ်နေပြီး ဒဏ်ရာများကိုလည်း လျင်မြန်စွာ အနာကျက်စေနိုင်၏။
မိုဟန်သည်တော့ လျင်မြန်ဖြတ်လတ်ပြီး ကိုယ်ပျောက်နိူင်စွမ်းအား ရရှိထားလေသည်။
မိုဟန် သူမ၏ တစ်ကိုယ်လုံးကို ပြန်လည်စစ်ဆေးကြည့်လိုက်ရာ ပြီးပြည့်စုံစွာ သန့်စင်နေပြီး လှပဝင်းမွတ်နေသည်ကို မြင်လိုက်ရသည်။ ယခင်ကထက်ပင် ပို၍လှလာသေးသည်။ ရင်ဘတ်က အလွန်ပြားချပ်နေဆဲ ဖြစ်သော်လည်း ခန္ဓာကိုယ် ကောက်ကြောင်းများကတော့ အပြစ်ဆိုဖွယ်ရာ မရှိအောင် ပြီးပြည့်စုံနေလျက်ရှိ၏။
အမျိုးသမီးနှစ်ဦးသည် အဝတ်အစားတစ်စုံကို ယူဆောင်လာပြီး ပြောလိုက်၏။
“ဘုရင်မ မိုဟန်... ဒါက ဆရာသခင်ကိုယ်တိုင် သင့်အတွက် ပြင်ဆင်ပေးထားတဲ့ တိုက်ပွဲဝင်ဝတ်စုံပါ”
မိုဟန် ကြည့်လိုက်သောအခါ ထိုဝတ်စုံမှာ လျှို့ဝှက်ဆန်းကြယ်သော သားရဲအရေခွံ တစ်မျိုးမျိုးဖြင့် ပြုလုပ်ထားပုံရပြီး ယခင်က တစ်ခါမှ မမြင်ဖူးသော ဒီဇိုင်းမျိုး ဖြစ်နေသည်ကို တွေ့လိုက်ရ၏။
အမျိုးသမီးတစ်ဦးက ရှင်းပြလေ၏။
“ဘုရင်မက အရောင်ပြောင်းလဲနိုင်တဲ့ ရေနဂါးရဲ့ သွေးတွေ သွင်းခံထားရတာပါ။ ဒီသားရေဝတ်စုံကလည်း အဲဒီ ရေနဂါးဆီကနေ အကုန်လုံး ခွာယူထားတာပါပဲ။ ကျွန်မတို့က ဒါကို ဝတ်စုံတစ်စုံ ၊ ဂါဝန်တစ်ထည်ဖြစ်အောင် ဖန်တီးချုပ်လုပ်ထားပါတယ်”
မိုဟန် ထိုဂါဝန်ကို ဝတ်ဆင်လိုက်၏။ ဝတ်စုံမှာ အံဝင်ခွင်ကျဖြစ်ကာ ဆွဲဆောင်မှုရှိပြီး မြင့်မြတ်သောအသွင်ကို ဆောင်နေကာ မိုဟန်၏ အေးစက်စက် စိတ်နေသဘောထားကို အပြည့်အဝ ပေါ်လွင်စေနေသည်။
အမျိုးသမီးက ဆက်ပြောလိုက်၏။ “ဒါကို ကျွန်မတို့ရဲ့ ဆရာသခင်ကိုယ်တိုင် ပုံစံထုတ် ၊ ဖြတ်တောက်ပြီး ချုပ်လုပ်ပေးထားတာပါ။ ဒါ့အပြင် ဒီရေနဂါး အရေခွံရဲ့ စွမ်းအင်ဂုဏ်သတ္တိတွေက ကျန်ရှိနေဆဲမို့လို့ ဝတ်ဆင်ထားချိန်မှာ ဘုရင်မရဲ့ နောက်ထပ် အရေပြားအလွှာတစ်ခုလို ဖြစ်နေပါလိမ့်မယ်။ အရောင်ပြောင်းဖို့အတွက် ဘုရင်မ စိတ်ကြိုက် ထိန်းချုပ်လို့ရမှာပါ”
မိုဟန် စမ်းသပ်လိုစိတ်ဖြင့် ရွှမ်းချီအတွင်းအားကို ထည့်သွင်းကာ စိတ်အာရုံဖြင့် စေခိုင်းလိုက်လေ၏။ ရုတ်တရက် ဂါဝန်မှာ မင်းမျိုးမင်းနွယ်တို့၏ အဆင်းအရောင်ဖြစ်သော တောက်ပသည့် အဝါရောင်အဖြစ်သို့ ကူးပြောင်းသွားလေသည်။ ထို့နောက် သူမက ရွှမ်းချီအတွင်းအားကို ထပ်မံစီးဆင်းစေကာ စိတ်ထဲမှ တွေးတောလိုက်သည်နှင့် တစ်ပြိုင်နက် ဂါဝန်သည် ပတ်ဝန်းကျင်နှင့် တစ်သားတည်း ရောယှက်သွားပြီး လုံးဝ ကိုယ်ပျောက်သွားလေတော့၏။
မိုဟန်က ကျေနပ်စွာဖြင့် ပြောလိုက်၏။ “ဒါကို ကျွန်မ အရမ်းသဘောကျတယ်”
ထိုစဉ် သခင်လေး ဖန်းချန်က အထဲသို့ ဝင်လာရင်း ပြောလိုက်သည်။ “ဘုရင်မ သဘောကျတယ်ဆိုတော့လည်း ကျွန်တော် ဝမ်းသာပါတယ်”
မိုဟန် မေးလိုက်၏။ “အခု တုပိုင်ဆီ သွားပြီး ကလဲ့စားချေလို့ ရပြီလား”
သခင်လေး ဖန်းချန်က ပြုံးလျက် ပြောလေ၏။
“တုပိုင်ကို ကလဲ့စားချေမလို့လား... မလောပါနဲ့ဦး။ သူက အရေးမပါတဲ့ လူတစ်ယောက်ပါ။ ကျွန်တော်တို့ဆီမှာ ပိုပြီး ကြီးမားတဲ့ ရည်မှန်းချက်တွေ ရှိသေးတယ်။ ဘုရင်မ မိုဟန်... ဘုရင်မရဲ့ လက်ရှိ ကျင့်ကြံမှုအဆင့်က အရမ်းနိမ့်နေသေးတယ်။ အချိန်တိုအတွင်းမှာ ကြီးမားတဲ့ တိုးတက်မှုတစ်ခု ရဖို့ လိုအပ်တယ်။ ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ”
သခင်လေး ဖန်းချန်က ရှေ့မှ လမ်းပြခေါ်ဆောင်သွားလေ၏။ သူတို့သည် တောင်အတွင်းပိုင်းရှိ အခြားသော လျှို့ဝှက်ခန်းတစ်ခုဆီသို့ ဦးတည်သွားကြသည်။
လမ်းတစ်လျှောက်ရှိ စင်္ကြံလမ်းမှာ ပို၍ ကြည်လင်တောက်ပနေပြီး နေရာတိုင်းတွင် ထူးဆန်းသော ကျောက်သလင်းများ ကပ်ထား၏။ ဤနေရာသည် အခြားကမ္ဘာမှ စွမ်းအင်ကျောက်သလင်း ဥက္ကာပျံများ ကျရောက်ခဲ့သော နေရာဖြစ်ပြီး ၊ ပေမင်ဓားဂိုဏ်း၏ ကြယ်ငါးပွင့် စွမ်းအင်အစီအရင်အတွက် အရေးကြီးသော အစိတ်အပိုင်းတစ်ခုလည်း ဖြစ်လေသည်။
မကြာမီပင် သူတို့ အခြားသော လျှို့ဝှက်ခန်းတစ်ခုသို့ ရောက်ရှိလာကြ၏။
မဟာဆရာသခင်အဆင့်ရှိ အစောင့်လေးယောက်သည် သခင်လေး ဖန်းချန်ကို မြင်သည်နှင့် တစ်ပြိုင်နက် မြေပြင်ပေါ်သို့ ဒူးထောက် အရိုအသေပေးလိုက်ကြသည်။
အထဲသို့ ဝင်လိုက်ပြီးနောက် မိုဟန်သည် ထူးဆန်းသော မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရသည်။
အတွင်းဘက်၌ ကြည်လင်တောက်ပနေသော ကမ္ဘာငယ်လေးတစ်ခုအလား ဖြစ်နေပြီး ၊ နေရာတိုင်းတွင် ကျောက်သလင်းအမျိုးမျိုးနှင့် ကျောက်သလင်း စွမ်းအင်အစီအရင် အသွယ်သွယ်ကို မြင်တွေ့နိုင်လေသည်။
ထိုအစီအရင်များထဲတွင် လူရာပေါင်းများစွာသည် လေထဲ၌ တွဲလောင်းချိတ်ဆွဲခံထားရကာ ကျောက်သလင်း စွမ်းအင်အစီအရင်၏ ပိတ်လှောင်မှုကို ခံထားရ၏။ ဤလူများအားလုံးသည် မီးနတ်ဘုရားဂိုဏ်းနှင့် ကပ်ဘေးလက်ဝါးကပ်တိုင်ဂိုဏ်းတို့မှ ဆရာသခင်အဆင့်ရှိ သိုင်းပညာရှင်များ ဖြစ်ကြလေ၏။
ပေမင်ဓားဂိုဏ်း၏ ကြယ်ငါးပွင့် စွမ်းအင်အစီအရင်ကို ဖွင့်လိုက်ပြီးနောက် လူနှစ်ရာကျော် သေဆုံးသွားခဲ့ပြီး ကျန်ရှိနေသော ခုနစ်ရာကျော်မှာမူ အစီအရင်၏ ရိုက်ခတ်မှုကြောင့် သတိလစ်မေ့မြောသွားခဲ့ကြခြင်း ဖြစ်သည်။ ယခုအခါ သူတို့သည် သခင်လေး ဖန်းချန်နှင့် ပေမင်ဓားဂိုဏ်းတို့၏ သုံ့ပန်းများ ဖြစ်လာခဲ့ကာ ရွှမ်းချီအတွင်းအားများ စုပ်ယူရန်အတွက် အသုံးအချခံနေကြရသည်။
ပေမင်ဓားဂိုဏ်းသည် နင်တောက်ရွှမ်၏ ဂိုဏ်းဖြစ်သကဲ့သို့ ၊ သခင်လေး ဖန်းချန်၏ ဂိုဏ်းလည်း ဖြစ်နေသေး၏။
သခင်လေး ဖန်းချန်က မေးလိုက်၏။ “ဘုရင်မ မိုဟန်... ဒီလူတွေကိုကြည့်ရတာ ဘာနဲ့တူတယ်လို့ ထင်လဲ”
မိုဟန်က ပြန်ပြေသည်။ သစ်ပင်ပေါ်မှာ သီးနေတဲ့ အသီးတွေနဲ့ တူတယ်”
သခင်လေး ဖန်းချန်က ဆက်လက် ရှင်းပြလေ၏။
“မှန်ပါတယ်။ သူတို့က အသီးအနှံတွေပါပဲ... တစ်ယောက်ချင်းစီတိုင်းက မဟာဆရာသခင်အဆင့် အသီးအနှံတွေပေါ့။ ဒီအသီးတွေကို သုံးပြီးတော့ လူတော်တော်များများက ပြင်းပြင်းထန်ထန် ကြိုးစားအားထုတ်စရာမလိုဘဲ ဒီမဟာဆရာသခင်တွေရဲ့ ဒန်တျန်ထဲက ရွှမ်းချီအတွင်းအားတွေကို ကိုယ့်ကိုယ်ပိုင်အဖြစ် ပြောင်းလဲပစ်နိုင်တယ်။ ပြီးတော့ ကျင့်ကြံမှုအဆင့်ကိုလည်း အရင်က တစ်ခါမှ မရှိခဲ့ဖူးတဲ့ အမြန်ဆုံးနှုန်းနဲ့ မြှင့်တင်နိုင်တယ်”
မိုဟန် ထိုမြင်ကွင်းကို လိုက်လံ ကြည့်ရှုလိုက်သည်။
မြေပြင်ပေါ်တွင် လူရာပေါင်းများစွာ တရားထိုင်လျက်ရှိကြသည်။ သူတို့အားလုံးသည် ပေမင်ဓားဂိုဏ်းမှ သိုင်းပညာရှင်များ ဖြစ်ကြလေသည်။ သူတို့ တစ်ဦးချင်းစီတိုင်း၏ ကိုယ်ပေါ်တွင် လေထဲ၌ တွဲလောင်းချိတ်ဆွဲထားသော မဟာဆရာသခင် သုံ့ပန်းများနှင့် ချိတ်ဆက်ထားသည့် ကျောက်သလင်းပိုက် ဒါဇင်ပေါင်းများစွာကို တပ်ဆင်ထားလေ၏။
ထိုသို့ ချိတ်ဆက်ထားခြင်းဖြင့် မီးနတ်ဘုရားဂိုဏ်းနှင့် ကပ်ဘေးလက်ဝါးကပ်တိုင်ဂိုဏ်းတို့မှ မဟာဆရာသခင်များ၏ အတွင်းအားများသည် ပေမင်ဓားဂိုဏ်းမှ သိုင်းပညာရှင်များ၏ ဒန်တျန်ထဲသို့ စဉ်ဆက်မပြတ် စီးဆင်းကူးပြောင်းသွားမည် ဖြစ်ပေ၏။
ဤမြင်ကွင်းသည် ယခင်က လီရူဟိုင်တစ်ယောက် ယခင်စနစ်ရှင်၏ ဒန်တျန်ရွှမ်းချီများကို ဝါးမျိုစုပ်ယူခဲ့သည့် ဖြစ်စဉ်နှင့် ဆင်တူသော်လည်း ၊ ယခုအရာက များစွာပို၍ အဆင့်မြင့်နေပေ၏။
သခင်လေး ဖန်းချန်က ဆက်ပြောလေ၏။
“ဒီတစ်ကြိမ် ကျွန်တော်တို့ မဟာဆရာသခင် ခုနစ်ရာကိုးဆယ့်နှစ်ယောက်ကို ဖမ်းဆီးရမိခဲ့တယ်။ သူတို့အားလုံးက ကျွန်တော်တို့ရဲ့ စွမ်းအင်အရင်းအမြစ်တွေ ဖြစ်လာပြီးတော့ သိုင်းပညာရှင် အမြောက်အမြားကို အသုတ်လိုက် မွေးထုတ်ပေးသွားလိမ့်မယ်။ ဒါပေမဲ့ နှမြောစရာကောင်းတာက ဒီပေမင်ဓားဂိုဏ်းက သိုင်းပညာရှင်တွေတောင်မှ သူတို့ရဲ့ ဒန်တျန်နဲ့ သွေးကြောတွေမှာ အကန့်အသတ်ရှိနေကြတယ်။ ရွှမ်းချီအတွင်းအား အများကြီးကို တစ်ပြိုင်နက်တည်း ဝါးမျိုဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ”
“ဒါပေမဲ့...”
“ဒါပေမဲ့ ဘုရင်မ မိုဟန်ကတော့ ကွာခြားပါတယ်။ ဘုရင်မရဲ့ ကြွက်သားတွေနဲ့ ဒန်တျန်က ပြုပြင်ပြောင်းလဲခံထားရပြီးသားပါ။ ဘုရင်မဆီမှာ အရောင်ပြောင်းလဲနိုင်တဲ့ ရေနဂါးဆိုတဲ့ အခြားကမ္ဘာက သားရဲရဲ့ သွေးတွေရှိနေတယ်။ ဒါကြောင့် ဘုရင်မရဲ့ ဒန်တျန်နဲ့ သွေးကြောတွေရဲ့ ဆံ့နိုင်စွမ်းက တခြားသိုင်းပညာရှင်တွေထက် အဆပေါင်း ဒါဇင်နဲ့ချီ ၊ ရာနဲ့ချီပြီး ပိုများနေတယ်”
ထိုစကားကို ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် မိုဟန်၏ လှပသော မျက်နှာလေးမှာ အနည်းငယ် တုန်လှုပ်သွားပြီး မေးလိုက်၏။
“ဒါဆိုရင် အချိန်တိုအတွင်းမှာ ကျွန်မက နင်တောက်ရွှမ်လောက်နီးပါး စွမ်းအားကြီးလာနိုင်တယ်လို့ ဆိုလိုတာလား”
သခင်လေး ဖန်းချန်က ပြန်ဖြေလေ၏။ “တိတိကျကျပြောရရင် နင်တောက်ရွှမ်ကလည်း ဒီနည်းလမ်းနဲ့ပဲ စွမ်းအားကြီးလာခဲ့တာပါ”
ထိုအခါ မိုဟန်က ဆက်မေးလိုက်၏။ “နင်တောက်ရွှမ်ရဲ့ သွေးကလည်း ပြောင်းလဲခံထားရတာလား”
သခင်လေး ဖန်းချန်က ခေါင်းညိတ်လိုက်ပြီး ပြောလိုက်၏။ “သေချာတာပေါ့... ဒါကြောင့်လည်း သူက လောကရဲ့ အသန်မာဆုံး သိုင်းပညာရှင် ဖြစ်လာတာလေ။ သူတင်မကဘူး ၊ သူ့ရဲ့ဇနီး ကျီကျန်ယန်ကလည်း ပြုပြင်ပြောင်းလဲခံထားရတာပဲ”
နင်တောက်ရွှမ်နှင့် ကျီကျန်ယန်တို့ ဇနီးမောင်နှံနှစ်ဦးစလုံး ထိုသို့ ခန္ဓာကိုယ် ပြုပြင်ပြောင်းလဲခံထားရခြင်းကြောင့်ပင် သူတို့၌ ရင်သွေး မျိုးဆက်မရှိခြင်း ဖြစ်သည်။
သို့သော် ကျီကျန်ယန်က တုပိုင်နှင့် အတူအိပ်စက်ပြီးနောက် ကိုယ်ဝန်ရလာလိမ့်မည်ဟု သူမကိုယ်တိုင်ပင် ထင်မှတ်မထားခဲ့ပေ။ ထို့ကြောင့် မွေးဖွားလာတော့မည့် ရင်သွေးလေးကို သူမ မျှော်လင့်တကြီး စောင့်စားနေခြင်းဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ဤသည်က သာမန် လူသားများ၏ မျိုးဆက်သက်သက်သာ မဟုတ်ဘဲ ၊ ကွဲပြားခြားနားသော ကမ္ဘာနှစ်ခုမှ သွေးနှစ်မျိုး ပေါင်းစပ်သွားသည့် မျိုးဆက်လည်း ဖြစ်နေသောကြောင့်ပင်။
မိုဟန် မေးလိုက်၏။ “ဒါဆိုရင် သွေးအသွင်ပြောင်းခံရပြီး ရေနဂါးတွေ ၊ အရောင်ပြောင်းလဲနိုင်တဲ့ ရေနဂါးတွေလိုမျိုး ရွှေရောင်သွေး သွင်းခံရတဲ့သူ ဘယ်နှစ်ယောက်လောက် ရှိလဲ”
သခင်လေး ဖန်းချန်က ရှင်းပြလေ၏။
“အရမ်းကို နည်းတယ်။ ဘုရင်မရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံမျိုးက လူတစ်သန်းမှာ တစ်ယောက်တောင် ရှိဖို့ခဲယဉ်းတယ်။ လူအများစုကြီးက ဒီသွေးကို လက်ခံနိုင်စွမ်း မရှိကြဘူး။ ကျန်တဲ့သူတွေက ပြောင်းလဲနိုင်တဲ့ အရည်အချင်းရှိပေမဲ့လည်း ကျရှုံးနိုင်ခြေက ဆယ်ပုံမှာ ရှစ်ပုံ ၊ ကိုးပုံလောက်အထိ ရှိနေတယ်။ အဲဒါကြောင့်မို့လို့ ဘုရင်မက တန်ဖိုးရှိနေတာပေါ့”
ထို့နောက် သူသည် မိုဟန်အား ဓာတ်ခွဲခန်းငယ်လေးတစ်ခုဆီသို့ ခေါ်ဆောင်သွားပြီး ပြောလိုက်လေ၏။
“ဒီဓာတ်ခွဲခန်းက ဘုရင်မ တစ်ယောက်တည်းအတွက် အထူး ပြင်ဆင်ပေးထားတာပါ”
ဘုရင်မ မိုဟန်သည် ဓာတ်ခွဲခန်းထဲတွင် တွဲလောင်းချိတ်ဆွဲထားသော မဟာဆရာသခင် သုံ့ပန်း ဒါဇင်ပေါင်းများစွာကို မြင်တွေ့လိုက်ရပြီး မေးလိုက်သည်။
“ဒီလူတွေကရော ကျွန်မအတွက် ပြင်ဆင်ထားတာလား”
သခင်လေး ဖန်းချန်က ပြန်ဖြေလေ၏။
“ဟုတ်ပါတယ်... ဒီမဟာဆရာသခင် ငါးဆယ့်ကိုးယောက်ရဲ့ ဒန်တျန်တွေထဲက ရွှမ်းချီကျင့်ကြံမှုတွေ အားလုံးက ဘုရင်မအတွက်ပါပဲ။ နောက်ထပ် နှစ်လကြာတဲ့အခါမှာတော့ ဘုရင်မက လောကတစ်ခွင်လုံးရဲ့ အထွတ်အထိပ်မှာ ရပ်တည်နိုင်လောက်တဲ့အထိ အလွန်အမင်း စွမ်းအားကြီးလာပါလိမ့်မယ်”
မဟာဆရာသခင် ငါးဆယ့်ကိုးယောက်၏ ကျင့်ကြံမှုများလော။ မိုဟန်တစ်ယောက် မည်မျှအထိ စွမ်းအားကြီးမားသွားမည်နည်း။ လုံးဝကို စိတ်ကူးကြည့်၍ပင် မရနိုင်တော့ချေ။
ဘုရင်မ မိုဟန်သည် စိတ်လှုပ်ရှားမှုကြောင့် တစ်ကိုယ်လုံး တုန်ယင်လာကာ ပြောလိုက်၏။
“အဲဒီအချိန်ရောက်ရင် ကျွန်မရဲ့ အန်နမ်နိုင်ငံကို ပြန်လည်ရယူနိုင်လိမ့်မယ်။ တုပိုင်ကို အပိုင်းပိုင်းအစစ ခုတ်ထစ်ပစ်နိုင်ပြီး ပိုင်ဆယ်စီရင်စုကိုလည်း ပြန်လည်သိမ်းပိုက်နိုင်လိမ့်မယ်”
သခင်လေး ဖန်းချန်က စိတ်မရှည်ဟန်ဖြင့် သက်ပြင်းချလိုက်ပြီး ဆိုလေ၏။ “လေးစားရပါသော ဘုရင်မ... ကျွန်တော့်ရဲ့ အနာဂတ်ကြင်ယာတော်... ဘုရင်မရဲ့ ရည်မှန်းချက်တွေက အရမ်းကို... သေးသိမ်လွန်းနေတယ်”
ထို့နောက် အမျိုးသမီး မှော်သိုင်းပညာရှင် ဒါဇင်ကျော်ခန့် ဝင်ရောက်လာပြီး ဘုရင်မ မိုဟန်အတွက် ထိုမဟာဆရာသခင်အဆင့် သုံ့ပန်း ဒါဇင်ပေါင်းများစွာ၏ ဒန်တျန်ရွှမ်းချီများကို စတင်ဝါးမျို စုပ်ယူပေးကြလေတော့၏။
**--**--**--**--**--**--**--**
ပင်လယ်ပြင်ထက်၌ အသစ်စက်စက် စစ်သင်္ဘောတစ်စင်း... ကျောက်သလင်းစွမ်းအင်သုံး သံချပ်ကာ စစ်သင်္ဘောကြီးတစ်စင်း ရှိနေ၏။
စွမ်းအားကြီးမားသော မှော်သိုင်းပညာရှင်တစ်ဦးက ပြောလိုက်၏။
“ဗိုက်ကင်းနိုင်ငံက လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာကတည်းက ကျောက်သလင်း စွမ်းအင်အနှစ်သာရကို မတော်တဆ ရရှိခဲ့ကြတယ်။ ဒါပေမဲ့ သူတို့က တုံ့ဆိုင်းနေခဲ့ပြီး နှစ်ရာပေါင်းများစွာကြာတဲ့အထိ ဘာတိုးတက်မှုမှ မရှိခဲ့ကြဘူး... ဒါကြောင့်လည်း သူတို့ရဲ့ ကျောက်သလင်း စွမ်းအင်သုံး သံချပ်ကာ စစ်သင်္ဘော ဒါဇင်ပေါင်းများစွာက ကျွန်တော်တို့ရဲ့ ရေနွေးငွေ့သုံး သံချပ်ကာ စစ်သင်္ဘောကြီးတွေ ၊ ဟောင်ဝစ်ဇာအမြောက်တွေရဲ့ ချေမှုန်းတာကို ခံခဲ့ရတာပေါ့။ အဲဒီ သံချပ်ကာ စစ်သင်္ဘော ဒါဇင်ကျော်ကိုလည်း ကျွန်တော်တို့က သိမ်းပိုက်နိုင်ခဲ့တယ်”
ထို့နောက် ဆက်လက်၍ ရှင်းပြလေ၏။
“ဗိုက်ကင်းနိုင်ငံရဲ့ စစ်သင်္ဘောတွေပေါ်က ကျောက်သလင်း စွမ်းအင်အနှစ်သာရကို ကျွန်တော်တို့ ပြုပြင်မွမ်းမံလိုက်တဲ့အခါ စွမ်းအင်က ခုနစ်ဆလောက် တိုးလာတယ်။ ဒါကို ကျွန်တော်တို့ရဲ့ အသစ်စက်စက် သံချပ်ကာ စစ်သင်္ဘောကြီးပေါ်မှာ တပ်ဆင်လိုက်တဲ့အခါ သင်္ဘောရဲ့ ရေစူးတန်ချိန်က အရင်က တစ်ခါမှ မရှိခဲ့ဖူးတဲ့ တန်ခြောက်ထောင်အထိ ရောက်ရှိသွားပြီး ဧရာမမှော်အမြောက်ကြီး နှစ်ဆယ်ကို တပ်ဆင်နိုင်သွားတယ်။ စစ်သင်္ဘောရဲ့ သွားလာနိုင်တဲ့ အမြန်နှုန်းကလည်း တစ်နာရီကို ရေမိုင် နှစ်ဆယ့်ငါးနော့စ်အထိ ရောက်လာပြီ”
ဤပမာဏသည် လက်ရှိ လောကရှိ စစ်သင်္ဘောများ၏ ရေစူးတန်ချိန်ထက် နှစ်ဆကျော် ပိုများနေပြီး ပင်လယ်ပြင်ထက်တွင် ရွေ့လျားနေသော တောင်ကုန်းငယ်တစ်ခုအလား တကယ့် ဧရာမဘီလူးကြီးတစ်ကောင်ပင် ဖြစ်လေ၏။
သို့သော် ဤဧရာမ စစ်သင်္ဘောကြီးတွင် အမြောက် အလက် နှစ်ဆယ်သာ ပါရှိ၏။ ထိုအမြောက်များသည် ယခင်က ဆယ့်နှစ်ပေါင်ဒါ ၊ ဆယ့်ရှစ်ပေါင်ဒါ အစရှိသည့် အမြောက်ဟောင်းများ မဟုတ်သလို ၊ ဟောင်ဝစ်ဇာအမြောက်များလည်း မဟုတ်ပေ။
လက်ရှိအမြောက်များမှာ အလွန်လေးလံသော အမြောက်ကြီးများကို အခြေခံကာ ပြုပြင်မွမ်းမံထားသည့် ဧရာမကျောက်သလင်း မှော်အမြောက်ကြီးများ ဖြစ်ကြလေ၏။
တစ်လက်စီ၏ ပြောင်းဝအကျယ်မှာ အံ့မခန်းဖွယ် သုံးရာ မီလီမီတာကျော်ရှိကာ ၊ ပြောင်းတံအရှည်မှာ ဆယ်မီတာအထိ ရှိပြီး အမြောက်တစ်လက်စီ၏ အလေးချိန်မှာ ကီလိုဂရမ် သောင်းနှင့်ချီ၍ လေးလံလှသည်။
မှော်သိုင်းပညာရှင်က ပြောလိုက်၏။
“တုပိုင်ရဲ့ ကျောက်သလင်းအမြောက် အလုပ်လုပ်တဲ့ သဘောတရားက မခက်ခဲပါဘူး။ လွန်ခဲ့တဲ့ နှစ်နှစ်ကတည်းက ဒီကျောက်သလင်း ကိရိယာ တည်ဆောက်မှုကို ကျွန်တော်တို့ ပြီးစီးခဲ့တာပါ... ဒါပေမဲ့ ဒီကိရိယာကို လှုံ့ဆော်ပေးနိုင်မယ့် ဒြပ်စင်ကို ကျွန်တော်တို့ ရှာမတွေ့ခဲ့ဘူး။ ဒါပေမဲ့ တုပိုင်က ကျွန်တော်တို့ကို လုံးဝ မျက်စိပွင့်သွားစေခဲ့တယ်။ အဲဒီ ဒြပ်စင်က မှော်ကျောက်သလင်းပဲ”
လက်ရှိအချိန်တွင် သေးငယ်သော မှော်ကျောက်သလင်းတစ်ခုမှာ သခင်လေး ဖန်းချန်၏ လက်ထဲတွင် ရှိနေလေ၏။
သခင်လေး ဖန်းချန်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
“ဒါက သာမန် မှော်ကျောက်သလင်း မဟုတ်ဘူး ၊ မိစ္ဆာရဲ့ သွေးပဲ... ဝိညာဉ်မိစ္ဆာရဲ့ သွေးကို သုံးလို့ရရုံတင်မကဘူး ၊ တခြားမိစ္ဆာတွေရဲ့ သွေးကိုလည်း အသုံးပြုလို့ ရတယ်”
မှော်သိုင်းပညာရှင်က ပြန်ပြောလိုက်၏။
“ဟုတ်ပါတယ်။ မိစ္ဆာရဲ့ သွေးပါ။ ဒီကျောက်သလင်း မှော်အမြောက်က လျှပ်စစ်ကျောက်သလင်း အများကြီး လိုအပ်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ အခုလေးတင် သိမ်းပိုက်လိုက်တဲ့ တောင်အမေရိက လျှို့ဝှက်နယ်မြေမှာ ဒီလို ကျောက်သလင်းတွေ အများကြီးရှိသလို ၊ ဆက်စပ်နေတဲ့ ကျောက်သလင်းတွေလည်း ရှိနေတယ်ဗျ”
“ဒါကြောင့် ကျွန်တော်တို့ရဲ့ ဧရာမကျောက်သလင်းအမြောက်ကို တုပိုင်ရဲ့ အမြောက်တွေက လုံးဝ ယှဉ်နိုင်မှာ မဟုတ်ဘူး။ ဒါ့အပြင် ကျွန်တော်တို့ရဲ့ နိုက်ထရိုဂလစ်ဆရင်း တွေကိုလည်း အမြောက်အမြား ထုတ်လုပ်ထားပြီးပြီမို့လို့ လက်ပစ်ဗုံးတွေရဲ့ ပေါက်ကွဲအားကလည်း ၂ ဆပိုတိုးလာပါပြီ”
သခင်လေး ဖန်းချန်က မေး၏။ “ဒီ ဧရာမကျောက်သလင်း မှော်အမြောက်တွေက ဘယ်လောက်အထိ လှမ်းပစ်နိုင်လဲ”
မှော်သိုင်းပညာရှင်က ဖြေသည်။ “မိုင်သုံးဆယ်ပါ... ဆယ့်သုံးမိုင် အကွာအဝေးမှာရှိတဲ့ ပစ်မှတ်ကို ချိန်ရွယ်ပြီး အမြောက်ကို စမ်းသပ်ပစ်ခတ်ပေးဖို့ သခင်လေးကို တောင်းဆိုချင်ပါတယ်”
သခင်လေး ဖန်းချန်သည် ဧရာမကျောက်သလင်း မှော်အမြောက်ကြီးကို ချိန်ညှိလိုက်ပြီး ၊ အနီရောင် ကျောက်သလင်း လေဆာ ချိန်ရွယ်မှု ကိရိယာကို အသုံးပြုကာ သူ၏ စိတ်စွမ်းအင်များကို စုစည်းလိုက်၏။ ထို့နောက် မီတာ ခြောက်ထောင်ငါးရာ အကွာရှိ ပစ်မှတ်ကို ချိန်ရွယ်ပြီးနောက် လေဆာ ချိန်ရွယ်မှု ကိရိယာ၏ ခလုတ်ကို နှိပ်လိုက်လေ၏။
“ရွှစ်...”
ရုတ်တရက် လေဆာတန်းတစ်ခု ထွက်ပေါ်လာပြီး မီတာ ခြောက်ထောင်ငါးရာ အကွာအဝေးရှိ ပစ်မှတ်သင်္ဘောပေါ်သို့ အနီရောင်အစက်လေး ကျရောက်သွားလေ၏။
မှော်သိုင်းပညာရှင်က ပြောသည်။ “စမ်းသပ်ပစ်ခတ်မယ့် ပစ်မှတ်သင်္ဘောက တန်သုံးထောင်ရှိတဲ့ ကုန်တင်သင်္ဘောဖြစ်ပြီး တုပိုင်ရဲ့ ကျောင်းလုံ စစ်သင်္ဘောထက် ပိုကြီးပါတယ်”
ချိန်ရွယ်မှု ပြီးစီးသွားသည်နှင့် သခင်လေး ဖန်းချန်က ပစ်ခတ်ရန် ခလုတ်ကို နှိပ်ချလိုက်လေ၏။
“ရွှစ်...”
အံ့မခန်း အပြာရောင် အလင်းတန်းတစ်ခု ပေါက်ကွဲထွက်ပေါ်လာ၏။ ကီလိုဂရမ် ရာပေါင်းများစွာ အလေးချိန်ရှိသော အမြောက်ဆန်ကြီးသည် အသံထက် ငါးဆမြန်သော အမြန်နှုန်းဖြင့် လျှပ်စီးကဲ့သို့ ပြင်းထန်စွာ ထွက်ပေါ်သွားပြီး လေထုထဲတွင် အံ့မခန်း အသံလှိုင်း ပေါက်ကွဲသံကြီး ထွက်ပေါ်လာလေတော့၏။
လေးစက္ကန့်ကျော် ကြာပြီးနောက်...
“ဝုန်းးးးးး”
ဧရာမ အမြောက်ဆန်ကြီးသည် ပစ်မှတ်သင်္ဘောကို တိကျစွာ ထိမှန်သွားလေ၏။ အံ့မခန်း အမြန်နှုန်းကြောင့် အမြောက်ဆန်သည် ကုန်တင်သင်္ဘောအတွင်းသို့ ဆယ်မီတာကျော်အထိ တိုက်ရိုက် ဖောက်ထွင်းဝင်ရောက်သွားကာ သင်္ဘော၏ ဝမ်းဗိုက်အတွင်းပိုင်းအထိ နက်ရှိုင်းစွာ ထိုးဖောက်သွားလေ၏။
ထို့နောက်
“ဘုန်းးးးးး”
မြေပြင်တစ်ခုလုံး တုန်ဟည်းသွားစေမည့် ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာလေသည်။ တန်သုံးထောင်ရှိသော ကုန်တင်သင်္ဘောကြီးမှာ ချက်ချင်းပင် ကြေမွသွားလေတော့၏။
မြုပ်သွားခြင်းမဟုတ်ဘဲ တစ်စစီ ကြေမွပျက်စီးသွားခြင်း ဖြစ်၏။
အမြောက်၏ စွမ်းအားမှာ အံ့မခန်းဖြစ်ပြီး တုပိုင်၏ ကျောက်သလင်း မှော်အမြောက်ထက် အဆတစ်ရာကျော်ခန့် ပိုမို အားကောင်းနေသည်။
မှော်သိုင်းပညာရှင်က ပြောလိုက်၏။ “ဒါကြောင့် တကယ်လို့ ကျွန်တော်တို့သာ တုပိုင်ရဲ့ ကျောင်းလုံ စစ်သင်္ဘောနဲ့ ရင်ဆိုင်ရမယ်ဆိုရင် မီတာ ခြောက်ထောင် ၊ ဒါမှမဟုတ် အဲဒီထက်ပိုဝေးတဲ့ နေရာကနေ တစ်ချက်တည်းပစ်ပြီး အပိုင်းပိုင်းအစစဖြစ်အောင် ချေမှုန်းပစ်လို့ရတယ်”
“သူတို့က ကျွန်တော်တို့အနားကို ချဉ်းကပ်လာဖို့ အခွင့်အရေးမရှိသလို ကျွန်တော်တို့ကို သေချာမြင်ရဖို့တောင် အခွင့်အရေးရမှာ မဟုတ်ဘူး... ဒါတင်မကသေးဘူး... ဒီစစ်သင်္ဘောနဲ့ဆိုရင် ဒီလောကပေါ်မှာရှိတဲ့ ရေတပ်အားလုံးကို ကျွန်တော်တို့ ဖျက်ဆီးပစ်နိုင်ပါတယ်”
သခင်လေး ဖန်းချန်က ခပ်တည်တည်ဖြင့် ပြောလိုက်၏။
“အမြန်ဆုံး ပြုပြင်မွမ်းမံလိုက်ပါ။ ဒီလို စစ်သင်္ဘောမျိုးတွေ ဖြစ်နိုင်သမျှ အများဆုံး လိုချင်တယ်။ တခြား သံချပ်ကာ စစ်သင်္ဘောတွေကိုလည်း ပြုပြင်မွမ်းမံလိုက်ပါ။ အတိုတောင်းဆုံး အချိန်အတွင်းမှာ မှော်ရေတပ်စုတစ်စုကို ကျုပ်ပိုင်ဆိုင်ချင်တယ်”
မှော်သိုင်းပညာရှင်က အရိုအသေပေးလိုက်သည်။
“အမိန့်အတိုင်းပါ သခင်”
**--**--**--**--**--**--**--**
တခြားတစ်ဖက်တွင်မူ တုပိုင်သည် ဧရာမ ခွန်ပန်ငှက်ကြီးပေါ်သို့တက်ကာ အနောက်ဘက်ဆီသို့ ပျံသန်းသွားလေ၏။ သူ၏ရှေ့တွင် မျက်နှာကို ဇာပုဝါလွှမ်းထားသော မီးနတ်ဘုရားဂိုဏ်းမှ သူတော်စင်မလေးတစ်ဦး ရှိနေသည်။
တုပိုင်က မေးလိုက်သည်။ “ဒီခွန်ပန်ငှက်ကြီးထဲမှာ အခြားကမ္ဘာက သားရဲရဲ့ သွေးတွေ ရှိနေတယ်မလား... အဲဒါကြောင့် သူက ဒီလောက် မြန်မြန်ပျံသန်းနိုင်ပြီး စွမ်းအားကြီးနေတာလား”
သူတော်စင်မလေးက ပြန်ဖြေ၏။ “မှတ်ချက်မပေးလိုပါဘူး... အရှင်တုပိုင်”
ဤအမျိုးသမီးသည် မင်းသမီး ယွီကျိန်းနှင့် ယှဉ်နိုင်သော ခန္ဓာကိုယ် အချိုးအစားရှိပြီး နတ်သမီးလေးတစ်ပါးအလား လှပသော အသွင်အပြင်ရှိကာ ထူးခြားဆန်းကြယ်သည့် ညှို့ဓာတ်များ အပြည့်အဝ ရှိနေလေ၏။
သူမကို ရိုးရိုးယဉ်ယဉ် ဝတ်စားထားသည်ဟု ဆိုရမည်ဆိုလျှင်လည်း သေးသွယ်သော ခါးလေးကို ဖော်ပြထားပြီး ချက်တွင်လည်း ကျောက်မျက်ရတနာတစ်ခုကို မြှုပ်နှံထားပြန်လေ၏။ ထိုခါးသိမ်သိမ်လေးကို တစ်ချက်လောက် ထိတွေ့လိုက်ရုံဖြင့် ယောက်ျားတစ်ယောက်ကို အိပ်မက်မက်သွားစေနိုင်လောက်ပြီး အားအင်များ ကုန်ခမ်းသွားစေနိုင်သည်။
သူမကို ပွင့်လင်းသည်ဟု ဆိုရမည်ဆိုလျှင်လည်း မျက်နှာကို အမြဲတမ်း ဖုံးအုပ်ထားပြန်၏။ သို့သော် ပေါ်လွင်နေသော နှာတံ ၊ မျက်လုံးနှင့် အလှအပများက လူများကို အံ့မခန်း လှပသည်ဟု ခံစားရစေလေ၏။ သို့သော် သူမ၏ စိတ်နေသဘောထားကမူ အလွန်အမင်း အေးစက်နေပြန်သည်။
တုပိုင်က မေးလိုက်၏။ “ဒီလိုငှက်မျိုး ဘယ်နှစ်ကောင်လောက် ရှိသေးလဲ”
“မှတ်ချက်မပေးလိုပါဘူး... အရှင်တုပိုင်”
“သူတော်စင်မလေး... မင်းနာမည်က ဘယ်လိုခေါ်လဲ”
“မှတ်ချက်မပေးလိုပါဘူး... အရှင်တုပိုင်”
“မင်းတို့က ကျီယင်ယင်ကို ဘယ်လို ကယ်တင်ခဲ့ပြီး သူမရဲ့ ခန္ဓာကိုယ်နဲ့ သိုင်းပညာတွေကို ဘယ်လို ပြန်လည်ကောင်းမွန်အောင် လုပ်ပေးခဲ့တာလဲ”
သူတော်စင်မလေးက တုံ့ပြန်လေ၏။
“မှတ်ချက်မပေးလိုပါဘူး... အရှင်တုပိုင်... ရှင့်”
သူမက ထိုသို့ပင် ဂရုမစိုက်ဘဲ မောက်မာစွာ ပြောဆိုနေမည်ဆိုလျှင်လည်း တုပိုင်အတွက်ကတော့ ပျင်းစရာကောင်းနေမည် မဟုတ်ပေ။ ဧရာမ ခွန်ပန်ငှက်ကြီးသည် ရှေ့သို့ ဆက်၍သာ အဆက်မပြတ် ပျံသန်းနေလေ၏။
မိုင်ပေါင်းထောင်ချီ၍ ပျံသန်းခဲ့ပြီးနောက် တောင်တန်းများနှင့် မြစ်များကို ဖြတ်ကျော်ကာ စည်ကားသော မြို့ကြီးပြကြီးများကိုပါ ကျော်ဖြတ်သွားလေ၏။ နောက်ဆုံးတွင်တော့ လျှို့ဝှက်ဆန်းကြယ်သော နန်းတော်ပျက်ကြီးတစ်ခုဆီသို့ ဆင်းသက်သွားလိုက်သည်။
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၇၉၁ + ၇၉၂ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastrie
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ဒါနဲ့... ပင်ဂွင်းမဟုတ်ဘူး။ ခွန်ပန်ဖြစ်ရမာ။ ဒါတောင် မသေချာဘူး။ English က mtl ဆိုတော့ penguin ဆိုပြီးရေးထားတာ။ တရုတ်ဆရာတွေနဲ့ တိုင်ပတ်ပြီးမှ ခွန်ပန်ဆိုတဲ့ အဖြေထွက်လာတာဗျ။ ငါလေးစိတ်ညစ် 🤧