အခန်း (၇၉၃-၇၉၄)
Vol. 80 Ch. 793-794
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၇၉၃ + ၇၉၄
မူရင်းစာရေးဆရာ - Silent Cake And Pastrie
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
တုပိုင်တို့ လက်ရှိရောက်နေသည့် နေရာသည် ဧကတစ်သောင်းကျော်ကျယ်ဝန်းသည့် ဧရာမနန်းတော်အဆောက်အအုံစုကြီး ဖြစ်ကာ ထူးခြားဆန်းကြယ်သော လေထုဖြင့် ပြည့်နှက်နေသော်လည်း တစ်ဝက်ခန့်မှာမူ ပျက်စီးယိုယွင်းနေပြီဖြစ်သည်။
ထို့ပြင် ဤနန်းတော်စုကြီးသည် ပင်လယ်ရေမျက်နှာပြင်အထက် ကီလိုမီတာနှစ်ခုကျော် မြင့်မားသော ဧရာမ ကမ်းပါးယံကြီးပေါ်တွင် တည်ရှိနေပြီး ကောင်းကင်ယံမှ မြို့တော်တစ်ခုနှင့်ပင် တူနေလေ၏။
ခွန်ပန်ငှက်ကြီးသည် ရင်ပြင်တစ်ခုပေါ်သို့ ဆင်းသက်လိုက်သည်။ ရင်ပြင်ကြီးသည် မှောင်မိုက် ၊ ဟာလာဟင်းလင်းဖြစ်ကာ ၊ အထီးကျန်ဆန်ပြီး ခြောက်ကပ်နေ၏။
အရှေ့ဘက်တွင် ဧရာမကျောင်းတော်ကြီးတစ်ခု ရှိနေပြီး ဖယောင်းတိုင်မီးရောင် မှိန်ပျပျလေး လင်းလက်နေသည်။
တုပိုင်အား ရင်ပြင်ပေါ်တွင် ချထားပေးပြီးနောက် ၊ သူတော်စင်မလေးသည် စကားတစ်ခွန်းမျှ မဆိုဘဲ ခွန်ပန်ငှက်ကြီးကို စီးနင်းကာ ပျံသန်းထွက်ခွာသွားလေတော့၏။
ဧရာမ နန်းတော်ကြီးထဲတွင် တုပိုင်တစ်ယောက်တည်းသာ ကျန်ရစ်နေခဲ့ရသာ်။ ငှက်နှင့် အင်းဆက်ပိုးမွှားဟူ၍ တစ်ကောင်တစ်မြီးမျှပင် မရှိချေ။
ဤနန်းတော်စုကြီးသာ ခေတ်သစ်ကမ္ဘာမြေပေါ်တွင် ရှိနေမည်ဆိုပါက ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်နှင့် ကမ္ဘာ့ဗိသုကာ အံ့ဖွယ်တစ်ခုအဖြစ် သတ်မှတ်ခံရမည်မှာ အသေအချာပင် ဖြစ်လေသည်။
"ဟူးးး" တုပိုင် သူ၏ စိတ်စွမ်းအင်များကို စုစည်းလိုက်ပြီးနောက် အသက်ရှူသံတစ်သံကို ခံစားမိလိုက်သည်။
အရှေ့ဘက် ကျောင်းတော်ထဲမှ ထွက်ပေါ်လာသော အဆိုပါ အသက်ရှူသံမှာ အလွန်တရာ အားနည်းလှပြီး နှစ်မိနစ် ၊ သုံးမိနစ်ခန့်ကြာမှသာ တစ်ကြိမ် ရှူရှိုက်နေခြင်း ဖြစ်၏။
အားနည်းပြီး ရှည်လျားသော ထိုအသက်ရှူသံနှင့်အတူ ဖယောင်းတိုင်မီးရောင်မှာလည်း မှိန်ဖျော့သွားလိုက် ၊ လင်းလက်လာလိုက်ဖြင့် မတည်မငြိမ် ဖြစ်နေလျက်ရှိသည်။
တုပိုင် ထိုကျောင်းတော်ကြီးဆီသို့ ဖြည်းညင်းစွာ လျှောက်သွားလိုက်၏။
ကျောင်းတော်တစ်ခုလုံးတွင် ဧရာမ တိုင်လုံးကြီး ဒါဇင်ပေါင်းများစွာ ရှိနေပြီး ထိုတိုင်များပေါ်ရှိ ရုပ်တုအမျိုးမျိုးမှာ ဤလောကနှင့် သက်ဆိုင်ပုံမရချေ။
မျက်နှာကြက် အမိုးခုံးနှင့် မြေပြင်တစ်ခုလုံးတွင်လည်း ခမ်းနားလှပသော နံရံဆေးရေးပန်းချီများဖြင့် ပြည့်နှက်နေကာ ယင်းတို့ထဲရှိ သတ္တဝါများနှင့် အဆောက်အအုံများမှာလည်း ဤကမ္ဘာမှ မဟုတ်ပေ။
လက်ရှိအချိန်တွင် ထိုနံရံဆေးရေးပန်းချီများမှာ မပြည့်မစုံဖြစ်ကာ ပျက်စီးနေလျက်ရှိ၏။
စတုရန်းမီတာ သောင်းနှင့်ချီ ကျယ်ဝန်းသော ကျောင်းတော်ကြီးထဲတွင် တုပိုင် မြင်တွေ့နိုင်သည့် ဤလောကနှင့် သက်ဆိုင်သော တစ်ခုတည်းသောအရာမှာ လူသားရုပ်တု တစ်ခုသာ ဖြစ်လေ၏။
အဘိုးအိုတစ်ဦး၏ ရုပ်တုဖြစ်၏။ သူ၏ ခန္ဓာကိုယ်ကို ဇာပုဝါတစ်လွှာဖြင့်သာ ဖုံးလွှမ်းထားပြီး ၊ အလွန်ဆင်းရဲနွမ်းပါးလှသော ခြိုးခြံကျင့်ကြံသူတစ်ပါးအလား မြေပြင်ပေါ်တွင် မလှုပ်မယှက် ငြိမ်သက်စွာ ထိုင်နေလျက်ရှိသည်။
သူ၏ ခန္ဓာကိုယ်ပေါ်ရှိ အရေပြားမှာလည်း စကျင်ကျောက်သားအလား ဖြစ်နေ၏။
"အရှင်တုပိုင်..."
ရုတ်တရက် ရုပ်တုကြီးက စကားပြောလာကာ မျက်လုံးများကို ဖွင့်လိုက်လေသည်။
ဤသူသည် လောက၏ ကြီးမြတ်သော ပုဂ္ဂိုလ်သုံးဦးအနက်မှ တစ်ဦးဖြစ်ပြီး ၊ ကမ္ဘာပေါ်ရှိ တိုင်းပြည်ပေါင်း ဒါဇင်ချီ ၊ စတုရန်းကီလိုမီတာ သန်းပေါင်းများစွာနှင့် လူဦးရေ သန်းပေါင်းရာနှင့်ချီကို အုပ်စိုးထားသည့် မီးနတ်ဘုရားဂိုဏ်း၏ အမြင့်ဆုံးခေါင်းဆောင် ၊ အသက် ၄၉၃ နှစ်အရွယ်ရှိပြီဖြစ်သော မီးနတ်ဘုရားဂိုဏ်း၏ ပုပ်ရဟန်းမင်းကြီး ဂရစ်ဆစ်ပင် ဖြစ်လေ၏။
လောကကြီးတစ်ခုလုံး၌ သူ့ထက် စွမ်းအားကြီးမားသော သူဆိုသည်မှာ မရှိသလောက်ပင်။
"အချိန်တွေ ကုန်ဆုံးသွားတာ မြန်ဆန်လိုက်တာ... ရပ်တန့်နေသလိုတောင် ထင်ရတယ်ကွယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေတုန်းက လူငယ်တစ်ယောက် ငါ့ရှေ့ကို ရောက်လာခဲ့တယ်။ ပြီးတော့ ငါ မျက်လုံးခဏမှိတ်ထားလိုက်တာ အခု နောက်ထပ် လူငယ်တစ်ယောက် ငါ့ရှေ့ကို ရောက်လာပြန်ပြီ"
ပုပ်ရဟန်းမင်းကြီး ပြောလိုက်သော ထိုလူငယ်ဆိုသည်မှာ ယခင် အိပ်မက်စနစ်၏ စနစ်ရှင်ဟောင်းကို ဆိုလိုခြင်း ဖြစ်လေသည်။
မင်းကြီးသည် ဖြည်းညင်းစွာ မတ်မတ်ထိုင်လိုက်ပြီး သူ၏ လက်တစ်ဖက် ၊ နှစ်ဖက် ၊ သုံးဖက် ၊ လေးဖက်ကို ဆန့်ထုတ်လိုက်လေ၏။
သူ့၌ လက်လေးဖက် ရှိနေသည်။
လက်လေးဖက်ကို ဆန့်ထုတ်လိုက်ပြီးနောက်တွင် သူ၏အသွင်အပြင်မှာ ခြိုးခြံကျင့်ကြံသူရဟန်းတစ်ပါးမှသည် ၊ လောက၏ အမြင့်မြတ်ဆုံးပုဂ္ဂိုလ် သုံးဦးအနက်မှ တစ်ဦးဖြစ်ကာ အမြင့်ဆုံးအာဏာကို ကိုင်စွဲထားသည့် ပုပ်ရဟန်းမင်းကြီး ဂရစ်ဆစ်အသွင်သို့ ပြောင်းလဲသွားသကဲ့သို့ တုပိုင် ခံစားလိုက်ရသည်။
"အရှင်တုပိုင်... ကျွန်ုပ်တို့ရဲ့ မီးနတ်ဘုရားဂိုဏ်းနဲ့ ကပ်ဘေးလက်ဝါးကပ်တိုင်ဂိုဏ်းတို့ဟာ မကြာသေးခင်ကမှ မျိုးသုဉ်းလုနီးပါး ကပ်ဘေးကြီးတစ်ခုကို ကြုံတွေ့ခဲ့ရတယ်" ပုပ်ရဟန်းမင်းကြီး ဂရစ်ဆစ်က ပြောလိုက်သည်။ "ကျွန်ုပ်တို့က နင်တောက်ရွှမ်နဲ့ ဖန်းချန်တို့ရဲ့ ဧရာမထောင်ချောက်ကြီးထဲကို ဝင်မိသွားခဲ့ပြီး ၊ ထိပ်တန်းအဆင့် စွမ်းအားစုရဲ့ သုံးပုံတစ်ပုံခန့်ကို ဆုံးရှုံးခဲ့ရတယ်။ တကယ်ကို ကြီးမားတဲ့ ကပ်ဘေးကြီးပါပဲ"
တုပိုင်က ပြန်ပြောလိုက်၏။ "ကျွန်တော် အရမ်းစိတ်မကောင်းပါဘူး"
"မဟုတ်ပါဘူး... မင်း စိတ်မကောင်းမဖြစ်ပါဘူး" ပုပ်ရဟန်းမင်းကြီး ဂရစ်ဆစ်က ဆိုလေ၏။ "တကယ်တော့ ဒီရလဒ်ကို မင်း ကြိုမြင်နေခဲ့ပေမဲ့ ၊ တားဆီးဖို့ မကြိုးစားဘဲ ဖြစ်ခွင့်ပေးလိုက်တာလေ"
တုပိုင်မှာ မငြင်းဆန်ဘဲ တိတ်ဆိတ်နေသည်။
"ဟားဟား" ပုပ်ရဟန်းမင်းကြီး ဂရစ်ဆစ်က ရယ်မောရင်း ပြောလိုက်၏။ "နာမည်ကြီး စကားတစ်ခွန်း ရှိတယ်... တကယ်လို့ ပူးပေါင်းလုပ်ဆောင်မယ့်သူက အရပ်အရမ်းရှည်နေပြီး မင်းနဲ့ သာမန်လို စကားပြောဖို့ အဟန့်အတားဖြစ်နေမယ်ဆိုရင် ၊ သူနဲ့ တန်းတူရည်တူ စကားပြောနိုင်ဖို့အတွက် သူ့ရဲ့ခြေထောက်တွေကို ဖြတ်ပြီး မင်းနဲ့ အရပ်တူအောင် လုပ်လိုက်တာက ပိုကောင်းတယ်တဲ့"
"အတော်လေး ဒဿနဆန်တာပဲ" တုပိုင်က ဆိုလေ၏။ "ဒီစကားကို ဘယ်သူပြောခဲ့တာလဲ... ဒီလို နာမည်ကြီးစကားမျိုးကို ကျွန်တော် တစ်ခါမှ မကြားဖူးဘူး"
"ငါက နာမည်ကြီး ပုဂ္ဂိုလ်တစ်ယောက် မဟုတ်လို့လား" ပုပ်ရဟန်းမင်းကြီး ဂရစ်ဆစ်က မေးသည်။
တုပိုင် အံ့အားသင့်သွားပြီး ပြန်ပြောလိုက်၏။ "သေချာတာပေါ့... အရှင်မင်းကြီးရဲ့ ဒီစကားတွေကို နေရာအနှံ့ ပျံ့နှံ့သွားအောင် ကျွန်တော် တာဝန်ယူပါ့မယ်"
ပုပ်ရဟန်းမင်းကြီး ဂရစ်ဆစ်က ဆိုလေ၏။ "မင်းရဲ့ အံ့အားသင့်သွားတဲ့ အမူအရာက တော်တော်လေး ပီပြင်တာပဲ"
တုပိုင် ခေါင်းငုံ့လိုက်သည်။
တုပိုင် ဤကဲ့သို့ မဟာဉာဏ်ပညာရှင်ကြီးနှင့် စကားပြောရသည်ကို သဘောမကျပေ။ အဘယ်ကြောင့်ဆိုသော် သူသည် သူ၏စိတ်ထဲရှိ အတွေးများနှင့် သူ၏ ဟန်ဆောင်မှုများနှင့် ဟန်ပန်အမူအရာ အားလုံးကို ဖောက်ထွင်းသိမြင်နေနိုင်သောကြောင့်ပင် ဖြစ်သည်။
"အရှင်တုပိုင်... မင်းက အရှေ့ဘက် ပြည်ထောင်စုနဲ့ အဆုံးအဖြတ် တိုက်ပွဲတစ်ခုကို ရင်ဆိုင်ရတော့မယ်" ပုပ်ရဟန်းမင်းကြီး ဂရစ်ဆစ်က ပြောလိုက်၏။
"ဟုတ်ပါတယ်... အရှင်မင်းကြီး" တုပိုင်က ပြန်ဖြေသည်။
ပုပ်ရဟန်းမင်းကြီးက ဆက်ပြောလေ၏။ "မင်းရဲ့ ကျောက်သလင်း မှော်အမြောက်နဲ့ အလင်းတန်း သံဓားတွေက တော်တော်လေး ထူးခြားအံ့မခန်းပါပဲ။ ဒါပေမဲ့... အရှေ့ဘက် ပြည်ထောင်စုက မင်းထက်စောပြီး စွမ်းအင်လက်နက်တွေကို လေ့လာနေခဲ့တာ။ သူတို့ဆီမှာ အဓိက သော့ချက်တစ်ခုပဲ လိုအပ်နေခဲ့တာ။ မင်းရဲ့ ကျောက်သလင်း မှော်အမြောက်က အဲဒီသော့ချက်ကို ဖွင့်ပြလိုက်သလို ဖြစ်သွားတယ်။ ဒါကြောင့် သူတို့ရဲ့ စွမ်းအင်လက်နက်တွေက မင်းထက် အဆတစ်ရာလောက် ပိုပြီး အားကောင်းလာလိမ့်မယ်"
တုပိုင်က ပြောလိုက်၏။ "ကျွန်တော် ထပ်ပြီး သံသယဝင်မိတာတစ်ခု ရှိသေးတယ်။ သခင်လေး ဖန်းချန်က အမြဲတမ်း အချိန်ကိုက်ဆိုသလို လက်နက်အသစ်စက်စက်တွေကို ထုတ်ယူလာတတ်ပြီး လောကကြီးကို ဆယ်စုနှစ်တွေနဲ့ချီ ဦးဆောင်နေခဲ့တာ။ ဒါကြောင့် စွမ်းအင်လက်နက်တွေကလည်း သူ့လက်ထဲမှာ အစောကြီးကတည်းက ရှိနေခဲ့တာ ဖြစ်နိုင်တယ်။"
"ကျွန်တော်က အရင် ထုတ်သုံးလိုက်လို့သာ သူ အံ့အားသင့်သွားတာ ဖြစ်လိမ့်မယ်။ သူ့ရဲ့ အစီအစဉ်ထဲမှာ ဒီစွမ်းအင်လက်နက်တွေက ဒီလောကက အင်အားစုတွေကို ရင်ဆိုင်ဖို့အတွက် ဖြစ်ချင်မှဖြစ်လိမ့်မယ်။ မီးနတ်ဘုရားဂိုဏ်းနဲ့ အနောက်ကမ္ဘာကို ဆန့်ကျင်တိုက်ခိုက်တဲ့ စစ်ပွဲမှာသာ သူက စွမ်းအင်လက်နက်တွေကို အသုံးပြုလိမ့်မယ်လို့ ထင်တယ်"
ပုပ်ရဟန်းမင်းကြီး ဂရစ်ဆစ်က ဆိုလေ၏။ "ဟုတ်တယ်... ဘာပဲဖြစ်ဖြစ် သူက မိစ္ဆာတမန်တော်ပဲလေ"
တုပိုင်က မေးလိုက်၏။ "သူကလား"
ပုပ်ရဟန်းမင်းကြီး ဂရစ်ဆစ်က ဆက်ပြောလေသည်။ "ငါ သူ့ကို မမြင်ဖူးပေမဲ့ ၊ မိုင်ထောင်ချီ ဝေးကွာနေတဲ့ နေရာကနေတောင် သူ့ဆီက မိစ္ဆာရနံ့ကို ရနေသလိုပဲ"
"ရနံ့ဟုတ်လား" တုပိုင်က မေးလိုက်၏။ "အနံ့ဆိုးကြီး မဟုတ်ဘူးလား"
ပုပ်ရဟန်းမင်းကြီး ဂရစ်ဆစ်က ပြန်ဖြေ၏။ "အဲဒါကသာ အနံ့ဆိုးကြီးဆိုရင် ၊ ငါ အခု နှာခေါင်းနဲ့ ပါးစပ်ကို ပိတ်ထားရတော့မှာပေါ့။ ဘာလို့လဲဆိုတော့ မင်းဆီမှာလည်း မိစ္ဆာရဲ့ အငွေ့အသက်တွေ ရှိနေတယ်လေ"
မှန်ပေသည်။ တုပိုင်၏ ခန္ဓာကိုယ်ထဲတွင် ဝိညာဉ်မိစ္ဆာ၏ စွမ်းအင်အရှိန်အဝါများ ရှိနေလေ၏။
"ဒီလောကကြီးက ပြောင်းလဲသွားပြီ" ပုပ်ရဟန်းမင်းကြီး ဂရစ်ဆစ်က ဆိုလေ၏။ "ဒါပေမဲ့ မင်းရဲ့ သွေးတွေကတော့ သန့်စင်ပြီး တောက်ပနေဆဲပဲ။ ဒါက အရမ်းအရေးကြီးတယ်။ မိစ္ဆာရဲ့ သွေးက တစ်စက်လောက် ရောစပ်သွားရင်တောင်မှ ၊ လူသားဆန်မှု အားလုံးကို ဆုံးရှုံးသွားစေနိုင်တယ်"
"၁၃၁ ရက်ပဲ လိုပါတော့တယ် အရှင်တုပိုင်..." ပုပ်ရဟန်းမင်းကြီး ဂရစ်ဆစ်က ပြောလိုက်သည်။
သူပြောသည့်စကားကို မည်သူကမျှ နားလည်မည်မဟုတ်သော်လည်း ၊ တုပိုင်ကတော့ နားလည်နိုင်သည်။
"ကမ္ဘာပျက်ကပ်ကြီးက ရောက်လာတော့မယ်။ အမှားအမှန်တွေကို ဂရုစိုက်နေဖို့ အချိန်မရှိတော့ဘူးထင်တယ်" ပုပ်ရဟန်းမင်းကြီး ဂရစ်ဆစ်က ဆက်ပြောလေ၏။ "ကျပန်းလူတစ်ယောက်ကို ရှာတွေ့သွားပြီး ၊ သူ့ကို လက်ညှိုးထိုးပြီး အခုကစပြီး မင်းက ကယ်တင်ရှင်ပဲလို့ ပြောလိုက်သလိုပဲ။ ဒီလောကကြီးမှာ ရွံရှာစရာကောင်းပြီး ရယ်စရာကောင်းတဲ့ ဟာသမျိုးတွေ ဘယ်တော့မှ ရှားပါးသွားမှာ မဟုတ်ဘူး"
"အခြားကမ္ဘာက မိစ္ဆာတွေ ကျူးကျော်လာတော့မယ်။ ဖန်းချန်က မိစ္ဆာတွေရဲ့ တမန်တော်ပဲ။ ဒီကျူးကျော်မှုက လောကကြီး ပျက်သုဉ်းသွားမယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။ ဒီတစ်ကြိမ် ကမ္ဘာ့အက်ကြောင်းတွေ ပွင့်လာတာက ဥက္ကာပျံ နည်းနည်းလောက် ကျလာသလို ရိုးရှင်းမှာမဟုတ်ဘူး။"
"ရေတွက်လို့မရတဲ့ သန်းရာနဲ့ချီတဲ့ မိစ္ဆာတွေ ကျလာမှာ။ ဒါဟာ ကမ္ဘာပျက်ကပ်ကြီးပဲ" ပုပ်ရဟန်းမင်းကြီး ဂရစ်ဆစ်က ဆိုလေ၏။ "ငါ မျက်လုံးမှိတ်လိုက်တိုင်း ဒီမြင်ကွင်းကို မြင်နေရသလိုပဲ။ ဒါကြောင့်မို့လို့ လွန်ခဲ့တဲ့ နှစ်လေးရာကျော်တုန်းက ငါ့ရဲ့ ပထမဆုံးအကြိမ်... အမျိုးသမီးတစ်ယောက်နဲ့ အတူအိပ်စက်ခဲ့ရတဲ့ မြင်ကွင်းကို အတင်းပြန်တွေးနေရတယ်။ အဲဒါကမှ ဒီလို အိပ်မက်ဆိုးလို ကြိုတင်မြင်တွေ့နေရတာတွေကနေ လွတ်မြောက်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းပဲလေ"
"ငါ့ရဲ့ ပထမဆုံး အမျိုးသမီး... တကယ်ကို အံ့မခန်းပါပဲ။ ရေပုံးတစ်လုံးလို တုတ်ခိုင်တဲ့ ခါးအချိုးအစားရှိတယ်။ အဲဒီအချိန်တုန်းက ငါက ဆယ့်လေးနှစ်ပဲ ရှိသေးတာ။ သူက သုံးဆယ့်ငါးနှစ်။ ငါ့ကို သေမလောက်ဖြစ်သွားစေခဲ့တာ" ပုပ်ရဟန်းမင်းကြီး ဂရစ်ဆစ်က ဆက်ပြောလေသည်။ "သူက ငါ့ဦးလေးရဲ့ ဇနီး... ဆင်းရဲတဲ့ မုဆိုးမတစ်ယောက်ပေါ့။ သူက ပိုပြီး ဆင်းရဲတဲ့ ငါ့လို ကလေးတစ်ယောက်ကို မြင်တဲ့အခါ... ငါ့ကို နတ်ပြည်တစ်ပြည် ပေးခဲ့တာပဲ"
တုပိုင်မှာ ဘာပြောရမှန်းမသိဘဲ ဆွံ့အသွားလေတော့သည်။
"အရှင်တုပိုင်... မင်းရဲ့ လက်ရှိအင်အားကို အားကိုးပြီး အရှေ့ဘက် ပြည်ထောင်စုကို သွားတိုက်မယ်ဆိုတာက ကြက်ဥနဲ့ ကျောက်ခဲကို ပေါက်သလိုပဲ။ ကျောက်သလင်း မှော်အမြောက်တွေ ၊ အလင်းတန်း သံဓားတွေ ရှိနေရင်တောင်မှပေါ့။ ငါ ကြိုမြင်နေရတာက မင်းရဲ့ ကျောက်သလင်း မှော်အမြောက်တွေက သူ့ရဲ့ ဆယ်ပုံတစ်ပုံ ၊ ဒါမှမဟုတ် ရာခိုင်နှုန်း တစ်ရာမှာ တစ်ပုံလောက်ပဲ ရှိလိမ့်မယ်" ပုပ်ရဟန်းမင်းကြီး ဂရစ်ဆစ်က ပြောလိုက်သည်။
"ဒါကြောင့် မင်းက မီးနတ်ဘုရားဂိုဏ်းရဲ့ စွမ်းအားကို လိုအပ်တယ်။ ငါတို့ရဲ့ စမ်းသပ်မှုတွေရဲ့ ကိုးဆယ့်ကိုးရာခိုင်နှုန်းက ကျရှုံးခဲ့ပေမဲ့ တစ်ရာခိုင်နှုန်းကတော့ အောင်မြင်ခဲ့တယ်။ မင်းမြင်တဲ့အတိုင်းပဲ ငါတို့က ဖြတ်တောက်ခံရတဲ့ ခြေလက်တွေ အစားထိုးတာနဲ့ ခေါင်းအစားထိုးတာတွေမှာ အထူးကို ကျွမ်းကျင်တယ်။ ဒါကြောင့် ငါတို့က ဇီဝဗေဒမှာ အရမ်းကျွမ်းကျင်တယ်။ ပြီးတော့ ကျောက်သလင်း စွမ်းအင်ယဉ်ကျေးမှုကိုလည်း ဖော်ထုတ်ချင်ခဲ့တယ်။"
"ဒါပေမဲ့ မင်းလိုမျိုး အရင်လူတစ်ယောက်က မီးနတ်ဘုရားဂိုဏ်းကို ရောက်လာပြီးတော့ သိပ္ပံနည်းကျ ယဉ်ကျေးမှုကို အလျင်စလို စတင်ခဲ့တယ်။ ကျောက်သလင်း စွမ်းအင်ယဉ်ကျေးမှုကတော့ ဗိုက်ကင်းမြို့တော်က လေလံပွဲကြီး မတိုင်ခင်အထိ နှစ်တစ်ရာလောက် ဘာတိုးတက်မှုမှ မရှိခဲ့ဘူး။ ဒါပေမဲ့ အဲဒီမှာလည်း ငါတို့ မှော်ကျောက်သလင်းကို ဆုံးရှုံးခဲ့ရပြန်တယ်"
တုပိုင် ပြောလိုက်၏။ "အခြားကမ္ဘာက စွမ်းအင်ဇီဝဗေဒလား... တစ်နည်းအားဖြင့် ခင်ဗျားတို့ဆီမှာ အင်အားကြီးတဲ့ လေတပ်တစ်ခု ရှိနေတာပေါ့"
ပုပ်ရဟန်းမင်းကြီး ဂရစ်ဆစ်က ဆိုလေ၏။ "ဟုတ်တယ်... အင်အားကြီးမားတဲ့ လေတပ်ပေါ့။ မင်းမြင်ခဲ့တဲ့ ခွန်ပန်ငှက်က အဲဒီအထဲက တစ်ကောင်ပဲ။ ဒါ့အပြင် အကြီးစား လေတပ်ဖွဲ့ကြီးကို ငါတို့ တစ်ခါမှ ထုတ်မပြခဲ့ဖူးဘူး။ နောက်ဆုံး အဆုံးအဖြတ် တိုက်ပွဲအတွက် လျှို့ဝှက်လက်နက်တစ်ခုအနေနဲ့ အမြဲတမ်း ဖုံးကွယ်ထားခဲ့တာ။ ဒီလေတပ်နဲ့ဆိုရင် ဒီစစ်ပွဲမှာ မင်း အနိုင်ရဖို့ အခွင့်အရေး အများကြီးရှိတယ်။ သေချာတာပေါ့... ငါတို့ဆီမှာ လေတပ်ထက် ပိုတဲ့အရာတွေ အများကြီးရှိသေးတယ်။ တကယ်လို့ မင်းတစ်ယောက်တည်း တိုက်ခိုက်မယ်ဆိုရင် ဖန်းချန်ကို နိုင်မှာမဟုတ်သလို ၊ ငါတို့ မီးနတ်ဘုရားဂိုဏ်းလည်း သူ့ကို မယှဉ်နိုင်ဘူး"
"ငါ သေတော့မယ်... ခေါင်းလည်း ထပ်ပြီး အစားထိုးလို့ မရတော့ဘူး" ပုပ်ရဟန်းမင်းကြီး ဂရစ်ဆစ်က ဆက်ပြောသည်။ "ငါ့ရဲ့ ဦးနှောက်ကလည်း သက်တမ်းကုန်ဆုံးသွားပြီ။ ကမ္ဘာပျက်ကပ်ကြီးကလည်း ပြန်ရောက်လာတော့မယ်ဆိုတော့... လောကကြီးကို ဟာသတစ်ခု လုပ်ပြဖို့ လိုအပ်နေပြီလေ။ လူတစ်ယောက်ကို ကျပန်းရှာတွေ့ခဲ့ပြီး သူ့နဖူးကို လက်ညှိုးထိုးကာ 'မင်းက ကယ်တင်ရှင်ပဲ' လို့ ပြောလိုက်သလိုပေါ့"
ထို့နောက် ပုပ်ရဟန်းမင်းကြီး၏ လက်လေးဖက်စလုံးသည် လက်ညှိုးများ ဆန့်ထုတ်ကာ တုပိုင်၏ နဖူးကို ညွှန်ပြလျက် ပြောလိုက်လေ၏။ "အရှင်တုပိုင်... တကယ်လို့ မင်းသာ ငါ့ရဲ့ စမ်းသပ်မှုကို အောင်မြင်ခဲ့မယ်ဆိုရင်... မီးနတ်ဘုရားဂိုဏ်းရဲ့ လေတပ်က မင်းအပိုင်ပဲ။ ပြီးတော့ ကျန်ရစ်နေတဲ့ ထိပ်တန်းအဆင့် သိုင်းပညာရှင် ရာပေါင်းများစွာကလည်း မင်းအပိုင်ပဲ။ ငါ့ရဲ့ ကျင့်ကြံခြင်းနဲ့ ၊ စွမ်းအားတွေက မင်းအတွက်ဖြစ်ပြီး ၊ ငါ့ရဲ့ ပုပ်ရဟန်းမင်းကြီး ရာထူးကလည်း မင်းအတွက်ပဲ"
--------------
လျှို့ဝှက် ဓာတ်ခွဲခန်းတစ်ခုထဲတွင် သခင်လေး ဖန်းချန်က လီဝမ်ဝမ်ကို ကြည့်နေ၏။
"သခင်မလေး လီဝမ်ဝမ်... သတင်းကောင်းတစ်ခုနဲ့ သတင်းဆိုးတစ်ခု ရှိတယ်" သခင်လေး ဖန်းချန်က ပြောသည်။
"သတင်းဆိုးက ဘာလဲ" လီဝမ်ဝမ်က မေးလိုက်၏။
သခင်လေး ဖန်းချန်က ပြန်ဖြေသည်။ "သတင်းဆိုးကတော့ မင်း သေသွားနိုင်တယ် ၊ ဒါမှမဟုတ် သေရတာထက်တောင် ပိုပြီး နာကျင်ရနိုင်တယ်"
လီဝမ်ဝမ်က မေးလိုက်၏။ "ဒါဆို သတင်းကောင်းကရော"
သခင်လေး ဖန်းချန်က ပြောလိုက်သည်။ "သတင်းကောင်းကတော့ မင်း အသွင်ပြောင်းသွားနိုင်တယ်။ မင်းဆီမှာ လူတစ်သန်းမှာ တစ်ယောက်တောင် ရှိဖို့ခဲယဉ်းတဲ့ ပါရမီနဲ့ သွေးကြောဖွဲ့စည်းပုံမျိုး ရှိနေတယ်။ ဘုရားသခင်က မင်းကို အရမ်းမျက်နှာသာပေးထားတာပဲ... မင်း မျိုးဗီဇပြောင်းလဲပြီး ဆင့်ကဲတိုးတက်သွားနိုင်တယ်"
လီဝမ်ဝမ်၏ လှပသော မျက်လုံးလေးများမှာ တုန်လှုပ်သွားရ၏။
သခင်လေး ဖန်းချန်က ဆက်ပြောသည်။ "ငါ မင်းကို ရွေးချယ်စရာ တစ်ခုပေးမယ်။ ငါတို့ရဲ့ စမ်းသပ်ခံအရာဝတ္ထု လုပ်မလား ၊ ဒါမှမဟုတ် ငါတို့ရဲ့ ရွှမ်းချီအတွင်းအား အသီးအနှံဖြစ်လာပြီး ဘုရင်မ မိုဟန်ရဲ့ ဝါးမျိုတာကို ခံမလား"
လီဝမ်ဝမ် ဖြေလိုက်၏။ "ပထမ ရွေးချယ်မှုပဲ"
သခင်လေး ဖန်းချန်က ထပ်မေးလိုက်သည်။ "ပထမ ရွေးချယ်မှုကို ယူဖို့ သေချာပြီလား။ အဲဒါဆိုရင် မင်း အခု ပိုင်ဆိုင်ထားသမျှ အရာအားလုံးကို ဆုံးရှုံးသွားရလိမ့်မယ်။ သေရတာထက်တောင် ပိုပြီး နာကျင်ရနိုင်တယ်"
လီဝမ်ဝမ်က ပြန်ပြောလိုက်၏။ "ကျွန်မက တစ်ခါ သေဖူးပြီးသားပါ။ ကျွန်မရဲ့ ခင်ပွန်းကိုယ်တိုင် ကျွန်မကို သတ်ခဲ့တာပဲလေ"
သခင်လေး ဖန်းချန်က ပြောလိုက်၏။ "ပြောရရင် ငါတို့ မင်းရဲ့ ခန္ဓာကိုယ်ထဲကို သွင်းပေးမယ့် ရွှေရောင်သွေးက လုံးဝကို အမည်မသိ အမျိုးအစားပဲ။ အဲဒါက ဘယ်လို သတ္တဝါမျိုးလဲဆိုတာ ငါတောင် မသိဘူး။ အတိုချုပ်ပြောရရင် အဲဒါက နဂါးလည်း မဟုတ်သလို ၊ အရောင်ပြောင်းလဲနိုင်တဲ့ ရေနဂါးလည်း မဟုတ်ဘူး။ တစ်နည်းအားဖြင့် ပြောရရင်... ဒီရွှေရောင်သွေးကို မင်းရဲ့ ခန္ဓာကိုယ်ထဲ ထိုးသွင်းပြီးတာနဲ့ မင်း သေဆုံးသွားနိုင်ခြေက ရှစ်ဆယ်ရာခိုင်နှုန်း ရှိပြီး ၊ အသွင်ပြောင်းသွားနိုင်ခြေက နှစ်ဆယ်ရာခိုင်နှုန်း ရှိတယ်။ တကယ်လို့ အသွင်ပြောင်းသွားခဲ့ရင်တောင် ဘယ်လိုပုံစံမျိုး ဖြစ်လာမလဲဆိုတာ ဘုရားသခင်ပဲ သိလိမ့်မယ်"
လီဝမ်ဝမ် ပြောလိုက်သည်။ "ကျွန်မ ပြောပြီးပြီလေ... ကျွန်မက တစ်ခါ သေဖူးပြီးသားပါ။ အခု ရှေ့ဆက်ပြီး ဘယ်လို အန္တရာယ်မျိုးကိုမဆို ရင်ဆိုင်ရဲပါတယ်"
သခင်လေး ဖန်းချန်က ခေါင်းညိတ်လိုက်ပြီး ပြောလေ၏။ "အရမ်းကောင်းတယ်... ဒါဆို အခုပဲ စလိုက်ကြတာပေါ့"
နာရီဝက် ကြာပြီးနောက် လီဝမ်ဝမ်သည် ဓာတ်ခွဲခန်းထဲရှိ ကုတင်ပေါ်တွင် လှဲလျောင်းနေရ၏။
အမျိုးသမီးတစ်ဦးက သူမ၏ ကျောဘက် ခါးရိုးပေါ်တွင် အမှတ်အသားတစ်ခု ရေးဆွဲလိုက်ပြီး ကျောက်သလင်း ဆေးထိုးအပ်တစ်ချောင်းကို ထုတ်ယူလိုက်သည်။
သခင်လေး ဖန်းချန်သည်လည်း သေတ္တာထဲမှ ကျောက်သလင်းပြွန်တစ်ခုကို ထုတ်ယူလိုက်၏။ ထိုပြွန်ထဲ၌ လှုပ်ရှားစီးဆင်းနေသော သွေးစွမ်းအင်မှာ စစ်မှန်သော ရွှေဝါရောင်သက်သက် မဟုတ်ဘဲ ၊ မီးတောက်အလား နီရဲသော အရောင်များလည်း ရောနှောပါဝင်နေလေသည်။
အမျိုးသမီး မှော်သိုင်းပညာရှင်သည် ထိုအမည်မသိ သွေးပြွန်ကို ယူလိုက်ပြီးနောက် တစ်ခဏမျှ တုံ့ဆိုင်းသွားကာ မေးလိုက်၏။ "သခင်လေး... ဒီသွေးက အရမ်းကို ရှေးကျပြီး ၊ အရမ်းလည်း ရှားပါးပါတယ်။ တန်ဖိုးလည်း အရမ်းကြီးတယ်နော်..."
သခင်လေး ဖန်းချန်က ခေါင်းညိတ်လိုက်၏။ "ဆက်လုပ်"
အမျိုးသမီး မှော်သိုင်းပညာရှင်က ဆက်ပြောသည်။ "ဒါပေမဲ့ သူက ကျွန်မတို့ရဲ့ ရန်သူလေ"
သခင်လေး ဖန်းချန်က ဆိုလေ၏။ "တစ်ခါတလေမှာ ကျွန်တော်တို့မှာ ရွေးချယ်စရာ မရှိတတ်ဘူး။ တစ်ကမ္ဘာလုံးကို ပတ်ရှာရင်တောင် ဒီလို အခြားကမ္ဘာက သွေးမျိုးကို လက်ခံနိုင်တဲ့ အထူးပါရမီရှင် ဘယ်နှစ်ယောက်များ ရှိမှာမို့လို့လဲ"
ထို့နောက် သခင်လေး ဖန်းချန်က ဆက်ပြောလိုက်၏။ "ရန်သူ ဟုတ်လား... အဲဒါကို ငါ တကယ် ဂရုမစိုက်ပါဘူး"
"အမိန့်အတိုင်းပါပဲ" အမျိုးသမီး မှော်သိုင်းပညာရှင်က ပြောလိုက်သည်။
ထို့နောက် သူမသည် ထူးဆန်းပြီး အမည်မသိသော ထိုသွေးများကို လီဝမ်ဝမ်၏ ခန္ဓာကိုယ်ထဲသို့ တဖြည်းဖြည်းချင်း နည်းနည်းချင်းစီ ထိုးသွင်းလိုက်လေ၏။
အချိန်များက ဖြည်းညှင်းစွာ ကုန်ဆုံးသွားသည်။
မိနစ်အနည်းငယ်ကြာသွားသော်လည်း ၊ မည်သည့် တုံ့ပြန်မှုမျှ မရှိသေးချေ။
ဘုရင်မ မိုဟန်၏ ခန္ဓာကိုယ်ထဲသို့ အရောင်ပြောင်းလဲနိုင်သော ရေနဂါး၏သွေးကို ထိုးသွင်းခဲ့စဉ်က ၊ တုံ့ပြန်မှုမှာ အလွန်အမင်း ပြင်းထန်ခဲ့၏။ နာကျင်မှုအဆင့်က ကလေးမွေးဖွားခြင်းထက်ပင် များစွာ ဆိုးရွားခဲ့သည်။ သူမ၏ တစ်ကိုယ်လုံးရှိ အရေပြားများ ပေါက်ပြဲသွားပြီး သွေးကြောများ ကွဲအက်သွားခဲ့ရသည်။
သို့သော် လီဝမ်ဝမ်မှာမူ ဤအမည်မသိ လျှို့ဝှက်ဆန်းကြယ်သော သွေးကို ထိုးသွင်းခံရပြီးနောက် အကောင်းအတိုင်းရှိနေသည်။
"ဒီသွေးက အရမ်းရှေးကျလွန်းနေလို့ အာနိသင် မရှိတော့တာလား" အမျိုးသမီး မှော်သိုင်းပညာရှင်က မေးလိုက်၏။
သခင်လေး ဖန်းချန်သည်တော့ မည်သည့်တုံ့ပြန်မှုမျှ မရှိဘဲ လီဝမ်ဝမ်ကိုသာ ဆက်လက် စိုက်ကြည့်နေလေသည်။
ရုတ်တရက် လီဝမ်ဝမ်၏ လှပသော မျက်လုံးလေးများက ရုတ်တရက် နီရဲလာလေ၏။
"အဟင့် အားးးးးး"
ထို့နောက်.စူးရှသောအော်သံကြီးတစ်ခု ထွက်ပေါ်လာသည်။
ထို့နောက် လီဝမ်ဝမ်၏ ခန္ဓာကိုယ်ထဲမှ ရေတွက်၍မရသော မီးတောက်မီးလျှံများ ရုတ်တရက် ထိုးထွက်လာလေတော့၏။
**--**--**--**--**--**--**--**
မီးနတ်ဘုရား ကျောင်းတော်ထဲ၌ ဂရစ်ဆစ် ပြောသည်ကို ကြားပြီးနောက် တုပိုင် မျက်လုံးများကို မှေးကျဉ်းလိုက်မိ၏။
'ကောင်းကင်ဘုံကနေ မုန့်တွေ ထပ်ကျလာပြန်ပြီလား... မီးနတ်ဘုရားဂိုဏ်းရဲ့ ပုပ်ရဟန်းမင်းကြီး ရာထူးကို ရမယ်။ သူ့ရဲ့ အံ့မခန်း ကျင့်ကြံမှု အမွေအနှစ်တွေကိုပါ ရမယ် ဟုတ်လား'
တုပိုင်က မေးလိုက်၏။ "လီဝမ်ဝမ်ရဲ့ ဆရာ ၊ မီးနတ်ဘုရားဂိုဏ်းရဲ့ ဒုတိယဂိုဏ်းချုပ်ဟောင်း ဖြစ်ခဲ့တဲ့သူရော ဒီမြင်ကွင်းမျိုးကို ကြုံခဲ့ရတာလား"
ပုပ်ရဟန်းမင်းကြီးက ဖြေလေသည်။ "ဟုတ်တယ်... အဲဒီ မှတ်ဉာဏ်တွေက မနေ့တစ်နေ့ကမှ ဖြစ်ခဲ့သလိုပဲ။ အဲဒီ လူငယ်လေးကလည်း ငါ့ရှေ့မှာ အခုလိုပဲ ပေါ်လာခဲ့တာ"
မီးနတ်ဘုရားဂိုဏ်းသည် စွမ်းအင်ယဉ်ကျေးမှု လမ်းကြောင်းပေါ်တွင် ချောမွေ့စွာ ခရီးမဆက်နိုင်ခဲ့ကြောင်း ပုပ်ရဟန်းမင်းကြီး ဂရစ်ဆစ်က အစောပိုင်းတွင် ပြောခဲ့ပြီးဖြစ်သည်။ ယခင် စနစ်ရှင်သည် မီးနတ်ဘုရားဂိုဏ်း၏ လောကထဲတွင် သိပ္ပံနှင့် နည်းပညာ ယဉ်ကျေးမှုကို ဖွံ့ဖြိုးတိုးတက်စေခဲ့ပြီး ၊ တစ်ဟုန်ထိုး တိုးတက်လာကာ နောက်ဆုံးတွင် မီးနတ်ဘုရားဂိုဏ်း၏ ဒုတိယဂိုဏ်းချုပ် ဖြစ်လာခဲ့ပြီး ပုပ်ရဟန်းမင်းကြီးရာထူးကို ဆက်ခံရန်အတွက်ပင် နီးစပ်ခဲ့လေ၏။
ပုပ်ရဟန်းမင်းကြီးက ဆက်ပြောသည်။ "လွန်ခဲ့တဲ့ ဆယ်စုနှစ် အနည်းငယ်တုန်းက ငါ့ဦးနှောက်ရဲ့ သက်တမ်းက ကုန်ဆုံးလုနီးပါး ဖြစ်နေခဲ့ပြီ။ ဒါကြောင့် ငါ သူ့ကို အမွေဆက်ခံသူအဖြစ် သတ်မှတ်ပေးပြီး ၊ ငါ့ရဲ့ ကျင့်ကြံမှုတွေကို ရယူစေချင်ခဲ့တယ်။ သူ့ကို မီးနတ်ဘုရားဂိုဏ်းရဲ့ ပုပ်ရဟန်းမင်းကြီးသစ် ဖြစ်လာစေချင်ခဲ့တယ်"
တုပိုင်က မေးလိုက်၏။ "ဒါပေမဲ့ သူက စမ်းသပ်မှုကို မအောင်မြင်ခဲ့ဘူးမလား"
ပုပ်ရဟန်းမင်းကြီးက ပြန်ဖြေသည်။ "ဟုတ်တယ်... သူက ဒုတိယ စမ်းသပ်မှုကို မအောင်မြင်ခဲ့ဘူး"
မီးနတ်ဘုရားဂိုဏ်း၏ ပုပ်ရဟန်းမင်းကြီး၏ စမ်းသပ်မှုသည် အလွန်တရာ ထူးဆန်းပြီး ၊ ကြောက်မက်ဖွယ်ကောင်းကာ ၊ ကောင်းကင်ဘုံကိုပင် အာခံနိုင်လောက်ကြောင်း အိပ်မက်စနစ်က ပြောပြခဲ့ဖူးလေသည်။
ယခင် စနစ်ရှင်သည် ဒုတိယ စမ်းသပ်မှုကို ကျရှုံးခဲ့၏။ ရလာဒ်အနေဖြင့် ပုပ်ရဟန်းမင်းကြီးရာထူးကို ဆက်ခံရမည့်အစား သူသည် တာ့နင်အင်ပါယာသို့ ပြည်နှင်ဒဏ်ပေးခံခဲ့ရသည်။
တုပိုင်က မေးလိုက်၏။ "အဲဒီအချိန်တုန်းက အဲဒီလူက ဒုတိယ စမ်းသပ်မှုကို ကျရှုံးခဲ့တယ်။ ပုပ်ရဟန်းမင်းကြီးကို ဆက်ခံရမယ့်အစား မီးနတ်ဘုရားဂိုဏ်းရဲ့ သစ္စာဖောက်လို့ သတ်မှတ်ခံရပြီး တစ်လောကလုံးရဲ့ ဝရမ်းပြေးအဖြစ် ပြည်နှင်ဒဏ်ပေးခံခဲ့ရတာပေါ့"
ပုပ်ရဟန်းမင်းကြီးက ဖြေလေ၏။ "ဟုတ်တယ်"
တုပိုင်က မေးလိုက်၏။ "ကျွန်တော်ရော ဒီလို နိဂုံးချုပ်ရနိုင်လား"
ပုပ်ရဟန်းမင်းကြီးက ဆိုလေ၏။ "ဒီလိုမဖြစ်ပါစေနဲ့လို့ ငါ မျှော်လင့်ပါတယ်။ ဒါပေမဲ့ မဖြစ်နိုင်ဘူးလို့တော့ ပြောလို့မရဘူး။ ဘာပဲဖြစ်ဖြစ် ဒါက လောကကြီးမှာ အစွမ်းအထက်ဆုံး ရာထူးနေရာနဲ့ သက်ဆိုင်နေသလို ၊ လောကရဲ့ အသန်မာဆုံး သိုင်းပညာ စွမ်းအားတွေနဲ့လည်း သက်ဆိုင်နေတယ်လေ။ သေချာတာကတော့ ငါလည်း မင်းကို စမ်းသပ်မှုအားလုံး ချောချောမွေ့မွေ့နဲ့ အောင်မြင်သွားစေချင်တာပါပဲ"
ထို့နောက် ပုပ်ရဟန်းမင်းကြီးက ဆက်ပြောသည်။ "စမ်းသပ်မှု တစ်ခုလုံးက အရမ်းရိုးရှင်းပါတယ်။ ဟိုတံခါးကို မင်း မြင်လား"
ကျောင်းတော်၏ အပြင်ဘက်တွင် ပိရမစ် အပျက်အစီးတစ်ခု ရှိနေပြီး ထိုနေရာ၌ တံခါးတစ်ချပ် ပွင့်နေလေ၏။
တုပိုင်က ဖြေလိုက်၏။ "မြင်ပါတယ်"
ပုပ်ရဟန်းမင်းကြီးက ပြောလိုက်သည်။ "အဲဒါက ပိရမစ်ရဲ့ အဝင်ပေါက်ပဲ။ အဆင့်လေးဆင့်ကို အောင်မြင်စွာ ဖြတ်ကျော်ပြီးသွားရင် ထွက်ပေါက်ကနေ မင်း ထွက်လာလို့ရပြီ။ ထွက်ပေါက်မှာ သရဖူတစ်ခုကို ကိုင်ထားတဲ့ မြွေတစ်ကောင် မင်းကို စောင့်နေလိမ့်မယ်။ အဲဒီ သရဖူကိုယူပြီး ငါ့ဆီကို ပြန်လာခဲ့။ ပြီးရင် မင်းက မျိုးဆက်သစ် ပုပ်ရဟန်းမင်းကြီး ဖြစ်လာလိမ့်မယ်။ အဲဒီအခါကျမှ ငါ့ရဲ့ ကျင့်ကြံမှု စွမ်းအားတွေ အားလုံးကို မင်းဆီကို လက်ဆင့်ကမ်းပေးမယ်။ ပြီးရင် ငါ သေဆုံးသွားလိမ့်မယ်... ဘာလို့လဲဆိုတော့ ဒီလောကမှာ မီးနတ်ဘုရားဂိုဏ်းရဲ့ ပုပ်ရဟန်းမင်းကြီးဆိုတာ တစ်ပါးတည်းပဲ ရှိလို့ရတယ်လေ"
တုပိုင်က ပြန်ပြောလိုက်၏။ "နားလည်ပါပြီ"
ပုပ်ရဟန်းမင်းကြီးက မေးလိုက်သည်။ "မင်း အဆင်သင့်ဖြစ်ပြီလား"
တုပိုင်က ပြန်ဖြေလိုက်၏။ "ဒီလိုကိစ္စမျိုးအတွက်တော့ ဘယ်တော့မှ အဆင်သင့်ဖြစ်မှာ မဟုတ်ဘူးထင်တယ်။ ဘာလို့လဲဆိုတော့ ကြိုတင်ပြင်ဆင်ထားလို့မှ မရတာ"
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၇၉၃ + ၇၉၄ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastrie
ဘာသာပြန် - Author Chang’e 🌕
True Immortal Team