← Chapters

အခန်း (၇၉၅-၇၉၆)

Vol. 80 Ch. 795-796

အခန်း (၇၉၅-၇၉၆)

Vol. 80 Ch. 795-796

​ကုန်းကုန်းဧကရာဇ်။ အပိုင်း ၇၉၅ + ၇၉၆

မူရင်းစာရေးဆရာ - Silent Cake And Pastrie

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ပုပ်ရဟန်းမင်းကြီးက ပြောလိုက်၏။ "ကောင်းပြီလေ... မင်း အဆင်သင့်ဖြစ်ဖြစ်၊ မဖြစ်ဖြစ် သွားလို့ရပြီ"

တုပိုင်က ခေါင်းညိတ်ပြကာ နှုတ်ဆက်လိုက်သည်။ "နောက်မှ တွေ့ကြတာပေါ့"

ထို့နောက် သူသည် ကျောင်းတော်ထဲမှထွက်၍ အပြင်ဘက်သို့ ထွက်ခွာသွားလိုက်၏။

**--**--**--**--**--**--**--**

ဤသို့ဖြင့် ပိရမစ်အပျက်အစီးကြီးဆီသို့ တုပိုင် ရောက်ရှိလာ၏။

ဧရာမ ပိရမစ်ကြီးမှာ ထူးခြားဆန်းကြယ်သော အငွေ့အသက်များ လွှမ်းခြုံနေပြီး အလွန်ရှည်လျားလှသည့် သမိုင်းကြောင်းရှိသည်။

အရှေ့ဘက်ရှိ မှောင်မိုက်နေသော တံခါးပေါက်ကြီးမှာ ပွင့်ဟနေလျက် မိစ္ဆာတစ်ကောင်၏ ပါးစပ်ပေါက်ကြီးအလား ဝင်ရောက်လာမည့်သူများကို ထောင်ချောက်ဆင် ဖိတ်ခေါ်နေသည့်နှယ် ရှိ၏။

ဤသို့သော ကိစ္စမျိုးအတွက် မည်သည့်အခါမျှ ကြိုတင်ပြင်ဆင်ထား၍မရနိုင်ကြောင်း တုပိုင်ပြောခဲ့သည်မှာ မှန်ကန်လှပေသည်။

သူက ပိရမစ်အဝင်ပေါက်ဆီသို့ လျှောက်ဝင်သွားလိုက်ချိန်တွင် တစ်စုံတစ်ယောက်က သူ့အား တားဆီးလိုက်သည်။

ထိုသူမှာ အဝင်ပေါက်၏ အလယ်တည့်တည့်၌ တိတ်ဆိတ်စွာ ထိုင်နေပြီး ရုပ်တုတစ်ခုအလား မလှုပ်မယှက် ရှိနေ၏။ တုပိုင် လုံးဝ မသိသော သူစိမ်းတစ်ဦးပင် ဖြစ်သည်။

ထိုစဉ် ဧရာမမြွေကြီးတစ်ကောင် တွားသွားဆင်းသက်လာပြီး တုပိုင်ထံ စိတ်စွမ်းအင်ဖြင့် ဆက်သွယ်လာ၏။ "ဒီလူက မီးနတ်ဘုရားဂိုဏ်းရဲ့ ပုပ်ရဟန်းမင်းကြီးနေရာကို ယှဉ်ပြိုင်ဖို့ ကြိုးစားခဲ့တဲ့ နောက်ဆုံးလူပဲ"

တုပိုင် အလွန်အမင်း အံ့အားသင့်သွားရသည်။ သူ့ရှေ့မှ သူသည် ယခင် စနစ်ရှင်ဟောင်းလော။ လီဝမ်ဝမ်၏ ဆရာဖြစ်ခဲ့သူလော။

တုပိုင်က ထိုသူ့အား အနီးကပ် သေချာစိုက်ကြည့်လိုက်ရာ အရှေ့တိုင်းနှင့် ပါရှားသွေးနှောနေသည့် ကပြားတစ်ဦးဖြစ်ကြောင်း တွေ့လိုက်ရ၏။

သူသည် အလွန်တရာ ချောမောခန့်ညားကာ လျှို့ဝှက်ဆန်းကြယ်ပြီး အဆိပ်ပြင်းသည့် အလှတရားတို့ဖြင့် ပြည့်နှက်နေသည်။

တုပိုင် သူ၏စိတ်ထဲမှ စိတ်လှုပ်ရှားမှုများကို ဖုံးကွယ်မထားနိုင်တော့ချေ။

ဧရာမမြွေကြီးက ဆို၏။ "သူ့ရဲ့ အသွင်အပြင်ကို သေချာမြင်ရဲ့လား။ ငါ မှတ်မိတာ မမှားဘူးဆိုရင် သူက မင်းနဲ့ အမျိုးအစားတူ ဖြစ်ရမယ်"

တုပိုင် ထိုစနစ်ရှင်ဟောင်းကို သေချာစွာ ဆက်လက်စူးစိုက်ကြည့်ရှုလိုက်သော်လည်း ထိုသူ၏ရုပ်သွင်မှာ အနည်းငယ် ခွဲခြားရခက်နေကြောင်းကို သတိထားမိလိုက်၏။

ပထမတစ်ချက် ကြည့်လိုက်ချိန်တွင် အလွန်တရာ ချောမောခန့်ညားသော ယောက်ျားတစ်ဦးနှင့် တူသော်လည်း ဒုတိယတစ်ချက် ထပ်မံကြည့်လိုက်ချိန်၌မူ ပါရှားမိန်းကလေးတစ်ဦးအလား ဆွဲဆောင်မှုရှိကာ လှပတင့်တယ်နေပြန်သည်။

ရုတ်တရက် တုပိုင်တစ်ယောက် ကြောင်အသွားရ၏။

အကြောင်းမူကား စနစ်ရှင်ဟောင်း၏ ရင်ဘတ်မှာ တောင်တန်းများအလား မို့မောက်နေပြီး သာမန်မိန်းမတစ်ဦးထက်ပင် ပို၍ ထွားကြိုင်းနေသည်ကို မြင်လိုက်ရသောကြောင့်ပင် ဖြစ်သည်။

'မိန်းမလျာလား...'

ဧရာမမြွေကြီးက ဆို၏။ "ဟုတ်တယ်... သူက မိန်းမလျာပဲ"

တုပိုင် ဆက်လက်၍ ဂရုတစိုက် ကြည့်လိုက်သည်။

ထိုစဉ် မြွေကြီးသည် ပါးစပ်ကိုဟကာ ရုတ်တရက် လေမှုတ်ထုတ်လိုက်၏။

ချက်ချင်းပင် စနစ်ရှင်ဟောင်း၏ ကိုယ်ပေါ်ရှိ အဝတ်အစားများအားလုံး စုတ်ပြဲလွင့်စဉ်သွားကာ သူ၏ ဗလာကျင်းနေသော ခန္ဓာကိုယ်ကြီး ပေါ်လာသည်။

ဤလူသည် အမှန်တကယ်ပင် မိန်းမလျာတစ်ဦး ဖြစ်နေပြီး အောက်ပိုင်း၌လည်း ချောမွေ့ပြောင်ရှင်းနေ၏။ ယောက်ျားအင်္ဂါမရှိသလို မိန်းမအင်္ဂါလည်း ရှိမနေချေ။ ဗလာနတ္ထိသာ ဖြစ်၏။

ဤသို့ ဖြစ်ပျက်သွားသည့်တိုင် ထိုသူထံမှ မည်သည့် တုံ့ပြန်မှုမျှ ထွက်ပေါ်မလာပေ။

အဘယ်ကြောင့်ဆိုသော် သူသည် လမ်းလျှောက်နေသော လူသေကောင်တစ်လောင်းအဖြစ် ပြောင်းလဲသွားခဲ့ပြီး အိပ်မက်စနစ်၏ လုံးဝ ချေမှုန်းဖျက်ဆီးခြင်းကို ခံလိုက်ရသောကြောင့်ပင် ဖြစ်သည်။

ဧရာမမြွေကြီးက ဆက်ပြောလာ၏။ "ဒါက သူ့ရဲ့ အသွင်အပြင် အစစ်အမှန်ပဲ။ သေချာ မြင်ရဲ့လား။ ဒါက မင်းအတွက် အရမ်းကို အရေးကြီးသလို မင်းရဲ့ ကံကြမ္မာနဲ့လည်း ဆက်စပ်နေတယ်။ သူ လူသေကောင်တစ်လောင်း ဖြစ်သွားချိန်တုန်းကလည်း ဒီကိုယ်ဟန်အနေအထား၊ ဒီဟန်ပန်အတိုင်းပဲ ရှိနေခဲ့တာ။ ဘာတစ်ခုမှ ပြောင်းလဲသွားတာ မရှိဘူး"

တုပိုင်က သူ၏ လက်ဟန်အမူအရာကို ကြည့်လိုက်သည်။

တင်ပျဉ်ခွေထိုင်နေကာ လက်နှစ်ဖက်စလုံးဖြင့် ထူးဆန်းသော လက်ဟန်အမူအရာ တစ်ခုကို ပြုလုပ်ထားပေသည်။

ဘယ်ဘက်လက်က လက်သန်းနှင့် လက်ညိုးကို ထောင်ထားပြီး ညာဘက်လက်ကမူ လက်သန်းနှင့် လက်မကို ထောင်ထားလေသည်။ မည်သည်ကို ဆိုလိုသည်နည်း။ တုပိုင်နားမလည်ချေ။

ဧရာမမြွေကြီးက ဆို၏။ "သေချာ ကြည့်ပြီးပြီလား။ သူ ဘာကို အချက်ပြချင်နေတာလဲဆိုတာ ငါတို့တော့ မသိဘူး။ မင်း နားလည်နိုင်ဖို့ မျှော်လင့်ပါတယ်။ ဒီအချက်ပြမှုက မင်းအတွက်ပဲ ရည်ရွယ်တာ ဖြစ်နိုင်တယ်လေ"

တုပိုင် အသေးစိတ်တိုင်းကို မှတ်မိနိုင်စေရန် သူ၏ ကိုယ်ဟန်အနေအထားနှင့် လက်ဟန်အမူအရာများကို ထပ်ခါတလဲလဲ အကြိမ်ကြိမ် ကြည့်ရှုမှတ်သားလိုက်သည်။

တုပိုင်က ခေါင်းညိတ်လိုက်၏။ "ကျွန်တော် သေချာ မှတ်သားထားလိုက်ပါပြီ"

ထိုအခါ ဧရာမမြွေကြီးက ဆိုသည်။ "ဒါဆိုရင်... သူ့ကို သတ်လိုက်တော့"

တုပိုင် မှင်တက်သွားရ၏။ သူ့ကို သတ်ရမည် ဟုတ်လား။

ဤသူသည် ယခင် စနစ်ရှင်ဟောင်း ဖြစ်ပြီး တုပိုင်နှင့် ဘဝတူ၊ သူ၏ရှေ့က ကြိုရောက်နှင့်နေခဲ့သူ မဟုတ်ပါလော။

ဧရာမမြွေကြီးက ရှင်းပြလေ၏။ "မီးနတ်ဘုရားဂိုဏ်းမှာ ပုပ်ရဟန်းမင်းကြီးရဲ့ အမွေဆက်ခံသူက တစ်ယောက်တည်းပဲ ရှိလို့ရတယ်။ မင်း ဒီပိရမစ်ထဲကို ဝင်ပြီး မီးနတ်ဘုရားရဲ့ စမ်းသပ်မှုကို ခံယူချင်တယ်ဆိုရင် သူ့ကို အရင်သတ်ရမယ်။ သူ့ကို သတ်ပြီးမှသာ မင်း ဒီတံခါးထဲကို ဝင်ခွင့်ရလိမ့်မယ်။ နောက်ပြီး သူက အခုလို အသက်ရှင်နေတာထက် သေသွားတာက ပိုကောင်းပါသေးတယ်။ သူ့ခမျာ အဆုံးအစမရှိတဲ့ အရှက်ကွဲမှုတွေပဲ ကျန်တော့တာလေ။ သူ့ကို သတ်လိုက်တာက သူ့အတွက် လွတ်မြောက်ခွင့် ပေးလိုက်တာပါပဲ"

တုပိုင် အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် ခေါင်းညိတ်ကာ ပြောလိုက်၏။ "နားလည်ပါပြီ"

ထို့နောက် သူ ဓားကို ဆွဲထုတ်လိုက်ပြီး စနစ်ရှင်ဟောင်း၏ ရင်ဘတ်ထဲသို့ ရုတ်တရက် ထိုးစိုက်ချလိုက်လေ၏။

ယခင်စနစ်ရှင်သည် ဝိညာဉ်ကင်းမဲ့နေသော လမ်းလျှောက်လူသေကောင်ဘဝမှသည် အသက်ကင်းမဲ့သော အလောင်းကောင်တစ်ခုအဖြစ်သို့ အပြီးတိုင် ပြောင်းလဲသွားပြီ ဖြစ်လေ၏။

ဧရာမမြွေကြီးက ဆိုလေ၏။ "ကောင်းပြီ... မင်း ဝင်သွားလို့ရပြီ။ မီးနတ်ဘုရားဂိုဏ်းရဲ့ ပုပ်ရဟန်းမင်းကြီး စမ်းသပ်မှုကနေ ကြိုဆိုပါတယ်"

ထို့နောက် ဧရာမမြွေကြီးသည် တွားသွားကာ ထွက်ခွာသွားတော့သည်။

စနစ်ရှင်ဟောင်း၏ ရုပ်အလောင်းမှာလည်း ဘေးဘက်သို့ လဲကျသွား၏။ တုပိုင်သည် ရုပ်အလောင်းကို လေးစားစွာဖြင့် နက်ရှိုင်းစွာ ဦးညွှတ်အရိုအသေပေးလိုက်ပြီးနောက် ပိရမစ်အတွင်းသို့ လျှောက်ဝင်သွားလိုက်တော့၏။

**--**--**--**--**--**--**--**

ပိရမစ်၏ ပထမဆုံးအခန်းထဲသို့ ဝင်ရောက်သွားသည်နှင့်တစ်ပြိုင်နက် မီးနတ်ဘုရားဂိုဏ်း ပုပ်ရဟန်းမင်းကြီး၏ ပထမဆုံးစမ်းသပ်မှု စတင်သည်။

ပတ်ပတ်လည် တစ်ခုလုံး မှောင်မည်းနေ၏။ ရုတ်တရက် အလင်းတန်းတစ်ခု လင်းလက်လာပြီးနောက် မရေမတွက်နိုင်သော အလင်းရောင်များ တဖျပ်ဖျပ် လင်းလက်လာလေတော့သည်။ ဤသည်ကား မရေမတွက်နိုင်သော ကျောက်သလင်းများ၏ အလင်းရောင်ပင် ဖြစ်ပြီး ပိရမစ်၏ ပထမဆုံးအခန်းကို နေ့အလင်းရောင်အလား ထိန်ထိန်လင်းတောက်ပသွားစေသည်။

ထိုစဉ် သားရဲဆန်းကြီးတစ်ကောင် ထွက်ပေါ်လာလေ၏။ ယင်းတွင် ဝံပုလွေခေါင်းရှိနေသော်လည်း လူသားတစ်ဦး၏ ခန္ဓာကိုယ်မျိုးကို ပိုင်ဆိုင်ထားလေသည်။ ယင်း၏ အရပ်အမြင့်မှာ ခြောက်မီတာခန့်ရှိပြီး နှစ်ထပ်တိုက်တစ်လုံးစာခန့် မြင့်မားလေ၏။

တုပိုင်က ယင်းကို မြင်လိုက်ရသောအခါ အီဂျစ်ဒဏ္ဍာရီလာ သေမင်းနတ်ဘုရား၊ မြေအောက်ကမ္ဘာ၏ အရှင်သခင် အနူးဘစ်ကိုပင် သွား၍ သတိရမိလိုက်သည်။

တုပိုင်က ရေရွတ်လိုက်၏။ "အနူးဘစ်လား..."

ဝံပုလွေခေါင်းနှင့် သားရဲဆန်းကြီးက ပြန်ပြောသည်။ "ကိစ္စမရှိပါဘူး။ မင်းက သဘောကျတယ်ဆိုရင်လည်း ငါ့ကို အနူးဘစ်လို့ပဲ ခေါ်ပါ"

တုပိုင်က နားလည်သဘောပေါက်စွာဖြင့် နှုတ်ဆက်လိုက်၏။ "မင်္ဂလာပါ အနူးဘစ်... ငါ့နာမည်က တုပိုင်ပါ"

သားရဲဆန်းကြီးက ပြန်ပြောသည်။ "မင်္ဂလာပါ အရှင်တုပိုင်။ ငါ့နာမည်က ခင်ဗျားအခုပဲပေးလိုက်တဲ့ အနူးဘစ်ပါ။ ငါက မီးနတ်ဘုရားဂိုဏ်းရဲ့ သန့်စင်မြင့်မြတ်တဲ့ သားရဲတစ်ကောင်ပါ"

တုပိုင်က မေးလိုက်၏။ "ခင်ဗျားရဲ့ အသက် ဘယ်လောက်ရှိပြီလဲ"

အနူးဘစ်က ဖြေလေသည်။ "ငါ့အသက်က တစ်ထောင့်လေးရာ ရှိပြီ။ ပြီးတော့ ခေတ်အဆက်ဆက်က မီးနတ်ဘုရားဂိုဏ်း ပုပ်ရဟန်းမင်းကြီးတွေရဲ့ ဝိညာဉ်တွေကို ငါက တာဝန်ယူ စောင့်ရှောက်ရတယ်"

တုပိုင်က မေးလိုက်၏။ "ဒါဆို တစ်ချိန်တည်းမှာပဲ ခင်ဗျားက ပုပ်ရဟန်းမင်းကြီး စမ်းသပ်မှုရဲ့ ပထမဆုံး တမန်တော်လည်း ဖြစ်နေတာပေါ့"

အနူးဘစ်က ပြန်ဖြေသည်။ "ဟုတ်ပါတယ်။ ငါ့ရဲ့ ပုံစံက မင်းကို စိတ်ပျက်မသွားစေဘူးလို့ မျှော်လင့်ပါတယ်"

တုပိုင်က ပြောလိုက်၏။ "သေချာပေါက် စိတ်မပျက်ပါဘူး။ ကျွန်တော့်ရဲ့ ပထမဆုံး စမ်းသပ်မှု တမန်တော်အနေနဲ့ဆိုရင် ဒါက တကယ့်ကို ကြီးမားတဲ့ ဂုဏ်ကျေးဇူးပါပဲ"

အနူးဘစ်က ဆိုလေ၏။ "ဒါက မင်းရဲ့ စိတ်ထဲမှာ ငါ့အပေါ် မြင်နေတဲ့ ပုံရိပ်တစ်ခုပါပဲ။ မင်းက ငါ့ကို သေမင်းနတ်ဘုရားလို့ ထင်ရင်၊ ငါက သေမင်းနတ်ဘုရား ဖြစ်လာမှာပဲ"

ထို့နောက် ဝံပုလွေခေါင်းနှင့် သားရဲဆန်းကြီး အနူးဘစ်က ဆက်ပြောလေသည်။ "အရှင်တုပိုင်... တကယ်လို့ မင်း အဆင်သင့်ဖြစ်ပြီဆိုရင် ပထမအဆင့် စမ်းသပ်မှုကို ငါတို့ စတင်ကြတာပေါ့"

တုပိုင်က မေးလိုက်၏။ "ပထမအဆင့်က ခက်ခဲလား"

အနူးဘစ်က ပြန်ဖြေသည်။ "ဘယ်လိုပြောရမှန်းတော့ ငါလည်း မသိဘူး။ ဒါပေမဲ့ မခက်ခဲဘူးဆိုရင်၊ အရှင်မင်းကြီး ဂရစ်ဆစ်လည်း နှစ်ပေါင်း လေးရာကျော်ကြာအောင် ပုပ်ရဟန်းမင်းကြီးအဖြစ် ရှိနေခဲ့မှာ မဟုတ်ဘူးလို့ ထင်တယ်။ ဒါက အလွန် ရက်စက်ကြမ်းကြုတ်တဲ့ နှိပ်စက်မှုကြီးတစ်ခုပဲ။ သူတောင်မှ ဒီတာဝန်ကနေ လွတ်မြောက်ချင်နေပြီလေ"

ထိုသားရဲကြီးသည်ပင် အေးစက်စက်နှင့် ဟာသနှောကာ ပြောဆိုတတ်နေလေပြီ။

ပုပ်ရဟန်းမင်းကြီးက အမွေဆက်ခံမည့်သူကို ရှာမတွေ့သောကြောင့် အသက်လေးရာကျော်အထိ အသက်ရှင်နေခဲ့ရခြင်းလော။ အမွေဆက်ခံမည့်သူများက စမ်းသပ်မှုများကို မအောင်မြင်ခဲ့သောကြောင့်လော။

အနူးဘစ်က ပြောလိုက်၏။ "မင်း အဆင်သင့်ဖြစ်ပြီဆိုရင်၊ ငါတို့ရဲ့ ပထမဆုံး စမ်းသပ်မှုကို စတင်ပါမယ်"

တုပိုင်က ဆိုလေ၏။ "ဒီလိုကိစ္စမျိုးအတွက် ကြိုတင်ပြင်ဆင်ထားလို့မှမရ။ ဘာပဲဖြစ်ဖြစ် စလိုက်ကြတာပေါ့"

အနူးဘစ်က ရှင်းပြသည်။ "အရှင်တုပိုင်... မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ အရမ်းကို အစွမ်းထက်တဲ့ စွမ်းအားအချို့ ရှိနေတယ်။ ပြီးတော့ ဒီစွမ်းအားတွေက မူလကတည်းက မင်းပိုင်ဆိုင်ခဲ့တာတွေ မဟုတ်ဘူး။ ပထမတစ်ခုကတော့ ကလေးရစေနိုင်တဲ့ ထူးခြားတဲ့ ယောက်ျားစွမ်းအားပဲ"

ထိုအရာကို စွမ်းအားတစ်ခုအနေဖြင့် သီးသန့် မသတ်မှတ်သင့်သော်လည်း တုပိုင်အတွက်မူ ထိုစွမ်းအားသည် အပိုဆုတစ်ခု ဖြစ်နေလေ၏။

အနူးဘစ်က ဆက်လက်၍ ပြောသည်။ "ဒုတိယတစ်ခုကတော့ ရေနဂါးရဲ့ ရွှေရောင်သွေးစွမ်းအားပဲ။ အဲဒါက မင်းကို ဘယ်လက်နက်နဲ့မှ ထိုးခုတ်လို့မရအောင် စွမ်းဆောင်ပေးနိုင်သလို၊ မင်းကို ဆက်တိုက် ဆင့်ကဲပြောင်းလဲနေစေနိုင်တယ်။ ပြီးတော့ မင်း ဘယ်လောက်ပဲ ဒဏ်ရာရရ မြန်မြန်ဆန်ဆန် ပြန်ကောင်းမွန်လာစေနိုင်တယ်"

"တတိယတစ်ခုကတော့ ငရဲမီးတောက်ရဲ့ စွမ်းအားပဲ။ ငရဲမီးတောက်က အရာအားလုံးကို ဖျက်ဆီးပစ်နိုင်ပေမဲ့၊ မင်းကတော့ အဲဒီ ငရဲမီးတောက်ကို စုပ်ယူနိုင်သလို၊ ပြန်လည် ထုတ်လွှတ်နိုင်စွမ်းလည်း ရှိနေတယ်"

"စတုတ္ထတစ်ခုကတော့ ဝိညာဉ်မိစ္ဆာရဲ့ စွမ်းအင်အငွေ့အသက်ပဲ။ အဲဒါက မင်းကို အချိန်မရွေး တခြားလူတစ်ယောက်ရဲ့ ရုပ်သွင်အဖြစ် ပြောင်းလဲသွားစေနိုင်တယ်"

အနူးဘစ်က ဆက်ပြော၏။ "သေချာတာပေါ့... မင်းဆီမှာ တခြားစွမ်းအားတွေလည်း ရှိနေပါသေးတယ်။ ဒါပေမဲ့ ဒီစွမ်းအားလေးခုကတော့ အစွမ်းအထက်ဆုံးပဲ။ ပြီးတော့ ဒီစွမ်းအားတွေက မင်းရဲ့ ပြိုင်ဘက်ကင်း အမှတ်အသားတွေလို့လည်း ပြောလို့ရတယ်"

တုပိုင်က ခေါင်းညိတ်၏။ "ဟုတ်တယ်"

အနူးဘစ်က ဆိုသည်။ "အခု ငါ မင်းနဲ့ အပေးအယူတစ်ခု လုပ်ချင်တယ်"

အနူးဘစ်က ပြောရင်း ပုလင်းတစ်လုံးကို ထုတ်ယူလိုက်၏။ အလွန် သာမန်ဆန်သော ကြွေပုလင်းတစ်လုံးဖြစ်ပြီး အထဲတွင် မည်သည့်အရာရှိနေသည်ကိုတော့ မသိနိုင်ချေ။ အနူးဘစ်သည် ထိုကြွေပုလင်းကို ချိန်ခွင်၏ ဘယ်ဘက်အခြမ်းတွင် တင်လိုက်ရာ ချိန်ခွင်မှာ ချက်ချင်းပင် တိမ်းစောင်းသွားလေတော့၏။

အနူးဘစ်က ပြောလိုက်၏။ "အရှင်တုပိုင်... မင်းဆီမှာ အစွမ်းထက်တဲ့ စွမ်းအားလေးခု ရှိတယ်။ ဒီချိန်ခွင်ကို ညီမျှသွားအောင် ထိန်းထားနိုင်ဖို့အတွက် ငါ့ရဲ့ ပုလင်းနဲ့ မင်းရဲ့ စွမ်းအားတစ်ခုကို လဲလှယ်ဖို့ လိုအပ်တယ်"

တုပိုင် မျက်လုံးများကို မှေးကျဉ်းလိုက်မိသည်။

အနူးဘစ်က ဆက်ပြောလေ၏။ "တကယ်တော့... မင်းရဲ့ စွမ်းအားလေးခုထဲက တစ်ခုတည်းကသာ ဒီချိန်ခွင်ကို ညီမျှအောင် ထိန်းထားနိုင်ပြီး ငါ့ရဲ့ပုလင်းနဲ့ အပေးအယူ လုပ်နိုင်လိမ့်မယ်။ တကယ်လို့ မင်းသာ ရွေးချယ်တာ မှားယွင်းသွားခဲ့ရင် အပေးအယူလည်း အောင်မြင်မှာ မဟုတ်သလို ချိန်ခွင်ကလည်း ညီမျှသွားမှာ မဟုတ်ဘူး။ အဲဒီအခါကျရင် မင်းက အဲဒီစွမ်းအားကို ထာဝရ ဆုံးရှုံးသွားရုံသာမက စမ်းသပ်မှုလည်း တိုက်ရိုက် ကျရှုံးသွားလိမ့်မယ်။ ပြီးရင်တော့ မင်း လာရာလမ်းအတိုင်း ပြန်လှည့်သွားရလိမ့်မယ်"

တုပိုင်က မေးလိုက်၏။ "ကျွန်တော် ဘယ်စွမ်းအားကိုပဲ ရွေးချယ်ပြီး အပေးအယူလုပ်လုပ်၊ အဲဒီစွမ်းအားက ကျွန်တော့် ခန္ဓာကိုယ်ထဲကနေ အပြီးတိုင် ပျောက်ကွယ်သွားမှာပေါ့ ဟုတ်လား"

အနူးဘစ်က ဖြေလေသည်။ "ဟုတ်ပါတယ်။ ငါက အဲဒီစွမ်းအားကို မင်းရဲ့ ခန္ဓာကိုယ်ထဲကနေ အပြီးတိုင် ထုတ်ယူသွားမှာပါ"

တုပိုင်က ထပ်မေးလိုက်၏။ "ခင်ဗျားရဲ့ ပုလင်းထဲမှာ ဘာရှိလဲဆိုတာကိုလည်း ကျွန်တော် မသိရဘူးမလား"

အနူးဘစ်က ဆိုလေသည်။ "မှန်ပါတယ်။ ဒါကြောင့် ဒီအပေးအယူက မင်းရဲ့ စိတ်တွင်းက အပေးအယူတစ်ခုပဲ။ စွမ်းအားလေးခုထဲက တစ်ခုကို ရွေးချယ်ပါ။ တကယ်လို့ မင်း ချိန်ခွင်ကို ညီမျှအောင် မလုပ်နိုင်ခဲ့ရင် အပေးအယူက ကျရှုံးသွားပြီး ပထမဆုံး စမ်းသပ်မှုလည်း ကျရှုံးသွားလိမ့်မယ်"

ချက်ချင်းပင် တုပိုင် ဝေခွဲမရဖြစ်ရသည်။ သူ အနူးဘစ်နှင့် အရောင်းအဝယ်လုပ်ရန် မည်သည့်စွမ်းအားကို အသုံးပြုသင့်သနည်း။

ယောက်ျားစွမ်းအားလား။ သေချာပေါက် မဖြစ်နိုင်ပေ။ သူ နောက်တစ်ကြိမ် မိန်းမလျာအဖြစ် ပြန်မပြောင်းလဲနိုင်တော့ချေ။ ရေနဂါး၏ ရွှေရောင်သွေးစွမ်းအားလား။ ငရဲမီးတောက်၏ စွမ်းအားလား။ ဝိညာဉ်မိစ္ဆာ၏ စွမ်းအားလား။

ဤသုံးခုထဲမှ မည်သည့်အရာကို ရွေးချယ်ပြီး အနူးဘစ်နှင့် အရောင်းအဝယ် လုပ်ရမည်နည်း။

တကယ်တမ်းတွင် လက်ရှိအချိန်၌ တုပိုင်အတွက် အသုံးမဝင်ဆုံးအရာမှာ ဝိညာဉ်မိစ္ဆာ၏ စွမ်းအားပင် ဖြစ်သည်။ အကြောင်းမူကား သူသည် အခြားသူတစ်ဦး၏ ရုပ်သွင်အဖြစ် ပြောင်းလဲရန် မလိုအပ်တော့သောကြောင့် ဖြစ်သည်။ သူ ထိုအစွမ်းကို အသုံးပြုစရာမလိုအပ်ပေ။ ထို့အတွက်ကြောင့် ဆုံးရှုံးသွားလျှင်ပင် မည်သည်မှ ဖြစ်သွားမည် မဟုတ်ပေ။

သို့သော် ဝိညာဉ်မိစ္ဆာ၏ စွမ်းအားကို အသုံးပြုပြီး အနူးဘစ်၏ ကြွေပုလင်းနှင့် အပေးအယူလုပ်ရုံဖြင့် ချိန်ခွင်ကို ညီမျှသွားအောင် လဲလှယ်နိုင်ပါမည်လော။

တုပိုင်၏ အပေးအယူ အလဲအလှယ်မှာ အလွန်အမင်း လေးလံနေ၍မရသလို ပေါ့ပါးနေ၍လည်း မရပေ။ ကွက်တိဖြစ်နေမှသာ ရမည်ဖြစ်သည်။

တုပိုင် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီးနောက် သူ၏ မျက်လုံးများကို မှိတ်ကာ စဉ်းစားလိုက်လေ၏။

သုံးမိနစ်ခန့် စဉ်းစားပြီးနောက် တုပိုင် မျက်လုံးများကို ဖွင့်ကာ ပြောလိုက်သည်။ "ကျွန်တော် ရွေးချယ်ပြီးသွားပြီ။ ခင်ဗျားနဲ့ အပေးအယူလုပ်ဖို့ ရေနဂါးရဲ့ ရွှေရောင်သွေးကိုပဲ အသုံးပြုမယ်"

အနူးဘစ်က မေးလိုက်၏။ "အရှင်တုပိုင်... မင်း သေချာရဲ့လား"

တုပိုင်က ဖြေလိုက်သည်။ "ကျွန်တော် သေချာတယ်"

အနူးဘစ်သည် ခေါင်းညိတ်ကာ လက်ကို ဆန့်ထုတ်လိုက်ပြီး တုပိုင်၏ ဒန်တျန်ထဲသို့ နက်ရှိုင်းစွာ ထိုးသွင်းလိုက်လေ၏။

"အားးး..." တုပိုင်နာကျင်စွာဖြင့် ဟိန်းဟောက်အော်ဟစ်လိုက်ရလေ၏။

ထို့နောက် သူ၏ ခန္ဓာကိုယ်ထဲရှိ ရေနဂါး၏ သွေးများသည် အရှင်လတ်လတ် ထုတ်ယူခြင်း ခံလိုက်ရလေတော့သည်။

ရုတ်တရက်ဆိုသလိုပင် သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ဓားပြီးသည့် နဂါးကြေးခွံများ ပျောက်ကွယ်သွားသလို သူ၏ အဆုံးအစမဲ့ စွမ်းအားများနှင့် မြန်ဆန်စွာ အနာကျက်နိုင်စွမ်းများသည်လည်း ပျောက်ကွယ်သွားရလေတော့၏။

အနူးဘစ်သည် လှိုင်းလုံးများအလား စီးဆင်းနေသော ရွှေရောင် ရေနဂါးသွေးစွမ်းအားများကို ချိန်ခွင်၏ ညာဘက်အခြမ်းတွင် တင်လိုက်လေ၏။

ချက်ချင်းပင် ချိန်ခွင်မှာ တုန်ခါလာသည်။

စက္ကန့်အနည်းငယ် ကြာပြီးနောက်တွင်မူ ချိန်ခွင်သည် လုံးဝ ပြီးပြည့်စုံသော ညီမျှမှု အခြေအနေသို့ ရောက်ရှိသွားလေ၏။

အပေးအယူ အောင်မြင်သွားပြီဖြစ်သည်။

အနူးဘစ်က ပြောလိုက်၏။ "ဂုဏ်ယူပါတယ် တုပိုင်... ငါတို့ရဲ့ အပေးအယူကို အောင်မြင်စွာ ပြီးမြောက်သွားတဲ့အတွက် ဒီကြွေပုလင်းက မင်းအပိုင်ဖြစ်သွားပြီ။ ဒါပေမဲ့ ဖွင့်ကြည့်ဖို့အတွက် မင်း ပိရမစ်ထဲကနေ အရင်ထွက်သွားဖို့ လိုအပ်တယ်။ ဒါ့အပြင် မင်း ပထမဆုံး စမ်းသပ်မှုကိုလည်း အောင်မြင်သွားပြီ"

ထို့နောက် ဝံပုလွေခေါင်းနှင့် သားရဲဆန်းကြီး အနူးဘစ်သည် တုပိုင် ပေးအပ်လိုက်သော ရေနဂါး၏ ရွှေရောင်သွေးများကို ယူဆောင်ကာ ထွက်ခွာသွားလေတော့၏။

တုပိုင် သူ၏ လက်ထဲရှိ သာမန် ကြွေပုလင်းလေးကို ကြည့်လိုက်မိရာ အထဲတွင် မည်သည့်အရာ ပါသည်နည်း ဆိုသည်ကို ဖွင့်ကြည့်ချင်စိတ်များ အဆုံးအစမရှိ ဖြစ်ပေါ်နေမိ၏။

အထဲ၌ မည်သည့်အရာများရှိမည်နည်း။ ရွှေနဂါးသွေးနှင့် လှဲလိုက်သည်မှာ တန်ရဲ့လော။ ထို့ပြင် ဤအရာသည် သေမင်းနှင့် အရောင်းအဝယ် လုပ်ခဲ့ရသည့် ပစ္စည်းတစ်ခု ဖြစ်သည်။

ထိုသားရဲဆန်းကြီး အနူးဘစ်သည် ရှေးဟောင်းအီဂျစ် ဒဏ္ဍာရီထဲက သေမင်းနတ်ဘုရားအစစ်တော့ မဟုတ်ပေ။

သို့သော် မည်သို့ပင်ဆိုစေကာမူ သားရဲဆန်းကြီးသည် အတိတ်၌ မီးနတ်ဘုရားဂိုဏ်း ပုပ်ရဟန်းမင်းကြီးများ၏ ဝိညာဉ်များကို တာဝန်ယူ စောင့်ရှောက်ခဲ့ရသူ ဖြစ်၏။

ထို့ကြောင့် သူနှင့် အပေးအယူ လုပ်ခဲ့ရသည့် ပစ္စည်းမှာ သေချာပေါက် ထူးခြားနေမည် ဖြစ်ပြီး အံ့မခန်းဖွယ်ရာပင် ဖြစ်နေနိုင်သည်။ သို့သော် ဤနေရာတွင် ဖွင့်ကြည့်၍ မရနိုင်သေးပေ။ ထို့ကြောင့် တုပိုင် ကြွေပုလင်းလေးကို သူ၏ ရင်ခွင်ထဲသို့ သိမ်းဆည်းလိုက်လေ၏။

ထို့နောက် အရှေ့သို့ ဆက်လက် လျှောက်သွားလိုက်သည်။

အရှေ့ဘက်တွင် တံခါးတစ်ချပ် ရှိနေပြီး ထိုတံခါးကို ဖွင့်လိုက်ပါက ဒုတိယ စမ်းသပ်မှုဆီသို့ ဝင်ရောက်သွားမည် ဖြစ်သည်။

ယခင် စနစ်ရှင်ဟောင်းသည် ဒုတိယ စမ်းသပ်မှုကို ကျရှုံးခဲ့လေ၏။ သူသည် မီးနတ်ဘုရားဂိုဏ်း၏ ပုပ်ရဟန်းမင်းကြီးရာထူးကို မဆက်ခံနိုင်ခဲ့ရုံသာမက မီးနတ်ဘုရားဂိုဏ်း၏ သစ္စာဖောက်တစ်ဦး ဖြစ်လာခဲ့ပြီး ပြည်နှင်ဒဏ်ပေးခံရကာ နောက်ဆုံးတွင် စနစ်၏ ချေမှုန်းဖျက်ဆီးခြင်းကိုပါ ခံခဲ့ရသည်။

ထို့ကြောင့် ဤဒုတိယအဆင့် စမ်းသပ်မှုသည် အလွန်တရာ ခက်ခဲကြမ်းတမ်းနေမည်မှာ အသေအချာပင် ဖြစ်သည်။ တုပိုင် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး တံခါးကို ဖွင့်လိုက်၏။

ဒုတိယအခန်းထဲသို့ ဝင်ရောက်သွားသည်နှင့် တပြိုင်နက် တုပိုင် လုံးဝ မှင်တက်အံ့အားသင့်သွားရသည်။

အဘယ်ကြောင့်ဆိုသော် ထိုနေရာတွင် အမျိုးသမီးတစ်ဦး ထိုင်နေသောကြောင့်ပင် ဖြစ်သည်။ သူမသည် အလွန်လှပသေသပ်သော ဂါဝန်တစ်ထည်ကို ဝတ်ဆင်ထားပြီး ကျက်သရေရှိလှကာ လှပဆွဲဆောင်မှုရှိပြီး ညို့အားပြင်းလျက်ရှိနေသည်။

သူမသည် အခြားသူမဟုတ်လေဘဲ တုပိုင်၏ ပထမဆုံး ချစ်သူပင် ဖြစ်၏။ ခေတ်သစ်ကမ္ဘာမှ သူနှင့် စေ့စပ်ထားသူ ရန်ယဲ့ရှောင်ပင် ဖြစ်လေသည်။

သူ အချစ်ရဆုံး အမျိုးသမီး၊ သူ အပြစ်ရှိသကဲ့သို့ အခံစားရဆုံး အမျိုးသမီး၊ သူ မေ့ဖျောက်၍ မရသည့် အမျိုးသမီးပင် ဖြစ်၏။

တုပိုင်အတွက် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့သော အမျိုးသမီး ဖြစ်လေသည်။

ဤအရာအားလုံးသည် စိတ်ကူးယဉ် ထင်ယောင်ထင်မှားတစ်ခု မဟုတ်ပေ။ ယခင် တျန်ကျီကျွန်းသခင်၏ ပုံရိပ်ယောင်မျိုး မဟုတ်သလို ခွေးအိမ်သခင်ကြီး၏ စိတ်ပိုင်းဆိုင်ရာ ထင်ယောင်ထင်မှားမျိုးလည်း မဟုတ်ပေ။

တုပိုင် မြင်တွေ့ထိတွေ့နေရသမျှ အရာအားလုံးက အစစ်အမှန် ဖြစ်နေသည်။

ရန်ယဲ့ရှောင်က ပြောလိုက်၏။ "ယောက်ျား... ရှင့်အတွက် ကျွန်မ သမီးလေးတစ်ယောက် မွေးပေးထားတယ်။ သူက ဒီလောကမှာ အချစ်စရာအကောင်းဆုံး နတ်သမီးလေးပဲ။ သူ့နာမည်က တုရှောင်တဲ့။ ကျွန်မတို့ အကြာကြီး စဉ်းစားပြီး ပေးထားတဲ့ နာမည်လေ... ရှင် မှတ်မိသေးလား"

တုပိုင်သည် ထိုအမျိုးသမီး... သူ၏ စေ့စပ်ထားသူ ရန်ယဲ့ရှောင်ကို သေချာစွာ စိုက်ကြည့်နေမိ၏။ သူမနှင့် ပတ်သက်သော ဘဝမှတ်ဉာဏ် အပိုင်းအစများကို သူ၏ စိတ်ထဲတွင် ပြန်လည် သတိရလာမိသည်။

ရုပ်ရှင်တစ်ကားကို ကြည့်နေရသလို အချိန်ကာလတွေ နောက်ပြန်ဆုတ်သွားသလို ခံစားလိုက်ရပြီး သူ၏ နှလုံးသားတစ်ခုလုံး တုန်ခါသွားရလေ၏။

ငယ်ရွယ်ပြီး ပေါ့ပျက်ပျက်နိုင်သော ယောက်ျားများသည် များသောအားဖြင့် အသိတရားမရှိတတ်ကြဘဲ ဆုံးရှုံးသွားရချိန်မှသာ နောင်တရတတ်ကြသည်။

တာ့နင်လောကသို့ ရောက်ရှိလာပြီးနောက်တွင် တုပိုင်သည် အမျိုးသမီး များစွာနှင့် ဆုံတွေ့ခဲ့ရပြီး မိန်းမချောလေးများလည်း မရှားပါးခဲ့ချေ။

သို့သော်လည်း သူစိတ်ကျေနပ်သည်လော။ အ​ဖြေကတော့ သိသာလှ၏။

သွေးကွမ်ရင်မယ်တော်သည် သူ့အပေါ်တွင် များစွာ ပေးဆပ်ခဲ့ပြီး တုပိုင်သည်လည်း နက်နက်ရှိုင်းရှိုင်း ကြည်နူးထိရှသွားခဲ့သောကြောင့် သူတို့ နှစ်ဦး ပေါင်းဖက်ခဲ့ကြခြင်း ဖြစ်၏။

ကျီပြောင်ပြောင်နှင့်မှာမူ အကျိုးစီးပွားနှင့် ကိုယ်ကျင့်တရားတို့ကြောင့်ဖြစ်၏။

မင်းသမီးနင်းရွှဲ့သည် ဧကရာဇ်မင်းမြတ်၏ သနားတော်မူခြင်းကြောင့် လက်ထပ်ခဲ့ရခြင်းဖြစ်ပြီး အိပ်မက်စနစ်ကလည်း သူမကို လက်ထပ်ရန် အစဉ်အမြဲ တွန်းအားပေးနေခဲ့သေးသည်။

နီရှန် နတ်မိမယ်နှင့်မူ ရှင်းပြ၍မရနိုင်လောက်သည့် အကြောင်းအရင်းများကြောင့် ပေါင်းဖက်ဖြစ်ခဲ့ကြ၏။

လီတောက်ယွဲ့နှင့် မင်းသမီးယွီကျိန်းတို့နှင့်ဆိုလျှင် အချစ်နှင့် ပို၍ပင် ဝေးကွာလှသည်။

သူတို့အားလုံးသည် ရှင်းပြ၍မရနိုင်သော အကြောင်းပြချက်များဖြင့် အတူတကွ အိပ်စက်ခဲ့ကြပြီး အတူတကွ အောင်ပွဲခံခဲ့ကြခြင်းသာ ဖြစ်လေသည်။

ပျော်ရွှင်မှုအတွက် ပေါင်းသင်းခဲ့သော၊ ရည်မှန်းချက်မပါဝင်သော၊ သောကကင်းသော အပေါင်းအသင်းဆက်ဆံရေးများသာ ရှိခဲ့သည်။

တုပိုင်သည် သူ၌ အချိန်မရှိဟု တစ်ချိန်က တွေးထင်ခဲ့ဖူး၏။ နောက်ပိုင်းတွင်မူ သူ၌ အချိန်မရှိသည်မဟုတ်ဘဲ ထိုကဲ့သို့သော စိတ်ခံစားချက်မျိုး မရှိတော့ခြင်းသာဖြစ်ကြောင်း တဖြည်းဖြည်း နားလည်သဘောပေါက်သွား၏။

သူ၏ အချစ်ရေးသည် လွန်ခဲ့သော နှစ်အနည်းငယ်ကပင် ပြီးဆုံးသွားခဲ့ပြီဖြစ်ကာ ရန်ယဲ့ရှောင်ဆိုသော ဤချစ်စရာကောင်းသည့် အမျိုးသမီးလေးနှင့်အတူ အဆုံးသတ်သွားခဲ့ပြီ ဖြစ်လေသည်။

တုပိုင် သူ၏.အမျိုးသမီးကို သေချာစွာ စိုက်ကြည့်နေမိ၏။.အမျိုးသမီးသည် သူမ၏ မျက်နှာကို ဂုဏ်ယူဝင့်ကြွားစွာ မော့ထားသော်လည်း အနည်းငယ် ရှက်ရွံ့နေပုံရလေသည်။

ငါးနှစ်ကျော် ကြာမြင့်သွားခဲ့ပြီဖြစ်ရာ သူမ အနည်းငယ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။ သူမ၏အသက် နှစ်ဆယ့်ရှစ်နှစ် ရှိနေပြီ ဖြစ်၏။ ဤအရွယ်သည် အမျိုးသမီးတစ်ဦးအတွက် ငယ်ရွယ်နုပျိုမှုနှင့် ရင့်ကျက်မှု နှစ်ခုစလုံး ပေါင်းစပ်နေသော အကောင်းဆုံး အချိန်ကာလပင် ဖြစ်လေသည်။

ထင်သည့်အတိုင်းပင် သူမသည် ပို၍ လှပလာကာ ပို၍ ဆွဲဆောင်မှုရှိလာပြီး ညို့အားပြင်းသော ဆွဲဆောင်မှုများဖြင့် ပြည့်နှက်နေလေ၏။ သူမ၏ အကြည့်တို့သည် တုပိုင်၏ နှလုံးကြိုးလေးများကို ပိုမို ရူးသွပ်ကြမ်းတမ်းစွာ လာရောက် ရိုက်ခတ်နေသကဲ့သို့ပင် ဖြစ်နေသည်။

တုပိုင် ဖြည်းညင်းစွာ လျှောက်သွားလိုက်သည်။ ထို့နောက် သူမ၏ ဆွဲဆောင်မှုရှိပြီး လှပလှသော မျက်နှာလေးကို ငေးကြည့်ရင်း တုပိုင် ညင်သာစွာ မေးလိုက်၏။

"မင်းက ငါ့ရဲ့ အတွင်းစိတ်မိစ္ဆာလား..."

သူ၏ စေ့စပ်ထားသူလေးသည် သူ့ကို ဆွဲဆောင်မှုရှိစွာ ပြုံးပြရင်း ညင်သာစွာ ပြန်ပြောလိုက်၏။ "ယောက်ျား... ဘာတွေ ပြောနေတာလဲ။ ယောက်ျား... ကျွန်မတို့ရဲ့ သမီးလေးကို တွေ့ချင်လား။ သူက သူငယ်တန်းမှာလေ... ခဏနေ ကျောင်းဆင်းရင် အိမ်ပြန်ရောက်လာတော့မှာ"

တုပိုင် ပိရမစ်၏ ဒုတိယအခန်းကို ဝေ့ဝဲကြည့်ရှုလိုက်၏။

နေရာအနှံ့အပြားတွင် မှိန်ပျပျ အစိမ်းရောင် ကျောက်သလင်းများ ရှိနေပြီး အေးစက်သော အလင်းရောင်များကို ထုတ်လွှတ်လျက်ရှိ၏။ စီခြယ်ထားသော အထူးလင်းလက်သည့် ကျောက်တုံးသည်လည်း လမင်း၏ အဖြူရောင် အလင်းတန်းကို ထုတ်လွှတ်နေလေ၏။

ဤဒုတိယစမ်းသပ်မှုကြီးသည် မည်သည့်အရာကို စမ်းသပ်သည်နည်း။ အတွင်းစိတ်မိစ္ဆာလော။ အိပ်မက်ကမ္ဘာလော။ မဟုတ်ပေ။

လက်ရှိအချိန်တွင် သူ နိုးကြားနေကြောင်း တုပိုင် ရှင်းလင်းစွာ ခံစားသိရှိနေပြီး သူမြင်တွေ့နေရသမျှ အရာအားလုံးသည် အလွန်တရာ အစစ်အမှန် ဖြစ်နေလေ၏။ သို့သော် စေ့စပ်ထားသူလေးသည် ယခုအချိန်၌ ခေတ်သစ်ကမ္ဘာမြေပေါ်တွင် ရှိနေသင့်ပြီး လက်ရှိနေရာတွင် ရှိမနေနိုင်ပေ။

ဤဒုတိယအဆင့်ကို ကျော်ဖြတ်နိုင်ရန် သူမည်သို့ လုပ်ဆောင်ရမည်နည်း။

"ကလစ်..."

ထိုစဉ် သော့ဖွင့်လိုက်သော အသံတစ်သံ ထွက်ပေါ်လာလေ၏။ ထို့နောက် ကျောင်းလွယ်အိတ်လေးကို လွယ်ထားသည့် ပိန်ပိန်သေးသေး ကလေးမတစ်ဦး ဝင်လာလေ၏။

ကလေးမလေးက ချစ်စဖွယ်အသံဖြင့် ခေါ်၏။ "မေမေ..."

သူမက ကလေးမလေးကို ပွေ့ချီလိုက်ပြီး တုပိုင်အား ပြောလိုက်၏။ "ယောက်ျား... ဒါ ကျွန်မတို့ရဲ့ သမီးလေးလေ။ ဒီနှစ်ဆို အသက် ငါးနှစ်ပြည့်ပြီ"

တုပိုင် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ကလေးမကို ကြည့်လိုက်၏။ ဤသည်မှာ သူ၏ သမီးလေး တုရှောင်လော။ အသက် ငါးနှစ်ပင် ရှိနေပြီလော။

သူမသည် ပုံမှန် ငါးနှစ်အရွယ် ကလေးများထက် ပိုသေးပြီး အနည်းငယ် ပိုပိန်ပါးနေသည်။

သို့သော်လည်း အလွန်အမင်းကို ချစ်စရာကောင်းလှပြီး ပန်းနုရောင် သန်းနေသော မျက်နှာလေးမှာ ကျောက်စိမ်းကို ထွင်းထုထားသည့်အလား လှပနေလေ၏။ မျက်လုံးတစ်စုံသည် ရတနာများအလား တောက်ပနေပြီး အလွန်အမင်း ကြီးမားနေသော်လည်း မျက်နှာလေးမှာ လက်တစ်ဝါးစာခန့်သာ ရှိလေသည်။

သူမ၏ မျက်လုံးများသည် ခေါင်းမာပုံပေါက်နေသော်လည်း စိုးရိမ်ပူပန်မှုများဖြင့်လည်း ပြည့်နှက်နေလေ၏။

တစ်ကိုယ်လုံးသည် နူးညံ့ပျော့ပျောင်းကာ အားနည်းနေပြီး ပေါ့ပါးလွင့်မျောနေကာ လေတစ်ချက်တိုက်လိုက်လျှင်ပင် လွင့်ပါသွားတော့မည့်အလား ရှိ​နေသည်။

သူမသည် အလွယ်တကူ ကွဲကြေသွားနိုင်သော ကြွေရုပ်လေးတစ်ရုပ်အလား၊ လွမ်းဆွေးတမ်းတနေရသော ကလေးလေးတစ်ယောက်အလားပင် ဖြစ်၏။

ပထမဆုံးအကြိမ် မြင်လိုက်ရသည်နှင့် တပြိုင်နက် တုပိုင်၏ နှလုံးသားတစ်ခုလုံး အရည်ပျော်ကျသွားသကဲ့သို့ ခံစားလိုက်ရလေသည်။

ရုတ်တရက် တုပိုင်သည် လုံးဝ ထိန်းချုပ်မထားနိုင်တော့ဘဲ မျက်ရည်များ ပေါက်ကွဲထွက်ကျလာ၏။ သူ၏ ရင်ဘတ်တစ်ခုလုံး၊ နှာခေါင်းတစ်ခုလုံး ဆို့နင့်တက်လာလေသည်။

တုပိုင်သည် လက်နှစ်ဖက်ကို ဆန့်တန်းလိုက်၏။ "လာပါဦး သမီးလေးရယ်... ဖေဖေ ဖက်ထားပါရစေ"

​ကုန်းကုန်းဧကရာဇ်။ အပိုင်း ၇၉၅ + ၇၉၆ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastrie

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

All Chapters