အခန်း (၇၉၇-၇၉၈)
Vol. 80 Ch. 797-798
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၇၉၇ + ၇၉၈
မူရင်းစာရေးဆရာ - Silent Cake And Pastrie
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကလေးမလေးသည် တုပိုင်ကို သူစိမ်းတစ်ယောက်သဖွယ် မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်နေပြီး သေချာစွာ မှတ်မိစေရန် ခေါင်းလေးကို ဘေးသို့ စောင်းငဲ့ကာ ကြည့်လိုက်သည်။ ကလေးမလေးရှေ့မှ ဖခင်ဖြစ်သူသည် ကလေးမလေး မှတ်မိနေသည့် ပုံစံနှင့် အနည်းငယ် ကွဲပြားနေသယောင် ရှိ၏။
ထို့ကြောင့် တုပိုင်၏ မျက်နှာပေါ်မှ ကလေးမလေး ရင်းနှီးကျွမ်းဝင်သော ဖခင်၏ အသွင်အပြင်များကို အပတ်တကုတ် ရှာဖွေနေခြင်း ဖြစ်သည်။ အတန်ကြာ ရှာဖွေပြီးနောက် ထိုအသွင်အပြင်ကို တွေ့ရှိသွားဟန်ဖြင့် ကလေးမလေး၏ မျက်လုံးများ ပြူးကျယ်သွား၏။
ထို့နောက် ကလေးမလေး၏ နူးညံ့လှပသော မျက်နှာလေးပေါ်တွင် ယခင်က မမြင်ဖူးလောက်အောင် လှပသည့် အပြုံးတစ်ခု ပေါ်ပေါက်လာရာ ခဏချင်းအတွင်း ပန်းတစ်ရာ ပွင့်လန်းသွားသည့်အလား ဖြစ်သွားလေ၏။
“ဖေဖေ…”
ကလေးမလေးက ရွှင်မြူးစွာဖြင့် အော်ဟစ်လိုက်ပြီး တုပိုင်၏ ရင်ခွင်ထဲသို့ ပြေးခုန်ဝင်လာ၏။
“ဖေဖေ... ဖေဖေ... သမီး ဖေဖေ့ကို သူငယ်တန်းက သူငယ်ချင်းတွေဆီ ခေါ်သွားချင်တယ်။ သမီးမှာ ဖေဖေရှိတယ် ၊ ပြီးတော့ သမီးရဲ့ ဖေဖေက အရမ်းချောတယ်ဆိုတာ သူတို့ကို ကြွားချင်လို့...”
တုပိုင် ကလေးမလေးကို ကမ္ဘာကြီးတစ်ခုလုံးကို ပွေ့ဖက်ထားသည့်အလား ရုတ်တရက် တင်းကျပ်စွာ ပွေ့ဖက်ထားလိုက်သည်။ သို့သော် ထိုအချိန်လေး၌ပင် ပတ်ဝန်းကျင်တစ်ခုလုံးမှာ ရုတ်တရက် မှိုင်းညို့လာပြီး အလင်းရောင်များအားလုံး မှေးမှိန်သွားတော့၏။
စေ့စပ်ထားသူ ရန်ယဲ့ရှောင်သည်လည်း ရုတ်တရက် မတ်တပ်ရပ်လိုက်သည်။ ကလေးငယ်လေးမှာ တုပိုင်၏ရင်ခွင်ထဲတွင် ရှိမနေတော့ဘဲ မိခင်ဖြစ်သူ၏ လက်ဆွဲထားခြင်းကို ခံထားရ၏။
ရန်ယဲ့ရှောင်၏ နူးညံ့သိမ်မွေ့သော အရိပ်အယောင်များ ပြည့်နှက်နေသည့် လှပသော မျက်လုံးတစ်စုံမှာ ပျောက်ကွယ်သွားပြီး မျှော်လင့်ချက်မဲ့မှုများဖြင့်သာ အစားထိုး နေရာယူသွားသည်။ သူမ၏ လှပသော မျက်နှာလေးမှာလည်း သွေးရောင်မရှိဘဲ ဖြူရော်နေလျက်ရှိသည်။
ရန်ယဲ့ရှောင်သည် ဘယ်ဘက်လက်တွင် ဓားတစ်လက်ကို ကိုင်ထားပြီး ညာဘက်လက်ကောက်ဝတ်ရှိ သွေးကြောများဆီသို့ လှီးဖြတ်ချလိုက်၏။ တစ်ချက် ၊ နှစ်ချက် ၊ သုံးချက်... ဆက်တိုက် လှီးဖြတ်နေသည်... ဤသည်ကား ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်နေခြင်းပင် ဖြစ်လေ၏။
“ယောက်ျား... ကျွန်မကို ကယ်ပါဦး... ကယ်ပါဦး...”
“ယောက်ျား... ကျွန်မကို စောင့်ပါဦး... စောင့်ပါဦး...”
“ဟားဟား... ကျွန်မယောက်ျား သေသွားပြီ...”
“ဟီးဟီး... ကျွန်မယောက်ျားက ကျွန်မကို မလိုချင်တော့ဘူး...”
“ရှောင်ရှောင်... မေမေတို့ ဖေဖေ့ဆီ သွားရှာကြမလား ဟင်”
ရန်ယဲ့ရှောင်သည် အလွန်အမင်း ကြေကွဲရူးသွပ်နေပုံရ၏။ ထို့နောက် ရန်ယဲ့ရှောင်သည် သမီးဖြစ်သူအား ခေါ်ဆောင်ကာ ပြတင်းပေါက်ဆီသို့ လျှောက်သွားလိုက်သည်။ ပြတင်းပေါက်ကို ဖွင့်လိုက်ပြီးနောက် သူမလေးသည် သမီးလေးနှင့်အတူ ပြတင်းပေါက်ဘောင်ပေါ်တွင် ထိုင်ကာ အောက်သို့ ခုန်ချရန် ပြင်လိုက်၏။
“မလုပ်နဲ့...”
တုပိုင်က ကျယ်လောင်စူးရှစွာ အော်ဟစ်လိုက်သည်။ သူသည် ရန်ယဲ့ရှောင်ကို ဖမ်းဆွဲနိုင်ရန် ကြိုးစားရင်း အရှေ့သို့ အသည်းအသန် ပြေးဝင်သွားလိုက်၏။
သို့သော် မည်မျှပင် အသည်းအသန် ပြေးလွှားနေပါစေ ၊ တုပိုင်သည် ပြတင်းပေါက်အနီးသို့ ရောက်မသွားသလို ၊ သားအမိနှစ်ယောက်ဆီသို့လည်း အလျဉ်း လှမ်းမမီနိုင်ခဲ့ချေ။
“ရှောင်ရှောင်... မေမေတို့ ဖေဖေ့ဆီ အတူတူ သွားရှာကြမယ်နော်”
“ဟီးဟီး... ကျွန်မယောက်ျားက ကျွန်မကို မလိုချင်တော့ဘူး”
စေ့စပ်ထားသူလေးသည် ကိုယ်ကိုလှည့်ကာ တုပိုင်အား လက်ပြနှုတ်ဆက်လိုက်ပြီး ဝမ်းနည်းကြေကွဲဖွယ် ပြုံးပြလိုက်သည်။ ထို့နောက် သမီးဖြစ်သူ၏ လက်ကလေးကို ဆုပ်ကိုင်ကာ ဆယ်ထပ်ရှိ ပြတင်းပေါက်မှ အောက်သို့ ခုန်ချလိုက်တော့၏။
“အားးးး မဟုတ်ဘူးးး အားးးး အားးး” တုပိုင် ရူးသွပ်မတတ် အော်ဟစ်လိုက်ရသည်။
“ဝိညာဉ်မိစ္ဆာ... ဝိညာဉ်မိစ္ဆာ... ဒါ မင်းဆိုတာ ငါသိတယ်... ဒါ မင်းဆိုတာ ငါသိတယ်...”
“ချက်ချင်း ရပ်လိုက်စမ်း...”
ထိုအခါ ရုတ်တရက် တုပိုင်ရှေ့မှ မြင်ကွင်းကြီးမှာ ရုတ်တရက် ပျောက်ကွယ်သွားတော့၏။ စေ့စပ်ထားသူ ရန်ယဲ့ရှောင်နှင့် သမီးငယ်လေးပါ ပျောက်ကွယ်သွား၏။
ထိုအစား ဝိညာဉ်မိစ္ဆာတစ်ကောင်သည် တုပိုင်၏ အရှေ့တွင် တိတ်ဆိတ်စွာ ရပ်တန့်နေပြီး မလှုပ်မယှက် ရှိနေသည်။ တုပိုင်က အရှေ့သို့ တိုးထွက်သွားပြီး ထက်မြက်လှသော ဓားဖြင့် ပိုင်းဖြတ်ချလိုက်၏။ သို့သော် နောက်ဆုံးတွင် လေထုကိုသာ ခုတ်ပိုင်းမိလိုက်ခြင်း ဖြစ်သည်။ မည်သည့်အရာမျှ ရှိမနေချေ။
ထိုဝိညာဉ်မိစ္ဆာ၏ ပုံရိပ်ယောင်သည် တုပိုင်အား မျက်လုံးပြူးကြီးများဖြင့် တိတ်ဆိတ်စွာ စိုက်ကြည့်နေ၏။ ဤသည်မှာ ဝိညာဉ်မိစ္ဆာ၏ ရုပ်ခန္ဓာအစစ် မဟုတ်ပေ။ ဖြစ်နိုင်ခြေ နှစ်ခုရှိသည်။ ဤပိရမစ်အခန်းသည် ကမ္ဘာလောက၏ အက်ကွဲကြောင်းအတွင်းရှိ မြေအောက်ကမ္ဘာနှင့် ချိတ်ဆက်နိုင်သော သီးသန့်နယ်မြေတစ်ခု ဖြစ်နိုင်ပြီး မြေအောက်ကမ္ဘာ၏ ပုံရိပ်ယောင်ကို ပြသနိုင်စွမ်းရှိခြင်း ဖြစ်နိုင်သည်။
နောက်ထပ် ဖြစ်နိုင်ခြေတစ်ခုလည်း ရှိသေး၏။ ထိုအရာမှာ လွန်ခဲ့သော နှစ်ပေါင်းများစွာက ဤနေရာသို့ ဝိညာဉ်မိစ္ဆာ ရောက်ရှိခဲ့ဖူးပြီး တိုက်ခိုက်ခြင်း သို့မဟုတ် တရားကျင့်ကြံခြင်းများ ပြုလုပ်ခဲ့၍ စွမ်းအင်ပုံရိပ်ကြွင်း ကျန်ရစ်နေခဲ့ခြင်း ဖြစ်ရပေမည်။ မရေမတွက်နိုင်သော ဝိညာဉ်အလွှာများထဲမှ တစ်လွှာ ကွာကျကာ ဤနေရာတွင် ထာဝရ ကျန်ရစ်နေခဲ့ခြင်းမျိုး ဖြစ်နိုင်သည်။
သို့မဟုတ် အခြား ဖြစ်နိုင်ခြေတစ်ခုလည်း ရှိနိုင်သေး၏။ အချုပ်အားဖြင့်ဆိုရသော် ဤအရာသည် ပဟေဠိတစ်ခုအလားပင် ဖြစ်သည်။
ထိုသို့ဆိုလျှင် ဒတိယအဆင့် စမ်းသပ်မှုကို အောင်မြင်သွားပြီလော။ သို့သော် ဒုတိယအခန်းတွင် တံခါးပေါက် ရှိမနေသေးသည့်အတွက် အပြင်သို့ ထွက်သွား၍ မရနိုင်သေးချေ။
တုပိုင် ဝိညာဉ်မိစ္ဆာ၏ ပုံရိပ်ကြွင်းဆီသို့ ချဉ်းကပ်သွားလိုက်ပြီးနောက် ထိုဝိညာဉ်မိစ္ဆာ၏ ဧရာမခန္ဓာကိုယ်ကြီးထဲသို့ တိုက်ရိုက် ဖြတ်သန်းသွားလိုက်ရာ ပိရမစ်၏ ဒုတိယအခန်းမှ ထွက်ခွာသွားလိုက်နိုင်၏။ အမှန်တကယ်တော့ ဝိညာဉ်မိစ္ဆာ ခန္ဓာကိုယ်၏ ပုံရိပ်ကြွင်းသည် ဒုတိယအဆင့်၏ တံခါးပေါက် ဖြစ်နေသည်။ တတိယအဆင့် စမ်းသပ်မှုကရော မည်သည့်အရာ ဖြစ်မည်နည်း။
တုပိုင် တတိယမြောက် အခန်းထဲသို့ ရောက်ရှိလာသည်နှင့် တတိယအဆင့် စမ်းသပ်မှု စတင်တော့သည်။ ထိုနေရာတွင် တုပိုင်သည် ဝံပုလွေခေါင်းနှင့် သားရဲဆန်းကြီးဖြစ်သော သေမင်းနတ်ဘုရား အနူးဘစ်ကို အမှန်တကယ်ပင် ထပ်မံ မြင်တွေ့လိုက်ရ၏။ သို့သော် ဤတစ်ကြိမ်တွင်မူ အနူးဘစ်သည် ပိုမို အစွမ်းထက်လာသကဲ့သို့ ပို၍ပင် ကြီးမားလာကာ ဆယ်မီတာအပြည့် ၊ သုံးထပ်တိုက်တစ်လုံးစာခန့် ဧရာမကြီးမားနေသည်။
အနူးဘစ်က ပြောလိုက်၏။ “အရှင်တုပိုင်... ခုနက ငါတို့ရဲ့ အပေးအယူက တော်တော်လေး အဆင်ပြေခဲ့တယ် မဟုတ်လား”
တုပိုင် မည်သည့်စကားမှ မဆိုဘဲ အနူးဘစ်ကိုသာ စိုက်ကြည့်နေလိုက်သည်။
ဧရာမ အနူးဘစ်ကြီးက ဆို၏။ “ဒါက စတုတ္ထအဆင့်အတွက် သော့ချက်ပဲ။ ရွှေရောင်သော့ပေါ့”
အနူးဘစ်၏ လက်ထဲတွင် အရှည် သုံးလက်မခန့်ရှိသော သေသပ်ခမ်းနားသည့် ရွှေရောင်သော့တစ်ချောင်း ရှိနေသည်။
သေမင်းနတ်ဘုရား အနူးဘစ်သည် စတုတ္ထအဆင့်၏ ရွှေရောင်သော့ကို ချိန်ခွင်၏ ဘယ်ဘက်အခြမ်းတွင် တင်လိုက်ပြီးနောက် တုပိုင်ဘက်သို့ လှည့်ကာ ပြောလိုက်၏။ “မင်း နောက်ထပ် ပစ္စည်းတစ်ခုကို ပေးရမယ်။ ငါ့လက်ထဲက ရွှေရောင်သော့နဲ့ လဲလှယ်ပြီး စတုတ္ထအဆင့်ဆီ သွားလိုက်ပါ”
တုပိုင်က မေးလိုက်သည်။ “ဘာပစ္စည်းလဲ”
ယခုလေးတင် ပထမအဆင့်တွင် တုပိုင်သည် ရေနဂါး၏ ရွှေရောင်သွေးကို ပေးချေကာ သေမင်းနတ်ဘုရား အနူးဘစ်၏ ကြွေပုလင်းနှင့် လဲလှယ်ခဲ့ပြီး ပထမအဆင့်ကို အောင်မြင်ခဲ့ခြင်း ဖြစ်၏။ ထို့နောက် တုပိုင်၏ ခန္ဓာကိုယ်ထဲမှ ရေနဂါး၏ ရွှေရောင်သွေးစွမ်းအားများ အမှန်တကယ် ဖယ်ရှားခံလိုက်ရရာ တုပိုင်၏ စွမ်းရည်များအားလုံးကို ဆုံးရှုံးလိုက်ရသည်။
ယခုတစ်ကြိမ်တွင်လည်း ထပ်မံ၍ အပေးအယူ လုပ်ရဦးမည်လော။
သေမင်းနတ်ဘုရား အနူးဘစ်က မေး၏။ “အရှင်တုပိုင်... မင်း ဒီကမ္ဘာလောကကို တစ်ယောက်တည်း ရောက်လာခဲ့တာ မဟုတ်လား”
တုပိုင် ဖြေလိုက်သည်။ “ဟုတ်တယ်”
သေမင်းနတ်ဘုရား အနူးဘစ်က ဆက်ပြော၏။ “ဒါပေမဲ့ အခုတော့ မင်းမှာ ဇနီးတွေ ၊ မွေးစားအဖေတစ်ယောက်နဲ့ သမီးတစ်ယောက် ရှိနေပြီ မဟုတ်လား”
တုပိုင် စကားတစ်ခွန်းမှ မဟတော့ဘဲ မျက်လုံးများကို ရုတ်တရက် မှေးကျဉ်းလိုက်သည်။
သေမင်းနတ်ဘုရား အနူးဘစ်က ပြော၏။ “မင်းရဲ့ ဇနီးတွေထဲက တစ်ယောက်ကို စတေးရမယ်။ နင်းရွှဲ့ ၊ နီရှန် ၊ လီတောက်ယွဲ့ ၊ သွေးကွမ်ရင်မယ်တော် ၊ ကျီပြောင်ပြောင်နဲ့ ဆုန်ယွီကျိန်းတို့... ဒီရွှေရောင်သော့ကို ရဖို့အတွက် သူတို့ထဲက တစ်ယောက်ယောက်ရဲ့ အသက်နဲ့ လဲလှယ်ဖို့ လိုအပ်တယ်”
ထိုစကားကို ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် တုပိုင်၏ ခန္ဓာကိုယ်မှာ ရုတ်တရက် တောင့်တင်းသွားသည်။
သေမင်းနတ်ဘုရား အနူးဘစ်က ဆက်ပြော၏။ “ခုနက အဆင့်ကို ဖြတ်သန်းလာမှုအရ ၊ မင်းရဲ့ စိတ်ထဲမှာ အရေးအကြီးဆုံးလူက တခြားကမ္ဘာက စေ့စပ်ထားသူလေးဆိုတာ ငါတို့ သိလိုက်ရတယ်။ ဒါကြောင့် မင်းရဲ့စိတ်ထဲမှာ ဒီအမျိုးသမီးခြောက်ယောက်ရဲ့ အရေးပါမှုက တူညီလောက်မှာပါ။ မင်း ကြိုက်တဲ့သူ တစ်ယောက်ကို ကျပန်းရွေးချယ်လိုက်လို့ ရပါတယ်။ မင်း နာမည်ကို ပြောလိုက်တာနဲ့ တစ်ပြိုင်နက် ငါ ချက်ချင်း အသက်နှုတ်မယ်။ သူ့ရဲ့ ဝိညာဉ်ကို ချိန်ခွင်ပေါ်တင်ပြီးတော့ ဒီရွှေရောင်သော့နဲ့ လဲလှယ်ပေးမယ်”
တုပိုင် ဆက်လက်ပြီး တိတ်ဆိတ်နေ၏။
သေမင်းနတ်ဘုရား အနူးဘစ်က ဆိုသည်။ “သေချာတာပေါ့... မင်းရဲ့ ဇနီးတွေထဲက ဘယ်သူ့ကိုမှ သေဖို့ မရွေးချယ်ချင်ရင်လည်း ရပါတယ်။ ဒါပေမဲ့ အဲဒီလိုဆိုရင် မင်းရဲ့ စမ်းသပ်မှု ကျရှုံးသွားမှာဖြစ်ပြီး မင်းကို ချက်ချင်း ထွက်သွားဖို့ ငါ တောင်းဆိုရလိမ့်မယ်”
တုပိုင် သေမင်းနတ်ဘုရား အနူးဘစ်အား စူးစိုက်ကြည့်နေ၏။
ဧရာမ သေမင်းနတ်ဘုရား အနူးဘစ်ကြီးက ဆက်ပြောသည်။ “အရှင်တုပိုင်... သေချာတာပေါ့။ မင်းရဲ့ မွေးစားအဖေ လီဝမ်ဟွေ့ကို ရွေးချယ်မယ်ဆိုရင်လည်း အဆင်ပြေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူကလည်း မင်းရဲ့ စိတ်ထဲမှာ နေရာတစ်ခု ရှိနေပြီး မင်းရဲ့ မိသားစုဝင်တစ်ယောက် ဖြစ်နေလို့ပဲ။ မင်း သူ့နာမည်ကို ပြောလိုက်တာနဲ့ ငါ ချက်ချင်းသွားပြီး သူ့အသက်ကို နှုတ်ယူမယ်။ ပြီးရင် သူ့ဝိညာဉ်ကို ချိန်ခွင်ပေါ်တင်ပြီး ငါ့ရဲ့ ရွှေရောင်သော့နဲ့ လဲလှယ်ပေးမယ်”
“မင်းရဲ့ မွေးစားအဖေ လီဝမ်ဟွေ့သာမကဘူး ၊ မင်းရဲ့ နို့ထိန်း ၊ မင်းရဲ့ အစ်မ တုဖိန်အာကိုပါ ရွေးချယ်လို့ရသေးတယ်”
တုပိုင်မှာ နှုတ်ဆိတ်နေဆဲပင် ဖြစ်၏။
တတိယအဆင့် စမ်းသပ်မှုက ဤသို့ ဖြစ်လာလိမ့်မည်ဟု တုပိုင် အိပ်မက်ပင် မမက်ဖူးခဲ့ချေ။
ယခုအချိန်အထိ ဤစမ်းသပ်မှုများက မည်သည်ကို တိတိကျကျ ဆိုလိုကြောင်း တုပိုင် နားမလည်သေးချေ။ မည်သည့်အရာကို စမ်းသပ်လိုနေသနည်း။
သေမင်းနတ်ဘုရား အနူးဘစ်က ပြောသည်။ “အရှင်တုပိုင်... မင်း မြန်မြန်လုပ်ဖို့ လိုလိမ့်မယ်။ ဘာလို့လဲဆိုတော့ ငါတို့ရဲ့ စမ်းသပ်ချိန်က အကန့်အသတ်မရှိ ပေးထားတာ မဟုတ်ဘူး။ တစ်မိနစ်ပဲ အချိန်ရတယ်”
“ဒီရွေးချယ်မှုက သိပ်မခက်ခဲပါဘူး ဟုတ်တယ်မလား” သေမင်းနတ်ဘုရား အနူးဘစ်က ဆက်ပြော၏။ “မင်းရဲ့ မွေးစားအဖေ အပါအဝင် ဒီဇနီးတွေအားလုံးက မင်းအတွက်ဆိုရင် အသက်ပေးဖို့တောင် ဝန်လေးမယ့်သူတွေ မဟုတ်ဘူး။ သေချာတာပေါ့... မင်းသာ ဒီလိုလုပ်လိုက်ရင် မင်းရဲ့ နှလုံးသားထဲမှာ ဟာလာဟင်းလင်း ဖြစ်သွားလိမ့်မယ်။ ဒါပေမဲ့ ဝန်ထုပ်ဝန်ပိုးတွေက အရမ်းလေးလံနေတယ်။ ရှေ့ဆက်သွားရ လွယ်ကူဖို့အတွက် ဖယ်ရှားပစ်ရမယ့် အရာတွေ အရမ်းများနေတယ် မဟုတ်လား”
“လေးဆယ့်သုံးစက္ကန့်ပဲ ကျန်တော့တယ်”
“မင်း တစ်ယောက်ယောက်ကို သေဖို့ ရွေးချယ်မလား ၊ ဒါမှမဟုတ် လာရာလမ်းအတိုင်း ပြန်လှည့်သွားပြီး စမ်းသပ်မှုကို အပြီးတိုင် ရပ်တန့်ပစ်မလား”
ရုတ်တရက် တုပိုင် ဓားမြှောင်တစ်လက်ကို ထုတ်ယူကာ ရင်ဘတ်ကို ခွဲဟလိုက်ပြီး နံရိုးတစ်ချောင်းကို အလျင်အမြန် ဆွဲထုတ်လိုက်သည်။ စူးရှသော နာကျင်မှုနှင့်အတူ သွေးများ တစ်စက်စက် ကျဆင်းလာ၏။
ရေနဂါး၏ ရွှေရောင်သွေးစွမ်းအား မရှိတော့သည့်အတွက် အလျင်အမြန် အနာကျက်နိုင်စွမ်းလည်း မရှိတော့ချေ။
တုပိုင်သည် ဧရာမ သေမင်းနတ်ဘုရား အနူးဘစ်ထံသို့ နံရိုးကို ကမ်းပေးလိုက်သည်။
အနူးဘစ်က ပြုံးလျက် နံရိုးကို ယူကာ ချိန်ခွင်၏ ညာဘက်အခြမ်းတွင် တင်လိုက်၏။
“တကယ့်ကို ရိုမန်တစ်ဆန်တာပဲ။ အနောက်ကမ္ဘာ အေဒင်ဥယျာဉ်ရဲ့ ဒဏ္ဍာရီမှာ အမျိုးသမီးတစ်ယောက်ကို အမျိုးသားတစ်ယောက်ရဲ့ နံရိုးကနေ ဖန်တီးခဲ့တယ်လို့ ဆိုတယ်လေ” သေမင်းနတ်ဘုရား အနူးဘစ်က ပြောသည်။ “ဒါပေမဲ့ ငါ တကယ်စိတ်မကောင်းပါဘူး။ ဒီအပေးအယူက မအောင်မြင်သေးဘူး”
ထင်သည့်အတိုင်းပင် ချိန်ခွင်မှာ ဘယ်ဘက်သို့ တိမ်းစောင်းနေဆဲဖြစ်ကာ ရွှေရောင်သော့၏ အလေးချိန်သည် တုပိုင်၏ သွေးစွန်းနေသော နံရိုးထက် များစွာ သာလွန်နေ၏။
“နှစ်ဆယ့်တစ်စက္ကန့်ပဲ ကျန်တော့တယ်”
“ဆယ့်ကိုးစက္ကန့်”
“ဆယ့်ရှစ်စက္ကန့်”
ဧရာမ သေမင်းနတ်ဘုရား အနူးဘစ်သည် အချိန်ကို ဆက်တိုက် ရေတွက်နေသည်။
တုပိုင်သည် မိသားစုဝင်များထဲမှ တစ်ဦးဦးကို သေဆုံးရန် ရွေးချယ်ပြီး ရွေးချယ်ခံရသူ၏ ဝိညာဉ်ကို ချိန်ခွင်ပေါ်တွင် တင်ရမည် ဖြစ်၏။ သို့မဟုတ်ပါက စမ်းသပ်မှု အပြီးတိုင် ကျရှုံးသွားကာ လာရာလမ်းအတိုင်း ပြန်လှည့်ရမည် ဖြစ်သည်။
“ဆယ့်ခုနစ်စက္ကန့်”
“ဆယ့်ခြောက်စက္ကန့်”
“ကိုးစက္ကန့်”
“ခြောက်စက္ကန့်...”
အချိန်ကုန်ဆုံးတော့မည် ဖြစ်ပြီး ရေတွက်ချိန် ပြီးဆုံးသွားသည်နှင့် တစ်ပြိုင်နက် စမ်းသပ်မှု လုံးဝ ကျရှုံးသွားပြီဟု ဆိုလိုခြင်း ဖြစ်၏။
ရုတ်တရက် တုပိုင် ခေါင်းကို ကိုင်ကာ ကျယ်လောင်စွာ အော်ပြောလိုက်သည်။ “ကျွန်တော့်ရဲ့ နောက်ထပ် ဝိညာဉ်တစ်ခုကို ယူသွားလိုက်ပါ”
သေမင်းနတ်ဘုရား အနူးဘစ်က တုပိုင်အား ကြည့်ကာ မေးလိုက်၏။ “မင်း သေချာရဲ့လား”
တုပိုင်က ပြန်ဖြေလိုက်သည်။ “ကျွန်တော် သေချာတယ်”
သေမင်းနတ်ဘုရား အနူးဘစ်သည် ဧရာမလက်ကြီးကို ဆန့်တန်းကာ တုပိုင်၏ စိတ်အာရုံထဲသို့ ထိုးသွင်းလိုက်ပြီး တောက်ပသော ပုံရိပ်ယောင်တစ်ခုကို ဆွဲထုတ်လိုက်၏။
ထိုသည်မှာ ဝိညာဉ်တစ်ခုပင် ဖြစ်သည်။ သို့သော် ထိုဝိညာဉ်မှာ တုပိုင်၏ ဝိညာဉ်မဟုတ်ဘဲ ဤခန္ဓာကိုယ်၏ မူလပိုင်ရှင်ဖြစ်သူ ၊ တုဟွေး၏သား တုရှန်၏ ဝိညာဉ်ပင် ဖြစ်၏။
တုပိုင်၏ ဝိညာဉ်သည် ခေတ်သစ်ကမ္ဘာမြေမှ ဤနေရာသို့ ကူးပြောင်းလာခဲ့ပြီး ဤခန္ဓာကိုယ်ကို ဝင်ရောက်နေရာယူခဲ့ခြင်း ဖြစ်သည်။ သို့သော် တုရှန်၏ ဝိညာဉ်သည် တုပိုင်၏ ဦးနှောက်ထောင့်တစ်နေရာတွင် ကွေးကွေးလေး ခိုအောင်းနေခဲ့ပြီး ထိုဝိညာဉ်မှာ လုံးဝ ဗလာကျင်းနေသော အခွံချည်းသက်သက်သာ ဖြစ်၏။
ထိုဝိညာဉ်မှာ အရူးတစ်ယောက်အလား အပြည့်အဝ သန့်စင်ခံထားရသော ဝိညာဉ်တစ်ခုပင် ဖြစ်သည်။ သို့သော် အရေးကြီးသော အချိန်ကာလတစ်ခုတွင် ဤဝိညာဉ်သည် တုပိုင်ကို တစ်ကြိမ် ကယ်တင်ခဲ့ဖူး၏။
ကမ္ဘာလောက၏ အက်ကွဲကြောင်းအတွင်း၌ ဝိညာဉ်မိစ္ဆာအချို့က ပေမင်ဓားဂိုဏ်း၏ ဂိုဏ်းချုပ်များအဖြစ် ဟန်ဆောင်ကာ တုပိုင်ကို ကယ်တင်ပေးမယောင်ဖြင့် အမှောင်ဒြပ်စင်၏ ဝါးမျိုခြင်းအခေါင်းပေါက်ကို ဖြည့်ဆည်းရန် တုပိုင်၏ ခန္ဓာကိုယ်ထဲသို့ ရွှမ်းချီစွမ်းအင်များ အသည်းအသန် ထည့်သွင်းပေးနေခဲ့ချိန်တွင် ဖြစ်သည်။
ထိုအချိန်က တုပိုင်သည် စိတ်အာရုံကို လုံးဝ လွှတ်ချထားရန် လိုအပ်ခဲ့၏။ ဗလာကျင်းနေသော တုရှန်၏ ဝိညာဉ်ကို ခန္ဓာကိုယ်အား လွှမ်းမိုးခွင့်ပေးလိုက်ခြင်းဖြင့် ကောက်ကျစ်စဉ်းလဲသော ဝိညာဉ်မိစ္ဆာများကို အပြည့်အဝ ဖုံးကွယ်လှည့်စားနိုင်ခဲ့သည်။
ယခုအခါတွင်မူ တုပိုင်သည် တုရှန်၏ ဝိညာဉ်ကို စတေးလိုက်ပြီဖြစ်၏။
ဧရာမ သေမင်းနတ်ဘုရား အနူးဘစ်သည် ခန္ဓာကိုယ်၏ မူလပိုင်ရှင်ဖြစ်သော တုရှန်၏ ဝိညာဉ်ကို ချိန်ခွင်၏ ညာဘက်အခြမ်းတွင် တင်လိုက်၏။ ထိုအခါ ချိန်ခွင်သည် တဖြည်းဖြည်း ညီမျှသွားတော့သည်။
သေမင်းနတ်ဘုရား အနူးဘစ်က ပြောလိုက်၏။ “ဂုဏ်ယူပါတယ် အရှင်တုပိုင်... ဒီအပေးအယူကို အောင်မြင်စွာ ပြီးမြောက်သွားတဲ့အတွက် အခုတော့ ဒီရွှေရောင်သော့က မင်းအပိုင်ဖြစ်သွားပါပြီ။ တံခါးက အရှေ့တည့်တည့်မှာ ရှိတယ်။ မင်း ဒီသော့နဲ့ တံခါးကို ဖွင့်လိုက်ရင် စတုတ္ထအဆင့် စမ်းသပ်မှုဆီကို ရောက်သွားလိမ့်မယ်”
တုပိုင်သည် လက်ကို ဖြန့်ကာ ရွှေရောင်သော့ကို ဆုပ်ကိုင်လိုက်ပြီး သွေးများပေကျံနေသော ရင်ဘတ်ကို ငုံ့ကြည့်ကာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်သည်။
အမှန်တကယ်တော့ တုပိုင်သည် စမ်းသပ်မှုများစွာကို ဖြတ်သန်းခဲ့ပြီး ဖြစ်၏။ ထိုစမ်းသပ်မှုများမှာ ခေါင်းကိုးခုမြွေနတ်ဘုရား၏ ဉာဏ်စမ်း အမေးအဖြေ ၊ ခွေးအိမ်သခင်ကြီး၏ စမ်းသပ်မှုနှင့် တျန်ကျီကျွန်းသခင်၏ စိတ်ပိုင်းဆိုင်ရာ ပုံရိပ်ယောင် စမ်းသပ်မှုများ ဖြစ်ကြသည်။
သို့သော် ထိုစမ်းသပ်မှု သုံးခုစလုံးသည် အခွင့်အရေးများနှင့် ပြည့်နှက်နေခဲ့၏။ တိတိကျကျ ဆိုရလျှင် ထိုအရာများသည် မှန်းဆတွက်ချက်၍ ရနိုင်သောအရာများ ဖြစ်သည်။
အလွန် ခက်ခဲကြမ်းတမ်းသော်လည်း သူသာ လုံလောက်စွာ ထက်မြက်ပါက အရာအားလုံးကို အနိုင်ယူနိုင်၏။
သို့သော် ယခု မီးနတ်ဘုရားဂိုဏ်း ပုပ်ရဟန်းမင်းကြီး၏ စမ်းသပ်မှုကမူ လျှို့ဝှက်ဆန်းကြယ်မှုများနှင့် မသိနိုင်သော အရာများဖြင့် ပြည့်နှက်နေသည်။
တစ်ခါတစ်ရံတွင် စမ်းသပ်မှုကို အောင်မြင်သွားလျှင်ပင် မည်သည့်အရာ ဖြစ်ပျက်သွားသည်ကို နားလည်နိုင်မည် မဟုတ်ချေ။ ထို့ပြင် ဤစမ်းသပ်မှု၏ အဓိက အနှစ်သာရမှာ ဉာဏ်ရည်ထက်မြက်မှု မဟုတ်ဘဲ ရွေးချယ်မှု... ရွေးချယ်မှုနှင့် ပေးဆပ်ရမည့် တန်ဖိုးတို့သာ ဖြစ်၏။
ပိရမစ်၏ တတိယအခန်းမှ ထွက်ခွာလာပြီးနောက် အရှေ့ဘက်တွင် ရွှေရောင်တံခါးတစ်ချပ် ရှိနေသည်။ သော့ရှိနေသဖြင့် ထိုတံခါးကို ဖွင့်ကာ စတုတ္ထမြောက် အခန်းထဲသို့ ဝင်ရောက်နိုင်ပြီး နောက်ဆုံးနှင့် စတုတ္ထမြောက် စမ်းသပ်မှုကို စတင်နိုင်ပြီ ဖြစ်၏။
သို့သော် တုပိုင် ခေတ္တမျှ ရပ်တန့်သွားသည်။
ဤသည်ကား နောက်ဆုံးအဆင့်ပင် ဖြစ်သည်။
မည်သို့သော အံ့ဩဖွယ်ရာမျိုး ဖြစ်လာမည်နည်း။ ခက်ခဲမည်လော။
တုပိုင် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး ရွှေရောင်သော့ကို ထုတ်ကာ အရှေ့ရှိ တံခါးကို ဖွင့်လိုက်၏။ ရုတ်တရက် မျက်စိကျိန်းမတတ် စူးရှလှသော ရွှေရောင်အလင်းတန်းကြီး ထွက်ပေါ်လာရာ တုပိုင် မျက်လုံးများကိုပင် မဖွင့်နိုင်လုနီးပါး ဖြစ်သွားရသည်။
**--**--**--**--**--**--**--**
ပိရမစ်၏ စတုတ္ထမြောက် အခန်းသည် ရွှေဖြင့် ပြုလုပ်ထားသော အခန်းတစ်ခန်းဖြစ်ပြီး နေရာတိုင်းတွင် ခမ်းနားထည်ဝါမှုများဖြင့် ပြည့်နှက်နေ၏။ စိတ်မမှန်သည့် ဘုရင်မ မိုဟန်သာ ဤအခန်းကို မြင်တွေ့သွားခဲ့လျှင် ရူးသွပ်သွားမည်မှာ အသေအချာပင် ဖြစ်သည်။
ထိုသို့ဆိုလျှင် စတုတ္ထအဆင့် စမ်းသပ်မှု၏ တမန်တော်မှာ မည်သူနည်း။
ထိုအချိန်လေး၌ပင် မြွေတစ်ကောင် တွားသွား၍ ရောက်ရှိလာ၏။ ထိုမြွေမှာ မကြီးမားလှဘဲ ဆယ်မီတာခန့်သာ ရှည်လျားသော်လည်း လူမျက်နှာဖြင့်ဖြစ်သည်။
သေချာပေါက် ဤသည်မှာ နာဂ မဟုတ်ချေ။ ကမ္ဘာလောက အသီးသီး၏ ဒဏ္ဍာရီများတွင် နာဂဆိုသည်မှာ အလွန် အစွမ်းထက်သော မျိုးစိတ်တစ်ခုဖြစ်ပြီး နတ်ဘုရားများနှင့် နီးစပ်၏။
သို့သော် ဤအရာမှာ လူမျက်နှာနှင့် မြွေကိုယ်လုံးရှိသော သားရဲဆန်းတစ်ကောင်သာ ဖြစ်သည်။
မယ်ဒူဆာလည်း မဖြစ်နိုင်ချေ။ မယ်ဒူဆာသည် အလွန်အမင်း အစွမ်းထက်ပြီး မယ်ဒူဆာကို မြင်တွေ့သူတိုင်း ကျောက်ရုပ်အဖြစ် ပြောင်းလဲသွားကြမည် ဖြစ်၏။
သို့သော် တုပိုင်၏ အရှေ့ရှိ လူမျက်နှာနှင့် မြွေကိုယ်လုံး ပိုင်ဆိုင်ထားသော ထိုအလှရှင်လေး၌လည်း ထူးဆန်းသော မျက်လုံးတစ်စုံ ရှိနေသည်။ ထိုမျက်လုံးများသည် ဝိညာဉ်များကို ဖောက်ထွင်းမြင်နိုင်စွမ်း ၊ အရာအားလုံးကို ထိုးထွင်းသိမြင်နိုင်စွမ်းနှင့် အနာဂတ်ကို ကြိုတင်မြင်နိုင်စွမ်း ရှိပုံရ၏။
“အရှင်တုပိုင်... ကျွန်မရဲ့ ရုပ်သွင်အပြင်အဆင်ကြောင့် မကြောက်ပါနဲ့” လူမျက်နှာနှင့် မြွေကိုယ်လုံးရှိသော အလှရှင်လေးက ပြောလိုက်သည်။ “ကျွန်မက အပြင်ပန်း အသွင်အပြင်လိုမျိုး အစွမ်းမထက်ပါဘူး။ ကျွန်မမှာ ကြက်တစ်ကောင်ကို ချည်နှောင်နိုင်တဲ့ အင်အားတောင် မရှိသလောက်ပါပဲ။ ကျွန်မက... ဗေဒင်ဆရာမတစ်ယောက် ၊ စစ်မှန်တဲ့ ဗေဒင်ဆရာမ တစ်ယောက်ပါပဲ”
စစ်မှန်သော ဗေဒင်ဆရာလော။
လူမျက်နှာနှင့် မြွေကိုယ်လုံးရှိသော အလှရှင်လေးက ဆက်ပြောသည်။ “လူသားဗေဒင်ဆရာတွေကလည်း အနာဂတ်ကို မြင်နိုင်စွမ်း ရှိကြပါတယ်။ ဒါပေမဲ့ သူတို့မြင်ရတဲ့ အနာဂတ်က အပိုင်းပိုင်းအစစဖြစ်နေပြီး အရမ်းကို တစ်ဖက်သတ် ဆန်လွန်းတယ်။ ဥပမာပြောရရင် ၊ တစ်ယောက်ယောက်က ရှင့်ရဲ့ အနာဂတ်ကို မြင်လိုက်ရတဲ့အခါ ပေမင်ဓားဂိုဏ်း ပျက်စီးသွားတာမျိုးပေါ့။ အဲဒီအခါကျရင် သူတို့က ရှင့်ကို ပေမင်ဓားဂိုဏ်းရဲ့ ဖျက်ဆီးသူကြီးအဖြစ် သတ်မှတ်လိုက်ကြလိမ့်မယ်။”
တုပိုင်က မေးလိုက်၏။ “အဲဒီလို မဟုတ်ဘူးလား”
လူမျက်နှာနှင့် မြွေကိုယ်လုံးရှိသော အလှရှင်လေးက ပြောသည်။ “အနာဂတ်ဆိုတာ ကံကြမ္မာက သတ်မှတ်ထားပြီးသား ဖြစ်ပေမဲ့ ပြောင်းလဲနေတတ်တဲ့အရာပါ။ အနာဂတ်ဆိုတာ အဓိက ရွေးချယ်မှုတွေအပေါ်မှာ မူတည်နေတယ်။ ရွေးချယ်မှုတိုင်းက ကွဲပြားခြားနားပြီး အနာဂတ်ကိုလည်း ခြားနားသွားနိုင်ပါတယ်”
တုပိုင် သဘောတူစွာဖြင့် ခေါင်းညိတ်လိုက်၏။
လူမျက်နှာနှင့် မြွေကိုယ်လုံးရှိသော အလှရှင်လေးက ဆိုသည်။ “အရှင်တုပိုင်... ဒီစတုတ္ထအဆင့် စမ်းသပ်မှုက ရှင်ထင်ထားတာထက် အများကြီး ပိုရိုးရှင်းပါတယ်။ ရှင် ရွေးချယ်မှုတစ်ခု လုပ်ဖို့ပဲ လိုတယ်။ ပြီးတော့ ရှင် ဘယ်လိုပဲ ရွေးချယ်ပါစေ ၊ ရှင် ဒီကနေ ထွက်သွားလို့ရတယ်။ ကျွန်မ ပေးတဲ့ သရဖူကို ရယူနိုင်ပြီး ၊ စမ်းသပ်မှုကို အောင်မြင်စွာ ကျော်ဖြတ်နိုင်လိမ့်မယ်”
လူမျက်နှာနှင့် မြွေကိုယ်လုံးရှိသော အလှရှင်လေးက ပြောလိုက်၏။ “အရှင်တုပိုင်... ရှင်က ပစ္စုပ္ပန်ကို ရွေးချယ်မလား... ဒါမှမဟုတ် အနာဂတ်ကို ရွေးချယ်မလား”
ဤသည်ကား နောက်ထပ် ဒဿနိကဗေဒဆိုင်ရာ မေးခွန်းတစ်ခုပင် ဖြစ်သည်။ လူသားတို့ အလွယ်တကူ အဖြေမပေးနိုင်သော မေးခွန်းမျိုး ဖြစ်၏။
“ဒါက ဒဿနိကဗေဒဆိုင်ရာ ကိစ္စရပ်တစ်ခု မဟုတ်ပါဘူး ၊ လက်တွေ့ကျတဲ့ ပြဿနာတစ်ခုပါ” လူမျက်နှာနှင့် မြွေကိုယ်လုံးရှိသော အလှရှင်လေးက ဆက်ပြောသည်။ “တကယ်လို့ ရှင်က ပစ္စုပ္ပန်ကို ရွေးချယ်မယ်ဆိုရင် အနာဂတ်က ပျက်စီးသွားလိမ့်မယ်။ တကယ်လို့ ရှင်က အနာဂတ်ကို ရွေးချယ်မယ်ဆိုရင်လည်း ပစ္စုပ္ပန်မှာရှိတဲ့ အရာအားလုံး ပျက်စီးသွားလိမ့်မယ်”
“ဒါက အရမ်းကို အလေးအနက်ထားရမယ့် ၊ လက်တွေ့ကျတဲ့ ရွေးချယ်မှုတစ်ခုပါ။ ပြီးတော့ ရှင့်ရဲ့ ရွေးချယ်မှုနဲ့အတူ ကမ္ဘာလောကကြီး တစ်ခုလုံးကလည်း ကွဲပြားခြားနားတဲ့ ကံကြမ္မာကို ရင်ဆိုင်ရလိမ့်မယ်”
“ကျွန်မ ပြောတဲ့စကားတွေက အရမ်းကို နက်နဲခက်ခဲလွန်းနေနိုင်ပါတယ် ၊ ဒါပေမဲ့... အမှန်တရားကတော့ အမှန်တရားပါပဲ ၊ ဖြစ်လာမယ့်အရာတွေက ဖြစ်လာမှာပါပဲ”
“ဒီရွေးချယ်မှုရဲ့ အကျိုးဆက်တွေကို ရှင် နားလည်နိုင်မှာ မဟုတ်သေးပေမဲ့ မကြာခင် မြင်တွေ့ရပါလိမ့်မယ်”
“ဒါပေမဲ့ ကျွန်မချစ်ရတဲ့ တုပိုင်... ရှင် ရွေးချယ်မှု လုပ်ပြီးသွားတဲ့အခါ နောင်တမရပါနဲ့ ၊ တကယ်ကို နောင်တမရပါနဲ့။ လက်ခံခြင်းဆိုတာက...”
တုပိုင်၏ တစ်ကိုယ်လုံးရှိ ကြက်သီးမွေးညင်းများ အလိုအလျောက် ထောင်ထသွားတော့သည်။ ဤအရာ၏ နောက်ကွယ်ရှိ အဓိပ္ပာယ်ကို တုပိုင် အပြည့်အဝ နားမလည်သေးသော်ငြား ၊ အတန်အသင့်တော့ ရိပ်မိနေ၏။ ထို့ကြောင့်ပင် တုပိုင်၏ စိတ်ဝိညာဉ်မှာ ပြင်းထန်စွာ တုန်လှုပ်သွားရတော့သည်။
“ဟုတ်ပါတယ်။ ရှင့်ရဲ့ ရွေးချယ်မှုက ကမ္ဘာလောကကြီးရဲ့ ကံကြမ္မာနဲ့ ဆက်စပ်နေတယ်။” လူမျက်နှာနှင့် မြွေကိုယ်လုံးရှိသော အလှရှင်လေးက ပြောလိုက်၏။
“အခြေအနေ တော်တော်များများက ပြန်ပြင်လို့ မရနိုင်တော့ဘူး။ ခုနက စမ်းသပ်မှုတွေမှာဆိုရင် ပထမအဆင့်နဲ့ တတိယအဆင့်တွေက အမြဲတမ်း ရွေးချယ်မှုတွေ လုပ်ခိုင်းနေခဲ့တယ် မဟုတ်လား။ အဲဒါတွေက ရွေးချယ်မှု အသေးစားလေးတွေပါ။ စတုတ္ထအဆင့်အတွက် အစမ်းသဘောမျိုး သေးသေးလေး ပြသခဲ့တာပါ။ ဘာလို့လဲဆိုတော့ ရှင်က... သိပ်မဆိုးရွားလှတဲ့ ရွေးချယ်မှုတစ်ခုကို လုပ်နိုင်လိမ့်မယ်လို့ ကျွန်မတို့ အထူး မျှော်လင့်ထားလို့ပါပဲ။”
တုပိုင်က မေးလိုက်သည်။ “ကောင်းမွန်တဲ့ ရွေးချယ်မှု ၊ ပြီးပြည့်စုံတဲ့ ရွေးချယ်မှုဆိုတာ မရှိဘူးလား။”
“မရှိပါဘူး။” လူမျက်နှာနှင့် မြွေကိုယ်လုံးရှိသော အလှရှင်လေးက ပြော၏။ “ဆိုးရွားတာနဲ့ အင်မတန် ဆိုးရွားတာ နှစ်ခုပဲ ရှိပါတယ်။ သေချာတာပေါ့... ကမ္ဘာလောကကြီး တစ်ခုလုံးအတွက်ပါ။ ရှင် ဘာကိုပဲ ရွေးချယ်ရွေးချယ် ၊ ရှင်ကတော့ ကြီးမြတ်ပြီး ခမ်းနားထည်ဝါနေမှာပါ။”
ပစ္စုပ္ပန်ကို ရွေးချယ်လျှင် အနာဂတ်ကို ဖျက်ဆီးပစ်ရမည် ဖြစ်သည်။ အနာဂတ်ကို ရွေးချယ်လျှင် ယခုလက်ရှိ အရာအားလုံးကို ဖျက်ဆီးပစ်ရမည် ဖြစ်၏။
လူတို့သည် ပစ္စုပ္ပန်ကို တန်ဖိုးထားပြီး အနာဂတ်ကို ဆုပ်ကိုင်ထားရမည်ဟု အမြဲ ဆိုလေ့ရှိကြသည် မဟုတ်ပါလော။ ပစ္စုပ္ပန်သာ မရှိလျှင် အနာဂတ်ဆိုသည်မှာ ရှိလာနိုင်ပါမည်လော။
တုပိုင်က ပြတ်သားစွာ ပြောလိုက်သည်။ “ဒါဆိုရင်... ကျွန်တော် ပစ္စုပ္ပန်ကိုပဲ ရွေးချယ်မယ်။”
လူမျက်နှာနှင့် မြွေကိုယ်လုံးရှိသော အလှရှင်လေးမှာ ရုတ်တရက် တုန်လှုပ်သွား၏။ ထို့နောက် ထိုအလှရှင်လေး၏ မျက်လုံးများထဲတွင် ပုံရိပ်တစ်ခု ဖြတ်ပြေးသွားဟန်ရှိပြီး ကမ္ဘာကြီး ပျက်သုဉ်းသွားသည်ကို ဝိုးတဝါး မြင်တွေ့လိုက်ရသည်။
“နားလည်ပါပြီ။” လူမျက်နှာနှင့် မြွေကိုယ်လုံးရှိသော အလှရှင်လေးက သရဖူတစ်ခုကို ကမ်းပေးကာ ပြောလိုက်၏။ “အရှင်တုပိုင်... ရှင် စမ်းသပ်မှုကို အောင်မြင်စွာ ပြီးမြောက်သွားပါပြီ။ ရှင်က မီးနတ်ဘုရားဂိုဏ်းရဲ့ မျိုးဆက်သစ် ပုပ်ရဟန်းမင်းကြီး ဖြစ်သွားပါပြီ။”
ထို့နောက် ထိုအလှရှင်လေးသည် ရွှေရောင်သရဖူကို တုပိုင်၏ ခေါင်းပေါ်တွင် ဆောင်းပေးလိုက်သည်။ ထွက်ပေါက်ဖြစ်သော ရွှေရောင်တံခါးကြီးမှာ တဖြည်းဖြည်း ပွင့်ဟလာ၏။
တုပိုင်လည်း အပြင်သို့ ထွက်လာလိုက်သည်။
အပြင်ဘက်တွင်မူ လူအုပ်ကြီးက ပြည့်သိပ်နေအောင် ရပ်စောင့်နေကြ၏။ လူပေါင်း ထောင်နှင့်ချီ၍ ရှိနေသည်။ ထိုအထဲတွင် ဘုရင်ဆယ်ပါးခန့် ၊ မီးနတ်ဘုရားဂိုဏ်း၏ အကြီးအကဲ ရာနှင့်ချီ၍ ရှိနေသလို ၊ မဟာဆရာသခင် တစ်ရာကျော်လည်း ပါဝင်၏။
တုပိုင်ကို မြင်တွေ့လိုက်ရသည်နှင့် လူပေါင်းထောင်ချီသည် တစ်ညီတစ်ညာတည်း ဒူးထောက်ချလိုက်ကြပြီး ဦးညွှတ်အရိုအသေပေးကာ ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်။
“ပုပ်ရဟန်းမင်းကြီးကို ဂါရဝပြုပါတယ်။”
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၇၉၇ + ၇၉၈ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastrie
ဘာသာပြန် - Author Chang’e 🌕
True Immortal Team