အခန်း (၇၉၉-၈၀၀)
Vol. 80 Ch. 799-800
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၇၉၉ + ၈၀၀
မူရင်းစာရေးဆရာ - Silent Cake And Pastrie
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ဤကမ္ဘာလောကသို့ ရောက်ရှိလာပြီးကတည်းက တုပိုင် အမြဲတစေ ယုံကြည်လက်ကိုင်ထားသော အမှန်တရားတစ်ခု ရှိလေ၏။ ထိုသည်မှာ ဤလောကတွင် အလကားရသော နေ့လယ်စာဆိုသည်မှာ လုံးဝမရှိဟူ၍ ဖြစ်သည်။
ဥပမာဆိုရလျှင် သူသည် ပေမင်ဓားဂိုဏ်း၏ ဂိုဏ်းချုပ်ဆက်ခံသူ ဖြစ်လာလုနီးပါး အခြေအနေမျိုးကို တစ်ကြိမ်မက ကြုံတွေ့ခဲ့ဖူးသည်။ ကောင်းကင်မှ ကျလာသည့် ရွှေတုံးကြီးအလား တုပိုင်သည် ပေမင်ဓားဂိုဏ်း၏ ဂိုဏ်းချုပ်ရာထူးနှင့် ခြေတစ်လှမ်းသာ ကွာဝေးတော့သည့် အခြေအနေအထိ ရောက်ရှိခဲ့ဖူး၏။
သို့သော် နောက်ဆုံးရလဒ်ကမူ မိုးကုတ်စက်ဝိုင်းပမာ နီးလျက်နှင့် ဝေးခဲ့ရလေသည်။
မီးနတ်ဘုရားဂိုဏ်း၏ ပုပ်ရဟန်းမင်းကြီး ရာထူးမှာ ပေမင်ဓားဂိုဏ်း၏ ဂိုဏ်းချုပ်ရာထူးထက်ပင် ဆတက်ထမ်းပိုး မြင့်မြတ်ကြီးကျယ်သေးသည်။ အဘယ်ကြောင့်ဆိုသော် သူသည် သိုင်းလောက၏ ခေါင်းဆောင်တစ်ဦး ဖြစ်ရုံသာမက လောကီအာဏာကိုပါ ချုပ်ကိုင်ထားနိုင်သူ ဖြစ်နေသောကြောင့်ပင်။
ယခုမူကား ရုတ်တရက် သူသည် အလွန်ထူးခြားသူဖြစ်၍ ယနေ့မှစကာ ပုပ်ရဟန်းမင်းကြီးအသစ် ဖြစ်လာမည်ဟု လက်ညှိုးထိုး ကာ အပြောခံရလာ၏။ တုပိုင်က မည်သို့ယုံကြည်ရမည်နည်း။
မီးနတ်ဘုရားဂိုဏ်း တစ်ခုလုံးက သူ့အမိန့်ကို နာခံရမည်ဖြစ်ပြီး သူက အမြင့်ဆုံးအာဏာကို ပိုင်ဆိုင်ရမည်လော။
ဤမျှ ကောင်းမွန်လွန်းသည့် မိုးပေါ်မှကျလာသည့် မုန့်ဟင်းခါးမျိုး တကယ်ရှိနိုင်ပါမည်လော။ တုပိုင် လုံးဝ မယုံကြည်ပေ။ ထို့ပြင် ယခုလေးတင် သူ ဖြတ်သန်းခဲ့ရသော ပုပ်ရဟန်းမင်းကြီး၏ အဆင့်လေးဆင့် စမ်းသပ်မှုမှာကော တကယ်ပဲ ခက်ခဲခဲ့ပါသလော။
အလွန် ထူးဆန်းသည်မှာ မှန်သော်လည်း ခက်ခဲမှုနှင့်မူ အလှမ်းဝေးလှပြီး အန္တရာယ်လည်း အလျဉ်းမရှိခဲ့ချေ။
အဆိုပါ စမ်းသပ်မှုအနည်းငယ်မှာ အပေးအယူသဘောမျိုးသာ ဖြစ်၏။ တစ်ခုခုကို ပေးဆပ်မှသာ တစ်ခုခုကို ပြန်လည်ရရှိမည် ဖြစ်သည်။
ထိုသို့ဆိုလျှင် တုပိုင်အနေဖြင့် ဤပုပ်ရဟန်းမင်းကြီး ရာထူးကို ရယူရန်အတွက် မည်သည့်အရာကို ပေးဆပ်ရမည်နည်း။
အောက်ဘက်တွင် ပြည့်သိပ်နေအောင် ဒူးထောက်ခစားနေကြသော လူပေါင်းထောင်ချီကို တုပိုင် ငုံ့ကြည့်လိုက်သည်။ ထိုအထဲတွင် အလွန်တရာ အေးစက်ကာ မာနကြီးလှသော သူတော်စင်မလေးနှင့် ကျီယင်ယင်တို့ပင် ပါဝင်နေ၏။
ဤသို့ဖြင့် သူသည် ရှင်းပြ၍ပင်မရနိုင်လောက်အောင် လွယ်ကူစွာဖြင့် မီးနတ်ဘုရားဂိုဏ်း၏ ပုပ်ရဟန်းမင်းကြီး ဖြစ်လာခဲ့လေပြီလော။
ပုပ်ရဟန်းမင်းကြီး ဂရစ်ဆစ်ရော မည်သည့်နေရာသို့ ရောက်နေသနည်း။ တုပိုင် အောက်ဘက်တွင် ဒူးထောက်နေကြသော လူအုပ်ကြီးကို လျစ်လျူရှုကာ ကျောင်းတော်ထဲ၌ ပုပ်ရဟန်းမင်းကြီး ဂရစ်ဆစ်ကို လိုက်လံရှာဖွေလိုက်၏။
သူတော်စင်မလေးက အရှေ့သို့ ထွက်လာကာ ပြောလိုက်သည်။ "အရှင်ဂရစ်ဆစ်က စမ်းသပ်ခန်းထဲမှာ ရှင့်ကို စောင့်နေပါတယ်။ သူ မကွယ်လွန်ခင်မှာ သူ့ရဲ့ ကျင့်ကြံမှုတွေ အားလုံးကို ရှင့်ဆီ လွှဲပြောင်းပေးချင်လို့တဲ့လေ"
ဤသည်ကား မိုးပေါ်မှ ကျလာသော နောက်ထပ် မုန့်ဟင်းခါးပွဲကြီးတစ်ခုပင် ဖြစ်၏။
သူတော်စင်မလေးက ဆို၏။ "ကျေးဇူးပြုပြီး ကျွန်မနောက် လိုက်ခဲ့ပါ"
တုပိုင် သူတော်စင်မလေးနောက်သို့ လိုက်ပါသွားလိုက်သည်။ ကျောင်းတော်ထဲသို့ တစ်ဖန် ရောက်ရှိလာချိန်တွင်မူ ထိုနေရာ၌ မှော်ဆရာ နှစ်ဦးက ကြိုတင်စောင့်ဆိုင်းနေကြပြီ ဖြစ်၏။
မြေပြင်ပေါ်မှ လျှို့ဝှက်တံခါးတစ်ချပ် ပွင့်သွားပြီး မြေအောက်သို့ ဆင်းသည့် လှေကားထစ်များ ပေါ်လာလေသည်။ သူတော်စင်မလေးကလည်း အရှေ့မှ ဦးဆောင်လျှောက်သွားပြီး တုပိုင်ကလည်း နောက်မှ လိုက်ပါသွား၏။
သူတို့ နှစ်ယောက်သား မြေအောက်လှေကားထစ်များအတိုင်း တောက်လျှောက် ဆင်းသွားလိုက်ကြသည်။
ထိုသို့ ဆင်းလာစဉ်အတွင်း တုပိုင်၏ ခေါင်းထဲ၌ အကြောင်းအရာများစွာကို တွေးတောနေခဲ့မိသည်။ သူ၏ စိတ်ကို အလွှမ်းမိုးဆုံး တွေးလိုက်မိသည်မှာ ဤအချက်ပင် ဖြစ်၏။ "မိုးပေါ်ကနေ အလကားကျလာမယ့် မုန့်ဟင်းခါးဆိုတာ မရှိနိုင်ဘူး။ ဒါဆို ငါ နောက်ထပ် ဘာကို ရင်ဆိုင်ရဦးမလဲ"
သူ၏ ခန္ဓာကိုယ်အား လုယူမည်လော။
မီးနတ်ဘုရားဂိုဏ်း၏ ပုပ်ရဟန်းမင်းကြီး ဂရစ်ဆစ်သည် အသက် လေးရာကိုးဆယ့်သုံးနှစ်ပင် ရှိနေပြီဖြစ်ကာ သူ၏ ဦးနှောက်မှာ လုံးဝ ပျက်စီးလုနီးပါး ဖြစ်နေပြီဖြစ်၏။ ခန္ဓာကိုယ်ကို အစားထိုးလဲလှယ်ခြင်းက အသုံးမဝင်တော့ဘဲ ဦးနှောက်ကိုပါ အစားထိုးရန် လိုအပ်နေပြီ ဖြစ်လေသည်။
ထို့ကြောင့် တုပိုင်၏ ခန္ဓာကိုယ်က အကောင်းဆုံးသော ရွေးချယ်မှုတစ်ခု ဖြစ်လာနိုင်သည် မဟုတ်ပါလော။ အထူးသဖြင့် တုပိုင်၏ စိတ်အာရုံထဲတွင် ဤကမ္ဘာလောက၏ မူလပိုင်ရှင်ဖြစ်သော တုရှန်၏ ဗလာကျင်းနေသည့် ဝိညာဉ်တစ်ခု ရှိနေခဲ့ပြီး ထိုဝိညာဉ်မှာ ယခုအခါ ဖယ်ရှားခံလိုက်ရပြီ ဖြစ်၏။
ဤဖြစ်စဉ် တစ်ခုလုံးတွင် အိပ်မက်စနစ်က တိတ်ဆိတ်နေလေ၏။ တုပိုင်တို့ မြေအောက်သို့ မီတာရာပေါင်းများစွာ အထိ လျှောက်ဆင်းသွားလိုက်ရသည်။
ရုတ်တရက် ကျောက်သလင်းတံခါးတစ်ချပ်ကို မြင်လိုက်ရ၏။ သူတော်စင်မလေးက အရှေ့သို့ တိုးသွားကာ ထိုကျောက်သလင်းတံခါးကို ဖွင့်လိုက်သည်။
စမ်းသပ်ခန်းအတွင်း၌ နေရာအနှံ့တွင် ကျောက်သလင်းအစီအရင်များဖြင့် ပြည့်နှက်နေကာ နက်နဲဆန်းကြယ်သော မှော်ဆရာ ဒါဇင်နှင့်ချီ၍ ထိုနေရာ၌ ကြိုတင် စောင့်ဆိုင်းနေကြ၏။
ထိုအခန်းတွင်းရှိ ကုတင်တစ်လုံးပေါ်၌ အလွန်အိုမင်းရင့်ရော်နေသော ပုပ်ရဟန်းမင်းကြီး ဂရစ်ဆစ်သည် ရုပ်တုတစ်ခုအလား၊ သို့မဟုတ် သေလုမြောပါးဖြစ်နေသူ တစ်ဦးအလား မလှုပ်မယှက် လဲလျောင်းနေလျက်ရှိ၏။
တုပိုင် ဝင်လာသည်ကို မြင်လိုက်သည်နှင့် ပုပ်ရဟန်းမင်းကြီး ဂရစ်ဆစ်က လက်တစ်ချက် ဝှေ့ယမ်းပြလိုက်သည်။
ချက်ချင်းဆိုသလိုပင် ကျန်လူများအားလုံး အပြင်သို့ ထွက်သွားကြရာ တုပိုင် တစ်ယောက်တည်းသာ ကျန်ရစ်ခဲ့တော့သည်။
ပုပ်ရဟန်းမင်းကြီး ဂရစ်ဆစ်က ပြောလိုက်၏။ "တုပိုင်... အခု မင်းစိတ်ထဲမှာ စကားလုံးတစ်လုံး ရှိနေမှာ သေချာတယ်။ ဝိညာဉ်လုယူခြင်း... မင်းတို့ အရှေ့ကမ္ဘာရဲ့ စကားနဲ့ပြောရရင် ခန္ဓာကိုယ်ကို လုယူတာပေါ့လေ။ မင်းစိတ်ထဲမှာ ဒါကို အကြိမ်ရေ မရေမတွက်နိုင်အောင် တွေးတောနေခဲ့လောက်ပြီ။ နောက်ဆုံးအချိန်ကျရင် ဘယ်လို ပြန်တိုက်ခိုက်ရမလဲ၊ ငါ့ရဲ့ ကျင့်ကြံမှုတွေကို ရယူရုံတင်မကဘဲ ငါ့ဝိညာဉ်ကိုပါ ဘယ်လို အမြစ်ဖြတ် ဖျက်ဆီးပစ်ရမလဲဆိုတာတွေကို မင်း တွေးနေမှာပဲ။"
တုပိုင်မှာ ဆွံ့အသွားရလေသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ထိုကိစ္စကို အမှန်တကယ်ပင် တွေးတောနေခဲ့မိသောကြောင့် ဖြစ်၏။
ပုပ်ရဟန်းမင်းကြီး ဂရစ်ဆစ်က ရယ်မောလိုက်ပြီး မေးလိုက်၏။ "ဟားဟားဟား... လူသားတွေရဲ့ ပင်ကိုယ်ဗီဇက ဘာလဲဆိုတာ မင်း သိလား။"
တုပိုင်က ပြန်ဖြေလိုက်၏။ "ရှင်သန်ချင်စိတ်ပါပဲ။"
ပုပ်ရဟန်းမင်းကြီး ဂရစ်ဆစ်က ဆို၏။ "ဟုတ်တယ်... ရှင်သန်ချင်စိတ်ပဲ။ ပိုပြီး အစွမ်းထက်တဲ့သူတွေက သေရမှာကို ပိုကြောက်တတ်ကြတယ်။ ဒါကြောင့်လည်း မင်းတို့ အရှေ့ကမ္ဘာက ဧကရာဇ်တွေဟာ အသက်ရှည်ဆေးကို လိုက်ရှာရတာ ဝါသနာပါကြတာပေါ့။ ထာဝရအသက်ကို ရှာဖွေခြင်းဆိုတာ ဒီလောကကြီးရဲ့ အဆုံးမဲ့ ရှာဖွေမှုတစ်ခုပဲလေ။"
တုပိုင်က မေးလိုက်၏။ "အရှင်ကရော။"
ပုပ်ရဟန်းမင်းကြီး ဂရစ်ဆစ်က ဆက်ပြော၏။ "ငါကတော့လေ... ငါကတော့ ထာဝရအသက်ကို မရှာဖွေပါဘူး၊ ငါ့မှာ ဘာဆန္ဒမှလည်း မရှိဘူး။ ငါ့ဘဝမှာ အဆုံးမဲ့ တာဝန်ဝတ္တရားတွေပဲ ရှိတယ်လို့ ခံစားရတယ်။ ငရဲကျနေရသလိုပဲ။ သေဆုံးခြင်းဆိုတာက တစ်နည်းအားဖြင့် လွတ်မြောက်ခြင်းပါပဲ။"
တုပိုင်က တုံ့ပြန်လိုက်၏။ "ဒီစကားက တော်တော်လေး ဟန်ဆောင်ကောင်းတဲ့ စကားပဲ။ သူတော်စင် တစ်ယောက်ယောက် ပြောတဲ့စကားလိုမျိုးပေါ့... ဒါပေမဲ့ ဒီလောကမှာ သူတော်စင်တွေ ရှိတယ်ဆိုတာကို ကျွန်တော် ဘယ်တော့မှ ယုံမှာ မဟုတ်ဘူး။"
ပုပ်ရဟန်းမင်းကြီး ဂရစ်ဆစ်က ဆက်ပြော၏။ "လူတွေ သေရမှာကို ကြောက်ကြတာက များသောအားဖြင့် မပြီးပြတ်သေးတဲ့ ကိစ္စတွေ ရှိနေလို့ပဲ။ ဥပမာ အာဏာကို လက်မလွှတ်ချင်တာမျိုး၊ တဏှာစည်းစိမ်ကို မစွန့်လွှတ်ချင်တာမျိုး၊ ချစ်ရတဲ့သူတွေကို ခွဲခွာဖို့ ဝန်လေးနေတာမျိုး၊ ပြီးတော့ သူတို့ သေဆုံးသွားပြီးတဲ့နောက် တစ်သက်တာ တည်ဆောက်ခဲ့သမျှအရာတွေ ပျက်စီးသွားမှာကို စိုးရိမ်နေတာမျိုးတွေပေါ့။"
တုပိုင်က မျက်နှာသေကြီးဖြင့် မေးလိုက်၏။ "အရှင်က အဲဒီလို မဟုတ်လို့လား။"
ပုပ်ရဟန်းမင်းကြီး ဂရစ်ဆစ်က ဆိုလေသည်။ "အနာဂတ်ကို ရှင်းရှင်းလင်းလင်း မြင်နေရပေမဲ့ ဘာမှ လုပ်လို့မရတဲ့အခါ၊ တချို့အရာတွေနဲ့ တချို့ရည်မှန်းချက်တွေဟာ လုံးဝ ပြီးမြောက်အောင် လုပ်နိုင်မယ့်အရာတွေ မဟုတ်ဘူးဆိုတာကို သဘောပေါက်လာရတဲ့အခါ၊ အသက်ရှင်နေရတာက ငရဲကျနေသလို ဆင်းရဲဒုက္ခရောက်ရတာပါပဲ။"
ပုပ်ရဟန်းမင်းကြီး ဂရစ်ဆစ်က ဆက်ပြော၏။ "ထားပါတော့၊ ထားပါတော့... သေချာတာပေါ့... ငါပြောတဲ့စကားတွေ အားလုံးကို အခု မင်း နားလည်နိုင်ဦးမှာ မဟုတ်ပါဘူး။"
တုပိုင်က ပြောလိုက်၏။ "အရှင် ပေးခဲ့တဲ့ စမ်းသပ်မှု လေးခုက တစ်နည်းအားဖြင့်ပြောရရင် စမ်းသပ်မှုတွေ မဟုတ်ဘဲ ကျွန်တော့်ကို တစ်ခုခု ပြောပြချင်နေသလိုပဲ။ ပြီးတော့ ဒီစမ်းသပ်မှု လေးခုလုံးကို ကျွန်တော် ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် အောင်မြင်သွားမှာဖြစ်ပြီး သရဖူဆောင်းရမယ်ဆိုတာကိုလည်း ရိပ်မိခဲ့တယ်မလား။"
ပုပ်ရဟန်းမင်းကြီး ဂရစ်ဆစ်က ပြုံးလျက် ဆို၏။ "သိသိသာသာ လွယ်ကူနေပေမဲ့ မင်းဘက်က ကြိုးကြိုးစားစား လုပ်ဆောင်ခဲ့ရတယ်ဆိုတဲ့ ထင်ယောင်ထင်မှားဖြစ်မှုမျိုး ပေးတယ် မဟုတ်လား။ မိုးပေါ်ကနေ အလကားကျလာမယ့် မုန့်ဟင်းခါးဆိုတာ မရှိဘူးလေ။ ဒါက အမှန်တရားပဲ မဟုတ်လား။"
တုပိုင် ခေါင်းညိတ်လိုက်ပြီးနောက် ထပ်မံ မေးခွန်းထုတ်လိုက်၏။ "ကျွန်တော့်အရင်တုန်းက ပုပ်ရဟန်းမင်းကြီး ရာထူးကို ဆက်ခံဖို့ နီးစပ်ခဲ့တဲ့ မီးနတ်ဘုရားဂိုဏ်းရဲ့ ဒုတိယဂိုဏ်းချုပ်ဟောင်းက ဒုတိယအဆင့် စမ်းသပ်မှုမှာ ကျရှုံးသွားခဲ့တယ်လို့ အရှင် ပြောခဲ့တယ်နော်။"
ပုပ်ရဟန်းမင်းကြီး ဂရစ်ဆစ်က ပြန်ဖြေ၏။ "ဟုတ်တယ်၊ သူ ကျရှုံးသွားခဲ့တယ်။"
တုပိုင်က ဆို၏။ "ဒါပေမဲ့ ဒုတိယအဆင့်က အောင်မြင်တာ၊ ကျရှုံးတာနဲ့ မသက်ဆိုင်ဘဲ ကျွန်တော့်ကို တစ်ခုခု သိစေချင်ရုံ သက်သက်ပဲဆိုတာ တွေ့ရတယ်။"
ပုပ်ရဟန်းမင်းကြီး ဂရစ်ဆစ်က ပြောလိုက်၏။ "မှန်တယ်။ ဟုတ်ပါတယ်၊ ဒါပေမဲ့ ဒုတိယအဆင့် စမ်းသပ်မှုကို ဖြတ်သန်းပြီးတဲ့နောက်မှာတော့ သူဟာ ပုပ်ရဟန်းမင်းကြီး ရာထူးနဲ့ မသင့်တော်ဘူးဆိုတာကို ငါ တွေ့ရှိခဲ့ရတယ်။"
တုပိုင်က မေးလိုက်၏။ "ဒါဆိုရင် သူ့ကို ဘာလို့ ပြည်နှင်ဒဏ် ပေးခဲ့ရတာလဲ၊ ဘာလို့ မီးနတ်ဘုရားဂိုဏ်းရဲ့ သစ္စာဖောက်အဖြစ် သတ်မှတ်ခဲ့ရတာလဲ။"
ပုပ်ရဟန်းမင်းကြီး ဂရစ်ဆစ်က ပြန်ဖြေသည်။ "သူ့ကို ကာကွယ်ပေးဖို့အတွက်ပေါ့။"
တုပိုင် လုံးဝ အံ့အားသင့်သွားရ၏။ ဤသည်မှာ သူ လုံးဝ မျှော်လင့်မထားသော အဖြေတစ်ခုပင် ဖြစ်နေသည်။ ဒုတိယဂိုဏ်းချုပ်ဟောင်းကို ပြည်နှင်ဒဏ်ပေးခဲ့ခြင်းက သူ့ကို ကာကွယ်ပေးရန်အတွက်လော။ တုပိုင်က ဆက်မေးလိုက်၏။ "ဒါဆို ဒုတိယအဆင့် စမ်းသပ်မှုမှာ ကျွန်တော့်ရဲ့ စွမ်းဆောင်ရည်ကရော ဘယ်လိုနေလဲ။"
ပုပ်ရဟန်းမင်းကြီး ဂရစ်ဆစ်က ဆို၏။ "မင်းရဲ့ ပြုမူပုံကလည်း သူ့လိုပါပဲ၊ လုံးဝကို တစ်ပုံစံတည်းပဲ။"
တုပိုင် ကြက်သေသေသွားရလေသည်။ "ဆိုလိုတာက... ကျွန်တော်လည်း ပုပ်ရဟန်းမင်းကြီးအသစ် ဖြစ်လာဖို့ မသင့်တော်ဘူးပေါ့။"
ဂရစ်ဆစ်က ပြန်ဖြေ၏။ "ဟုတ်တယ်။"
တုပိုင်က မေးလိုက်၏။ "ဒါဆိုရင် ဘာလို့ သူ့ကိုကျတော့ လွှတ်ပေးလိုက်ပြီး ကျွန်တော့်ကိုကျတော့ စမ်းသပ်မှု အောင်မြင်ခွင့် ပေးခဲ့တာလဲ။"
ပုပ်ရဟန်းမင်းကြီး ဂရစ်ဆစ် ပြုံးလိုက်ပြီး ပြော၏။ "ဘုရားသခင်က အမြဲတမ်း နောက်ပြောင်ရတာကို သဘောကျတယ်။ မင်းရဲ့ နောင်တော်ကြီးက လူကောင်းတစ်ယောက်ပါ၊ အရမ်းကို ကောင်းမွန်တဲ့ လူကောင်းတစ်ယောက်ပါ။ အရှင်တုပိုင်... မင်းက ရက်စက်ကြမ်းကြုတ်ပြီး စိတ်မရှည်တဲ့ပုံစံမျိုး ဟန်ဆောင်နေပေမဲ့ တကယ်တော့ မင်းကလည်း လူကောင်းတစ်ယောက်ပါပဲ။ ဒါပေမဲ့... မင်းက လူကောင်းတစ်ယောက်ဖြစ်နေတယ်၊ ပြီးတော့ လူကောင်းတစ်ယောက်ဟာ ပုပ်ရဟန်းမင်းကြီး ဖြစ်လာဖို့ မသင့်တော်ဘူးလေ။"
ဂရစ်ဆစ်က မျက်နှာကျက်ကို မော့ကြည့်ကာ ပြောလိုက်၏။ "လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေတုန်းက သူ ငါ့ဆီ ရောက်လာခဲ့ပြီး ငါ့ကို ရွေးချယ်ခွင့် ပေးခဲ့တယ်။ အခု မင်း ငါ့ဆီ ထပ်ရောက်လာပြီး ရွေးချယ်ခွင့် ပေးပြန်တယ်။ နောက်ဆုံးတော့ မင်းတို့နှစ်ယောက်လုံးက အတူတူပဲ၊ လူကောင်းလေးတွေ ဖြစ်နေကြတယ်။ ကလေး... ငါ ဘာပြောချင်လဲဆိုတာ မင်း သိလား။"
တုပိုင်က တုံ့ပြန်လိုက်၏။ "ဘုရားသခင်က နောက်ပြောင်ရတာကို သဘောကျတယ်၊ ရွေးချယ်ခွင့်ရှိတယ်လို့ ခံစားရအောင် လုပ်ပေမဲ့ တကယ်တမ်းကျတော့ ဘာရွေးချယ်ခွင့်မှ မရှိဘူးဆိုတာမျိုးပေါ့။"
ဂရစ်ဆစ်က ပြော၏။ "မှန်တယ်။ တကယ့်ကို ထက်မြက်တဲ့ ကောင်လေးပဲ၊ မင်းက သူ့ထက်တောင် ပိုပြီး ဉာဏ်ကောင်းနေသေးတယ်။"
ပုပ်ရဟန်းမင်းကြီး၏ မျက်လုံးများထဲ၌ ဝမ်းနည်းပူဆွေးမှုများ ပြည့်နှက်နေပြီး ဆက်ပြော၏။ "ငါတို့အားလုံးမှာ ရွေးချယ်ခွင့် ရှိတယ်လို့ ထင်နေကြပေမဲ့ တကယ်တမ်းမှာတော့ မရှိပါဘူး။"
ထို့နောက် သူ၏ အိုမင်းနေသော မျက်လုံးများထဲတွင် ကောက်ကျစ်သော အလင်းရောင်တစ်ချက် ဖြတ်ပြေးသွားပြီး ပြောလိုက်လေသည်။ "အရှင်တုပိုင်... မင်းက ဒါကို ပူးပေါင်းကြံစည်မှုတစ်ခုလို့ ခံစားနေရမှာပဲ။ မိုးပေါ်ကနေ အလကားကျလာမယ့် မုန့်ဟင်းခါးဆိုတာ မရှိဘူးလေ။ ဒီလောကမှာ သူတော်စင်ဆိုတာလည်း မရှိဘူး။ ငါ လုပ်ခဲ့သမျှ အရာအားလုံးက မင်းရဲ့ ခန္ဓာကိုယ်ကို လုယူပြီး ထာဝရ အသက်ရှင်နိုင်ဖို့အတွက်ပဲလေ။ ဘယ်လိုပဲဖြစ်ဖြစ် ငါ ရှင်းပြနေမှာ မဟုတ်ပါဘူး၊ မင်း ထင်ချင်သလိုသာ ထင်လိုက်ပါတော့။"
တုပိုင်က ရေရွတ်လိုက်၏။ "ငါတို့မှာ ရွေးချယ်ခွင့် ရှိတယ်လို့ ထင်ခဲ့ပေမဲ့ တကယ်တော့ မရှိဘူးပေါ့။"
ပုပ်ရဟန်းမင်းကြီး ဂရစ်ဆစ်က ဆို၏။ "မှန်တယ်။"
တုပိုင် မည်သည့်စကားမျှ ဆက်မဆိုတော့ဘဲ ဂရစ်ဆစ်၏ ဘေးရှိ ကုတင်တစ်လုံးပေါ်၌ လှဲလျောင်းလိုက်လေတော့သည်။
ထိုအခါ နက်နဲဆန်းကြယ်သော မှော်ဆရာ ဒါဇင်နှင့်ချီ၍ အခန်းတွင်းသို့ ဝင်ရောက်လာကြပြီး မျိုးစုံသော ကျောက်သလင်း ကိရိယာများကို သယ်ဆောင်လာကြ၏။ ထို့နောက် သူတို့က ကျောက်သလင်းပြွန်များကို ပုပ်ရဟန်းမင်းကြီး ဂရစ်ဆစ်၏ ကြွက်သားများနှင့် သွေးကြောများရှိ အကြောဆုံမှတ်များဆီသို့ ထိုးသွင်းလိုက်ကြပြီး ထိုအထဲမှ ပြွန်တစ်ခုကို သူ၏ ဒန်တျန်ဆီသို့ တိုက်ရိုက် ထိုးသွင်းလိုက်ကြလေသည်။
ထိုသို့ ပြုလုပ်ပြီးသည်နှင့် တစ်ပြိုင်နက်၊ အခြား ကျောက်သလင်းပြွန် ဒါဇင်ပေါင်းများစွာကိုလည်း တုပိုင်၏ တစ်ကိုယ်လုံးရှိ ကြွက်သားများနှင့် သွေးကြောများဆီသို့ ထိုးသွင်းလိုက်ကြကာ အထူဆုံးပြွန်ကြီးကိုမူ တုပိုင်၏ ဒန်တျန်နေရာဆီသို့ တိုက်ရိုက် ထိုးသွင်းလိုက်ကြ၏။
မှော်ဆရာခေါင်းဆောင်က မေးလိုက်၏။ "အရှင်မင်းမြတ်... စတော့မလား။"
ပုပ်ရဟန်းမင်းကြီး ဂရစ်ဆစ်က ပြုံးလျက် ပြောလိုက်၏။ "ငါက အိုနေပြီလေ၊ မင်းတို့ရဲ့ အရှင်မင်းမြတ်အသစ်ကိုပဲ မေးကြည့်လိုက်။"
မှော်ဆရာခေါင်းဆောင်က တုပိုင်ကို ကြည့်ကာ ထပ်မေးလိုက်၏။ "စတော့မလား။"
တုပိုင်က အတည်ပြုလိုက်သည်။ "စမယ်။"
ထိုအခါ မှော်ဆရာခေါင်းဆောင်သည် ကျောက်သလင်း ကိရိယာအား စတင် ဖွင့်လှစ်လိုက်၏။
ရုတ်တရက်ပင် ပုပ်ရဟန်းမင်းကြီး ဂရစ်ဆစ်၏ ဒန်တျန်ချီပင်လယ်ထဲမှ ရွှမ်းချီစွမ်းအင်များသည် တုပိုင်၏ ဒန်တျန်ထဲသို့ အဆုံးအစမရှိ ဒလဟော စီးဝင်လာတော့၏။
မုန်တိုင်းထန်နေသော လှိုင်းလုံးကြီးများအလား၊ ပြင်းထန်ရူးသွပ်နေသော ဒီရေအလား တဟုန်ထိုး စီးဆင်းလာခြင်း ဖြစ်လေသည်။
ဤသည်ကား မည်သည့် အညစ်အကြေးမျှ ပါဝင်ခြင်းမရှိသည့် အသန့်စင်ဆုံးသော ရွှမ်းချီစွမ်းအင်များပင် ဖြစ်၏။
သို့သော် ဤလုပ်ငန်းစဉ် တစ်ခုလုံးတွင် မည်သည့် နာကျင်ခံခက်မှုမျိုးကိုမျှ မခံစားရဘဲ၊ ယခင်က လူတစ်ယောက်ကို ပေါက်ကွဲထွက်သွားမတတ် ခံစားရစေသော ကြယ်တာရာစုပ်ယူခြင်း မဟာအတတ်နှင့်လည်း လုံးဝ တူညီခြင်း မရှိချေ။
တုပိုင်၏ ကျင့်ကြံမှုအဆင့်မှာ ဆက်တိုက်ဆိုသလို ထိုးတက်သွားလေတော့သည်။
ဆဋ္ဌမအဆင့် ဆရာသခင်။
သတ္တမအဆင့် ဆရာသခင်။
အဋ္ဌမအဆင့် ဆရာသခင်။
နဝမအဆင့် ဆရာသခင်။
အထွတ်အထိပ် ဆရာသခင်။
အထွတ်အထိပ် ဆရာသခင်။
အထွတ်အထိပ် ဆရာသခင်။
အထွတ်အထိပ် ဆရာသခင်အဆင့် သုံးကြိမ်တိုင်တိုင် ထပ်မံ ပေါ်ထွက်လာရခြင်းမှာ နောက်အဆင့်သို့ တတ်ရန် အားယူနေသကဲ့သို့ ဖြစ်နေသောကြောင့်ပင် ဖြစ်၏။ အထွတ်အထိပ် ဆရာသခင်အဆင့်ကို အမှန်တကယ်ပင် အဆင့်သုံးဆင့် ထပ်မံခွဲခြားထားခြင်းလည်း ဖြစ်သည်။
ဒန်တျန်အတွင်းရှိ ရွှမ်းချီစွမ်းအင်များသည် အမြင့်ဆုံးအမှတ်အထိ အားယူနေလေ၏။
"ဘုန်းးး"
ရုတ်တရက် တုပိုင်၏ ဒန်တျန်ချီပင်လယ်မှာ ပေါက်ကွဲပွင့်ထွက်သွားလေတော့သည်။ တုပိုင် မဟာဆရာသခင်အဆင့်သို့ တိုက်ရိုက် ချိုးဖောက်ဝင်ရောက်သွားပြီ ဖြစ်လေ၏။
ယခင်က အဓိက အဆင့်တက်ခြင်းများတိုင်းတွင် တုပိုင်၏ ဦးနှောက်မှာ ဗလာကျင်းသွားလေ့ရှိပြီး သူ၏ စိတ်အာရုံတစ်ခုလုံး ပေါက်ကွဲထွက်သွားသကဲ့သို့ ခံစားခဲ့ရဖူးသည်။
သို့သော် ယခု မဟာဆရာသခင်အဆင့်သို့ ချိုးဖောက်ဝင်ရောက်ချိန်တွင်မူ အရာအားလုံးကို ရှင်းလင်းစွာ သိရှိခံစားနေနိုင်ပြီး သူ၏ ဒန်တျန်နှင့် ချီပင်လယ်ကိုပင် အတွင်းစိတ်ဖြင့် ထင်ရှားစွာ မြင်တွေ့နိုင်စွမ်း ရှိနေဟန်ပေါ်၏။
ပေါက်ကွဲမှုဖြစ်စဉ်အပြီး ကစဉ့်ကလျား အခြေအနေတစ်ခုသို့ ရောက်ရှိသွားကာ ကမ္ဘာလောကကြီး ပြန်လည်မွေးဖွားလာသည့်အလား ကောင်းကင်နှင့် မြေကြီး ကွဲကွာသွားပြီး လုံးဝ အသစ်စက်စက် ချီပင်လယ် ဟင်းလင်းပြင်တစ်ခု ပေါ်ပေါက်လာသည်ကိုပင် တုပိုင် ရှင်းလင်းစွာ ခံစားလိုက်ရလေသည်။
သိုင်းပညာရှင်တစ်ယောက်အတွက် မဟာဆရာသခင်ဆိုသည်မှာ အထွတ်အထိပ်သို့ ရောက်ရှိခြင်း၏ သင်္ကေတတစ်ခုပင် ဖြစ်လေ၏။
ဤကမ္ဘာလောကတွင် မဟာဆရာသခင်ဆိုသည်မှာ သိုင်းပညာ၏ အမြင့်ဆုံးအဆင့် ဖြစ်သည်။ သို့သော် မဟာဆရာသခင်အချင်းချင်းကြားရှိ ကျင့်ကြံမှု ကွာခြားချက်မှာလည်း အလွန်တရာ ကြီးမားလှသည်။
လက်ရှိအခိုက်အတန့်တွင် တုပိုင်သည် နောက်ဆုံး၌ မဟာဆရာသခင်အဆင့်သို့ အောင်မြင်စွာ ချိုးဖောက်ဝင်ရောက်သွားနိုင်ပြီ ဖြစ်လေ၏။
ထိုသို့ ချိုးဖောက်ဝင်ရောက်နိုင်ခဲ့ခြင်းမှာလည်း လုံးဝ မျှော်လင့်မထားသော နည်းလမ်းဖြင့် ဖြစ်လေသည်။
ပုပ်ရဟန်းမင်းကြီး ဂရစ်ဆစ်က ဘေးမှနေ၍ အဘိုးတစ်ယောက်က မြေးဖြစ်သူကို နောက်ပြောင်နေသည့်အလား ပြုံးလျက် ပြောလိုက်၏။ "မိုးပေါ်ကနေ မုန့်ဟင်းခါးတွေ ကျလာပြီဟေ့... မိုးပေါ်ကနေ မုန့်ဟင်းခါးတွေ ကျလာပြီ။"
ပုပ်ရဟန်းမင်းကြီး ဂရစ်ဆစ်က ဆက်ပြော၏။ "ကမ္ဘာလောကကြီး ပြောင်းလဲသွားပြီ၊ ခေတ်စနစ်ကြီးလည်း ပြောင်းလဲသွားပြီ။ ငါ နှစ်ပေါင်း လေးရာကျော် ကျင့်ကြံလာခဲ့တာ၊ ဘယ်သူ့ရဲ့ ကျင့်ကြံမှုကိုမှ ငါ မစုပ်ယူခဲ့ဖူးဘူး။ အဲဒီလူက သေလုမြောပါးဖြစ်နေပြီး ရွှမ်းချီစွမ်းအင်တွေကို မလိုအပ်တော့ဘူး ဆိုရင်တောင်မှ ဒါဟာ အင်မတန်မှ ကိုယ်ကျင့်တရား ကင်းမဲ့တဲ့ လုပ်ရပ်လို့ ငါ ထင်တယ်။ ပြီးတော့ သူ သေသွားရင်တောင်မှ ဒီရွှမ်းချီစွမ်းအင်တွေကို သဘာဝတရားနဲ့ လောကကြီးဆီ ပြန်ပေးဆပ်ရမှာပဲ။ ဒါက ကောင်းကင်ဘုံရဲ့ သံသရာလည်ခြင်းပဲလေ။"
တုပိုင် တိတ်ဆိတ်စွာ နားထောင်နေ၏။
ပုပ်ရဟန်းမင်းကြီး ဂရစ်ဆစ်က ဆက်ပြော၏။ "ဒါပေမဲ့ သခင်လေး ဖန်းချန်ကတော့ သိုင်းပညာရှင်တစ်ယောက်ကို အသီးတစ်လုံးလို သဘောထားပြီး တိုက်ရိုက် စုပ်ယူပစ်ခဲ့တယ်။"
"ဒါက ကိုယ်ကျင့်တရား ကင်းမဲ့တာပဲ၊ လုံးဝကို ကိုယ်ကျင့်တရား ကင်းမဲ့လွန်းတယ်။"
ပုပ်ရဟန်းမင်းကြီး ဂရစ်ဆစ်ပြောနေသည့် အချိန်တွင်း၌ပင် တုပိုင်၏ ကျင့်ကြံမှုအဆင့်မှာ ရူးသွပ်မတတ် ဆက်လက် ထိုးတက်နေဆဲ ဖြစ်၏။
ပုပ်ရဟန်းမင်းကြီး ဂရစ်ဆစ်၏ ဒန်တျန်မှ စွမ်းအင်များသည် မည်သည့်အခါမျှ ခန်းခြောက်သွားမည်မဟုတ်သော ကျယ်ဝန်းလှသည့် သမုဒ္ဒရာကြီးအလား တုပိုင်၏ သွေးကြောများမှတစ်ဆင့် ဒန်တျန်ထဲသို့ အဆက်မပြတ် စီးဝင်နေလျက်ရှိသည်။
အစွမ်းထက်လှသော ရွှမ်းချီစွမ်းအင်များ စီးဝင်လာသည်နှင့်အမျှ တုပိုင်၏ ဒန်တျန်နှင့် ချီပင်လယ်မှာလည်း အသွင်ပြောင်းလဲသွားလေ၏။
ဒုတိယအဆင့် မဟာဆရာသခင်၊ တတိယအဆင့် မဟာဆရာသခင်၊ စတုတ္ထအဆင့် မဟာဆရာသခင်၊ ပဉ္စမအဆင့် မဟာဆရာသခင်... သတ္တမအဆင့် မဟာဆရာသခင်၊ အဋ္ဌမအဆင့် မဟာဆရာသခင်၊ နဝမအဆင့် မဟာဆရာသခင်။
တစ်ချိန်တည်းတွင် ပုပ်ရဟန်းမင်းကြီး ဂရစ်ဆစ်၏ မျက်လုံးများမှာ တဖြည်းဖြည်း မှုန်ဝါးလာရသည်။
ပုပ်ရဟန်းမင်းကြီး ဂရစ်ဆစ်က ပြောလိုက်သည်။ "တုပိုင်... တောင်းပန်ပါတယ်၊ ငါ မကြာခင် သေတော့မယ်။ ဒီကမ္ဘာမှာ အဝမ်းနည်းရဆုံး အရာက ဘာလဲဆိုတာ မင်း သိလား။"
တုပိုင်က ပြုံးလျက် ပြန်ဖြေလိုက်၏။ "လူသာ သေသွားတယ်၊ ပိုက်ဆံတွေက မသုံးရသေးဘူး ဆိုတာမျိုးပေါ့။"
ပုပ်ရဟန်းမင်းကြီး ဂရစ်ဆစ်က ရယ်မောလိုက်ပြီး ပြောလေသည်။ "ဟားဟားဟား... လူတွေက ဟာသဉာဏ် ရှိသင့်တယ်။ ဒီလောကကြီးက အရမ်းကို ရက်စက်လွန်းတယ်။ တကယ်လို့ မင်းမှာ ဟာသဉာဏ်သာ မရှိရင် တကယ်ကို အသက်ရှင်နိုင်မှာ မဟုတ်ဘူး။ ဟုတ်တယ်... လူသာ သေသွားတယ်၊ ရွှမ်းချီစွမ်းအင်တွေက မကုန်သေးဘူးလေ။ တောင်းပန်ပါတယ်... ပြီးသွားပြီ။"
ထိုစကားကြောင့် တုပိုင်မှာ ရင်ထဲ စို့နင့်သွားရလေ၏။
ဂရစ်ဆစ်က ဆက်ပြော၏။ "သေချာတာပေါ့... တကယ်လို့ မင်းက ခန္ဓာကိုယ် လုယူခံရမှာကို စိုးရိမ်လို့ ပြန်လိုက်တိုက်ခိုက်ချင်တယ်ဆိုရင် အခုပဲ စတင်လိုက်လို့ ရပြီနော်။"
တုပိုင်သာ ရယ်လိုက်ရလေတော့သည်။ "ဟားဟား..."
"ကလေး... ငါ မင်းကို လက်ဆင့်ကမ်းပေးလိုက်တဲ့ စွမ်းအားတွေနဲ့ ပတ်သက်ပြီး အရမ်းကြီး အလေးအနက် မထားပါနဲ့။"
"ကလေး... ပိရမစ်ထဲမှာ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို မှတ်ထားပါ၊ မင်းရဲ့ ရွေးချယ်မှုကို မှတ်ထားပါ၊ သေချာ မှတ်ထားနော်။"
"ငါကတော့ တကယ့် သောက်သူတော်စင်ကြီးပါပဲကွာ။"
ထို့နောက် ပုပ်ရဟန်းမင်းကြီး ဂရစ်ဆစ်သည် မျက်လုံးများကို တဖြည်းဖြည်း မှိတ်ချလိုက်ပြီး ကွယ်လွန်သွားလေတော့၏။
တုပိုင်၏ မျက်ထောင့်မှ မျက်ရည်တစ်ပေါက် စီးကျလာ၏။ မှော်ဆရာခေါင်းဆောင်သည် အရှေ့သို့ တိုးလာကာ သူတို့ နှစ်ဦးစလုံးထံမှ ကျောက်သလင်းပြွန်များကို ညင်သာစွာ ဆွဲထုတ်လိုက်လေသည်။
ထို့နောက် မှော်ဆရာ ဒါဇင်ပေါင်းများစွာသည် မြေပြင်ပေါ်တွင် ဒူးထောက်ချလိုက်ကြ၏။
တုပိုင် မတ်တပ်ရပ်ပြီး ကြည့်လိုက်ရာ ပုပ်ရဟန်းမင်းကြီး ဂရစ်ဆစ်၏ ခန္ဓာကိုယ်မှာ တဖြည်းဖြည်း တောင့်တင်းလာပြီး အမှန်တကယ်ပင် ရုပ်တုတစ်ခုအဖြစ် ပြောင်းလဲသွားသည်ကို ကိုယ်တိုင် မျက်မြင်တွေ့လိုက်ရသည်။
သူ အရှေ့သို့ တိုးသွားကာ ညင်သာစွာ ထိတွေ့ရန် လက်ကို ဆန့်တန်းလိုက်၏။
သို့သော် နောက်တစ်စက္ကန့်တွင်ပင် ဂရစ်ဆစ်၏ ခန္ဓာကိုယ်မှာ တစ်လက်မချင်းစီ အမှုန့်အဖြစ် ပြောင်းလဲသွားတော့၏။
နောက်ဆုံးတွင် ရုပ်အလောင်းမှာ ပျောက်ကွယ်သွားပြီး ပြာပုံအဖြစ် လုံးဝ ပြောင်းလဲသွားလေတော့သည်။
သေဆုံးခြင်းမှာ အလွန် ပြတ်သားလွန်းလှပြီး ထွက်ခွာသွားခြင်းမှာလည်း အလွန် ပြတ်သားလွန်းလှသည်။ ရုပ်အလောင်း ချန်ထားခဲ့ခြင်းက သံယောဇဉ် အနှောင်အဖွဲ့တစ်ခု ဖြစ်နေမည်စိုး၍ လုံးဝ ပြာကျသွားစေရန် ပြုလုပ်သွားသကဲ့သို့ပင်။
တုပိုင် ပြာပုံကို ငေးကြောင်စွာ စိုက်ကြည့်နေမိ၏။
ဂရစ်ဆစ်နှင့် အပြန်အလှန် ဆက်သွယ်မှုမှာ အလွန်တရာ တိုတောင်းလွန်းလှသော်လည်း ဤသူသည်ကား တုပိုင် တွေ့ကြုံဖူးသမျှထဲတွင် ဉာဏ်အကောင်းဆုံး၊ ဟာသဉာဏ် အရွှင်ဆုံးနှင့် အမွန်မြတ်ဆုံး ပုဂ္ဂိုလ်တစ်ဦးပင် ဖြစ်တော့သည်။
လီဝမ်ဝမ် ပြောခဲ့ဖူးသော စကားများကို တုပိုင် မတွေးဘဲ မနေနိုင်အောင် ဖြစ်သွားရ၏။
မီးနတ်ဘုရားဂိုဏ်း၏ ပုပ်ရဟန်းမင်းကြီးသည် မွန်မြတ်သောသူ တစ်ဦးဖြစ်ကြောင်း သူမ ပြောခဲ့ဖူးလေသည်။
လီဝမ်ဝမ် တစ်ဖန် တုပိုင်ထံသို့ ပြန်ရောက်လာချိန်တွင် တုပိုင် အနည်းငယ် အံ့အားသင့်သွားခဲ့ရ၏။ အဘယ်ကြောင့်ဆိုသော် လီဝမ်ဝမ်မှာ များစွာ ပြောင်းလဲသွားသောကြောင့်ပင်။
ယခင်က လီဝမ်ဝမ်သည် ပြိုင်ဘက်ကင်း အလှရှင်လေးတစ်ဦး ဖြစ်သော်လည်း မိစ္ဆာဆန်သော အရိပ်အယောင်များဖြင့် ပြည့်နှက်နေခဲ့သည်။
တုပိုင်၏ အနီးသို့ ပြန်လည်ရောက်ရှိလာချိန်တွင် အလွန် ဆွဲဆောင်မှုရှိနေဆဲဖြစ်ပြီး ပြိုင်ဘက်ကင်း အလှရှင်လေး ဖြစ်နေဆဲပင် ဖြစ်သော်လည်း နတ်မိမယ်တစ်ပါး၏ အငွေ့အသက် အနည်းငယ် ပါဝင်လာခဲ့၏။
တုပိုင်အပေါ်ထားရှိသော သူမ၏ အမုန်းတရားများနှင့် အစွဲအလမ်းများမှာ အရိပ်အယောင်ပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားဟန် ရှိသည်။ လီမိသားစု၏ တာ့ယန်တိုင်းပြည်ကြီး ပျက်စီးသွားလျှင်ပင် သူမ ဤမျှလောက်အထိ လုံးဝကြီး ပြောင်းလဲသွားနိုင်မည် မဟုတ်ချေ။
သူမသည် ဤကမ္ဘာလောက၏ အမြင့်ဆုံးပုဂ္ဂိုလ်ကို မြင်တွေ့ခဲ့ရပြီး ထိုပုဂ္ဂိုလ်၏ သန့်စင်ပေးမှုကို ခံခဲ့ရခြင်းကြောင့်သာ သူမ၏ စိတ်ဝိညာဉ်၌ ဤမျှ ကြီးမားသော အပြောင်းအလဲများ ဖြစ်ပေါ်လာရခြင်း ဖြစ်ကြောင်း ထင်ရှားနေ၏။
**--**--**--**--**--**--**--**
ထိုအချိန်၌ ကျောက်သလင်းတံခါးမှာ တစ်ဖန် ပွင့်လာပြန်၏။ ပြီးနောက် ဝံပုလွေခေါင်းနှင့် သေမင်းနတ်ဘုရား အနူးဘစ် ဆိုသော သားရဲဆန်းကြီး ဝင်ရောက်လာသည်။
အနူးဘစ် ဝင်လာသည်ကို မြင်လိုက်ရသောအခါ တုပိုင်မှာ မအံ့ဩဘဲ မနေနိုင်အောင် ဖြစ်သွားရလေသည်။
အနူးဘစ်က ပြောလိုက်၏။ "ငါ မရှိသင့်တော့ဘူး၊ ဒါမှမဟုတ် ငါက ပိရမစ်ထဲမှာပဲ ရှိနေရမှာ မဟုတ်ဘူးလားလို့ မင်း တွေးနေတယ်မလား။"
တုပိုင်က ခေါင်းညိတ်လိုက်သည်။
အနူးဘစ်က ဆက်ပြော၏။ "ငါ ပြောခဲ့သလိုပဲ... ငါက ပုပ်ရဟန်းမင်းကြီးတွေရဲ့ ဝိညာဉ်တွေအတွက် တာဝန်ယူရတယ်။ ပုပ်ရဟန်းမင်းကြီး ဂရစ်ဆစ် ကွယ်လွန်သွားပြီဆိုတော့ သူ့ရဲ့ ဝိညာဉ်ကို ငါ လာသိမ်းဆည်းတာပါ။"
တုပိုင်က မေးလိုက်၏။ "ကျွန်တော် ဘေးကနေ ကြည့်နေလို့ အဆင်ပြေနိုင်မလား။"
သေမင်းနတ်ဘုရား အနူးဘစ်က ပြန်ဖြေ၏။ "သေချာတာပေါ့။"
ထို့နောက် သူ၏ ဧရာမ ခန္ဓာကိုယ်ကြီးကို လှဲချလိုက်သည်။ တုပိုင် အသက်အောင့်ထားလိုက်ပြီး မြင့်မြတ်သော အခမ်းအနားတစ်ခုကို စောင့်ဆိုင်းနေလိုက်၏။
မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ သေမင်းနတ်ဘုရားက ခေတ်တစ်ခေတ်၏ ပုပ်ရဟန်းမင်းကြီးတစ်ပါး၏ ဝိညာဉ်ကို သိမ်းဆည်းခြင်းပင် ဖြစ်သည်။ မည်မျှပင် ခမ်းနားကြီးကျယ်လိုက်မည်နည်း။ ရှေးဟောင်း အီဂျစ်သမိုင်းတွင် ဖာရိုဘုရင်များ ကွယ်လွန်ပြီးနောက် ဈာပနအခမ်းအနားများမှာ ယခင်က တစ်ကြိမ်တစ်ခါမျှ မကြုံစဖူး ကြီးကျယ်ခမ်းနားလေ့ရှိ၏။ လူပေါင်း ထောင်ချီ၊ သောင်းချီထက် မနည်း ရှိနေတတ်သည်။
ဟောလိဝုဒ် ရုပ်ရှင်များထဲတွင်ပင် ဖာရိုဘုရင်တိုင်း၏ ဈာပနမှာ အလွန်တရာ လျှို့ဝှက်ဆန်းကြယ်ကာ ခမ်းနားကြီးကျယ်လေ့ရှိသည်။
ပုပ်ရဟန်းမင်းကြီး ဂရစ်ဆစ်၏ အဆင့်အတန်းနှင့် အာဏာမှာ ရှေးဟောင်း အီဂျစ် ဖာရိုဘုရင်များထက် များစွာ သာလွန်ပေသည်။
ထို့ကြောင့် သူ၏ ဝိညာဉ် ကောင်းကင်ဘုံသို့ တက်လှမ်းခြင်းမှာလည်း အလွန်တရာ မြင့်မြတ်ကြီးကျယ်သင့်ပေသည်။
သေမင်းနတ်ဘုရား အနူးဘစ်၏ ဝံပုလွေခေါင်းကြီးမှာ ကုတင်ပေါ်တွင် လဲလျောင်းနေပြီးနောက် သူက အားပါးတရ ရှူရှိုက်လိုက်၏။
"ရွှီးးး"
ရုတ်တရက် ပုပ်ရဟန်းမင်းကြီး ဂရစ်ဆစ်၏ ပြာများအားလုံးသည် သူ၏ နှာခေါင်းနှင့် ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက် စုပ်ယူခံလိုက်ရလေတော့သည်။
တုပိုင် လုံးဝ ကြက်သေသေသွားရ၏။
သောက်ကျိုးနည်းလှ၏။ ဤသည်က ပုပ်ရဟန်းမင်းကြီး၏ ဝိညာဉ်သိမ်းဆည်းသည့် အခမ်းအနားလော။ အမှုန့်များကဲ့သို့ ခန္ဓာကိုယ်အတွင်းသို့ တိုက်ရိုက် ရှူသွင်းလိုက်သည်လော။ မြင့်မြတ်ခမ်းနားမှုဆိုသည်ကို အနည်းငယ်မျှပင် မမြင်ရချေ။
ဗလာကျင်းနေသော ကျောက်သလင်းကုတင်ကို ကြည့်လိုက်ရာ ပုပ်ရဟန်းမင်းကြီး ဂရစ်ဆစ်၏ ပြာများ လုံးဝ ပျောက်ကွယ်သွားပြီး သေမင်းနတ်ဘုရား အနူးဘစ်၏ နှာခေါင်းပေါက်၌သာ ပြာအနည်းငယ် ကပ်ကျန်နေသည်ကို တွေ့လိုက်ရ၏။
တုပိုင်က မေးလိုက်၏။ "ဒါ ပြီးသွားပြီလား။"
အနူးဘစ်က ပြန်ဖြေ၏။ "ဟုတ်တယ်၊ ဒါ ပြီးသွားပြီ။"
တုပိုင်က ထပ်မေးလိုက်၏။ "ပုပ်ရဟန်းမင်းကြီးတိုင်း ဒီလိုပဲလား။"
အနူးဘစ်က ပြန်ဖြေ၏။ "မဟုတ်ပါဘူး၊ ခေတ်အဆက်ဆက်က ပုပ်ရဟန်းမင်းကြီးတိုင်းရဲ့ ဝိညာဉ်သိမ်းဆည်းမှုက သူတို့ရဲ့ နောက်ဆုံးဆန္ဒတွေအပေါ်မှာ မူတည်ပါတယ်။ အရင် ပုပ်ရဟန်းမင်းကြီးရဲ့ ဝိညာဉ်သိမ်းဆည်းတဲ့ အခမ်းအနားဆိုရင် အရမ်းကို မြင့်မြတ်ပြီး ကြီးကျယ်ခမ်းနားခဲ့တယ်။ ခုနက ငါ သုံးလိုက်တဲ့ နည်းလမ်းကလည်း ပုပ်ရဟန်းမင်းကြီး ဂရစ်ဆစ်ရဲ့ ဆန္ဒအရပါပဲ။"
တုပိုင် အချိန်အတန်ကြာ ဆွံ့အ နုတ်ဆိတ်သွားရ၏။
အသက် လေးရာကိုးဆယ့်သုံး နှစ်တိုင်တိုင် နေထိုင်ခဲ့သော အရှင်မင်းမြတ်ကြီးသည် အသက်ရှင်စဉ်ကလည်း အလွန် ဟာသဉာဏ်ရွှင်သလို၊ သေဆုံးချိန်တွင်လည်း ပို၍ ဟာသဉာဏ်ရွှင်ကာ၊ သေဆုံးပြီးနောက်တွင်မူ အကြီးအကျယ် ဟာသဉာဏ် ရွှင်လွန်းနေတော့၏။
တုပိုင် သူ့ကို အမြဲတမ်း မှတ်မိနေတော့မည် ဖြစ်ပြီး သူသည် ဘဝ၏ ဆရာတစ်ဆူ ဖြစ်လာပေလိမ့်မည်။
ပြီး၏။