← Chapters

လုမင်နှင့် ရင်ဆိုင်ခြင်း

Vol. 53 Ch. 556

လုမင်နှင့် ရင်ဆိုင်ခြင်း

Vol. 53 Ch. 556

အပြင်ဘက်

လူတိုင်း၏ အကြည့်များမှာ ထန်ထျန်းရှိနေသည့် အလင်းမျက်နှာပြင်ထံသို့သာ စုံပုံနေကြသည်။

လူအများအပြားမှာ မျက်လုံးအဝိုင်းသားဖြင့် မှင်သက်နေကြသည်။

"ကြားဖူးတာတော့ ပြီးခဲ့တဲ့ အကြိမ် ထုန်းရှန့်ညီလာခံတုန်းက ထန်ထျန်းက တာအိုကျင့်စဉ် ပိုင်းမှာ အရမ်းထူးချွန်တဲ့ အဆင့်ရှိတယ်လို့ ကြားခဲ့တယ်၊ အခု ကိုယ်တိုင်မြင်ရတော့မှ တကယ့်ကို နာမည်နဲ့လိုက်အောင် တော်တာပဲ"

အကြီးအကဲတစ်ဦးက သက်ပြင်းချရင်း ပြောလိုက်သည်။

"ဟုတ်ပ၊ ဒါက အဆင့်မြင့် အင်မော်တယ် ကျင့်စဉ် ရာနဲ့ချီရှိနေပြီပဲ၊ အားလုံးကလည်း အကြီးစား အောင်မြင်မှု အဆင့်တွေချည်းပဲ၊ သမိုင်းမှာ ဒီလောက်အထိ ချဲ့ကားလွန်းတဲ့ အခြေအနေမျိုးကို ဘယ်သူ လုပ်နိုင်ခဲ့ဖူးလို့လဲ"

"ဒါကတော့ မရှိတာ သေချာသလောက်ပါပဲ၊ အနည်းဆုံးတော့ အသက် ၂၀ အရွယ်မှာ ဒီလောက်အထိ ကောင်းကင်ကို ဆန့်ကျင်တဲ့ နားလည်နိုင်စွမ်းနဲ့ ဝိညာဉ် စွမ်းအားမျိုး ဘယ်သူမှ မရှိခဲ့ဘူး"

"သူ့ကို ကြည့်ပါဦး၊ ဒီလောက်များပြားတဲ့ တာအို ကျင့်စဉ် တွေကို သုံးပြီးတာတောင် အမောတောင် မဖောက်ဘူး၊ တကယ့်ကို ကြောက်စရာကောင်းလွန်းတယ်"

လူအများက တစ်ယောက်တစ်ပေါက် ပြောနေကြသည်။

"ပြီးတော့... သူနောက်ပိုင်း သုံးသွားတဲ့ တာအိုကျင့်စဉ် တွေက ငါတို့ တိမ်တိုက်ထျန်းဖူနန်းတော်က မဟုတ်ဘဲ ပိုပြီး ရှေးကျတဲ့ အစွမ်းထက် အင်မော်တယ် ကျင့်စဉ် တွေနဲ့ တူနေတယ်"

"ထန်ထျန်းကတော့ တစ်ချိန်က အင်အားကြီးခဲ့တဲ့ ရှေးဟောင်းအင်အားစု တစ်ခုခုရဲ့ အမွေအနှစ်ကို ရရှိထားတာ သေချာတယ်"

လန်တင်း အင်မော်တယ်အရှင်က ပြော၏။

အားလုံးက ခေါင်းညိတ်ထောက်ခံကြသည်။

အမှန်စင်စစ် ထန်ထျန်း၏ နောက်ခံကို လူတိုင်းက အလွန်စိတ်ဝင်စားနေကြခြင်းဖြစ်သည်။

သို့သော်လည်း တိမ်တိုက်ထျန်းဖူနန်းတော်၏ တင်းကျပ်လှသော စည်းမျဉ်းများကြောင့်သာ မည်သူမှ အတင်းအကျပ် မစပ်စုကြခြင်း ဖြစ်သည်။

ဒါပေမဲ့ လူတိုင်း တူညီစွာ လက်ခံထားကြသည်မှာ ထန်ထျန်းက လျှို့ဝှက်ဆန်းကြယ်သော အမွေအနှစ်တစ်ခုလုံးကို ဆက်ခံထားရသူဖြစ်ပြီး ထို့ကြောင့်ပင် သူ့တွင် အဆုံးမဲ့သော အရင်းအမြစ်များနှင့် ကြီးမားသော ကြွယ်ဝမှုများ ရှိနေခြင်းဖြစ်သည်ဟု ယူဆထားကြသည်။

မဟုတ်လျှင် ရှင်းပြရန် အလွန်ခက်ခဲပေလိမ့်မည်။

"အရမ်း အစွမ်းထက်တာပဲ၊ ငါက ထန်ထျန်းရဲ့ ခွန်အားက တခြား မြင့်မြတ်သားတော်တွေထက် သိပ်မသာလောက်ဘူး ထင်နေတာ၊ ဒါပေမဲ့ အခု ကြည့်ရသလောက်တော့..."

လူတိုင်းက အခြား မြင့်မြတ်သားတော်များ၏ ပုံရိပ်များကို လှည့်ကြည့်လိုက်ကြသည်။

အများစုမှာ ပြင်းထန်သော တိုက်ပွဲများ ဆင်နွှဲနေရဆဲဖြစ်ပြီး အချို့မှာ သိသိသာသာ အခြေအနေမကောင်း ဖြစ်နေကြသည်။

အနည်းငယ်သော နှစ်ဦးသုံးဦးခန့်သာ အသာစီးရသည့် အနေအထားရှိသည်။

ဥပမာအားဖြင့် ကုရွှမ်က ချင်းဖုန်းကို တစ်ပွဲလုံး ဖိတိုက်နေပြီး အနိုင်ရရန်မှာ အချိန်တစ်ခုသာ လိုတော့သည်။

သို့သော် ထန်ထျန်း၏ ပြတ်သားပြီး လွယ်ကူလှသော စွမ်းဆောင်ရည်နှင့် နှိုင်းယှဉ်ပါက ကွာခြားချက်မှာ ကြီးမားလွန်းလှသည်။

"ဆယ်နှစ် ပါရမီရှင် ချင်းဖုန်းက ထန်ထျန်းရှေ့မှာတော့ တကယ်ကို မလုံလောက်သေးဘူးပဲ၊ အခု ထပ်ပေါ်လာမယ့် နှစ်တစ်ရာ ပါရမီရှင်ကရော သူ့ကို ဒုက္ခပေးနိုင်မလားဆိုတာ မသိဘူး"

"ထန်ထျန်းကရော ဒီတောင်ကြီးကို အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်ပါ့မလား"

မဟာအကြီးအကဲက ပြောလိုက်သည်။

အားလုံးက အာရုံစူးစိုက်ကာ ထန်ထျန်း၏ရှေ့တွင် စုစည်းနေသော ပုံရိပ်ကို ကြည့်လိုက်ကြသည်။

ထိုပုံရိပ်မှာ လူတိုင်း၏မျက်စိရှေ့တွင် အမှန်တကယ် ပေါ်လာသောအခါ အားလုံးမှာ ခဏမျှ ကြောင်အသွားကြတော့သည်။

"သူလား"

ရှင်းဟယ် အင်မော်တယ်ဧကရာဇ်မှာ မျက်မှောင်ကို ပို၍ ကြုတ်လိုက်မိသည်။

အကြောင်းမှာ ပေါ်လာသော နှစ်တစ်ရာ ပါရမီရှင်က သူ၏ ပြိုင်ဘက်ဟောင်းဖြစ်ခဲ့ဖူးသော လုမင် ဖြစ်နေသောကြောင့်ပင်။

"လုမင်က နှစ်တစ်ရာ ပါရမီရှင် အဆင့်ပဲလား ငါကတော့ သူက နှစ်တစ်သောင်း အာဏာရှင် အဆင့်အထိ ရောက်လိမ့်မယ် ထင်ထားတာ"

မင်ရွှမ် အင်မော်တယ်အရှင်က ပြော၏။

ထိုက်ယန် အင်မော်တယ်ဧကရာဇ် က ပြုံးလျက် "ထာဝရ စင်မြင့်ကတော့ မှားမှာ မဟုတ်ဘူး"

"ဒါပေမဲ့ လုမင်က နှစ်တစ်ရာ ပါရမီရှင်လို့ သတ်မှတ်ခံရရင်တောင် သူက အဲ့ အဆင့်ထဲမှာ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်ဖြစ်မှာ သေချာတယ်"

"ဒီအချက်ကိုတော့ ရှင်းဟယ် နန်းတော်သခင်က အသိဆုံး ဖြစ်မှာပါ"

ရှင်းဟယ် အင်မော်တယ်ဧကရာဇ်က ခဏမျှ တုံ့ဆိုင်းနေပြီးမှ ခေါင်းညိတ်ကာ "မှန်ပါတယ်"

"လုမင်ရဲ့ ခွန်အားက ငါတို့ တိမ်တိုက်ထျန်းဖူနန်းတော် တစ်ခုလုံးရဲ့ သမိုင်းမှာ ထိပ်ဆုံးက အဆင့်မှာ ရှိနေတယ်"

"သူက အဆင့်မြင့် အင်မော်တယ် ကျင့်စဉ်တွေထက် သာလွန်တဲ့ အစွမ်းထက် တာအိုကျင့်စဉ် တစ်ခုကို ပိုင်ဆိုင်ထားတယ်၊ အဲဒီ တာအိုကျင့်စဉ် ရှေ့မှာ ငါကတော့ အနိုင်ရဖို့ အခွင့်အရေး တစ်စက်ကလေးတောင် မရှိခဲ့ဘူး"

လူတိုင်း၏ မျက်နှာတွင် အံ့သြတုန်လှုပ်မှုများ ပေါ်လာသည်။

အင်မော်တယ် ကျင့်စဉ်များထက် သာလွန်သည်ဆိုပါက ၎င်းမှာ "မူလတာအို ကျင့်စဉ်" သာ ဖြစ်ပေလိမ့်မည်။

ဤအဆင့်တွင်ပင် ထိုကျင့်စဉ် ကို ပိုင်ဆိုင်ထားနိုင်သည်မှာ လုမင်၏ ပါရမီက တကယ်ကို ကောင်းကင်ကို ဆန့်ကျင်နေကြောင်း ဝန်ခံရပေမည်။

နှမြောစရာကောင်းသည်မှာ နောက်ပိုင်းတွင် ဖြစ်ပျက်ခဲ့သည့် ကိစ္စရပ်များပင်။

ယခုမူ သူက ထာဝရ စင်မြင့်တွင် ပေါ်လာပြီဖြစ်ရာ စမ်းသပ်ပွဲဝင်နေသည့် မြင့်မြတ်သားတော်အားလုံးအတွက် အလွန်ကြီးမားသော စိန်ခေါ်မှုတစ်ခု ဖြစ်လာပေလိမ့်မည်။

ထန်ထျန်းကရော သူ့ကို ယှဉ်နိုင်ပါ့မလား။

......

ထာဝရ စင်မြင့်ပေါ်တွင်

ထန်ထျန်းက တစ်ဖက်လူ၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသောအခါ ကြောင်အသွားမိသည်။

ဒုတိယမြောက် ပေါ်လာသည့် နှစ်တစ်ရာ ပါရမီရှင်က လုမင် ဖြစ်နေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

ဤကောင်က ဘိုးဘေးခြောက်ဉီး၏ လျှို့ဝှက်ကျင့်စဉ် တစ်ခု ကို ပိုင်ဆိုင်ထားသူဖြစ်ပြီး ၎င်း၏ စွမ်းအားမှာ မူလတာအိုကျင့်စဉ် ထက် မနိမ့်ပါးပေ။

ဒီလို ပုဂ္ဂိုလ်မျိုးတောင်မှ နှစ်တစ်ရာ ပါရမီရှင် အဆင့်မှာပဲ ရှိသေးတာလား

ဒါဆို နောက်ထပ်လာမယ့် အဆင့်သုံးဆင့်ကရော ဘယ်လောက်တောင် အစွမ်းထက်လိုက်မလဲ

ထန်ထျန်းမှာ အနည်းငယ် စိတ်လှုပ်ရှားလာသည်။

သို့သော် ထိုအရာများမှာ နောက်မှလာမည့် ကိစ္စများဖြစ်ပြီး ယခုအချိန်တွင်မူ လုမင်က နိုးထလာကာ ရှေ့မှ ထန်ထျန်းကို ကြည့်လိုက်ပြီဖြစ်သည်။

"ဟင်း..."

"ငါက တစ်ယောက်ယောက်ရဲ့ ဆင့်ခေါ်ခြင်းကို ခံလိုက်ရတာလား"

သူက အခြေအနေကို ချက်ချင်းပင် သတိပြုမိသွားသည်။

ထန်ထျန်းက ခေါင်းညိတ်ပြကာ ပြောလိုက်သည်။ "ကျွန်တော်က တိမ်တိုက်ထျန်းဖူနန်းတော်ရဲ့ မြင့်မြတ်သားတော်ပါ"

"အခု လုပ်နေတာက နတ်ဘုရားသားတော် စမ်းသပ်ပွဲပဲ"

လုမင်က ကောင်းကင်ကို တစ်ချက်ကြည့်ကာ "နတ်ဘုရားသားတော် စမ်းသပ်ပွဲလား..."

"ဒီနေရာကို ပြန်လာရလိမ့်မယ်လို့ ငါ တစ်ခါမှ မတွေးဖူးဘူး..."

ပြောရင်းနှင့် သူ၏ ကိုယ်လုံးမှာ ရုတ်တရက် တောင့်တင်းသွားပြီး တစ်စုံတစ်ခု၏ နှောင့်ယှက်မှုကို ခံလိုက်ရသကဲ့သို့ ဖြစ်သွားသည်။

ထို့နောက် သူက သတိပြန်ဝင်လာကာ ထန်ထျန်းကို ကြည့်ပြီး ပြောလိုက်သည်။ "ဒီစင်မြင့်က ငါ့ကို အတိတ်တွေ အများကြီး ပြန်စဉ်းစားခွင့် မပေးဘူး၊ မင်းကို အစွမ်းကုန် တိုက်ခိုက်ဖို့ပဲ ခိုင်းနေတယ်"

"မင်း... အသင့်ပြင်ပြီးပြီလား"

ထန်ထျန်းက ခေါင်းညိတ်လိုက်သည်။ "လာခဲ့လေ"

စကားအဆုံးတွင် လေညင်းကဲ့သို့သော အော်ရာတစ်ခုမှာ လုမင်၏ ကိုယ်ပေါ်မှ ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။

ယင်းနောက် ကျောက်စိမ်းဖြူ ခေါက်ယပ်တောင်တစ်ချောင်းမှာ သူ၏ လက်ထဲတွင် ပေါ်လာသည်။

ထန်ထျန်းက သေချာ ကြည့်လိုက်သော်လည်း ဤယပ်တောင်ပေါ်တွင် ထူးခြားသည့် အရာတစ်ခုမှ မတွေ့ရပေ၊ ၎င်းမှာ သာမန် အဆင့်မြင့် အင်မော်တယ် လက်နက် တစ်ခုသာ ဖြစ်သည်။

ဖြစ်နိုင်သည်မှာ ထာဝရ စင်မြင့်က ထိုအစွမ်းထက် နတ်ဘုရားပစ္စည်း ကို ပုံဖော်ပေးနိုင်စွမ်း မရှိခြင်းကြောင့် ဖြစ်နိုင်သလို လုမင်က ၎င်းကို လုံးဝ အသုံးမပြုခဲ့ခြင်းလည်း ဖြစ်နိုင်သည်။

ထန်ထျန်း တွေးနေတုန်းမှာပင် လုမင်၏ ပုံရိပ်မှာ ထန်ထျန်း၏ ရှေ့သို့ ရောက်ရှိလာပြီဖြစ်သည်။

"ဂျူနီယာညီလေး... တိုက်ပွဲထဲမှာ အာရုံလွင့်နေတာက အကျင့်ကောင်းတစ်ခု မဟုတ်ဘူးနော်"

ပြောပြီးသည်နှင့် မီတာ တစ်ထောင်မြင့်သော ဆူနာမီ ဒီရေလှိုင်းကြီးကဲ့သို့ ပြင်းထန်သော စွမ်းအားတစ်ခုက ထန်ထျန်းထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာတော့သည်။

ထိုစွမ်းအားကို ခံစားလိုက်ရသောအခါ ထန်ထျန်းက စိတ်ထဲမှ ချီးကျူးမိသည်။

ရှင်းဟယ် အင်မော်တယ်ဧကရာဇ်က အဘယ်ကြောင့် ဤကောင် ၏ ဖိနှိပ်ခြင်းကို အမြဲ ခံခဲ့ရသည်မှာ မဆန်းတော့ပေ။ "ချန်းကျီရှန်းဝူ " ကို ထည့်မတွက်လျှင်ပင် လုမင်၏ ခွန်အားမှာ ထိုခေတ်က နံပါတ်တစ် ပါရမီရှင်ဆိုသည့် ဘွဲ့နှင့် တကယ်ကို ထိုက်တန်လှသည်။

ဒါပေမဲ့... ထန်ထျန်းရှေ့မှာတော့ ဒီလို အကွက် မျိုးတွေက ဘာမှ မဟုတ်ပေ။

လုမင်၏ တိုက်ခိုက်မှုကို လွယ်လွယ်ကူကူပင် ဖယ်ရှားလိုက်ပြီး ထန်ထျန်းက လက်သီးတစ်ချက်ဖြင့် သူ့ကို နောက်သို့ ဆုတ်သွားအောင် တိုက်ခိုက်လိုက်သည်။

"အဲဒီ တာအိုကျင့်စဉ် ကို မသုံးဘူးဆိုရင်တော့ စီနီယာမှာ ဘာအခွင့်အရေးမှ မရှိတော့ ဘူး"

ထန်ထျန်းက တည်ငြိမ်စွာ ပြောလိုက်သည်။

လုမင်၏ မျက်လုံးထဲတွင် အံ့သြရိပ် အနည်းငယ် ပေါ်လာကာ ပြုံးလျက် ပြော၏။ "မင်းက ငါ့အကြောင်းကို တော်တော် သိနေပုံရတယ်နော်"

ထန်ထျန်းက ရယ်မောလိုက်ပြီး "စီနီယာ ထင်ထားတာထက်တောင် ပိုသိပါသေးတယ်"

"ဥပမာ... စီနီယာနဲ့ လင်းရင် တို့ နှစ်ယောက် ဘာတွေ လုပ်နေကြလဲဆိုတာကိုပေါ့"

သူက သမိုင်းမှ ခေါ်ယူထားသော ဤလုမင်မှာ ပို၍ များပြားသည့် ကိစ္စရပ်များကို သိနိုင်မလားဟု စမ်းသပ်ကြည့်ခြင်း ဖြစ်သည်။

သို့သော်လည်း သူ့ကို စိတ်ပျက်သွားစေသည်မှာ ဤစကားကို ကြားပြီးနောက် လုမင်၏ မျက်နှာတွင် သိသိသာသာ ဝေဝါးသွားသော အမူအရာ ပေါ်လာခြင်းပင်။

"လင်းရင်ဆိုတာ ဘယ်သူလဲ"

"ဟင်း... ဒီနာမည်က ငါ့အတွက် တော်တော် အရေးကြီးတယ်လို့ ခံစားရတယ်၊ ဒါပေမဲ့ ငါ လုံးဝ မမှတ်မိတော့ဘူး"

"အား... ခေါင်းကိုက်လိုက်တာ"

"ကဲ... အဓိက အကြောင်းအရာကို ပြန်သွားရအောင်၊ မင်းက တကယ်ကို သန်မာတယ်၊ ရှင်းဟယ် ထက် အများကြီး ပိုတော်တယ်၊ နှမြောစရာကောင်းတာက ငါတို့ တစ်ခေတ်တည်းသား မဖြစ်ခဲ့တာပဲ၊ မဟုတ်ရင်တော့ တကယ်ကို စိတ်လှုပ်ရှား စရာ ကောင်းမှာပဲ"

"ဒါပေမဲ့ အခု ဆုံရတာလည်း ကံကြမ္မာပဲပေါ့၊ မင်းက ငါ့ကို အဲဒီ တာအိုကျင့်စါ် သုံးစေချင်တယ်ဆိုရင်တော့ မင်းရဲ့ ဆန္ဒအတိုင်း ဖြစ်စေရမယ်"

ပြောပြီးသည်နှင့် လုမင်၏ ကိုယ်ပေါ်မှ အော်ရာ များမှာ ရုတ်တရက် ပြောင်းလဲသွားတော့သည်။ သောင်းကျန်းလှသော လှိုင်းလုံးကြီးများမှသည် မှန် ကဲ့သို့ ငြိမ်သက်နေသော ကန်ရေပြင်အလား ပြောင်းလဲသွားသည်။

ယပ်တောင်တစ်ချောင်းမှာလည်း လှပစွာ ကခုန်နေတော့သည်။

All Chapters