နှစ်ပေါင်းနှစ်သောင်းအရွယ် ညီလေး
Vol. 53 Ch. 559
ထန်ထျန်း၏ ဤလက်ဝါးရိုက်ချက်ထဲတွင် ထူးခြားသည့် ကောင်းကင်နိယာမ အချို့ ပါဝင်နေသည်။
၎င်းက ပြင်းထန်သည့် ဒဏ်ရာမျိုး မရစေသော်လည်း အလွန်ထူးခြားသည့် ဝိသေသတစ်ခု ရှိနေသည်။
၎င်းမှာ... အလွန်အမင်း နာကျင်ခြင်းပင်
လက်ဝါးရိုက်ချက် ကျရောက်သွားသည်နှင့် ကောင်လေးမှာ ရင်ကွဲမတတ် အော်ဟစ်တော့သည်။
ယင်းနောက် သူက အံ့ ကို ကြိတ်ကာ ထန်ထျန်းကို စိုက်ကြည့်လိုက်ပြီး ရှက်ရွံ့မှုနှင့်အတူ အဆုံးမဲ့သည့် ဒေါသများ မျက်လုံးထဲတွင် ပြည့်နှက်နေသည်။
"မင်း သေချင်နေတာလား"
"ငါ့ဘဝမှာ ဘယ်သူမှ ဒီလို မလုပ်ဖူးဘူး"
သူက အော် လိုက်သည်။
ထန်ထျန်းက ဟက်ဟက်ပက်ပက် ရယ်မောကာ "ဒါဆိုလည်း တော်သေးတာပေါ့"
"အစ်ကိုကြီးက မင်းကို ပြည့်စုံတဲ့ ကလေးဘဝ အမှတ်တရလေး ပေးပါ့မယ်"
ပြောပြီးသည်နှင့် သူက ကောင်းကင်နိယာမကို သုံးကာ သေးသွယ်သည့် ဝါးခြမ်းစိတ်တစ်ခုကို ဖန်တီးလိုက်ပြီး ကောင်လေး၏ တင်ပါးကို ထပ်မံ ရိုက်လိုက်ပြန်သည်။
"အား"
ကောင်လေးမှာ တစ်ဖန် အော်ပြန်သည်၊ ထိုနာကျင်မှုက ဝိညာဉ်ထဲအထိ စိမ့်ဝင်သွားသယောင် ပင်။
"မင်း... မင်းလို အရှက်မရှိတဲ့ ကောင်စုတ်"
"သတ္တိရှိရင် ငါ့ကို လွှတ်ပေးပြီး ထိပ်တိုက်ရင်ဆိုင်စမ်းပါ"
ထန်ထျန်း၏ အကြည့်များမှာ တည်ငြိမ်နေဆဲပင် "ပါးစပ်က သရမ်းနေတုန်းပဲလား"
"ဖြန်း"
နောက်တစ်ချက်မှာ သူ၏ တင်ပါးပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားပြန်သည်။
"အား"
"မင်းလို အမှိုက်ကောင်ကို ငါ သတ်ပစ်မယ်"
ကောင်လေးမှာ ရူးသွပ်မတတ် အော်နေတော့သည်။
ထန်ထျန်း "ဟင်"
"ဖြန်း" ဆိုသည့် အသံနှင့်အတူ နိယာမဝါးခြမ်းစိတ်မှာ ထပ်မံ ကျရောက်လာပြန်သည်။
"မင်း... မင်း..."
ကောင်လေးက ဆက်ပြီး ဆဲဆိုရန် ကြိုးစားသော်လည်း ထန်ထျန်းက လက်ဦးမှုယူကာ ဝါးခြမ်းစိတ်ကို လွှဲပြီး သူ၏ တင်ပါးကို တရစပ် ရိုက်နှက်တော့သည်။
မကြာမီမှာပင် ကောင်လေးမှာ လုံးဝ ပေါက်ကွဲသွားတော့သည်။
"ငါ မင်းနဲ့ အသေ တိုက်မယ်"
အလွန်ကြောက်မက်ဖွယ်ကောင်းသော အော်ရာ တစ်ခုမှာ သူ၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာသည်။
ထိုအော်ရာမှာ တာအိုအဆင့် ကျွမ်းကျင်သူနှင့်ပင် အနီးစပ်ဆုံး တူညီနေတော့သည်။
ခဏချင်းမှာပင် ထန်ထျန်း၏ အနန္တတာအိုနိယာမ နယ်မြေ ချည်နှောင်မှုမှာ သူ၏ ရုန်းကန်မှုကြောင့် အနည်းငယ် လျော့ရဲသွားသည်။
နှမြောစရာကောင်းသည်မှာ... ထိုမျှသာ ဖြစ်ခြင်းပင်။
ထန်ထျန်းက စိတ်ကူးလိုက်ရုံဖြင့် အနန္တတာအိုနိယာမ နယ်မြေမှာ ပြန်လည် တင်းကျပ်သွားပြီး လက်ထဲမှ ဝါးခြမ်းစိတ်မှာလည်း ဆက်လက် ကျရောက်နေဆဲ ဖြစ်သည်။
ကောင်လေး၏ အော်ဟစ်သံများမှာ စင်မြင့်တစ်ခုလုံးတွင် ပြည့်နှက်နေတော့သည်။
ဤကောင်လေး၏ ခွန်အားမှာ တကယ်ပင် သန်မာ လှသည်။
၎င်းမှာ ထန်ထျန်း မြင်ဖူးသမျှ၊ ကြားဖူးသမျှထဲတွင် အစွမ်းထက်ဆုံး အင်မော်တယ်ဧကရာဇ် ဖြစ်သည်ဟု ဆိုနိုင်သည်။
သို့သော် မည်မျှပင် အစွမ်းထက်သည့် အင်မော်တယ်ဧကရာဇ် ဖြစ်ပါစေ၊ အင်မော်တယ်ဧကရာဇ်မှာ အင်မော်တယ်ဧကရာဇ်သာ ဖြစ်သည်။
ထန်ထျန်း၏ လက်ရှိခွန်အားမှာ တာအိုအဆင့်အောက်တွင် လုံးဝ ဖိနှိပ်ထားနိုင်ပြီး ပြန်လည် တိုက်ခိုက်နိုင်မည့် အခွင့်အရေး လုံးဝ မရှိပေ။
ကောင်လေးမှာ ဝါးခြမ်းစိတ်များ သူ၏ တင်ပါးပေါ်သို့ တရစပ် ကျရောက်နေသည်ကို မည်သို့မျှ မတတ်နိုင်ဘဲ ကြည့်နေရုံသာ ရှိတော့သည်။
အစပိုင်းတွင် ဆဲဆို နိုင်သေးသော်လည်း ခဏအကြာတွင်တော့ ဆဲဆိုသံများသာ ကျန်တော့သည်။
နောက်ဆုံးတွင်မူ ဆဲပင် မဆဲနိုင်တော့ဘဲ ငိုကြွေးတော့သည်။
"မရိုက်ပါနဲ့တော့၊ ကျွန်တော် အရှုံးပေးပါပြီ၊ အရှုံးပေးရင် ရပြီမလား..."
"ကျွန်တော် ဘယ်တော့မှ မဆဲတော့ပါဘူး..."
"ဝါး... ဘယ်သူမှ ကျွန်တော့် ကို ဒီလို မရိုက်ဖူးဘူး..."
"တကယ်ကို နာလွန်းလို့ပါ..."
မျက်ရည်များ၊ နှပ်များဖြင့် ငိုယိုနေသည့် ကောင်လေးကို ကြည့်ပြီး ထန်ထျန်းက လက်ထဲမှ နိယာမဝါးခြမ်းစိတ်ကို ဖျောက်လိုက်သည်။
ယင်းနောက် အနန္တတာအိုနိယာမ နယ်မြေကိုလည်း ရုပ်သိမ်းလိုက်သည်။
"အစကတည်းက ဒီလိုလုပ်ရင် ရနေတာကို"
"ဒီလောက် ငယ်ငယ်လေးနဲ့ ပါးစပ်သရမ်းတဲ့ အကျင့်ကို ဘယ်သူ့ဆီက သင်လာတာလဲ"
ထန်ထျန်းက ပြောလိုက်သည်။
သို့သော် ယခုအချိန်တွင် ကောင်လေးမှာ မြေပြင်တွင် ထိုင်၍ ငိုယိုနေရုံသာ ရှိပြီး ပြန်လည် မချေပနိုင်တော့ပေ။
သူ၏ သနားစရာကောင်းသော ပုံစံကို ကြည့်ပြီး ထန်ထျန်းလည်း စိတ်ထဲတွင် အနည်းငယ် မချိမဆံ့ ဖြစ်သွားသည်။
ဘာပဲပြောပြော သူက ကလေးတစ်ယောက်သာ ဖြစ်ပြီး ဤအသက်အရွယ်တွင် ထိပ်ဆုံးသို့ ရောက်ရှိနေသူ ဖြစ်ရာ မောက်မာနေသည်မှာ သဘာဝပင်။
"ကဲ... မငိုနဲ့တော့၊ အခု ငါ နယ်မြေနဲ့ ဖိမထားတော့ဘူး၊ ငါတို့တွေ တကယ့် ခွန်အားချင်း ယှဉ်ပြိုင်ကြရအောင်"
ထန်ထျန်းက ပြော၏။
ကောင်လေးက ငိုရင်းဖြင့် "ဘာကို ယှဉ်ဦးမှာလဲ"
"မင်းလက်ထဲမှာ ကျွန်တော် က အရုပ်တစ်ခုလို ဖြစ်နေတာ၊ တခြားလူတွေ ကျွန်တော့် လက်ထဲမှာ ဖြစ်နေသလိုမျိုးပေါ့"
"ဒီခံစားချက်ကို ကျွန်တော် ကောင်းကောင်း သိတယ်"
"မင်းမျက်လုံးထဲမှာ ကျွန်တော် က အမှိုက်တစ်ခုလိုပဲ၊ ဒါမှမဟုတ် အမှိုက်ထက်တောင် နိမ့်ကျနေဦးမှာ..."
ထန်ထျန်းမှာ ဆွံ့အသွားသည်၊ ဒီကောင်က ကိုယ်ချင်းစာတရား ထားတတ်သားပဲ။
ဒါပေမဲ့ လူတစ်ယောက်နဲ့ တစ်ယောက်က မတူဘူးဆိုတာကို သူ မေ့နေတာ။
"မင်းက အမှိုက်လို့ ငါ မထင်ပါဘူး"
"မင်းက ငါမြင်ဖူးသမျှထဲမှာ အသန်မာဆုံး အင်မော်တယ်ဧကရာဇ်ပဲ"
"ဒါပေမဲ့... နည်းနည်းတော့ မောက်မာလွန်းတယ်၊ ပါးစပ်ကလည်း သရမ်းလွန်းတယ်"
ထန်ထျန်းက ပြောလိုက်သည်။
ကောင်လေးက ခေါင်းမော့ကြည့်လာပြီး ဝေဝါးစွာဖြင့် "တကယ်လား"
ထန်ထျန်းက ခေါင်းညိတ်ပြလိုက်သည်။
ကောင်လေးမှာ ခဏမျှ ကြောင်သွားပြီးမှ "ဒါပေမဲ့... ကျွန်တော့် မှာ ပြဿနာရှိတယ်လို့ ဘယ်သူမှ မပြောဖူးဘူးလေ"
ထန်ထျန်းမှာ ငြိမ်သက်သွားသည်။
ဤကဲ့သို့ ပါရမီရှင်မျိုးမှာ ငယ်စဉ်ကတည်းက လူအများ၏ ဝိုင်းဝန်း မြှောက်ပင့်ခြင်းကိုသာ ခံခဲ့ရမှာ သေချာသည်။
ခွန်အားကို အဓိကထားသည့် ဤလောကတွင် သူ၏ အပြောအဆိုနှင့် စရိုက်ပိုင်းဆိုင်ရာ ချို့ယွင်းချက်လေးတွေကို ဘယ်သူက ဂရုစိုက်မှာလဲ
ထိုသို့သော ပါရမီရှင်မျိုးက အင်အားကြီး အင်အားစု တစ်ခုတွင် မွေးဖွားလာပါက အာဏာနှင့် အကျိုးစီးပွား ပဋိပက္ခများ၏ ဗဟိုချက် ဖြစ်လာမှာ သေချာပြီး သူ မြင်တွေ့ရသမျှမှာလည်း... ပြောရခက်လှသည်။
သူ့တင် မဟုတ်ဘဲ လူတိုင်းက ထိုကဲ့သို့ပင်။
လူတိုင်းမှာ ပတ်ဝန်းကျင်၏ ကန့်သတ်ချက်များကြောင့် ဗဟုသုတ နည်းပါးတတ်ကြသည်။ မင်းအတွက် သာမန်ဟု ထင်ရသည့် အရာများမှာ အခြားသူများအတွက် သာမန် မဖြစ်နေတတ်ပေ။
ဒါကိုပဲ လူတွေက " ပိတ်မိနေခြင်း" လို့ ခေါ်ကြတာပေါ့။
တွေဝေနေသည့် ကောင်လေးကို ကြည့်ရင်း ထန်ထျန်းသည်လည်း ဆက်ပြီး ဆုံးမလိုစိတ် မရှိတော့ပေ။
ဤနေရာမှာ ထာဝရ စင်မြင့်သာ ဖြစ်ပြီး ကောင်လေးမှာလည်း အတိတ်က ကောင်လေးသာ ဖြစ်ရာ ဘာပဲလုပ်လုပ် ဖြစ်ပျက်ခဲ့ပြီးသည့် အရာများကို ပြောင်းလဲ၍ မရနိုင်ပေ။
"မင်းနာမည် ဘယ်လိုခေါ်လဲ"
ထန်ထျန်းက မေးလိုက်သည်။
ကောင်လေးက ခဏကြောင်သွားပြီးမှ ပြန်ဖြေသည်။ "ချန်ဝူဟွေ့"
ထန်ထျန်းက ခေါင်းညိတ်ပြလိုက်ပြီး ထိုနာမည်ကို မှတ်ထားလိုက်သည်။
ကောင်းကင်ထိပ်ဆုံး ကို ရောက်သည့်အခါ သူနှင့် ပြန်ဆုံကောင်း ဆုံနိုင်ဦးမည် မဟုတ်ပါလား။
ယင်းနောက် သူက ချန်ဝူဟွေ့၏ ဘေးတွင် ထိုင်ကာ စကားစမြည် ပြောကြတော့သည်။
.....
ထိုအချိန်တွင် အပြင်ဘက်ရှိ လူတိုင်းမှာ လုံးဝကို ဆွံ့အကုန်ကြပြီ ဖြစ်သည်။
ထိုက်ယန် အင်မော်တယ်ဧကရာဇ်၏ ရှင်းပြချက်ကြောင့် ဤချန်ဝူဟွေ့ဆိုသူမှာ မည်မျှအထိ ကောင်းကင်ကို ဆန့်ကျင်နေသူ ဖြစ်ကြောင်း သူတို့ သိသွားကြပြီပင်။
သူက အသက် ရှစ်နှစ်မှာတင် ကောင်းကင်ထိပ်ဆုံး သို့ တက်လှမ်းခွင့် ရရှိခဲ့သော်လည်း ၁၃ နှစ်မှသာ တက်သွားခဲ့ခြင်း ဖြစ်သည်။
ဆိုလိုသည်မှာ ထိုကြားထဲက ၅ နှစ်လုံးလုံး အင်မော်တယ်ဧကရာဇ် အဆင့်ကို အချောသတ် သန့်စင်နေခဲ့ခြင်း ဖြစ်သည်။
ထာဝရ စင်မြင့်ပေါ်တွင် ပေါ်လာသည့် ချန်ဝူဟွေ့မှာ သူ၏ အင်မော်တယ်ဧကရာဇ် အဆင့်တွင် အစွမ်းထက်ဆုံး အချိန်ပင်
သို့သော်လည်း ထိုကဲ့သို့ အစွမ်းထက်သည့် တည်ရှိမှုမှာ ထန်ထျန်း၏ လက်ထဲတွင် ပြန်လည် တိုက်ခိုက်နိုင်စွမ်း တစ်စက်ကလေးမှ မရှိဘဲ ငိုသွားသည်အထိ အရိုက်ခံလိုက်ရသည်။
ဒါက သူတို့ရဲ့ ကမ္ဘာအမြင်ကို လုံးဝ ပြောင်းလဲပစ်လိုက်ခြင်းပင်။
ခပ်ကြာကြာ ငြိမ်သက်နေပြီးမှ မင်ရွှမ် အင်မော်တယ်အရှင်က တိုးတိုးလေး ရေရွတ်လိုက်သည်။ "ချန်ဝူဟွေ့က ထျန်းဖူနန်းတော်ကြီး ကိုးခုမှာ အသန်မာဆုံး ပါရမီရှင်ပဲ"
"ဒါပေမဲ့ ထန်ထျန်းက သူ့ကို အလွယ်တကူ အနိုင်ယူလိုက်တယ်"
"ဒါဆိုရင် အခု အောက်လောကရဲ့ နံပါတ်တစ်က..."
လူတိုင်းမှာ အံ့သြတုန်လှုပ်သွားကြသည်။
ဟုတ်ပေ သည်၊ ထန်ထျန်းက ချန်ဝူဟွေ့ကို အနိုင်ယူလိုက်ပြီဆိုမှတော့ သူက အောက်လောကရဲ့ နံပါတ်တစ် အသစ် ဖြစ်သွားပြီပေါ့
ဤမျှ ကြီးကျယ်သော ဂုဏ်သတင်းမှာ သူတို့၏ တိမ်တိုက်ထျန်းဖူနန်းတော်ထံသို့ ရောက်လာလိမ့်မည်ဟု သူတို့ တစ်ခါမှ မတွေးဖူးခဲ့ပေ။
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ထိုက်ယန် အင်မော်တယ်ဧကရာဇ်က ချောင်းတစ်ချက်ဟန့်ကာ "ထျန်းရှထုန် ကုန်သွယ်ရေးအသင်း နဲ့ ပုံရိပ်ယောင်နယ်မြေ တို့ နယ်မြေချဲ့ထွင်တဲ့ နေရာမှာ ဘယ်သူမှ နှောင့်ယှက်တာမျိုး မရှိဘူး မဟုတ်လား"
လန်တင်း အင်မော်တယ်အရှင်က ခေါင်းညိတ်ကာ ပြော၏။ "မရှိပါဘူး၊ ကျွန်တော် တို့ အစွမ်းကုန် ပူးပေါင်းဆောင်ရွက်ပေးနေပါတယ်။ ပြဿနာအနည်းငယ် ရှိပေမဲ့ ပုံမှန်အတိုင်းပဲဆိုတော့ ချက်ချင်း ဖြေရှင်းပြီးပါပြီ"
ထိုက်ယန် အင်မော်တယ်ဧကရာဇ်က သက်ပြင်းတစ်ချက် ချလိုက်သည်။
"ဒါဆိုရင်တော့ တော်သေးတာပေါ့"
ယင်းနောက် သူက ရှေ့မှ အလင်းမျက်နှာပြင်ကို ကြည့်ကာ တိုးတိုးလေး ပြောလိုက်သည်။ "ငါတို့ ထျန်းဖူနန်းတော်ရဲ့ အနာဂတ် ကံကြမ္မာကတော့..."
"သူ့ရဲ့ ပခုံးပေါ်မှာ မူတည်နေပြီ ထင်ပါရဲ့"
....
ထာဝရ စင်မြင့်ပေါ်တွင်
ထန်ထျန်းနှင့် ချန်ဝူဟွေ့တို့ အချိန်အတော်ကြာ စကားပြောဖြစ်ခဲ့ကြပြီး သူ၏ ၁၃ နှစ်မတိုင်ခင် ဘဝအကြောင်းကိုလည်း ထန်ထျန်း အကြမ်းဖျင်း သိသွားခဲ့သည်။
ခြုံငုံကြည့်ရလျှင် သူ ထင်ထားသလိုပင်။
အာဏာ၏ ဗဟိုချက်တွင် မွေးဖွားလာသည့် တုနှိုင်းမဲ့ ပါရမီရှင်ပေါ့။
စကားပြောပြီးနောက်တွင် ချန်ဝူဟွေ့က ထန်ထျန်းကို အလေးအနက် ပြောလိုက်သည်။ "ဒီနေ့ကစပြီး မင်းက ကျွန်တော့် ရဲ့ အစ်ကိုကြီးပဲ"
"ကျွန်တော် က အခု ပုံရိပ်ယောင်သက်သက်ပဲဆိုတာ သိပေမဲ့ ကျွန်တော် ချန်ဝူဟွေ့ကတော့ ကတိတည်မှာပဲ"
"တကယ့် လက်တွေ့လောကက ကျွန်တော် သာ ဒီကိစ္စကို သိရင် မင်းကို အစ်ကိုကြီးအဖြစ် သတ်မှတ်တာကို လုံးဝ ငြင်းမှာ မဟုတ်ဘူး"
ထန်ထျန်း၏ နှုတ်ခမ်းမှာ တွန့်သွားသည်။
တော်ပါတော့ကွာ၊ မင်းက အခု ဝူကျိတာအိုအဆင့် ကျွမ်းကျင်သူကြီး ဖြစ်နေတာလေ ။
ပြီးတော့ သူက နှစ်ပေါင်း နှစ်သောင်းကျော်နေပြီဖြစ်တဲ့ အဖိုးကြီးတစ်ယောက်ရဲ့ အစ်ကိုကြီး လုပ်ဖို့ စိတ်မဝင်စားပါဘူးကွ။
သို့သော်လည်း... ထန်ထျန်းက ပြုံးပြီး လက်ခံပေးလိုက်သည်။
ကလေးကို ချော့ရတာပေါ့၊ ပြီးတော့ လက်တွေ့လောကက ချန်ဝူဟွေ့ကလည်း ထွက်သွားပြီဆိုတော့ ဘယ်သူမှ ဒါကို ဂရုစိုက်မှာ မဟုတ်ပေ။
ခဏအကြာတွင် ချန်ဝူဟွေ့မှာ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားပြီး ထန်ထျန်းသည်လည်း သူ၏ ပါရမီရှင်ဝိညာဉ်ကို သိမ်းလိုက်သည်။
ယင်းနောက် နောက်ဆုံး ပုံရိပ်တစ်ခုမှာ သူ၏ ရှေ့တွင် ဖြည်းဖြည်းချင်း စုစည်းလာတော့သည်။
ထာဝရ ပြိုင်ဘက်ကင်း