← Chapters

ပြင်ပလေဟာနယ်

Vol. 15 Ch. 151

ပြင်ပလေဟာနယ်

Vol. 15 Ch. 151

ယနေ့ အခင်းဖြစ်ပွားရာနေရာသို့ ရောက်လာကြသော ရှေးဟောင်းသုတေသနပညာရှင်များသည် မည်သို့ပင်ပြောဆိုလုပ်ကိုင်ကြစေကာမူ သို့မဟုတ် မည်မျှပင် ရိုးအကြစေကာမူ အသိအမှတ်ပြုထိုက်သည့် အချက်တစ်ချက်မှာ သူတို့သည် ဖိတ်ကြားခြင်းခံရနိုင်စွမ်း ရှိကြခြင်းပင်။

သူတို့တစ်ဦးစီတိုင်းတွင် အလွန်ကြွယ်ဝသော ရှေးဟောင်းသုတေသန အတွေ့အကြုံများ ရှိကြသည်။

ရှုထောင့်တစ်မျိုးမှ ကြည့်လျှင် ရှေးဟောင်းသုတေသနပညာသည် သင်္ချိုင်းဖောက်ထွင်းခြင်းနှင့် ခြားနားမှုမရှိချေ။

အချိန်ရေစီးကြောင်းရှည်ကြီးထဲတွင် ကွယ်လွန်သွားခဲ့ကြသော်လည်း ခန္ဓာကိုယ်တစ်ခုအပေါ် စွဲလမ်းမှုရှိနေသေးသူများသည် သူတို့အတွက် ကြီးမားသော ဓနဥစ္စာများကို အသုံးပြုကာ သင်္ချိုင်းဂူများ တည်ဆောက်၍ ထာဝရအသက်ရှင်ရန် ကြိုးစားလေ့ရှိကြ၏။

သင်္ချိုင်းဖောက်ထွင်းသူများ၏ အနှောင့်အယှက်ပေးမှုကို ဖြေရှင်းရန်အတွက် သင်္ချိုင်းဂူအများစုတွင် စက်ယန္တရားများ လျှို့ဝှက်လက်နက်များနှင့် အဆိပ်ငွေ့များ ရှိနေသည်။

ထို့ပြင် ညှဉ်းပန်းနှိပ်စက်သည့် နည်းလမ်းမျိုးစုံပင် ရှိနေသည်။

ထိုနေရာများသို့ ကျူးကျော်ဝင်ရောက်သော မည်သူမဆို အဆုံးသတ်ကောင်းမည် မဟုတ်ချေ။

"ဒီအရာက အဆိပ်အခိုးအငွေ့ပဲ... အားလုံး ဓာတ်ငွေ့ကာမျက်နှာဖုံးတွေ တပ်ကြ..."

"အသက်အောင့်ထားကြ... လုံးဝရှူမသွင်းနဲ့..."

"ကျစ်... ဒီအနက်ရောင်အခိုးအငွေ့က အရမ်းထူထပ်လွန်းတယ်... သာမန်အဆိပ်ငွေ့ထက် ပိုဆိုးမှာ သေချာတယ်..."

"ပိရမစ်ထဲမှာ အန္တရာယ်ရှိတယ်ဆိုတာ ငါသိပြီးသားပါ... ဒါက အစပဲ ရှိအုံးမှာ..."

ထိုရှေးဟောင်းသုတေသနပညာရှင်များက အလွန်လျှင်မြန်စွာ တုံ့ပြန်ခဲ့ကြသည်။

သူတို့သည် ဤနေရာသို့ ရောက်မလာမီကတည်းက ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားပြီးဖြစ်ရာ ဓာတ်ငွေ့ကာမျက်နှာဖုံးများကို ချက်ချင်းတပ်ဆင်လိုက်ကြ၏။

ရဲတင်းသော ရှေးဟောင်းသုတေသနပညာရှင်တစ်ဦးက ယဲ့ပိုင်ထံသို့ မျက်နှာဖုံးတစ်ခု လက်ကမ်းပေးလာသော်လည်း ယဲ့ပိုင်က မယူလိုက်ချေ။

သူ၏မျက်နှာအမူအယာ တည်ငြိမ်နေပြီး သတ္တုနံရံကို လျစ်လျူရှုသည့်အကြည့်ဖြင့် ကြည့်ရှုနေကာ အနည်းငယ်မျှ အာရုံစိုက်မှု ကင်းမဲ့သွားလေ၏။

သူသည် အနက်ရောင်အခိုးအငွေ့များကို မည်သည့်အံ့အားသင့်မှုမျှမရှိဘဲ ကြည့်နေခဲ့သည်။

"ပါမောက္ခယဲ့... ဒီဓာတ်ငွေ့က တကယ်ကို အဆိပ်ပြင်းတယ်... ဘယ်လိုဖြစ်တည်လာသလဲဆိုတာ အတိအကျမသိပေမဲ့ သက်ရှိလူတစ်ယောက်ကို အထဲပစ်ထည့်ကြည့်လိုက်တော့ ချက်ချင်းအရိုးစုအဖြစ် ပြောင်းလဲသွားပြီးတော့ နောက်ဆုံးမှာ ပြာအဖြစ်နဲ့ လုံးဝပျက်စီးသွားတယ်..."

ခူးဖူသည် ဓာတ်ငွေ့ကာမျက်နှာဖုံး တပ်မထားဘဲ အနောက်၌ မတ်တတ်ရပ်ကာ ညင်သာစွာ ပြောဆိုလိုက်၏။

သူ၏မျက်လုံးများထဲရှိ အကြည့်မှာလည်း အလွန်ပုံမှန်သာ ဖြစ်နေသည်။

ဤသည်မှာ အစကတည်းက သူတည်ဆောက်ခဲ့သောအရာဖြစ်ရာ ဤနေရာအကြောင်းကို သူ အလွန်ကောင်းမွန်စွာ နားလည်ထားပေ၏။

သူ၏ရှေ့ရှိ အနက်ရောင်အခိုးအငွေ့များသည် တလိမ့်လိမ့်ထနေသော်လည်း အထဲသို့ မဝင်သရွေ့ မည်သူကိုမျှ ထိခိုက်စေမည်မဟုတ်ချေ။

ခူးဖူ၏စကားကို ကြားပြီးနောက် ယဲ့ပိုင်က တီးတိုးရေရွတ်လိုက်သည်။

"ဘာပဲဖြစ်ဖြစ် အထဲဝင်သွားရင် သိရမှာပေါ့..."

"ပါမောက္ခယဲ့... ကျေးဇူးပြုပြီး..."

ခူးဖူသည် လေးစားမှုရှိသော အမူအယာဖြင့် လက်ကိုဆန့်တန်းလိုက်ရာ သူ၏လှုပ်ရှားမှုများမှာ အလွန်တင့်တယ်ပြီး မြင့်မြတ်လှပေ၏။

သူ ထိုသို့ပြောဆိုချိန်တွင် သူ၏မျက်လုံးများထဲ၌ အေးစက်သောအလင်းတန်းများ ဆက်တိုက်လင်းလက်နေခဲ့သည်။

ထိုအနက်ရောင်အခိုးအငွေ့သည် မည်သည့်အရာဖြစ်ကြောင်း သူ တကယ်ကို မသိခဲ့ချေ။

သို့ရာတွင် သူ စမ်းသပ်ချင်ခဲ့သည်။ ထိုအရာကို အသုံးပြု၍ ယဲ့ပိုင် မည်မျှထိ သန်မာကြောင်းကို သူ စမ်းသပ်လိုပေ၏။

ယဲ့ပိုင်သည် ခူးဖူ၏ သတိထားနေသော အတွေးများကို အလွန်ရှင်းလင်းစွာ သိမြင်သော်လည်း ထိုအရာကို ဖွင့်ချရန် စိတ်မဝင်စားခဲ့ချေ။

သူ အထဲသို့ တိုက်ရိုက်ဝင်ရန် ပြင်ဆင်နေစဉ် လူအုပ်ကြားတွင် ဓာတ်ငွေ့ကာမျက်နှာဖုံး တပ်ထားသော ဟုမ်းစ်က အချိန်ကိုက်ရှေ့ထွက်လာပြီး အော်ဟစ်လိုက်သည်။

"ငါမှာ ဓာတ်ငွေ့ကာမျက်နှာဖုံး ပါတယ်... ငါ အရင်ဝင်ပါရစေ..."

သူ၏လှုပ်ရှားမှုများ အလွန်သွက်လက်နေသည်။

နောက်ကွယ်ရှိ ရှေးဟောင်းသုတေသနပညာရှင်များအနက် အများစုမှာ အလွန်လိမ္မာပါးနပ်ကြသည်။

ဟုမ်းစ် ရှေ့သို့ထွက်လာသည်ကို မြင်တွေ့ချိန်၌ သူတို့သည် မည်သို့မျှ တုံ့ပြန်ခြင်းမပြုဘဲ အလွန်တည်ငြိမ်စွာ စောင့်ဆိုင်းနေခဲ့ကြ၏။

"မစ္စတာဟုမ်းစ်ကို ငါ ထောက်ခံတယ်..."

"အင်း... သူ့ကို အရင်ဝင်ခိုင်းလိုက်ပါ... ဘာပဲဖြစ်ဖြစ် သူက ဝါရင့်ကျွမ်းကျင်ပညာရှင်ကြီးပဲ..."

"ဟုတ်တယ်..."

ရှေးဟောင်းသုတေသနပညာရှင်တချို့ကပင် သူတို့၏ ထောက်ခံမှုများကို ထုတ်ဖော်ခဲ့ကြသည်။

သူတို့သည် ဟုမ်းစ်အား စမ်းသပ်ခံပစ္စည်းတစ်ခုအဖြစ် သတ်မှတ်ထားကြခြင်းဖြစ်ကြောင်း သိသာထင်ရှားသည်။

"ဒီအရူးတွေက ပိရမစ်ထဲမှာ ဘာဖုံးကွယ်ထားလဲဆိုတာ သဘောပေါက်ပုံမရဘူး... ကမ္ဘာတဝှမ်းမှာ ရှေးဟောင်းသုတေသန လုပ်ငန်းတွေ လုပ်တုန်းက ငါက ကြီးမားတဲ့ လျှို့ဝှက်ချက်တစ်ခုကို ရှာတွေ့ခဲ့တယ်... ဒါက ဒီစူးစမ်းရှာဖွေမှုမှာ ပါဝင်ဖို့ ငါ အစွမ်းကုန်ကြိုးစားခဲ့တဲ့ အကြောင်းရင်းပဲ...တကယ်လို့ ငါက အရင်ဆုံးဝင်ပြီး အဲ့ဒါကို ရခဲ့ရင် အကြီးအကျယ် ကံကောင်းပြီပဲ..."

သူ၏နောက်မှ လူများ၏စကားများကို ကြားချိန်တွင် ဟုမ်းစ်က စိတ်ထဲမှနေ၍ တိတ်တဆိတ် လှောင်ပြောင်လိုက်သည်။ သူ၏စိတ်ထဲတွင် တွေးတောနေသည်မှာ သန့်ရှင်းသောကျောင်းတော်အကြောင်းသာ ဖြစ်ပေ၏။

ဟုမ်းစ်သည် မှေးမှိန်နေသော သတ္တုနံရံရှေ့သို့ အလျင်စလို ပြေးသွားချိန်တွင် သူ၏မျက်လုံးများ၌ ရူးသွပ်မှုများ ပေါ်လွင်နေခဲ့သည်။ သူသည် တွန့်ဆုတ်ခြင်း အလျဉ်းမရှိဘဲ ဝင်ရောက်သွားလေ၏။

"အား..."

သို့ရာတွင် နောက်တစ်ခဏ၌ ထိုနေရာမှ အော်ဟစ်သံတစ်သံ ထွက်ပေါ်လာခဲ့သည်။

ဤသည်က ဟုမ်းစ်ထံမှ ဖြစ်နေသည်။

"ဘာဖြစ်တာလဲ..."

တစ်စုံတစ်ယောက်က မျက်မှောင်ကြုတ်လိုက်သည်။

"မစ္စတာဟုမ်းစ်က ဓာတ်ငွေ့ကာမျက်နှာဖုံး တပ်ထားတာ အသိသာကြီးလေ.." တစ်စုံတစ်ယောက်က စိတ်ရှုပ်ထွေးသွားသည်။

"တခြား လျှို့ဝှက်လက်နက်တွေ ရှိရမယ်... မစ္စတာဟုမ်းစ် ပြဿနာကြီးကြီး တက်နေပြီ..." တစ်စုံတစ်ယောက်က အတင့်ရဲစွာ ခန့်မှန်းလိုက်၏။

"မစ္စတာဟုမ်းစ်... ငါပြောတာ ကြားရလား..."

ရှေ့တွင်ရှိနေသော တစ်စုံတစ်ယောက်က အော်ဟစ်မေးမြန်စလိုက်သည်။

သို့သော် သူတို့ထံသို့ မည်သည့်တုံ့ပြန်မှုမျှ ပြန်မလာခဲ့ချေ။

စက္ကန့်အနည်းငယ်ခန့် ဆူညံသွားပြီးနောက် ရှေးဟောင်းသုတေသနပညာရှင်များသည် သူတို့၏ဦးရေပြားများ ထုံကျင်သွားသကဲ့သို့သာ ခံစားလိုက်ရသည်။

ထိုလုံခြုံရေးဝန်ထမ်းများမှာမူ တုံ့ပြန်မှု မပေးနိုင်ကြသေးဘဲ မြေပြင်ပေါ်တွင် ဒူးထောက်ကာ ကောင်းချီးပေးရန် ဆုတောင်းနေကြဆဲပင်။

အော်ဟစ်သံ ငြိမ်သက်သွားပြီးနောက် ယဲ့ပိုင်က ညင်သာစွာ ပြောဆိုလိုက်သည်။

"ထာဝရအသက်အတွက် အသက်ပေးသွားတဲ့ နောက်ထပ်လူတစ်ယောက်ပေါ့..."

ခူးဖူသည် နံဘေးတွင်ရပ်ကာ ယဲ့ပိုင် ဝင်ရောက်သွားမည့်အချိန်ကို စောင့်ဆိုင်းနေဆဲပင်။

ထိုသို့ဖြစ်လေရာ ယဲ့ပိုင်သည် တွန့်ဆုတ်မနေခဲ့ချေ။ သူ၏နောက်မှ ရှေးဟောင်းသုတေသနပညာရှင်များ၏ ထိတ်လန့်နေသော အကြည့်များအောက်တွင် သူသည် ဓာတ်ငွေ့ကာမျက်နှာဖုံးပင် မတပ်ဘဲ တိုက်ရိုက်ဝင်ရောက်သွားသည်။

ယဲ့ပိုင် သတ္တုတံခါးပေါက်အတွင်းသို့ ခြေချလိုက်ချိန်၌....

ခူးဖူ၏ခန္ဓာကိုယ်သည် အနည်းငယ် တုန်ရီသွားပေ၏။ သူ၏မျက်လုံးများသည် စူးရှနေရာမှ မှိုင်းဝေသွားကာ နောက်ဆုံးတွင် အကူအညီမဲ့သွားသကဲ့သို့ ပြောင်းလဲသွားသည်။

ရှေးဟောင်းသုတေသနပညာရှင်များသည်လည်း သူတို့၏မျက်လုံးများ ပြူးကျယ်သွားကြ၏။

"ဒီလူငယ်လေး အထဲဝင်သွားတာတောင် ဘာအန္တရာယ်မှ မရှိဘူးလား... အဲ့ဒီ ကြောက်စရာကောင်းတဲ့ အနက်ရောင်အခိုးအငွေ့တွေက သူ့ကိုရင်ဆိုင်ရတဲ့အခါ နောက်ဆုတ်ဖို့ ကြိုးစားနေကြပြီး အနားမကပ်ရဲတာကို မင်းတို့ မြင်လိုက်ကြလား..."

အပြင်ဘက်တွင် ရပ်နေသော ရှေးဟောင်းသုတေသနပညာရှင်တစ်ဦးသည် အတွင်း၌ ဖြစ်ပျက်နေသည်များကို ရှင်းလင်းစွာ မြင်တွေ့နေရသည်။

ထိုအချိန်မှာပင် သူ၏နံဘေးမှ လူတစ်ယောက်က ရုတ်တရက် စူးရှစွာ အော်ဟစ်လိုက်သည်။

"ကြည့်စမ်း... အဲ့ဒီလူငယ်လေးရဲ့ခြေအောက်မှာ အရိုးစုတစ်ခုရှိတယ်... သောက်ကျိုးနည်း... လက်ပတ်နာရီရယ် ဓာတ်ငွေ့ကာမျက်နှာဖုံးရယ်ပဲ... ဖြစ်နိုင်တာက..."

ဝှစ်...

သူ ထိုသို့ပြောလိုက်ချိန်တွင် လေပြင်းတစ်ချက် တိုက်ခတ်သွားလေ၏။

ရှေးဟောင်းသုတေသနပညာရှင်များအားလုံး သူတို့၏ခြေဖဝါးများမှ အေးစက်သောလေကိုသာ ခံစားလိုက်ရသည်။

"ဒီအဆိပ်ငွေ့က အရမ်းကြောက်စရာကောင်းလွန်းတယ် မဟုတ်လား..."

"မစ္စတာဟုမ်းစ်က မျက်စိတစ်မှိတ်အတွင်းမှာပဲ အရိုးစုတစ်ခု ဖြစ်သွားတာလား..."

"ဒါပေမဲ့ ဘာလို့ ဒီလူငယ်လေးက ဘာမှမဖြစ်တာလဲ..."

သူတို့သည် တစ်ယောက်ပြီးတစ်ယောက် ဆက်တိုက်မေးခွန်းထုတ်နေခဲ့ကြသည်။

သို့ရာတွင် ဤအချိန်အခိုက်အတန့်၌ မည်သူကမျှ ရှေ့သို့ ထပ်မံ၍ ခြေလှမ်းလှမ်းရန် မဝံ့ရဲကြတော့ချေ။

သူတို့၏ခြေထောက်များ ပျော့ခွေကာ မျက်နှာဖြူရော်နေသူများပင် ရှိနေပြီး သူတို့သည် နောက်သို့မဆုတ်ဘဲ မနေနိုင်အောင် ဖြစ်နေကြ၏။ အကယ်၍ သူတို့အနက် လူအများစုကို လွှမ်းမိုးထားသည့် အမည်မသိအရာအပေါ် သိချင်စိတ်သာ မရှိခဲ့လျှင် သူတို့ ထွက်ပြေးသွားကြသည်မှာ ကြာမြင့်နေလောက်လေပြီ။

သို့သော် ဤအချိန်အခိုက်အတန့်တွင် အရိုးခိုက်မတတ် အေးစက်နေသော မြေပြင်သို့ ဝင်ရောက်သွားသည့် ယဲ့ပိုင်မှာ အလွန်အေးအေးလူလူ ရှိနေပုံရပေ၏။

သူ ဝင်ရောက်သွားသည့် အခိုက်အတန့်တွင် အတွင်းရှိ အရာအားလုံးကို သေချာစွာ မြင်တွေ့နိုင်သည့်အလားပင်။

အချိန်ကြာမြင့်ပြီးနောက် သူ၏နှုတ်ခမ်းမှ တိုးညှင်းသော ရေရွတ်သံ ထွက်ပေါ်လာသော်လည်း သူ၏မျက်လုံးများကမူ အဆုံးအစမရှိ နက်ရှိုင်းနေခဲ့သည်။

"အဖြေကို ပြင်ပလေဟာနယ်မှာ ရှာရမယ့်ပုံပဲ..."

ထို့နောက် ယဲ့ပိုင်သည် ပေါ့ပါးစွာ လှုပ်ရှားကာ ထိုအရာဆီသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းသွားလေ၏။

All Chapters