သေမျိုးလူသား
Vol. 15 Ch. 152
အနက်ရောင်အခိုးအငွေ့များအားလုံး ပြန့်ကျဲသွားစဉ် ယဲ့ပိုင် ဝင်ရောက်သွားသည်ကို ကြည့်ပြီးနောက် ခူးဖူသည် အတိတ်မှမှတ်ဉာဏ်တစ်ခုကို မတွေးဘဲ မနေနိုင်တော့ချေ။
လွန်ခဲ့သော နှစ်ပေါင်းငါးထောင်က...
သဲကန္တာရထက်တွင် ကောင်လေးတစ်ယောက်နှင့် လူငယ်တစ်ယောက်သည် လေနှင့်သဲများကို ဖြတ်သန်းကာ လျှောက်လှမ်းနေကြ၏။
"အရှင်... အရှင်က အရှေ့အရပ်က လာတာလား..."
ကောင်လေးသည် သဲများကို လက်ဖြင့်ဖုံးအုပ်ထားပြီး ဗလာကျင်းနေသော ခြေထောက်များဖြင့် အဆုံးမဲ့သောသဲပြင်ပေါ်သို့ နင်းလျှောက်နေသည်။ သူ၏ခြေဖဝါးတစ်ခုလုံးသည် အဝါရောင်သဲများထဲတွင် နစ်ဝင်နေပေ၏။ စကားပြောဆိုနေချိန်တွင် သူ၏အသံ၌ သိချင်စိတ်များ အပြည့်ပါဝင်နေပြီး သူ၏မျက်လုံးများတွင် ဖြူစင်မှုများ ရှိနေသည်။
လူငယ်ကမူ ဖြည်းညှင်းစွာ လျှောက်လှမ်းနေပြီး ညင်သာစွာ ပြောဆိုသည်။
"ငါလည်း အဖြေကို ရှာနေတုန်းပဲ..."
"အရှင်... အရှင်ပြောတာက အရမ်းဝေဝါးလွန်းတယ်... ကျွန်တော် ဘယ်ကလာလဲဆိုတာကို သိတယ်... ဒါပေမဲ့ အရှင်က ဘယ်လိုလုပ် မသိနိုင်ရတာလဲ..."
ကောင်လေးသည် နားမလည်နိုင်သည့်ပုံ ပေါ်နေပြီး သူ၏မယုံကြည်နိုင်မှုကို ထုတ်ဖော်ပြောဆိုလိုက်သည်။
ယဲ့ပိုင်သည် ပြန်မဖြေခဲ့ချေ။
နောက်ထပ် ဆယ်နှစ်အကြာ...
ကောင်လေးမှာ ကောင်လေးပင် ဖြစ်သည်။
သို့သော် ထိုကောင်လေးသည် ပြင်ပသွင်ပြင်အရ ယဲ့ပိုင်ထက် ပို၍အသက်ကြီးသော လူငယ်တစ်ဦး ဖြစ်လာခဲ့ပေ၏။
"အရှင်... ဒီနေရာမှာ ခဏတဖြုတ် အေးအေးချမ်းချမ်း နေထိုင်မယ်လို့ အရင်က ပြောခဲ့ဖူးတယ်... ဒါပေမဲ့ ကိစ္စတစ်ခုကိုတော့ ကျွန်တော် မသိဘူး..."
လူငယ်သည် အဝါရောင်သဲပြင်ပေါ်တွင် မတ်တတ်ရပ်နေဆဲ ဖြစ်သည်။ ခြားနားသွားသည်မှာ သူ၏အနောက်ဘက် မီတာရာနှင့်ချီသော နေရာတွင် လက်နက်များ ကိုင်ဆောင်ထားသည့် မရေမတွက်နိုင်သော သက်တော်စောင့်များနှင့်အတူ ရပ်နေခြင်းပင်။
ထိုသက်တော်စောင့်များ၏ မျက်နှာအမူအယာသည် ခက်ထန်နေပြီး သူတို့၏အသွင်အပြင်များမှာ ပို၍ပင်ထက်ရှနေပေ၏။
"ဘာများလဲ..."
ယဲ့ပိုင်သည် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားဆဲဖြစ်ပြီး နှစ်ကာလများ မည်သို့ပင် ကုန်လွန်သွားစေကာမူ ပြောင်းလဲမှု တစ်စုံတစ်ရာမျှ မရှိသေးချေ။
လူငယ်၏မျက်လုံးများ တောက်ပသွားပြီး မေးမြန်းသည်။
"အရှင်... ဆယ်နှစ်ကြာသွားပေမဲ့ အရှင်က ဒီလောက်ထိ ငယ်ရွယ်နုပျိုနေတုန်းပဲ... ဒါက လူသားတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှု နိယာမနဲ့ ဆန့်ကျင်နေတယ်... ကျွန်တော် မေးချင်တာက အရှင် ထာဝရအသက်ရှင်ခြင်း ဥပဒေသကို သိလား..."
သူ၏မျက်လုံးများထဲရှိ ဖြူစင်မှုများ ပျောက်ကွယ်သွားပြီဖြစ်ပြီး ထိုနေရာတွင် လိုချင်မက်မောမှုများက အစားထိုး ဝင်ရောက်လာပေ၏။
"ငါ မသိဘူး..."
ယဲ့ပိုင်က ရိုးသားစွာ ဖြေကြားခဲ့သည်။
နောက်ထပ်ဆယ်နှစ် ထပ်မံ၍ ကုန်လွန်သွားသည်။
ထိုလူငယ်သည် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်လာခဲ့သည်။
သူသည် အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး လက်နှစ်ဖက်ဖြင့် ရွှေတောင်ဝှေးတစ်ချောင်းကို ကိုင်ဆောင်ထားပေ၏။
အဝါရောင်သဲပြင်ပေါ်တွင် မတ်တတ်ရပ်နေစဉ် သူ၏ခန္ဓာကိုယ်မှ မျက်စိဖြင့်မမြင်နိုင်သော အလွန်ကြီးကျယ်ခမ်းနားသည့် အရှိန်အဝါများ ထွက်ပေါ်နေသည်။
သူ၏အနောက်တွင် မရေမတွက်နိုင်သော လူများ လိုက်ပါလာဆဲဖြစ်ပြီး ထိုလူများသည် လူလတ်ပိုင်းအမျိုးသားအား နတ်ဘုရားတစ်ပါးကဲ့သို့ သဘောထားကာ ရိုသေကိုင်းရှိုင်းသော မျက်လုံးများဖြင့် ကြည့်နေကြသည်။
"အရှင်... ဒီနေ့ တကယ်ပဲ ထွက်သွားချင်တာလား..."
"ငါက ဒီဒေသကို ခရီးသွားဖို့ သက်သက်ပဲ လာခဲ့တာဆိုတော့ သဘာဝကျကျပဲ ထွက်သွားချင်တာပေါ့..."
ယဲ့ပိုင်သည် လူငယ်လေးနှင့်တူသော ယဲ့ပိုင်အဖြစ် ရှိနေဆဲဖြစ်ကာ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏အသံသည် အေးအေးလူလူ ရှိနေပေ၏။
လူလတ်ပိုင်းအမျိုးသား၏ မျက်လုံးများတွင် အေးစက်မှုများ ဖြတ်ပြေးသွားပြီး အံ့ကြိတ်ကာ မေးမြန်းလေသည်။
"ဒါဆို အရှင်... အရှင်က ပြန်လာအုံးမှာလား..."
"အင်း..."
ယဲ့ပိုင်က အလွန်သေချာစွာ တုံ့ပြန်အဖြေပေးလိုက်သည်။
လူလတ်ပိုင်းအမျိုးသားက ခေါင်းညိတ်ပြပြီး ပြောဆိုသည်။
"ကောင်းပါပြီ အရှင်... ကျွန်တော် အရှင့်ကို စောင့်နေပါ့မယ်..."
ထိုနေ့က...
အဆုံးမရှိသော သဲနှင့်ဖုန်မှုန့်များကို ရင်ဆိုင်ရင်း လူငယ်လေးသည် အေးအေးလူလူ ခြေလှမ်းများဖြင့် ရှေ့သို့တက်လှမ်းကာ သဲကန္တာရထဲသို့ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။
လူလတ်ပိုင်းအမျိုးသားသည် သူ၏ကိုယ်ပိုင်သက်တော်စောင့်များ ထောင်ပေါင်းများစွာသော ကျွန်များနှင့်အတူ သူ့ကို လိုက်ပို့ရန် အနောက်တွင် ရိုသေစွာ မတ်တတ်ရပ်နေခဲ့ကြ၏။
ထိုနေ့က မြင်ကွင်းမှာ မည်မျှထိ ကြီးကျယ်ခမ်းနားခဲ့သနည်း....
ကံမကောင်းစွာဖြင့်။
နောက်ထပ်ဆယ်နှစ် ကုန်လွန်သွားခဲ့သည်။
လူလတ်ပိုင်းအမျိုးသားသည် စတင်အိုမင်းလာပြီဖြစ်သော်လည်း ယဲ့ပိုင် ပြန်လာသည်ကို မမြင်တွေ့ခဲ့ရချေ။ သူသည် ကမ္ဘာတဝှမ်းလုံးတွင် ရှာဖွေခဲ့သော်လည်း ယဲ့ပိုင် ပျောက်ဆုံးသွားကြောင်းကိုသာ တွေ့ရှိခဲ့ရသည်။
မည်သို့ပင်ဆိုစေကာမူ သူသည် သေမျိုးလူသားတစ်ဦးဖြစ်ရာ အိုမင်းရင့်ရော်လာခဲ့သည်။ ထို့ပြင် နှစ်ကာလများ၏ တိုက်စားမှုကို သူ မခံနိုင်ခဲ့ချေ။
သူ၏နေဝင်ချိန်အရွယ်တွင် ဖာရိုဘုရင်၏ ပလ္လင်ပေါ်၌ ထိုင်နေခဲ့၏။
အဆုံးမဲ့အာဏာကို ကိုယ်စားပြုသော ရွှေတောင်ဝှေးကို ကိုင်ဆောင်ကာ အဆုံးမရှိသော ဓနဥစ္စာများကို ကြည့်ရှုရင်း မရေမတွက်နိုင်သော ကျွန်များကို ကြည့်ရှုရင်း အလွန်လှပသော မိဖုရားကို ကြည့်ရှုရင်း သူ ပို၍ပို၍ အထီးကျန်ဆန်လာသည်ဟု ခံစားခဲ့ရသည်။
သူ မသေချင်ခဲ့ချေ။
သူ လုံလောက်အောင် မနေရသေးဟု ခံစားခဲ့ရသည်။
ထိုကြောင့် ထာဝရအသက်ကို ရှာဖွေရန် သူ ဆုံးဖြတ်ချက် ချလိုက်၏။
သူ၏ သက်တော်စောင့်များနှင့် ကျွန်များအားလုံးကို ထိုအရာအား ရှာဖွေရန် သူ အမိန့်ပေးခဲ့သည်။
ထိုနှစ်တွင် ကြီးမားသော ဥက္ကာပျံတစ်ခု ကောင်းကင်မှ ကျဆင်းလာခဲ့၏။
ထို့နောက် သူ ထိုအရာနှင့် အဆက်အသွယ် ပြုလုပ်ခဲ့သည်။
ထိုအရာတွင် ပါဝင်သော ဝိညာဉ်စွမ်းအင်ကို သူ မတော်တဆ စုပ်ယူမိသွားသော်လည်း ပေးဆပ်ရသည့် တန်ဖိုးမှာ ကြီးမားလှသည်။
သူ၏အသွင်အပြင်သည် လုံးလုံးလျားလျား ပျက်စီးသွားခဲ့ပေ၏။
သူ၏ခန္ဓာကိုယ်သည် နှစ်ကာလများ၏ တိုက်စားမှုကို လုံးဝတောင့်မခံနိုင်တော့ဘဲ ပျက်စီးသွားခဲ့ပြီဖြစ်သည်။
သူ၏ဝိညာဉ်သာလျှင် အမြဲတစေ ထာဝရရှင်သန်နေခဲ့သည်။
လွန်ခဲ့သော နှစ်ပေါင်း ၅၀၀၀ ကျော်အတွင်း ဖြေရှင်းနည်းကို ရှာဖွေရန် သူ နေ့စဉ် တွေးတောနေခဲ့သည်။ ထို့ပြင် အချိန်များ မရေမတွက်နိုင်အောင် ပြောင်းလဲသွားသည်ကို မြင်တွေ့ခဲ့ရပြီး သူ၏စိတ်နေစိတ်ထားမှာလည်း ကြီးမားသော အပြောင်းအလဲများ မသိမသာ ဖြစ်ပေါ်လာခဲ့သည်။
သို့သော် မည်သို့ပင်ဖြစ်စေကာမူ သူသည် ယဲ့ပိုင်နှင့် ဝေးကွာနေဆဲပင်။
သူ စိတ်ကျေနပ်မှု မရှိခဲ့ချေ။
ထို့ကြောင့် သူသည် အမှောင်ထဲတွင် ပုန်းကွယ်ကာ ညှဉ်းပန်းနှိပ်စက်မှုကို သည်းခံရင်း အစီအစဉ်များကို ဆက်တိုက်ပြုလုပ်နေခဲ့သည်။
ပိရမစ်အတွင်း၌ ခူးဖူ၏အတွေးများ အဝေးသို့ လွင့်မျောသွားပေ၏။
ယဲ့ပိုင်၏ တီးတိုးရေရွတ်သံကို ကြားပြီးနောက် သူ အနည်းငယ် သတိပြန်ဝင်လာခဲ့သည်။
ထို့နောက် သူ ရှေ့သို့တက်ကာ ပြောဆိုလိုက်သည်။
"ပါမောက္ခယဲ့... ဒီကျောက်တုံးက တကယ်ပဲ ပြင်ပလေဟာနယ်က လာတာ... အီဂျစ်သဲကန္တာရထဲကို ကျလာပြီး ကျွန်တော့်ရဲ့ကျွန်တစ်ယောက်က ရှာတွေ့ခဲ့တာ... အဲ့ဒီကနေ ကျွန်တော့်လက်ထဲကို ရောက်လာခဲ့တယ်... ဒီကျောက်တုံးက ထူးခြားတယ်လို့ ကြိုတင်ခံစားမိတာကြောင့် အသေအချာ လေ့လာခဲ့တယ်... အဲ့ဒီထဲက အနက်ရောင်စွမ်းအင်က ကျွန်တော့်ကိုယ်ထဲကို ဝင်လာပြီးတော့ ကျွန်တော့်ရဲ့စိတ်ဝိညာဉ်ကို ထာဝရရှင်သန်စေခဲ့တာပဲ..."
"အင်း..."
ယဲ့ပိုင်က ခေါင်းအနည်းငယ် ညိတ်ပြလိုက်၏။
ခူးဖူသည် ယဲ့ပိုင်၏ လျစ်လျူရှုထားသော သဘောထားကို မြင်ချိန်၌ သူ၏မျက်လုံးများ အနည်းငယ် တောက်ပသွားပြီး ဆက်လက်၍ ပြောဆိုလိုက်သည်။
"ကျွန်တော်ရဲ့စိတ်ဝိညာဉ်ကို ထာဝရရှင်သန်စေနိုင်တဲ့ အကြောင်းအရင်းက ဒီကျောက်တုံးကြောင့်ပဲ... ဒါပေမဲ့ နှစ်တွေကြာလာတာနဲ့အမျှ ကျွန်တော်တစ်ယောက်တည်းပဲ အောင်မြင်ခဲ့တယ်ဆိုတာကို သိလာရတယ်... တခြားလူတွေ ကြိုးစားကြည့်တဲ့အချိန်မှာ အကျိုးသက်ရောက်မှု မရှိရုံတင်မကဘူး သူတို့က ချက်ချင်း ခြောက်ကပ်နေတဲ့အလောင်းတွေ ဖြစ်သွားကြတယ်... ဒါပေမဲ့ စမ်းသပ်မှု လုပ်ခဲ့သူတိုင်းက ပိရမစ်ထဲမှာ ချိတ်ပိတ်ခံထားရတာကြောင့် သာမန်လူတွေကတော့ သေချာပေါက် သိမှာမဟုတ်ဘူး..."
ယဲ့ပိုင်သည် ရှေ့သို့ကြည့်လိုက်၏။ သူသည် ခူးဖူအား တုံ့ပြန်ခြင်းမပြုဘဲ ရှေ့သို့သာ ဆက်လက်၍ လျှောက်လှမ်းသွားခဲ့သည်။
ယဲ့ပိုင် နောက်ထပ်ခြေတစ်လှမ်း လှမ်းလိုက်ချိန်တွင် အနက်ရောင်အခိုးအငွေ့များအားလုံး ပျောက်ကွယ်သွားသည်။
ထို့နောက် ကြီးမားကျယ်ဝန်းသော လေဟာနယ်တစ်ခုက လူတိုင်း၏ရှေ့တွင် ထွက်ပေါ်လာပေ၏။
ဤလေဟာနယ် ထွက်ပေါ်လာချိန်၌ အနောက်မှလိုက်လာသော ရှေးဟောင်းသုတေသနပညာရှင်များ တစ်ဖန်ပြန်၍ ထိတ်လန့်သွားကြသည်။
ရှေ့တွင်ရှိသော ခန်းမဆောင်မှာ အနည်းဆုံး စတုရန်းမီတာ ၂၀၀၀ နီးပါး ကျယ်ဝန်းသည်။
ခန်းမအတွင်းဘက်ရှိ အပြင်အဆင်သည် ခမ်းနားထည်ဝါကာ အပြစ်အနာအဆာကင်းစင်နေပြီး လွန်ခဲ့သော နှစ် ၅၀၀၀ က ရှေးဟောင်းပုံစံအတိုင်း အတိအကျ ဖြစ်နေသည်။
နံရံများတွင် ညလင်းပုလဲများဖြင့် ပြည့်နှက်နေကာ တောက်ပသော အလင်းရောင်သည် ဤနေရာကို နေ့လယ်ခင်းကဲ့သို့ လင်းထိန်စေသည်။
"မယုံနိုင်စရာ နေရာပဲ... အဲ့ဒီတံခါးကို ဖြတ်ကျော်ပြီးနောက် အချိန်နဲ့လေဟာနယ်ကို ဖြတ်သန်းလာသလို ခံစားရတယ်..."
ရှေးဟောင်းသုတေသနပညာရှင်တစ်ဦးက အံ့အားတသင့် ရေရွတ်လိုက်ပြီး သူ၏မျက်လုံးများ ပြူးကျယ်သွားကာ ပတ်ဝန်းကျင်ရှိ အရာအားလုံးကို အမြန်ဆုံးအမြန်နှုန်းဖြင့် ကြည့်ရှုလိုက်သည်။
ရှေးဟောင်းသုတေသနပညာရှင်တစ်ဦးက သူ၏မျက်လုံးများကို အားပါပါ ပွတ်သပ်လိုက်ပြီး ပြောဆိုသည်။
"အီဂျစ်ယဉ်ကျေးမှုရဲ့ အစောဆုံးကာလက ကျောက်ခေတ်လက်နက်တွေ... အသစ်ဖြစ်နေပေမဲ့ ရှေးဟောင်းရုပ်တုတွေ... နံရံမှာ ချိတ်ဆွဲထားတဲ့ လက်ရေးပန်းချီနဲ့ လက်ရေးလှစာတွေ... ဒါက ဘယ်နေရာလဲ... တကယ်ပဲ ပိရမစ်ထဲမှာလား..."
"မယုံနိုင်စရာပဲ... ဒီထဲက ဘယ်အရာကိုမဆို အပြင်ကိုထုတ်သွားရင် ကမ္ဘာကြီးကို တုန်လှုပ်သွားစေနိုင်တယ်..."
ကြက်ဥတစ်လုံး ဆို့ထားသကဲ့သို့ ပါးစပ်အဟောင်းသား ဖြစ်နေသော ရှေးဟောင်းသုတေသနပညာရှင်တချို့လည်း ရှိနေပေ၏။
သို့သော် မကြာမီ ဤလူများသည် အခြေအနေအသစ်တစ်ခုကို ရှာဖွေတွေ့ရှိသွားကြသည်။
"ကြည့်ကြစမ်း... အဲ့ဒီခန်းမရဲ့ အလယ်မှာ ထူးဆန်းတဲ့ ကျောက်တုံးတစ်ခု ရှိတယ်..."
"ဒီကျောက်တုံးက တစ်ခုခုတော့ မှားနေတယ်..."
"အဲ့ဒီအရာက အရာအားလုံးရဲ့ သော့ချက်လို့ ငါ ခံစားရတယ်..."
"သွားကြည့်ရအောင်..."
ပထမဦးစွာ သူတို့၏ရှေ့ရှိ မြင်ကွင်းကြောင့် သူတို့အားလုံး ထိတ်လန့်သွားကြ၏။ ထို့နောက် ရှေးဟောင်းသုတေသနပညာရှင်များအားလုံးသည် လွန်ခဲ့သော အခိုက်အတန့်က ဟုမ်းစ်၏ ကြေကွဲဖွယ် သေဆုံးမှုကြောင့် ဖြစ်ပေါ်လာသော ကြောက်ရွံ့မှုကို ဘေးဖယ်ထားလိုက်ကြသည်။ သူတို့အားလုံးသည် ရှေ့ရှိ ကြီးမားသော ကျောက်တုံးကြီး၏ ဆွဲဆောင်ခြင်းကို ခံလိုက်ရပြီး တစ်ချိန်တည်းမှာပင် ထိုနေရာဆီသို့ လျင်မြန်စွာ လျှောက်လှမ်းသွားကြသည်။