← Chapters

တံတားကျောက်တုံး

Vol. 15 Ch. 153

တံတားကျောက်တုံး

Vol. 15 Ch. 153

မိုးကောင်းကင်တွင် တိမ်များ ဖုံးလွှမ်းနေပေ၏။

ထိုတိမ်တိုက်များသည် အလွန်နိမ့်ကျနေသဖြင့် ပိရမစ်များကိုပင် ဖုံးလွှမ်းတော့မည့်အလား ဖြစ်နေသည်။

ဝုန်း...

မည်းမှောင်နေသော တိမ်တိုက်များကြားမှ နားကွဲမတတ် မိုးခြိမ်းသံများ အခါအားလျော်စွာ ထွက်ပေါ်လာခဲ့သည်။

ပိရမစ်ကို စူးစမ်းရှာဖွေမှု လုပ်ဆောင်နေစဥ်ဖြစ်သဖြင့် ရာသီဥတု ဆိုးရွားလာလျှင်ပင် အဝေးရှိ ကမ္ဘာလှည့်ခရီးသည်များနှင့် သတင်းထောက်များသည် လူစုမခွဲကြသေးချေ။

"ကျစ်... ဧပြီလကြီးကို ရာသီဥတုက ဘယ်လိုလုပ်ပြီး ပြောင်းလဲသွားတာလဲ..." တစ်စုံတစ်ယောက်က ဒေါသတကြီး ပြောဆိုလိုက်ကာ သူ အလွန်စိတ်အနှောင့်အယှက် ဖြစ်နေပုံရသည်။

"ရာသီဥတုက အမြဲတမ်း ဒီလိုပါပဲ... တကယ်ကို အပြောင်းအလဲမြန်တာ... မိုးမရွာခင် အံ့အားသင့်ဖို့ကောင်းတဲ့ အရာတချို့ကို မြင်ရဖို့ မျှော်လင့်မိတယ်..."

အနီးအနားရှိ အခြားကမ္ဘာလှည့်ခရီးသည်များကလည်း ဝင်ရောက်ပြောဆိုကြ၏။

သတင်းထောက်များအတွက်မူ...

ဤအချိန်အခိုက်အတန့်တွင် သူတို့အားလုံး ကွဲပြားခြားနားစွာ တင်ဆက်နေကြသည်။

"ချစ်ခင်ရပါသော ပရိသတ်ကြီး... လွန်ခဲ့တဲ့ အခိုက်အတန့်လေးကပဲ ခူးဖူပိရမစ်ပေါ်က ရာသီဥတုက ကြီးမားတဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်ခဲ့တယ်... တိုက်ရိုက်ထုတ်လွှင့်မှုကနေတစ်ဆင့် ကောင်းကင်ကြီး ပြိုကျလာတော့မလို ဖြစ်နေတာကို ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်တယ်... ဒီဖြစ်ရပ်က အရမ်းကို ပုံမှန်မဟုတ်ပါဘူး... ဘာလို့လဲဆိုတော့ ဒီနေ့ အီဂျစ်နိုင်ငံရဲ့ တရားဝင် မိုးလေဝသခန့်မှန်းချက်မှာ ဒီနေရာက နေသာမယ်လို့ ရှင်းရှင်းလင်းလင်း ဖော်ပြထားလို့ပါပဲ..."

သတင်းထောက်တစ်ဦးက ရူးသွပ်စွာ အော်ဟစ်ပြောဆိုနေပြီး ဤသို့ပြောချိန်တွင် တမင်သက်သက် ရှေ့ဆောင်စကားလုံးတချို့ကိုလည်း ထည့်သွင်းပြောဆိုခဲ့သည်။

ထို့နောက် သူ စက္ကန့်အနည်းငယ်ခန့် တိတ်ဆိတ်သွားပြီး ချက်ချင်းဆိုသလိုပင် ဆက်လက်၍ ပြောဆိုလိုက်သည်။

"တကယ်လို့ ကျွန်တော် မှတ်မိတာ မှန်မယ်ဆိုရင် ဒီမှော်ဆန်တဲ့ ဖြစ်စဥ်တွေက သေချာပေါက် ရိုးရှင်းမှာမဟုတ်ဘူး... အထဲမှာရှိတဲ့ လျှို့ဝှက်စူးစမ်းရှာဖွေမှုတွေကြောင့် ဖြစ်ရမယ်... ရာသီဥတုအမျိုးမျိုး ပြောင်းလဲမှုတွေ ဖြစ်ပေါ်စေမယ့် တိုးတက်မှုအသစ်တွေကို သူတို့က လုပ်ဆောင်နေတာ ဖြစ်ရမယ်..."

အကယ်၍ ဤကဲ့သို့ အရာမျိုးကို ယခင်ကပြောဆိုခဲ့လျှင် လူအများစုမှ ယုံကြည်ကြမည် မဟုတ်ချေ။

သို့သော် ယနေ့တွင်မူ အမှန်တကယ်ကို ပုံမှန်မဟုတ်လွန်းပေ။

ရုတ်တရက် ရာသီဥတု ပြောင်းလဲသွားမှု...

လျှို့ဝှက်ဆန်းကြယ်သော ပိရမစ် စူးစမ်းရှာဖွေမှု...

ဤဆက်စပ်မှုများသည် ကမ္ဘာတဝှမ်းလုံးနှင့် ကြည့်ရှုသူများစွာတို့အကြား သံသယမျိုးစုံကို အမှန်တကယ် ဖြစ်ပေါ်စေခဲ့သည်။

သေချာသည်မှာ အကြောင်းအရာကို ဤနေရာသို့ တမင်သက်သက် ဦးဆောင်သွားသော သတင်းထောက်များအပြင် အီဂျစ်ဘက်မှ လုပ်ရပ်ကို ဒေါသတကြီးဖြင့် ရှုတ်ချနေသော သတင်းထောက်များလည်း ရှိနေပေ၏။

"တောင်းပန်ပါတယ် မိတ်ဆွေတို့... အီဂျစ်ဘက်က ယုံကြည်ရလောက်တဲ့ လုပ်ရပ်မျိုး ဘာတစ်ခုမှ မလုပ်ခဲ့ပါဘူး... ဟုတ်ပါတယ်... စူးစမ်းရှာဖွေရေး စတင်ပြီးနောက်မှာ ကျွန်တော်တို့ကို အထဲဝင်ပြီး တိုက်ရိုက်ထုတ်လွှင့်ခွင့်ပြုမယ်လို့ အတည်ပြုထားခဲ့တာပါ... ဒါပေမဲ့ ခုဏကပဲ သူတို့က တံခါးမဖွင့်ပေးတဲ့အပြင် နေရာတစ်ခုလုံးကို လုံးဝပိတ်ဆို့လိုက်တယ်... လုံခြုံရေးဝန်ထမ်းတွေ အများကြီးလည်း စုရုံးနေကြတယ်... ကိစ္စကြီးတစ်ခုခု ရှိနေရမယ်... တကယ်လို့ တစ်ခုခုဖြစ်ခဲ့ရင် ကျွန်တော် ဆက်ပြီး သတင်းပို့ပေးသွားပါမယ်..."

...

ပိရမစ်အပြင်ဘက်တွင် ပို၍ပရမ်းပတာ ဖြစ်နေပေ၏။

ဆိုက်ဆီသည် လက်နက်အမြောက်အများကို ထွက်ပေါက်ဆီသို့ ပို့ဆောင်ခဲ့သည်။

အပြင်ဘက်တွင် နေရစ်ခဲ့သော လုံခြုံရေးဝန်ထမ်းများမှာ ပို၍ပင် ပြင်ဆင်ထားကြပြီး အခြေအနေ အလွန်အေးစက်တင်းမာလာခဲ့သည်။

သို့သော် ပိရမစ်အတွင်းဘက်ရှိ ခန်းမဆောင်ထဲတွင်မူ...

အခြေအနေတစ်မျိုး ဖြစ်နေခဲ့သည်။

ယဲ့ပိုင်သည် ရှေ့ဆုံးတွင် မတ်တတ်ရပ်နေပေ၏။

သူ၏ရှေ့တွင် အနက်ရောင်ကျောက်တုံးတစ်တုံး ရှိနေသည်။

ထိုကျောက်တုံးသည် အနည်းဆုံး နှစ်မီတာခန့် မြင့်ပြီး တစ်မီတာခန့် ကျယ်ဝန်းပေ၏။

အဝေးမှကြည့်လျှင် သင်္ချိုင်းဂူတစ်ခုနှင့်တူသော်လည်း အနီးကပ်ကြည့်ချိန်တွင် ကျောက်တုံးပေါ်တွင် အသက်ဝင်နေသော ခြင်္သေ့တစ်ကောင်နှင့် ထူးဆန်းသော ရှေးဟောင်းအက္ခရာ အမျိုးမျိုးကို ဂရုတစိုက် ထွင်းထုထားကြောင်း တွေ့ရှိရပေမည်။

ထို့ပြင် ဤကျောက်တုံးမှ မိနစ်တိုင်း စက္ကန့်တိုင်းတွင် အနက်ရောင်အခိုးအငွေ့များ အဆက်မပြတ် ထွက်ပေါ်နေခဲ့သည်။

ဤနေရာသို့ အပြေးအလွှား ရောက်လာသော ရှေးဟောင်းသုတေသနပညာရှင်များအားလုံး ရူးသွပ်နေကြသည်။

သို့ရာတွင် သူတို့သည် ကျောက်တုံးနှင့် သုံးမီတာပင် မကွာဝေးတော့သည့်အချိန်၌ မည်သူကမျှ အဆောတလျင် ရှေ့သို့ဆက်တိုးရန် မဝံ့ရဲကြတော့ချေ။

"ကျောက်တုံးပေါ်မှာ စာလုံးတွေ ရှိနေပုံရတယ်... ဘယ်သူသိလဲ..."

အလွန်စူးရှသော မျက်လုံးများရှိသည့် ရှေးဟောင်းသုတေသနပညာရှင်တစ်ဦးက ထိုအရာပေါ်ရှိ အက္ခရာများကို မြင်တွေ့ချိန်၌ မည်သည့်အဓိပ္ပါယ်မျှ ဖော်မရကြောင်း တွေ့ရှိသွားပြီး သူ၏နံဘေးမှလူကို ချက်ချင်းအော်ဟစ်မေးမြန်းလိုက်၏။

လူသိများသော ရှေးဟောင်းစာပေပညာရှင်တစ်ဦးက ရှေ့သို့တက်လာပြီး ငွေရောင်မျက်မှန်ကို တပ်ကာ ထိုအရာပေါ်ရှိ စာလုံးများကို တည်ကြည်လေးနက်စွာ ကြည့်ရှုလိုက်သည်။ သို့သော် သူ ပို၍ကြည့်လေလေ သူ၏နဖူးပေါ်တွင် ချွေစေးများ ပိုထွက်လာလေလေဖြစ်ပြီး သူ၏ခေါင်းကို ဆက်တိုက်ခါယမ်းကာ ပြောဆိုသည်။

"အရုပ်စာတွေလား... လိပ်ခွံကမ္ပည်းစာတွေလား... နှစ်ခုလုံးမဟုတ်ဘူး... အီဂျစ်ဖာရိုဘုရင်ခေတ်က အရေးအသားလား... လုံးဝကို ကွဲပြားတယ်... ဒီအပေါ်က စာလုံးတွေ ဘယ်ကလာလဲဆိုတာ ငါ မသိဘူး..."

နောက်ဆုံးတွင် သူ အဖြေရသွားပေ၏။

ဤအဖြေက ပို၍များပြားသော ရှေးဟောင်းသုတေသနပညာရှင်များကို ရူးသွပ်သွားစေခဲ့သည်။

ပတ်ဝန်းကျင်နေရာတဝိုက်လုံး ရှုပ်ထွေးနေသည်။

သို့သော် အချိန်များ ကုန်လွန်သွားသည့်တိုင် သူတို့သည် မည်သည့်သဲလွန်စကိုမျှ မရသေးချေ။

ဤအခြေအနေတွင် ခူးဖူက ရုတ်တရက် ပြောဆိုလိုက်သည်။

"ပါမောက္ခယဲ့... အရှင့်မှာ အဖြေရှိလား..."

ဤမေးခွန်းတွင် သူ၏အဆုံးမဲ့ မျှော်လင့်ချက်များ ပါဝင်နေခဲ့သည်။

ဟူး...

ခူးဖူ၏ စကားတစ်ခွန်းက ဤခန်းမထဲတွင် ဆင့်ကဲတုံ့ပြန်မှုများကို ဖြစ်ပေါ်စေခဲ့သည်။

ရှေးဟောင်းသုတေသနပညာရှင်များအားလုံး တိတ်ဆိတ်သွားကြ၏။

ရုတ်ချည်းဆိုသလိုပင် သူတို့အားလုံး၏ အာရုံစိုက်မှုများ ယဲ့ပိုင်ထံသို့ ရောက်ရှိသွားသည်။

သူသည် ပါမောက္ခယဲ့ မဟုတ်ဟု သူတို့ သံသယရှိခဲ့သော်လည်း လူတိုင်း မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ရသည့် အချက်တစ်ချက် ရှိနေခဲ့သည်...

ဤသည်မှာ ဤနေရာကိုဖွင့်ရန် သော့ချက်သည် ယဲ့ပိုင်ထံမှ လာခြင်းပင်။

ထို့ပြင် ယခင်က ပြသခဲ့သော မှော်ဆန်သည့် စွမ်းအားများမှာလည်း သူနှင့် နီးကပ်စွာ ဆက်စပ်နေခဲ့သည်။

ယဲ့ပိုင်အတွက်မူ...

ဤအခိုက်အတန့်တွင် သူ၏မျက်လုံးများတွင် ခံစားချက်ကင်းမဲ့နေပြီး သူ၏မျက်နှာအမူအယာ အလွန်တည်ငြိမ်နေပေ၏။

သို့သော် သူ၏စိတ်နှလုံးသား နက်ရှိုင်းသော နေရာတွင်မူ အနည်းငယ် ထိခိုက်မှု ရှိနေခဲ့သည်။

"အဖြေက... ငါ့ဆီမှာ ရှိပြီးသားပါ..."

ပတ်ဝန်းကျင်နေရာတဝိုက်လုံး အလွန်တိတ်ဆိတ်နေချိန်တွင် ယဲ့ပိုင်က လက်နှစ်ဖက်ကို နောက်ပစ်ထားရင်း ညင်သာစွာ ပြောဆိုလိုက်သည်။

ဤစကားကို ကြားပြီးနောက် အဖြူရောင်ဝတ်ရုံအောက်ရှိ ခူးဖူ၏ခန္ဓာကိုယ်သည် ပြင်းထန်စွာ တုန်ရီလာပေ၏။

ထို့နောက် ရှေးဟောင်းသုတေသနပညာရှင်များ ပို၍ပင် ရူးသွပ်လာကြသည်။

"မင်းက တကယ်ပဲ အဖြေကို သိတာလား..."

"ပါမောက္ခယဲ့... လူတိုင်းကို ရှင်းပြပေးလို့ ရမလား..."

"ဒီကျောက်တုံးက သောက်ကျိုးနည်း ဘာကြီးလဲ..."

"ကျောက်တုံးတွေချည်းပဲ မဟုတ်ဘူး... ငါတို့အားလုံး သိတဲ့အတိုင်း ခူးဖူပိရမစ်က နှစ်ပေါင်း ငါးထောင်တောင် သက်တမ်းရှိနေပြီ... ဘာလို့ ဒီခန်းမထဲက အရာအားလုံးက အသစ်စက်စက် ဖြစ်နေရတာလဲ... ဒါက လုံးဝကို အဓိပ္ပာယ်မရှိဘူး..."

ပြဿနာအမျိုးမျိုး တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့ပြီး ဤစကားများကို ပြောဆိုချိန်တွင် လူတစ်ယောက်ချင်းစီတိုင်း အလွန်စိတ်အားထက်သန်နေကြ၏။

ဤအချိန်အခိုက်အတန့်တွင် ယဲ့ပိုင်၏အသံ ထွက်ပေါ်လာသည်။

"ဒါက တံတားကျောက်တုံးတစ်ခု သက်သက်ပဲ..."

တံတားကျောက်တုံး...

ခူးဖူ၏ မျက်လုံးများ ပြူးကျယ်သွားပြီး သွေးကြောများ နီရဲလာ၏။ သူ မယုံကြည်နိုင်ခဲ့ချေ။

ရှေးဟောင်းသုတေသနပညာရှင်များသည်လည်း အံ့အားသင့်သွားကြ၏။

"တံတားကျောက်တုံး... တံတားဆောက်ဖို့ သုံးတဲ့ ကျောက်တုံးလား..."

တရုတ် ရှေးဟောင်းသုတေသနပညာရှင်တစ်ဦးက ပြောဆိုလိုက်ရာ သူ၏အသံတွင် သံသယများ ပြည့်နှက်နေသည်။

ထို့နောက် သရော်တော်တော် အသံတစ်သံ ချက်ချင်းထွက်ပေါ်လာခဲ့သည်။ အမေရိကန် ရှေးဟောင်းသုတေသနပညာရှင်တစ်ဦးက တွန့်ဆုတ်ခြင်းမရှိဘဲ အေးစက်သောအသံဖြင့် ပြောဆိုလိုက်၏။

"မင်း ဘယ်သူလဲဆိုတာ ငါ မသိပေမဲ့ မင်းက ပါမောက္ခယဲ့ မဟုတ်တာတော့ သေချာတယ်... ဒီကျောက်တုံးကို ဒီအတိုင်း ထားထားတာ... ပြီးတော့ အဲ့ဒီအပေါ်ကနေ အနက်ရောင်အခိုးအငွေ့တွေ ထွက်နေတယ်... ဒီဖြစ်စဉ်ကို အရင်က ဘယ်သူမှ မမြင်ဖူးခဲ့တာတော့ သေချာတယ်... ကျောက်တုံးရဲ့ မျက်နှာပြင်က မီးနဲ့အလောင်ခံထားရသလို အရမ်းချောမွေ့နေတာကို ဂရုတစိုက် ကြည့်ကြအုံး.. ဒါက လေထုနဲ့ ပွတ်တိုက်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ဓာတုတုံ့ပြန်မှုဆိုတာ သိသာထင်ရှားတယ်... ဒါကြောင့် ဒီကျောက်တုံးက ပြင်ပလေဟာနယ်က လာတယ်လို့ ငါ ကောက်ချက်ချတယ်... စကြဝဠာရဲ့ နက်ရှိုင်းတဲ့ နေရာမှာ တခြားသက်ရှိသတ္တဝါတွေ ရှိနေရမယ်... ပိရမစ်ရဲ့ လျှို့ဝှက်ချက်တွေအားလုံးကို ဖြေရှင်းနိုင်တော့မယ်..."

ရှီး...

အမေရိကန် ရှေးဟောင်းသုတေသနပညာရှင်၏ အသံ ငြိမ်ကျသွားပြီးနောက်...

လေအေးများကို ရှူသွင်းလိုက်သည့် အသံများ ထွက်ပေါ်လာခဲ့သည်။

"ဟုတ်တယ်... ပြင်ပလေဟာနယ်က ဥက္ကာပျံနဲ့ တကယ်ပဲ တူတယ်..."

"အပေါ်က စာလုံးတွေရယ် ခြင်္သေ့ပုံစံရယ်... စကြဝဠာထဲမှာ ဉာဏ်ရည်မြင့် သက်ရှိတွေ ရှိနေနိုင်တာလား..."

"တကယ်လို့ ဒါသာ အမှန်ဆိုရင် ဒီဖြစ်ရပ်က ကမ္ဘာကြီးတစ်ခုလုံးကို ပွက်လောရိုက်သွားစေလိမ့်မယ်..."

"အရမ်းအံ့သြစရာ ကောင်းတာပဲ..."

ရှေးဟောင်းသုတေသနပညာရှင်တချို့ကလည်း ပူးပေါင်းပါဝင်လာကြသည်။

ဤအသံများကို ကြားချိန်၌ ယဲ့ပိုင်၏မျက်နှာပေါ်ရှိ အမူအယာသည် ပြောင်းလဲသွားခြင်းမရှိချေ။

ထို့နောက် သူသည် ကျောက်တုံးဆီသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းသွားလေ၏။

လူတိုင်း၏ ထိတ်လန့်နေသော အကြည့်များအောက်တွင် သူသည် ဖြူဖွေးသော လက်ချောင်းကို ဆန့်ထုတ်ကာ ကျောက်တုံးဆီသို့ ညင်သာစွာ ထိတွေ့လိုက်သည်။

"အရှင်..."

ခူးဖူက သူ၏လက်ထဲရှိ ရွှေတောင်ဝှေးကို ကိုင်ကာ အော်ဟစ်လိုက်၏။

ယခင်က ထိုကျောက်တုံးကို သူ၏လက်ဖြင့် ထိတွေ့ခဲ့မိသောကြောင့် ယခုအခြေအနေသို့ သူ ရောက်ရှိသွားခဲ့ခြင်းဖြစ်သည်။

All Chapters