ပျောက်ဆုံးခြင်း
Vol. 15 Ch. 154
ယဲ့ပိုင် မည်မျှထိကြာအောင် အသက်ရှင်ခဲ့သနည်း....
အဆုံးမရှိသော နှစ်ကာလများအတွင်း မည်မျှများပြားသော ရင်းနှီးသူများက သူ့ကို ဤမေးခွန်း မေးခဲ့ကြမှန်း မသိနိုင်တော့ချေ။
နှစ်ပေါင်းကိုးသောင်းလော...
ဤသည်မှာ တစ်စုံတစ်ယောက်၏ သက်တမ်းအတွက် သဘောပေါက်မှုတစ်ခု ရရှိရန် ပေါ့ပေါ့ပါးပါး ပြောဆိုခဲ့ခြင်းမျှသာ ဖြစ်ပေ၏။
ယဲ့ပိုင်အတွက်မူ အမည်ခံ နှစ်ပေါင်းကိုးသောင်းဆိုသည်မှာ သေမျိုးလူသားများက အချိန်ကို ၂၄ နာရီဖြင့် ခွဲခြားသကဲ့သို့ လက်ဖျစ်တစ်တွက်စာမျှသာ ဖြစ်သည်။ ယဲ့ပိုင်၏ သဘောတရားအရ ကိုး ဆိုသည်မှာ အဆုံးစွန်သော ကိန်းဂဏန်းဖြစ်ပြီး အဆုံးမရှိခြင်းကို ကိုယ်စားပြုရုံမျှသာ ဖြစ်လေ၏။
အတိအကျအဖြေကိုမူ တကယ်တမ်းတွင် ယဲ့ပိုင်ကိုယ်တိုင်ပင် မမှတ်မိနိုင်တော့ချေ။
ကမ္ဘာမြေကြီး စတင်မွေးဖွားကတည်းကလော...
သို့မဟုတ် ဤစကြဝဠာကြီး စတင်မွေးဖွားကတည်းကလော....
စကြဝဠာတစ်ခုလုံး ပရမ်းပတာ ဖြစ်နေချိန်တွင်ပင် သူ တည်ရှိနေခဲ့သလော...
ရှည်လျားသော အချိန်ရေစီးကြောင်းကြီးသည် အလွန်ကြာမြင့်စွာ စီးဆင်းနေခဲ့ပြီး ယဲ့ပိုင်သည် ဤကမ္ဘာဂြိုဟ်ပေါ်သို့ မည်သည့်ကြောင့် ရောက်ရှိနေရကြောင်းကိုပင် မေ့လျော့သွားသည်အထိ အလွန်ကြာမြင့်ခဲ့လေပြီ။
အစပိုင်းတွင် သူသည် ပုံရိပ်ယောင်ဆန်ဆန်နှင့် ရည်ရွယ်ချက်မဲ့စွာ ရှင်သန်နေခဲ့သော်လည်း အချိန်ကာလတိုင်းတွင် ပျင်းရိဖွယ်ကောင်းသော ဘဝမှ လွယ်ကူစွာ ရှာဖွေမတွေ့နိုင်သည့် ပျော်ရွှင်မှုများကို သူ အမြဲမပြတ် ရှာဖွေနေခဲ့၏။
လူတစ်သုတ်ပြီးတစ်သုတ်ကို သူ မြင်တွေ့ခဲ့ရပြီး ကိစ္စရပ်တစ်ခုပြီးတစ်ခုကို မြင်တွေ့ခဲ့ရသည်။
ထိုအရာများအပေါ် သူပို၍ပို၍ ထုံပေပေ ဖြစ်လာခဲ့သည်။
အချိန်များ ကုန်လွန်လာသည်နှင့်အမျှ သူ၏စိတ်နှလုံးသားကို တုန်လှုပ်စေနိုင်သည့်အရာဟူ၍ မည်သည့်အရာမျှ မရှိတော့ချေ။
ဤကမ္ဘာဂြိုဟ်မှ ထွက်ခွာရန် သူ တွေးတောခဲ့ဖူးသည်။
သို့ရာတွင် အမှောင်ထုကြားထဲ၌ သူကို ဆွဲငင်နေသော စွမ်းအားတစ်ရပ် ရှိနေပုံရပေ၏။ အကယ်၍ သူ အဖြေကို မရှာနိုင်ခဲ့လျှင် ကြီးမားသော စကြဝဠာကြီးသည် သူ့အတွက် ပျော်ရွှင်စရာဖြစ်လာအုံးမည် မဟုတ်ချေ။
ထို့ပြင် မှတ်ဉာဏ်အပိုင်းတွင်လည်း ယဲ့ပိုင်သည် အလွန်အမင်း စွမ်းအားကြီးမားလှပေ၏။
မည်သို့ဖြစ်စေကာမူ ရှည်လျားသော အချိန်ရေစီးကြောင်းကြီး ဖြတ်သန်းသွားမှုနှင့်အတူ အချည်းနှီးဖြစ်သွားမည့် ကိစ္စရပ်များစွာ ရှိနေသေးပြီး ခြေရာခံရန် ခက်ခဲလှပေ၏။
သို့သော် ခေတ်ကာလတိုင်းနှင့် အချိန်ကာလတိုင်းတွင် ဖြစ်ပျက်ခဲ့သော အဓိကဖြစ်ရပ်များကိုမူ ယဲ့ပိုင် သေချာပေါက် မေ့လျော့မည်မဟုတ်ချေ။
အနည်းဆုံး သူ့အတွက် အနီးစပ်ဆုံး ကိစ္စတစ်ခုကမူ ယဲ့ပိုင်၏မှတ်ဉာဏ်ထဲတွင် လတ်ဆတ်နေဆဲပင်။
လွန်ခဲ့သော နှစ်ပေါင်းကိုးသောင်းက...
ကမ္ဘာမြေကြီးသည် တစ်ချိန်က ဒဏ္ဍာရီခေတ်တွင် မွေးဖွားခဲ့သည်။
ထိုအချိန်ကာလအတွင်း လူသားများ၏ သက်တမ်းကို ထောင်ဂဏန်းဖြင့် တွက်ချက်ခဲ့ကြ၏။
အင်မော်တယ်တစ်ပါး ဖြစ်လာပြီးနောက် လူသားများသည် သဘာဝစွမ်းအားအမျိုးမျိုးကို ကျွမ်းကျင်ပိုင်နိုင်လာခဲ့ကြသည်။
ကောင်းကင်ယံတွင် သူတို့ ပျံသန်းနိုင်ကြ၏။
မြေကြီးကိုငုပ်လျှိုး၍ သူတို့ ထွက်ပြေးနိုင်ကြသည်။
မိုးကြိုးနှင့်လျှပ်စီးများအဖြစ် သူတို့ကိုယ်သူတို့ ပြောင်းလဲနိုင်ကြသည်။
သေချာသည်မှာ ထိုခေတ်ကာလတွင်လည်း ယဲ့ပိုင်သည် ကမ္ဘာကြီးနှင့် သီးခြားကင်းကွာစွာ ရှိနေခဲ့ဆဲပင်။
ထိုအချိန်အတွင်း ယဲ့ပိုင်သည် သူ၏လွှမ်းမိုးမှုကို ဖျောက်ဖျက်ရန် ကမ္ဘာလောကထဲတွင် ပုန်းကွယ်နေခဲ့သည်။
ထိုအချိန်က ယဲ့ပိုင်သည် နှစ်ပေါင်းထောင်နှင့်ချီ၍ ပုန်းကွယ်နေခဲ့ပေ၏။
သူ တဖန်ပြန်၍ ထွက်ပေါ်လာချိန်တွင် ကမ္ဘာကြီးတစ်ခုလုံး လုံးဝပြောင်းလဲသွားကြောင်း တွေ့ရှိခဲ့ရသည်။
ဒဏ္ဍာရီခေတ် ကုန်ဆုံးသွားခဲ့လေပြီ။
ကောင်းကင်ယံရှိ နတ်ဘုရားများနှင့် ဗုဒ္ဓများသည် အရိပ်အယောင်မကျန် ပျောက်ကွယ်သွားခဲ့ကြ၏။
မရေမတွက်နိုင်သော လူများ တောင့်တခဲ့ကြသည့် ကြီးကျယ်ခမ်းနားသော ကောင်းကင်ဘုံသည် အပျက်အစီးတစ်ခု ဖြစ်လာခဲ့သည်။
ထိုအပျက်အစီးများထဲတွင် အရိုးအနည်းငယ်မျှသာ ကျန်ရှိတော့သည်။
လွန်ခဲ့သော နှစ်ပေါင်းကိုးသောင်းအတွင်း ယဲ့ပိုင်သည် ဒဏ္ဍာရီများ ပျောက်ကွယ်သွားခြင်း၏ လျှို့ဝှက်ချက်ကို တမင်သက်သက် စူးစမ်းလေ့လာခဲ့သော်လည်း နောက်ဆုံးတွင် အကြောင်းအမျိုးမျိုးကြောင့် သူ လက်လျှော့ခဲ့သည်။
ယနေ့ ဤပိရမစ်ထဲတွင် ဤကျောက်တုံးကို မြင်လိုက်ရခြင်းက သူ၏အတွေးများကို အဝေးသို့ လွင့်မျောသွားစေခဲ့သည်။
အချိန်အတော်ကြာပြီးနောက် ယဲ့ပိုင်သည် သူ၏အတွေးများကို ပြန်လည်ရုတ်သိမ်းလိုက်သည်။ ပတ်ဝန်းကျင်ရှိ လူများ ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ သူသည် ညင်သာစွာ ပြောဆိုလိုက်ပြီး အချက်အလက်များကို ဇာတ်ကြောင်းပြန်ပြလိုက်၏။
"ဒီကျောက်တုံးက ဒဏ္ဍာရီခေတ်မှာ တည်ရှိခဲ့တာ... လူသားတစ်ယောက် သေဆုံးသွားတာနဲ့ ဝိညာဉ်တစ်ခု ဖြစ်လာပြီး သံသရာဖြတ်သန်းခြင်းမြစ်ကို ဖြတ်ကူးရတယ်... အဲ့ဒီနောက်မှာ သူတို့က မေ့လျော့ခြင်းတံတားပေါ်မှာ လျှောက်လှမ်းပြီး မေ့လျော့ခြင်းဟင်းရည် တစ်ပန်းကန်ကို သောက်ရတယ်... ပြီးတော့ ဒီကျောက်တုံးက မေ့လျော့ခြင်းတံတားရဲ့ အစိတ်အပိုင်းတစ်ခု သက်သက်ပဲ..."
ဤစကားများကို ကြားပြီးနောက် ရှေးဟောင်းသုတေသနပညာရှင်များ စိတ်ရှုပ်ထွေးသွားပုံရသည်။
ယဲ့ပိုင် ပြောခဲ့သည်များမှာ တရုတ်နိုင်ငံ၏ ဒဏ္ဍာရီခေတ်မှ အရာများဖြစ်ပြီး သူတို့ သိနိုင်ကြမည် မဟုတ်ချေ။
သို့ရာတွင် အခင်းဖြစ်ပွားရာနေရာရှိ တရုတ် ရှေးဟောင်းသုတေသနပညာရှင်များမှာမူ သူတို့၏မျက်လုံးများ ပြူးကျယ်သွားကြ၏။
"ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်လဲ... ဒဏ္ဍာရီခေတ်ဆိုတာ ဘိုးဘေးတွေ ဖန်တီးခဲ့တာ သက်သက်ပဲ... လုံးဝမတည်ရှိခဲ့ဘူး... အခုက သိပ္ပံခေတ်ရောက်နေပြီ...ရှေးဟောင်းသုတေသနပညာရှင် တစ်ယောက်အနေနဲ့ ဒီလိုမျိုး ဘယ်လိုလုပ်ပြီးတော့ လုပ်ကြံပြောဆိုနိုင်ရတာလဲ..."
တရုတ် ရှေးဟောင်းသုတေသနပညာရှင်တစ်ဦးက တွန့်ဆုတ်ခြင်းမရှိဘဲ ဝေဖန်လိုက်သည်။
အနီးအနားမှ တစ်စုံတစ်ယောက်ကလည်း ချက်ချင်းဝင်ရောက်ပြောဆိုလိုက်၏။
"တကယ်လို့ နတ်ဘုရားတွေ တကယ်ရှိတယ်ဆိုရင် သူတို့က အခု ဘယ်မှာလဲ..."
"ဟုတ်တယ် ပါမောက္ခယဲ့... ခင်ဗျားလည်း တရုတ်လူမျိုးပဲလို့ ကျွန်တော် ထင်တယ်... ဒါပေမဲ့ စကားပြောရင် တာဝန်ယူမှု ရှိရမယ်... တကယ်လို့ နတ်ဘုရားတွေသာ ရှိခဲ့ရင် ကမ္ဘာကြီးက လုံးဝပြောင်းလဲသွားမှာပေါ့..."
တရုတ်ရှေးဟောင်းသုတေသနပညာရှင်များသည် ရူးသွပ်စွာ စွပ်စွဲလိုက်ကြပြီး သူတို့၏ မျက်နှာပေါ်ရှိ ကြွက်သားများမှာ ရှုံ့မဲ့သွားကြသည်။ ဒဏ္ဍာရီများနှင့်ရာဇဝင်များထဲရှိ အရာများကို သူတို့ လုံးဝ ယုံကြည်မည်မဟုတ်ဘဲ ဤသည်က သူတို့၏ယုတ္တိဗေဒကို အလွန်အမင်း ထိခိုက်စေပေမည်။
"ဘာဖြစ်တာလဲ..."
"ခုဏက သူ ဘာပြောလိုက်တာလဲ..."
"ထူးဆန်းတယ်..."
"ဘယ်သူ ရှင်းပြနိုင်မလဲ..."
တခြားနိုင်ငံများမှ ရှေးဟောင်းသုတေသနပညာရှင်များသည် အလွန်စိတ်ရှုပ်ထွေးသွားကြပြီး တရုတ် ရှေးဟောင်းသုတေသနပညာရှင် တချို့ကို ရှင်းပြရန် တောင်းဆိုလိုက်ကြသည်။
ရှင်းပြပြီးနောက် ထိုလူများထံတွင်လည်း မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်သွားကြ၏။
"အဓိပ္ပာယ်မရှိတာ..."
"တကယ်လို့ အရှေ့တိုင်းက နတ်ဘုရားတွေအားလုံးက တကယ်ဆိုရင် အနောက်တိုင်းက နတ်ဘုရားတွေလည်း ရှိမနေဘူးလား..."
"အီဂျစ်လည်း အတူတူပဲ..."
ပတ်ဝန်းကျင်တဝိုက်လုံး ယဲ့ပိုင်အပေါ် ဝေဖန်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။
သို့သော် ယဲ့ပိုင်သည် ဤအသံများကို ကြားပြီးနောက် သူ၏မျက်နှာပေါ်ရှိ အမူအယာသည် ပြောင်းလဲခြင်းမရှိဘဲ အလွန်အမင်း လျစ်လျူရှုထားပုံရပေ၏။ သူ၏လက်သည် ကျောက်တုံးနှင့် ပို၍နီးကပ်လာခဲ့သည်။
သူ ဆက်လက်၍ မရှင်းပြခဲ့ချေ။
အကယ်၍ သူသာ ဤလူများကို အမှန်တရားအား သိခွင့်ပေးလိုက်လျှင် မည်သို့ဖြစ်မည်နည်း....
အချိန်ရေစီးကြောင်းသည် အရာအားလုံးကို ဖျက်ဆီးပစ်အုံးမည်သာ ဖြစ်ပေ၏။
သူ၏နံဘေးတွင် မတ်တတ်ရပ်နေသော ခူးဖူကမူ အဆက်မပြတ် တုန်ရီနေခဲ့၏။ သူသည် ထိုရှေးဟောင်းသုတေသနပညာရှင်များနှင့် ကွဲပြားခြားနားနေသည်။
ယဲ့ပိုင်၏စွမ်းအားကို သူ နက်ရှိုင်းစွာ သိရှိထားသည်။
ယဲ့ပိုင်အနေဖြင့် လိမ်ညာမှုတချို့ ဖန်တီးရန် မလိုအပ်ကြောင်းကိုလည်း သူ သိထားပေ၏။
သူ၏ခန္ဓာကိုယ် ရပ်တန့်သွားပြီး သူ၏လက်များဖြင့် ရွှေတောင်ဝှေးကို တင်းကြပ်စွာ ဆုပ်ကိုင်ထားကာ ခူးဖူက တဖန်ထပ်၍ ပြောဆိုလိုက်သည်။
"အရှင်... အရှင့်ရဲ့အမြင်အရဆိုရင် ဒီအရာက မူလက ကမ္ဘာမြေကြီးနဲ့ သက်ဆိုင်တာပေါ့... ဒါပေမဲ့ ဘာလို့ ကောင်းကင်ကနေ ရောက်လာရတာလဲ..."
ပတ်ဝန်းကျင်တွင် လူအလွန်များပြားနေသောကြောင့် ဤတစ်ကြိမ်တွင် ခူးဖူသည် ဂါထာမန္တန်တစ်ခုကို ရွတ်ဆိုနေသည့်အလား လွန်ခဲ့သော နှစ်ပေါင်းငါးထောင်က ရှေးဟောင်းအီဂျစ်ဘာသာစကားဖြင့် ပြောဆိုနေခြင်း ဖြစ်သည်။
ယဲ့ပိုင်မှလွဲ၍ တခြားမည်သူမျှ ဤစကားများကို နားမလည်ကြချေ။
"မေ့လျော့ခြင်းတံတားက အစက မှော်ဆန်တဲ့ လေဟာနယ်တစ်ခုထဲမှာ မြှုပ်နှံထားရမှာ... ကောင်းကင်ကနေ ဘာလို့ ပျံသန်းလာလဲဆိုတော့... အဖြေတစ်ခုပဲ ရှိတယ်... နတ်ဘုရားတွေနဲ့ ဗုဒ္ဓတွေ ပျောက်ကွယ်သွားတဲ့အခါ သူတို့ တကယ်သေသွားကြတာ မဟုတ်ဘူး... ဒီကမ္ဘာဂြိုဟ်ကနေ ထွက်ခွာသွားကြတာပဲ..."
သူ၏အသံသည် အလွန်တိုးညှင်းပေ၏။
ခူးဖူ၏ခန္ဓာကိုယ် ပို၍ပို၍ ပြင်းထန်စွာ တုန်ရီလာသည်။
"ဒီလိုမျိုးချည်းပဲတော့ မဖြစ်နိုင်ဘူး... ဒါဆို ကျွန်တော့်ရဲ့ ခန္ဓာကိုယ်ကိုရော ဘယ်လို ရှင်းပြမလဲ... အရှင်... အရှင်ရဲ့အမြင်အရဆိုရင် အဲ့ဒီနတ်ဘုရားတွေနဲ့ ဗုဒ္ဓတွေက အသက်ရှင်နေသေးဖို့ ဖြစ်နိုင်လား..."
ယဲ့ပိုင်က ပြန်မဖြေခဲ့သော်လည်း သူ၏ဆန့်တန်းထားသော လက်သည် နောက်ထပ်အချိန်တခဏတွင် တံတားကျောက်တုံးနှင့် ထိတွေ့သွားသည်။
"ဒါ..."
စကားပြောဆိုချင်နေသော ခူးဖူသည် ဤမြင်ကွင်းကို မြင်လိုက်ရချိန်၌ အံ့အားသင့်သွားသည်။
ယဲ့ပိုင်၏လက် အနက်ရောင်ကျောက်တုံးပေါ်သို့ တင်လိုက်ချိန်တွင် သူကိုယ်တိုင် စမ်းသပ်မှုများ ပြုလုပ်ခဲ့စဉ်ကကဲ့သို့ ရုပ်အလောင်းတစ်ခုအဖြစ် ပြောင်းလဲမသွားခဲ့ချေ။ ဆန့်ကျင်ဘက်အနေဖြင့် အနက်ရောင်ကျောက်တုံးသည် အလွန်ထူးဆန်းသော အပြောင်းအလဲများ ဖြစ်ပေါ်လာခဲ့သည်။
ရှဲ.. ရှဲ.. ရှဲ...
ဤသည်မှာ ရေဆူပွက်နေသော အသံနှင့် တူညီပေ၏။
ကိုယ်ထည်တစ်ခုလုံး အမည်းရောင်ဖြစ်နေပြီး မည်သည့်နည်းနှင့်မျှ ထိုးဖောက်၍မရနိုင်ခဲ့သော ကျောက်တုံးသည် ယဲ့ပိုင်၏လက်ချောင်းအောက်တွင် မမျှော်လင့်ဘဲ ထိုအရာပေါ်၌ လက်သီးဆုပ်အရွယ်ပူဖောင်းများ စတင်ထွက်ပေါ်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် ကျောက်တုံးထဲမှ အုံ့မှိုင်းသော အငွေ့အသက်များဆက်တိုက်ထွက်ပေါ်လာခဲ့ပေ၏။
ခရက်... ခရက်...
မြေပြင်ပေါ်တွင်ပင် အက်ကွဲသွားပြီး ပါးလွှာသော ရေခဲလွှာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။