ဆောင့်ကြောင့်ထိုင်ခြင်း
Vol. 15 Ch. 155
"သူက လက်နဲ့ ထိလိုက်ရုံပဲလေ... ဒီကျောက်တုံးက ပြောင်းလဲသွားနိုင်တာလား..."
ပါးစပ်အဟောင်းသား ဖြစ်နေသော အီဂျစ် ရှေးဟောင်းသုတေသနပညာရှင်တစ်ဦးက ရုတ်တရက် အံ့အားတသင့် ရေရွတ်လိုက်၏။ ထို့နောက် သူသည် ကျောက်တုံးမှ ထုတ်လွှတ်လိုက်သော အေးစက်သည့် အငွေ့အသက်နှင့် မြေပြင်ပေါ်ရှိ ရေခဲလွှာကို လျစ်လျူရှုပြီး တံတားကျောက်တုံးရှိရာသို့ အပြေးအလွှား သွားခဲ့သည်။
ယဲ့ပိုင်သည် ဤလူ၏ လှုပ်ရှားမှုများကို မြင်တွေ့ခဲ့သော်လည်း သူ တားဆီးခြင်း မပြုခဲ့ချေ။
ခူးဖူကလည်း ထိုမြင်ကွင်းကို မြင်တွေ့မိလေရာ သူ၏ခန္ဓာကိုယ်ကို ဘေးသို့ယိမ်းလိုက်ပြီး လမ်းဖယ်ပေးရန်ပင် အစပျိုးလိုက်၏။
ရှေးဟောင်းသုတေသနပညာရှင်များသည် ယခင်လူကို မြင်လိုက်ရချိန်၌ သူတို့လည်း လျင်မြန်စွာ နောက်မှလိုက်ပါသွားကြသည်။
"ဒီကျောက်တုံးက ခင်ဗျားပြောသလို တကယ်ပဲ မှော်ဆန်တယ်ဆိုတာကို ကျွန်တော် မယုံဘူး... အမှန်လား အမှားလားဆိုတာ စမ်းကြည့်လိုက်ရင် သိရမှာပေါ့..."
အီဂျစ်ရှေးဟောင်းသုတေသနပညာရှင်၏ အသံ ထွက်ပေါ်လာသည်။ ထို့နောက် သူသည် မည်သည့်ကြောက်ရွံ့မှုမျှမရှိဘဲ သူ၏လက်ကို တိုက်ရိုက်ဆန့်တန်းလိုက်သည်။
သူ၏လက်ဝါး ကျောက်တုံးကို ထိလိုက်ချိန်တွင် သူ၏ပါးစပ်မှ စကားသံများ ချက်ချင်းထွက်ပေါ်လာခဲ့သည်။
"ကြည့်စမ်း... ဒီကျောက်တုံးက သာမန်ပါပဲ... ပုံမှန်မဟုတ်သလို နည်းနည်းလေး ထင်ရရုံလေးတင်ပဲ... သောက်ကျိုးနည်း ဒဏ္ဍာရီခေတ်..."
သူသည် အနည်းငယ် လှောင်ပြောင်နေဆဲပင်။
သို့သော် သူ ဤသို့ပြောလိုက်ချိန်တွင် အနောက်မှလိုက်လာသော ရှေးဟောင်းသုတေသနပညာရှင်များအားလုံး ရပ်တန့်သွားကြောင်းကို သူ ရုတ်တရက် တွေ့ရှိလိုက်ရသည်။
သူတို့၏ မျက်နှာပေါ်တွင် အမျိုးမျိုးသော အမူအယာများကို ဖော်ပြနေကြ၏။ လူတချို့က အံ့အားသင့်နေကြပြီး တချို့က ထိတ်လန့်နေကြကာ တချို့ကမူ ကြောက်ရွံ့တုန်လှုပ်နေကြသည်။
"မင်းတို့တွေ... ဘာဖြစ်နေကြတာလဲ..."
အီဂျစ်ရှေးဟောင်းသုတေသနပညာရှင်သည် မိုက်မဲခြင်း မရှိသဖြင့် အခင်းဖြစ်ပွားရာနေရာရှိ အခြေအနေ ထူးဆန်းနေကြောင်း ချက်ချင်းတွေ့ရှိသွားပြီး စိုးရိမ်တကြီးအသံဖြင့် မေးမြန်းလိုက်၏။
သူ စကားပြောနေစဉ် သူ၏ခေါင်းကို အနည်းငယ် ငုံ့လိုက်သည်။
သူ၏အကြည့်က သူ၏ခြေထောက်များဆီသို့ ကျရောက်သွားသည်...
ထို့နောက် သူ၏မျက်လုံးများ ချက်ချင်းပြူးကျယ်သွားတော့သည်။
သူ၏အမြင်အာရုံအောက်တွင် ခြေထောက်များမှစတင်၍ သူ၏ခန္ဓာကိုယ် အနည်းငယ် ဆွေးမြေ့သွားပြီး ဖြူရော်နေသော အရိုးနှစ်ချောင်းသာ ကျန်ရစ်နေသည်။
"အား..."
ပြင်းထန်သော နာကျင်မှုသည် သူ၏ဦးနှောက်ဆီသို့ ပြေးဝင်သွားသည်။ ခြေထောက်များ ဆုံးရှုံးရသည့် စိတ်ပိုင်းဆိုင်ရာ နာကျင်မှုကြောင့် အော်ဟစ်လိုက်သလော သို့မဟုတ် အမှန်တကယ် ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုကြောင့်လော မသိနိုင်သော်လည်း သူ၏ပါးစပ်မှ သနားစရာကောင်းသော အော်ဟစ်မြည်တမ်းသံတစ်သံ ထွက်ပေါ်လာပေ၏။
ဝှစ်...
မကြာမီ တံတားကျောက်တုံးထဲမှ မရေမတွက်နိုင်သော အနက်ရောင်အခိုးအငွေ့များသည် သူ၏ခန္ဓာကိုယ်ထဲသို့ ရူးသွပ်စွာ တိုးဝင်လာခဲ့သည်။
"အား..."
သုံးစက္ကန့်မပြည့်မီမှာပင် လွန်ခဲ့သော အခိုက်အတန့်က အသက်ရှင်နေသူသည် လူတိုင်း၏ရှေ့တွင် အရိုးစုတစ်စုအဖြစ် ပြောင်းလဲသွားသည်။
ကြောက်ရွံ့မှုနှင့် အေးစက်သော အငွေ့အသက်များသည် နောက်ကွယ်ရှိ ရှေးဟောင်းသုတေသနပညာရှင်များအကြား ရူးသွပ်စွာ စတင်ရိုက်ခတ်လာခဲ့သည်...
ခူးဖူသည် နံဘေးတွင်ရှိနေပြီး ဤမြင်ကွင်းကို ရှင်းလင်းစွာ ကြည့်ရှုနေသော်လည်း အဖြူရောင်အဝတ်စအောက်ရှိ သူ၏မျက်လုံးများတွင် ထိတ်လန့်မှုများ ထင်ဟပ်နေသည်။
"ဒီကျောက်တုံးက လူတွေကို ကြောက်စရာကောင်းတဲ့ အန္တရာယ် ပေးနိုင်သေးတယ်... ဒါပေမဲ့ အရှင့်အပေါ်ကိုတော့ ဘာလွှမ်းမိုးမှုမှ မရှိနိုင်ဘူး... အဲ့ဒီထက်ပိုတာက အရှင်က ဒီကျောက်တုံးကိုတောင် ထိန်းချုပ်နိုင်တဲ့ပုံပဲ..."
ခူးဖူက သူ၏စိတ်ထဲတွင် တွေးတောလိုက်သည်။
သို့သော် အပေါ်ယံတွင်မူ သူသည် အလွန်တည်ငြိမ်နေဆဲပင်။
သူ၏အကြည့်များက အရိုးစုပေါ်သို့ ဖြတ်ပြေးသွားပြီး တိုးညှင်းသောအသံဖြင့် မှတ်ချက်ချလိုက်၏။
"တကယ်ကို သေလမ်းရှာနေတာပဲ... ငါ ခုဏက ပေးခဲ့တဲ့ သင်ခန်းစာတွေက မလုံလောက်သေးဘူးပဲ..."
သို့သော် ဤခန်းမမှာ အလွန်တိတ်ဆိတ်နေသဖြင့် ရှေးဟောင်းသုတေသနပညာရှင်များအားလုံး ထိုစကားကို ရှင်းလင်းစွာ ကြားနိုင်ကြသည်။
အစောပိုင်းက အီဂျစ်ရှေးဟောင်းသုတေသနပညာရှင်၏ သေဆုံးမှုကို မြင်ပြီးနောက် ယခင်က ဟုမ်းစ်ကိုလည်း သူတို့ တွေးတောမိသွားကြ၏။
သူတို့သည် အနှိုင်းမဲ့ကြောက်ရွံ့မှုကို နောက်ဆုံးတွင် ခံစားလိုက်ရပြီး ဤသည်မှာ သူတို့၏ အရိုးများထဲသို့ နက်ရှိုင်းစွာ စွဲထင်သွားခဲ့လေပြီ။
"အဲ့ဒီကျောက်တုံးနားကို မသွားကြနဲ့..."
"တကယ်လို့ ငါထင်တာ မှန်မယ်ဆိုရင် ဟုမ်းစ် သေတာကလည်း အဲ့ဒီလိုမျိုးပဲ... အနက်ရောင်အခိုးအငွေ့တွေက ကျောက်တုံးထဲကနေ ထွက်လာပြီး သူ့ရဲ့ခန္ဓာကိုယ်ကို တိုက်စားပစ်တာပဲ..."
"ဒါဆို ဘာလို့ အဲ့ဒီလူက ဘာမှမဖြစ်တာလဲ..."
"သူက သာမန်လူ မဟုတ်ဘူးလို့ ငါတို့ မပြောခဲ့ဘူးလား..."
ကြောက်ရွံ့မှုအပြင် ထိုရှေးဟောင်းသုတေသနပညာရှင်များ၏ ပဟေဠိများသည် တဖြည်းဖြည်း ထပ်မံ၍ ပြင်းထန်လာပေ၏။
ဤတစ်ကြိမ်တွင် ယဲ့ပိုင်ကို မည်သူကမျှ မေးခွန်းထုတ်ရန် မဝံ့ရဲကြတော့ချေ။
သူတို့သည် သူ့ကို ကြည့်လိုက်ချိန်တွင် ဇဝေဇဝါဖြစ်မှုများနှင့်ရှုပ်ထွေးမှုများကိုသာ မြင်တွေ့ရသည်။
ယဲ့ပိုင်သည် စကားမပြောခဲ့ချေ။
ရှဲ... ရှဲ...
သူ၏လက်ကို ကျောက်တုံးပေါ်တွင် တင်ထားချိန်၌ ဆူပွက်နေသော ပူဖောင်းများ ဆက်လက်၍ ဖြစ်ပေါ်နေခဲ့သည်။
သို့သော် အချိန်များ ကုန်လွန်လာသည်နှင့်အမျှ ပူဖောင်းများ ဆက်တိုက်ပေါက်ကွဲသွားပြီးနောက် ထိုအရာအားလုံး အနက်ရောင်မီးခိုးများအဖြစ် ပြောင်းလဲသွားကာ ပျောက်ကွယ်သွားတော့သည်။
မူလက ကိုယ်ထည်တစ်ခုလုံး အနက်ရောင်ဖြစ်နေသော ကျောက်တုံးသည် မူလအသွင်အပြင်ကို အနည်းငယ် ပြသလာခဲ့သည်။
ကျောက်တုံးသည် ငွေရောင်ဖြစ်ပြီး ထိုအရာပေါ်ရှိ အသွင်အပြင်မှာ ရှင်းလင်းနေပေ၏။
ထွင်းထုထားသော ခြင်္သေ့ပုံမှာ ပို၍ပင် အသက်ဝင်နေသည်။
ထို့ပြင် ကျောက်တုံးထဲတွင် ခပ်ဖျော့ဖျော့အလင်းတန်းတစ်ခု ရှိနေပြီး အလွန်ထူးဆန်းလှသည်။
ခရက်... ခရက်...
ဤအချိန်အခိုက်အတန့်တွင် ခန်းမတစ်ခုလုံး၏ ကြမ်းပြင်သည် လုံးဝအေးခဲသွားတော့သည်။
ရှေးဟောင်းသုတေသနပညာရှင်များသည် သူတို့၏လက်များကို ရင်ဘတ်ပေါ်တွင် တင်ထားကြ၏။ သူတို့ရှေ့ရှိ အပြောင်းအလဲများကို ကြည့်ရှုနေစဉ် သူတို့၏ခြေထောက်များ တုန်ရီနေဆဲပင်။ သူတို့သည် ထိတ်လန့်နေကြသော်လည်း သူတို့၏ အသံများ ရပ်တန့်မသွားခဲ့ချေ။
"အရင်က ပျံ့လွင့်သွားတဲ့ သော့ရယ်... ဒီနေရာကို ဝင်လာခဲ့တဲ့ သတ္တုနံရံရယ်... ဖြူရော်နေတဲ့ အရိုးစုအဖြစ် ပြောင်းလဲပစ်တဲ့ နည်းလမ်းရယ်... ပြီးတော့ အခု မှော်ဆန်တဲ့ ကျောက်တုံးရယ်... ရှေးခေတ်က နတ်ဘုရားတွေ တကယ် ရှိနေခဲ့တာများလား..."
တရုတ်ရှေးဟောင်းသုတေသနပညာရှင်တစ်ဦးက တီးတိုးရေရွတ်လိုက်သည်။
ပတ်ဝန်းကျင်သည် အမှန်တကယ်ကို ဆောင်းရာသီကဲ့သို့ အေးစက်နေသဖြင့် သူ၏လက်များကို တင်းကြပ်စွာ ဆုပ်ထားလိုက်၏။
သို့ရာတွင် သူ၏နဖူးပေါ်ရှိ ချွေးများမှာမူ မိုးမိလာသကဲ့သို့ စိုရွှဲနေသည်။
"ကျစ်... အိုင်းစတိုင်းလို အိုင်ကျူမြင့်တဲ့ ပါရမီရှင်တစ်ယောက်ကတောင် သန့်စင်သောကျောင်းတော်ကို ယုံကြည်ပြီး ဘုရားသခင်ကို ဘာလို့ ယုံကြည်ခဲ့တာလဲဆိုတာ ငါ နောက်ဆုံးတော့ သိသွားပြီ... ဘုရားသခင်က တကယ် ရှိနေခဲ့ပြီး သူက အဖြေတချို့ကို သိနေရမယ်လို့ ငါ ထင်တယ်... ငါတို့ပဲ ရှုပ်ထွေးနေကြတာ..."
အမေရိကန် ရှေးဟောင်းသုတေသနပညာရှင်တစ်ဦးက သူ့ကိုယ်သူ ဒေါသတကြီး ကျိန်ဆဲလိုက်၏။
"အံ့အားသင့်စရာပဲ..."
"တကယ်လို့ ဒီကိစ္စတွေကို ကြေညာလိုက်ရင် ခေတ်သစ်တစ်ခု မွေးဖွားလာမယ်လို့ ငါ ထင်တယ်..."
"မယုံနိုင်စရာပဲ... တကယ်လို့ ငါ့ရဲ့မျက်စိနဲ့တပ်အပ် မမြင်ခဲ့ရဘူးဆိုရင် ငါ ဘယ်တော့မှ ယုံမှာမဟုတ်ဘူး..."
"ငါတို့အားလုံးက အမည်ခံ ဗဟုသုတတွေနဲ့ပဲ ချည်နှောင်ခံထားရတာ... ဒီကမ္ဘာကြီးရဲ့ အမှန်တရားက ငါတို့ စိတ်ကူးယဉ်နိုင်တာထက် အများကြီး ပိုတယ်..."
ဤအချိန်အခိုက်အတန့်တွင် ရှေးဟောင်းသုတေသနပညာရှင်များသည် ယဲ့ပိုင် ပြောခဲ့သည်များကို နောက်ဆုံးတွင် စတင်၍ ယုံကြည်လာကြသည်။
ထိုလူများအနက် တရုတ် ရှေးဟောင်းသုတေသနပညာရှင်များသည် အနည်းငယ် အားနည်းသကဲ့သို့ ခံစားလိုက်ရသည်။ ထိုနေရာတွင် ရပ်နေစဉ် သူတို့၏စိတ်ထဲတွင် ပြန်မြင်ယောင်နေသည်မှာ ဒဏ္ဍာရီများအကြောင်း ဗဟုသုတများပင်။
"မင်းတို့အားလုံး ဆောင့်ကြောင့်ထိုင်ကြစမ်း... အခုကစပြီး ငါက ဒီနေရာကို ထိန်းချုပ်လိုက်ပြီ..."
ဤခန်းမထဲတွင် အခြေအနေ အလွန်ထူးဆန်းလာခဲ့သည်။
ကြီးမားသော ကျောက်တုံးကြီးသည် ငွေရောင် ဖြူဖွေးလာပြီး လျှို့ဝှက်ဆန်းကြယ်မှုများဖြင့် ပြည့်နှက်နေချိန်တွင် ရုတ်တရက် ကြမ်းတမ်းသော ဟိန်းဟောက်သံတစ်သံ ထွက်ပေါ်လာသည်။
ဒေါသတကြီး ဟိန်းဟောက်သံကို ကြားပြီးနောက် လူအများသည် တပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြ၏။
အခြေအနေကို မြင်တွေ့ပြီးနောက် လူများအားလုံး၏မျက်နှာများ ရှုံ့မဲ့သွားသည်။
အီဂျစ် စစ်ဝတ်စုံဝတ်ဆင်ထားပြီး လက်ထဲတွင် စက်သေနတ်ငယ်ကိုင်ဆောင်ထားကာ မျက်နှာတွင် ဓာတ်ငွေ့ကာမျက်နှာဖုံး တပ်ဆင်ထားသော အမျိုးသားတစ်ဦးက ခန်းမအဝင်ဝတွင် မတ်မတ်ရပ်နေသည်ကို သူတို့ မြင်တွေ့လိုက်ရသည်။
သူ၏အနောက်တွင် လက်နက်ကိုင်ဆောင်ထားသော လက်အောက်ငယ်သား အမြောက်အများလည်း ရှိနေပေ၏။
ဤနေရာတွင် အေးစက်စက် အရှိန်အဝါများ အဆက်မပြတ် ရှိနေသော်လည်း ထိုလူများက လုံးဝဂရုမစိုက်ကြချေ။ ထိုအစား သူတို့သည် မည်သူမဆို ခုခံဝံ့ပါက ချက်ချင်းပစ်ခတ်တော့မည့်အလား ခက်ထန်သော အမူအယာများဖြင့် အလွန်သတ်ဖြတ်လိုစိတ် ပြင်းပြနေကြသည်။
"မင်းတို့အားလုံး ပင်ပန်းသွားကြပြီ... ဒီစူးစမ်းရှာဖွေရေး စစ်ဆင်ရေးအတွက် ငါတို့ အရမ်းကို ကျေနပ်မိတယ်... အနည်းဆုံးတော့ တံခါးကို ဖွင့်နိုင်ခဲ့ပြီ... ဒါပေမဲ့ ဒီပိရမစ်က ငါတို့ အီဂျစ်ဘက်က ပိုင်ဆိုင်ပြီး အထဲက အကြောင်းအရာတွေက ထိပ်တန်းလျှို့ဝှက်ချက်တွေပဲ... နောက်ထပ် စုံစမ်းစစ်ဆေးမှုကို ရပ်တန့်ဖို့ ခုဏကပဲ အမိန့်ထုတ်လိုက်ပြီ... မင်းတို့ ထွက်သွားပြီး လျှို့ဝှက်ထားမယ့် သဘောတူညီချက်ကို လက်မှတ်ထိုးရမယ်..."
ရှေ့ဆုံးမှ လျှောက်လှမ်းလာသော စစ်ဝတ်စုံဝတ် အမျိုးသားက ဆက်လက်၍ ပြောဆိုလိုက်၏။
ဤသို့ပြောဆိုလိုက်ချိန်တွင် သူ၏အသံတွင် ရိုးသားမှု လုံးဝမရှိဘဲ အလွန်မောက်မာထောင်လွှားနေခဲ့သည်။
ထိုနေရာတွင် မတ်တတ်ရပ်နေသော ခူးဖူ၏ မျက်လုံးများ အလွန်ကြောက်စရာကောင်းနေကြောင်းကို သူ လုံးဝ သတိမထားမိခဲ့ချေ။ အကြောင်းအရင်းမှာ ထိုသို့ပြောလိုက်သူမှာ ဆိုက်ဆီ ဖြစ်နေသောကြောင့်ပင်။