စုဝေးခြင်း
Vol. 15 Ch. 157
ဒက်... ဒက်... ဒက်...
ကြောက်မက်ဖွယ်ကောင်းသော သေနတ်သံများသည် အလွန်ကျယ်လောင်နေပေ၏။
နိုင်ငံခုနစ်နိုင်ငံမှ ရှေးဟောင်းသုတေသနပညာရှင်များ၏မျက်လုံးများ ရီဝေနေကြသည်။
သူတို့သည် မယုံနိုင်စရာ အံ့အားသင့်ဖွယ်အရာတစ်ခုကို မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ရသည်။
သို့သော် ယခုချိန်တွင် သူတို့၏ထိတ်လန့်တုန်လှုပ်မှု ပို၍ပင် ပြင်းထန်နေခဲ့သည်။
ထိုအလွန်မှော်ဆန်သော မြင်ကွင်းသည် သူတို့၏ အမြင်အာရုံအောက်တွင် တဖန်ပြန်၍ ထွက်ပေါ်လာပေ၏။
ဆိုက်ဆီက ယဲ့ပိုင်ဆီသို့ ပစ်ခတ်လိုက်သော ကျည်ဆန်များအားလုံးသည် သူနှင့် တစ်မီတာအကွာသို့ ရောက်ချိန်တွင် ရပ်တန့်သွားကြပြီး လေထဲတွင် တိတ်တဆိတ် ဆိုင်းငံ့နေကြသည်။
ထိုကျည်ဆန်များအားလုံးသည် ကြေးဝါရောင် ဖြစ်ကြ၏။ ပတ်ဝန်းကျင်ရှိ နံရံများပေါ်မှ တောက်ပသော အလင်းပြန်မှုအောက်တွင် ထူးဆန်းနေပုံရသည်။
ဆိုက်ဆီသည် နောက်ဆုံးတွင် အနည်းငယ် ငြိမ်သက်သွားကာ အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောဆိုလိုက်သည်။
"မင်း... မင်း..."
သူ၏ရှေ့ရှိ အေးအေးလူလူရှိနေသော လူငယ်ကို ကြည့်လိုက်ချိန်တွင် အရင်က ဗီဒီယိုမှတစ်ဆင့် သူ မြင်ခဲ့ရသည့် မြင်ကွင်းကို သတိရသွားသည်။ ထိုအချိန်က သူ၏လက်အောက်ငယ်သားတစ်ဦးသည် ပစ်ခတ်ခံရပြီး သနားစရာကောင်းလောက်အောင် သေဆုံးသွားခဲ့ပုံရပေ၏။
သို့သော် ဆိုက်ဆီ ဤစကားလုံးနှစ်လုံးကို ပြောလိုက်ချိန်တွင် သူ ချက်ချင်းဆိုသလိုပင် ခူးဖူကို အာရုံစိုက်လိုက်သည်။
သူ၏အယူအဆအရ ထိုကြောက်စရာကောင်းသော စွမ်းအားမျိုးကို ခူးဖူသာလျှင် ပိုင်ဆိုင်ထားသည်။
ထို့နောက် သူ တည်ငြိမ်မှုကို ပြန်လည်ရယူရန် ကြိုးစားလိုက်သည်။
သူ၏မျက်လုံးများ နီမြန်းနေကာ ခြိမ်းခြောက်စကား ပြောဆိုလိုက်သည်။
"အရှင်... ပိရမစ်တစ်ခုလုံးကို အခု လုံးဝဝန်းရံထားပြီးတော့ ဖောက်ခွဲရေးပစ္စည်းတွေနဲ့ ပြည့်နေပြီ... ကျွန်တော် သေသွားတာနဲ့ အဲ့ဒီဖောက်ခွဲရေးပစ္စည်းတွေ ချက်ချင်းပေါက်ကွဲသွားလိမ့်မယ်... အရှင့်မှာ ဘယ်လောက်ပဲ ကြောက်စရာကောင်းတဲ့ စွမ်းအားရှိရှိ တားဆီးနိုင်မှာ မဟုတ်ဘူး... ဒီကိစ္စမှာ ဝင်မပါဘဲ ရိုးရိုးသားသား ဘေးဖယ်နေတာ အကောင်းဆုံးလို့ ကျွန်တော် ထင်တယ်..."
သူ ထိုသို့ပြောဆိုလိုက်ချိန်တွင် အံ့တင်းတင်း ကြိတ်ထားခဲ့သည်။
ခူးဖူ၏စွမ်းအားကို သူ မြင်တွေ့ခဲ့ဖူးသည်။
ဆိုက်ဆီသည် တစ်နေ့နေ့တွင် ခူးဖူကို သူ ကျော်လွန်နိုင်မည်ဟုလည်း မကြာခဏ စိတ်ကူးယဉ်ခဲ့ဖူးပေ၏။
တစ်နေ့နေ့တွင် ခူးဖူနှင့် ရင်ပေါင်တန်းကာ စကားပြောနိုင်မည်ဟု သူ အိပ်မက်မက်ခဲ့သည်။
ထိုအချိန်တွင် သူ့ထံ၌ အရှိန်အဝါ အပြည့်ရှိနေရမည်။
ထို့ပြင် ယနေ့၌ နောက်ဆုံးတွင် သူ အကောင်အထည် ဖော်နိုင်ခဲ့လေပြီ။
သို့ရာတွင်....
သူ၏စကားသံအဆုံးတွင် ခူးဖူ၏နက်ရှိုင်းသော မျက်လုံးများသည် လုံးဝပြောင်းလဲသွားခြင်း မရှိခဲ့ချေ။ ရှေ့တွင်ရှိနေသော ဆိုက်ဆီကို ကြည့်လိုက်ချိန်တွင် အလွန်သနားစရာကောင်းသည်ဟုသာ သူ ခံစားမိလေ၏။
ခူးဖူက သူ့ကို တစ်စုံတစ်ခုအား သတိပေးချင်သည့်အနေဖြင့် မေးမြန်းလိုက်သည်။
"ဆိုက်ဆီ... မင်း ဘာလုပ်နေလဲဆိုတာ မင်း သိရဲ့လား..."
ဆိုက်ဆီ၏ ခြေထောက်များ မသိမသာ တုန်ရီနေကာ သူက ပြန်လည်ဖြေကြားလိုက်သည်။
"သေချာပေါက် သိတာပေါ့... အရှင့်လိုပဲ ပြိုင်ဘက်ကင်းတဲ့ အာဏာနဲ့ ဓနဥစ္စာတွေ ရချင်တယ်... ပြီးတော့ ကျွန်တော် အလိုချင်ဆုံးက အချိန်ပဲ... အဆုံးအစမရှိ ခံစားနိုင်မယ့် အချိန်..."
မြေပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်နေသော ရှေးဟောင်းသုတေသနပညာရှင်များသည် ဤစကားကို ကြားချိန်၌ သူတို့၏စိတ်ထဲတွင် တစ်စုံတစ်ခုကို တွေးတောမိသွားသည်။ သူတို့၏မျက်လုံးများအတွင်း၌ အလွန်အံ့အားသင့်သွားသော အရိပ်အယောင်များ ထင်ဟပ်လာသည်။ ယဲ့ပိုင်နှင့်ခူးဖူကို တဖန်ပြန်ကြည့်လိုက်ချိန်တွင် သူတို့၏မျက်လုံးများ စူးရှတောက်ပနေသည်။
အနောက်ရှိ လုံခြုံရေးဝန်ထမ်းများသည် သေနတ်များကို ကိုင်ဆောင်ထားဆဲပင်။ သူတို့၏မျက်လုံးများတွင် တင်းမာခက်ထန်မှုများ ထင်ဟပ်နေပြီး အမိန့်ကို စောင့်ဆိုင်းနေပုံရသည်။
ဆိုက်ဆီမှာ အလွန်ရိုးအလွန်းသည်ဟု ခူးဖူက ထင်လိုက်သဖြင့် သူ၏အသံ အနည်းငယ် ပြောင်းလဲသွားပြီး မေးမြန်းလိုက်၏။
"ငါ့လို ရှင်သန်ချင်တာလား..."
ဆိုက်ဆီ၏ ခြေထောက်များ ပို၍ပို၍ပြင်းထန်စွာ တုန်ရီလာပြီး ပြန်လည်၍ အဖြေပေးလိုက်သည်။
"ဟုတ်တယ်... အရှင့်မှာ အဆုံးမဲ့ ဓနဥစ္စာ အဆုံးမဲ့ အာဏာနဲ့ အဆုံးမဲ့ သက်တမ်းရှိတယ်... အရှင့်လို ရှင်သန်ဖို့ဆိုတာ လူတိုင်းရဲ့ ပန်းတိုင်ဖြစ်ကောင်းဖြစ်နိုင်တယ်..."
ခူးဖူ၏အသံ တိမ်ဝင်သွားပြီး မေးမြန်းလိုက်သည်။
"ဒါဆို ငါ့လို ရှင်သန်ရတာ ဘယ်လောက် နာကျင်ရလဲဆိုတာ မင်း သိလား..."
ဆိုက်ဆီက ရယ်မောကာ ပြောဆိုလိုက်၏။
"ဟား ဟား... ကြားရတာတော့ ကောင်းသားပဲ... အရှင်က ပိုင်ဆိုင်ထားပြီးသားမလို့ ကျွန်တော့်ရဲ့ခံစားချက်ကို ဘယ်လိုလုပ် နားလည်နိုင်မှာလဲ..."
ခူးဖူ အနည်းငယ် စိတ်ဝင်စားသွားပုံရကာ တီးတိုးရေရွတ်လိုက်သည်။
"အော်..."
ဆိုက်ဆီသည် ကြောက်ရွံ့နေသော်လည်း ပို၍ ရူးသွပ်လာကာ အော်ဟစ်လိုက်သည်။
"ကျွန်တော်ရဲ့သက်တမ်းက မရှည်ဘူး... လုံလောက်အောင် မခံစားရသေးဘူး... အရှင့်ရဲ့ အမိန့်တွေကို စတင်နာခံကတည်းက နေ့တိုင်း အရှင့်လိုဖြစ်ဖို့ အိပ်မက်မက်ခဲ့တာ... ပိရမစ်ထဲမှာ လျှို့ဝှက်ချက်တွေ ရှိရမယ်ဆိုတာကိုလည်း ကျွန်တော် သိတယ်... ဒါကြောင့် တစ်သောင်းပုံ တစ်ပုံလောက် အခွင့်အရေးရှိရင်တောင် ကျွန်တော် လက်မလျှော့ဘူး... လောင်းကြေးထပ်ရတာ တန်တယ်..."
ဒက်... ဒက်... ဒက်...
ဆိုက်ဆီက စက်သေနတ်ငယ်ကို ခူးဖူဆီသို့ပင် ချိန်ရွယ်ပြီး သူ၏လက်ညှိုးဖြင့် ခလုတ်ကို ဆွဲလိုက်၏။
မရေမတွက်နိုင်သော ကျည်ဆန်များ ပျံ့လွင့်သွားသည်။
ထိုကျည်ဆန်များကို မြင်တွေ့ချိန်၌ ခူးဖူက ခေါင်းခါယမ်းပြီး ပြောဆိုသည်။
"ရယ်စရာပဲ... ထာဝရအသက်... မင်းလိုလူမျိုးက ချောင်းကြည့်ဖို့ ထိုက်တန်လို့လား... မင်းက သေလမ်းရှာနေမှတော့ မင်းကို သေခွင့်ပေးလိုက်မယ်..."
သူ၏စကားသံ အဆုံးတွင် ဆိုက်ဆီ၏အနောက်၌ ရပ်နေသော လုံခြုံရေးအရာရှိတစ်ဦးက သူ၏လက်ထဲရှိ စက်သေနတ်ငယ်ကို မြှောက်ကာ တွန့်ဆုတ်မနေဘဲ ခလုတ်ကို ဆွဲလိုက်သည်။
ဘုန်း...
ကြည်လင်ပြတ်သားသော အသံတစ်သံ ထွက်ပေါ်လာပေ၏။
ရူးသွပ်နေသော ဆိုက်ဆီ၏ခေါင်း ချက်ချင်း ပေါက်ကွဲသွားသည်။
အနီရောင် အဖြူရောင်နှင့် အဝါရောင် အရည်များ ကြမ်းပြင်တပြင်လုံးပေါ်သို့ ဖြာကျသွားသည်။
လေထုထဲတွင် ပြင်းထန်သော သွေးညှီနံ့များ ရုတ်တရက် ဖုံးလွှမ်းသွားသည်။
မြေပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်နေသော ရှေးဟောင်းသုတေသနပညာရှင်များသည် ဆိုက်ဆီ၏သေဆုံးမှုကို မြင်တွေ့ချိန်၌ သူတို့၏မျက်နှာများ ရှုံ့မဲ့သွားပြီး ခူးဖူကို ကြည့်လိုက်ကြ၏။ ကိစ္စရပ်များသည် သူတို့၏ မျှော်လင့်ချက်များထက် လုံးဝကျော်လွန်သွားခဲ့လေပြီ။
နောက်ထပ် မြင်ကွင်းမှာ ပို၍ပင် တုန်လှုပ်ဖွယ် ကောင်းလှသည်။
မူလက ဆိုက်ဆီ၏အနောက်သို့ လိုက်လာသော လုံခြုံရေးဝန်ထမ်းများသည် ခူးဖူကိုကြည့်ပြီး တစ်ယောက်ပြီးတစ်ယောက် ရိုသေစွာ အော်ဟစ်လိုက်ကြသည်။
"ဖာရိုအရှင်..."
"တောင်းပန်ပါတယ် ဖာရိုအရှင်... ကျွန်တော်တို့ နောက်ကျသွားတယ်..."
"ဖာရိုအရှင်..."
"ဖာရိုအရှင်..."
ရှေးဟောင်းသုတေသနပညာရှင်များ ဆွံ့အသွားကြ၏။
သို့သော် နံဘေးတွင်ရပ်နေသော ယဲ့ပိုင်သည် အနည်းငယ်မျှပင် အံ့အားသင့်ခြင်း မရှိခဲ့ချေ။
လွန်ခဲ့သော နှစ်ပေါင်းငါးထောင်က ခူးဖူသည် ဖာရိုဘုရင်တစ်ပါး ဖြစ်ခဲ့ပြီး မရေမတွက်နိုင်သော ကျွန်များကို ထိန်းချုပ်ခဲ့သည်။
နှစ်ပေါင်း ငါးထောင် ကုန်လွန်ပြီးနောက် အီဂျစ်နိုင်ငံတစ်ခုလုံးကို သူ ထိန်းချုပ်ထားနိုင်သည်မှာ အံ့အားသင့်စရာမဟုတ်ချေ။
ထိုလူများ၏ အော်ဟစ်သံကို ကြားသော်လည်း ခူးဖူက လျစ်လျူရှုထားခဲ့သည်။ ယဲ့ပိုင်ကို ကြည့်လိုက်ချိန်တွင် သူက အနည်းငယ် အားယူကာ တဖန်ထပ်၍ ပြောဆိုလိုက်၏။
"အရှင်... ကျွန်တော်က အဖြေတစ်ခုကိုပဲ လိုချင်တာပါ... အဲ့ဒါလေးကိုတောင် မပေးနိုင်ဘူးလား..."
သူ၏စကားသံအဆုံးတွင် လုံခြုံရေးဝန်ထမ်းများအားလုံးသည် သူတို့၏ စက်သေနတ်ငယ်များကို ယဲ့ပိုင်ဆီသို့ ချိန်ရွယ်လိုက်ကြသည်။
လေထဲတွင် ထိုကျည်ဆန်များသည် အချိန်ရပ်တန့်သွားသကဲ့သို့ ဆိုင်းငံ့နေဆဲပင်။
မြေပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်နေသော ရှေးဟောင်းသုတေသနပညာရှင်များ ပို၍ပို၍ စိတ်ရှုပ်ထွေးလာကြပြီး ဤဆက်ဆံရေးမှာ အလွန်ပရမ်းပတာ ဖြစ်နေကြောင်းသာ ခံစားနေကြရသည်။ သို့သော် ဤအချိန်တွင် မည်သူကမျှ စကားမပြောရဲကြဘဲ တီးတိုးရေရွတ်နေကြ၏။
"အရှင်တဲ့လား..."
ခူးဖူ၏စကားကို ကြားပြီးနောက် ယဲ့ပိုင်က သူ၏လက်ကို ဖြည်းညင်းစွာ ဆန့်တန်းလိုက်ရာ လေထဲတွင် ဆိုင်းငံ့နေသော ကျည်ဆန်များအားလုံး သူ၏လက်ဝါးပေါ်သို့ ကျဆင်းလာခဲ့သည်။ ထို့နောက် သူက ညင်သာစွာ ပြောဆိုလိုက်၏။
"အဖြေကို မင်း သိပြီးသားပါ..."
ခူးဖူသည် ရပ်တန့်သွားကာ ဒေါသထွက်နေသော မျက်လုံးများဖြင့် သူ၏မလိုလားမှုကို ဖော်ပြပြီး ပြောဆိုလိုက်သည်။
"ကျွန်တော် သိပြီးသား... ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ... အရှင်... လမ်းကြားထဲမှာ ကျွန်တော် ထွက်ပေါ်လာကတည်းက ကျွန်တော့်ရဲ့ အဆုံးသတ်က သတ်မှတ်ပြီးသား ဖြစ်နေတာကို အရှင် သိမှာပါ.. ဒါပေမဲ့ ကျွန်တော် တကယ်ကို စိတ်ကျေနပ်မှု မရှိခဲ့ဘူး..."
ယဲ့ပိုင်က ခေါင်းအနည်းငယ် ခါယမ်းလိုက်ပြီး သူ၏လက်နှစ်ဖက်ကို နောက်ပစ်ကာ ပြောဆိုသည်။
"ခုဏက အဲ့ဒီလူကို မင်း ဘာပြောခဲ့လဲဆိုတာ စဉ်းစားကြည့်..."
ဤခန်းမထဲရှိ မရေမတွက်နိုင်သော ပြိုင်ဘက်ကင်း ရှေးဟောင်းပစ္စည်းများသည် သူ့အတွက် ဆွဲဆောင်မှု မရှိချေ။ ခူးဖူကို သတိပေးပြီးနောက် သူ ရှေ့သို့ ခြေတစ်လှမ်းတိုးကာ အချိန်တံခါးဆီသို့ ဖြည်းညင်းစွာ လျှောက်လှမ်းသွားသည်။
ဤအချိန်အခိုက်အတန့်တွင် ခူးဖူ လုံးလုံးလျားလျား အံ့အားသင့်သွားပေ၏။
အစောပိုင်းက ဆိုက်ဆီကို သူ ဘာပြောခဲ့သနည်း....
ဆိုက်ဆီသည် သူ့အား ထာဝရအသက်ရှင်ခြင်း လျှို့ဝှက်ချက်ကို မေးခဲ့သည် မဟုတ်လော...
"ထာဝရအသက်... မင်းလိုလူမျိုးက ချောင်းကြည့်ဖို့ ထိုက်တန်လို့လား..."
ထိုစကားကို ခူးဖူ အလွန်ရှင်းလင်းစွာ မှတ်မိနေပေ၏။
ထို့နောက် သူ ယခုလုပ်နေသည်များနှင့် ဆက်စပ်ကြည့်လိုက်သည်...
အမြဲတစေ တည်ငြိမ်နေသော ခူးဖူ၏ခန္ဓာကိုယ် ပြင်းထန်စွာ တုန်ရီသွားသည်။
နှစ်ပေါင်းငါးထောင်ကြာ အစီအစဉ်များ ဆိုသည်မှာ....
လမ်းကြားထဲရှိ ခြံဝန်းအမှတ် ၉၉ မှ စကားပြောဆိုမှု....
ထာဝရအသက်ရှင်ခြင်း လျှို့ဝှက်ချက်ကို မေးမြန်းချိန်တွင် သူသည် ယဲ့ပိုင်၏စိတ်နေစိတ်ထားကို မေးမြန်းခဲ့ခြင်း ဖြစ်ပေ၏။
ရယ်စရာကောင်းလိုက်တာ...
ယဲ့ပိုင်ကို သူ မနာလိုဖြစ်ပြီး ယဲ့ပိုင်ကဲ့သို့ ဖြစ်ချင်ခဲ့ချိန်တွင်... သူကဲ့သို့ ဖြစ်ချင်နေသူများလည်း မရေမတွက်နိုင်အောင် ရှိနေခဲ့သည်။
လူသားများ၏ လိုချင်မက်မောမှုများမှာ အမှန်တကယ်ကို အဆုံးအစမရှိပေ။
ယဲ့ပိုင် အချိန်တံခါးနားသို့ ချဉ်းကပ်သွားသည်ကို မြင်တွေ့ချိန်၌ ခူးဖူက ထပ်မံ၍ ပြောဆိုလိုက်သည်။
"အရှင်... ကျွန်တော် နားလည်ပါပြီ..."
ယဲ့ပိုင်က ခြေထောက်ကို မြှောက်လိုက်ပြီး တံခါးကို ဖြတ်သန်းတော့ပေမည်။
ခူးဖူသည် ရွှေတောင်ဝှေးကို လက်နှစ်ဖက်ဖြင့် တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး သူ၏အေးစက်သောအသံသည် အေးအေးလူလူ ထွက်ပေါ်လာကာ ခြိမ်းခြောက်မှုများဖြင့် ပြည့်နှက်နေပြီး ဆက်လက်၍ ပြောဆိုလိုက်သည်။
"ဒါပေမဲ့ ကျွန်တော် စိတ်ကျေနပ်မှု မရှိသေးဘူး... အဲ့ဒီ အမှိုက်ကောင်ဆိုက်ဆီနဲ့ ကျွန်တော်က ကွာတယ်... ဒီနေ့ အရှင် ကျွန်တော့်ကို တိကျတဲ့ အဖြေတစ်ခု မပေးဘူးဆိုရင်... သူတို့အားလုံးကို ကျွန်တော် သတ်ပစ်မယ်..."
လုံခြုံရေးဝန်ထမ်းများကလည်း လျှင်မြန်စွာ တုံ့ပြန်လိုက်ကြသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့သည် မြေပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်နေသော ရှေးဟောင်းသုတေသနပညာရှင်များဆီသို့ သေနတ်များကို ချိန်ရွယ်လိုက်ကြ၏။
ယဲ့ပိုင်က လျစ်လျူရှုထားသော အသံဖြင့် ပြောဆိုသည်။
"ဒါဆိုလည်း... သူတို့ကို သတ်လိုက်..."
ထို့နောက် သူ၏ မြှောက်ထားပြီးသား ခြေထောက်ကို ညင်သာစွာ ချလိုက်၏။
ဤခူးဖူသည် နှစ်ပေါင်းငါးထောင် အသက်ရှင်သန်ခဲ့သော်လည်း သူ၏စိတ်ထားသည် ကလေးဆန်ကာ အလွန်ရိုးအလွန်းနေဆဲပင်။