ကျေနပ်မှုမရှိခြင်း
Vol. 15 Ch. 158
ယဲ့ပိုင် တံခါးမှ ထွက်သွားပြီးနောက် လူတိုင်း၏ရှေ့တွင် မှော်ဆန်သော မြင်ကွင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။
ရှေးဟောင်းသုတေသနပညာရှင်တစ်ဦးက သူ၏မျက်လုံးများကို ပွတ်သပ်ကာ သူ၏ပါးစပ်မှ တီးတိုးရေရွတ်လိုက်သည်။
"အဲ့ဒီတံခါးနောက်မှာ ဘယ်တုန်းက စည်ကားတဲ့ မြို့တစ်မြို့ ဖြစ်သွားတာလဲ..."
အခြားတစ်ယောက်က အော်ဟစ်လိုက်၏။
"ငါ အာရုံချောက်ချားနေတာများလား... ကျစ်... အဲ့ဒီလူတွေက တရုတ်နိုင်ငံက လာတဲ့ပုံပဲ..."
တခြားတစ်စုံတစ်ယောက်က ထောက်ခံလိုက်သည်။
"ငါလည်း မြင်လိုက်တယ်..."
နောက်တစ်ယောက်ကလည်း ဝင်ရောက်ပြောဆိုလေ၏။
"ငါတို့က ပိရမစ်ထဲမှာ သေချာပေါက် ရှိနေတာလေ..."
တခြားလူများကလည်း အံ့အားတသင့် ပြောဆိုလိုက်ကြသည်။
"ခုဏလေးတင် တံခါးရဲ့အနောက်မှာက မှောင်မည်းနေတဲ့ လမ်းကြောင်းတစ်ခု ရှိနေတာ မဟုတ်လား ..."
ဤအချိန်တွင် ရှေးဟောင်းသုတေသနပညာရှင်များသည် ခူးဖူကို တောင်းပန်မည် မဟုတ်သည့်အပြင် ယဲ့ပိုင်ကိုလည်း ဆက်နေရန် မတောင်းဆိုကြတော့ချေ။ သူတို့၏ရှေ့ရှိ မှော်ဆန်သော မြင်ကွင်းကို ကြည့်ရင်း သူတို့အားလုံး ဆွံ့အနေကြ၏။
သို့သော် နံဘေးတွင်ရပ်နေသော ခူးဖူသည် ဤအခြေအနေကြောင့် အံ့အားသင့်ခြင်း မရှိခဲ့ချေ။
ယဲ့ပိုင်၏ ကြောက်စရာကောင်းသော စွမ်းရည်နှင့် ပတ်သက်၍ ခူးဖူသည် များစွာမြင်တွေ့ခဲ့ပြီး ဖြစ်သည်။
အတွေးတစ်ချက်တည်းဖြင့် မြေပြင်သည် သဲကန္တာရ ဖြစ်သွားနိုင်ကာ....
အတွေးတစ်ချက်တည်းဖြင့် သစ်တုံးဆွေးများ အသက်ဝင်လာနိုင်သည်။
ယဲ့ပိုင် ဆန္ဒရှိသရွေ့ မည်သည့်တံခါးကိုမဆို အလွယ်တကူ ဖွင့်နိုင်ပြီး သူ သွားလိုရာကို သွားနိုင်သည်..
မည်သူကမျှ သူ့ကို တားဆီးနိုင်မည် မဟုတ်ချေ။
ခူးဖူသည် အံ့ကြိတ်လိုက်ကာ သူ၏နှလုံးသားထဲတွင် ရောထွေးနေသော ခံစားချက်များ ဆူပွက်နေပြီး မေးမြန်းလိုက်၏။
"အရှင်... တကယ်ပဲ မပြောတော့ဘူးလား... အရှင်က အဲ့ဒီလောက်တောင် သွေးအေးတာလား..."
ယဲ့ပိုင် နောက်ပြန်မလှည့်ခဲ့ဘဲ သူ၏ခန္ဓာကိုယ် တစ်ဝက်သည် အချိန်တံခါးကို ဖြတ်သန်းသွားခဲ့လေပြီ။
သွေးအေးတာလား...
အသက်ရှင်ခြင်းနှင့် သေဆုံးခြင်း...
အချိန်နှင့် ကံကြမ္မာ...
ခေတ်အဆက်ဆက်တွင် ယဲ့ပိုင်သည် အလွန်များပြားစွာ မြင်တွေ့ခဲ့ပြီး ဖြစ်ပေ၏။
ထိုလူများအနက် မြို့တစ်မြို့လုံးကို သတ်ဖြတ်ပစ်မည်ဟု ယဲ့ပိုင်အား ခြိမ်းခြောက်ခဲ့ကာ သူတို့ကိုယ်သူတို့ ထူးချွန်သည်ဟု ထင်နေသူ တချို့လည်း ရှိခဲ့သည်။
အစပိုင်းတွင် ယဲ့ပိုင်၏စိတ်ခံစားချက်များ လှုပ်ရှားသွားခဲ့ဖူးသည်။
သို့သော် တဖြည်းဖြည်းနှင့် သူသည် အရာအားလုံးကို လျစ်လျူရှုထားကာ ဂရုမစိုက်တော့ချေ။
ထိုသာမန်လူများသည် အဆုံးအစမရှိ ပြောင်းလဲနေသော ခေတ်ကာလများထဲတွင် ဖုန်မှုန့်တစ်စ သက်သက်မျှသာ ဖြစ်ပေ၏။ သူတို့ကို သူ ခဏတာ ကယ်တင်လိုက်လျှင်ပင် ဘာဖြစ်လာမည်နည်း။ ဆယ်စုနှစ်အနည်းငယ်အကြာတွင် အရာအားလုံးသည် ဖုန်မှုန့်အဖြစ်သို့ ပြန်လည်ရောက်ရှိသွားပေမည်။
ခူးဖူ၏အသံသည် ခန်းမထဲတွင် ပဲ့တင်ထပ်နေပေ၏။
ယဲ့ပိုင်သည် လုံးဝဂရုမစိုက်ခဲ့ချေ။ လူတိုင်း၏ရှေ့တွင် သူ၏ခန္ဓာကိုယ်သည် အချိန်တံခါးကို ဖြတ်သန်းသွားခဲ့ပြီး မည်သည့်နေရာသို့ ရောက်သွားမှန်း မည်သူမျှ မသိကြချေ။
ဘုန်း...
ခန်းမထဲတွင် ခူးဖူသည် ယဲ့ပိုင် ပျောက်ကွယ်သွားသည်ကို တိတ်ဆိတ်စွာ ကြည့်နေခဲ့သည်။
အချိန်အတော်ကြာပြီးနောက် သူ၏ခြေထောက်များ ပျော့ခွေသွားကာ မြေပြင်ပေါ်သို့ ဒူးထောက်ရက်သား ကျသွားလေ၏။
ဝှစ်...
သူ၏မျက်နှာပေါ်ရှိ အဖြူရောင်အဝတ်စကို သူ ဆုတ်ဖြဲလိုက်၏။
သူ၏မူလအသွင်အပြင်ကြောင့် မြေပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်နေသော ရှေးဟောင်းသုတေသနပညာရှင်များကို အော်ဟစ်သွားစေခဲ့သည်။
"အား... သတ္တဝါဆိုးကြီး... သူက ဘာကြီးလဲ..."
သူ၏မျက်နှာသည် ကြောက်စရာကောင်းလောက်အောင် ခြောက်သွေ့နေပေ၏။
နှစ်ပေါင်း ငါးထောင်ကြာ ရှိနေခဲ့သော ရုပ်အလောင်းတစ်ခုအလား အရိုးများကို ဖုံးအုပ်ထားသည့် မပုပ်မသိုးနိုင်သော အနက်ရောင် အရေပြားတစ်လွှာသာ ရှိတော့သည်။
သူ၏နက်ရှိုင်းသော မျက်လုံးများမှလွဲ၍ သူ၏ခန္ဓာကိုယ်တွင် မည်သည့်သက်ဝင်လှုပ်ရှားမှုမျှ မရှိချေ။
စက်သေနတ်ငယ်များ ကိုင်ဆောင်ထားသော လုံခြုံရေးဝန်ထမ်းများသည် ဤမြင်ကွင်းကို မြင်သောအခါ သူတို့အားလုံး မသိစိတ်အလျောက် နောက်ဆုတ်သွားကြ၏။ သူတို့၏မျက်လုံးများတွင် ထိတ်လန့်ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေပြီး စကားတစ်ခွန်းမျှ မပြောနိုင်ကြချေ။
အချိန်အတော်ကြာပြီးနောက် မြေပြင်ပေါ်တွင် ဒူးထောက်နေသော ခူးဖူက ဖြည်းညှင်းစွာ မတ်တတ်ရပ်လိုက်သည်။ ယဲ့ပိုင် ထွက်ခွာသွားပြီဖြစ်ကြောင်း အတည်ပြုပြီးနောက် သူ၏လက်များကို ရွှေတောင်ဝှေးပေါ်သို့ တင်လိုက်၏။ ထို့နောက် သူ၏ပါးစပ်ထောင့်ရှိ ခြောက်သွေ့နေသော အရေပြား အထက်အောက် လှုပ်ရှားသွားကာ အေးစက်ပြီး ထူးဆန်းသော အသံဖြင့် အမိန့်ပေးလိုက်သည်။
"ဆူညံလွန်းတယ်... သူတို့ကို သတ်လိုက်..."
အနောက်မှ လိုက်ပါလာသော လုံခြုံရေးဝန်ထမ်းများသည် သူ၏အမိန့်ကို ကြားချိန်၌ ကြောက်ရွံ့နေကြသော်လည်း မည်သူကမျှ အဓိပ္ပာယ်မရှိသော စကားများကို မပြောရဲကြချေ။
ဒက်... ဒက်... ဒက်...
ပြင်းထန်သော သေနတ်သံများသည် ခန်းမတစ်ခုလုံးတွင် ပဲ့တင်ထပ်သွားပေ၏။
သွေးများသည် နေရာအနှံ့အပြားသို့ ပျံ့နှံ့သွားပြီး ကံမကောင်းသော သားကောင်များထံမှ ငိုကြွေးမြည်တမ်းသံများနှင့် မကျေမနပ်အော်ဟစ်သံများ ပဲ့တင်ထပ်သွားခဲ့သည်။
ခူးဖူ၏မျက်လုံးများတွင် လျစ်လျူရှုထားမှုများ ထင်ဟပ်လာပြီး ဤလူများ သေဆုံးသွားခြင်းမှာ သူ့အတွက် ထည့်ပြောရန်ပင် မလိုချေ။
ဤနေရာတွင် ကိစ္စအားလုံးနီးပါး ပြီးပြတ်သွားချိန်၌ ခူးဖူသည် သူ၏လက်ချောင်းများဖြင့် ရွှေတောင်ဝှေးပေါ်သို့ ညင်သာစွာ ဖိနှိပ်လိုက်သည်။ ထို့နောက် မကြုံစဖူး သတ်ဖြတ်ခြင်း အငွေ့အသက်များနှင့်အတူ သူက သတင်းစကားတစ်ခုသည် အလင်း၏အမြန်နှုန်းဖြင့် ပို့လွှတ်လိုက်သည်။
လက်ရှိဖာရိုဘုရင်၏မျက်လုံးများ အေးစက်တင်းမာနေသည်။
သူ၏လက်ထဲရှိ ငွေရောင်တောင်ဝှေးသည် အဆက်မပြတ် တောက်ပနေပေ၏။
ထိုအလင်းရောင်ကို မြင်ပြီးနောက် သူ၏မျက်လုံးများ ချက်ချင်းပြူးကျယ်သွားသည်။
သူက တီးတိုးရေရွတ်လိုက်သည်။
"ဘိုးဘေးရဲ့ ပထမအစီအစဉ်က ကျရှုံးသွားပုံရတယ်..."
သို့ရာတွင် သူ အလွန်လျှင်မြန်စွာ တုံ့ပြန်လိုက်၏။
သူက ဖုန်းခေါ်ဆိုမှုများစွာကို ချက်ချင်းပြုလုပ်ကာ အမိန့်ပေးလေသည်။
"နောက်တစ်ခု... မင်းတို့ သနားညှာတာဖို့ မလိုဘူး... သတ်သင့်သတ်ထိုက်တဲ့သူအားလုံးကို သတ်ပစ်လိုက်... စာရင်းထဲက လူတွေကို ပြန်ပေးဆွဲဖို့ နည်းလမ်းရှာ... တရုတ်နိုင်ငံကို ဖိအားပေး... မှတ်ထား... ယဉ်ကျေးမှု အမွေအနှစ်တွေကို တတ်နိုင်သမျှ အများဆုံး ဖျက်ဆီးပစ်စမ်း... အဲ့ဒီအရာတွေက အဲ့ဒီလူ ဂရုစိုက်ဆုံးအရာတွေပဲ... သူနဲ့ဆက်စပ်နေတဲ့ လူအားလုံးကို စစ်ဆေးပြီးပြီလား... တစ်ယောက်တွေ့ရင် တစ်ယောက်သတ်... ဆယ်ယောက်တွေ့ရင် ဆယ်ယောက်သတ်... အားလုံးကို တွေ့ရင် အားလုံးကို သတ်ပစ်လိုက်..."
ထိုအမိန့်ကိုပေးပြီးသည်နှင့် အလွန်လှိုင်းထန်နေပြီးဖြစ်သော မြေအောက်ငရဲကမ္ဘာသည် ဤအခိုက်အတန့်တွင် ပို၍ပင် ထူးဆန်းပြီး အေးစက်လာပေ၏။
ကောင်းစွာလေ့ကျင့်ထားသည့် မရေမတွက်နိုင်သော ထိပ်တန်းအထူးတပ်ဖွဲ့ဝင်များသည် ဖာရိုဘုရင်၏အမိန့်များကို အမြန်ဆုံးအကောင်အထည်ဖော်ရန် အသင့်ပြင်ဆင်ကာ လျှင်မြန်စွာ ပုန်းကွယ်နေကြသည်။
...
အီဂျစ်နိုင်ငံရှိ အခြေအနေများသည် အပြောင်းအလဲများဖြင့် ပြည့်နှက်နေ၏။
သို့သော် တခြားနေရာတစ်ခုတွင်မူ အလွန်တိတ်ဆိတ်နေသည်။
လမ်းမများထက်တွင် စည်ကားနေကာ...
အသွားအလာ အဆက်မပြတ် ရှိနေသော လူအုပ်ကြီး...
လမ်းပေါ်တွင် ကားတစ်စီးပြီးတစ်စီး ဖြတ်သန်းသွားသည်။
အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသော လူငယ်တစ်ဦးသည် သူ၏လက်များကို နောက်ပစ်ထားကာ ဆိုင်ငယ်လေးတစ်ခုမှ အေးအေးလူလူ ထွက်လာပြီး လမ်းမပေါ်တွင် ညင်သာစွာ လျှောက်လှမ်းနေပေ၏။
သူ၏နက်ရှိုင်းသော မျက်လုံးများဖြင့် လမ်းဘေးရှုခင်းများကို အေးအေးလူလူ ကြည့်ရှုနေသည်။
သူ၏မျက်နှာအမူအယာသည် ရိုးရှင်းနေပြီး ဤကမ္ဘာပေါ်ရှိ မည်သည့်အရာကမျှ သူ့ကို လှုပ်ခတ်သွားစေနိုင်မည် မဟုတ်သည့်အလားပင်။
သူ လမ်းမပေါ်တွင် ဤကဲ့သို့ လျှောက်လှမ်းနေချိန်၌ လမ်းသွားလမ်းလာ အမြောက်အများ၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့သည်။
သူမ၏ လက်ကိုင်ဖုန်းဖြင့် ဓာတ်ပုံရိုက်နေသော အမျိုးသမီးတစ်ဦးက ရူးသွပ်သွားသကဲ့သို့ ခံစားနေရပြီး တီးတိုးရေရွတ်လိုက်၏။
"အရမ်းချောတာပဲ..."
တစ်စုံတစ်ယောက်က နံဘေးဘက်သို့ ကြည့်ကာ ပြောလိုက်၏။
"ဒီလူက အရမ်းစတိုင်ကျတာပဲ... ရုပ်ရှင်ရိုက်နေတာများလား..."
အမျိုးသမီးတချို့ စုရုံးကာ အသံတိုးတိုးဖြင့် စကားပြောနေကြသည်။
"ဟေ့...ငါတို့ လောင်းကြေးထပ်ရအောင်... သူနဲ့ ဆက်သွယ်နိုင်မယ့် အချက်အလက်ကို သွားတောင်းရဲတဲ့သူ ဘယ်သူရှိလဲ..."
လူအများထံ၌ ဆွေးနွေးမှုများစွာ ရှိနေခဲ့သည်။
အသံတချို့က လူငယ်၏နားထဲသို့ ရောက်လာသော်လည်း သူက လုံးလုံးလျားလျား လျစ်လျူရှုထားခဲ့သည်။
တစ်စုံတစ်ယောက်က သတ္တိမွေးကာ သူနှင့် စကားပြောရန် ဟန်ပြင်နေချိန်တွင် လူငယ်သည် ရုတ်တရက် ရပ်တန့်သွားပြီးနောက် လမ်းဘေးတွင်ရပ်ကာ လက်လှမ်းပြလိုက်၏။
တက္ကစီတစ်စီးက သူ၏နံဘေးတွင် ငြိမ်သက်စွာ ရပ်တန့်သွားသည်။
လူငယ်သည် ကားနောက်ခန်းတံခါးကို ဖွင့်ကာ ကျက်သရေရှိစွာ ဝင်ရောက်သွားပေ၏။ နောက်ထပ်အချိန်တခဏတွင် တက္ကစီသည် လမ်းမပေါ်၌ ပြေးထွက်သွားသည်။
ယဲ့ပိုင်ကို စကားသွားပြောမည့်သူများသည် ခြေဆောင့်လိုက်ကြသော်လည်း အချိန်အနည်းသယ်ကြာပြီးနောက် သူတို့အားလုံး လျှင်မြန်စွာ ထွက်ခွာသွားကြပြီး သူ၏အသွင်အပြင်ကိုပင် မမှတ်မိနိုင်ကြတော့ချေ။ သူတို့၏စိတ်နှလုံးသားထဲတွင် နှမြောစရာကောင်းသည်ဟုသာ ခံစားမိလေ၏။
အသားဝါဝါ ဆံပင်တိုတိုနှင့် အဖြူရောင်ရှပ်အင်္ကျီကို ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် တက္ကစီဒရိုင်ဘာက မေးမြန်းသည်။
"ညီလေး... ဘယ်သွားမလဲ..."
ယဲ့ပိုင်က ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။
"ဒီတိုင်းပဲ မောင်းလိုက်..."
တက္ကစီဒရိုင်ဘာသည် အချိန်တခဏကြာ အံ့အားသင့်သွားသော်လည်း မကြာမီ မူလအခြေအနေသို့ ပြန်ရောက်သွားပေ၏။
ဤလုပ်ငန်းတွင် နှစ်ပေါင်းများစွာ လုပ်ကိုင်လာခဲ့ပြီးနောက် ထူးဆန်းသော ဖောက်သည်များစွာကို သူ မြင်တွေ့ခဲ့ရပြီး ဖြစ်သည်။
တက္ကစီဒရိုင်ဘာက လီဗာကိုနင်းကာ ရှေ့သို့မောင်းနှင်သွားရင်း ပြောဆိုလိုက်သည်။
"ကောင်းပါပြီ..."
ယဲ့ပိုင်၏မျက်နှာ အလွန်အေးစက်နေသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပြီး တက္ကစီဒရိုင်ဘာသည် သူနှင့်စကားပြောရန် အကြောင်းပြချက် ရှာမရသဖြင့် ကားထဲရှိ ရေဒီယိုကို ဖွင့်လိုက်၏။
ထိုအရာကို ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် အတွင်း၌ နောက်ဆုံးရသတင်းများ ရှိနေခဲ့သည်။
ရေဒီယိုမှ ထွက်ပေါ်လာသည်မှာ စိတ်လှုပ်ရှားမှုနှင့် အကူအညီမဲ့မှုများ ရောယှက်၍ ပါဝင်နေသော အမျိုးသမီးအသံတစ်ခုဖြစ်ကာ သတင်းတစ်ခုကို ထုတ်ပြန်ကြေညာနေသည်။
"ချစ်ခင်ရပါသော ပရိသတ်ကြီး... ကမ္ဘာကျော် ခူးဖူပိရမစ် စူးစမ်းရှာဖွေရေးကို ဒီနေ့ တရားဝင် စတင်လိုက်ပါပြီ... အခင်းဖြစ်ပွားရာ နေရာကို အစကတည်းက ပိတ်ဆို့ထားတဲ့အတွက် ဘယ်သတင်းထောက်မှ တိုက်ရိုက်ထုတ်လွှင့်ခွင့် မရခဲ့ပါဘူး... ခုဏကမှ ပထမဆုံး သတင်းဦးကို လက်ခံရရှိနေတာပါ... လျှို့ဝှက်ချက်တွေကို စူးစမ်းရှာဖွေတဲ့ လုပ်ငန်းစဉ်အတွင်းမှာ ကြောက်စရာကောင်းတဲ့ စက်ယန္တရားတစ်ခုနဲ့ ကြုံတွေ့ခဲ့ရတယ်လို့ ကြားသိရပါတယ်... နိုင်ငံခုနစ်နိုင်ငံက ရှေးဟောင်းသုတေသနပညာရှင်တွေအားလုံး သေဆုံးသွားပြီလို့ ထင်ရတယ်... အခင်းဖြစ်ပွားရာနေရာမှာရှိတဲ့ အီဂျစ်ဝန်ထမ်းတွေက ရှာဖွေကယ်ဆယ်ရေးတွေ လုပ်ဆောင်ဖို့ အစွမ်းကုန် ကြိုးစားနေကြတယ်..."
တက္ကစီဒရိုင်ဘာက ထိုသတင်းကို အလွန်စိတ်ဝင်တစား နားထောင်နေသည်။
သို့သော် နောက်ခန်းတွင် ထိုင်နေသော ယဲ့ပိုင်သည် မည်သည့်အရာကိုမျှ မကြားရသကဲ့သို့ ပြုမူနေပြီး ရုပ်ထုတစ်ခုကဲ့သို့ ထိုနေရာတွင် ထိုင်နေပေ၏။