← Chapters

လမ်းဖယ်ပေးခြင်း

Vol. 15 Ch. 159

လမ်းဖယ်ပေးခြင်း

Vol. 15 Ch. 159

တက္ကစီအတွင်း၌...

ယဲ့ပိုင်သည် ကားမှန်ကို တစ်ဝက်ခန့် ချလိုက်၏။

သူ၏လျစ်လျူရှုထားသော အကြည့်များသည် ဤမြို့၏ အဆောက်အအုံများကို တိတ်ဆိတ်စွာ ကြည့်ရှုနေပြီး ကား၏အမြန်နှုန်းအောက်တွင် အဆောက်အအုံများ အနောက်သို့ ဆုတ်ခွာသွားခဲ့သည်။

အစောပိုင်းက သတင်းကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပြီး တက္ကစီဒရိုင်ဘာသည် အားမလိုအားမရ ဖြစ်နေကာ အစပြု၍ စကားပြောဆိုလာခဲ့သည်။

"ပိရမစ်ဆိုတာ တကယ်ကို အရမ်းအံ့အားသင့်ဖို့ကောင်းတဲ့အရာပဲ... နှစ်ပေါင်းထောင်နဲ့ချီကြာအောင် ထိန်းသိမ်းထားနိုင်ခဲ့တာ... ရှုပ်ထွေးနေတဲ့ အချက်အလက် မှတ်တမ်းတချို့အရဆိုရင် အဲ့ဒါက ဂြိုဟ်သားတွေရဲ့ အဆောက်အအုံတွေ ဖြစ်နိုင်ခြေများတယ်... တချို့လူတွေကဆို ပိရမစ်တွေက ဂြိုဟ်သားတွေရဲ့ လက်နက်တစ်ခုလို့တောင် ပြောကြသေးတယ်... စဉ်းစားကြည့်လေ... လူတိုင်းက ကောင်းကောင်းမွန်မွန် နေထိုင်နေကြတာကို မင်းက ရုတ်တရက် သူတို့အိမ်ကို ဝင်ပြီးကျူးကျော်တယ်ဆိုတော့ သေလမ်းရှာနေတာ မဟုတ်ဘူးလား..."

ဒရိုင်ဘာ၏ တံတွေးများ လွင့်စင်သွားပြီး ဤစကားမှာ အခြေအမြစ်မရှိကြောင်း သိသာလှသည်။

ယဲ့ပိုင်က အေးအေးလူလူ နားထောင်နေခဲ့သည်။

အမှန်တရားဆိုသည်မှာ အာဏာရှိသူများ၏ ဖုံးကွယ်ခြင်းကို အမြဲတစေ ခံရစမြဲပင်။

အချိန်အတော်ကြာပြီးနောက် ယဲ့ပိုင်က ပြောဆိုလိုက်သည်။

"ဟူပေပြည်နယ်... လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီက ဒီနေရာက မဖွံဖြိုးတဲ့ အပျက်အစီးနေရာတစ်ခုအဖြစ်ပဲ ရှိသေးတယ်... ကျေးလက်က သာမန်လူတချို့ကပဲ သက်ကယ်မိုးတဲအိမ်တွေ ဆောက်ခဲ့ကြပြီးတော့ စစ်မက်ဖြစ်ပွားရာခေတ်က သူရဲကောင်းခုနစ်နိုင်ငံထဲက ယန်နိုင်ငံရဲ့ မြို့တော် ဖြစ်လာခဲ့တယ်..."

ဒရိုင်ဘာက စတီယာရင်ကို ကွေ့လိုက်ပြီး ယဲ့ပိုင်၏စကားကို ကြားပြီးနောက် စိတ်ဝင်စားသွားကာ တွန့်ဆုတ်ခြင်းမရှိဘဲ စကားပြန်ပြောလိုက်သည်။

"ခေတ်ရဲ့ တိုးတက်မှုက မတူဘူးလေ... အဲ့ဒီတုန်းက မြေလွတ်ရှိသရွေ့ ဘယ်သူမဆို သက်ကယ်မိုးတဲအိမ် ဆောက်လို့ရတယ်... အခု ဘယ်လိုလုပ်ပြီး ဖြစ်နိုင်တော့မှာလဲ... တစ်နိုင်ငံလုံးမှာ မြေလွတ်မြေရိုင်းတွေ ဘယ်လောက်ရှိလဲဆိုတာ မသိပေမဲ့ နိုင်ငံသားတွေ ပိုင်တာမှ မဟုတ်တာ... ပြီးတော့ အိမ်ကို ကြိုက်သလိုဆောက်ခွင့်မပေးဘူး... အိမ်လိုချင်ရင် ဝယ်ရမှာပဲ...ငါ့ရဲ့ဘိုးဘေးတွေက ဘာလို့ အဲ့ဒီလောက်တောင် အမြင်ကျဉ်းရတာလဲ မသိဘူး... တကယ်လို့ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေလောက်ကတည်းက ဒီနေရာမှာ သက်ကယ်မိုးတဲတစ်လုံး ဆောက်ခဲ့ရင် ငါ့ရဲ့ဘဝတစ်သက်တာလုံးအတွက် ပူစရာမလိုတော့ဘူး..."

ယဲ့ပိုင်က ခေါင်းအနည်းငယ် ခါယမ်းပြီး ပြောဆိုလိုက်၏။

"ငြိမ်းချမ်းရေးအတွက် စိတ်အားထက်သန်စွာနဲ့ တိုက်ပွဲဝင်ခဲ့ကြတဲ့ အဲ့ဒီရှေးခေတ်လူတွေက သူတို့ရဲ့ အိပ်မက်ထဲမှာ အခုလိုမျိုး ရှင်သန်ချင်ခဲ့ကြတာ... ဒါပေမဲ့ အခုခေတ် လူတချို့ကကျတော့ အတိတ်ကို ပြန်သွားဖို့ အမြဲတမ်း အိပ်မက်မက်နေကြတယ်..."

တက္ကစီဒရိုင်ဘာက အရှိန်လျှော့ပြီး တီးတိုးရေရွတ်လိုက်သည်။

"အမ်..."

နောက်ကြည့်မှန်မှတဆင့် သူက နောက်ခုံတွင် ထိုင်နေသော လူငယ်ကို ကြည့်လိုက်သည်။ ဤလူငယ်သည် သူနှင့် အခြေခံအားဖြင့် ကွဲပြားနေကြောင်းကိုသာ သူ ခံစားမိပေ၏။

အချိန်အတော်ကြာ စဉ်းစားပြီးနောက် တက္ကစီဒရိုင်ဘာက သူ၏ပါးစပ်ကို ဖွင့်ဟကာ ပြန်ပြောလိုက်သည်။

"အဲ့ဒါက အမှန်တရားလို့တော့ ငါ့ကို မပြောနဲ့နော်..."

သူ စကားဆက်ပြောရန် ဟန်ပြင်လိုက်သော်လည်း မည်သည့်နေရာက စရမည်ကို မသိတော့ချေ။

ကားအတွင်း၌ တိတ်ဆိတ်မှုက ပြန်လည်၍ လွှမ်းမိုးသွားပေ၏။

သူတို့နှစ်ယောက်လုံး စကားမပြောကြတော့ချေ။

ရေဒီယိုမှ သတင်းကြေငြာချက်ကသာ ထပ်မံ၍ ထွက်ပေါ်လာခဲ့သည်။

ဤသည်က ယခင်အမျိုးသမီး၏အသံ ဖြစ်နေပြီး သူမသည် အနည်းငယ် စိတ်လှုပ်ရှားနေပုံရကာ ဆက်လက်၍ ထုတ်ပြန်ကြေညာနေလေ၏။

"ချစ်ခင်ရပါသော ပရိသတ်ကြီး... နောက်ဆုံးရ သတင်းတွေအရ အီဂျစ်က ခူးဖူပိရမစ်ကို လုံးဝပိတ်ဆို့လိုက်ပါပြီ... အဲ့ဒီမှာ တိမ်မည်းတွေ ထူထပ်နေပြီးတော့ မိုးသည်းထန်စွာ ရွာသွန်းနိုင်ခြေ အရမ်းများတယ်... ဒါက နှစ်ပေါင်းတစ်ထောင်အတွင်းမှာ ကြုံရခဲတဲ့ ရာသီဥတုပါ... ဒီနေ့က လျှို့ဝှက်ချက် စူးစမ်းရှာဖွေမှုရဲ့ ပထမဆုံးနေ့ပါ... ဒီနှစ်ခု ပေါင်းစပ်သွားတာက တကယ့်ကို ထူးဆန်းတယ်... ဒါကြောင့် ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဒေသခံတွေကို အင်တာဗျူးခဲ့ရာမှာ သူတို့က ဒီလိုမျိုး ဖြေကြားခဲ့ပါတယ်..."

ရေဒီယိုအတွင်း၌ အသံပြောင်းလဲသွားသည်။

မကြာမီ အီဂျစ်ဘာသာစကားဖြင့် ပြောဆိုနေသော အမျိုးသားအသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

ထို့အပြင် တခြားတိုးညှင်းသော အမျိုးသားအသံတစ်သံက ဘာသာပြန်ပေးနေပေ၏။

"ပိရမစ်က အီဂျစ်နိုင်ငံရဲ့ သန့်ရှင်းတဲ့ ရှေးဟောင်းပစ္စည်းပါ... အဲ့ဒီထဲမှာ ဖာရိုဘုရင်ရဲ့ ရုပ်ကလာပ် ပါဝင်တယ်... နှစ်ပေါင်းထောင်နဲ့ချီကြာအောင် လက်ဆင့်ကမ်း ဆင်းသက်လာခဲ့တာပါ... ဒီနေ့ တရားဝင် တူးဖော်မှုက ပုန်ကန်တဲ့ လုပ်ရပ်ပါပဲ... ဒီလုပ်ရပ်က ကောင်းကင်ဘုံရဲ့ရှုတ်ချတာကို ခံရမှာပါ... ဒီပုံမှန်မဟုတ်တဲ့ ရာသီဥတု အပြောင်းအလဲက ပြဿနာကို ရှင်းပြနိုင်ပါတယ်..."

ဘာသာပြန်မှု ပြီးဆုံးသွားသည်။

တက္ကစီဒရိုင်ဘာက တဖန်ထပ်၍ ပြောဆိုလိုက်သည်။

"ပိရမစ်က သဲကန္တာရပေါ်မှာ တည်ဆောက်ထားတာ... အဲ့ဒီမြေမှာ မိုးရွာခဲတယ်... ဒါပေမဲ့ ဒီနေ့ မိုးသည်းထန်စွာရွာမယ့် လက္ခဏာတွေ ရှိနေတယ်... တကယ်ကို ရှင်းမပြတတ်အောင်ပါပဲ... အီဂျစ်နတ်ဘုရားက ဘယ်လိုပုံစံလဲဆိုတာကိုတော့ မသိတော့ဘူး..."

ယဲ့ပိုင်က ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်၏။

"အဲ့ဒီဘက်က ရာသီဥတု ပြောင်းလဲမှုတွေက တကယ်တော့ ပုံမှန်ပါပဲ... လူတချို့က စိတ်မပျော်မရွှင်ဖြစ်နေလို့ ဖြစ်တာပါ.. ဒါပေမဲ့ သတင်းထဲက ရှေးဟောင်းသုတေသနပညာရှင်တွေကတော့ တကယ်ကို သေသွားလောက်ပြီ..."

တက္ကစီဒရိုင်ဘာက စိတ်ရှုပ်ထွေးသွားကာ မေးမြန်းလိုက်သည်။

"လူတစ်ယောက်က စိတ်မပျော်မရွှင်ဖြစ်နေရုံနဲ့ရာသီဥတုကို လွှမ်းမိုးနိုင်လို့လား..."

ယဲ့ပိုင်က ညင်သာစွာ တုံ့ပြန်အဖြေပြီးနောက် ပြတင်းပေါက်၏အပြင်ဘက်သို့ ထပ်မံ၍ ကြည့်ရှုလိုက်၏။

"ဟုတ်တယ်... ဘာလို့လဲဆိုတော့ သူ လိုချင်တဲ့အဖြေကို မတွေ့ခဲ့လို့ပဲ..."

တက္ကစီဒရိုင်ဘာက ခေါင်းခါယမ်းလိုက်ပြီး ယဲ့ပိုင်သည် ကြီးကျယ်သော စကားများကို ပြောနေသည်ဟု ခံစားမိကာ ပြောဆိုလိုက်သည်။

"မင်းက အများကြီး သိတာပဲ..."

ယဲ့ပိုင်က ပြန်ပြောလိုက်သည်။

"အင်း... ငါ အဲ့ဒီကနေ ပြန်လာတာ မကြာသေးဘူး..."

တက္ကစီဒရိုင်ဘာ ကြက်သေသေသွားပြီး သူ၏မျက်ခုံးကိုပင့်ကာ ရေရွတ်လိုက်၏။

"အမ်..."

ယဲ့ပိုင်၏စကားများကို သူ မယုံကြည်ကြောင်း သိသာထင်ရှားသည်။

ကားသည် လမ်းပေါ်တွင် ရည်ရွယ်ချက်မဲ့စွာ မောင်းနှင်နေဆဲပင်။

ဤစကားများသော ဒရိုင်ဘာသည် ယဲ့ပိုင်နှင့် စကားပြောရသည်မှာ အလွန်အခက်တွေ့သည်ဟု ခံစားရသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပြီး သူ တိတ်ဆိတ်သွားခဲ့သည်။

ဆယ်မိနစ်အကြာ၌....

တက္ကစီသည် လမ်းကြားတစ်ခုထဲသို့ ဝင်ရောက်သွားပေ၏။

ပြတင်းပေါက်အပြင်ဘက်ရှိ ရှုခင်းများကို ကြည့်ရင်း အထပ်မြင့် အဆောက်အအုံများမှ သမိုင်းဝင် လမ်းကြားတစ်ခုဆီသို့ ရောက်လာချိန်၌ ယဲ့ပိုင်က ပြောဆိုလိုက်၏။

"ဒီမှာ ရပ်လိုက်တော့..."

ဒရိုင်ဘာက ခေါင်းညိတ်ကာ ဘရိတ်ကို နင်းလိုက်ပြီး ပြောဆိုသည်။

"ကောင်းပါပြီ..."

ယဲ့ပိုင်က ငွေပေးချေကာ ကားပေါ်မှဆင်းပြီး ထွက်ခွာသွားသည်။

လမ်းကြားထဲတွင် ယဲ့ပိုင်၏ပုံရိပ် တဖြည်းဖြည်း ပျောက်ကွယ်သွားချိန်၌ ယာဉ်မောင်းခုံတွင် ထိုင်နေသော ဒရိုင်ဘာက သူ၏ခေါင်းကို ရိုက်ကာတီးတိုးရေရွတ်လိုက်သည်။

"တကယ့်ကို ထူးဆန်းတဲ့ ဖောက်သည်ပဲ...ငါ တက္ကစီမောင်းလာတာ နှစ်တွေအများကြီး ကြာနေပေမဲ့ ဒီလောက်ထူးဆန်းတဲ့လူကို ပထမဆုံးအကြိမ် မြင်ဖူးတာပဲ... ဒါပေမဲ့ သူ ဘယ်လောက်ထိ ထူးဆန်းလဲဆိုတာကိုတော့ ငါ သေချာမပြောတတ်ဘူး..."

ဤစကားများကို ပြောဆိုပြီးနောက် ဒရိုင်ဘာသည် ကားကို မောင်းထွက်သွားကာ လမ်းဘေးတွင် အခြားဧည့်သည်များကို ဆက်လက်၍ ရှာဖွေနေတော့သည်။

...

ဟူပေရှိ ခြံဝင်းသည် ယခင်ရှေးဟောင်းလမ်းကြားကဲ့သို့ ခြောက်ကပ်မနေခဲ့ချေ။

ဤနေရာတွင် အသွားအလာလုပ်နေသော လမ်းသွားလမ်းလာ အမြောက်အများရှိနေကာ လူစည်ကားမှု၏အငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။

လမ်းကြားထဲတွင် ယဲ့ပိုင်က ဖြည်းညှင်းစွာ လျှောက်လှမ်းနေသော်လည်း သူနှင့် ဤနေရာရှိ လူလောက အငွေ့အသက်များအကြား၌ သဘာဝအလျောက် ကွာဟချက်တစ်ခု ရှိနေခဲ့သည်။

ဤသည်က ကွဲပြားခြားနားသော ဝတ်စားဆင်ယင်မှုများကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်ပေ၏။

သူ၏ခန္ဓာကိုယ်မှ ထူးခြားသော အရှိန်အဝါကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။

သူသည် တမူကွဲပြားပြီး လောကီနှင့်မသက်ဆိုင်သောကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်သည်။

သူ ဖြတ်သွားသည့်အချိန်တိုင်း လမ်းသွားလမ်းလာတိုင်းက သူတို့၏မျက်လုံးများတွင် သိချင်စိတ်အနည်းငယ် ထင်ဟပ်လာပြီး သူ့ကို စိုက်ကြည့်နေကြသည်။

သို့သော် သူတို့၏အကြည့်များ မည်သို့ပင်ရှိစေကာမူ ယဲ့ပိုင်က ဂရုမစိုက်ခဲ့ချေ။

ဤလမ်းကြား၏မြေပြင်ကို ကျောက်ခင်းထားသော်လည်း ချိုင့်ခွက်များ ရှိနေသည်။

မိုးသည်းထန်စွာ ရွာသွန်းခဲ့သောကြောင့် ဖြစ်နိုင်ပြီး ချိုင့်ခွက်တချို့အတွင်းတွင် ရေများရှိနေဆဲပင်။

တစ်ခါတစ်ရံ၌ ဝတ်စုံပြည့် ဝတ်ဆင်ထားသော ရုံးဝန်ထမ်းအချို့သည် ဤလမ်းကြားကို အလျင်စလို ဖြတ်ပြေးသွားကြ၏။

ထိုရေအိုင်များကို သူတို့ ဂရုမစိုက်ကြချေ။

လူအများသည် ရေအိုင်ထဲသို့ နင်းမိပြီး ရေစက်များ လွင့်စင်သွားသော်လည်း ရေဆိုးများ ယဲ့ပိုင်ဆီသို့ စင်လုနီးပါး ဖြစ်ချိန်တွင် အလိုအလျောက် ကျဆင်းသွားပြီး သူ့ထံတွင် အစက်အပြောက်လေး တစ်ခုမျှပင် ကပ်ငြိနေခြင်း မရှိချေ။

သူ သိပ်အဝေးကြီးသို့ မရောက်သေးချိန်မှာပင် ရုတ်တရက် အနောက်မှ အော်ဟစ်သံတစ်သံ ထွက်ပေါ်လာခဲ့သည်။

"လမ်းဖယ်ပေးစမ်း..."

ထိုအချိန်မှာပင် ပြင်းထန်သော ခြေသံများလည်း ထွက်ပေါ်လာခဲ့သည်။

အနက်ရောင်ဝတ်စုံဝတ် အမျိုးသားတစ်ဦးသည် လေပြင်းတစ်ချက်နှင့်အတူ အနောက်မှရှေ့သို့ အပြေးအလွှား လာနေပေ၏။

ယဲ့ပိုင်၏ခြေလှမ်းအရှိန်သည် ပြောင်းလဲသွားခြင်း မရှိချေ။

ထိုလူက ယဲ့ပိုင်၏ခန္ဓာကိုယ်ကို ပွတ်တိုက်မိလုနီးပါး ဖြစ်သွားသည်။

ရုတ်ချည်းဆိုသလိုပင် တခြားလူတချို့ လိုက်ပါလာပြီး ဝှစ်ခနဲ ဖြတ်သန်းသွားကြ၏။ ယဲ့ပိုင် လမ်းဖယ်ပေးမည့် အရိပ်အယောင်မရှိသည်ကို မြင်တွေ့ချိန်၌ သူတို့အားလုံး သူ့ကို ဝိုင်းရံလိုက်ကြသည်။

ဝတ်စုံပြည့်ဝတ်ဆင်ထားသော လူတစ်ယောက်သည် ယဲ့ပိုင်၏ရှေ့တွင် မတ်တတ်ရပ်ကာ သူ့ကို ပိတ်ဆို့ဟန့်တားထားသည်။ သူသည် ဒေါသထွက်နေပြီး သူ၏မျက်နှာအမူအယာ တင်းမာခက်ထန်နေကာ အော်ဟစ်လိုက်သည်။

"ကောင်လေး... မင်းက နားကန်းနေတာလား... ငါ မင်းကို လမ်းဖယ်ပေးခိုင်းနေတာလေ... မင်း မကြားဘူးလား..."

ယဲ့ပိုင်က သူ့ကို အေးအေးလူလူ ကြည့်လိုက်ပြီး ယင်ကောင်တစ်ကောင်ကဲ့သို့ လျစ်လျူရှုထားလိုက်၏။

ထို့နောက် သူ၏ရှေ့တွင် မည်သူမျှ မရှိသည့်အလား ဖြည်းညှင်းစွာ ရှေ့သို့ဆက်လျှောက်သွားသည်။

ဝတ်စုံပြည့်ဝတ် အမျိုးသားက အော်ငေါက်လိုက်သည်။

"ကောင်လေး... မင်းက သေလမ်းရှာနေတာပဲ..."

ထို့နောက် သူက လက်သီးကိုမြှောက်ကာ ယဲ့ပိုင်ကို ထိုးကြိတ်လိုခဲ့သည်။

သို့သော် သူ လှုပ်ရှားတော့မည့်အချိန်တွင် အနောက်မှ တိုးညှင်းသော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

"ရပ်လိုက်စမ်း..."

ဝတ်စုံပြည့်ဝတ်အမျိုးသား ရပ်တန့်သွားသည်။

ယဲ့ပိုင်ကမူ ဂရုမစိုက်ဘဲ ရှေ့သို့ ဆက်လက်၍ လျှောက်လှမ်းနေဆဲပင်။

ဤသည်ကို မြင်တွေ့ချိန်၌ ဝတ်စုံပြည့်ဝတ်အမျိုးသားသည် မသိစိတ်မှနေ၍ ရှောင်ဖယ်ပေးလိုက်ပြီး ယဲ့ပိုင် သူ၏ရှေ့မှ အေးအေးလူလူ ဖြတ်လျှောက်သွားသည်ကို ကြည့်နေမိသည်။

All Chapters