← Chapters

သမားတော် ရှာဖွေခြင်း

Vol. 15 Ch. 160

သမားတော် ရှာဖွေခြင်း

Vol. 15 Ch. 160

လမ်းကြားထဲတွင်...

အနက်ရောင်ဝတ်စုံဝတ် အမျိုးသား သုံးဆယ်ခန့်သည် မတ်တတ်ရပ်နေကြ၏။

မူလ လမ်းသွားလမ်းလာများသည် ဤသည်ကို မြင်တွေ့ချိန်၌ မမျှော်လင့်ထားသော ပြဿနာများနှင့် ရင်ဆိုင်ရမည်ကို ကြောက်ရွံ့သဖြင့် တစ်ယောက်ပြီးတစ်ယောက် လမ်းလွှဲသွားကြသည်။

ထိုအနက်ရောင်ဝတ်စုံဝတ် အမျိုးသားအုပ်စုကြားတွင် အဝါရောင် ရှေးဟောင်းရွှေလှည်းတစ်စီးကို ရပ်တန့်ထားသည်။

လှည်းမောင်းသူသည် လက်ပြတ်အင်္ကျီကို ဝတ်ဆင်ထားသည်။ လမ်းတလျှောက်လုံး ခရီးနှင်လာခဲ့သော်လည်း သူ၏ခန္ဓာကိုယ်ပေါ်တွင် ချွေးတစ်ပေါက်မျှ မရှိချေ။

သူ၏မျက်လုံးများတွင် စူးရှတောက်ပမှုများဖြင့် ပြည့်နှက်နေပေ၏။

သူ၏ခန္ဓာကိုယ်တွင် ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲနိုင်စွမ်းရှိကာ တစ်ချက်ကြည့်လိုက်ရုံဖြင့် သူသည် သာမန်လူမဟုတ်ကြောင်း ချက်ချင်းသိနိုင်ပေသည်။

ရွှေလှည်းကိုမူ တစ်ချက်ကြည့်လိုက်လျှင် အလွန်ဟောင်းနွမ်းစုတ်ပြတ်နေပြီး ယခုခေတ်သစ် သယ်ယူပို့ဆောင်ရေးနှင့် သဟဇာတမဖြစ်ချေ။

သို့ရာတွင် သေချာကြည့်မည်ဆိုလျှင် ထိုလှည်းတစ်ခုလုံးကို ရွှေဖြင့် ပြုလုပ်ထားကြောင်း တွေ့ရှိရပေမည်။

လှည်းကို အလှဆင်ထားမှုတိုင်းသည် အလွန်ခမ်းနားထည်ဝါနေပေ၏။

ဤလှည်းငယ်လေးနှင့် တန်းဖိုးခြင်း ယှဉ်နိုင်ရန်အတွက် ထိပ်တန်းတန်ဖိုးကြီး ကားအစီးရေများစွာကို ပေါင်းစပ်ရန် လိုအပ်သည်။

ထိုရွှေလှည်းထဲတွင် အသက်နှစ်ဆယ်မပြည့်သေးသော လူငယ်တစ်ဦး ရှိနေသည်။ သူ၏ မျက်နှာ ဖြူရော်နေပြီး မျက်လုံးများ အနည်းငယ် မှေးစင်းနေကာ ပါးလွှာသော ရှပ်အင်္ကျီတစ်ထည်ကို ဝတ်ဆင်ထားသည်။ သူသည် အလွန်အားနည်းပုံရသော်လည်း မြင့်မြတ်သော အရှိန်အဝါတစ်ရပ်ကို ဝိုးတဝါး ထုတ်လွှတ်ထားပေ၏။

လွန်ခဲ့သော အချိန်အခိုက်အတန့်က ယဲ့ပိုင်ကို ဆဲဆိုခဲ့သော ဝတ်စုံပြည့်ဝတ် အမျိုးသားက လေးစားမှုဖြင့် ဖြည်းညှင်းစွာ စကားပြောဆိုလိုက်သည်။ သို့ရာတွင် သူ၏လေသံသည် အနည်းငယ် ညည်းညူနေပုံပေါက်ကာ ဒေါသသံများ ရောယှက်နေသည်။

"သခင်လေး... အဲ့ဒီကောင်က အရမ်းရိုင်းစိုင်းတာပဲ... ဒါကြောင့် သူ့ကို သင်ခန်းစာတစ်ခု ပေးချင်လို့ပါ..."

ရွှေလှည်းထဲရှိ ကောင်လေးက သူ၏ပါးစပ်ကိုဖွင့်ဟကာ တုံ့ပြန်လိုက်၏။

"ဒီနေ့ ငါတို့က ဆေးကုသမှုခံယူဖို့ ဒီနေရာကိုလာတာ... ဖြစ်နိုင်ရင် ပြဿနာမရှာတာ အကောင်းဆုံးပဲ..."

ဤသို့ပြောဆိုလိုက်ချိန်တွင် လူငယ်လေး၏ အနည်းငယ် မှေးစင်းနေသော အကြည့်သည် လမ်းကြားကို ဖြတ်ကျော်သွားပြီး ယဲ့ပိုင်၏ အေးအေးလူလူ လျှောက်လှမ်းသွားသော ကျောပြင်ဆီသို့ ကြည့်လိုက်၏။

ဟူပေပြည်နယ်ရှိ အာဏာရှင် လင်းမိသားစု၏ တတိယမျိုးဆက် တစ်ဦးတည်းသောသားအဖြစ်...

လင်းကျီးဟောင်သည် မွေးဖွားလာစဥ်ကတည်းက မိသားစုတစ်ခုလုံး၏ မျက်နှာသာပေးခံရဆုံးသူ ဖြစ်ခဲ့သည်။

ငယ်စဉ်ကတည်းက သူ တစ်ခုခုလိုချင်ပါက စကားတစ်ခွန်း ပြောလိုက်ရုံဖြင့် လူတိုင်းက သူ့အတွက် ထိုအရာကို မရရအောင် ရူးသွပ်စွာ ရှာဖွေပေးကြပေမည်။

သို့ရာတွင် လွန်ခဲ့သော တစ်နှစ်ခန့်က သူ့တွင် ကင်ဆာရောဂါရှိကြောင်း ရောဂါရှာဖွေတွေ့ရှိခဲ့သည်။ ကမ္ဘာပေါ်ရှိ နာမည်အကြီးဆုံး ဆရာဝန်များကို သူ ရှာဖွေခဲ့သော်လည်း အကူအညီမဲ့နေဆဲပင်။ ထို့ကြောင့် ယခုနှစ်တွင် သူ၏စရိုက်သည် တဖြည်းဖြည်းပို၍ သူ့ကိုယ်သူ ထိန်းချုပ်လာခဲ့ပေ၏။

ဝတ်စုံပြည့်ဝတ်အမျိုးသားသည် ဆက်၍စကားမပြောရဲတော့ဘဲ လျင်မြန်စွာ ပြန်ဖြေလိုက်သည်။

"ဟုတ်ကဲ့ပါ သခင်လေး..."

လင်းကျီးဟောင်သည် ယဲ့ပိုင်ကို ကြည့်လိုက်ချိန်တွင် သူ၏မျက်လုံးများ ပို၍ပို၍နက်ရှိုင်းလာခဲ့သည်။

အစောပိုင်းက ယဲ့ပိုင်၏အပြုအမူသည် အလွန်တည်ငြိမ်ပြီး လောကီနှင့် အလွန်ကင်းကွာနေခဲ့သည်။

ဝတ်စုံပြည့်ဝတ် အမျိုးသားများစွာမှ ဝိုင်းရံထားချိန်တွင် သူသည် လျစ်လျူရှုထားဆဲပင်။

ထိုစိတ်နေစိတ်ထားက လင်းကျီးဟောင်ကို အနည်းငယ် သိမ်ငယ်သွားသကဲ့သို့ ခံစားရစေသည်။

သူက တီးတိုးရေရွတ်လိုက်သည်။

"ငါသာ နေမကောင်းမဖြစ်ခဲ့ရင်... မင်း ဒီနေ့ ဟူပေမှာ အသက်ရှင်နိုင်မှာ မဟုတ်ဘူး..."

ထို့နောက် သူက လှည်းမောင်းသူကို ကြည့်ကာ ညင်သာစွာ ပြောဆိုလိုက်၏။

"ရှေ့ဆက်သွား... ငါတို့က ဒီနေ့ မစ္စတာဟွာကို လာတွေ့တာ... သူ့မှာ အရမ်းထူးဆန်းတဲ့ စရိုက်ရှိတယ်... ဒါကြောင့် တတ်နိုင်သမျှ သိုသိုသိပ်သိပ် နေကြစမ်း..."

မစ္စတာဟွာအကြောင်း ပြောလိုက်ချိန်တွင် သူ၏မျက်လုံးများထဲ၌ မျှော်လင့်ချက် အနည်းငယ် ရှိနေခဲ့သည်။

မိသားစုခေါင်းဆောင်ကြီး၏ စကားများက သူ၏နားထဲတွင် ပဲ့တင်ထပ်နေဆဲပင်။

"ကျီးဟောင်... မင်း အခု နေမကောင်းဖြစ်နေတယ်... ဒီကမ္ဘာပေါ်မှာ မင်းကို ကယ်တင်နိုင်မယ့်လူ နှစ်ယောက်ပဲ ရှိလောက်မယ်... တစ်ယောက်က ခွန်းလွန်တောင်က အင်မော်တယ်အိုကြီး နောက်တစ်ယောက်က ဟူပေက မစ္စတာဟွာပဲ... ဒါကြောင့် မင်း မှတ်ထားရမှာက သူ့ရဲ့သဘောထား ဘယ်လိုပဲရှိပါစေ မင်းက အလေးစားဆုံး အပြုအမူကို ထိန်းသိမ်းထားရမယ်..."

သူ ဤသို့ပြောလိုက်ချိန်တွင် လင်းကျီးဟောင်က ဂရုတစိုက် နားထောင်ခဲ့သည်။

ဤသည်မှာ အရာအားလုံးကို စွမ်းဆောင်နိုင်သော မိသားစုခေါင်းဆောင်ကြီး၏ သတိထားမှုနှင့် ထိန်းချုပ်မှု သဘောထားကို သူ ပထမဆုံးအကြိမ် မြင်တွေ့ခဲ့ရခြင်းလည်း ဖြစ်ပေ၏။

သို့ရာတွင် လင်းကျီးဟောင်၏စကားသံ အဆုံးသတ်သွားချိန်တွင် သူ၏ဘယ်ဘက်တွင် ရပ်ကာ အေးစက်သော မျက်နှာဖြင့် သူ့ကို ကာကွယ်ပေးနေသော ဝတ်စုံပြည့်ဝတ်အမျိုးသားက အနည်းငယ် စိတ်ရှုပ်ထွေးသောအသံဖြင့် ချက်ချင်းပြောဆိုသည်။

"သခင်လေး... အပြင်လောကမှာ မစ္စတာဟွာကို နတ်ဆေးသမားတော်ဟွာထို ဝင်စားတဲ့သူလို့ အမြဲပြောကြပေမဲ့ သူ့မှာ တကယ်ပဲ အဲ့ဒီလောက် အစွမ်းအစရှိလို့လား... ကျွန်တော်တို့က ခွန်းလွန်တောင်ကို တိုက်ရိုက်သွားပြီး အင်မော်တယ်အိုကြီးကို သွားရှာတာ ပိုကောင်းမယ်လို့ ထင်တယ်..."

ဤသည်ကို ကြားချိန်၌ လင်းကျီးဟောင်၏ မျက်လုံးများ စူးရဲသွားပြီး သူ၏လေသံ အနည်းငယ် အေးစက်သွားကာ ပြောဆိုလိုက်သည်။

"ဒီစကားတွေကို ဒုတိယအကြိမ် ထပ်မကြားချင်ဘူး..."

"ဟုတ်ကဲ့ပါ..."

ရှပ်... ရှပ်... ရှပ်...

လမ်းကြားထဲတွင် နောက်ထပ် အလျင်စလိုခြေသံများ ထွက်ပေါ်လာသော်လည်း ဤတစ်ကြိမ်တွင် သူတို့သည် များစွာနှေးကွေးသွားပြီး ယဲ့ပိုင်၏ ခြေလှမ်းများကို မမီတော့ချေ။

...

ဤလမ်းကြားသည် အလွန်ရှည်လျားပြီး အထဲသို့ဝင်လေလေ မြေပြင်ပေါ်ရှိ ချိုင့်ခွက်များကို ပို၍မြင်ရလေလေပင်။

အချိန်များ ကုန်လွန်လာခဲ့လေပြီ။

နေမင်းသည် အနောက်ဘက်သို့ တဖြည်းဖြည်း ဝင်သွားပြီး ရှည်လျားကျဉ်းမြောင်းသော နေရောင်ခြည်သည် လမ်းကြားထဲသို့ ဖြာကျလာကာ လမ်းသွားလမ်းလာများနှင့်အတူ တိတ်ဆိတ်သော ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးနေလေ၏။

ယဲ့ပိုင်က လျှောက်လှမ်းသွားရင်း သူ၏ပါးစပ်မှ တီးတိုးရေရွတ်လိုက်သည်။

"နတ်ဘုရားတွေနဲ့ ဗုဒ္ဓတွေ ပျောက်ကွယ်သွားပြီး သံသရာက ရှိနေတုန်းပဲ... အီဂျစ်ဘက်က အဖြေက အရမ်းဝေဝါးလွန်းတယ်... ရှေးဟောင်းမြို့တော်က အဲ့ဒီအမျိုးသမီးရဲ့ သတင်းအစအနကလည်း ပျောက်ဆုံးနေတယ်... ဒီတစ်ကြိမ် လူလောကထဲကို လျှောက်လှမ်းရတာက ငါ့အတွက် အဖြေတချို့ ရနိုင်မယ်လို့ မျှော်လင့်မိတယ်..."

အချိန်အတော်ကြာပြီးနောက်...

ယဲ့ပိုင်သည် ခြံဝင်းတစ်ခု၏အဝင်ဝသို့ လျှောက်လှမ်းသွားကာ ရပ်တန့်လိုက်သည်။

သူက တံခါးဆီသို့ ကြည့်လိုက်သည်။

ထိုတံခါး၏ရှေ့တွင် စစ်ဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသားနှစ်ဦး မတ်တတ်ရပ်နေပေ၏။

သူတို့သည် သေနတ်များ ကိုင်ဆောင်ထားပြီး သူတို့၏မျက်နှာများ တင်းမာခက်ထန်နေသည်။

ယဲ့ပိုင် လမ်းကြားထဲသို့ လျှောက်လှမ်းလာချိန်တွင် သူတို့က သူ့ကို စိုက်ကြည့်နေခဲ့ကြသည်။

ယဲ့ပိုင် ရပ်တန့်သွားသည်ကို မြင်တွေ့ချိန်၌ အမျိုးသားတစ်ဦးက မျက်မှောင်ကြုတ်ပြီး အေးစက်တင်းမာစွာ ပြောဆိုသည်။

"လူကြီးမင်း... ဒီနေရာမှာ နေခွင့်မရှိပါဘူး... ကျေးဇူးပြုပြီး ထွက်သွားပါ..."

ယဲ့ပိုင်သည် တုံ့ပြန်အဖြေမပေးခဲ့ချေ။

သူသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ထိုနေရာတွင် တိတ်ဆိတ်စွာ မတ်တတ်ရပ်နေခဲ့သည်။

သူ၏နက်ရှိုင်းသော အကြည့်များသည် ဤနေရာရှိ ရှုခင်းများကို ခံစားနေရသည့်အလား ပတ်ဝန်းကျင်တဝိုက်သို့ ကျရောက်သွားသည်။

ယဲ့ပိုင်က သူ့ကို လျစ်လျူရှုပြီး ထွက်မသွားသဖြင့် စစ်ဝတ်စုံဝတ် အမျိုးသားက အသံကို အနည်းငယ် မြှင့်ကာ ပြောဆိုလိုက်၏။

"ဟေ့ လူကြီးမင်း... ခင်ဗျားကို ပြောနေတာ... ဒီခြံထဲမှာ ပုဂ္ဂိုလ်ကြီးတစ်ယောက် နေနေတယ်... ဒါကြောင့် သာမန်လူတွေ အနှောင့်အယှက်ပေးခွင့် မရှိဘူး..."

ယဲ့ပိုင်က တီးတိုးအသံပြုလိုက်ပြီး ဤသည်မှာ အဖြေတစ်ခုအဖြစ် သတ်မှတ်နိုင်သော်လည်း သူ ထွက်မသွားသေးချေ။

"အင်း..."

အစောင့်စစ်သားက မျက်မှောင်ကြုတ်လိုက်ပြီး ဤလူ၏ သဘောထားကြောင့် သူ အနည်းငယ် အခက်တွေ့သွားကာ ရေရွတ်လိုက်သည်။

"လူကြီးမင်း..."

ကျွီ...

သို့ရာတွင် သူ့ရှေ့ရှိ လူငယ်ကို သူ ဆက်လက်၍ သတိမပေးရသေးမီမှာပင် ခြံဝင်းတံခါး ပွင့်လာခဲ့သည်။

နဖူးပြောင်ပြောင်နှင့် မျက်လုံးများဝေဝါးနေပြီး အဝါနုရောင် အင်္ကျီတစ်ထည်ကို ဝတ်ဆင်ထားသော အဘိုးအိုတစ်ဦးက တံခါး၏ရှေ့တွင် မတ်တတ်ရပ်နေသည်။

သူ၏ဆံပင်များ ပါးလွှာနေပြီး သူ၏မျက်နှာတွင် အရေးအကြောင်းများဖြင့် ပြည့်နှက်နေပေ၏။

သို့ရာတွင် သူ၏အရေပြားသည် နီမြန်းတောက်ပနေပြီး သူ၏စိတ်ဓာတ်နှင့် စွမ်းအင် အလွန်ပြည့်ဝနေပုံရသည်။

စစ်သားနှစ်ဦးသည် ပထမဆုံး ယဲ့ပိုင်ကို စိုက်ကြည့်လိုက်ပြီးနောက် အဘိုးအိုကို အလွန်လေးစားသော အမူအယာများဖြင့် ကြည့်လိုက်ကြသည်။

"မစ္စတာဟွာ..."

သူတို့နှစ်ဦးလုံး၏ နဖူးပေါ်တွင် ချွေးများထွက်နေပြီး တစ်ယောက်ပြီးတစ်ယောက် ပြောဆိုလိုက်ကြသည်။

"တောင်းပန်ပါတယ် မစ္စတာဟွာ... ကျွန်တော်တို့ အလုပ်ကို သေချာမလုပ်မိလို့ လူကြီးမင်းကို အနှောင့်အယှက် ပေးမိသွားတယ်..."

မစ္စတာဟွာတွင် အလွန်ထူးဆန်းပြီး အမြဲတသေ စိတ်ပြောင်းလဲနေသော စရိုက်တစ်ခု ရှိပေ၏။

သို့ရာတွင် အဘိုးအိုသည် သူတို့ကို ကြည့်ပင် မကြည့်ခဲ့ချေ။

တံခါးပွင့်လာသည့် အခိုက်အတန့်တွင် တံခါးဝ၌ အဖြူရောင်ဝတ်စုံဖြင့် မတ်တတ်ရပ်နေသော ယဲ့ပိုင်ကို သူ မြင်တွေ့ချိန်၌ သူ၏ခန္ဓာကိုယ် အတန်ကြာ ရပ်တန့်သွားသည်။ သို့သော် သူ၏အမူအရာကမူ လုံးဝပြောင်းလဲခြင်း မရှိခဲ့ချေ။ သူက ညင်သာစွာ မေးမြန်းလိုက်၏။

"အရှင်... အရှင် ထပ်ရောက်လာပြန်ပြီလား..."

ယဲ့ပိုင်က ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။

"ငါ ထပ်ရောက်လာပြန်ပြီ..."

အဘိုးအိုက ခေါင်းအနည်းငယ် ညိတ်ပြပြီး နောက်သို့လှည့်ကာ ပြောဆိုသည်။

"ကျေးဇူးပြုပြီး ဝင်လာခဲ့ပါ..."

ယဲ့ပိုင်က ခေါင်းညိတ်ပြပြီး ပြန်ပြောလိုက်သည်။

"ကောင်းပြီ..."

သူတို့နှစ်ဦးကြားရှိ စကားပြောဆိုမှုမှာ သိပ်မများလှချေ။

သို့ရာတွင် နံဘေးမှ စစ်သားနှစ်ဦးကမူ ဆွံ့အသွားကြ၏။

သူတို့နှစ်ဦး၏စိတ်ထဲတွင် အတွေးများ ဆက်တိုက်ထွက်ပေါ်လာခဲ့သည်။

"ဒါက မစ္စတာဟွာ ဟုတ်သေးရဲ့လား..."

"ပြီးတော့ ဒီလူငယ်လေးက တကယ့်ကို ဘယ်သူလဲ... သူက မစ္စတာဟွာကိုယ်တိုင် လာကြိုခိုင်းနိုင်တာလား... အဲ့ဒါတောင် ဒီလောက်ထိ ယဉ်ကျေးတဲ့ သဘောထားနဲ့လား..."

ကျွီ...

သို့ရာတွင် သူတို့ စိတ်ရှုပ်ထွေးနေချိန်၌ ခြံဝင်း၏တံခါး ဖြည်းညင်းစွာ ပြန်ပိတ်သွားလေသည်။

ရှေးကျသော တံခါးကို ကြည့်ရင်း သူတို့နှစ်ဦးလုံး၏ခန္ဓာကိုယ်များ အနည်းငယ် အေးစက်သွားသကဲ့သို့ ခံစားလိုက်ရသည်။

အစောင့်စစ်သားတစ်ယောက်က တံတွေးမျိုချလိုက်ပြီး သူ၏စိုစွတ်ပြီး ပူနွေးနေသော နဖူးကို အလျင်အမြန်သုတ်ကာ ပြောဆိုလိုက်သည်။

"ဒီနေ့ တစ်ခုခုတော့ မှားနေပြီ..."

တခြားတစ်ယောက်က သူ၏နှုတ်ခမ်းများ ခြောက်သွေ့နေပြီး ရေဆာနေသည်ကို ခံစားလိုက်ရကာ မေးမြန်းလိုက်၏။

"ခုနက ကောင်လေးက အရမ်းထူးဆန်းတယ်လို့ မင်း မထင်ဘူးလား..."

ပထမတစ်ယောက်က ပြန်ဖြေသည်။

"ထူးဆန်းတာတင် မကဘူး... သူက အရမ်းတည်ငြိမ်နေတာ... ဒေါသလည်း မရှိ ဝမ်းသာမှု ဝမ်းနည်းမှုလည်း မရှိဘူး... ပြီးတော့ အစကနေ အဆုံးအထိ သူ့ရဲ့အမူအရာက ဒီအတိုင်းပဲ... အရင်က အမှတ်တစ်အကြီးအကဲဆီမှာပဲ အဲ့ဒီလိုအမူအယာမျိုးကို ငါ မြင်ဖူးခဲ့တာ... ဒီလူက အမှတ်တစ်အကြီးအကဲထက်တောင် ပိုပြီးနက်နဲတယ်လို့ ငါ ခံစားရတယ်..."

ဒုတိယတစ်ယောက်က ဆက်ပြောလေ၏။

"ဟူပေရဲ့ နံပါတ်တစ် အချမ်းသာဆုံး မိသားစုက သခင်လေးလင်း လာမယ်လို့ ဒီနေ့ ငါ အကြောင်းကြားစာ ရထားတယ်... ခုဏက လူက လင်းမိသားစုကလို့ မင်း ထင်လား..."

ပထမတစ်ယောက်က ပြောဆိုသည်။

"ငါတော့ အဲ့ဒီလို မခံစားရဘူး... လင်းမိသားစုက ဘယ်လောက်ပဲ ချမ်းသာပါစေ... မစ္စတာဟွာကို သူတို့အပေါ် ဒီလောက်ထိ ယဉ်ကျေးအောင် လုပ်နိုင်မှာ မဟုတ်ဘူး..."

ဒုတိယတစ်ယောက်က ထပ်မံ၍ မေးမြန်းလိုက်၏။

"ဒါဆိုရင်... သူက ဘယ်သူလဲ..."

ရှီး...

ခြံဝင်းတံခါးဝတွင် သေနတ်များ ကိုင်ဆောင်ထားသော သူတို့နှစ်ဦးသည် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားသကဲ့သို့ လေအေးများကို ရှူသွင်းလိုက်ကြပြီး သူတို့၏ သေနတ်များကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ကြသည်။

Thank For Reading.

All Chapters