အခန်း (၆၀၇-၆၀၉)
Vol. 41 Ch. 607-609
အခန်း ၆၀၇ ။ စီးပွားရေးချဲ့ထွင်ခြင်း
"ဘာ... ဘာလို့လဲ" ချောက်ခွင်းက အူကြောင်ကြောင်ဖြစ်နေတယ်။
တခြားသူတွေက အလှည့်ကျဖြေတော့တယ်။
"တကယ်လို့ ကျူးကျော်သူတစ်ယောက်ကိုတောင် မရင်ဆိုင်နိုင်ရင် နင်က ဘာလို့ စီမံထိန်းသိမ်းသူ ဖြစ်နေသေးတာလဲ"
"ငါ့ကိုယ်ပိုင်မျက်နှာပြင်အတွက် ဖြေရှင်းစရာကိစ္စ တစ်ပုံကြီးပဲ၊ ငါ တခြားကိစ္စတွေမှာ ဝင်ပါဖို့အချိန် ဘယ်ကနေသွားရှာရမှာတုံး၊ အချိန်ဆိုတာ ပိုက်ဆံပဲ၊ မင်း သိရဲ့လား"
"အချိန်ကျတော့မယ်၊ ဆရာ့အတွက် ဟင်းချက်ရဦးမှာ၊ သူ စားသောက်ချိန်ကျော်သွားပြီး ဗိုက်အဆာလွန်သွားရင် ဘယ်သူတာဝန်ယူမှာတုံး"
"ဟူး ပြန်စဖို့ ဒုက္ခများလွန်းဦးမယ်"
ချောက်ခွင်း ။ ။ "..."
ဒါက သူ စဉ်းစားထားတာနဲ့ ကွဲပြားတယ်။ သူ့ရှေ့ကလူတွေက လူရာချီကို ကယ်တင်ခဲ့တဲ့သူတွေ ဟုတ်ရဲ့လား။ သူတို့ကို ဝင်ပူးထားကြတာလား။
"ဒီမှာ အချိန်ဖြုန်းမဲ့အစား မြန်မြန် ပြန်သွားပြီး ကျူးကျော်သူနဲ့ ဘယ်လိုရင်ဆိုင်ရမလဲ စဉ်းစားတာ ပိုကောင်းတယ်မလား" သစ်တော်သီးက သူ့ကို တစ်ချက်ကြည့်ကာ မြန်မြန် နှင်ထုတ်တော့တယ်။
"စီမံထိန်းသိမ်းသူအနေနဲ့ တခြားမျက်နှာပြင်တွေရဲ့ကိစ္စတွေထဲ လုံးဝ ဝင်မပါသင့်ဘူး၊ ဒီက ရှန်းရင်အတွက် ကိစ္စတွေကို ခဲယဉ်းအောင် မလုပ်နဲ့တော့" ငါ့အသည်းစွဲက ဒီလိုမျိုး အလွယ်တကူ ကျောထောက်နောက်ခံလား။ သူမဟာသူမတောင် လုံးလုံး မမတ်နိုင်သေးတာ။
ချောက်ခွင်းက သွေးပျက်ကာ အလျှော့ပေးဖို့ ငြင်းနေဆဲ။ "ဒါပေမဲ့... ဒါပေမဲ့ မဒမ်က မဟာတာအိုအဖွဲ့အစည်းနဲ့ အရင်တစ်ကြိမ်က ရင်ဆိုင်ဖြေရှင်းပေးခဲ့တယ်လေ၊ ဘာလို့ အခုကျ..."
"အော် အဲတစ်ကြိမ်က လုံးဝမတော်တဆပဲ" ကူယွဲ့က ချောမွတ်စွာ ဖြေလိုက်တယ်။ နဂိုက သူတို့က စီမံထိန်းသိမ်းသူတွေကြားက တရားဝင်အဖွဲ့အစည်းနဲ့ ပတ်သက်ပြီး သိချင်စိတ်ဖြစ်ခဲ့ရုံပဲ။ ပြီးတော့ သူတို့ အုပ်ချုပ်ရေးကော်မတီဆီ သွားတည်းက သူတို့တွေ ဒီလိုစီမံထိန်းသိမ်းသူတွေရဲ့ အစည်းအရုံးဆိုတာကို လုံးဝစိတ်ပျက်သွားခဲ့ပြီ။ "ငါတို့... ခရီးသွားခဲ့တယ်လို့သာ မှတ်လိုက်ပါ"
"ခ... ခရီးလား" မဟာတာအိုအဖွဲ့အစည်းကို သွားခဲ့တာ ခရီးဆိုရင် ဖျက်ဆီးတာကျတော့ရော။ မပြန်ခင် အမှတ်တရပစ္စည်းတွေ ချန်ခဲ့တာလား။ ချောက်ခွင်းက တစ်ကိုယ်လုံး စုတ်ပြတ်နေပြီး သွေးပျက်နေပေမဲ့ ဘယ်လိုစကားပြောရမလဲမသိ။ သူ့မျက်နှာချင်းဆိုင်က ဆိုဖာမှာ ပျင်းတိပျင်းရွဲ လှဲပြီး အသီးကိုစားရင်း သူ့ကိုတစ်ချက်တောင် မကြည့်တဲ့ ရှန်းရင်နဲ့ သူ့ကို သူခိုးလူမျိုး ကြည့်နေတဲ့ သူမဘေးကလူနှစ်ယောက်ကို ကြည့်လိုက်မိတယ်။ သူ လုံးဝ ရွေးစရာမရှိတော့ဘဲ သူ့အကြည့်ကို ဘေးမှာ ပေသီးထွက်ခုံနဲ့ ကလိနေတဲ့ ပိုပြီး သာမန်ပုံပေါ်တဲ့ ကူယွဲ့ကို ကြည့်လိုက်ရတော့တယ်။ "တာအိုရောင်းရင်း..."
"ငါတို့ကို နားလည်ရင်သွားတော့" သူက စကားပြောမို့ရှိသေး ကူယွဲ့က မော့ကြည့်ကာ ချိုမြတဲ့အပြုံးနဲ့ အရင်ပြောလာတယ်။
"ငါ မင်းအတွက် တွက်ချက်ပေးမယ်၊ စောနကမင်းရဲ့ ကုသမှု စုစုပေါင်းကုန်ကျစရိတ်က အမတကျောက်တုံး သုံးသန်းငါးထောင်ခြောက်ရာနဲ့ ခုနှစ်လုံးပဲ၊ အနီးစပ်ဆုံး ယူလိုက်ရင် သုံးသန်းနဲ့ ခြောက်ထောင် ဖြစ်လိမ့်မယ်၊ မင်းသိပါတယ် စားဖိုမှူးနဲ့ ငါက ဘယ်လိုပဲဖြစ်ဖြစ် စီမံထိန်းသိမ်းသူတွေပဲလေ၊ ငါတို့အလုပ်လုပ်ရင် ပိုဈေးကြီးတာ သေချာပေါက်ပဲလေ"
"အာ အာ" သူ ခဏ မှင်တက်သွားတယ်။ အဲအတွက် အခကြေးတောင် ရှိသေးတာလား။
Σ(°△°|||)
"ဘာလဲ၊ ဈေးကြီးတယ်လို့ ထင်တာလား" ကူယွဲ့ရဲ့ မျက်လုံးတွေက မှေးသွားကာ ခေါင်းယမ်းတယ်။
"ဒါက အရမ်းကိုဈေးပေါတာနော်၊ မင်း အားလုံးကို တစ်ချက်တည်း ပေးလိုက်ရင် ငါ မင်းရဲ့ တရားမဝင် ဝင်ခကို ပယ်ဖျက်ပေးမယ်၊ ငါ မင်းကို ပြည်ဝင်ခွင့်ကြေး၊ မျက်နှာပြင်ပါမစ်ကြေး၊ ပျက်စီးမှု ခရီးသွားပို့ဆောင်စရိတ်ကြေးနဲ့ ရှန်းရင်ရဲ့ ဆွေးနွေးခကိုတော့ မပေးခိုင်းတော့ဘူး၊ အော် စကားမစပ်... ငါတို့က မိနစ်နဲ့ ပိုက်ဆံအခကြေးယူတာနော်"
"..." ခင်ဗျားက နတ်ဆိုးလား။
ဘယ် စီမံထိန်းသိမ်းသူက သူတို့ကိုယ်ပေါ် အမတကျောက်တုံးတွေကို သယ်ထားလို့လဲ။
ချောက်ခွင်းက သူ့ကိုခဏအူတူတူစိုက်ကြည့်နေကာ နည်းနည်းလေးတောင် နောက်နေတဲ့ပုံမမြင်တော့ သူအတည်ပြောနေမှန်း နားလည်လိုက်ရတယ်။ "အမတရောင်းရင်း၊ ကျွန်တော့်ပေါ် အမတကျောက်တုံးတွေတော့ တကယ်မရှိပါဘူး၊ ဒီလို..."
"အကြွေးဝယ်ကတ် ခွင့်မပြုဘူး" ကူယွဲ့က ပေသီးကိုသိမ်းကာ ထရပ်ပြီး ဧည့်သည်ကို ပြန်လိုက်ပို့ဖို့ ရည်ရွယ်နေတဲ့ပုံ။
"တာအိုရောင်းရင်း ကျုပ် ခင်ဗျားဆန္ဒကို ဆန့်ကျင်ချင်တာ မဟုတ်ပါဘူး" သူက ပိုလို့တောင် အသည်းအသန်ဖြစ်လာတယ်။
"ဒါပေမဲ့ ဒီကျူးကျော်သူက တကယ်ပဲထူးခြားတယ်၊ သူ့ခွန်အားကလည်း တကယ်ထူးဆန်းတာ၊ ကျွန်တော်တောင် သူက ဘာလဲဆိုတာ ခုထိမရှင်းလင်းဘူး၊ သူက မဟာတာအိုအဖွဲ့အစည်းက ယွီဟန့်ထက်တောင် ကြောက်စရာကောင်းတယ်၊ ခု ကျွန်တော့်မျက်နှာပြင်မှာပဲ ဖြစ်နေပေမဲ့ တခြားမျက်နှာပြင်ကို ထိခိုက်အောင် မလုပ်နိုင်ဘူးလို့ အာမမခံနိုင်ဘူးလေ"
"..." ကူယွဲ့ မျက်မှောင်ကြုတ်လိုက်တယ်။
သူက ပိုပြီးတောင် စိုးရိမ်ပူပန်လာကာ အခု အတွေးတွေက ပိုလို့တောင် စိတ်ထဲပေါ်လာပြီး အသည်းအသန် ပြောတယ်။
"တကယ်လို့ မယုံရင် ကျွန်တော့်မျက်နှာပြင်ဆီ လိုက်လာလို့ရပါတယ်၊ အခု ကျွန်တော့်မျက်နှာပြင်က ရှုပ်ယှက်ခက်နေတာ၊ သက်ရှိသတ္တဝါတွေအားလုံး သက်ရောက်ခံနေရတယ်၊ ခင်ဗျားတို့ ကျွန်တော်မျက်နှာပြင်ကို ကူကယ်တင်ပေးချင်သရွေ့ နှစ်ဆ... ဟင့်အင်း အမတကျောက်တုံးဆယ်ဆတောင် ပေးဖို့ ဆန္ဒရှိပါတယ်၊ အမတကျောက်တုံး၊ ဝိညာဉ်ကြော၊ မူလရင်းမြစ်ချီရောပဲ၊ စိတ်ထဲမထားဘူးဆိုရင် ဘာမဆိုပေးပါ့မယ်"
"ကောင်းပြီ"
"မျက်နှာပြင် ရှေ့ဆက်နိုင်သရွေ့... ဟမ် ဟမ်" အဲတော့မှ တစ်ဖက်လူက ဘာပြန်ဖြေလဲ သူနားလည်ကာ အူကြောင်ကြောင်ဖြစ်သွားတယ်။ "သ... သဘောတူတယ်ပေါ့"
ကူယွဲ့က စီးပွားရေးအတွက် တကူးတက ဖယ်ထားတဲ့ အမူအရာကို ချက်ချင်းထုတ်ကာ ကြင်နာစွာပြုံးလိုက်တယ်။ "မင်းပြောတဲ့ပုံအရဆို အဲလူက တကယ်အန္တရာယ်ကြီးတာပဲ၊ ငါတို့ တစ်ချက် သွားကြည့်သင့်တယ်" စောနတည်းက ပိုက်ဆံရှာလို့ရကြောင်း ပြောခဲ့ရောပေါ့။
"တကယ်... တကယ်" ချောက်ခွင်း မျက်လုံးတွေပြူးကာ မျက်နှာမှာ မယုံကြည်နိုင်မှုအပြည့်။ သူစောနက အရမ်းခေါင်းမာနေတာ မဟုတ်လား၊ ဘာလို့ အဲလောက်မြန်မြန် စိတ်ပြောင်းသွားတာလဲ။
"ငါတို့အားလုံးက စီမံထိန်းသိမ်းသူတွေပဲ၊ အချင်းချင်းကူညီမှ မှန်တာပေါ့၊ သေချာပေါက် ငါတို့ တစ်ချက်သွားကြည့်နိုင်ပေမဲ့ အကူအညီဖြစ်မဖြစ်တော့ အာမ မခံနိုင်ဘူး"
"သေချာတာပေါ့ ကျွန်တော် နားလည်ပါတယ်" သူက အသည်းအသန် ခေါင်းညိတ်ကာ အပျော်လွန်နေတဲ့ပုံ။
ကူယွဲ့အပြုံးက ပိုလို့တောင် ကြင်နာလာပြီး ရှေ့တက် ပခုံးကိုပုတ်တယ်။ "လာလာ၊ ငါတို့ကို မင်းမျက်နှာပြင်အခြေအနေ အသေးစိတ်ပြောပါဦး၊ ဒီလိုဆို ငါတို့ ဘာလုပ်ရမလဲ ပိုပြီးစဉ်းစားလို့ရတာပေါ့၊ အထူးသဖြင့် တန်ဖိုးအရှိဆုံးအပိုင်း..."
"ကောင်းပါပြီ တာအိုရောင်းရင်း၊ ကျေးဇူးတင်ပါတယ် တာအိုရောင်းရင်း"
သစ်တော်သီး ။ ။ "..."
ရှန်းရင် ။ ။ "..."
ယိချင်း ။ ။ "..."
တစ်ခဏအကြာ...။
ယိချင်း နှုတ်ခမ်းထောင့် တွန့်သွားတယ်။ "ဆရာ၊ ဖေဖေနျိုက..."
"အင်း" ရှန်းရင်က ခေါင်းညိတ်တယ်။
"သူက ခု မျက်နှာပြင်တွေဆီ စီးပွားရေး ချဲ့ထွင်ဖို့ ရည်ရွယ်နေတယ်ထင်တာပဲ"
"ဒါဆို ကျွန်တော်တို့ တကယ်သွားရ..."
သူ စကားမဆုံးခင် ချောက်ခွင်း အရင်းအမြစ်အားလုံးရဲ့ အောက်ခြေထိ နှိုက်ပြီးပြီဖြစ်တဲ့ ကူယွဲ့က သူတို့ကိုပြန်လှည့်ကြည့်ကာ လက်ယမ်းတယ်။ "ရှန်းရင်၊ စားဖိုမှူး ထွက်ခွာဖို့ပြင်တော့"
ရှန်းရင်က ပြန်လှည့်ကာ စားဖိုမှူးကို တစ်ချက်ကြည့်တယ်။ "အမှန်ပဲ၊ ငါတို့တကယ်သွားရမှာ"
"..."
——————
သူတို့တွေ စားသောက်ပြီးတော့ ထွက်ခွာဖို့လုပ်တယ်။ မေးကြည့်တော့မှ သိရတာက ချောက်ခွင်းဘက်က မျက်နှာပြင်တံခါးက ပိတ်ခံထားရတယ်ဆိုတာပဲ။ အဲမျက်နှာပြင်ကို တိုက်ရိုက်ဝင်ဖို့နည်းလမ်း မရှိဘူး။
"ကျွန်တော့်မျက်နှာပြင်ရဲ့ နယ်နိမိတ်အစွန်မှာ နောက်ဖေးတံခါးထားခဲ့ပါတယ်"
ချောက်ခွင်းက အမြန်ရှင်းပြတယ်။ "အဲဘက်ခြမ်းက ဟင်းလင်းပြင်နဲ့ချိတ်ဆက်နေတာမို့ ကျွန်တော်တို့ အဲကဖြတ်သွားလို့ရတယ်"
"ဟင်းလင်းပြင်လား" သစ်တော်သီးက ခဏတန့်သွားပြီး နောက်တော့ ချောက်ခွင်းဘက်လှည့်တယ်။
"အဲဒါကြောင့် ငါ့မျက်နှာပြင်နယ်စပ်မှာ နင်ရုတ်တရက် လဲကျတာလား" သူမမျက်နှာပြင်ကို တစ်ခါက ဟင်းလင်းပြင်က ဝါးမျိုခဲ့ပြီး တစ်မြို့သာကျန်ခဲ့တယ်။ ဟင်းလင်းပြင်က ပျောက်သွားပေမဲ့ အစွန်အဖျားမှာ သူ့အရှိန်အဝါတွေ ကျန်နေဆဲပဲ။
"ဟုတ်တယ်" ချောက်ခွင်းက ခေါင်းညိတ်ကာ ဆက်ပြောတယ်။ "ဒါလည်း တိုက်ဆိုင်မှုပဲ၊ ထွက်ပေါက်က အဲနေရာဖြစ်နေတာ၊ ဒါကြောင့် ကျွန်တော့်မျက်နှာပြင်ထဲဝင်ဖို့ဆို တာအိုရောင်းရင်း ဖန်းဖန်းက ခွင့်ပြုချက် ပေးဖို့လိုသေးတယ်"
"သေချာပေါက်ပေါ့" သစ်တော်သီးမျက်လုံးတွေ အရောင်လက်သွားကာ စိတ်လှုပ်ရှားစွာ ပြောတယ်။
"ရှန်းရင် ကျွန်မ မျက်နှာပြင်ဆီသွားချင်လား၊ အဲမှာ ရက်ပိုင်းလောက် နေပါလား" သူမက ပြောရင်း လှမ်းဖက်ဖို့လုပ်ပေမဲ့ စားဖိုမှူးတားတာ ချက်ချင်းခံလိုက်ရပြန်တယ်။
"တာအိုရောင်းရင်း မင်းအတွေးလွန်နေပါပြီ၊ ငါတို့က ဖြတ်သွားရုံပဲ" ထွက်သွား ခွေးမစုတ်လေး
"..." သစ်တော်သီးက ချက်ချင်း မကြည်ကြည့်ပြန်ကြည့်တယ်။ ဟမ့် တပည့်ဖြစ်နေတာ အတော်ဆိုးတာပဲ ငါ့အားကိုးရသူကို လွှတ်လိုက်။
နှစ်ယောက်သား ရန်ဖြစ်တော့မှာကို ကြည့်ရင်း ရှန်းရင်က သူနဲ့ဘာမှမဆိုင်သလို တကိုက်ကိုက် ဝါးနေလေရဲ့။ အဲအစား ကူယွဲ့က ကြားဖြတ်ပြောရတယ်။ "ကောင်းပြီလေ၊ သွားကြစို့" အဲတော့မှ သူ တအားကို အစွဲလမ်းလွန်နေတဲ့ ပရိသတ်နှစ်ယောက်ကို ခွဲလို့ရတယ်။
သစ်တော်သီးက သူမမျက်နှာပြင်တံခါးကို နည်းနည်းမကျေမချမ်းနဲ့ဖွင့်ပြီး အုပ်စုကို ဟင်းလင်းပြင်အစွန်ဆီ ပို့ပေးတယ်။ ဒါပေမဲ့ သူမစွမ်းရည်တွေက အကန့်အသတ်နဲ့ဆိုတာကိုသိတော့ လိုက်လာဖို့ အတင်းမပြော။
စားဖိုမှူး ချက်ချင်း နေလို့ထိုင်လို့ကောင်းသွားလေရဲ့
...
အခန်း ၆၀၈ ။ မျက်နှာပြင်ကို အမည်းရောင်ဆိုးခြင်း
ချောက်ခွင်းက ဘဲဥပုံသံလိုက်အိမ်မြှောင်ကို ထုတ်ကာ ရှေ့ကို ပစ်တော့ အိမ်မြှောင်က ချက်ချင်း ပျံတက်သွားပြီး အလယ်မှာအနီရောင်အလင်းက လက်သွားတယ်။ လမ်းကိုပြနေသလိုမျိုး အလင်းတန်းရှည်တစ်ခု ထွက်လာပြီး သူတို့ညာဘက်ကို ညွှန်ပြနေတယ်။
"တံခါးက အဲမှာပါ" ချောက်ခွင်းက တစ်ဖက်ကို ညွှန်ပြာကာသူတို့ကို ခေါ်လာတယ်။
တခြားသူတွေက အကြည့်ချင်းဖလှယ်ကာ နောက်ကလိုက်သွားပြီး ဟင်းလင်းပြင်ထဲ နင်းလိုက်တယ်။ သူတို့တွေ အဝေးကြီး မလျှောက်ရဘဲ ၁၅မိနစ်နေတော့ သူတို့ကြားထဲက နယ်ပယ်က ရုတ်တရက် ပုံပျက်လာပြီး ခဏအကြာမှာ မျက်နှာပြင်တံခါးနဲ့ ဆင်တဲ့လမ်းကြောင်းတစ်ခု ပွင့်လာတယ်။ ဒါပေမဲ့ အထဲမှာတော့ ပိန်းပိတ်အောင် မည်းမှောင်နေလေရဲ့။
"ကျွန်တော်တို့ ရောက်ပြီ" ချောက်ခွင်းက ဝမ်းသာသွားပြီး ခြေလှမ်းတချို့ မြန်မြန်လှမ်းလိုက်ပေမဲ့ တစ်ခုခုလုပ်တော့မို့ရှိသေး သူ့အနူအရာက အတွေးတချို့နဲ့ပြောင်းသွားကာ ပြန်လှည့်ကြည့်လာတယ်။
"ဒီမျက်နှာပြင်လမ်းကြောင်းက မတည်ငြိမ်ဘူး၊ ဒါကြောင့် ကျွန်တော်တို့ မျက်နှာပြင်ရဲ့ဘယ်နေရာဆီ ရောက်သွားမလဲ မသိဘူး၊ ကျေးဇူးပြုပြီး ဂရုစိုက်ပါ"
ကူယွဲ့ ခေါင်းညိတ်ကာ သူတို့ပတ်လည်မှာ အလွှာတွေအထပ်ထပ် ချလိုက်တယ်။ ချောက်ခွင်းက နောက်တော့ အသက်ပြင်းပြင်းရှူသွင်းကာ ဝင်လိုက်တယ်။
နောက်တစ်စက္ကန့်မှာတော့ အေးစိမ့်စိမ့်လေက သူတို့ဘေးဖြတ်သွားတယ်။ သူတို့ တခြားကမ္ဘာဆီ ရောက်နေပြီဆိုတာ သိသိသာသာ အာရုံခံနိုင်တယ်။ ဒါပေမဲ့ ကမ္ဘာတစ်ခုလုံးမှာ ပိန်းပိတ်အောင် မှောင်နေပြီး တစ်ခုခု အနားကပ်လာသလိုမျိုး ထူးဆန်းတဲ့ တရှဲရှဲအသံတွေကို ဝိုးတဝါးကြားနေရတယ်။
"အိုး မဖြစ်ဘူး" ချောက်ခွင်းအမူအရာက ချက်ချင်းပြောင်းလဲသွားကာ သွေးပျက်မှုက သူ့မျက်လုံးထဲ သွေးပျက်မှုဖြတ်သန်းကုန်ပြီး အသည်းအသန် သတိပေးတော့တယ်။
"ကျွန်တော်တို့ ပြိုလဲပြီးသား ကမ္ဘာလေးထဲ ရောက်လာတာပဲ၊ ကျွန်တော်တို့ ဒီမှာနေလို့မဖြစ်ဘူး"
အဲလိုပြောပြီး သူက စည်းတံဆိပ်တစ်ခု အမြန်ဖန်တီးကာ နေရာပြောင်းဖို့ပြင်တယ်။ ဒါပေမဲ့ ဂါထာကို မဖန်တီးနိုင်ခင် သူက ရုတ်တရက်ယိုင်ထွက်သွားပြီး သွေးအန်ကာ မျက်နှာက ပိုလို့တောင် ဖြူဖျော့လာတော့တယ်။ သူ စောနက ကောင်းကင်ဘုံမှာရရှိထားတဲ့ မူလရင်းမြစ်ချီက အပေါက်တစ်ခုဖြစ်နေသလို လွင့်ပြယ်ကုန်ကာ အသက်ရှူနှုန်းပါအားနည်းလာလေရဲ့။
ကူယွဲ့ သူ မြေကြီးပေါ် လဲမကျအောင် လှစ်ခနဲ အမြန်ဆွဲဖမ်းလိုက်ကာ ကောင်းကင်စိတ်အာရုံကနေ သူတို့ဆီ အမြန်ချဉ်းကပ်လာသူတွေဟာ အမျိုးအမည်မသိ ပင်လယ်သတ္တဝါအုပ်လိုက်ကြီး ဖြစ်ကြောင်းပြသနေတယ်။
"ဦးတည်ဘက်က" သူကခပ်တိုးတိုးမေးတယ်။
"အဲဘက်မှာ" ချောက်ခွင်းက သူက ဘာဆိုလိုလဲဆိုတာ နားလည်သွားတယ်။ သူ့ကိုယ်ထဲက နာကျင်မှုကို မျိုသိပ်ရင်း ညာဘက်ကို လက်ညှိုးထိုးကာ အလောတကြီးဖြေတယ်။
"မြောက်ဘက်က ဘုံနှစ်ခုတံခါးနောက်ကနေရာက ဘေးကင်းပါတယ်"
ကူယွဲ့ တန်းပြီး ဂါထာတစ်ခုကိုဖန်တီးကာ ချက်ချင်း နယ်နိမိတ်လမ်းကြောင်းတစ်ခု ဖွင့်လိုက်တယ်။
"သွားကြစို့" သူက ညွှန်ကြားရင်း ချောက်ခွင်းကို မကာ လျှောက်သွားတယ်။
စားဖိုမှူးလည်း နောက်ကနေချက်ချင်းလိုက်ပေမဲ့ သူ့ဘေးကလူက မလှုပ်သေးတာ သိလိုက်ရတယ်။ သူ ချက်ချင်း ပြန်လှည့်ကာ အော်လိုက်တယ်။ "ဆရာ"
ရှန်းရင်က ပြန်မဖြေဘဲ နေရာမှာတင် အမြစ်ဆွဲရပ်ကာ သူမခေါင်းက အမှောင်ထုဆီ လှည့်ပြီး အတွေးနစ်နေတဲ့ပုံ။
ဟမ်။
"မင်းတို့နှစ်ယောက် ဘာစောင့်နေတာလဲ" နှစ်ယောက်လုံး မလိုက်လာသေးတာကိုမြင်တော့ ကူယွဲ့ ရုတ်တရက် လမ်းကြောင်းအပြင်ကို ဆုတ်လိုက်တယ်။ "မြန်မြန်လိုက်လာကြဟ"
"ကောင်းပြီလေ" ရှန်းရင်က နောက်တော့လှည့်လာပြီး စားဖိုမှူးလမ်းကြောင်းဆီ လိုက်လာတယ်။
ကူးပြောင်းမှုဝင်ပေါက်က ချက်ချင်း ပျောက်ကွယ်သွားကာ မျက်စိတစ်မှိတ်အတွင်း နောက်တစ်နေရာ ရောက်လာတယ်။ အဖြူရောင်အလင်းတွေက သူတို့မျက်စိရှေ့ပေါ်လာပြီး ပတ်ဝန်းကျင်ကတော့ နောက်ဆုံးထိန်လင်းသွားကာ အလိုလို မျက်လုံးကျုံ့မိလိုက်လေရဲ့။
သေချာကြည့်ကြည့်တော့ သူတို့တွေ အိမ်ရှည်ကြီးတစ်ခုရှေ့ ရပ်နေကာ မသေမျိုးချီက ရစ်ပတ်နေပြီး နေရာတိုင်းမှာ ပန်းတွေ ရှိနေတယ်။ ဒါက ကောင်းကင်တောင်ထွတ်တစ်ခုဖြစ်ပုံပဲ။ အပြာရောင် ကောင်းကင်စွမ်းအင်ကို လေထဲဝိုးတဝါးမြင်နိုင်တယ်။ ပတ်ဝန်းကျင်ကသာ အင်မတန် တိတ်ဆိတ်နေတာ။ အသံတစ်သံတောင် မကြားရဘူး။
"အားလုံးပဲ မစိုးရိမ်ပါနဲ့၊ ဒီနေရာက အတော်လေး ဘေး... ကင်းပါတယ်" သူ စကားမဆုံးခင် သူ့ကိုယ်က ယိုင်ထွက်သွားကာ တန်းပြိုလဲသွားခဲ့တယ်။
"ဟေး ချောက်ခွင်း" ကူယွဲ့က ဆောင့်ကြောင့်ထိုင်ချကာ မြေကြီးပေါ်ကလူကို တံတောင်နဲ့ တွတ်လိုက်တယ်။ လုံးဝတုံ့ပြန်မှုမရှိဘဲ သူ့အသက်ရှူသံကလည်း ပိုတိုးညှင်းလာတယ်။
"ဒီမျက်နှာပြင်အခြေအနေက ပိုဆိုးလာတယ်ထင်တာပဲ" စားဖိုမှူးက စကားပြောလာတယ်။ စီမံထိန်းသိမ်းသူတစ်ယောက်ရဲ့ အစွမ်းတွေက သူ့မျက်နှာပြင်ကနေလာတာ။ တကယ်လို့ မျက်နှာပြင်က ပြဿနာ တက်လာရင် သူကလည်းအလိုလို အားနည်းလာလိမ့်မယ်။
ကူယွဲ့ မျက်မှောင်ကြုတ်တယ်။ သူ မြေပြင်ပေါ်ကလူကို နိုးလို့မရတာမြင်တော့ ပမာဏကြီးတဲ့ ဂါထာတစ်ခုကို ပြင်ဆင်ကာ သူ့ကိုယ်ထဲက လုံးဝပြိုကွဲလုနီးပါးဖြစ်နေတဲ့စွမ်းအင်ကို ယာယီ ချုပ်နှောင်ထားလိုက်တယ်။
"ကြည့်ရတာ သူက နိုးဦးမဲ့ပုံ မပေါ်ဘူး" သူက မြေကြီးပေါ်ကလူကို မကာ သူတို့ရှေ့က အိမ်ကို လှမ်းကြည့်လိုက်တယ်။ "အထဲအရင်ဝင်ကြရအောင်"
အဲလိုပြောပြီး သူက အထဲဝင်လာခဲ့တယ်။ ဖြစ်နိုင်တာ ချောက်ခွင်းက သတိလစ်နေတာကြောင့်ထင် အိမ်ရှေ့က အင်းကွက်အစီအရင်တွေအားလုံး အလုပ်မဖြစ်ဘဲ သူတို့ ဘာအနှောင့်အယှက်မှမရှိ အထဲဝင်လာခဲ့တယ်။
ခြံတံခါးကိုဖြတ်လာရင်း ဒါက အလယ်မှာ မျက်နှာပြင်သစ်ပင်တစ်ခုပဲ ရပ်တည်နေရုံကလွဲ တခြားဘာမှမရှိတဲ့ ခြံဝန်းကျယ်ကြီးပဲ။ ဒါက ချောက်ခွင်းမျက်နှာပြင်ရဲ့ ခြုံငုံထားတဲ့မြင်ကွင်း ဖြစ်နိုင်တယ်။ ကူယွဲ့ ချောက်ခွင်းကို သစ်ပင်အောက်ထားကာ ဂရုတစိုက် ဒီမျက်နှာပြင်ကို စစ်ဆေးတော့တယ်။
ဒီသစ်ပင်ရဲ့ပုံစံက ချောက်ခွင်း သူတို့ကို ဖန်လုံးနဲ့ပြခဲ့တုန်းကထက်တောင် ပိုဆိုးနေတယ်။ သစ်ပင်တစ်ခုလုံးရဲ့ သုံးပုံနှစ်ပုံက မည်းနက်နေပြီဖြစ်ကာ ဟိုတစ်ကွက်ဒီတစ်ကွက်သာ စိမ်းဖန့်တော့တယ်။ အထူးသဖြင့် အဲပေါ်က သစ်ရွက်တွေက အားလုံးနီးပါး မည်းနက်နေပြီဖြစ်ကာ အစိမ်းသီးသန့် မဟုတ်တော့တဲ့ တချို့တလေသာ ဟိုတစ်စဒီတစ်စ။
ကြည့်ရတာ ဒီမျက်နှာပြင် ပြဿနာက သူတို့ထင်ထားတာထက် ပိုဆိုးတဲ့ပုံပဲ။ ကူယွဲ့ ပြန်သက်သာလာအောင်လုပ်ဖို့ကိစ္စကို စတင်စဉ်းစားရတော့တယ်။
"ခု ဘာလုပ်ကြမလဲ" ယိချင်းက သတိလစ်နေဆဲ သစ်ပင်ဘေးကလူကိုကြည့်တယ်။ "ချောက်ခွင်းက မနိုးသေးတော့ မျက်နှာပြင်ရဲ့ အခြေအနေအတိအကျကို အသိရသေးဘူး"
"ငါတို့ တခြားဘာလုပ်နိုင်မှာလဲ" ကူယွဲ့က မျက်မှောင်ကြုတ်တယ်။
"ငါတို့ကိုယ်ငါတို့အားကိုးပြီးစုံစမ်းရမှာပေါ့" လုံးဝအမည်းရောင်ဖြစ်တော့မဲ့ မျက်နှာပြင်သစ်ပင်ကို လှမ်းကြည့်ကာ သူက ရုတ်တရက် ဒါက နစ်နာရမဲ့သဘောတူညီချက်လို့ မကောင်းတဲ့ခံစားချက် ရနေတယ်။
"ငါတို့ စောနကတင်လာခဲ့တဲ့နေရာက ဒီအနက်ရောင်နေရာတွေက ဖြစ်လောက်တယ်၊ တကယ်လို့ ဘာဖြစ်ခဲ့တာလဲသိချင်ရင် ပုံမှန်ဖြစ်နေသေးတဲ့နေရာတွေသွားပြီး တစ်ချက်ကြည့်ရုံပဲရှိမယ်"
သူက မျက်နှာပြင်သစ်ပင်တစ်ခုလုံးကို အထပ်ထပ်အခါခါ လေ့လာပြီးမှ တစ်ဝက်မည်းနေပြီးသား ကမ္ဘာငယ်လေးတစ်ခုကို လက်ညှိုးထိုးပြလိုက်တယ်။ "ဒီကမ္ဘာငယ်လေးကို တစ်ချက် အရင်သွားကြည့်ရအောင်"
ယိချင်းနဲ့ ရှန်းရင်က အကြည့်ချင်းဖလှယ်ကာ ကန့်ကွက်မှုမရှိ။ ခဏတွေးပြီးတော့ သူ ချောက်ခွင်းပတ်လည်မှာ အင်းကွက်တချို့ပြင်ပြီး ကမ္ဘာငယ်လေးဆီ မျက်နှာပြင်လမ်းကြောင်းတစ်ခု ဖွင့်လိုက်တယ်။ သူ့မျက်နှာပြင်မဟုတ်လို့ထင် အကြိမ်ရေတချို့ လုပ်ပြီးမှရတယ်။
စားဖိုမှူးက ပြန်လှည့်ကာ မြေကြီးပေါ်ကလူကို လှမ်းကြည့်ပြီး တစ်စုံတစ်ခု မျက်စိထဲဖြတ်ပြေးသွားရင်း ပါးစပ်ဟလိုက်ပေမဲ့ နောက်ဆုံးမှာတော့ ဘာမှမပြော။ နောက်တော့ သူက ရှန်းရင်ကို ထိန်းကာ ဖေဖေနျိုနောက်က လိုက်ခဲ့တယ်။
သုံးယောက်က အိမ်ထဲကနေ ချက်ချင်း ပျောက်သွားပြီး နောက်တစ်စက္ကန့်မှာ ကျက်တီးခေါင်မြေဆီ ရောက်လာခဲ့တယ်။ ကောင်းကင်က မည်းမှောင်နေပြီး ပတ်လည်မှာ ဘာမှမရှိ။
စားဖိုမှူးက နောက်တော့ စကားပြောတယ်။ "ဖေဖေနျို ခင်ဗျားက ချောက်ခွင်းကို သံသယဖြစ်နေတာပဲ"
ဒါက မေးခွန်းမဟုတ် အဆိုတစ်ခုပဲ။
ကူယွဲ့က သူ့ကို လှမ်းကြည့်ပြီး ခေါင်းညိတ်တယ်။ "အဓိကက သူပေါ်လာတဲ့ အချိန်က တိုက်ဆိုင်လွန်းတယ်၊ ကြိုတင်ကာကွယ်ခြင်းက ကုသခြင်းထက်ကောင်း၏တဲ့" ဒီမျက်နှာပြင်က ပိတ်လှောင်ခံရပြီး အကူအညီတောင်းဖို့ ဟင်းလင်းပြင်မြေကနေ ဖြတ်သန်းလာရတယ်။ နောက်တော့ သူက ဟင်းလင်းပြင်ဆီ ဝင်ပေါက်နေရာက တိကျမှုမရှိဘူး ပြောတယ်။ ဟင်းလင်းပြင်နဲ့ ချိတ်ဆက်ထားတဲ့ နေရာတွေ အများကြီးကို ဘာကြောင့် သစ်တော်သီးမျက်နှာပြင်အနီးမှာမှ ပေါ်လာရတာလဲ။ ပြီးတော့လည်း သစ်တော်သီးက သူတို့ကို သိသူဖြစ်ပြီး မဟာတာအိုအဖွဲ့အစည်းကို နှိမ်နင်းခဲ့တာက သူတို့လေ။ လောကကြီးထဲ ဒီလောက်တိုက်ဆိုင်တဲ့အရာက ဘယ်လိုလုပ်ရှိနိုင်မှာလဲ။
စားဖိုမှူးလည်း အတော်တိုက်ဆိုင်တယ် တွေးမိတယ်။ "ဒါဆို ဘာလို့ ဒီကိုလာဖို့ သဘောတူလိုက်တာလဲ"
"ဒီမှာ ကြောက်ခမန်းလိလိ ကျူးကျော်သူ ရှိတယ်လို့ သူ မပြောဘူးလား" စီမံထိန်းသိမ်းသူကိုတောင် ရင်ဆိုင်နိုင်တဲ့ကျူးကျော်သူက အနည်းဆုံး စီမံထိန်းသိမ်းသူအဆင့် ဟုတ်ရင်ဟုတ် မဟုတ်ရင် အဲထက်ပိုမယ်။ ကူယွဲ့က ရှန်းရင်ကို ပြန်လှည့်ကြည့်လိုက်တယ်။ "ငါတို့မှာရော တစ်ယောက်ရှိတယ် မဟုတ်ဘူးလား" ဘယ်သူသိမှာလဲ၊ သူတို့ ရှန်းရင်ရဲ့ ဖြစ်တည်မှုအတိအကျကို အဖြေရှာနိုင်လောက်တယ်
"အာ" အသီးကို တစ်ကိုက်ကိုက်စားနေပြီး နားမထောင်နေတာ လုံးဝသိသာတဲ့ တစ်ယောက်သောသူက ခေါင်းကိုမလာတယ်။
ကူယွဲ့နှုတ်ခမ်းထောင့်က တွန့်သွားတယ်။ ဒီလိုစိုးရိမ်ရအောင် လုပ်ခဲ့တဲ့သူက ဘယ်သူလဲ၊ ပတ်သက်နေသူက နည်းနည်း ပိုအာရုံစိုက်ပေးလို့ရမလား
"မင်းကိစ္စတစ်ခုမှ မပါဘူး၊ ကိုယ့်အသီးကိုစားနေ"
"အိုး" နာနာခံခံ ဆက်စားသောက်နေတော့တယ်။
"..." ကူယွဲ့ အသက်ပြင်းပြင်းရှူကာ သက်ပြင်းချလိုက်တယ်။ ထားလိုက်တော့ သူကျင့်သားရနေတာ ကြာပြီပဲ "ဘာဖြစ်လဲကြည့်ရ..."
သူ စကားမဆုံးခင် အပျော်လွန်နေတဲ့အသံတစ်သံက ဘေးကထွက်လာတယ်။
"ဟေးကြည့်ပါဦး၊ ဒီမှာ သက်ရှိတချို့ရှိတယ်"
...
အခန်း ၆၀၉ ။ ပျက်စီးမှုတုံ့ပြန်သော ကျင့်ကြံသူများ
တစ်ဖက်ကိုလှည့်လိုက်တော့ ပုံသဏ္ဌာန်တစ်ခုက အမှောင်ထုထဲကနေ ပျံထွက်လာတာကို မြင်လိုက်ရတယ်။ အစိမ်းရောင်ဝတ်ထားတဲ့ အင်မတန်အရပ်ရှည်တဲ့မိန်းကလေးပဲ။ သေချာကြည့်တော့ သူက လူသားဖြစ်ပုံမပေါ်။ လူနဲ့ဆင်ပေမဲ့သူ့အရေပြားက အပြာရင့်ရောင်ဖြစ်ကာ အမည်းနီးပါးဖြစ်ပြီး နောက်ဘက်က အနက်ရောင်နဲ့ ကောင်းကောင်း ရောထွေးနေတယ်။
နတ်ဆိုးလား။ ဒါပေမဲ့ သူမဆီမှာ နတ်ဆိုး အရှိန်အဝါ ရှိမနေဘူးလေ။ သူတို့သုံးယောက်လုံး မှင်တက်သွားကာ ရောက်လာသူတွေရဲ့ ဖြစ်တည်မှုကို ရှင်းရှင်းလင်းလင်း နားမလည်။
အဲလူက ပျံသန်းလာပြီး သူတို့ကို တစ်ချက်ကြည့်ကာ ရုတ်ခြည်း အလန့်တကြား မျက်လုံးတွေ ပြူးကုန်တယ်။ နှစ်စက္ကန့်လောက် တွေဝေနေပြီးနောက်မှာ သူမက ရုတ်တရက် နည်းနည်း မှင်တက်နေပြီး နောက်တော့ ပြန်လှည့်ကာ အော်တယ်။
"ဆရာတူ... ဆရာတူ... ဆရာတူအစ်မ၊ မြန်မြန်လာပါ မြန်မြန်လာပါ၊ ကျွန်မ သက်ရှိနှစ်ယောက် တွေ့ထားတယ်"
"ဘာလို့ ဆူပူနေတာတုံး" ကြိမ်းမောင်းတဲ့အသံတစ်သံက သူမနောက်ကနေ ဆတ်ခနဲထွက်လာကာ နောက်တော့ ပုံသဏ္ဌာန်သုံးလေးခုက ပျံသန်းလာပြီး ပြောနေဆဲ။ "ငါတို့ရှာတွေ့ပြီးသား လူဘယ်နှစ်ယောက်တောင် ရှိပြီလဲ၊ လိုလို့... ဟမ်" အဲလူက တန့်သွားပြီး သူတို့ဘက်လှမ်းကြည့်ပြီးတော့ ထိတ်လန့်သွားပုံပေါ်ပြီး ဆက်စိုက်ကြည့်နေတယ်။
"ဆရာတူအစ်မ ဒါက..." ပထမဆုံးပေါ်လာသူက အလယ်က သူတို့ခေါင်းဆောင်ဖြစ်ပုံပေါ်တဲ့ အမျိုးသမီးကို ပြန်လှည့်ကြည့်တယ်။
အဲလူက နောက်တော့အသိစိတ်ပြန်ဝင်လာကာ အသည်းအသန် လောတော့တယ်။ "ဘာလို့ အဲမှာ ရပ်နေသေးတာလဲ၊ သူတို့ကို အမြန်ခေါ်လာလေ"
သူမနောက်ကလူတွေက ချက်ချင်း လှုပ်ရှားပြီး နောက်တော့ ရှေ့ကိုအမြန်တက်ရင်း ဂါထာတွေ ဖန်တီးကာ သူတို့ တစ်ခါမှမမြင်ဖူးတဲ့ဂါထာတစ်ခုက ခြေဖဝါးအောက်ပေါ်လာတယ်။
ယိချင်းက မျက်မှောင်ကြုတ်ကာ သူဂါထာတစ်ခု ဖန်တီးတော့မို့ရှိသေး ကူယွဲ့က ဘေးကနေ သူ့ကို ပြန်ဆွဲထားပြီး အသံကူးပြောင်းမှုပို့လာတယ်။ "ခဏ ဒီလူတွေက နည်းနည်းထူးဆန်းတယ်၊ အရင်စောင့်ကြည့်ရအောင်"
စားဖိုမှူးက နောက်တော့ လက်ကိုချကာ သူတို့ခြေထောက်အောက်က အင်းကွက်အစီအရင်က အရောင်လက်သွားပြီး သူတို့အလေးချိန် ပျောက်သွားတာကို ခံစားလိုက်ရကာ တစ်ဖက်ခြမ်းဆီ ချက်ချင်း ပျံသန်းသွားတယ်။ တကယ်တော့ ဝဲပျံတဲ့ဂါထာသက်သက်ပဲကိုး။ သူတို့တွေ ချက်ချင်း စိတ်သက်သာရာ ရသွားတယ်။ ယိချင်း အကျင့်အတိုင်း နောက်က ရှန်းရင်ကို ပြန်လှည့်ကြည့်မိလိုက်တယ်။ "ဆရာ"
သေချာပေါက်ကို ထင်ထားတဲ့အတိုင်း သူမခြေထောက်အောက်မှာ ဘာအင်းကွက်အစီအရင်မှ မရှိဘဲ နေရာမှာ ရပ်နေဆဲ...။
"ဟမ် နောက်တစ်ယောက်ရှိသေးတယ်ဟ" လူပြာတွေက ခုမှ ရှန်းရင်ကို တွေ့သွားပုံပေါ်ပြီး သူမကိုပါ ဆွဲခေါ်ဖို့နောက်ထပ်ဂါထာတစ်ခု သုံးလိုက်တယ်။
သူတို့ အလင်းနဲ့အမှောင် နယ်နိမိတ်မှာ ရှိနေခဲ့တာကနေ သူတို့အားလုံး အမှောင်ထုဝါးမျိုခံထားရတဲ့ အရပ်ဒေသဆီ လုံးဝဆွဲခေါ်သွားခံရတော့တယ်။
"ဆရာတူအစ်မ ခုဘာလုပ်ကြမလဲ" တပည့်တစ်ယောက်က မေးတယ်။
အလယ်မှာ ဦးဆောင်နေတဲ့ အမျိုးသမီးက ပတ်ဝန်းကျင်ကို လေ့လာကာ နောက်တော့သုံးယောက်ကို တစ်ချက်ကြည့်တယ်။ "တခြားဟာမတိုင်ခင် ငါတို့သူတို့ကို စခန်းဆီ ပြန်ခေါ်သွားမယ်"
အဲလိုနဲ့ သူမက အနီးဆုံးဖြစ်တဲ့ရှန်းရင်ကို တန်းမကာ ဓားပေါ်ခေါ်တင်ပြီး အမှောင်ထုထဲ ပျံသန်းသွားတယ်။
အဲဒါကို မြင်တော့ တခြားသူတွေကလည်း ဝိညာဉ်ဓားကိုဆင့်ခေါ်ကြတယ်။ ကြည့်ရတာ သူတို့မှာလည်း ကျင့်ကြံဆင့်ရှိတာကို သတိမထားမိပုံပဲ။ နှစ်ယောက်က ကူယွဲ့နဲ့ ယိချင်းဆီ လျှောက်လာကာ အင်မတန် ယဉ်ကျေးစွာ လက်သီးဆုပ်ရင်း ပြောတယ်။ "တောင်းပန်ပါတယ် သခင်လေးတို့"
သူတို့က လက်လှမ်းပြီး ကူယွဲ့ကို ဓားပေါ်ဆွဲခေါ်တင်ကာ ပျံတက်ကြတယ်။
ကူယွဲ့ ပြုတ်မကျအောင် သူ့ကို ဖက်ထားတဲ့လက်မောင်းကို လှမ်းကြည့်မိလိုက်တယ်။ ဘာကြောင့်မှန်းမသိ ထူးဆန်းတဲ့ခံစားချက်မျိုးစုံ သူ့နှလုံးသားထဲမြင့်တက်လာတယ်။
တစ်နေရာရာမှာ တစ်ခုခုတော့လွဲနေပြီ...။
သူတို့အထဲကို ပျံသန်းတာ ဝေးလာလေ ပိုမှောင်လာလေပဲ။ ဒါပေမဲ့ ဒါက အဆင့်မြင့်ကျင့်ကြံသူတွေအတွက်တော့ အများကြီး သက်ရောက်မှုမရှိ။ ဒီထူးဆန်းတဲ့လူတွေကလည်း ညအမြင်ရှိပုံပေါ်ပြီး လုံးဝမပိတ်ကွယ်။ သူတို့တွေက အချိန်အတော်ကြာမပျံသန်းရဘဲ ၁၅မိနစ်အတွင်းမှာတင် သူတို့ နေရာလွတ်ပေါ် ဆင်းသက်လိုက်ကြတယ်။
အကြည့်တစ်ချက်တည်းနဲ့ ကူယွဲ့ ပတ်ပတ်လည်မှာ တပြန့်တကွဲစီ ရပ်နေကြသူ လူတချို့ရှိနေတာမြင်လိုက်ရတယ်။ သေချာကြည့်တော့ အိုမင်း အားနည်းနေတဲ့ မိန်းမတွေနဲ့ ကလေးတွေ။ သူတို့အားလုံးရဲ့အမူအရာတွေက ကောင်းပုံမပေါ်ဘဲ ထုံထိုင်းမှုတချို့တောင် ရောစွက်နေတယ်။
ဒီအမျိုးသမီးကျင့်ကြံသူတွေက ဆင်းသက်ကာ လူအုပ်ကြီးထဲဝင်တယ်။ လူအုပ်ကြီးက မော့ကြည့်ပြီး ချက်ချင်း မျက်လုံးတွေ အရောင်လက်ကုန်လေရဲ့။ တစ်စက်မှ ကြောက်လန့်မှုမရှိ သူတို့ကပိုပြီးတောင် စိတ်လှုပ်ရှားစွာ စုဝေးလာကြတော့တယ်။
"အမတဆရာတွေ ပြန်ရောက်လာပြီ" သူတို့က ပျော်ရွှင်စွာကြည့်ကာ စိတ်ပူပန်စွာ မေးကြတယ်။
"အမတဆရာတို့ ကျွန်မတို့ ဘယ်ချိန် ထွက်သွားလို့ရမလဲ"
"ဟုတ်တယ် အမတဆရာတို့ ဒီနေရာမှာ အန္တရာယ်များလွန်းတယ်၊ ကျေးဇူးပြုပြီးမြန်မြန် ခေါ်သွားပေးပါ"
"တကယ်လို့ ကျွန်မတို့ဆက်စောင့်နေရင် ပျက်စီးမှုညဉ့်ယံက ဘယ်ချိန် ပြန်ရောက်လာမလဲဆိုတာ ဘယ်သူသိမတုံး"
"ဟုတ်တယ် ဟုတ်တယ် အချိန်က တင်းကြပ်တယ်"
ဒီလူတွေက တစ်ခုခုကို အတော်လေးကြောက်နေသလိုမျိုး သွေးပျက်နေကြတဲ့ပုံ။
ရှန်းရင်ကို စောနကခေါ်သွားတဲ့ ခေါင်းဆောင်အမျိုးသမီးက ရှေ့ကိုတစ်လှမ်းတိုးတယ်။
"စိုးရိမ်ဖို့မလိုပါဘူး၊ အရုဏ်ဦးဆေးတောင့်ဂိုဏ်းက လူတိုင်းကို ကယ်တင်ဖို့ရည်ရွယ်ချက်နဲ့ လာခဲ့တာပါ၊ ကျွန်မတို့ကို လာကြိုဖို့ ဂိုဏ်းကလွှတ်လိုက်တဲ့လူတွေရောက်တာနဲ့ အားလုံးကိုဘေးကင်းတဲ့နေရာဆီ ခေါ်သွားပါ့မယ်၊ ပြီးတော့ ပျက်စီးမှုညဉ့်ယံက ပြန်လာမှာမဟုတ်ပါဘူး၊ ပြီးဆုံးသွားပြီမို့ ဘာမှနောက်တစ်ကြိမ် ဖြစ်လာမှာမဟုတ်ပါဘူး" အမျိုးသမီးက လူအုပ်ကို ကြည့်ကာ ဆက်ပြောတယ်။
"ဒီတစ်ကြိမ် သက်ရောက်ခံရတဲ့ အတိုင်းအတာက အရမ်းကို ကျယ်ပြန့်တယ်၊ ကျွန်မတို့ အနီးအနားတစ်ဝိုက်ကို ထပ်ရှာဖို့လိုသေးတယ်၊ ဘယ်သူ့မှ မကျန်ရစ်စေရဘူး အားလုံးကို စိတ်အေးအေးထားဖို့ တောင်းဆိုပါတယ်"
လူအုပ်ကြီးရဲ့အမူအရာတွေက အေးဆေးသွားကာ ငြိမ်ကျကုန်တယ်။ အဲဒီထူးဆန်းတဲ့ အမျိုးသမီးကျင့်ကြံသူတွေက နောက်တော့ လူစုခွဲကုန်ကာ တချို့က ပြန်လှည့်သွားပြီး တစ်ခုခုကို ရှာနေကာ တချို့ကတော့ ပတ်ဝန်းကျင်မှာ အင်းကွက်အစီအရင်တွေ စတင်ပြင်ဆင်ကုန်ကြတော့တယ်။
ကူယွဲ့ မျက်မှောင်ကြုတ်ကာ ခုအခြေအနေကို မခန့်မှန်းနိုင်ခင် ယိချင်းနဲ့ စိတ်ထဲကနေ ဆွေးနွေးလိုက်တယ်။ သူတို့ကို ဒီခေါ်လာသူတွေက မကောင်းတဲ့ရည်ရွယ်ချက် မရှိတာ ထင်ရှားတယ်။ တိတိကျကျပြောရရင် စိတ်စေတနာကောင်းတာပဲ။ ကပ်ဆိုးတစ်ခုခုက ဒီမှာ ဖြစ်ပွားသွားကာစမို့ ဂိုဏ်းတစ်ခုက အမျိုးသမီးကျင့်ကြံသူတွေက အရေးပေါ်ကူညီဖို့ ဒီကိုရောက်နေတာပဲ။ အဲဒါကြောင့် သူတို့ကို ဘေးဒုက္ခသည်တွေအနေနဲ့ အမှတ်ယူပြီး ဒီခေါ်လာတာပဲ
ဒါပေမဲ့ သူတို့ အသွင်အပြင်က ဒီလောက်ထူးဆန်းနေတာ ဘာလို့လဲ ဘယ်သူမှမသိရတာတုံး။ စောနတုန်းက သူတို့ လမ်းမှာတုန်းက သူလည်းစစ်ဆေးခဲ့တယ်။ ဒီကျင့်ကြံသူတွေက လူသားကျင့်ကြံသူတွေလည်း မဟုတ်သလို နတ်ဆိုးတွေလည်းမဟုတ်။ သူတို့ကြည့်ရတာ တစ်ခါမှ မမြင်ဖူးတဲ့ ကျင့်ကြံသူ မျိုးစိတ်တွေဖြစ်ပုံပဲ။ ဒါပေမဲ့ ဒီသေမျိုးတွေရဲ့ တုံ့ပြန်မှုကိုကြည့်ရင် ဒီလူပြာတွေနဲ့ ပတ်သက်ပြီး တစ်ခုခုလွဲနေတာကို မတွေ့သလိုပဲ။ အဲအစား သူတို့က အင်မတန်ယုံကြည်နေတယ်။
သူ အတွေးနစ်နေတုန်း အမျိုးသမီးကျင့်ကြံသူတစ်ယောက်က ရုတ်တရက် လက်တစ်ဖက်စီမှာ ကုလားထိုင်တစ်လုံးနဲ့အတူ လျှောက်လာတယ်။ သူ့ကိုကြင်နာစွာပြုံးပြရင်း သူမက သူတို့ရှေ့ ကုလားထိုင်တွေ ချပေးတယ်။ "သခင်လေးတို့ စောနက ကြောက်လန့်သွားလောက်ရောပေါ့၊ အရင်ထိုင်နှင့်ကြပါလား" အဲလိုနဲ့ သူမက ယိချင်းဘက်ကိုပါ လှည့်ကြည့်လိုက်သေးတယ်။ ထိုင်ခုံတွေက သူတို့အတွက်ဆိုတာ အင်မတန်ထင်ရှားတယ်။
ကူယွဲ့ အူကြောင်ကြောင်ဖြစ်သွားပြီး ထိုင်ခုံတွေကို ငုံ့ကြည့်လိုက်ရင်း ချက်ချင်းမှင်တက်သွားတယ်။ သူတို့တွေက ဘာကြောင့် စားဖိုမှူးနဲ့ သူ့ကိုပဲ အဲလောက် ယဉ်ကျေးပျူငှာနေရတာလဲ။
သူ အလိုလို သက်ကြီးရွယ်ကြီး ဖျားနာနေတဲ့ အမျိုးသမီးနဲ့ ကလေးတွေအုပ်စုကြီးကို လှည့်ကြည့်မိသွားတယ်။ ဒါပေမဲ့ လူတိုင်းက စပ်စုတဲ့အကြည့်တစ်ချက်သာကြည့်ကာ ဒါက ပုံမှန်လိုမျိုးပဲ ဆိုတဲ့ပုံစံနဲ့ ပြန်လှည့်သွားကြတယ်။ ဒီကျင့်ကြံသူတွေ သူတို့ကိုပဲထိုင်ခုံပေးတဲ့လုပ်ရပ်က ဘာမှမမှားသလိုမျိုးပဲ။
သူက တန့်သွားကာ ယဉ်ယဉ်ကျေးကျေးသာ ပြန်ဖြေရတော့တယ်။ "ကျေးဇူးပါ မိန်းကလေး"
"ရ... ရပါတယ်" မိန်းကလေးက ချက်ချင်း မျက်နှာနီသွားကာ ရိုးစင်းစွာရယ်တယ်။ "မြန်မြန်ထိုင်ပါ သခင်လေး၊ ဝိညာဉ်သင်္ဘောက ဘယ်ချိန် ရောက်မလဲမသိသေးဘူး၊ ခဏလောက်အနားယူပါ"
အဲလိုပြောပြီး သူမကပြုံးပြန်ကာ လှည့်ပြန်သွားတယ်။
ကူယွဲ့ သူ့ကောင်းကင်စိတ်အာရုံနဲ့ ကုလားထိုင်ကို စစ်ဆေးလိုက်ပေမဲ့ ထူးဆန်းတာ ဘာမှမတွေ့လို့ထိုင်ချလိုက်တယ်။ ဘေးက စားဖိုမှူးကတော့ အကျင့်အတိုင်း ဘေးကိုတစ်လှမ်းလှမ်းကာ နောက်ကိုလှည့်တယ်။ "ဆရာထိုင်ပါ" ပြီးတော့ သူက အဆာသွတ်မုန့်တစ်ပန်းကန်ပါ ထုတ်ကာ ကမ်းပေးတယ်။
"ကောင်းပြီလေ" ရှန်းရင်က အလိုလိုယူကာ ကိတ်နုန့်တစ်ပိုင်းကောက်ယူပြီး ပါးစပ်ထဲထည့် လှည့်ထိုင်ချလိုက်တယ်။
နောက်အခိုက်အတန့်မှာ စောနက ဆူညံပွက်လောရိုက်နေတဲ့ လူအုပ်ကြီးက ရုတ်တရက် တိတ်ဆိတ်သွားလေရဲ့။
သဘောမကျတဲ့အကြည့်တချို့က သူမပေါ် တစ်ပြိုင်နက်ကျရောက်လာတယ်။ သူမက နတ်ဘုရားတွေနဲ့ လူသားတွေရဲ့ အမျက်ဒေါသကို ထွက်စေတဲ့ တစ်စုံတစ်ခု ပြုလုပ်လိုက်မိသလို စောနက ချိုမြနေခဲ့တဲ့အားလုံးက သူမကို မပျော်ရွှင်မှု... ပြီးတော့ မနှစ်မျို့မှုနဲ့ ချက်ချင်း ကြည့်လာကြတယ်။ ကျင့်ကြံသူတွေလည်း အတူတူပဲ။
ဟမ်။
ရှန်းရင် ။ ။ "..."
သူမ ကိတ်မုန့်စားခွင့် မရှိဘူးလား။
ရှန်းရင် အူလည်လည်ဖြစ်နေချိန် လေထဲက ဝိညာဉ်ချီက လှုပ်ရှားသွားပြီး တစ်စုံတစ်ယောက်က ရေရွတ်လာတယ်။
"ဒီမှာ လက်ခံတဲ့ ဝိညာဉ်သင်္ဘောကဒီမှာ"