အခန်း (၆၁၃-၆၁၅)
Vol. 41 Ch. 613-615
အခန်း ၆၁၃။ လေလွင့်ကျင့်ကြံသူတို့ နေရာထိုင်ခင်းရှာ
ဒါက နဂိုက မြို့ငယ်လေးတစ်ခုဆိုပေမဲ့ ဂိုဏ်းအသီးသီးက လူတွေကို အဆက်မပြတ် ဒီနေရာဆီ ပို့ကြတာမို့ မြို့ထဲက လမ်းတွေက လူတွေပြည့်နေပြီ။ ဒါပေမဲ့ အတော်လေးကို စည်းစနစ်ကျနေသေးတာက ကျင့်ကြံသူတွေရှိလို့ထင် ရုတ်ရုတ်သဲသဲ သိပ်မရှိဘူး။
ရှန်းရင်တို့ ဝင်လာမှ နားလည်လိုက်ရတာက အရုဏ်ဦးဆေးတောင့်ဂိုဏ်းက တပည့်တွေတင်မကဘူး တခြားဂိုဏ်းတွေက တပည့်တွေပါ ရှိနေတယ်ဆိုတာပဲ။ မြို့နောက်ဘက်မှာ ဂါထာသုံးပြီး တည်ဆောက်ထားတဲ့ အိမ်တွေအများကြီးရှိကာ သေမျိုးတွေက တန်းစီပြီး ဝင်ရောက်ဖို့ စောင့်နေကြတယ်။ ကူယွဲ့ မနေနိုင်ဘဲ ခေတ်သစ်က ရေကြီးမှုထိန်းချုပ်ရေးနဲ့ သဘာဝဘေးကယ်ဆယ်မှု အငွေ့အသက်မျိုး ရသွားတယ်။ ဒီကမ္ဘာငယ်လေးရဲ့ ဂိုဏ်းတွေနဲ့ သေမျိုးတွေကြားက ဆက်ဆံရေးက အတော်လေးကို သင့်မြတ်မှုရှိတာ မထင်ထားရဘူး။
ကူယွဲ့ အရင်ဆုံး နေရာထိုင်ခင်းရှာဖို့ ဖြန့်ကျက်ကျင့်ကြံသူများအိမ်ဆီ အရင်ဦးတည်လာခဲ့တယ်။ သူတို့ လေလွင့်ကျင့်ကြံသူတွေအဖြစ် အသွင်ယူရတာက ပထမဆုံးအနေနဲ့ ပိုအဆင်ပြေပြီး ဒုတိယအနေနဲ့ကတော့ လေလွင့်ကျင့်ကြံသူတွေက သတင်းပိုစုံလို့ပဲ။ ပြီးတော့ ဖြန့်ကျက်ကျင့်ကြံသူများအိမ်က လေလွင့်ကျင့်ကြံသူတွေရဲ့ အဖွဲ့အစည်းဆိုတာ သူ ဝိညာဉ်သင်္ဘောပေါ်ကနေ လွန်ခဲ့တဲ့ရက်ပိုင်းတည်းက သတင်းရပြီးပြီ။ ဒါက လေလွင့်ကျင့်ကြံသူတွေ တာဝန်အမျိုးမျိုးထုတ်ပေး၊ လက်ခံဖို့အတွက် အထူးတလည်နေရာပဲ။ ရှားပါးဆေးမြစ်တွေ ရှာတာကနေစပြီး ဝိညာဉ်သားရဲတွေ အမဲလိုက်တာအထိ တာဝန်မျိုးစုံရှိတယ်။ ဒါကြောင့် လေလွင့်ကျင့်ကြံသူတွေက အဲနေရာမှာ စုဝေးကြတဲ့အတွက် သတင်းစုံစမ်းဖို့ အဲကိုဦးတည်တာ အကောင်းဆုံးပဲ။
သူ အရင် နေရာကို ကြိုစုံစမ်းထားလို့ထင် သူတို့တွေ ရှာတွေ့ဖို့ အချိန်သိပ်မသုံးလိုက်ရဘူး။ ကျင့်ကြံသူတွေက ဝင်လိုက်ထွက်လိုက်နဲ့။ သူတို့အထဲဝင်လာတာနဲ့ အိမ်တော်ထိန်းလို အမျိုးသမီးတစ်ယောက်က လှည့်လာတယ်။
"တာအိုရောင်းရင်း ဒီလမ်း... ဟမ်" သူမက ပြောနေရင်း တန့်သွားပြီး အထဲဝင်လာတဲ့လူနှစ်ယောက်ကို အူကြောင်ကြောင် ကြည့်နေကာ အချိန်အတော်ကြာ မှင်တက်နေတဲ့ပုံ။
"တာအိုရောင်းရင်း၊ တာအိုရောင်းရင်း" ကူယွဲ့ အကြိမ်ရေတချို့ လှမ်းခေါ်လိုက်တယ်။
"အာ အာ" အိမ်တော်ထိန်းက နောက်တော့ သတိပြန်ဝင်လာကာ အမြန် သူတို့ကိုအထဲခေါ်လာခဲ့တယ်။
"တာအိုရောင်းရင်းနှစ်ယောက်၊ ကျေးဇူးပြုပြီး ဒီဘက်ကြွပါ၊ ဒီကို တာဝန်ထုတ်ပေးဖို့လား၊ တာဝန်လက်ခံဖို့လား"
"ကျုပ်တို့က ကျင့်ကြံမှုစတင်တာ မကြာသေးတာမို့ ဒီမှာ နေရာထိုင်ခင်းလိုချင်လို့ပါ"
"ရှင်က လေလွင့်ကျင့်ကြံသူပဲ" အဲလူက ပိုပြီးတောင် ထိတ်လန့်သွားတယ်။
"သုံးယောက်လုံးပါ" ကူယွဲ့က ခေါင်းညိတ်တယ်။
"သုံးယောက်လား" အိမ်တော်ထိန်းက အူကြောင်ကြောင်ဖြစ်သွားကာ နောက်တစ်ချက် ဝေ့ကြည့်မှ နောက်ဘက်က ရှန်းရင်ကို သတိထားမိသွားတယ်။ သူမ တစ်ခုခုကို တွေးမိသလိုမျိုး နားလည်ဟန် ခေါင်းညိတ်လိုက်တယ်။ "သိပြီ၊ ဒါဆို ရှင်တို့ အချိန်ခဏလောက် စောင့်ဖို့လိုတယ်ထင်တယ်"
အိမ်တော်ထိန်းက အထဲကလူအုပ်ကို လက်ညှိုးထိုးပြတယ်။ "ဒီနေ့က ကျွန်မတို့ခန်းဆောင်ထဲက တာဝန်တွေ အသစ်ပြန်လုပ်တဲ့နေ့လေ၊ ဒါကြောင့် အလုပ်ပိုများနေတာ" အဲလိုပြောပြီး သူမက ခဏစဉ်းစားကာ သူတို့ ခဏထိုင်ဖို့ စားပွဲတစ်ခုဆီ ခေါ်သွားတယ်။
သူတို့လိုက်ဿွားပြီး ထိုင်ချလိုက်ကြတယ်။ သူတို့က မျက်နှာသစ်တွေဖြစ်လို့လားတော့မသိ စောနက ဆူညံပွက်လောရိုက်နေတဲ့ အထဲက အတော်လေးကို ငြိမ်ကျသွားခဲ့တယ်။ ကျင့်ကြံသူအများစုက ပြန်လှည့်လာကာ သူတို့ကိုကြည့်နေတယ်။
ခန်းမထဲ လူတွေအများကြီး ရှိပေမဲ့ ထူးဆန်းတာက အများစုက အမျိုးသမီးကျင့်ကြံသူတွေ။ လက်တစ်စုပ်စာကပဲ သူတို့ပတ်လည်မှာ ဖုံးကွယ်အင်းကွက်တွေချထားတဲ့ အမျိုးသားတွေ။
ကူယွဲ့လည်း သိပ်ပြီးစိတ်ထဲမထားဘူး။ အဲအစား သူတို့ကိုစောနကကြိုဆိုတဲ့ အိမ်တော်ထိန်းက အတော်လေး သိချင်စိတ် ဖြစ်နေတဲ့ပုံ။ သူမက ရေနွေးကြမ်းလောင်းထည့်ရင်း မေးတယ်။
"ရှင်တို့နှစ်ယောက်လုံးက အုတ်မြစ်အခြေတည်ပြီးပြည့်စုံအဆင့်ရောက်ပြီးသားဆိုတာ မြင်ရတယ်၊ ရှင်တို့နှစ်ယောက်က အတော်လေးကို ပါရမီပါသူဖြစ်ရမယ်၊ ဘာကြောင့် ဂိုဏ်းတစ်ခုခုကို မဝင်ဘဲ လေလွင့်ကျင့်ကြံသူတွေ ဖြစ်လာတာလဲ" သူမက ပြောရင်း အကြည့်က မထိန်းချုပ်နိုင်တော့ဘဲ စားဖိုမှူးဆီ ရောက်ရောက်နေတယ်။
"ကျုပ်တို့က လွတ်လပ်ရတာကို ကျင့်သားရနေပြီး ထိန်းချုပ်မှုတွေကို သည်းမခံနိုင်ဘူး၊ ဒါကြောင့် ကျုပ်တို့ လေလွင့်ကျင့်ကြံသူတွေ ဖြစ်လာတာပါ"
အိမ်တော်ထိန်းက မျက်မှောင်ကြုတ်တယ်။ သူမစိတ်ထဲ ဘာတွေတွေးနေလဲမသိပေမဲ့ သူမက ရုတ်တရက် လောလာတယ်။
"ကျင့်ကြံဖို့က လေလွင့်ကျင့်ကြံသူတွေအတွက် အမြဲခက်ခဲခဲ့တာ၊ တကယ်လို့ သခင်လေးတို့ ပြဿနာနည်းချင်ရင် ဂိုဏ်းတစ်ခုကိုဝင်တာ ပိုကောင်းပါတယ်" အဲလိုပြောပြီး သူမက ဘေးမှာ အသီးစားနေတဲ့ ရှန်းရင်ကို အပြစ်တင်မှုတချို့နဲ့အတူ ရှင်းပြမရတဲ့ စိန်းစိန်းဝါးဝါးအကြည့်တစ်ချက် ပေးလာလေရဲ့။
ရှန်းရင် ဆွံ့အသွားတယ်။ မြောင် မြောင် မြောင်။
"သတိပေးမှုအတွက် အများကြီးကျေးဇူးတင်ပါတယ်" ကူယွဲ့က ယဉ်ယဉ်ကျေးကျေးပြုံးကာ ခဏတွေးပြီး နောက်တော့ ဆက်မေးလိုက်တယ်။ "စကားမစပ်၊ ကျုပ်တို့မြို့ထဲမဝင်ခင် ဒီမှာ သေမျိုးတွေ အများကြီး ဒုက္ခသည် ခိုလှုံဖို့လုပ်နေတာ တွေ့ခဲ့ရတယ်၊ ပျက်စီးမှုညဉ့်ယံ ကပ်ဘေးနဲ့ ကြုံခဲ့ရတယ်ဆိုပြီး"
"အတိအကျပါပဲ၊ ဟင်း ဒါက နှစ်တိုင်း အကြိမ်ရေတချို့ဖြစ်ပွားနေကြပဲ၊ အရင်တစ်ခေါက်က ဒီကနေ မိုင်သောင်းချီဝေးတဲ့ နယ်စပ်မြို့တွေမှာပဲ ရှိသေးတာ၊ ဘယ်သူမှ ဒီဘက်ခြမ်းကို ဒီလောက်မြန်မြန် ရောက်လာမယ် မထင်ခဲ့ကြဘူး"
"ဒီပျက်စီးမှုညဉ့်ယံက ကြောက်စရာကောင်းတာပဲ၊ ကျွန်တော် နည်းနည်းသိချင်မိတယ်၊ ဒါက တကယ်ပဲ ဘယ်နေရာကနေ အတိအကျစတင်ခဲ့တာလဲ"
"သေချာပေါက် ယိုယွင်းလစ်လပ်တောင်ကြားကပေါ့" အိမ်တော်ထိန်းက လွှတ်ခနဲပြောမိသွားကာ ရုတ်တရက် အတွေးတစ်ခု တွေးမိပြီး အံ့ဩတကြီး သူတို့ကိုကြည့်လာတယ်။ "ရှင်တို့တွေလည်း ယိုယွင်းလစ်လပ်တောင်ကြားကို စုံစမ်းဖို့တာဝန်ကို လက်ခံဖို့ ရောက်လာတယ်မပြောနဲ့နော်"
"ဒီလိုတာဝန်ရှိတာလား" ကူယွဲ့ မေးလိုက်တယ်။
"ဒါက ဂိုဏ်းကြီးတွေအားလုံး စုပေါင်းထုတ်ထားတာလေ၊ ဒီပျက်စီးမှုညဉ့်ယံက ပျက်စီးတဲ့အရင်းအမြစ် ဖြစ်နေတာ နှစ်တွေကြာနေပြီ၊ ဂိုဏ်းတွေက စုံစမ်းနေတာ အတော်ကြာပြီဆိုပေမဲ့ အကြောင်းရင်းကို မသိရသေးဘူး၊ သူတို့တွေက ဒါက ယိုယွင်းလစ်လပ်တောင်ကြားနဲ့ ဆက်စပ်နေတာပဲ အတည်ပြုနိုင်တာ၊ ဒါကြောင့် လူတိုင်းကို ဝင်သွားပြီးစုံစမ်းဖို့ ခေါ်နေတာပဲ၊ ဒါပေမဲ့ ယိုယွင်းလစ်လပ်တောင်ကြားက အရမ်းကို အန္တရာယ်များတယ်၊ ဘယ်တော့မှ ပြန်မလာတော့လည်းဖြစ်နိုင်တာမို့ ဂိုဏ်းတွေက လေလွင့်ခရီးသွားတွေကို စုဝေးသွားရောက်စေချင်တာပဲ၊ ဆုကြေးက ရက်ရောပေမဲ့ အထဲမှာ အန္တရာယ်များလွန်းတယ်၊ တာအိုရောင်းရင်းနှစ်ယောက်တို့ ကျေးဇူးပြုပြီး ဒါကိုမလုပ်ကြပါနဲ့"
"ကျေးဇူးတင်ပါတယ် တာအိုရောင်းရင်း" ဒီအမှောင်ထုက ယိုယွင်းလစ်လပ်တောင်ကြားဆိုတာကနေ လာတဲ့ပုံပဲ။
အိမ်တော်ထိန်းက စိတ်လှုပ်ရှားစွာနဲ့ ယိုယွင်းလစ်လပ်တောင်ကြားရဲ့ အန္တရာယ်ကို အလေးပေး ပြောပြပေမဲ့ သူတို့ လက်လျှော့မဲ့ အရိပ်အယောင် မရှိတာမြင်တော့ သက်ပြင်းချကာ သူတို့ကို လေလွင့်ကျင့်ကြံသူတွေအဖြစ် စာရင်းသွင်းရာမှာ စာရွက်စာတမ်းတွေလုပ်ရင်းကူညီဖို့ ထွက်သွားတယ်။ သူမအကြည့်က သနားမှုတွေနဲ့ပြည့်နေပြီး တစ်ချိန်လုံးတိတ်နေတဲ့ ရှန်းရင်ကို နောက်တစ်ခေါက် စူးစိုက်ကြည့်ဖို့လည်း မမေ့သေး။ သူမရဲ့ ဘာမဆို ခွင့်ပြုတဲ့ပုံစံကို အတော်လေး မနှစ်မျို့တဲ့ပုံ။
ရှန်းရင် ။ ။ "..." ခွေး*သား
သူတို့ အမှောင်ထုက ယိုယွင်းလစ်လပ်တောင်ကြားကစတာမှန်းသိပြီးတဲ့နောက် ဖြန့်ကျက်ကျင့်ကြံသူများ အိမ်မှာကြာကြာမနေတော့ဘဲ အိမ်တော်ထိန်းစောနကပြောတဲ့ စုံစမ်းရေးတာဝန်ကို လက်ခံပြီး မြေပုံတစ်ခုတောင်း ထွက်လာခဲ့ကြတယ်။
မြို့အပြင် သိပ်ဝေးဝေးမရောက်ခင် ကူယွဲ့က မြေပုံပေါ်က လမ်းကြောင်းကိုစစ်ဆေးဖို့ပြင်နေတုန်း ယိချင်းက မျက်မှောင်ကြုတ်ပြောတယ်။ "တစ်ယောက်ယောက် နောက်ကနေလိုက်လာတယ်"
"အင်း၊ သတိထားမိတာကြာပြီ၊ သူတို့က ငါတို့နောက်ကနေလိုက်လာတာ ဖြန့်ကျက်ကျင့်ကြံသူများအိမ်ကနေ ထွက်လာတည်းကပဲ"
အုတ်မြစ်အခြေတည်အဆင့် ကျင့်ကြံသူတစ်ချို့နဲ့ ရွှေအမြုတေကျင့်ကြံသူတစ်ယောက်ပဲရှိတာ။ သူတို့က သုံးယောက်တည်းရှိတာကို သတိထားမိသွားပြီး တစ်ခုခု လုယူချင်နေတဲ့ပုံပေါ်တာမို့ သူ များများစားစား အာရုံမစိုက်ခဲ့တာပဲ။
သေချာပေါက်ကို သူတို့ပျံသန်းထွက်သွားပြီး မကြာခင် ခပ်တောင့်တောင့်အရပ်ရှည်ရှည် ကျင့်ကြံသူငါးယောက်က ရုတ်တရက် အလောတကြီး ပြေးထွက်လာပြီး လမ်းကိုလာပိတ်တယ်။
"တာအိုရောင်းရင်းတို့ ယိုယွင်းလစ်လပ်တောင်ကြားကို ဦးတည်နေကြတာလား" အလယ်က ခေါင်းဆောင်ဖြစ်ပုံပေါ်တဲ့လူက အပြာရောင်ဝတ်ထားတဲ့ အမျိုးသမီးပဲ။ သူမက ညစ်ထေးထေးပြုံးကာ ရှေ့တက်လာပြီး မျက်လုံးတွေ မှေးကြည့်တယ်။ "ရှင်တို့ ကျွန်မတို့နဲ့လိုက်ပါလား၊ အချင်းချင်း စောင့်ရှောက်လို့ရတာပေါ့"
"အိုး ခရီးမှာအတူလိုက်ချင်ရုံဆိုတာ သေချာရဲ့လား" ကူယွဲ့က သူ့တံခါးဝဆီ ရောက်လာတဲ့ ငွေအိတ်ကို တစ်ချက်ကြည့်ကာ တောက်ပစွာပြုံးလိုက်တယ်။
အမျိုးသမီးကျင့်ကြံသူက သူ့အပြုံးကြောင့် တုန်လှုပ်သွားပုံပေါ်ပြီး သူမအကြည့်က ချက်ချင်း ပြင်းထန်လာတယ်။
"ဘာတွေပြောနေတာလဲ၊ ကျွန်မတို့အားလုံးက လျောက်ပတ်တဲ့ လေလွင့်ကျင့်ကြံသူတွေပဲ၊ ယိုယွင်းလစ်လပ်တောင်ကြားက အန္တရာယ်များပြီး အလှလေး ထ်ခိုက်မှာကိုစိုးရိမ်လို့သာ နည်းနည်း ဂရုစိုက်မှု ပြချင်ရုံပဲ"
အလှလေးလား။ ကူယွဲ့ အလိုလိုပြန်လှည့်ကြည့်ကာ ရှန်းရင်ကို လှမ်းကြည့်မိလိုက်တယ်။ သူမဖြစ်တည်မှုက ဘယ်တုန်းက အဲလောက်တောင် ပြင်းထန်လာတာလဲ။ ဒါမှမဟုတ် ဒီလူတွေက လူကုန်ကူးသူတွေလား။
"အဲလိုဆို ကျုပ်တို့ မင်းတို့အားလုံးကို ကျေးဇူးတင်ရဦးမှာပေါ့" ကူယွဲ့ အေးစက်စက်ရယ်ကာ သူတို့ကို တစ်ချက် ဝေ့ကြည့်မိတယ်။ အဲတော့မှ နားလည်လိုက်ရတာ တစ်ဖက်လူတွေက အားလုံး အမျိုးသမီးကျင့်ကြံသူတွေပဲ။
"လောကွတ်ပြုစရာမလိုပါဘူး" အဲအမျိုးသမီးကျင့်ကြံသူအပြုံးက ပိုတောင် တောက်ပလာကာ မျက်လုံးတွေထဲက ရမ္မက်က လျှံထွက်တော့မလို။ "ရှင်တို့နှစ်ယောက် လိမ်လိမ်မာမာ စကားနားထောင်သရွေ့ ဒီကအစ်မကြီးက ရှင်တို့ဘေးကင်းမှုကို သေချာပေါက် အာမခံပေးမယ်၊ ခုကစပြီး ကောင်းကောင်းမွန်မွန်နေထိုင်သွားရဖို့ကတိပေးတယ်"
...
အခန်း ၆၁၄ ။ လုယက်ခြင်းနှင့် တပ်မက်ခြင်း
"ငါတို့မှာ ဘဝနေထိုင်ရေးအတွက် လိုအပ်တဲ့ ပစ္စည်းကောင်းတွေ မချို့တဲ့နေဘူး၊ ပြီးတော့ မင်းတို့နဲ့ အတူသွားဖို့လည်း စိတ်မဝင်စားဘူး" ကူယွဲ့ရဲ့ အပြုံးကပိုတောင် ကျယ်လာကာ မျက်လုံးတွေက မှေးသွားတယ်။ "ဒါပေမဲ့ မင်းတို့သိုလှောင်အိတ်ထဲမှာရှိတဲ့ ဝိညာဉ်ကျောက်တုံးတွေကိုတော့ အတော်လေး စိတ်ဝင်စားတယ်၊ ကျုပ်တာအိုရောင်းရင်းက ကျုပ်တို့ကို တချို့တလေပြပါလား"
တစ်ဖက်လူရဲ့ အမူအရာကမည်းနက်သွားတယ်။ ဘေးက အမျိုးသမီးကျင့်ကြံသူတစ်ယောက်က ရယ်တယ်။ "ဟားဟားဟား... ခေါင်းဆောင် ကြည့်ရတာ ဒီကောင်ချောလေးက ရှင့်ကို သဘောမကျဘူးထင်တယ်"
"ခေါင်းဆောင် ဘာလို့ သူတို့ကို ယဉ်ကျေးဖို့ စိတ်ထဲထားနေတာလဲ၊ ကျွန်မ ဒီလိုရုပ်ရည်၊ ဒီလိုကောင်းမွန်တဲ့ ကျင့်ကြံဆင့်နဲ့ ယောက်ျားတစ်ယောက်ကို တစ်ခါမှ မမြင်ဖူးဘူး၊ အလဟဿ မလုပ်ပစ်ကြရအောင်"
"အမှန်ပဲ၊ ကျွန်မတို့ မြို့ထဲဝင်ချိန် သူတို့မှာ ဂိုဏ်းရော မိသားစုပါ မရှိတာသိခဲ့တာပဲ၊ သူတို့မှာ ကျောထောက်နောက်ခံပေးမဲ့လူတစ်ယောက်မှ မရှိဘူး။
"ဒီအလှလေးတွေထဲကတစ်ယောက်နဲ့ ရည်းစားဖြစ်ရတာက သူတို့ကိုသတ်တာထက် ပိုကောင်းတယ်။ အဲဒါက နှမြောစရာ ဖြစ်သွားမှာပဲ၊ ခေါင်းဆောင် သူတို့ကို မလိုချင်ရင် ကျွန်မတို့ ယူမယ်"
"အမှန်ပဲ ခေါင်းဆောင်၊ သူတို့နဲ့ မိန်းမတစ်ယောက်လည်းပါတယ်၊ ဒါပေမဲ့ သူမက ဘာမှမဟုတ်တာ သိသာတယ်၊ သူမကိုအရင် အလဲသိပ်ရအောင်"
ကူယွဲ့ ။ ။ "..." သူတို့ ဘာတွေပြောနေတာတုံး။
သူ သူတို့ကို အူကြောင်ကြောင် စိုက်ကြည့်နေမိတယ်။ သူတို့ အလှလေးတွေလို့ ပြောချိန်... သူတို့က စားဖိုမှူးနဲ့ သူကိုယ်တိုင်ကို ပြောနေတာလား။
သူ့ခေါင်းထဲက တစ်စုံတစ်ခုက ဆက်စပ်သလိုပဲ။
သူ ဆက်ပြီး မစဉ်းစားနိုင်ခင် ခေါင်းဆောင် အမျိုးသမီးကျင့်ကြံသူရဲ့ အမူအရာက ပိုပြီးတောင် ချဉ်စူးလာပြီး စုပ်သတ်တယ်။ "ဟမ့် အစကတော့ ငါက နင်တို့ ကြည့်ကောင်းတဲ့အချက်ကို ထောက်ပြီး ကောင်းကောင်းမွန်မွန် ဆက်ဆံချင်ခဲ့တာ၊ ဒါပေမဲ့ နင်တို့က ငါ့ယဉ်ကျေးမှုကို တန်ဖိုးမထားဘဲ အပြစ်ပေးမှုကို တောင့်တနေတာပဲ" သူမက ရုတ်တရက် ရွှေအမြုတေကျင့်ကြံသူတစ်ယောက်ရဲ့ ဖိနှိပ်မှု အရှိန်အဝါကို ထုတ်လာတယ်။ "ဒါဆို ငါလှုပ်ရှားရတဲ့အတွက် အပြစ်မတင်ကြနဲ့"
သူမကပြောရင်း စတုရန်းပုံစံ ကျောက်စိမ်းစည်းတံဆိပ်ကို တစ်ခုဖန်တီးတယ်။ သူမက ဝိညာဉ်ချီကို လည်ပတ်စေကာ ဓမ္မလက်နက်ကို လေထဲ မျောတက်စေလိုက်တယ်။ "နင်တို့ကို ဘယ်သူ ကာကွယ်ပေးနိုင်လဲ မြင်ချင်သား" သူမ စကားဆုံးတာနဲ့ ဓမ္မလက်နက်က အရောင်လက်သွားကာ သူတို့ဆီ ပျံသန်းလာတယ်။
သူမက သူ့အပေါ် ဘယ်လိုလုပ် ဒီလိုအဆင့်နိမ့်ဓမ္မလက်နက်သုံးဖို့ ကြိုးစားရဲတာလဲ။ ကူယွဲ့ မျက်လုံးတွေ မှေးကာ အဲစည်းတံဆိပ်ကို ခြေမွှဖို့ ကြိုးစားဖို့ရွှေ့လိုက်ပေမဲ့ လက်နက်က ရုတ်တရက် သူ့ရှေ့ကနေ လှည့်သွားတယ်။ ရှန်းရင် နဖူးကို ထိမှန်သွားပြီး ဒုတ်ခနဲမြည်သွားလေတယ်
အက်ခိုးထပ်သံ အသိသာကြီး...။
လှုပ်ရှားဖို့ အသင့်ပြင်နေတဲ့ ကူယွဲ့ ။ ။ "..."
သူမကို ကာကွယ်ပေးဖို့ ကျရှုံးသွားတဲ့ယိချင်း ။ ။ "..."
ရှန်းရင်ကိုယ်ပေါ် လေးလံတဲ့ စည်းတံဆိပ် လျှောကျသွားကာ စတုရန်းပုံရိပ်တစ်ခု ဖြစ်ပေါ်လာတယ်။ သူတို့တွေ စာလုံးတွေကို မသဲမကွဲ နားလည်လိုက်တယ်။ "ဝိညာဉ်ခြေမွှစည်းတံဆိပ်"
တိတ်ဆိတ်မှုက တစ်နေရာလုံးကို ပြည့်နှက်သွားခဲ့တယ်...။
နေရာမှာ ဖရဲစေ့စားရင်း လေ့လာနေတဲ့ ရှန်းရင်က မျက်နှာသေနဲ့ ရပ်နေဆဲ။
တစ်မိနစ် ကုန်ဆုံးသွားတယ်၊ နောက်တော့ နှစ်ယောက်...။
ကူယွဲ့ ရုတ်တရက် မကောင်းတဲ့ခံစားချက် ရလိုက်တယ်။
"ဆ... ဆရာ" စားဖိုမှူးအသံတောင် တုန်ယင်နေကာ သူမရဲ့အာရုံစိုက်မှုရအောင် အလိုလို ကြိုးစားလိုက်မိတယ်။
ရုတ်တရက် ရှန်းရင်က လက်သီးဆုပ်တယ်။ သူမ စားနေတဲ့ အသီးကလက်ထဲမှာ အရုပ်တစ်ရုပ်လို ဖြစ်သွားခဲ့တယ်။
သူတို့သိလိုက်ရတဲ့ နောက်တစ်ခုကတော့ သူမကိုယ်ကနေ အငြိုးအတေးစွမ်းအင်တွေ စတင် ထုတ်လွှင့်လာတော့တယ်။ သူမက မျက်နှာသေနဲ့ ဖြစ်နေဆဲဆိုပေမဲ့ သူတို့တွေ သူမကိုယ်ထဲကနေ ကြောက်ခမန်းလိလိ အရှိန်အဝါ ပေါက်ကွဲထွက်လာရင်း ဘုံငယ်လေးတစ်ခုလုံးဆီ ပျံ့သွားတာမို့ လွှမ်းမိုးနေတဲ့ အမျက်ကို ခံစားရတော့တယ်။ မြေကြီးက တုန်ခါသွားလေရဲ့။
အက်ကွဲကြောင်းသံတွေနဲ့တူတူ ဘုံတစ်ခုလုံးက ပြိုလဲစပြုလာတာ ဖိအားကို မခံနိုင်တော့သလိုပဲ။ ထူထဲတဲ့အက်ကွဲကြောင်းတွေက မြေကြီးထဲပေါ်လာတယ်။ ကောင်းကင်က ပုံပျက်နေပြီ။ သူတို့ဘေး လေပြင်းတွေဖြတ်သွားပြီး နေက ပျောက်သွားပြီ။ ဘုံတစ်ခုလုံး ကြည့်ရတာ ပြိုလဲကျတော့မလို။
"ဟိုလီရှစ်" ကူယွဲ့ ထိတ်လန့်တကြား အော်လိုက်တယ်။ သူက ရှန်းရင်ကို တကယ်မပေါက်ကွဲခင် ပြန်ဆွဲထားရတယ်။ "ရှန်းရင် စိတ်အေးအေးထား စိတ်အေးအေးထား ဒါ သူများ မျက်နှာပြင်နော်" မင်း စိတ်ထင်တိုင်း ဖျက်ဆီးလို့မဖြစ်ဘူး။
"ဆရာ..." ယိချင်းလည်း လန့်နေတယ်။ "ဒါက တခြားသူတွေနဲ့ ဘာမှမဆိုင်ဘူးလေ"
အဲတော့မှ ရှန်းရင်က ကြောက်ခမန်းလိလိစွမ်းအားတွေကို ပြန်ရုပ်သိမ်းလိုက်တယ်။ သူတို့ပတ်လည်က အရာအားလုံးက တောင့်ထားနိုင်တယ်ဆိုရုံလေး။ အမျိုးသမီးကျင့်ကြံသူငါးယောက်က မြေကြီးထဲ နစ်နေပြီးသားဖြစ်ကာ သူတို့ခံစားရတဲ့ ဖိအားဒဏ်ကို မခံနိုင်တာမို့ မလှုပ်နိုင်တော့ဘူး။ သူတို့မျက်နှာမှာ အကြောက်တရားနဲ့ နားမလည်နိုင်မှုတွေ။
ဘာဖြစ်သွားတာလဲ။ သူတို့ကဘယ်သူတွေလဲ။ သူတို့ဘယ်ရောက်နေတာလဲ။
(⊙_⊙)
ရှန်းရင် မြေကြီးက စည်းချိပ်ကို ကောက်ကာ သူတို့ဆီ တမင်လျှောက်သွားတယ်။
"နင်... နင်ဘာလုပ်နေတာလဲ" အန္တရာယ်ကို အာရုံခံမိလို့ထင် ခေါင်းဆောင်အမျိုးသမီးကျင့်ကြံသူက မျက်လုံးတွေပြူးပြီး ရှန်းရင်ကို စိုက်ကြည့်နေတယ်။ သူမပြေးဖို့ ကြိုးစားပေမဲ့ ကိုယ်ကိုမြေကြီးထဲက ထုတ်မရ။ သူမလုပ်နိုင်တာ ရှန်းရင်လက်ထဲ စည်းချိပ်ကိုင်ထားရင်း လျှောက်လာကာ သူမရှေ့ ဆောင့်ကြောင့်ထိုင်ချတာကို ကြည့်နေရုံပဲတတ်နိုင်တယ်။
ရှန်းရင် စည်းချိပ်ကို မကာ... နောက်တော့ အတင်း သူမခေါင်းကို ရိုက်လိုက်တယ်။
"နင် တံဆိပ်တုံး ထုချင်တယ်ပေါ့ ဟုတ်လား၊ နင်က အမှတ်အသားချန်ချင်တယ်ပေါ့ ဟုတ်လား၊ ငါ နင့်အတွက် လုပ်ပေးမယ်..."
တကယ်လို့ ဖရဲသီးစားသူက ဒေါသမထွက်ရင် သူတို့က ငါ့ကို အမြဲ အလကားလို့ ထင်နေကြလိမ့်မယ်။
(╰_╯)#
သူမက ပြောရင်း မိန်းကလေးမျက်နှာကို စည်းချိပ်နဲ့ အဆင်မပြတ်ထုနေတယ်။ ခဏနေတော့ "ဝိညာဉ်ခြေမွှစည်းတံဆိပ်" ဆိုတဲ့ စာလုံးတွေက သူမမျက်နှာရဲ့ လက်မတိုင်းမှာ ဖုံးလွှမ်းသွားခဲ့တယ်။ အဲဒါတောင် ရှန်းရင်က မရပ်။ သူမက ဘေးက ဝိညာဉ်ဓားကို ကောက်ယူကာ သူမအရေပြားပေါ် စာလုံးတွေ စထွင်းဖို့လုပ်တယ်။
ခဏစဉ်းစားပြီးတော့ သူမ စထွင်းလိုက်တဲ့ စာလုံးတွေက ။ ။ ဒီအသားက စစ်ဆေးမှု မအောင်မြင်၊ စားသုံးရန်မသင့်တော်
ရှန်းရင်က တစ်ဖက်လှည့်ကာ တခြားမိန်းကလေးတွေဆီ လျှောက်သွားတယ်။ သူမက အားလုံးကို တစ်ပုံစံတည်း တခြားသူတွေမြင်ရမဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာ ထွင်းပေးလိုက်တယ်။
ကူယွဲ့ တိတ်တဆိတ် စောင့်ကြည့်နေမိတယ်။ သူ စာလုံးတွေက သူတို့ အရေပြားပေါ်မှာတင် ထွင်းတာမဟုတ်မှန်း သိလိုက်ရတယ်။ သူတို့ဆီကနေ ထူးခြားတဲ့ အရှိန်အဝါတစ်ခုလည်း ထွက်နေပြီး သူတို့ဝိညာဉ်ပေါ်တောင် စာလုံးတွေကို ထွင်းထားတယ်။ တခြားနည်းပြောရရင် သူတို့ သံသရာကို မဖြတ်သရွေ့ ဒီစာလုံးတွေက သူတို့ဘဝမှာ တစ်သက်လုံး စွဲထင်နေတော့မှာ။ သူတို့ကျင့်ကြံဆင့် ဘယ်လောက်မြင့်မြင့် ရှင်းထုတ်လို့ ရနိုင်မှာမဟုတ်ဘူး။
ကြည့်ရတာ ဒီတစ်ကြိမ် အမျိုးသမီးကျင့်ကြံသူတွေက ရှန်းရင်ကို တကယ်စိတ်တိုအောင်လုပ်လိုက်တဲ့ပုံ။
ရှန်းရင်က သူတို့ကိုယ်တွေပေါ် တစ်နာရီတိတိ တက်ဆောင့်ပြီးမှ နောက်ဆုံးတော့ စိတ်ပြန်ငြိမ်ပြီး သူမရဲ့ နဂို ပျင်းတိပျင်းရွဲအမူအရာဆီ ပြောင်းသွားတယ်။ သူမက ပြန်လှည့်လာကာ လက်ထဲ သိုလှောင်အိတ်ငါးအိတ်နဲ့အတူ ဖေဖေနျိုဆီ လျှောက်လာတယ်။ သူမက အကျင့်အတိုင်း ဖေဖေနျိုဆီ တွန်းထိုးပေးလိုက်တယ်။ "ရော့"
ကူယွဲ့ ။ ။ "..."
ယိချင်း ။ ။ "..."
သူမ ဒေါသပေါက်ကွဲပြီးတာတောင် လုယူဖို့ကို မမေ့သေးဘူး... အင်း ရုတ်တရက် ကူယွဲ့ သူမကို ကျွေးမွေးဖို့ ထိုက်တန်တယ်လို့ တွေးမိသွားတယ်။
ရှန်းရင် နောက်သစ်သီးတစ်လုံးကို ယူပြီး တစ်ကိုက်ကိုက်တယ်။ ခဏစဉ်းစားပြီးတော့ သူမက သူ့ကိုလှည့်ပြောတယ်။ "ငါ ဒီမိထွေးကို သဘောမကျဘူး"
"..."
မင်း ဘာဆိုလိုတာလဲ။
(⊙_⊙)
——————
ကူယွဲ့ လောကကြီးမှာ တစ်ခုခု လွဲနေတယ်လို့ ခံစားရတယ်။ သူတို့ အရင်က ဝိညာဉ်သင်္ဘောပေါ်မှာ ရှိနေချိန်၊ ပြီးတော့ သူတို့ ဖြန့်ကျက်ကျင့်ကြံသူများအိမ်က ဝင်လာပြီးနောက်မှာတောင် ဒီလိုခံစားခဲ့ရတာ။ သူ ဒီကမ္ဘာက ကျင့်ကြံသူတွေအားလုံး မျက်လုံးတွေကို ကြည့်ရင် အားလုံးက သူ့ကိုထူးဆန်းတဲ့ ခံစားချက်ပေးတယ်။ သူတို့အပြုအမူတွေတောင်... အတော်လေး နွေးထွေးနေသလိုပဲ။
အစတုန်းက သူ ဒီလောကက ဘာတွေအဲလောက်ထူးဆန်းနေလဲ အတိအကျအဖြေရှာမရခဲ့ဘူး။ သူတို့ အဲကျင့်ကြံသူငါးယောက်ကို ဝင်တိုးပြီးတဲ့နောက် နားလည်လိုက်ရတာ သူတို့စကားလုံးတွေက လျှို့ဝှက်အဓိပ္ပာယ် ပါနေတယ်ဆိုတာပဲ။ သူတို့တွေက လုယူဖို့လာရုံတင်မက သူတို့ရဲ့အဓိကပစ်မှတ်က သူနဲ့... စားဖိုမှူးဖြစ်ပုံပဲ။ သူတို့က စုံတွဲဖြစ်လာဖို့အကြောင်းလည်း ပြောကြတယ်။ အစကတော့ ကူယွဲ့ သူတို့တွေက နတ်ဆိုးဘာညာမို့ အစွမ်းတွေ ထူးခြားတယ်ထင်ခဲ့ပေမဲ့ သူမှားတယ်ဆိုတာသိသာတယ်။
တကယ်လို့ အရင်ကဖြစ်ခဲ့သမျှအားလုံးမှာ တူညီနေတာရှိရင်...။
"ဟိုလီရှစ်" ကူယွဲ့ ရုတ်တရက် မျက်လုံးတွေပြူးသွားကာ ထခုန်မိတယ်။ "ဒီလောကမှာ အမျိုးသားကျင့်ကြံသူ မရှိဘူးပဲ"
သူတို့ကိုလုယူဖို့ ကြိုးစားခဲ့တဲ့လူတွေကစပြီး အရုဏ်ဦးဆေးတောင့်ဂိုဏ်းကတပည့်တွေအထိ အားလုံးက အမျိုးသမီးတွေ တစ်ယောက်မှ ယောက်ျားလေး မဟုတ်။ အစကတော့ အရုဏ်ဦးဆေးတောင့်ဂိုဏ်းက ဒီတိုင်း မိန်းကလေးသီးသန့် ဂိုဏ်းတစ်ခုပဲလို့ထင်ခဲ့တာ။ အဲဒါက သူ အဲမှာ အမျိုးသားကျင့်ကြံသူတစ်ယောက်မှ မတွေ့ခဲ့ရတာကို ရှင်းပြနေပေမဲ့ နောက်တော့ သူနားလည်လိုက်ရတာ တစ်မြို့လုံးမှာ အမျိုးသမီးကျင့်ကြံသူတွေပဲရှိနေတယ်။
"တစ်ယောက်မှ မရှိတာတော့ မဟုတ်ဘူး၊ ဒါပေမဲ့ အရမ်းနည်းတာ" ယိချင်း ဒီအချက်ကိုစဉ်းစားမိပြီး မျက်နှာက စိမ်းဖန့်သွားတယ်။ တကယ်လို့ တကယ်ပဲ အမျိုးသားကျင့်ကြံသူ မရှိရင် သူတို့တွေ့ခဲ့တဲ့လူတွေက သူတို့လည်း ကျင့်ကြံသူဖြစ်တယ်လို့ ကြေညာလိုက်တာနဲ့ သံသယဝင်မှာပေါ့။
ခဏ
"တကယ်လို့ ဒီလောကမှာ အမျိုးသားကျင့်ကြံသူ အဲလောက်နည်းရင်..."
ဒါဆို ကူယွဲ့နဲ့စားဖိုမှူးအပေါ် သူတို့ မျက်နှာသာပေးဆက်ဆံမှု၊ ရှန်းရင်က ရံဖန်ရံခါ သူမကိုစောင့်ရှောက်ဖို့ အမျိုးသား၂ယောက် လိုအပ်ကြောင်း သိသွားကြရင် အထင်သေးမှုတွေနဲ့ ဆက်ဆံကြတဲ့ပုံအရ... "ဒီနေရာက”
"မဝါဒီကြီးစိုးတဲ့ကမ္ဘာပဲ" ရှန်းရင် သူ့စကားကိုအဆုံးသတ်ပေးလိုက်တယ်။
ကူယွဲ့ ။ ။ "..."
ယိချင်း ။ ။ "..."
ခွေး*သား
...
အခန်း ၆၁၅ ။ ယိုယွင်းလစ်လပ်တောင်ကြား
ဖြန့်ကျက်ကျင့်ကြံသူများအိမ်က ဝေပေးလိုက်တဲ့ မြေပုံက သူတို့ကို ယောင်ရုမြို့ဆိုတဲ့ နေရာတစ်ခုဆီ ညွှန်ပြနေတယ်။ ပြောကြတာတော့ ယောင်ရုမြို့က ယိုယွင်းလစ်လပ်တောင်ကြားဆီ ရောက်တဲ့ နေရာရွှေ့ပြောင်းအစီအရင်ရှိတဲ့ တစ်ခုတည်းသော အမတမြို့ပဲ။ ကူယွဲ့နဲ့ယိချင်းရဲ့ အရှိန်ကြောင့် သူတို့ရက်ပိုင်းအတွင်း အဲအမတမြို့ဆီ ရောက်ခဲ့ကြတယ်။ သူတို့ နေရာရွှေ့ပြောင်းအစီအရင်ကနေတစ်ဆင့် ယိုယွင်းလစ်လပ်တောင်ကြားဆီ တန်းတန်းမတ်မတ် ဦးတည်သွားလိုက်ကြတယ်။
သူတို့ အင်းကွက်ထဲက ထွက်လာတာမဲ့ ပတ်လည်မှာ ကြက်သီးထစရာအရှိန်အဝါကို ခံစားလိုက်ရတယ်။ သူတို့မျက်စိရှေ့ ကြီးမားတဲ့တောင်ကြားတစ်ခုရှိနေတယ်။ ကမ္ဘာကြီးတစ်ခုလုံးကို အဲတောင်ကြားက နှစ်ခြမ်းပိုင်းထားသလိုပဲ။ သူတို့ရှိနေတဲ့ဘက်မှာက သဲကန္တာရကလွဲ ဘာမှမရှိ။ တစ်ဖက်ခြမ်းကတော့ အဆုံးမရှိတဲ့ အမည်းရောင်တွင်းနက်ကြီးတဲ့တူတယ်။ မှင်ရည်လိုနက်ရှိုင်းတဲ့ အမည်းရောင်အရှိန်အဝါက တောင်ကြားထဲကနေ ထွက်နေတယ်။
သူတို့ပတ်လည်က အရာအားလုံးက မည်းနက်နေပြီဖြစ်ပေမဲ့ တောင်ကြားရှိတဲ့နေရာကတော့ အများကြီး ပိုမည်းမှောင်နေတယ်။ အဲမှာအလင်းတစ်စက်တောင်မရှိဘူးလို့ ကူယွဲ့တော့ သံသယဖြစ်မိတယ်။ သူတို့ ကောင်းကင်စိတ်အာရုံကိုသုံးရင်တောင် ဘာလှုပ်ရှားမှုမှ အာရုံမခံနိုင်။ အလိုလို ကူယွဲ့ မျက်မှောင်ကြုတ်မိတယ်။ သူ အဲတောင်ကြားထဲ ဘာရှိနေလဲ မခွဲခြားနိုင်ဘူး။
ဒီအချိန် ကျင့်ကြံသူလူအုပ်ကြီးက တောင်ကြားရှေ့ စုဝေးနေကြတယ်။ သူတို့အများစုက လေလွင့်ကျင့်ကြံသူ ဖြစ်ပေမဲ့ အနည်းစုက မတူညီတဲ့မိသားစုနဲ့ဂိုဏ်းတွေအသီးသီးက ဆင်တူဝတ်ရုံတွေ ဝတ်ထားတဲ့သူတွေ။ လူတိုင်းက တောင်ကြားကိုကြည့်နေပေမဲ့ ဘယ်သူမှ မစူးစမ်းရဲကြ။
ကူယွဲ့ လူအုပ်ကို စစ်ဆေးဖို့ အခွင့်အရေးယူပြီး အများစုက တကယ်ပဲ အမျိုးသမီးကျင့်ကြံသူတွေ ဖြစ်နေတာ သိလိုက်ရတယ်။ ဟိုဟိုဒီဒီ ပြန့်ကျဲနေတဲ့ အမျိုးသားကျင့်ကြံသူတချို့ရှိပေမဲ့ သူတို့က မျက်နှာတွေကို ဖုံးထားဖို့ မျက်နှာလွှားဇာတွေ ဝတ်ရင်ဝတ် မဟုတ်ရင် မျက်နှာဖုံးတွေ ဝတ်ထားကြတယ်။ သူတို့က ဘေးမှာ မရဲတရဲ ရပ်နေကြလေရဲ့။ သူတို့ကျင့်ကြံဆင့်တွေအားလုံးက နိမ့်တယ်။ အမြင့်ဆုံးက ရွှေအမြုတေကျင့်ကြံသူ။ ပြီးတော့ အများစုက သူတို့ကို ကာကွယ်ပေးနေပုံပေါ်တဲ့ အမျိုးသမီးတွေ ဝိုင်းရံတာခံထားရတယ်။
ဒါကြောင့် ကူယွဲ့နဲ့ ယိချင်း အင်းကွက်ထဲကနေ ရဲရဲတင်းတင်း ထွက်လာချိန် ကျင့်ကြံသူတွေ အများကြီးက သူတို့ကိုစိုက်ကြည့်ကြတယ်။ သိသိသာသာ တိတ်ဆိတ်မှုက လူအုပ်ကြီးထဲ ကျဆင်းလာတယ်။ ရုတ်တရက် လူတိုင်းရဲ့ အကြည့်တွေက သူတို့ပေါ်မှာ။ တချို့က ဇဝေဇဝါ၊ တချို့က ထိတ်လန့်၊ တချို့က မယုံကြည်နိုင်ဖြစ်နေကြတယ်။ သူတို့ကောင်းကင်စိတ်အာရုံတွေကိုတောင် အသက်သွင်းပြီး သူတို့နှစ်ယောက်ကို အခွင့်အရေးယူဖို့ စိတ်အားထက်သန်နေသလို စစ်ဆေးသူတွေပါ ရှိသေး။
ကူယွဲ့ နှုတ်ခမ်းစေ့လိုက်တယ်။ ဒါ သူ ဒီလောက် ရဲတင်းတဲ့လူအများကြီး အသားယူတာကို ခံရတာ ပထမဆုံးအကြိမ်ပဲ။ ရုတ်တရက် သူ ဒေါသနဲ့ပြည့်လာတယ်။ ဒီမဝါဒီလောကကြီးကတော့။
သူက သူ့ကိုယ်ပိုင်ဖိနှိပ်မှု အရှိန်အဝါကို လွှတိလိုက်ကာ စူးစမ်းနေတဲ့ အကြည့်တွေကို သူတို့လာတဲ့နေရာဆီ ပြန်တွန်းပို့လိုက်တယ်။ ကျင့်ကြံသူတစ်ချို့က ချက်ချင်း ဖြူဖျော့ကုန်တယ်။ သူ့အပြုအမူတွေကြောင့် ထိတ်လန့်သွားသလိုမျိုး သူတို့ကောင်းကင်စိတ်အာရုံကိုပြန်ရုတ်သိမ်းြ။ ဆက်မစူးစမ်းရဲကြတော့ဘူး။
"တာအိုရောင်းရင်းကူယွဲ့" အံ့ဩနေသံတစ်သံ ထွက်လာတယ်။ သူတို့တွေ လူအုပ်ထဲက အမျိုးသမီးတစ်ယောက် ထွက်လာကာ ခပ်သွက်သွက်လျှောက်လာတာကိုမြင်လိုက်ရတယ်။ တကယ်လို့ သူမအပေါ်ပိုင်းမှာ ထွက်နေတဲ့ တောင်ထွတ်နှစ်ခုကြောင့်သာ မဟုတ်ရင် သူမက အမျိုးသမီးဆိုတာ သူတို့ပြောနိုင်မှာ မဟုတ်လောက်ဘူး။ သူမကိုယ်က ဗလတောင့်ပြီး ဝတ်ရုံစိမ်းဝတ်ထားတယ်။ သူမက အံ့ဩနေတဲ့အပြုံးကို မဖုံးကွယ်ထားနိုင်တဲ့ပုံ။ သူမမျက်လုံးတွေတောင် တလက်လက် တောက်ပနေကာ ဖေဖေနျို့ကို ဆက်တိုက်ကြည့်နေတယ်။ "ရှင်တို့ ဒီမှာဘာလုပ်နေတာလဲ"
သုံးယောက်သား တန့်သွားတယ်။ ဒါဘယ်သူလဲ။
အမျိုးသမီးက ကူယွဲ့ကို တစ်ခဏ စိုက်ကြည့်နေပြီး တစ်ခုခုကို သတိရသွားသလိုမျိုး မျက်နှာအမူအရာ ပြောင်းသွားတယ်။
"ရှင်တို့ ယိုယွင်းလစ်လပ်တောင်ကြားဆီ သွားချင်တာလို့မပြောနဲ့နော်" သူမက မျက်မှောင်ကြုတ်တယ်။ စိုးရိမ်နေဟန် သူမကသုံးယောက်သားကို စေ့စပ်ကြည့်နေရင်း နောက်ဆုံးတော့ အကြည့်က ရှန်းရင်ပေါ် ဆင်းသက်သွားတယ်။
သဘောမတူစွာ သူမကပြောတယ်။ "တာအိုရောင်းရင်းရှန်း၊ ယိုယွင်းလစ်လပ်တောင်ကြားက အရမ်းကို အန္တရာယ်များတယ်၊ သူတို့နှစ်ယောက်ကို ဒီလိုအရဲစွန့်ဖို့ ခွင့်ပြုနိုင်ရတာလဲ"
ရှန်းရင် ။ ။ "..." ငါ့ကို ဘာလို့အပြစ်တင်နေပြန်တာတုံး။
"တာအိုရောင်းရင်းရှန်း ဒါရှင့်အပြစ်ပဲ" သူမက စတင် ဆုံးမတော့တယ်။ "မိန်းမတစ်ယောက်အနေနဲ့ ရှင့်နောက်ကယောက်ျားတွေကို သူတို့ကိုယ်သူတို့ အန္တရာယ်တောထဲ ရောက်အောင် တွန်းပို့နေတာကို ခွင့်ပြုနိုင်ရတာလဲ၊ ပြီးတော့ တာအိုရောင်းရင်းကူယွဲ့က ရှင့်အဖေလေ၊ ကျွန်မစကားနားထောင်ပါ။ ဒီအဓိပ္ပာယ်မရှိတာ တော်တော့၊ သူတို့ကို ပြန်ခေါ်သွားချေ" သူမက စကားဆုံးတာနဲ့ ကူယွဲ့ကို မြတ်နိုးတဲ့အကြည့် လှမ်းကြည့်တယ်။
ကူယွဲ့ ရုတ်တရက် သူ့ကိုယ်ပေါ်က အမွေးအားလုံး ထောင်သွားသလိုပဲ။ မျက်မှောင်ကြုတ်ကာ သူကပြောတယ်။ "ကျုပ်က မင်းနဲ့ မရင်းနှီးပါဘူး တာအိုရောင်းရင်း၊ ကျေးဇူးပြုပြီး ဒါကို မစိုးရိမ်ပါနဲ့၊ ကျုပ်တို့ ဂရုစိုက်ပါ့မယ်"
"ဂရုစိုက်ရင်တောင် ရှင်တို့..." အမျိုးသမီးကျင့်ကြံသူက ပြောနေရင်း အသံတိမ်ဝင်သွားတယ်။ သူမက စက္ကန့်ပိုင်းလောက် ရပ်သွားပြီးတဲ့နောက် ပြောတယ်။ "ကျွန်မ ဘယ်သူလဲ မမှတ်မိဘူးလို့ မပြောဘူးမလား၊ ကျွန်မက အရုဏ်ဦးဆေးတောင့်ဂိုဏ်းက လုလင်းလေ၊ ဝိညာဉ်သင်္ဘောပေါ်လွန်ခဲ့တဲ့ရက်ပိုင်းက တွေ့ခဲ့တာကို" သူမက သူတို့ကို သတိပေးရင် သိသိသာသာကို စိတ်ပျက်နေတယ်။
သူတို့ သူမကို စက္ကန့်ပိုင်း အူကြောင်ကြောင် စိုက်ကြည့်နေမိတယ်။ ရုတ်တရက် သူတို့ ဟင်းချက်ပစ္စည်းမျိုးစုံပြ ည့်နေခဲ့တဲ့ သိုလှောင်အိတ်ကို ပြန်သတိရသွားတယ်။ အစားသရဲရင်ရဲ့ မျက်လုံးတွေက ချက်ချင်း တောက်ပသွားတယ်။ သူမ ဒီမိန်းမ ဘယ်သူလဲဆိုတာ သုံးယောက်ထဲ အရင်ဆုံးသတိရသူ။ "အိုး... ပြင်ဆင်ထားတဲ့ မိထွေးပဲ"
ကူယွဲ့ ။ ။ "..."
ယိချင်း ။ ။ "..."
ပြင်ဆင်ထားတဲ့ မိထွေးဆိုတာ သောက်ကျိုးနည်း ဘာကြီးတုံး။
လုလင်းက စိတ်လှုပ်ရှားစွာ ခေါင်းညိတ်လိုက်တယ်။ "အင်း အင်း အင်း ငါပါ"
ကူယွဲ့ ။ ။ "..." မေ-ိုး ငါ ခုချက်ချင်း ရှန်းကျင်းကို ခေါ်မယ်ဆိုတာ ယုံလိုက်ရင်ကောင်းမယ်
"အမှန်ပါပဲ တာအိုရောင်းရင်း ကူယွဲ့" သူမက ဘယ်သူလဲဆိုတာ သူတို့မှတ်မိသွားတာကိုမြင်တော့ လုလင်းက သူတို့အပေါ် ပိုနွေးထွေးလာတယ်။ သူမက ရှေ့ကိုတက်ကာ ကူယွဲ့ အမြင်အာရုံကိုဖမ်းစားပြီး နောက်တော့ စိတ်လှုပ်ရှားစွာမေးတယ်။ "ကျွန်မ အရင်တစ်ခေါက်က လုပ်ပေးခဲ့တဲ့ စားစရာကို ကြိုက်ရဲ့လား၊ တာအိုရောင်းရင်းရှန်းက အဲဒါတွေက ရှင့်အကြိုက်လို့ပြောတယ်၊ အဲဒါကြောင့် ဒီရက်ပိုင်း အနီးအနားမြို့ကနေ ထပ်စုဆောင်းနေတာ၊ ရှင်ဂရုစိုက်မလားမသိဘူး" သူမကပြောရင်း နောက်ထပ်သိုလှောင်အိတ်ကို ထုတ်ကာ ကမ်းပေးတယ်။
"..."
ကူယွဲ့ အမူအရာ ချက်ချင်းမည်းမှောင်သွားကာ တစ်ယောက်သော အစားသရဲကို စိန်းစိန်းဝါးဝါး ကြည့်လိုက်တယ်။ လဲသေလိုက် မင်း သူ့ကိုဘာပြောခဲ့တာလဲ
ရှန်းရင်က တိတ်ဆိတ်နေကာ နောက်ကို ခြေလှမ်းနည်းနည်း ဆုတ်သွားတယ်။ သူမက ကောင်းကင်ကို မော့ကြည့် နောက်တော့ မြေကြီးကိုကြည့်ကာ သူမရှေ့ဖြစ်ပျက်နေတာကို နားမလည်သလိုမျိုး ပြုမူနေလေရဲ့။
"အိုက်ယား စားဖိုမှူး ရာသီဥတုက ဒီနေ့ တကယ်ကောင်းတာပဲနော်"
ငတုံးတပည့်က ချက်ချင်း လိုက်ပြီး သရုပ်ဆောင်ပေးတယ်။
"အမှန်ပဲ ဆရာ၊ ဒီနေ့ ကောင်းကင်မှာ နေ... မရှိဘူး"
ကူယွဲ့ ။ ။ "..."
မင်းတို့ တာဝန်ကို ငြင်းရုံနဲ့ အသုံးစရိတ်မဖြတ်ဘူးထင်နေကြတာလား။
凸(艹皿艹)
"တာအိုရောင်းရင်းကူယွဲ့" လုလင်းက သူ အတွေးလွင့်နေတာမြင်တော့ လှမ်းခေါ်တယ်။
"ရပါတယ်" ကူယွဲ့ ခပ်ပြတ်ပြတ် ဖြေလိုက်တယ်။
"အာ" လုလင်းက သူ့ကိုအူကြောင်ကြောင် စိုက်ကြည့်နေတယ်။ "တာအိုရောင်းရင်း၊ ဒါတွေက ရှင့်အကြိုက် မဟုတ်ဘူးလား"
"ငါ သူတို့ကို ဖြတ်ထားတယ်" မရဘူးလား။
"..." လုလင်းကြည့်ရတာ လုံးဝကို ဇဝေဇဝါဖြစ်နေတဲ့ပုံ။ ဒါပေမဲ့ ကူယွဲ့က ရုတ်တရက် သူမကို အေးစက်လာတာမြင်တော့ လက်ဆောင်တွေကို ပြန်ရုပ်သိမ်းလိုက်ရတော့တယ်။
"အာ... သိပါပြီ" ယောက်ျားတွေက တကယ်ကို စိတ်အပြောင်းအလဲလွယ်တာပဲ။ ဒါပေမဲ့ တာအိုရောင်းရင်းကူယွဲ့ ဒေါသထွက်နေချိန် ချစ်ဖို့ကောင်းတယ်။
လုလင်း သူ့ကိုကြည့်လေ မြင်နေရတဲ့အရာကို သဘောကျလာလေပဲ။ သူမ ကြည့်ရတာ သူတို့မျက်လုံးရှေ့ အချစ်ရူးလိုမျိုး အရည်ပျော်တော့မဲ့ပုံ။
ကူယွဲ့ နှုတ်ခမ်းကိုစေ့ကာ ကိုယ်ပေါ်က အမွှေးတွေအားလုံး နောက်တစ်ကြိမ်ထောင်လာပြန်တယ်။ ဒီသောက်ကျိုးနည်း မဝါဒီလောကကတော့
"သွားစို့၊ အထဲဝင်ကြမယ်" သူက အစုတ်ပလုတ်လေးနှစ်ယောက်ကို လှမ်းအော်လိုက်တယ်။ ငါတို့အထဲဝင်ချိန်ထိသာ စောင့်နေလိုက်။ မင်းတို့နဲ့ ဒီကိစ္စရှင်းဦးမယ် သူ ဓားပျံပေါ်တက်ကာ ယိုယွင်းလစ်လပ်တောင်ကြားထဲ ပျံသန်းသွားဖို့ပြင်လိုက်တယ်။
အဲတော့မှ လုလင်းက ငိုင်နေရာကနေ အသိပြန်ဝင်လာတယ်။ "ခဏ တာအိုရောင်းရင်းကူယွဲ့ ရှင် တကယ်သွားချင်ရင်တောင် ခုလုပ်လို့မရဘူး"
"ဟမ်" ကူယွဲ့ သူမဘက် လှည့်လိုက်တယ်။ "ဘာလို့လဲ"
သူ သူ့ကိုစိုးရိမ်တကြီး ကြည့်နေတဲ့လူအုပ်ကိုလည်း လှည့်ကြည့်မ်တယ်။ သူတို့ အလျှော့ပေးမဲ့ပုံ မမြင်တော့ လုလင်းက သက်ပြင်းချတယ်။
"ဒီယိုယွင်းလစ်လပ်တောင်ကြားက အကန့်အသတ် မရှိဘူး၊ အထဲက အခြေအနေက ဘယ်လိုလဲ ဘယ်သူမှ မသိဘူး၊ လူတွေ အထဲမှာ လမ်းမပျောက်အောင် ဂိုဏ်းအသီးသီးက အကြီးအကဲတွေက လူတွေအထဲကနေ ဒီကိုပြန်ရောက်လာနိုင်အောင် နေရာရွှေ့ပြောင်းအစီအရင် ပြင်ပေးနေတာ"
သူမက ပြောရင်း လူအုပ်အလယ်က ဝတ်ရုံအမည်းဝတ်ထားတဲ့လူတစ်စုကို လက်ညှိုးထိုးပြတယ်။
ကူယွဲ့ သူ့ကောင်းကင်စိတ်အာရုံကို အလိုလို အသက်သွင်းမိတော့ တကယ်ပဲ လေထဲ ဝိညာဉ်ချီလှုပ်ရှားမှုကို ခံစားရတဲ့အတွက် စားဖိုမှူးကိုလှည့်ကြည့်လိုက်တယ်။
"ဒါဝိညာဉ်ငါးပါး နေရာရွှေ့ပြောင်းအစီအရင်ပဲ" ယိချင်းက အင်းကွက်ကို အတည်ပြုပြီးတဲ့နောက် ရေရွတ်လာတယ်။
"ဒီဘုံငယ်လေးထဲ ဝိညာဉ်ချီရှိနေတဲ့ ဘယ်နေရာမှာမဆို ဒီကိုပြန်ရောက်လာအောင် အင်းကွက်တစ်ခု ဖန်တီးနိုင်တယ်" ဒီအင်းကွက်နဲ့ ပတ်သက်တဲ့တစ်ခုတည်းသောအရာက အဆင့်နိမ့်ကျင့်ကြံသူတွေ အများကြီးကို အားကုန်ခမ်းစေမှာ။ အဆင့်မြင့်ကျင့်ကြံသူတွေတောင် ဒီကိုပြန်လာဖို့ တစ်လစာ စွမ်းအင်လိုအပ်မှာ။
ကူယွဲ့ အင်းကွက်ကို သေချာကြည့်လိုက်တယ်။ တကယ်ပဲ လူအုပ်အလယ်မှာ နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတွေတစ်စုရှိနေတယ်။
"ရှင်တို့တွေ လေလွင့်ကျင့်ကြံသူတံဆိပ်ပြားတွေ ရှိကြတယ်မလား၊ အင်းကွက်ကို အသက်သွင်းတာနဲ့ တံဆိပ်ပြားက ရှင်တို့အရှိန်အဝါကို အလိုအလျောက် မှတ်သားလိမ့်မယ်၊ ပြီးတော့ ရှင်တို့ ပြန်ထွက်ချင်တဲ့ဘယ်အချိန်မဆို တံဆိပ်ပြားကိုသာနှိပ်လိုက်၊ ဒီနေရာဆီ ပြန်ပို့ဆောင်ခံရလိမ့်မယ်"
ကူယွဲ့ လွန်ခဲ့တဲ့ရက်ပိုင်းက လေလွင့်ကျင့်ကြံသူတွေရခဲ့တဲ့ တံဆိပ်ပြားကို စဉ်းစားမိလိုက်တယ်။ အစကတော့ ဒါတွေက ဒီကျင့်ကြံသူတွေအတွက် မှတ်ပုံတင်သာသာလို့ ထင်ခဲ့တာ။ အဲတော့ ဒီအတွက်ကိုး။ လူတိုင်းက ဒီမှာစုဝေးပြီး အထဲမသွားရဲတာ မဆန်းတော့ဘူး။ သူတို့က ဒီအင်းကွက် ပြီးမှာကို စောင့်နေတာပဲ။
"အကူအညီအတွက် ကျေးဇူးတင်ပါတယ် တာအိုရောင်းရင်း" အင်းကွက်က သူတို့အတွက် လုံးဝအသုံးမဝင်ဘူးဆိုပေမဲ့ ကူယွဲ့က ယဉ်ကျေးရတာကိုကျင့်သားရနေပြီ။
"ရ... ရပါတယ်" လုလင်းက မျက်နှာရဲကာ သူ့ကို အဲမြတ်နိုးတဲ့အကြည့်နဲ့ ကြည့်ပြန်တယ်။
"..." ငါ-ိုး
"အင်းကွက် အသက်သွင်းလိုက်ပြီ" လူအုပ်ထဲကတစ်ယောက်က ထအော်တယ်။ နောက်အခိုက်အတန့်မှာ လူအုပ်အလယ်ကနေ မျက်စိကျိန်းစရာ အဖြူရောင်အလင်းကြီး ပေါက်ကွဲထွက်လာကာ နေရာရွှေ့ပြောင်းအစီအရင်က အားလုံးရဲ့ခြေထောက်အောက်ပေါ်လာတယ်။
ကူယွဲ့ ငုံ့ကြည့်တော့ သူ့ခါးကတံဆိပ်ပြားက လင်းလာတာမြင်ရတယ်။ သူ ရှန်းရင်နဲ့ ယိချင်းဘက် လှည့်လိုက်တယ်။ "သွားကြစို့"
ထပ်ပြီး တုံ့ဆိုင်းမှုမရှိဘဲ သူကဓားပျံတွေပေါ်တက်ကာ ယိုယွင်းလစ်လပ်တောင်ကြားထဲ နက်ရှိုင်းတဲ့အမှောင်ထုကြီးတဲ့ လူအုပ်ကြီးနောက်ကနေ လိုက်ခဲ့တော့တယ်။