← Chapters

အခန်း (၆၁၆-၆၁၈)

Vol. 42 Ch. 616-618

အခန်း (၆၁၆-၆၁၈)

Vol. 42 Ch. 616-618

အခန်း ၆၁၆ ။ တူတူကန်း

သူမှားနေလား ကူယွဲ့ မသေချာပေမဲ့ သူတို့ တောင်ကြားထဲဝင်ဝင်ချင်းမှာ ပုံပန်းသဏ္ဌာန် မရှိတဲ့အရာတစ်ခုက သူ့ဘေးကနေ ဖြတ်သွားသလိုပဲ။ ခံစားချက်က ထူးဆန်းလွန်းတယ်။ သူ တစ်ခုခုထဲကို ပြုတ်ကျသွားသလိုပဲ။ ဒါပေမဲ့ အဲခံစားချက်က မြန်မြန်ပဲ ရောက်လာသလို မြန်မြန် ပျောက်ကွယ်သွားတယ်။

"ရှန်းရင်..." သူက တန့်သွားကာ သူ့အဖော်နှစ်ယောက်ဆီ လှည့်တယ်။ သူတို့လည်း သူ့လို တူညီတဲ့အရာကို သတိထားမိတာ သိသာတယ်။ "အဲဒါက ဘာလဲ"

ရှန်းရင် စက္ကန့်ပိုင်းလောက် တိတ်နေဆဲ။ "ငါမသိသေးဘူး"

ကူယွဲ့ ပိုပြီးတောင် မျက်မှောင်ကြုတ်လိုက်တယ်။ သူက တောင်ကြားကို စစ်ဆေးဖို့ ကောင်းကင်စိတ်အာရုံကို အသက်သွင်းလိုက်တယ်။ သူ့နောက်မှာ ရင်းနှီးနေတဲ့ အသံတစ်သံ ထွက်လာတယ်။

"ခဏ… တာအိုရောင်းရင်းကူယွဲ့..." လုလင်းက သူတို့ဆီ အသည်းအသန် လိုက်ဝင်လာတယ်။

ကူယွဲ့ နှုတ်ခမ်းတွေ သပ်လိုက်တယ်။ သူက တစ်ဖက်လှည့်ကာ မေးတယ်။ "တခြားကိစ္စရှိသေးလို့လား၊ တာအိုရောင်းရင်း" ဒါ လည်သာသကြားလုံးလား။

လုလင်း သူတို့သုံးယောက်ရှေ့ ရပ်နေကာ စိုးရိမ်နေတဲ့ပုံ။ "တာအိုရောင်းရင်းတို့၊ ဒီယိုယွင်းလစ်လပ်တောင်ကြားက အရမ်းကိုနက်ရှိုင်းပြီး ကျယ်ပြန့်တယ်၊ ရှင်တို့အားလုံး အန္တရာယ်ကြီးကြီးမားမား ကျရောက်နေပြီ၊ တာအိုရောင်းရင်းကူယွဲ့နဲ့ ယိချင်းကလည်း အမျိုးသားတွေလေ..."

သူမက သူတို့တစ်ယောက်စီကို မျက်လုံးတွေထဲ သနားမှု၊ နူးညံ့မှုတွေနဲ့ ကြည့်တယ်။ "ရှင်တို့သုံးယောက် ကျွန်မ အရုဏ်ဦဆေးတောင့်ဂိုဏ်းနဲ့ တွဲနေပါလား" သူမက နောက်ဘက်မှာ ခပ်ဆင်ဆင် ဝတ်စားထားတဲ့ အမျိုးသမီးဆယ်ယောက်ကျော်ကို လက်ညှိုးထိုးတယ်။ "ကျွန်မတို့ ရှင်တို့ကို ကာကွယ်ပေးမယ်လေ"

"မလိုပါဘူး" ကူယွဲ့က သူ့ကမ်းလှမ်းမှုကို ချက်ချင်း ငြင်းချလိုက်တယ်။ အလုပ်များလိုက်ကြတာ သူ တစ်ဖက်လှည့်ကာ ရှေ့ဆက်ခဲ့တယ်။

လုလင်းက ပိုပြီးတောင် စိတ်ပူပန်လာတယ်။ "ဒါပေမဲ့ ဒါက သုံးယောက်တည်း ကိုင်တွယ်ဖို့အတွက် ဒီနေရာက အန္တရာယ်များလွန်းတယ်၊ ပြီးတော့ ရှင်တို့မှာ ဒီနေရာရဲ့မြေပုံမရှိဘူးလေ..."

မြေပုံ

ကူယွဲ့ တန့်သွားပြီး တစ်ဖက်ပြန်လှည့်လိုက်တယ်။ "မင်းမှာ ယိုယွင်းလစ်လပ်တောင်ကြားရဲ့ မြေပုံ ရှိတယ်လား"

လုလင်းက သူ့ကို အူကြောင်ကြောင် စက္ကန့်ပိုင်းကြည့်နေပြီးမှ သူမစကားလွန်သွားပြီဆိုတာ သိလိုက်ရတယ်။ စိတ်လှုပ်ရှားစွာနဲ့ သူမက ဟိုဟိုဒီဒီကြည့်မိတယ်။ နောက်တော့ သူမက အံကြိတ်တယ်။

"ကျွန်မ ရှင်တို့ကို အမှန်ပြောပြပါ့မယ်။ မြေပုံရှိတာ ကျွန်မတို့ အရုဏ်ဦးဆေးတောင့်ဂိုဏ်းတင် မဟုတ်ဘူး၊ တခြားဂိုဏ်းတွေမှာ ဒီနေရာက အရင်တုန်းက ဘယ်လိုပုံစံမျိုးလဲဆိုတဲ့ မြေပုံရှိကြတယ်၊ သူတို့ကို သုံးလို့ရမလားပဲ မသေချာတာ"

"အရင်တုန်းက ပုံစံပေါ့" ကူယွဲ့က သူမ ပြောပြတဲ့ထဲက သော့ချက်စာလုံးတွေကို ရွေးထုတ်လိုက်တယ်။

"ဟုတ်ပါတယ်" ကူယွဲ့ သူမကို နားမလည်သေးဘူးထင်နေကာ လုလင်းက ဆက်ပြောတယ်။

"လွန်ခဲ့တဲ့နှစ်တွေတုန်းက ယိုယွင်းလစ်လပ်တောင်ကြားက ဒီလိုမျိုးမဟုတ်ခဲ့ဘူး၊ အရင်က ပေါကြွယ်ဝတဲ့ အမတတောင် ဖြစ်ခဲ့တာ၊ ဝိညာဉ်ချီလည်း ပေါကြွယ်ဝပြီး ဂိုဏ်းတွေ အများကြီးက ဒီနေရာမှာ စခန်းချချင်ခဲ့တာ၊ ဒါပေမဲ့ အမှောင်ညဉ့်ယံ ရောက်လာပြီး ဒီလိုမျိုး ညတွင်းချင်းဖြစ်ခဲ့တာပဲ" လုလင်းက ဂိုဏ်းအသီးသီးက ကျင့်ကြံသူတွေအားလုံးကို ဝေ့ဝဲကြည့်လိုက်တယ်။ ခဏနေတော့ သူမကပြောတယ်။ "ဒီမှာကျင့်ကြံသူတွေ အများကြီးပဲ၊ သူတို့က ညဉ့်ယံ အတိအကျဘယ်လိုဖြစ်လာလဲ သိချင်လို့တင်မဟုတ်ဘူး၊ လူတိုင်းက အခွင့်အရေးကို ရှာချင်တာက ပိုများတယ်"

အဲတော့ ဒီလိုဖြစ်ခဲ့တာကိုး။ ကူယွဲ့ နဂိုက ဒီဘုံငယ်လေးကလူတွေက ဖြောင့်မတ်မှု အသိစိတ်နဲ့ ပြည့်တယ်ထင်ခဲ့တာ။ သူမသိခဲ့တာ လူတိုင်းက ‌ကျန်ရစ်ခဲ့တာတွေကို ကောက်ယူဖို့ ဒီကိုရောက်နေခဲ့တာပဲ။ ဒီထူးဆန်းတဲ့ အခြေအနေကို ဘေးဖယ်အုံး။ ဂိုဏ်းတွေအများကြီး ဒီတောင်ကြားကို ဒီလောက် စိတ်ဝင်စားနေတဲ့အချက်က ဆိုလိုတာ ဒါဟာ လုယက်စရာကောင်းတဲ့အရာတွေ ပြည့်နေတဲ့ ဆန်းကြယ်ဘုံတစ်ခုပဲ။

"နှစ်တွေ အတော်ကြာသွားပြီး ဒီနေရာက အရင်က‌နဲ့ မတူလောက်တော့ပေမဲ့ မြေပုံရှိတာက မရှိတာထက်တော့ သာပါသေးတယ်" လုလင်းက တည်ကြည်စွာ ဆက်ပြောတယ်။ "ဒါကြောင့် တာအိုရောင်းရင်းကူယွဲ့၊ ရှင် ကျွန်မတို့နဲ့ လိုက်ခဲ့ပါလား"

ကူယွဲ့ အကြည့်ငုံ့သွားကာ ချက်ချင်း စိတ်ပြောင်းသွားတယ်။ သူတို့က ကိုယ်ပိုင်မျက်နှာပြင်မှာ မဟုတ်။ သူတို့က စီမံထိန်းသိမ်းသူတွေ၊ ဒါပေမဲ့ သူတို့ စွမ်းအားတွေက ကန့်သတ်ခံထားရတယ်။ ဒီနေရာက ဘယ်လိုပုံစံမျိုးလဲကြည့်ဖို့ ကောင်းကင်စိတ်အာရုံကို အသက်သွင်းဖို့ထက် သူတို့တခြားသူတွေရဲ့ ဦးဆောင်မှုအောက်လိုက်တာ ပိုကောင်းတယ်။ သူမကိုငြင်းဖို့က အဓိပ္ပာယ်မရှိရုံ။

ဒါကြောင့် သူက လုလင်းကို ပိုပြီးကောင်းမွန်တဲ့အမူအရာနဲ့ ဆက်ဆံလိုက်တယ်။ အကျင့်အတိုင်း သူက စီးပွားရေးဆန်ဆန် နွေးထွေးစွာ ပြုံးတယ်။ "ဒါဆို တာအိုရောင်းရင်းလုလင်းကို ကြိုပြီး ကျေးဇူးတင်ရမှာပေါ့"

သူက တလေးတစား လက်သီးဆုပ်ကာ ဂါရ၀ပြုလုပ်လိုက်ပေမဲ့ လုလင်းက မတုံ့ပြန်တော့တာ သိလိုက်ရတယ်။ သူမက မြေကြီးပေါ်အမြစ်တွယ်နေကာ သူ့ကို ငွေ့ရည်ဖွဲ့နေတဲ့ မျက်ဝန်းတွေနဲ့ စိုက်ကြည့်နေတယ်။ "အာ တာအိုရောင်းရင်းလု၊ ‌တာအိုရောင်းရင်း”

ခဏ...။

ဟိုလီရှစ် ဘာလို့ နှာခေါင်းသွေးယိုနေတာတုံး။

"အာ~" ယိချင်းနဲ့ ရှန်းရင်ရော တစ်ပြိုင်နက် ခိုးခိုးခစ်ခစ် အသံပြုတော့တယ်။

သူတို့တွေ မျက်လုံးတွေမှေးကာ ကူယွဲ့ဘက် လှည့်လိုက်တယ်။

"ငါ့ဖင်ကို အာ" သူ ဘာမှမလုပ်ရသေးတာ အသိသာကြီး။ သူလုပ်ခဲ့တာဆိုလို့ ပြုံးပြရုံပဲရှိတာ။ "မင်းတို့ရဲ့ ချစ်ကြည်နူးနေတဲ့ အပြုံးကြီးတွေကို ငါ့မျက်စိရှေ့ကနေ ဖယ်လိုက်စမ်း"

"ဆရာတူအစ်မလု အဆင်သင့်ဖြစ်ပြီလား" အရုဏ်ဦးဆေးတောင့်တပည့်ဆယ်ယောက်ကျော်က လုလင်း အချိန်အတော်ကြာ ပြန်မလာသေးတာ နားလည်သွားခဲ့တယ်။ သူတို့တွေ မနေနိုင်ဘဲ သူမကို လှမ်းခေါ်ကြတော့တယ်။ ဒါပေမဲ့ သူတို့အကြည့်က ကူယွဲ့နဲ့ ယိချင်းဆီ ဝေ့ဝဲသွားတယ်။ အဲတော့မှ ငေးငိုင်နေတဲ့လုလင်းက နောက်ဆုံးတော့ သတိပြန်ဝင်လာတယ်။ သူမမျက်နှာက ရဲရဲနီသွားကာ နှာခေါင်းကို အမြန် ဖိအားပေးလိုက်ပြီး တစ်ဖက်လှည့်တယ်။ "လာပြီ" စပ်ဖြဲဖြဲရယ်ပြီး သူမက သုံးယောက်ကို အရုဏ်ဦးဆေးတောင့်ဂိုဏ်းကကျင့်ကြံသူတွေဆီ ခေါ်သွားတော့တယ်။

သူမက သူတို့ကို အသင်းက ဆရာတူအဒေါ်နဲ့တွေ့ဖို့ အရင်‌ ခေါ်သွားကာ အကျဉ်းချုံး မိတ်ဆက်ပေးတယ်။

ကူယွဲ့ အုပ်စုကို သေချာကြည့်လိုက်တော့ နတ်ဝိညာဉ် နှောင်းပိုင်းအဆင့်ရောက်နေတဲ့ အမျိုးသမီးကျင့်ကြံသူ တစ်ယောက်ရှိတယ်။ ကျန်တဲ့သူတွေကတော့ ရွှေအမြုတေကျင့်ကြံသူတွေက အများစု။ ဖြစ်နိုင်တာ လုလင်းက သူတို့ကို ကြိုမိတ်ဆက်ထားလို့ထင် နတ်ဝိညာဉ်အဆင့်ကျင့်ကြံသူက သူတို့သုံးယောက်ကို ရှိန်ပုံမပေါ်။ အဲအစား သူမက သူတို့ကို နွေးထွေးစွာ ပြုံးပြတယ်။

တခြားတပည့်တွေကတော့ သူတို့ကို စပ်စုသလို လှည့်ကြည့်ကြတယ်။ သူတို့အကြည့်တွေက အလိုလို ကူယွဲ့နဲ့ ယိချင်းအပေါ်ပေါ့။ သူတို့ဆီကနေ ထက်သန်မှုနဲ့အပူတွေက စောနက လုလင်းတုန်းကလို အများကြီး ထွက်နေတယ်။ ကူယွဲ့ တောင့်သွားကာ သူ့ကိုယ်ပေါ်က အမွေးတွေ ထောင်ကုန်တယ်။ သူတို့နောက်လိုက်ဖို့သဘောတူမိတာကို သူ ရုတ်တရက် နောင်တရနေပြီ။

ယိချင်း အမူအရာက တင်းမာသွားတယ်။ သူက ဂါရ၀ပြုပြီးနောက်တော့ သစ်သီးစားနေတဲ့ ရှန်းရင်ကို လှမ်းဖက်ပြီး ကိုယ်ကို ကိုင်းကာ လှမ်းခေါ်တယ်။ "ဆရာ"

ရှန်းရင် တန့်သွားကာ နောက်တော့ သူဘာလုပ်ဖို့ ကြိုးစားနေလဲ ချက်ချင်း နားလည်သွားတယ်။ သူမက သူနဲ့အတူ လိုက်သရုပ်ဆောင်ပြီး သူ့ပါးကို တစ်ချက်နမ်းလိုက်တယ်။ သူမက သူ့ကို ပိုင်ရှင်ရှိကြောင်း တံဆိပ်တုံး ထုနေတာပဲ

ချက်ချင်း အမျိုးသမီးကျင့်ကြံသူ‌ အမူအရာတွေအားလုံးက မည်းနက်သွားတယ်။ နောက်တော့... သူတို့အားလုံးက ကူယွဲ့ကို လှည့်စိုက်ကြည့်တော့တယ်။

ကူယွဲ့ ။ ။ "..." မေ-ိုး

တစ်ကိုယ်တည်းသမားတွေအတွက် လူ့အခွင့်အရေး မရှိဘူးပဲ။ ငါက မင်းတို့ ဒိုင်းကာအဖြစ်ပဲ သရုပ်ဆောင်ခွင့် ရှိတာပေါ့ ဟုတ်လား

"လူတိုင်း ဒီရောက်နေပြီဆိုတော့ ထွက်ခွာကြရအောင်" နတ်ဝိညာဉ်အမျိုးသမီးကျင့်ကြံသူက‌ နောက်ဆုံးတော့ စကားပြောလာတယ်။ နောက်ဆုံးတော့ တခြားကျင့်ကြံသူတွေက ကူယွဲ့ဆီက အကြည့်လွှဲသွားပြီး သူတို့စောနတုန်းကလိုမျိုး ဆာလောင်ရေငတ်နေကြပုံ မပေါ်တော့ဘူး။

ဒါပေမဲ့ လမ်းတစ်လျှောက်မှာ ကူယွဲ့ စိုက်ကြည့်မှုတွေ အများကြီးရနေဆဲ။ တပည့်တချို့ဆို ကူယွဲ့ကို စကားတစ်ခွန်းနှစ်ခွန်း ပြောဖို့သက်သက်နဲ့ တမင်နှေးနှေးပျံသန်းကြပါလေရော။

"အဲတော့ ရှင့်နာမည်က ကူယွဲ့ပေါ့ တာအိုရောင်းရင်း၊ ကျွန်မ ရှင်က မိသားစုကောင်းတစ်ခုက လာတယ်ဆိုတာ ချက်ချင်း ပြောနိုင်တယ် ကျွန်မနာမည်က..." ပြီးတော့ စသဖြင့်ပေါ့။

"တာအိုရောင်းရင်း ရှင်က အနီးနားဂိုဏ်းက ဆရာဦးလေးရဲ့တူမရဲ့သူငယ်ချင်းနဲ့တူတယ်..."

"တာအိုရောင်းရင်း ရှင် ကျွန်မတို့ အရုဏ်ဦးဆေးတောင့်ဂိုဏ်းကိုဝင်ရောက်ဖို့ စိတ်ဝင်စားလား၊ ရှင်က ကျွန်မဆရာတူမောင်လေး ဖြစ်ဖို့သင့်တော်တယ် ခံစားရတယ်၊ ချစ်စရာအကောင်းဆုံး"

"တာအိုရောင်းရင်း ရှင်က အသက်ဘယ်လောက်လဲ၊ ဘယ်မှာနေတာလဲ၊ မိသားစုကရော၊ ရှင် စေ့စပ်ထားလား"

"တာအိုရောင်းရင်း..."

ကူယွဲ့နှုတ်ခမ်းတွေက တစ်ချိန်လုံး စေ့နေတယ်။ သူ တစ်ချိန်လုံး အေးဆေးပြီး သူတို့ကို ဒေါသမပေါက်ကွဲမိအောင် စိတ်အေးချမ်းမှုဂါထာကို ရွတ်နေရတယ်။ တကယ်တော့ သူက ငယ်ငယ်တည်းက နာမည်ကြီးတယ်။ သူ့တစ်ဘဝလုံး ရည်းစားစာအခု ၅၀၊ ၁၀၀ လက်ခံရခဲ့တယ်။။ မိန်းကလေးတွေ အများကြီး သူ့ကို အရင်က ဖွင့်ပြောဖူးတယ်။ သူက ခုလောက်ဆို ကျင့်သားရနေသင့်ပြီ။

ဒါပေမဲ့ အဲဒါတွေက လှပနူးညံ့ပြီး မွှေးကြိုင်တဲ့ မိန်းကလေးတွေ။ သူတို့က သူ့လောက် အရပ်ရှည်၊ တစ်ကိုယ်လုံး ဗလတွေနဲ့ သူ့ကိုမြင်တိုင်း သွားရည်ကျနေတဲ့ ဒီအမျိုးသမီးကျင့်ကြံသူတွေနဲ့ မတူဘူး။ သူတို့ရင်ဘတ်မှာရှိတဲ့ အဖုတွေကလွဲ သူတို့က မိန်းမထက် ယောက်ျားတွေနဲ့ပိုတူတယ်။ ရုတ်တရက် ကူယွဲ့ ဝူတိဂိုဏ်းက ရွှေရောင်သံအရုပ်တွေကို သတိရသွားတယ်။ အနည်းဆုံးတော့ သူတို့က အချိန်အများစုမှာ ပုံမှန်ပဲ။ ဒီမိန်းကလေးတွေက သူ့ကိုအနိုင်ကျင့်နေသလို ခံစားနေရတယ်။ ပြီးတော့ သူက ဖိခံနေရတဲ့သူ။

"ဖေဖေနျို စိတ်အေးအေးထား" သူ ထိန်းချုပ်မှုကင်းလွတ်တော့မှာကိုမြင်တော့ ရှန်းရင် သူ့ပခုံးကို မပုတ်ဘဲ မနေနိုင်တော့ဘူး။

"ဖေဖေနျို ခင်ဗျား ကျင့်သားရတာနဲ့ အဆင်ပြေသွားမှာပါ" စားဖိုမှူးက ထပ်ပြောတယ်။

သူ သူတို့ကိုစိန်းစိန်းဝါးဝါးကြည့်လိုက်တယ်။ ငါ ကျင့်သားရပါ့မလား ဒါက သိပ်လွယ်နေတယ်ထင်ရင် မင်းတို့နှစ်ယောက်လုံး အချင်းချင်း ဖက်ထားတာ ဖြည်လိုက်ကြလေ။

(╯°Д°)╯(┻━┻

"တာအိုရောင်းရင်းကူယွဲ့ ရှင် ရေသောက်ချင်လား၊ ဒါ‌မှမဟုတ် အသီးရော၊ အဆာသွတ်မုန့်ရော"

ကူယွဲ့ဘေး တစ်ချိန်လုံး နေနေတဲ့ လုလင်းက ‌လက်ဆောင်တွေ မပေးဘဲမနေနိုင်။ သူမက ကူယွဲ့ကို ညို့စားသလို ကြည့်နေရင်း သူမသိုလှောင်အိတ်ကပစ္စည်းတွေကို ဆက်ထုတ်နေတယ်။ သူမ ကြည့်ရတာ လုံးဝကို ကြွေနေတဲ့ပုံ။

ကူယွဲ့က သူ့နှုတ်ခမ်းကို နောက်တစ်‌ကြိမ်သပ်ကာ ဘေးမှာအသီးစားပြီး ပွဲထိုင်ကြည့်နေတဲ့ ဆရာတပည့်ကို လှမ်းကြည့်လိုက်တယ်။ သူ့ဦးနှောက်ထဲက တစ်စုံတစ်ခုက ဆတ်ခနဲ ပြတ်တောက်သွားတယ်။ သူ အသက်ပြင်းပြင်းရှူကာ တောက်ပစွာပြုံးလိုက်တယ်။

"ရှန်းရင် ငါဆုံးဖြတ်ပြီးပြီ၊ မင်းရဲ့ ဒုတိယခင်ပွန်း ဖြစ်ရတာ စိတ်ထဲမထားပါဘူး"

ချီး ငါတစ်ယောက်တည်း ဒုက္ခရောက်နေဖို့ကို ငြင်းဆန်တယ်။

ရှန်းရင် ။ ။ "..."

လုလင်း ။ ။ "..."

ရွှစ်

တစ်ယောက်သောသူက သူ့ဓားကိုဆွဲထုတ်တော့တယ်...။

…

အခန်း ၆၁၇ ။ နယ်ပယ်ထဲမှ သက်ရှိများ

ကူယွဲ့ ပြောခဲ့တဲ့ကိစ္စအပြီးတည်းက လူတိုင်း ရူးသွပ်သွားတယ်။ လူတိုင်းက သူတို့ ခေါင်းထဲမှာ ရာစုနှစ်ရဲ့အကြီးဆုံး ဇာတ်လမ်းကြီးကို ရုတ်တရက် တင်ဆက်နေတော့တယ်။

သူ့အပေါ် တစ်ချိန်လုံး မြဲမြံစွာရှိနေခဲ့တဲ့ အကြည့်တွေအားလုံးက ရုတ်တရက် ရှန်းရင်ဘက် လှည့်သွားတယ်။ သူတို့မျက်စိထဲ အားကျမှုနဲ့ နူးညံ့မှု မရှိတော့ဘူး။ အဲအစား သူတို့က သူမကို ဒေါသထွက်နေပုံပေါ်ပြီး အပြစ်တင်ကာ မနာလိုဖြစ်နေတဲ့ပုံ။ တခြားသူတွေရဲ့ နှလုံးသားကို ကစားတဲ့ တစ်စုံတစ်ယောက်ရဲ့ ယိမ်းယိုင်မှုအပေါ် ဒေါသထွက်နေသူတွေ ရှိတယ်။

တကယ်လို့ သူတို့က ယိုယွင်းလစ်လပ်တောင်ကြားမှာ ရှိနေသေးတဲ့ အချက်ကြောင့်သာ မဟုတ်ရင် ကူယွဲ့က သူတို့ ရှန်းရင်ကို အရေးယူဖို့ လုပ်နေလောက်ကြပြီလို့ သံသယဝင်ရလောက်အောင် အကြောင်းရင်းရှိလာတဲ့အထိပဲ။

အကြီးမားဆုံး တုံ့ပြန်မှုကတော့ ကူယွဲ့ဘေး တစ်ချိန်လုံးရှိနေတဲ့ လုလင်းပဲ။ သူမမျက်နှာက အရောင်အားလုံး ဆုတ်ယုတ်သွားပြီး နာကျင်စိတ်ပျက်နေတဲ့ပုံ။ သူမရဲ့ ပျံသန်းနေတဲ့ဓားကတောင် ရုတ်တရက်ကြီး မတည်ငြိမ်တော့ဘူး။ သူမက ကူယွဲ့နဲ့ရှန်းရင်ကို အပြန်အလှန်ကြည့်ကာ ဗလုံး‌ဗထွေး ရေရွတ်နေလေရဲ့။ "ရှင်တို့ သားအဖ မဟုတ်တာ ကျွန်မသိသားပဲ၊ ဒါဆို... ‌ဒါဆို... ရှင်တို့က..."

နောက်တစ်ကြိမ် လူတိုင်းက ရှန်းရင်ကို မျက်လုံးထဲ သတ်ဖြတ်လိုတဲ့ အငွေ့အသက်တွေ တောက်လောင်ရင်း ချက်ချင်း လှည့်ကြည့်တော့တယ်။ လူတိုင်းမျက်နှာမှာ ဖတ်လို့ရတာက : သားရဲ

နင့်မှာ တစ်ယောက်ရှိနေပြီကို မကျေနပ်သေးဘူးပေါ့။ နင်က တခြားတစ်ယောက်ကို မြှူဆွယ်ချင်သေးတယ်

တစ်ကြိမ် ကစားခံလိုက်ရတဲ့ ရှန်းရင် ။ ။ "..." မေ-ိုး

ရုတ်တရက် သူမ အသီးတွေကို ဆက်စားသောက်ချင်စိတ်တောင် ပျောက်သွားတယ်။ သူမ တစ်ဖက်လှည့်ကာ ဖေဖေနျိုကို ဒေါသတကြီး လှည့်ကြည့်လိုက်ကြတယ်။

ရှန်းရင် ။ ။ နင် ဘာလို့ ဒီလိုလုပ်နေတာလဲ။ ငါတို့က အမြစ်တူတူက မွေးဖွားလာပြီး အတူတူ အများကြီးဖြတ်သန်းခဲ့တာကိုး

ကူယွဲ့ ။ ။ ငါတစ်ယောက်တည်း သေမလိုဖြစ်နေတာထက်စာရင် တူတူသေတာပိုကောင်းတယ်။ မင်းအဖေကို မင်း မကစားခင် နှစ်ကြိမ် တွေးခဲ့သင့်တာ။

ယိချင်း ။ တကယ်ပဲ လူတိုင်းက ငါ့ဆရာကို ခိုးဖို့ကြိုးစားနေတာပဲ ငါ့ကို တိုက်ခိုက်ကြ ခွေးကောင်လေး

"ငါတို့ ဒီကိုရောက်ပြီ" တစ်ချိန်လုံး လမ်းကိုဦးဆောင်နေတဲ့ နတ်ဝိညာဉ်ကျင့်ကြံသူက ရပ်သွားပြီး ပိန်းပိတ်အောင် မှောင်နေတဲ့ ကမ္ဘာကြီးကို ဟိုဟိုဒီဒီ ကြည့်လိုက်တယ်။ သူ့ကြည့်ရတာ သံသယဖြစ်နေတဲ့ပုံ။ "ဒါက ထူးဆန်းတယ်၊ ဒီနေရာက အထွတ်အမြတ်ဆေးဂိုဏ်း တစ်ချိန်က တည်ရှိခဲ့တဲ့နေရာ ဖြစ်သင့်တာ၊ ဘာလို့ တစ်ခုမှ မကျန်တော့တာလဲ၊ လုံးဝကို တစပြင်ဖြစ်နေတယ်"

သူက ကျောက်စိမ်းပြားတစ်ခုနဲ့ ဆင်တဲ့ မြေပုံတစ်ခု ဆွဲထုတ်ကာ အနီးကပ်သေချာကြည့်လိုက်တယ်။ သူ့ကြည့်ရတာ တစ်စုံတစ်ခုကို အတည်ပြုနေတဲ့ပုံ။ တပည့်တွေဘက်လှည့်ကာ သူက ခပ်တိုးတိုး ပြောတယ်။ "ငါတို့ ရောက်နေကြပြီ၊ ဟိုဟိုဒီဒီ ပတ်ရှာချေ၊ နင်တို့ကိုယ်နင်တို့ ဂရုစိုက်ပြီး အဝေးကြီး လျှောက်မသွားကြနဲ့၊ ဒီနေရာက 'ညဉ့်ယံ' ကို ဖြစ်စေခဲ့တဲ့မူရင်းနေရာဖြစ်နိုင်တယ်၊ တော်တော် ဂရုစိုက်နော်"

"ဟုတ်ကဲ့ ဆရာအဒေါ်" သူတို့က ပြိုင်တူ တုံ့ပြန်လိုက်တယ်။

ကူယွဲ့နဲ့ သူ့အဖော်နှစ်ယောက်က ချက်ချင်း အောက်ဘက်‌ဆီ ပျံသန်းဆင်းလာတာပေါ့။ ခဏ တုံ့ဆိုင်းသွားပြီးတဲ့နောက် လုလင်းက အသည်းကွဲနေပေမဲ့ သူတို့နောက်ကိုလိုက်လာခဲ့တယ်။

လုလင်း လမ်းတစ်လျှောက် သူတို့ကိုကမ်းလှမ်းခဲ့တဲ့ အချက်အလက်သတင်းအပိုင်းအစတွေအရ သူတို့တွေ ဒီအမှောင်ထုက ပျက်စီးသွားတဲ့နေရာထဲက ဂိုဏ်းတွေအားလုံးရဲ့ ပေါက်ကွဲမှုကြောင့်ဖြစ်နိုင်တယ်ဆိုတာ နားလည်ခဲ့ကြတယ်။ ဒီနေရာက သေချာပေါက် အဲဂိုဏ်းတွေထဲက တစ်ခုပဲ။

သူတို့ ဆင်းသက်တာနဲ့ ကူယွဲ့၊ ယိချင်းက မိုင်တစ်ရာပတ်လည်အတွင်းက အားလုံးကိုရှာဖို့ ကောင်းကင်စိတ်အာရုံကိုအသက်သွင်းလိုက်ကြတယ်။ သူတို့ ဘာမှမရှာတွေ့သေး။ နေရာတိုင်းက ဗလာကျင်းနေပုံပဲ။ ကွဲပြားတာဆိုလို့ ဝင်ပေါက်တုန်းကထက်တောင် ပိုပြီးနက်ရှိုင်းပုံရတဲ့ အမှောင်ထုပဲ။

သူတို့ကောင်းကင်စိတ်အာရုံက အလုပ်မဖြစ်တော့ ရွေးစရာမရှိဘဲ တခြားတပည့်တွေနောက်ကနေ ဟိုဟိုဒီဒီလိုက်ကြည့်ရတော့တယ်။

"ကူ.... တာအိုရောင်းရင်းတို့" လုလင်းက အံကြိတ်ရင်းပြောတယ်။ သူမက သူတို့ဆီ ခပ်မြန်မြန် လျှောက်လာတယ်။ "ကျေးဇူးပြုပြီး အဝေးကြီးလျှောက်မသွားပါနဲ့၊ ဒီမှာလမ်းပျောက်ဖို့က လွယ်တယ်"

သုံးယောက်သား ခေါင်းညိတ်ပြီး သူတို့ရှာဖွေမှုကို ဆက်လုပ်ဖို့ တခြားဖက်ဆီ ဦးတည်ခဲ့ကြတယ်။ နေ့တစ်ဝက်ကြာတာတောင် သူတို့ ဘာမှမတွေ့ရသေး။

"ရှန်းရင် မင်းတစ်ခုခု တွေ့လား"

ကူယွဲ့ ရွေးစရာမရှိတော့ဘဲ ကလိမ်ကကျစ်ကို မေးရတော့တယ်။

"အင်း..." ရှန်းရင်က အသီးတစ်ကိုက်ကိုက်ကာ မြိုချပြီး ပြောတယ်။ "ငါထင်တာတောါ... မကြာခင် တစ်ခုခု ဖြစ်တော့မဲ့ပုံပဲ"

"ဟမ်" အဲဒါဘာဆိုလိုတာလဲ။

"ဆရာအဒေါ် ကျွန်မ တွေ့ပါပြီ" ကူယွဲ့ မတုံ့ပြန်နိုင်ခင် ကျင့်ကြံသူတစ်ယောက်က သူ့နောက်ကနေ ရုတ်တရက် အော်လာတယ်။

ကူယွဲ့နဲ့ ယိချင်း အကြည့်ချင်းဖလှယ်ကာ ရှန်းရင်ကို ခေါ်ယူပြီး ရုန်းရင်းဆန်ခတ်ဖြစ်နေရာဆီ ဦးတည်ခဲ့ကြတယ်။

အရုဏ်ဦးဆေးတောင့်ဂိုဏ်းရဲ့ ကျင့်ကြံသူအမျိုးသမီးတစ်ဦးက သူတို့နဲ့ မနီးမဝေးမှာ ရပ်ကာ ထိတ်လန့်နေတဲ့ပုံ။ "တွေ့ပြီ အထွတ်အမြတ် ဆေးဂိုဏ်း တည်နေရာကို တွေ့ပြီ"

ခဏအကြာမှာ ခေါင်းဆောင် နတ်ဝိညာဉ်ကျင့်ကြံသူက ရောက်လာတယ်။ "ဘယ်မှာလဲ"

"ဒီမှာ ဒီမှာ" တခြားကျင့်ကြံသူကလှည့်ပြီး ရှေ့ကိုညွှန်ပြတယ်။

ကူယွဲ့ အလိုလို လှမ်းကြည့်မိလိုက်တယ်။ သူ စောနက သတိမထားမိခဲ့ပေမဲ့ အခု အမျိုးသမီးကျင့်ကြံသူက ညွှန်ပြတော့ သူမညာဘက်မှာ မီတာအနည်းငယ် ဆောက်ထားတဲ့ နံရံတစ်ခုရှိနေတယ်။ နံရံက နည်းနည်းရွဲ့စောင်းနေပြီး မည်းနက်နေကာ တစ်ဝက်ခန့် ပြိုကျနေပြီ။ ကြည့်လိုက်ရင် တောင်တံခါးဟောင်းတစ်ခုပဲ။

"အထွတ်အမြတ်ဆေးဂိုဏ်းက တကယ် ဒီနေရာမှာပဲ" နတ်ဝိညာဉ်ကျင့်ကြံသူက ရှင်းပြကာ တခြားသူတွေဘက် လှည့်ပြောတယ်။ "လူတိုင်း အထဲသွားကြ"

နောက်ဆုံးတော့ တခြားကျင့်ကြံသူတွေက သူတို့ကို မှီလာတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီဂိုဏ်းက ဂိုဏ်းကြီးတစ်ခု ဖြစ်ခဲ့ဖူးတယ်လေ။ သူတို့သိထားသလောက်ဆို အတွင်းပိုင်းထဲမှာ ကောင်းမွန်တဲ့အရာတစ်ခုခု ရှိနေနိုင်တယ်။

ကူယွဲ့လည်း နံရံရဲ့အကြွင်းအကျန်တွေကို ဝေ့ဝဲကြည့်ဖို့ သူ့ကောင်းကင်စိတ်အာရုံကို အသက်သွင်းလိုက်တယ်။ နံရံမှာ ရေးထားတဲ့ အဆောင်စာလုံးတွေ ရှိတယ်လို့ သူ နည်းနည်း ပြောနိုင်တယ်။ ဒါက ရှေးကျပြီး ထူးဆန်းကာ

ထူးထူးခြားခြား အသက်ဝင်နေတဲ့ အရောင်အဝါတစ်မျိုးမျိုးရှိနေသလိုပဲ။ သက်ရှိထင်ရှား ရှိနေတဲ့အတိုင်းပဲ...။

"ခဏ ဒါ နံရံမဟုတ်ဘူး"

သူ့နှလုံးသားက ခုန်သွားကာ ချက်ချင်း တုံ့ပြန်လိုက်တယ်။ သူ လေပြင်းစည်းချိပ်တစ်ခု ဖန်တီးပြီး တခြားသူတွေဆီ ပစ်ထုတ်လိုက်တယ်။ အမည်းရောင်နံရံဆီ ဦးတည်နေတဲ့ လူအုပ်ကြီးက ရုတ်တရက် သူတို့စခဲ့တဲ့နေရာဆီ ပြန်တွန်းပို့ခံလိုက်ရတယ်။

သူတို့က အဲဒါအတွက် အဆင်သင့်မဖြစ်သေးဘူး။ သူတို့ ဘာတွေဖြစ်နေလဲ မသိခင် နတ်ဝိညာဉ်ကျင့်ကြံသူအပါအဝင် သူတို့ မြေကြီးဆီ ပစ်ပို့ခံလိုက်ရတယ်။

"တာအိုရောင်းရင်းကူယွဲ့၊ ရှင်ဘာ” သူတို့အားလုံး ဇဝေဇဝါဖြစ်နေတယ်။ သူတို့ သူ့ကိုမေးခွန်းထုတ်ဖို့ လုပ်နေချိန်မှာတင် ကျယ်လောင်တဲ့ ဟိန်းဟောက်သံကြီးရဲ့ ဝင်နှောင့်ယှက်ခြင်းကိုခံလိုက်ရတယ်။

ဝေါ~

ဟိန်းဟောက်သံက ကျယ်လွန်းလို့ သူတို့နားစည်တွေက ပေါက်ကွဲတော့မလို့ပဲ။ လူအုပ်ကြီးတစ်ခုလုံးက သူတို့ဘေး လေပြင်းတစ်ဝှေ့ ဖြတ်သန်းတိုက်ခတ်သွားတာကို ခံစားလိုက်ရတယ်။ ဒါက ကြောက်ခမန်းလိလိ ဖိနှိပ်မှုအားပါ သယ်ဆောင်လာတယ်။ ရွှေအမြုတေကျင့်ကြံသူတချို့က မြေကြီးကနေ ကြွတက်ကာ အနောက်ဘက်ဆီ မီတာအနည်းငယ် ပစ်ထုတ်ခြင်းကိုခံလိုက်ရတယ်။

မလှုပ်မယှက်ရှိနေခဲ့တဲ့ အနက်ရောင်တံတိုင်းက ရုတ်တရက် စတင်တုန်ခါလာတယ်။ မြေကြီးက တုန်ခါလာပြီး အက်ကွဲပွင့်သွားတာကြောင်က တစ်စုံတစ်ခုက ဖောက်ထွက်လာသလိုပဲ။

"မင်းတို့ဓားတွေပေါ် တက်ကြ။ ဒီကနေထွက်" နတ်ဝိညာဉ်ကျင့်ကြံသူက အော်တယ်။ "ထွက်လာပြီ"

အဲတော့မှ သူတို့အားလုံးက လက်တွေ့ဘဝဆီ ဆတ်ခနဲ ပြန်ဝင်လာတယ်။ တစ်ယောက်ချင်းစီ သူတို့က ဓားတွေပေါ် တက်ခဲ့ကြတယ်။ ရှန်းရင်နဲ့ သူမရဲ့အဖော်နှစ်ယောက်လည်း နောက်ကလိုက်ခဲ့ကြတယ်။

ကျယ်လောင်တဲ့ ပေါက်ကွဲသံတွေကို တစ်ခုပြီးတစ်ခု ကြားရတော့တယ်။ အုပ်စုက နောက်ဆုံးတော့ မြေကြီးကနေထွက်လာတဲ့ မျှော်စင်နဲ့ ခပ်ဆင်ဆင် မည်းနက်ကာ ရှည်လျားတဲ့ တစ်စုံတရာကို မြင်လိုက်ရတယ်။ အဲအရာက တိကျတဲ့ ပုံပန်းသဏ္ဌာန်ရှိပုံမပေါ်။ ဒါပေမဲ့ သူ့တစ်ကိုယ်လုံးက မည်းနက်ပြီး အဆောင်စာလုံးတွေက ကိုယ်ပေါ်‌မှာ တောက်ပနေတယ်။ သူ့ခေါင်းပေါ်မှာတော့ ချွန်မြတဲ့သွားနဲ့ဆင်တဲ့ ချိုတစ်ချောင်းရှိတယ်။ အဲဒါက သူတို့ စောနက အမည်းရောင်နံရံနဲ့ အထင်မှားခဲ့တဲ့အရာပဲ။

"အဲဒါ... အဲဒါဘာလဲ" ကျင့်ကြံသူတွေထဲကတစ်ယောက်က အံ့ဩတကြီးပြောတယ်။

သူတို့သိလိုက်ရတဲ့ နောက်တစ်ခုကတော့ အမည်းရောင်အရာက ယိမ်းယိုင်သွားတယ်။ မျက်စိတစ်မှိတ်အတွင်း ဒါက ခြေလေးချောင်းနဲ့ တောင်ပံခြောက်ခုရှိတဲ့ အမည်းရောင်သားရဲကြီးအဖြစ် အသွင်ပြောင်းလဲသွားတယ်။ သားရဲက ခရမ်းရောင်မီးတောက်တွေ လင်းထိန်ကုန်တယ်။

ကူယွဲ့ ချက်ချင်း ဒီဧကသတ္တမအဆင့်သားရဲကို ချက်ချင်း မှတ်မိသွားတယ်။ သူက အော်တယ်။ "ဒါက ခရမ်းရောင်မီးတောက်သားရဲမဟုတ်လား" သူ ဒီသားရဲက ‌ညမှာ နောက်ထပ်အသွင်ယူနိုင်မယ် မသိခဲ့ဘူး။

"ဟင့်အင်း" ရှန်းရင်မျက်လုံးတွေက မှေးသွားတယ်။ သူမက ရုတ်တရက် စကားပြောတယ်။ "ဒါက ကျန့်လီပဲ"

ဘာ။

ကူယွဲ့ တန့်သွားတယ်။ ခဏနေတော့ သူက မေးတယ်။ "ဘာကျန့်လီလဲ၊ ငါ ဒီလိုသားရဲ တစ်ခါမှ မကြားဖူးဘူး"

"သားရဲမဟုတ်ဘူး"

"အရမ်းကြီးတယ်၊ ဒါက” သူက တစ်ခုခုကိုနားလည်သွားသလိုမျိုး ပြောနေရင်း တန့်သွားတယ်။

ခဏ

ကျန့်လီလား။ ဘယ်လိုလုပ် ဒီအသုံးအနှုန်းကို အရမ်းရင်းနှီးနေတာပါလိမ့်။ သူ အရင်က တစ်နေရာရာမှာ မြင်ဖူးသလို ခံစားနေရတယ်...။

ကျန့်လီ... ကျန့်... ကျန့်...။

"ကျန့်လီ" ကူယွဲ့ ရုတ်တရက် ထအော်မိသွားတယ်။ "လစ်လပ်နေတဲ့ ‌နယ်ပယ်ထဲမှာပဲ ရှိတဲ့သက်ရှိ ကျန့်လီ"

"အင်း" ရှန်းရင်က ခေါင်းညိတ်တယ်။

ဟိုလီရှစ်ရှစ်ရှစ်ရှစ်ရှစ်ရှစ်ရှစ်

အဲဒါကြောင့် သူရင်းနှီးနေတာကိုး။ သူ အဲသုံးလတုန်းက လက်ထောက်ဖြစ်တာနဲ့ ပတ်သက်နေတဲ့ အချက်အလက်အားလုံးကို ဒေါင်းလုတ်ဆွဲခဲ့ချိန် ဒီလိုသက်ရှိကို အာရုံစိုက်ထားတဲ့ စာပိုဒ်တစ်ခုကို ကြုံခဲ့တယ်။ ဒါက မျက်နှာပြင်တွေကြားက နယ်ပယ်မှာနေတဲ့ ပုံသဏ္ဌာန်မဲ့သက်ရှိတစ်မျိုးပဲ...။

Σ(°△°|||)

ခုသူတို့နဲ့ ဝင်လာပေမဲ့ ရုတ်တရက်ပျောက်သွားတဲ့ ကျင့်ကြံသူတွေက... သူတို့ကို စွန့်ခွာသွားတာလို့ ခံစားနေရတော့တယ်

…

အခန်း ၆၁၈ ။ ကျန့်လီကို နှင်ထုတ်ခြင်း

ကသောင်းကနင်းသားရဲလိုမျိုး ကျန့်လီက မျက်နှာပြင်နယ်ပယ်အပြင်ဘက်က သတ္တဝါတစ်မျိုးပဲ။ သာမန်အခြေအနေတွေအောက်မှာ သူတို့က မျက်နှာပြင်ထဲ မဝင်နိုင်ဘူး။ သူတို့ မျက်နှာပြင်ထဲက အက်ကွဲကြောင်းရှိချိန် ဒါမှမဟုတ် မျက်နှာပြင်မုန်တိုင်းရှိမှပဲ ဝင်နိုင်တာ။ ပြီးတော့ ကျန့်လီက ကိုယ်ထည်မရှိဘဲ အာကာသစွမ်းအင်တွေရှိကြတယ်။ သူက တခြားမျက်နှာပြင်ကို ကျူးကျော်ရင်တောင် စီမံထိန်းသိမ်းသူကလွဲ သူတို့တည်နေရာကို အာရုံခံဖို့က အရမ်းကိုခက်ခဲလေ့ရှိတယ်။

ဒီလိုသတ္တဝါကိုရင်ဆိုင်ဖို့က ဒီရွှေအမြုတေနဲ့ နတ်ဝိညာဉ်ကျင့်ကြံသူတွေ မပြောနဲ့ အမတတစ်ယောက်တောင် လုံးဝအခွင့်အရေးရှိမှာမဟုတ်ဘူး။

"ဆုတ်ကြ" ခေါင်းဆောင် နတ်ဝိညာဉ်ကျင့်ကြံသူက ရုတ်တရက်အော်တယ်။ "ဒါက ခရမ်းရောင်မီးတောက်သားရဲပဲ၊ သူ့မီးတောက်ကြောင့် မလောင်အောင် ဂရုစိုက်နော်" သူ့ကြည့်ရတာ ကျန့်လီကို သာမန်ဧကသတ္တမအဆင့် မိစ္ဆာသားရဲလို့ ယူဆနေပုံပဲ။ သူ့လက်တွေက ဒါကိုပိတ်လှောင်ဖို့ ကြိုးစားတဲ့အနေနဲ့စည်းချိပ်တစ်ခုကို ဖန်တီးဖို့ ရွေ့လျားတော့တယ်။

တခြားတပည့်တွေကလည်း သူတို့လက်နက်တွေကိုဆင့်ခေါ်ကာ သတိတကြီးစောင့်နေရင်း တိုက်ခိုက်ဖို့ အသင့်ဖြစ်နေကြတယ်။

ကူယွဲ့ ရင်ထိတ်သွားတယ်။ သူ သူတို့ကို သတိပေးမို့ရှိသေး လုလင်းက ရုတ်တရက် သူတို့ရှေ့ခုန်ထွက်လာတယ်။

"တာအိုရောင်းရင်းကူယွဲ့ ရှင်တို့ အမြန် နောက်ကို အမြန်ဆုတ်သင့်တယ်ဖ ဒါက ဧကသတ္တမအဆင့် မိစ္ဆာသားရဲပဲ၊ ရှင်တို့အားလုံးက အုတ်မြစ်အခြေတည်အဆင့် ရောက်ကာစ၊ ပြီးတော့ ယောက်ျားသားတွေ၊ ရှင်တို့ ခရမ်းရောင်မီးတောက်တွေကို တားနိုင်မှာမဟုတ်ဘူး" ဧကသတ္တမအဆင့်က နတ်ဝိညာဉ်ဖွဲ့စည်းခြင်း ကနဦးအဆင့်နဲ့ဆင်တယ်။ ဒါက အန္တရာယ်များပေမဲ့ အဖွဲ့ထဲ နတ်ဝိညာဉ်ကျင့်ကြံသူလေးယောက်နဲ့ ရွှေအမြုတေကျင့်ကြံသူအများကြီးရှိတာ လုံးဝမဖြစ်နိုင်တာတော့ မဟုတ်ဘူး။

အဲလိုပြောပြီး သူမက လက်ထဲက ဓားကိုပိုတင်းတင်းဆုပ်ကိုင်ကာ သုံးယောက်သားရှေ့ ဝင်တယ်။

"အလောတကြီး မပြုမူကြပါနဲ့၊ ကျွန်မတို့ ရှင်တို့ကိုကာကွယ်မယ်၊ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မနဲ့ဝေးဝေးကို မသွားပါနဲ့" အဲလိုပြောပြီး သူမက ဘေးက အမျိုးသမီးကျင့်ကြံသူကိုတောင် တစ်ချက်ကြည့်တော့ ခပ်သုတ်သုတ် လှုပ်ရှားပြီး ကာကွယ်သူပုံစံအပြည့်နဲ့ တမင်တောင် ကူယွဲ့နဲ့ ယိချင်းကို အနောက်မှာ ထားလိုက်လေတယ်။

ကူယွဲ့ ။ ။ "..."

ယိချင်း ။ ။ "..."

သူတို့ မရှင်းပြနိုင်ခင် တစ်ယောက်ယောက်က စတင်တိုက်ခိုက်နေပြီ။ အုပ်စုကို ဦးဆောင်နေတဲ့ နတ်ဝိညာဉ်ကျင့်ကြံသူက တန်းပြီး အင်းကွက်ကြီးတစ်ခုကို ပြင်ဆင်တယ်။ အင်းကွက်ထဲက အဖြူရောင်အလင်းက အလယ်က သားရဲကြီးဆီ ဆင်းသက်လာကာ အထဲမှာ ပိတ်လှောင်လုနီးပါး ဖြစ်နေတဲ့ပုံ။

"ချီး အင်းကွက်မသုံးနဲ့..."

ကူယွဲ့ မပြီးနိုင်ခင် အဲမိစ္ဆာက ရုတ်တရက် ကျယ်လောင်စွာ အော်ဟစ်တယ်။ ပြီးတော့ သူက လက်သည်းတစ်ချောင်း မလိုက်ရုံပဲရှိကာ ချက်ချင်းတန်းဖြတ်သန်းတော့တယ်။

‌ဦးဆောင်နေတဲ့ အမျိုးသမီးကျင့်ကြံသူက ထိတ်လန့်နေတယ်။ သူမ မတုံ့ပြန်နိုင်ခင် ခိုက်ခိုက်တုန်အောင် အေးနေတဲ့ လှိုင်းတစ်လှိုင်းက သူမဆီ တန်းတန်းမတ်မတ် ရိုက်ခတ်လာတာကို ခံစားလိုက်ရတယ်။ ကြီးမားတဲ့ အရှိန်အဝါတစ်မျိုးက တစ်ရှိန်ထိုး ပြေးဝင်လာသလိုမျိုးပဲ။ သူမကိုယ်ထဲက ဝိညာဉ်စွမ်းအင်က ချက်ချင်း လွင့်ပျယ်သွားခဲ့ပြီ။ သူမကိုယ်က မတည်မငြိမ်ဖြစ်ကာ ချက်ချင်း ပျံထွက်သွားတယ်။ ကူယွဲ့ လေပြင်းဂါထာတစ်ခု ဆင့်ခေါ်ကာ လေထဲက လူကိုဖမ်းလိုက်နိုင်ပေမဲ့ သတိလစ်နေပြီ။

ကျန့်လီသတ္တဝါတွေက အာကာသတွေကို ဖြတ်သန်းနိုင်တဲ့ သဘာဝစွမ်းရည်ရှိတယ်။ ဘယ်လိုလုပ် အင်းကွက်ရဲ့ ပိတ်လှောင်ထားတာကို ခံရမှာလဲ

မျက်စိတစ်မှိတ်အတွင်း သူတို့ နတ်ဝိညာဥ်ကျင့်ကြံသူတစ်ယောက်ကို ဆုံးရှုံးလိုက်ရပြီ။ ရှိုနေတဲ့လူတိုင်း ဖြူဖျော့သွားကာ ဒါက သာမန်မိစ္ဆာသားရဲမဟုတ်မှန်း ချက်ချင်းနားလည်သွားခဲ့တယ်။ နောက်ထပ် နတ်ဝိညာဉ်ကျင့်ကြံသူက အသိဝင်လာကာ ကျယ်လောင်စွာ အလောတကြီးပြောလေတယ်။ "ရွှေ့ ဒီကနေ ထွက်သွားတော့"

လူတိုင်း မှင်တက်ကာ နောက်ဆုံးတော့ ဓားတွေပေါ် တက်လိုက်တယ်။ လုလင်းလည်း အလိုလို ကူယွဲ့ကို လှမ်းဆွဲမိလိုက်တယ်။ "တာအိုရောင်းရင်း မြန်မြန်..."

"ရွှေ့" သူမ စကားမဆုံးခင် ကူယွဲ့က ရုတ်တရက် သူမကို ဆုပ်ကိုင်လိုက်ပြီး နောက်က အမျိုးသမီးကျင့်ကြံသူဆီ ပစ်ပေးလိုက်တယ်။ သူ့လက်ထဲက ယပ်တောင်က ချက်ချင်း ဓားရှည်အဖြစ် ပြောင်းလဲသွားတယ်။ သူ ပြန်လှည့်ပြီး ပြောလိုက်တယ်။ "ရှန်းရင် သူတို့ကို စောင့်ရှောက်လိုက်"

"အိုး" ရှန်းရင် အသီးတစ်လုံး ထုတ်ကာ ဖြေတယ်။

"စားဖိုမှူး ဘယ်ဘက်က မင်းဟာပဲ၊ သူ့ကို မလွတ်စေနဲ့" အဲလိုပြောပြီး သူ့ကိုယ်က ဖျတ်ခနဲလက်သွားပြီး ပျံသန်းထွက်သွားပြီ။ စားဖိုမှူးကလည်း နေရာကနေ ပျောက်ကွယ်သွားတယ်။

နောက်အခိုက်အတန့်မှာ အန္တရာယ်ကြီးတဲ့ ဓားလေပြင်းလှိုင်းတစ်လှိုင်းက အသည်းအသန် ရိုက်ခတ်သွားတယ်။ လူတိုင်း သူတို့ကိုယ်က မတည်မငြိမ်ဖြစ်နေတာကိုသာ ခံစားလိုက်ရကာ သူတို့နားမလည်လိုက်ခင်မှာတင် လူတိုင်း ရှန်းရင်နောက်ကနေရာဆီ မှုတ်ထုတ်ခံလိုက်ရပြီ။ ထိတ်လန့်စရာ ဓားချီပမာဏက ကောင်းကင်ဆီ မြင့်တက်သွားတယ်။ အဖြူရောင်ဓားမိုးက ကောင်းကင်ကို ဖုံးလွှမ်းသွားကာ ဓားချီနဲ့လုပ်ထားတဲ့ ဓားတစ်ချောင်းစီက အသက်ဝင်နေပုံပေါ်ကာ သူတို့ အောက်ခြေက သားရဲကြီးပေါ် ကျဆင်းသွားတယ်။

အဲသားရဲကြီးက စူးခနဲ နားကွဲမတတ် အော်သံကြီးတစ်ခု ထုတ်ကာ ချက်ချင်း အပိုင်းပိုင်းခုတ်ခံလိုက်ရတယ်။ ခရမ်းရောင်မီးတောက်သောက်ရေက ချက်ချင်း လှုပ်ရှားနေတဲ့ အရည်တွေနဲ့ အနက်ရောင်ဘောလုံးတွေအဖြစ် လွင့်ပျောက်သွားခဲ့တယ်။ ဒါပေမဲ့ တစ်စက္ကန့်အတွင်းမှာတင် သူတို့က စုဝေးလာပြီး ပုံစံအသစ်ဖွဲ့စည်းလိုက်တယ်။ ဒီတစ်ကြိမ်တော့ ဒါက ကြီးမားတဲ့လင်းယွင်အမတသားရဲပဲ။

"စားဖိုမှူး သူ့ပုံစံအသစ် ပြန်ဖွဲ့စည်းမှာကို အခွင့်အခွင့်အရေးမပေးနဲ့" ကူယွဲ့ သတိပေးလိုက်ပြန်တယ်။ ကျန့်လီက ထူးခြားတဲ့ ပင်ကိုယ်စွမ်းရည်ရှိပြီး ပြန်ကောင်းလာတာနဲ့ နယ်နိမိတ်ကို ဖွင့်ဖြတ်ကာ အချိန်မရွေး နောက်ကမ္ဘာလေးတစ်ခုဆီ လွတ်မြောက်သွားနိုင်တယ်။ အထိရောက်ဆုံး နည်းလမ်းကတော့ မျက်နှာပြင်ကနေ မောင်းထုတ်လိုက်ဖို့ပဲ။

"အင်း" ယိချင်းက ဖြေတယ်။ သူ့လက်ထဲက ဓားကွက်တွေက ပိုပြီးတောင် ပြင်းထန်လာကာ လေထဲက ဓားချီက ပိုပြီးတောင်ထူထဲလာလေရဲ့။ သူ တမင်ရှောင်ထားတဲ့ ကျင့်ကြံသူတွေအုပ်စုကတောင် လွှမ်းမိုးနေတဲ့ ဖိနှိပ်မှုလှိုင်းတစ်ခုကို ခံစားခဲ့ရတယ်။ သူတို့ခြေထောက်တွေက ခဏတာ အားနည်းသွားတယ်။

လုလင်းနဲ့ သူမရဲ့ရောင်းရင်းကျင့်ကြံသူတွေအားလုံး ထိတ်လန့်ကုန်တယ်။ ဒီလိုဓားချီ ဒီလိုဖိနှိပ်မှုမျိုး သူက သေချာပေါက်ကို အုတ်မြစ်အခြေတည်အဆင့်ကျင့်ကြံသူ လုံးဝ မဟုတ်ဘူး။ နတ်ဝိညာဉ်အဆင့် တစ်ယောက်တောင်... ဟင့်အင်း နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်တောင် ဒီလိုဆိုးဝါးတဲ့ဓားချီ မရှိဘူး။

သူမက ရှန်းရင်ကို လှည့်ကြည့်လိုက်တယ်။ အသီးကို‌ တည်တည်ငြိမ်ငြိမ်ကိုက်နေဆဲ တစ်ဦးတည်းသောသူ။ သူမ မနေနိုင်ဘဲ မေးလိုက်တယ်။ "တာအိုရောင်းရင်းရှန်း၊ တကယ်... တကယ်ပဲ တာအိုရောင်းရင်းကူယွဲ့နဲ့ တာအိုရောင်းရင်းယိချင်းရဲ့ ကျင့်ကြံဆင့်က ဘာလဲ"

"ဟမ်" ရှန်းရင်က တန့်သွားတယ်။ သူမက ခေါင်းကိုစောင်းကာ စဉ်းစားပြီးမှဖြေလိုက်တယ်။ "အာ... နတ်ဘုရားထက် နည်းနည်းပိုသာဝာာများလား"

လုလင်း ။ ။ "..."

အားလုံး ။ ။ "..."

နင် ငါ့ကို သောက်ကျိုးနည်း နောက်နေတာပဲဖြစ်ရမယ်

လုလင်းက ဒါကို တကယ်ပဲမယုံနိုင်ဘဲ သူမ နောက်နေတာပဲလို့ ထင်နေခဲ့တယ်။ သူမ ကောင်းကင်ထဲက နှစ်ယောက်သားကို နောက်တစ်ကြိမ်ကြည့်လိုက်ပြန်တယ်။ ဒီအချိန် ကူယွဲ့က သူ့တိုက်ခိုက်မှုကို ရပ်တန့်လိုက်ပြီ။ သူလှည့်ပြီး ဒီမျက်နှာပြင်ရဲ့ ထွက်ပေါက်ကို ဖွင့်လိုက်တယ်။ တစ်ချိန်တည်းမှာပဲ ကောင်းကင်ယံထဲက ပကတိအမှောင်ထုထဲ မျက်စိကျိန်းစရာအဖြူရောင်အလင်းတန်းတစ်ခု ပေါ်လာတယ်။ ကောင်းကင်မှာ အက်ကွဲကြောင်းတစ်ခုလို ပွင့်လာပြီး မျက်နှာပြင်နဲ့ မသက်ဆိုင်တဲ့ ထူးဆန်းတဲ့ အငွေ့အသက်တွေက အတွင်းကနေ ထွက်ပေါ်လာတယ်။

ကူယွဲ့က ယိချင်းကို ကြည့်ပြီး ကျန့်လီဆီ လက်ဟန်ပြတယ်။ ကျန့်လီက ဒီမျက်နှာပြင်ရဲ့ သတ္တဝါ မဟုတ်သလို ဒီနေရာမှာ သတ်လို့မရဘူး။ ယိချင်းလည်း နားလည်တယ်။ သူ့ ဓားသိုင်းက ပြောင်းလဲသွားပြီး အောက်က သားရဲကြီးကို အဲအက်ကွဲကြောင်းဆီ အတင်းတွန်းပို့တော့တယ်။

ကျန့်လီကလည်း သူတို့ ရည်ရွယ်ချက်ကို နားလည်တဲ့ပုံ။ အသည်းအသန် စတင်ခုခံတော့တယ်။ စူးရှတဲ့ ဟိန်းသံတွေက အဆက်မပြတ်ထွက်လာကာ မူလဝိညာဉ်ကို ဖျက်ဆီးနိုင်တဲ့အတိုင်းပဲ။ ကျင့်ကြံသူတွေအားလုံး အတော်လေး မခံမရပ်နိုင်ဖြစ်နေကာ သူတို့တွေ ဝိညာဉ်ချီကို တည်ငြိမ်အောင် လုပ်ရပြီး နားကိုအုပ် မျက်နှာတွေပေါ် နာကျင်နေတဲ့အကြည့်နဲ့ငုံ့နေရတယ်။ အရှေ့ဆုံးက ရှန်းရင်က လွဲလို့ပေါ့...။

လုလင်း သူမကိုယ်ထဲက ရွှေအမြုတေတောင် အက်ကွဲချင်လာတာကို ခံစားလိုက်ရတယ်။ သူမ လွှမ်းမိုးခံရနီးဆဲဆဲ နူးညံ့တဲ့အရှိန်အဝါတစ်ခုက ရုတ်တရက် အပြေးလေး ရိုက်ခတ်လာတယ်။ လူတိုင်း သက်သာရာရသွားပြီး သူတို့မူလဝိညာဉ်ကို ဖောက်ထွင်းလာတဲ့ အဲအသံလှိုင်းက ချက်ချင်း ပျောက်ကွယ်သွားလေရဲ့။

"အဆင်ပြေရဲ့လား" ရှန်းရင်က ရုတ်တရက် ပြန်လှည့်လာကာ သူမလက်ထဲက အဲအသီးကို တကိုက်ကိုက် ဝါးနေဆဲ။

လုလင်း မှင်တက်သွားပြီး အလိုလိုပြန်ဖြေမိတယ်။ "ဟုတ်ကဲ့... အဆင်ပြေပါတယ်" ဒါပေမဲ့ နောက်အခိုက်အတန့်မှာ သူမမျက်လုံးတွေက ချက်ချင်း ပြူးကျယ်သွားခဲ့တယ်။ "တာအိုရောင်းရင်းရှန်း"

စောနက ‌နောက်ကိုဆုတ်ဖို့ ဖိအားပေးခံရတဲ့ ကျန့်လီက ရုတ်တရက် ကိုယ်က တစ်ဝက်ခွဲထွက်သွားကာ သူ့အမည်းရောင်အရည်ကိုယ်ကနေ ခြစ်ခြစ်တောက်မှောင်နေတဲ့ စူးရှတဲ့ချိုတစ်ချောင်း ဖြစ်လာတယ်။ သူက သူတို့ဆီ တန်းပြေးဝင်လာကာ ဆိုးဆိုးဝါးဝါးခက်ထန်တဲ့ အရှိန်အဝါပါ သယ်လာတယ်။ ရှန်းရင်က သူ့ရှေ့တည့်တည့်မှာ။

လုလင်း မျက်နှာက ဖြူဖျော့သွားပြီး သူမကို ဆွဲဖို့ အလိုလို ပြေးလာမိတယ်။ "ဖယ်..." ဒါပေမဲ့ နောက်ကျလွန်းသွားခဲ့ပြီ။ အဲသားရဲကြီးက သူတို့ဆီ ရောက်နေပြီဖြစ်ကာ သူမရှေ့ကလူကို ထိုးတော့မဲ့ဆဲဆဲ လေထဲ တစ်ခုခုကျိုးသံပေါ်လာတယ်။ အဲအမည်းရောင်အရည်သားရဲကြီးက နှစ်ယောက်ရှေ့ ရုတ်တရက် ရပ်သွားခဲ့တယ်။

သေချာကြည့်တော့ တစ်နည်းနည်းနဲ့ ရှန်းရင်က လက်တစ်ဖက် ဆန့်ထုတ်ကာ အဲသားရဲရဲ့ ချိုရှည်ကြီးကို တင်းတင်းဆုပ်ထားပြီးပြီဆိုတာ နားလည်လိုက်ရတယ်။ ခပ်ဖွဖွ ဆုပ်ကိုင်ထားရုံပုံစံ ပေါက်ပေမဲ့ သားရဲက နည်းနည်းတောင် မလှုပ်နိုင်။ သူမက လုလင်းကိုတောင် ပြန်လှည့်မေးလိုက်တယ်။

"ဘာပြောနေတာလဲ"

"..." လုလင်းက အူကြောင်ကြောင်ဖြစ်နေပုံပေါ်ပြီး အတော်ကြာတဲ့နောက်မှာ သူမက အားနည်းစွာ ပြန်ဖြေလိုက်တယ်။ "ဘာမှမဟုတ်ပါဘူး..." ဒီသုံးယောက်က တစ်ယောက်မှ တကယ်ကို သာမန်ကျင့်ကြံသူ မဟုတ်ဘူးပဲ။

"အိုး"

All Chapters