← Chapters

အခန်း (၆၂၈-၆၃၀)

Vol. 42 Ch. 628-630

အခန်း (၆၂၈-၆၃၀)

Vol. 42 Ch. 628-630

အခန်း ၆၂၈ ။ ပြောင့်လေး ရှာဖွေမှု

"ပြောင့်လေး ငါတို့မှာ နင့်ကိုမေးစရာရှိတယ်" ရှန်းရင်က ကြေညာတယ်။

"ဟုတ်ကဲ့ ကြီးမြတ်တဲ့နတ်သမီး ကိစ္စမရှိပါဘူး ကြီးမြတ်တဲ့နတ်သမီး" ပြောင့်လေးက ချက်ချင်း ထရပ်ကာ အသည်းအသန် ခေါင်းညိတ်တယ်။

ကူယွဲ့ နှုတ်ခမ်းတွေကိုသပ်ကာ ပြောလိုက်တယ်။ "စောနက ယုန်ကို ကျိုးရှုမင်လို့ခေါ်တဲ့ အမတတစ်ယောက်ကို မင်းကောင်းကင်နန်းတော်ဆီ ပြန်ခေါ်လာဖို့ ညွှန်ကြားခဲ့လား"

"ကျိုးရှုမင်၊ ယုန်..." ပြောင့်လေးက တကယ်ကိုဇဝေဇဝါဖြစ်နေတယ်။ ဘယ်သူတွေလဲ။

"တက်လှမ်းကာစ မြေအမတ" ကူယွဲ့ ရှင်းပြလိုက်တယ်။

"တက်လှမ်းကာစ..." ပြောင့်လေးက ခဏ အူကြောင်ကြောင် စိုက်ကြည့်နေပြီးမှ သဘောပေါက်သွားတယ်။ "အိုး ယွီရွှယ်သွားရှာတဲ့လူကို ပြောတာလား၊ ဒါဆို သူ့မျိုးရိုးနာမည်က ကျိုးဖြစ်ပြီး မိစ္ဆာ မဟုတ်ဘူးပေါ့"

"ဘာလဲ၊ မင်းက သူ့ကိုမသိဘူးလား" ကူယွဲ့ အကြည့်က သံသယ‌ဖြစ်လာတယ်။

"မသိပါဘူး" ပြောင့်‌ထင်က ခေါင်းယမ်းတယ်။ "ဒါ ကျွန်တော် ပထမဆုံး ဒီနာမည်ကိုကြားဖူးတာပါ"

"ဒါဆို မင်းနဲ့ သူ..." ပြောင့်လေးက ဒီမြေအမတကို မသိရင် ဘာလို့ ကောင်းကင်နန်းတော်ဆီ လာခိုင်းတာလဲ။ မြေအမတတွေက အဇဋာဧကရာဇ်ရဲ့ နန်းတော်ထဲဝင်ခွင့်ရှိတာမှ မဟုတ်တာ။

"ဇာတ်လမ်းက ရှည်ပါတယ်" ပြောင့်ထင်းကပြောရင်း ရှန်းရင်ကို လှမ်းကြည့်တယ်။ နာခံစွာပဲ သူက စရှင်းပြတော့တယ်။ "ကြီးမြတ်တဲ့နတ်သမီး၊ ငှက်လေးနဲ့ ကျွန်တော် ခင်ဗျားကို စတွေ့ခဲ့တဲ့ ပထမဆုံးအချိန်ကို မှတ်မိပါသေးသလား"

"မမှတ်မိဘူး" ရှန်းရင်က ချက်ချင်း တုံ့ပြန်တယ်။

"အာ..." သူမက သားရဲနှစ်ယောက်အကြောင်း များများစားစား မတွေးတာ အသိသာကြီး။ သူ့နှလုံးသားလေး နာကျင်လိုက်တာ။

ပြောင်လေးရဲ့အပြုံးက ယိမ်းယိုင်သွားပေမဲ့ မျက်နှာပေါ် ဆက်စွဲမြဲထားဖို့ ကြိုးစားနေခဲ့တယ်။

"ကြီးမြတ်တဲ့နတ်သမီး၊ အဲချိန်က ငှက်လေးနဲ့ ကျွန်တော် ဓမ္မလက်နက်နဲ့ပတ်သက်ပြီး အချင်းပွားခဲ့ပါတယ်၊ ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်တော့ဘဲ အောက်ဘုံထိ တိုက်ခိုက်မိခဲ့ကြတယ်၊ ကျွန်တော်တို့ ဘုံတံခါးကနေ ထွက်ထွက်ချင်း ကြီးမြတ်တဲ့နတ်သမီးနဲ့ တွေ့ခဲ့ရတာပဲ၊ ဒါပေမဲ့ ကြီးမြတ်တဲ့နတ်သမီးက အမျိုးသမီးရွှမ်ထုံကို ဂိုဏ်းဆီ ပြန်ခေါ်သွားဖို့ ကျွန်တော်တို့ကို ညွှန်ကြားခဲ့တယ်လေ၊ အဲဒါကိုမှတ်မိလား"

"အိုး..." ရှန်းရင်က ခေါင်းညိတ်တယ်။ ဒါပေမဲ့ သူမက ဘာကိုမှ မမှတ်မိတဲ့ပုံ။ "နောက်တော့ ဘာဆက်ဖြစ်လဲ"

သူမ တစ်ခုမှ မမှတ်မိတာ အသိသာကြီးမလား။

"နောက်တော့... နောက်တော့ တိုက်ပွဲအပြီးမှာ ကျွန်တော်တို့ အမတဘုံဆီ ပြန်လာချိန် ကျွန်တော် သိလိုက်ရတာ တစ်စုံတစ်ခုကို ဆုံးရှုံးခဲ့ရတယ်ဆိုတာပဲ" ပြောင့်လေးက ခေါင်းကုတ်ရင်း ရှင်းပြတယ်။

"မင်း ဘာဆုံးရှုံးခဲ့တာလဲ"

"ကျွန်တော့်ရင်ဘတ်ပေါ်က အကြေးခွံတစ်ခုပါ" ပြောင့်လေးက မျက်လုံးတွေ မှိတ်တုတ်မှိတ်တုတ်နဲ့ ဖြေတယ်။ သူ့ကြည့်ရတာ ပြောဖို့ ရှက်နေတဲ့ပုံ။ "အဲအကြေးခွံက နှစ်သိန်းချီ ရှိတဲ့ ကျွန်တော့်အမတစွမ်းအင်တွေက ပေကျံနေတာ၊ အောက်ဘုံမှာတော့ တန်ဖိုးဖြတ်မရတဲ့ အမတလက်နက်အဖြစ် စဉ်းစားလို့ရတယ်၊ လွန်ခဲ့တဲ့ရက်ပိုင်းက ကျွန်တော် ဒီအကြေးခွံက တစ်ယောက်ယောက်ရဲ့ ခိုးယူခံလိုက်ရတာကို အာရုံခံမိတယ်၊ အဲဒါကြောင့် ကျွန်တော် ယွဲ့ရွှယ်ကို လွှတ်ပြီး လူကို သွားကြိုခိုင်းခဲ့ရတာပါပဲ၊ ကျွန်တော် အကြေးခွံပြန်လိုချင်လို့ပါ"

"ဒါက အကြေးခွံသက်သက်ပဲ။ အဲအားထုတ်မှုအားလုံးက တန်ရဲ့လား" ကူယွဲ့ မျက်မှောင်ကြုတ်လိုက်တယ်။ သားရဲတွေက ကြေးခွံတွေ မလိုတဲ့အချက်အပြင် သူ ကြေးခွံ တစ်ခုနှစ်ခု ကျသွားရင်တောင် ဆုံးရှုံးမှု မရှိဘူးလေ၊ သူက ဒါလေးပြန်ရဖို့အတွက်နဲ့ ဒီကရိကထအားလုံးကို ကျော်ဖြတ်ရတာလဲ"

"နှစ်သိန်းချီတောင် ရှိနေပြီ၊ ဒါက မင်းနှလုံးသားကို ကာကွယ်ပေးတဲ့ အကြေးခွံဆိုရင်တောင် မင်းက ခုလောက်ဆို ပြန်ပေါက်သင့်ပြီမဟုတ်လား"

"အာ... တကယ်ပဲ ပြန်ပေါက်ခဲ့ပါတယ်" ပြောင့်လေး အမူအရာက ပြောင်းလဲသွားတယ်။ သူက တုံ့ဆိုင်းစွာနဲ့ အနေရခက်စွာ ကြည့်နေတယ်။ နောက်တော့ သူက ညည်းညူတော့တယ်။ "ဒါပေမဲ့... ဒါပေမဲ့ မတူဘူး"

"ဘယ်လိုလုပ်မတူတာလဲ" မင်းက နဂါးမှ မဟုတ်တာ။ မင်းကိုယ်မှာ အကြေးခွံအများကြီးမှ မလိုတာ။

"ဘာလို့လဲဆိုတော့... ဘာလို့လဲဆိုတော့..." သူ စကားပြောလေ သူ့သံက ပိုပြီး ညည်းသံထွက်လာလေပဲ။ ဖြစ်နိုင်တာ သူက သိပ်စိတ်ပူပန်နေလွန်းလို့ထင် အံကြိတ်ကာ တစ်ဖက်လှည့်ပြီး သူ့နဂိုအသွင်ဆီ ပြန်ပြောင်းလိုက်တယ်။ ချက်ချင်း မည်းနက်ပြီး သေးငယ်တဲ့ သားရဲတစ်ကောင်က သူတို့ရှေ့ ပေါ်လာတယ်။ ပြောင့်လေးက လက်သည်းကိုမြှောက်ပြီး သူ့ရင်ဘတ်ဆီသူ အမူအရာပြတယ်။

"ဒီအသစ်မှာက အရောင်မတူလို့ပါ"

သူတို့တွေ ပြောင့်လေးရင်ဘတ်ကို ငုံ့ကြည့်တော့ သူ့ရင်ဘတ်ကအကြေးခွံက တကယ်ပဲ အရောင်မတူတာ မြင်လိုက်ရတယ်။ အဲအကြေးခွံက အသည်းပုံဖြစ်ကာ ပြောင့်လေးကိုယ်အောက်ခြမ်းရဲ့ အလယ်တည့်တည့်မှာ ပေါက်နေတယ်။ အတော်လေးကို မျက်စိထဲထင်းနေလေရဲ့။

ပိုပြီးအရေးကြီးတာ ဒါက... ပန်းရောင်

(⊙ o ⊙)

အမည်းရောင်အကွက်ပြားကြီးအလယ်မှာ ပန်းရောင်အသည်းပုံ အကြေးခွံက ရှိနေတယ်။ အဝေးကနေကြည့်ရင် တစ်ယောက်ယောက်က ပြောင့်လေးရင်ဘတ်ပေါ် ပန်းရောင်အသည်းပုံ ဆွဲထားသလိုပဲ။ အဲလိုနဲ့ပဲ ကြောက်ခမန်းလိလိ ခြိမ်းခြောက်နေဟန် မကောင်းဆိုးဝါးက မိန်းကလေးတစ်ယောက် စိတ်ကူးထဲက ထွက်လာသလိုအရာမျိုးနဲ့ တူသွားရှာတယ်။

ဖွီ...။

သုံးယောက်သား ပြောင့်လေးကို တံတွေးစင်အောင် မလုပ်ဘဲ မနေနိုင်တော့ဘူး။

"ကြီးမြတ်တဲ့နတ်သမီး..." ပြောင့်လေးက ငိုချတော့မလိုအသံနဲ့။

"ပြောင့်လေး ခဏစောင့်ပါ" ကူယွဲ့က ပြောင့်လေးကို စကားဆက်မပြောအောင် လက်မြှောက်လိုက်တယ်။ သုံးယောက်သား ကိုယ်ကိုကိုင်းကာ သူတို့ပခုံးတွေ အသည်းအသန် လှုပ်ယမ်းနေတဲ့အထိ အားရပါးရ ရယ်တော့တယ်။ ခဏနေတော့ သူတို့ရဲ့ ထိန်းမချုပ်နိုင်တဲ့ရယ်သံက အခန်းထဲ ပြည့်သွားခဲ့တယ်ယ

"ဟားဟားဟား..." သုံးယောက်သားက အဆက်မပြတ်ရယ်နေလေရဲ့။

ဘယ်လိုထူးဆန်းတဲ့ ပန်းရောင်အသည်းက ပြောင့်လေးလို သားရဲပေါ် ကြီးထွားနေတာလဲ သူတို့တွေ သေတဲ့အထိရယ်မိတော့မယ်။ ချင်းဇယ်တိုက်ကြီးက အမတတွေ သူတို့အဇဋာဧကရာဇ်က ဒီလိုပုံစံဆိုတာ သိကြလား။

ပြောင့်လေး ။ ။ "..."

သူတို့တွေ သူ့ကို ဒီလို နာကျင်အောင် မလုပ်သင့်ပါဘူး ဘယ်လိုပဲဖြစ်ဖြစ် သူက အဇဋာဧကရာဇ်တွေထဲက တစ်ပါးလေ။ သူတို့ သူ့ကို လေးစားမှု ပိုပြသင့်တာကို။

နာကျင်ရလွန်းလို့ ငိုချင်နေပြီ...။

သုံးယောက်သား ဆယ်မိနစ်တိတိ ရယ်နေကြတယ်။ သူတို့တွေ မြေကြီးပေါ် လူးလှိမ့်မရယ်မိအောင် မနည်းထိန်းနေရတာ။

"ပြောင့်လေး... မင်းက အဇဋာဧကရာဇ်ပဲလေ၊ ဘာလို့ အဲနှလုံးသားအရောင်ကို ပြောင်းဖို့ မှော်အတတ်မသုံးတာလဲ"

"လုပ်ကြည့်ပေမဲ့ အလုပ်မဖြစ်ခဲ့တာပါ" အများဆုံးမှ သူလုပ်နိုင်သမျှက ကိုယ်အယောင်ဆောင်သိုင်းပဲ။ ဒါပေမဲ့ ခဏနေရင်တော့ နှလုံးသားက သူ့နဂိုအရောင်အဖြစ် ပြန်ပြောင်းသွားမှာ။

"ဒါဆို ဆေးဆိုးသင့်တယ်၊ အနည်းဆုံးတော့..."

"ကျွန်တော် အဲလိုမလုပ်နိုင်ဘူး၊ ဒါက ကျွန်တော့်နှလုံးသားကို ကာပေးထားတဲ့ အကြေးခွံလေ၊ အရောင်ကို ထိန်းထားမှာ မဟုတ်ဘူး"

"အာ~ ဟားဟားဟား..."

ကောင်းပြီလေ၊ သူတို့ ဆက်မ‌တောင့်ခံနိုင်တော့ဘူး။ သုံးယောက်သား ဟားပွဲကျကုန်တော့တယ်။

"..." ပြောင့်လေး နှလုံးသား အရမ်းကိုနာကျင်နေပြီ။

မိနစ်နည်းနည်း ထပ်ရယ်ပြီးတဲ့နောက် ကူယွဲ့ လည်ချောင်းရှင်းကာ သူ့ကိုယ်သူ ပြန်တည်ငြိမ်စေလိုက်တယ်။

"အဲတော့... အဲတော့... ဒါအတွက်... အာ... ဒီအရောင်ကြောင့် မင်းက အကြေးခွံကို ပြန်ရချင်တယ်ပေါ့"

ပြောင့်လေးက လူအသွင်ပြန်ပြောင်းကာ အသည်းအသန် ခေါင်းညိတ်တယ်။ "အမှန်ပါ" သူ့အဇဋာဧကရာဇ်အဆင့်အတန်းအတွက်သာ မဟုတ်ရင် သူ ဘာလို့ မြေအမတတစ်ယောက်ကို ကောင်းကင်နန်းတော်ဆီ ဖိတ်မှာလဲ။

"မင်း ဒီကျိုးရှုမင်အကြောင်း ဘာမှမသိဘူးပေါ့"

"အင်း" ပြောင့်လေးက ခေါင်းညိတ်တယ်။ "သူက အမတကျင့်ကြံသူဆိုတာလည်း မသိဘူး၊ ကျွန်တော်ထင်နေတာ ကျွန်တော့်အကြေးခွံကို ကူကောက်ပေးခဲ့သူက မိစ္ဆာပေါ့"

အဲတော့ ဒီလိုကိုး။ တခြားနည်းနဲ့ပြောရရင် ဒီကျိုးရှုမင်က ပြောင့်လေး အရင်ကကျကျန်ခဲ့တဲ့ အကြေးခွံကို ကောက်ရဖို့ကံ ပါပြီး နောက်တော့ အမတဘုံဆီ တက်လှမ်းလာတယ်။ ‌ပြီးတော့ ပြောင့်လေးက တစ်ချိန်တည်းမှာတင် အကြေးခွံကို ရှာနေခဲ့တာ။ အခု သူက ခြေရာခံမိသွားတော့ ဒီလူ့ကို သူ့ကောင်းကင်နန်းတော်ဆီ ချက်ချင်းဆင့်ခေါ်သင့်တယ်လို့ ဆုံးဖြတ်ခဲ့တာပဲ။

"ဒါဆို သူက ဘယ်ကမ္ဘာငယ်ကလဲ မင်းသိမှာပေါ့"

"မှန်ပါတယ်" ပြောင့်လေးက ခေါင်းညိတ်တယ်။ "သူက သက်တန့်အလင်းကမ္ဘာငယ်ကပါ"

ကူယွဲ့ စားဖိုမှူးဘက်ကြည့်လိုက်တယ်။ ယိချင်းက ခေါက်းညိတ်ပြတယ်။ သူတို့ လူ ဘယ်ကလဲတော့ ခြေရာခံပြီးပြီ။ စိတ်အေးကာ သက်ပြင်းချရင်း ကူယွဲ့ ယုန်ရဲ့ပြောင်းရွှေ့မှုနဲ့ ကျိုးရှုမင် ပျောက်ဆုံးမှုအပိုင်းကို အခြေအနေတစ်ခုလုံး ရှင်းပြလိုက်တယ်။ ဒါပေမဲ့ အချိန် နောက်ပြန်ဆုတ်သွားတဲ့အကြောင်းတော့ ကျော်ခဲ့တာပေါ့။

ပြောင့်လေးက သူ့အကြေးခွံက နောက်တစ်ကြိမ် အောက်ဘုံကို ပြန်ရောက်သွားတာကြားတော့ သိသိသာသာ စိတ်ပျက်သွားတယ်။

"ကြီးမြတ်တဲ့... ကြီးမြတ်တဲ့အမတ..." သူက လက်ကို မရဲတရဲမြှောက်ကာ ရှန်းရင်ဘက် စိုက်ကြည့်တယ်။ "ဒီလူက အောက်ဘုံဆီ ပြန်သွားချင်လားလို့ မေးခဲ့လားဟင်၊ ကျွန်တော်... ကျွန်တော်..."

"ကောင်းပြီလေ" ကူယွဲ့ ချက်ချင်း ပြောင့်လေး ဘာပြောဖို့ ကြိုးစားနေလဲ နားလည်သွားတယ်။

"တကယ်လို့ ငါတို့မင်းရဲ့ နှလုံးသားကာကွယ်အကြေးခွံတွေ့ရင် မင်းကိုပြန်ပေးမယ်"

"ကောင်းပါပြီ ကြီးမြတ်တဲ့အမတ ကျေးဇူးတင်ပါတယ် ကြီးမြတ်တဲ့အမတ" ပြောင့်လေးက ဝမ်းသာသွားတယ်။ သူ့ကြေမွနေတဲ့ နှလုံးသားလေးက ခုတော့ အကောင်းပတိဖြစ်သွားပြီ

ကူယွဲ့ အဆက်အသွယ်ကို ဖြတ်တောက်ကာ သူ့ကျောက်စိမ်းတံဆိပ်ပြားကို သိမ်းလိုက်တယ်။ နောက်တော့ စားဖိုမှူးဘက်လှည့်တယ်။ "ငါတို့ ကမ္ဘာငယ်လေးကို ခြေရာခံပြီးပြီဆိုတော့ ခုဆင်းသင့်ပြီ"

သူတို့ ဘယ်ကမ္ဘာငယ်ထဲ ကြည့်ရမလဲ သိတာနဲ့ ကျိုးရှုမင်ကိုရှာဖို့က မခက်လောက်။

စားဖိုမှူးက ခေါင်းညိတ်တယ်။ သူက လက်ကိုမြှောက်ကာ သက်တန့်အလင်းကမ္ဘာငယ်ဆီ ဦးတည်တဲ့ဘုံတံ‌ခါးတွေကို လှည့်ဖွင့်တယ်။ ကူယွဲ့ ယွီဟုန်အတွက် စကားတချို့မှာခဲ့ပြီး သုံးယောက်သား ဘုံတံခါးထဲ ဝင်ခဲ့ကြတော့တယ်။

နောက်အခိုက်အတန့်မှာ ပတ်ဝန်းကျင်တစ်ခုလုံး ပြောင်းလဲသွားတယ်။ သူတို့ ကွင်းပြင်ကြီးတစ်ခုထဲ ရောက်နေတာ။ ဒီက ဝိညာဉ်ချီက အတော်လေး ပေါကြွယ်ဝတယ်။ ဒီကမ္ဘာငယ်က သူတို့ရှိခဲ့တဲ့ ထျန်းလန်လောကသုံးခွင်၊ ဖက်တီးလာရာ အထွတ်အမြတ်ဆိုက်ရောဘုံတွေနဲ့ သိသိသာသာကို ယှဉ်နိိုင်တယ်။

ဟိုဟိုဒီဒီအာရုံခံရင်း စားဖိုမှူးက ကျိုးရှုမင်နေရာကို မြန်မြန်ပဲ ရှာတွေ့သွားတယ်။ သူ့အချက်အလက်က တစ်ဝက်ကျော် ယုတ်လျော့သွားတယ်လို့ ရှန်းရင်ပြောခဲ့တာမို့ သူ့ကျင့်ကြံဆင့် ယိုယွင်းမှုကို ရင်ဆိုင်ဖို့ ပြင်ဆင်ထားခဲ့ပေမဲ့ သူ့ကျင့်ကြံမှုက ဒီလောက်ဆိုးဆိုးဝါးဝါး ယိုယွင်းသွားမယ်တော့မထင်ထားခဲ့ဘူး

(⊙_⊙)

…

အခန်း ၆၂၉ ။ အပိုင်းအစနှစ်ခုကိုရှာခြင်း

ကူယွဲ့ နှုတ်ခမ်းသပ်လိုက်တယ်။ ဒါယိုယွင်းတာလား။ ဒါ အစက ပြန်စတာနဲ့ပိုတူနေတယ်မလား။

သူ့ရှေ့ကလူအုပ်ထဲမှာတော့ စင်မြင့်ကို သိချင်စိတ်၊ စိတ်လှုပ်ရှားစိတ်တို့နဲ့ကြည့်နေတဲ့ ကျိုးရှုမင်ကို မြင်လိုက်ရတယ်။ နည်းနည်း ပိုငယ်နေတာအပြင် သူ့ကျင့်ကြံဆင့်ကလည်း သူတို့ ခန့်မှန်းထားသလို နတ်ဝိညာဉ်အဆင့်မဟုတ်။ အဲအစား သူက ချီမွမ်းမံမှုအဆင့်ပဲရှိသေးတာ။

သူက အမတဂိုဏ်းတစ်ခုခုက လူစုဆောင်းတဲ့အုပ်စုလိုနေရာမျိုးမှာ။ ဂိုဏ်းက ‌လောလောဆယ် လူစုဆောင်းနေတဲ့ပုံ။ တန်ခိုးအာဏာကြီးတဲ့ ဂိုဏ်းဖြစ်သလိုပဲ။ ဘာလို့လဲ‌ဆိုတော့ သူတို့ ဂိုဏ်းကိုတွေ့ချိန် တပည့်အဖြစ်စာရင်းသွင်းချင်တဲ့လူအုပ်ကြီးက စုဝေးနေပြီ။

အများစုက ချီမွမ်းမံမှု တတိယသို့မဟုတ် စတုတ္ထအဆင့်မှာ။ ကျိုးရှုမင်က သူတို့ထက် နည်းနည်းသာတယ်ဆိုရုံလေး။ သူက သတ္တမအဆင့်။

ဒါပေမဲ့ စောနကတက်လှမ်းလာကာစက ကျင့်ကြံမှုနဲ့ယှဉ်ရင်တော့ ကွာခြားချက်က မိုးနဲ့မြေကြီးပေါ့။

"တာအိုရောင်းရင်းကျိုး" ကူယွဲ့ မနေနိုင်ဘဲ လှမ်းခေါ်လိုက်တယ်။ သူက ကျိုးရှုမင်ကို ရှင်းပြချင်ပေမဲ့ ရှင်းမပြနိုင်တဲ့ကိစ္စတွေအများကြီးရှိသလို နာကျင်နေတဲ့အမူအရာနဲ့ ကြည့်တယ်။

ကျိုးရှုမင်က တန့်သွားကာ ဟိုဟိုဒီဒီကြည့်တယ်... နောက်တော့ ကူယွဲ့ဘက်လှည့်လာတယ်။

"တာအိုရောင်းရင်း... ကျုပ်ကိုသိတာလား"

"မင်း ကျုပ်ကိုမမှတ်မိဘူးလား" ကူယွဲ့ မျက်မှောင်ကြုတ်မိသွားတယ်။ ကြည့်ရတာ ဒီအချိန် နောက်ပြန်ဆုတ်တာက သူသိထားတဲ့ အချက်အလက်ပြန်စတာနဲ့ မကွာတဲ့ပုံ။ ကျိုးရှုမင် မှတ်ဉာဏ်တောင် ဖျက်သိမ်းခံလိုက်ရတယ်။

"ကျုပ် ‌တောင်းပန်ပါတယ်" ကျိုးရှုမင်က သူ တကယ် ကူယွဲ့ကို မေ့မိသွားတာလို့ တွေးနေတယ်။

"ခင်ဗျားကို တကယ်မမှတ်မိတာ၊ ကျုပ်တို့ ဘယ်မှာများ တွေ့ခဲ့ဖူးတာလဲ၊ တာအိုရောင်းရင်းကို ကျုပ် ဘယ်လိုခေါ်ဝေါ်ရမလဲ"

"ကျုပ်နာမည်က ကူယွဲ့" ကူယွဲ့ မျက်လုံးတွေမှေးသွားတယ်။ နောက်တော့ သူက စကားလမ်းကြောင်း‌ပြောင်းကာ ဇာတ်လမ်းတစ်ပုဒ်စဖန်တီးတော့တယ်။ "ကြီးကြီးမားမား မဟုတ်ပါဘူး၊ ကျုပ်တို့ အရင်နှစ်တချို့က တွေ့ဖူးတာ၊ အဲအချိန် မင်းက ဝိညာဉ်ကျောက်တုံးတွေ မယူလာလို့ နေရာရွှေ့ပြောင်းဖို့အတွက် ငါ့ဆီက နှစ်တုံးချေးသွားခဲ့တယ်၊ မှတ်မိလား"

ရှန်းရင် ။ ။ "..."

ယိချင်း ။ ။ "..."

အဲဒါ ဘယ်လိုတောင် တုံးအတဲ့‌ဆင်ခြေလဲ — သူ့ကိုအလေးအနက်ထားသူရော ရှိပါဦးမလား

"သိပါပြီ" ကျိုးရှုမင်က ရုတ်တရက် နားလည်သွားသလို။ "ကျုပ်တောင်းပန်ပါတယ်။ ဒီလိုမျိုးအရာကို မေ့မယ်လို့ မယုံနိုင်ဘူး၊ ကျုပ်တို့က နောက်တစ်ကြိမ် ပြန်တွေ့ဖို့ကံပါလာတာပဲ တာအိုရောင်းရင်း" သူက ဝတ်ရုံထဲကနေ ဝိညာဉ်ကျောက်တုံးလေးခု အမြန်ထုတ်တယ်။

"ကျုပ် ဝိညာဉ်ကျောက်တုံးတွေ ချက်ချင်း ပြန်ပေးပါ့မယ်၊ ကျုပ် လိုအပ်ချိန် ကူညီပေးလို့ ကျေးဇူးပါ တာအိုရောင်းရင်း"

ဆရာတပည့် ။ ။ "..."

သူက တကယ် ကူယွဲ့ကိုယုံတယ်ပေါ့။ ဒီလူက အတော်လေး အယုံလွယ်သူ ဖြစ်ရမယ်မဟုတ်လား။

"မစိုးရိမ်ပါနဲ့ တာအိုရောင်းရင်း၊ ကျုပ်တို့က တကယ်ကို နောက်တစ်ကြိမ်တွေ့ဖို့ ကံပါတာပါ" ကူယွဲ့က ပြုံးကာ ဝိညာဉ်ကျောက်တုံးတွေကို လက်ခံလိုက်တယ်။

ဆရာတပည့် ။ ။ "..." သူက တကယ် အရှက်မရှိ ဝိညာဉ်ကျောက်တုံးတွေကို လက်ခံတယ်ပေါ့လေ။ သူ့မျိုးရိုးနာမည်က တကယ်ကို နျိုပဲ။ သူ့အရေပြားက နွားအရေလို ထူလှတယ်

(မှတ်ချက် ။ ။ နာမည်က နွားအသံထွက်နဲ့ ဆင်တာပါ)

"တာအိုရောင်းရင်းကူယွဲ့ ခင်ဗျားကလည်း ထိုက်ယန်ဂိုဏ်းရဲ့တပည့်စုဆောင်းမှုထဲ ပါဝင်ဖို့ ရောက်လာတာလား" ကျိုးရှုမင်က မေးတယ်။

"တာအိုရောင်းရင်းကျိုး၊ ခင်ဗျားက ထိုက်ယန်ဂိုဏ်းထဲဝင်ဖို့ စိတ်ဝင်စားနေတာလား" ကူယွဲ့ လူအုပ်ကြီးကို ဝေ့ဝဲကြည့်လိုက်တယ်။ "ဒီထိုက်ယန်ဂိုဏ်းက ဘာများအဲလောက်ထူးခြားနေလို့လဲ"

"တာအိုရောင်းရင်း နောက်နေတာ ဖြစ်ရမယ်" ကျိုးရှုမင်က ကူယွဲ့ကို စိတ်အားထက်သန်စွာ ကြည့်လာတယ်။ "ထိုက်ယန်ဂိုဏ်းက လောကနံပါတ်တစ်ဂိုဏ်းဆိုတာ ဘယ်သူမသိလို့လဲ၊ သေချာပေါက် ကျင့်ကြံသူအားလုံးက သူတို့ဂိုဏ်းထဲဝင်ချင်ကြတာပေါ့၊ ထိုက်ယန်ဂိုဏ်းရဲ့ တစ်ခုတည်းသော ခြွင်းချက်က သူ့စုဆောင်းမှုမှာ အရမ်းကိုစည်းကမ်းတင်းကြပ်တာပဲ၊ ကျုပ် ရှေ့ထွက်လာပြီး တစ်ချက် မစမ်းကြည့်ရဲခင် ဒီအဆင့်ရောက်လာဖို့ အချိန်အတော်ကြာ ကြိုးစားခဲ့ရတာ"

"သိပြီ" ကူယွဲ့ ခေါင်းညိတ်လိုက်တယ်။

"အမှန်ပဲ။ တာအိုရောင်းရင်းကူယွဲ့က ခုဘာကျင့်ကြံဆင့်များလဲသိချင်တယ်" ကျိုးရှုမင် ကူယွဲ့က ဘာကျင့်ကြံဆင့်လဲဆိုတာ မပြောနိုင်ဘူး။သူက ကျိုးရှုမင်ထက် ပိုပြီးခွန်အားကြီးတယ်ဆိုတာတော့ ခန့်မှန်းမိတယ်။

"ကျုပ်က အုတ်မြစ်အခြေတည်အဆင့်ပါ" ကူယွဲ့ ပေါ့ပေါ့ပြောလိုက်တယ်။

"အုတ်မြစ်အခြေတည်" ကျိုးရှုမင် အံ့ဩတကြီး ရေရွတ်လိုက်တယ်။ "တာအိုရောင်းရင်း၊ ခင်ဗျားက တကယ်ကို အုတ်မြစ်အခြေတည်အဆင့်ကျင့်ကြံသူဖြစ်နေပြီကို ဒါဆို... ခင်ဗျားက စုဆောင်းမှုအတွက် ဘာလို့ ဒီကိုရောက်နေတာလဲ" သူက မနီးမဝေးက ခြံဝန်းကို လက်ညှိုးထိုးကာ စိုးရိမ်တကြီးပြောလိုက်တယ်။ "တာအိုရောင်းရင်း၊ ခင်ဗျား နေရာမှားလာပြီ၊ အုတ်မြစ်အခြေတည်အဆင့်ကျင့်ကြံသူတွေက သူတို့ကိုယ်ပိုင်သီးသန့်စုဆောင်းမှုလုပ်ငန်းစဉ်အတွက် အဲကိုသွားရမှာ၊ ထိုက်ယန်ဂိုဏ်းက လူတစ်ယောက်ရဲ့ ကျင့်ကြံဆင့်အပေါ် အရမ်းကိုအလေးပေးတယ်၊ ခင်ဗျားက အုတ်မြစ်အခြေတည်အဆင့်ရောက်နေပြီဆိုမှတော့ သူတို့က သေချာပေါက် ခင်ဗျားကိုခေါ်မှာပါ"

ကူယွဲ့ ဘေးကခြံဝန်းဘက်လှည့်ကြည့်ကာ ဂါတဝရပြုလိုက်တယ်။ "လမ်းညွှန်မှုအတွက် ကျေးဇူးပါ တာအိုရောင်းရင်းကျိုး"

"တာအိုရောင်းရင်း၊ မစိုးရိမ်ပါနဲ့" ကျိုးရှုမင်က ‌ကြင်နာစွာပြုံးတယ်။ "ဘယ်ပြောနိုင်မလဲ၊ ကျုပ်တို့ အနာဂတ်မှာ တစ်ဂိုဏ်းတည်း ဖြစ်လောက်တယ်"

"ဒါဆို မင်းအောင်မြင်ဖို့ကို ကျုပ်တောင်းဆိုပါတယ်" ကူယွဲ့ ရည်ရည်မွန်မွန် ပြန်ဖြေလိုက်တယ်။ စကားစမြည်တချို့ ထပ်ပြောပြီးတဲ့နောက် သူက ခုလေးတင်ရလာခဲ့တဲ့ ‌ဝိညာဉ်ကျောက်တုံးလေးတုံးကို သယ်ကာ ယိချင်းနဲ့ရှန်းရင်ဆီ ပြန်လာခဲ့တယ်။

သူတို့ လမ်းဆုံးရောက်တော့မှ သူကမေးတယ်။ "စားဖိုမှူး၊ မင်း ဘယ်လိုထင်လဲ၊ ကျိုးရှုမင်က မင်းအတွက် ကျူးကျော်သူလို့ခံစားရလား"

"ဟင့်အင်း" ယိချင်းက သူ့ခေါင်းကိုယမ်းတယ်။ "သူ့ကိုယ်နဲ့ ဝိညာဉ်ကို စစ်ဆေးကြည့်ပေမဲ့ သာမန်ထက် ထူးခြားတာရှာမတွေ့ခဲ့ဘူး။

ကူယွဲ့ ပိုပြီးတောင် နက်ရှိုင်းစွာ မျက်မှောင်ကြုတ်လိုက်တယ်။ ဒီကျိုးရှုမင်က ကျူးကျော်သူတွေနဲ့ ဘာမှမဆိုင်တာဖြစ်နိုင်လား။ သူက တကယ်ပဲ တခြားတစ်ယောက်ယောက်က အချိန်နောက်ပြန်ဆုတ်ခဲ့တာကြောင့်သာ သေမျိုးဘုံဆီ ပြန်ဆွဲခေါ်ခံခဲ့ရတာလား။ သူက အဲလောက်တောင် ကံဆိုးတာလား။

"ပြောင့်လေးရဲ့ အကြေးခွံက ဘယ်နေရာမှာလဲ" ရှန်းရင်က ရုတ်တရက် မေးတယ်။

ကူယွဲ့ရော ယိချင်းပါ သူမကို အူတူတူစိုက်ကြည့်နေပြီးမှ ယိချင်း သူတို့ ဒီကိစ္စကိုပါ ဖြေရှင်းရဦးမယ်ဆိုတာ နားလည်သွားခဲ့တယ်။ "ကျွန်တော် အဲဒါလည်း ရှာမတွေ့ခဲ့ဘူး အဲလူကိုယ်ပေါ်မှာ မသေမျိုးချီအရိပ်အယောင် တစ်စက်တောင် မရှိဘူး၊ အကြေးခွံက သူနဲ့မဟုတ်ဘူး"

"တခြားနည်းနဲ့ပြောရရင် သူက အဲဒါကို မကောက်ယူရသေးဘူး" ကူယွဲ့အမူအရာက မည်းမှောင်နေတယ်။ သူ မျက်မှောင်ကြုတ်ကာ တစ်ခုခုကိုနားလည်သွားတဲ့ပုံ။

"ဆရာ ကျွန်တော်တို့ ခုဘာလုပ်သင့်လဲ" ယိချင်းက မေးတယ်။

ရှန်းရင် တစ်ခဏ စဉ်းစားဖို့ ခေါင်းစောင်းလိုက်တယ်။ နောက်တော့ သူမကပြောတယ်။ "စောင့်ဦး"

"စောင့်ရမယ်လား" ဘာစောင့်ရမှာလဲ။

နှစ်ယောက်သား အဓိပ္ပာယ်ပါပါ အကြည့်ချင်းဖလှယ်လိုက်ကြတယ်။ ခဏနေတော့ ကူယွဲ့ မျက်လုံးတွေ တောက်ပသွားတယ်။ "ဆိုလိုတာ ကျူးကျော်သူ အကွက်ရွှေ့မှာကို စောင့်မယ်လား၊ သူက အဲလောက်တောင် တုံးအပါ့မလား"

ရှန်းရင် သူမဝတ်ရုံထဲကနေ အကျင့်အတိုင်း အသီးတစ်လုံးထုတ်ကာ တဂျွတ်ဂျွတ်ဝါးလိုက်တယ်။

"ကျူးကျော်သူက ခုလေးတင် အချိန်နောက်ပြန်လှည့်ဖို့ စွမ်းအားအများကြီးသုံးခဲ့ရတာ၊ သူက ဒါကို အကြောင်းရင်းတစ်ခုခုကြောင့် လုပ်ခဲ့တာပဲဖြစ်ရမယ်"

"ဆရာ ဆိုလိုတာ သူက တစ်ခုခုကိုပြောင်းလဲဖို့ ကြိုးစားနေတယ်လား" ယိချင်းကမေးတယ်။

"အင်း" ရှန်းရင်က ခေါင်းညိတ်တယ်။ "သူက ဒီလောကငယ်လေးထဲက အချိန်ကို ပြန်လှည့်ခဲ့တာ၊ ‌ဆိုလိုတာ ကျူးကျော်သူက မျက်နှာပြင်တစ်ခုလုံးထဲက အချိန်ကို ပြန်လှည့်ဖို့တော့ စွမ်းအား မလုံလောက်ဘူး၊ ပြီးတော့ အဲကျိုး... ကျိုးနှစ်ကျပ်ဆိုလား"

"ကျိုးရှုမင်" ကူယွဲ့ နှုတ်ခမ်းသပ်လိုက်တယ်။ ဒီနှစ်ကျပ်က ဘယ်ကနေလာတာလဲ။ ဝိညာဉ်ကျောက်တုံးနှစ်ခုလား။

"ဟုတ်တယ်၊ သူက အမတဖြစ်နေပြီလေ၊ ပြောရရင် ကမ္ဘာငယ်လေးထဲ ဘာဖြစ်ဖြစ် သူနဲ့မဆိုင်ဘူး၊ သူကပြန်ဆွဲမခေါ်ခံရသင့်ဘူး၊ ဒါပေမဲ့ ကျူးကျော်သူက တမင်သက်သက် သူ့ကို ဒီနေရာဆီ ပြန်ဆွဲခေါ်ခဲ့တယ်၊ သူက ဘာနောက်ကိုလိုက်နေတယ်ထင်လဲ"

"ကျူးကျော်သူက ကျိုးရှုမင်နဲ့ ပတ်သက်တာတစ်ခုခု လိုချင်နေတာပေါ့" ယိချင်းက ရေရွတ်တယ်။

"တကယ်လို့အဲလိုသာဆို ကျူးကျော်သူက ကျိုးရှုမင်နား ပေါ်လာလောက်တယ်၊ ကျွန်တော်တို့..."

"ကျူးကျော်သူကိုရှာဖို့ ကျိုးရှုမင်နောက်လိုက်ရမယ်" ကူယွဲ့ သူ့စကားကိုအဆုံးသတ်ပေးလိုက်တယ်။ ဒါက သဘာဝကျတယ်။ တကယ်ပဲ ကလိမ်ကကျစ်က ‌ဦးနှောက်တစ်ခါသုံးတာနဲ့ နှစ်နည်းနည်းတော့ သုံးစားလို့ရသား။

"ဒါဆို အခု..." ယိချင်းက ရှန်းရင်ဘက်လှည့်တယ်။

"သေချာပေါက် ထိုက်ယန်ဂိုဏ်းထဲဝင်ဖို့ စမ်းကြည့်ရမှာပေါ့။ ဒါဆို ငါတို့သူ့ကိုစောင့်ကြည့်ဖို့ ပိုလွယ်ကူသွားပြီ" ကူယွဲ့ တစ်ခါတည်းတုံ့ပြန်လိုက်တယ်။ "သွားကြစို့ စာရင်းသွင်းရမဲ့အချိန်ပဲ"

သူက‌ပြောရင်း နှစ်ယောက်ကို ကျိုးရှုမင်ညွှန်ပြတဲ့ခြံဝန်းဆီ ခေါ်သွားတယ်။ သူ့ကျင့်ကြံဆင့်ကိုလည်း အုတ်မြစ်အခြေတည်အ‌ဆင့်ကျင့်ကြံသူနဲ့တူအောင် ထိန်းညှိလိုက်တယ်။

သူတို့အပြင်မှာမြင်ခဲ့ရတဲ့ လူအုပ်ကြီးနဲ့ယှဉ်ရင် ခြံဝန်းထဲ တကယ်ကိုလူမရှိသလောက်ပဲ။ ပိုပြီးလည်း အေးလာတယ်။ ကျိုးရှုမင် မှန်တယ်။ ဒီနေရာက တကယ်အုတ်မြစ်အခြေတည်အဆင့်ရောက်ပြီးသား ကျင့်ကြံသူတွေအတွက်ပဲ။ စာရင်းသွင်းနေတဲ့ ပထမဆုံးလူနှစ်ယောက်က အပြာရောင်ဝတ်ရုံနဲ့။ သူတို့က ထိုက်ယန်ဂိုဏ်းက ဖြစ်မယ်လို့ကူယွဲ့ခန့်မှန်းရတယ်။

သူတို့နှစ်ယောက်က ချီမွမ်းမံမှုအဆင့်ပဲရှိသေးတော့ စာရင်းသွင်းလာသူတွေကို နွေးထွေးစွာ ဆက်ဆံတယ်။ သူတို့က တကူးတက ထိုင်ဖို့ဖိတ်ကြားလိုက် စာရင်းသွင်းဖို့ တစ်ယောက်ချင်းဆီ သွားလိုက်နဲ့။ နောက်တော့ တစ်ယောက်ပြီးတစ်ယောက် ကျင့်ကြံသူတွေရဲ့ မှော်အတတ်တွေကို စမ်းသပ်ကာ အင်းကွက်တချို့ ဖန်တီးခိုင်းပြီး သူတို့ဝိညာဉ်ကြောတွေကို တိုင်းတာတယ်။

ကူယွဲ့နဲ့ စားဖိုမှူးက စတည်းက အဆင့်မြင့်ကျင့်ကြံသူတွေ။ ဒါကြောင့် ဒါတွေက သူတို့အတွက် အရမ်းလွယ်တယ်။ ဒါပေမဲ့ ရှန်းရင်... အာ တပည့်နှစ်ယောက်က လုပ်ငန်းစဉ်တစ်လျှောက် သူမကို တစ်ချက်လေးတောင် လှမ်းမကြည့်။

စမ်းသပ်မှုက အုတ်မြစ်အခြေတည်အဆင့်ကျင့်ကြံသူတွေအတွက် အတော်လေးရိုးရှင်းတယ်။ သူတို့အပြင် ခြံဝန်းထဲကလူတိုင်း စမ်းသပ်မှုကို လွယ်လင့်တကူ အောင်မြင်ပုံပဲ။ ရလဒ်တွေထွက်လာချိန် ချီမွမ်းမံမှုအဆင့် လူခေါ်မှုလုပ်ငန်းစဉ်ကလည်း အနည်းနဲ့အများ ပြီးနေပြီ။ အပြင်က လူအုပ်ကြီးကလည်း တစ်ဝက်ကျော် လျော့သွားတယ်။

ချီမွမ်းမံမှု သတ္တမအဆင့်ရောက်နေခဲ့တဲ့ ကျိုးရှုမင်ကလည်း အံ့ဩသင့်စရာကောင်းလောက်စွာ... ဝင်ရောက်ဖို့ ကျရှုံးသွားခဲ့လေရဲ့

ရှန်းရင် ။ ။ "..."

ကူယွဲ့ ။ ။ "..."

ယိချင်း ။ ။ "..."

ချီး

…

အခန်း ၆၃၀ ။ ကွေ့ယီဂိုဏ်းဆီသို့

"ထိုက်ယန်ဂိုဏ်းဆီဝင်ခွင့်ရတာ ဂုဏ်ယူပါတယ်တာအိုရောင်းရင်း ကူယွဲ့" ကျိုးရှုမင်က ကူယွဲ့ကို စိတ်ရင်းအတိုင်း အားကျစွာ ပြုံးပြနေတယ်။ "ခင်ဗျားလိုချင်တာ ရလိမ့်မယ်ဆိုတာ ကျုပ်သိသားပဲ"

သောက်ကျိုးနည်း ငါလိုချင်တာ ရတယ်ပေါ့၊ မင်းကတော့ ပြုတ်သွားပြီလေ။ သူတို့ ဒီဂိုဏ်းထဲ ဘာလုပ်ဖို့ ဝင်ခဲ့တာလဲ သူက အရင်က မသေမျိုး တက်လှမ်းဖူးတာကို ဘယ်လိုလုပ် ဒီလောက် ပျက်ချော်ချော်နိုင်ရတာလဲ

ကူယွဲ့ နှုတ်ခမ်းကိုသပ်ကာ ကျိုးရှုမင်ကို မဆဲမိအောင် အသက်ပြင်းပြင်း ရှူသွင်းလိုက်ရတယ်။ "ကျိုး... တာအိုရောင်းရင်း ကျိုး မင်း ခုကစပြီး ဘာဆက်လုပ်ဖို့ စီစဉ်ထားလဲ"

ကျိုးရှုမင်က ခေါင်းကိုကုတ်ကာ ရှက်နေဟန်။ "အာ... အမှန်တိုင်းပြောရရင် ကွေ့ယီဂိုဏ်းက ဖျင်ဟွားမြို့မှာ သုံးရက်အတွင်း လူစုဆောင်းမယ်ကြားတယ်၊ ကွေ့ယီဂိုဏ်းက ထိုက်ယန်ဂိုဏ်းလောက် ဂုဏ်သတင်း မကြီးပေမဲ့ ဒီက ပင်မဂိုဏ်းခြောက်ခုထဲကတစ်ခုပဲ၊ အဲဒါကြောင့် ကျုပ် အဲကိုသွားစမ်းကြည့်မို့"

အဲတော့ မင်းမှာ အရန်အစီအစဉ်ရှိတယ်ပေါ့။ ငါတို့ကို စောစောက ပြောခဲ့သင့်တာ။

"အိုး ကွေ့ယီဂိုဏ်းက အဲလောက်တောင် ကောင်းတယ်လား" ကူယွဲ့က မေးတယ်။

"သေချာပေါက်ပေါ့" ကျိုးရှုမင်က မျက်လုံးတွေ တောက်ပနေတယ်။ သူ့အသံက မျှော်လင့်ချက်တချို့ သယ်ဆောင်နေတယ်။ "ကွေ့ယီဂိုဏ်းက ထိုက်ယန်ဂိုဏ်းလောက် တပည့်မများပေမဲ့ ဂိုဏ်းထဲအမြုတေကျင့်ကြံသူတွေ များတယ်၊ အဲမှာ နဝမအဆင့် အဂ္ဂိရိတဆရာလည်းရှိတယ်၊ ဂိုဏ်းတွေအားလုံးထဲတော့ ကွေ့ယီဂိုဏ်းလည်း တော်တော်နာမည်ကြီးတယ်"

"နဝမအဆင့် အဂ္ဂိရတ်ပညာရှင်လား" ကျိုးရှုမင်က အမြုတေကျင့်ကြံသူလား။

"အမှန်ပဲ" ကျိုးရှုမင်အသံက ပိုပိုစိတ်လှုပ်ရှားလာတယ်။ "သက်တန့်အလင်းဘုံမှာ တစ်ယောက်တည်းသော နဝမအဆင့် အဂ္ဂိရတ်ပညာရှင်က ကွေ့ယီဂိုဏ်းကပဲ၊ တခြားဂိုဏ်းတွေက ဆေးလုံးကျင့်ကြံချင်သူတွေလည်း ကွေ့ယီဂိုဏ်းနဲ့ ဆွေးနွေးရတယ်လေ"

"ကွေ့ယီဂိုဏ်းက သိပ်ပြီးဆိုးတဲ့ ရွေးချယ်မှု မဟုတ်ပုံပဲ"

"သေချာပေါက်ပေါ့၊ ပြီးတော့ ဂိုဏ်းက တပည့်တွေကို ဆက်ဆံနည်း အတော်လေး ကွဲပြားတယ်၊ သူတို့က ဝိညာဉ်ကြောတွေအပေါ် အာရုံမစိုက်ဘူး၊ ဝိညာဉ်ကြောကဘာပဲဖြစ်ဖြစ် စမ်းသပ်ချက်ကို အောင်တဲ့သူတွေက ဂိုဏ်းထဲဝင်နိုင်မယ်"

"အဲလောက်တောင် ကောင်းတယ်လား၊ ငါတို့လည်း သွားသင့်တယ်ထင်တယ်"

"သေချာ... ဟမ် အာ" ကျိုးရှုမင်က ပြောနေရင်း တန့်သွားပြီး ကူယွဲ့ကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေတယ်။

"ဒါဆို အဲလိုဆုံးဖြတ်လိုက်ပြီ ငါတို့ ဘယ်လို ဖျင်ဟွားမြို့ဆီ သွားရမလဲ"

"ဟင့်အင်း... တာအိုရောင်းရင်း..." ခင်ဗျားတို့ ခုလေးတင် ‌ထိုက်ယန်ဂိုဏ်းထဲ ဝင်ထားတာ မဟုတ်ဘူးလား။

"ကျုပ်တို့က ဒီကို ပထမ‌ဆုံးအကြိမ် ရောက်တာဆိုတော့ လမ်းမကျွမ်းသေးဘူး၊ အဲကို အတူတူသွားကြရင်ရော"

"အဲဒါက ရပါတယ် ဒါပေမဲ့..."

"ထပ်ပြီး အချိန်မနှောင့်နှေးရအောင် ကျုပ်တို့ ခု‌စထွက်လို့ရပြီ"

"..."

"အော်ဟုတ်သား မိတ်ဆက်ပေးဖို့ မေ့နေတာ" သူက တစ်ဖက်လှည့်ကာ နောက်ကလူနှစ်ယောက်ဆီ အမူအရာပြတယ်။ "ဒါ ကျုပ်အဖော်တွေလေ၊ ဒီလူက ယိချင်း၊ သူက ဓားကျင့်ကြံသူ၊ ဒီတစ်ယောက်ကတော့... အရေးမကြီးဘူး"

ကျိုးရှုမင် ။ ။ "..."

ရှန်းရင် ။ ။ "..." ခွေး*သား

——————

ကျိုးရှုမင် ပွင့်ပွင့်လင်းလင်းပြောရရင် တော်တော် ဇဝေဇဝါ ဖြစ်သွားတယ်။ ထိုက်ယန်ဂိုဏ်းဝင်ဖို့ စာမေးပွဲအောင်မြင်ပြီးသား သူတို့ရှေ့ တောက်ပတဲ့အနာဂတ်ရှိနေတဲ့ သုံးယောက်က ဘာကြောင့် သူနဲ့စကားပြောပြီးနောက်မှာ စိတ်ပြောင်းသွားပြီး ကွေ့ယီဂိုဏ်းထဲဝင်ရောက်ချင်တာလဲ သူနားမလည်နိုင်ဘူး။ ကျိုးရှုမင် သူတို့သုံးယောက် စိတ်ပြောင်းသွားပြီး ထိုက်ယန်ဂိုဏ်းအစား ကွေ့ယီဂိုဏ်းကို ရွေးချယ်စေခဲ့တဲ့ သူပြောခဲ့တာတွေထဲက ဘာမမှန်မကန်ပြောခဲ့လဲ စကားဝိုင်းကို ပြန်စဉ်းစားရင်း အဖြေရှာဖို့ ကြိုးစားနေတယ်။

ဒါပေမဲ့ သူ ဘယ်လောက်ပဲ ကြိုးစားရှင်းပြပါစေ သူတို့ သုံးယောက်က ကွေ့ယီဂိုဏ်းထဲ ဝင်ရောက်ဖို့ စိတ်ပိုင်းဖြတ်ထားပုံပဲ။ သူ ထိတ်လန့်တာ ကျော်လွန်ချိန်မှာတော့ သူတို့ဟာ ဖျင်ဟွားမြို့ကို သွားတဲ့လမ်းပေါ် ရောက်နေပြီ။

ကျိုးရှုမင် လမ်းတစ်လျှောက်လုံး စိတ်မသက်မသာ ခံစားခဲ့ရတယ်။ မိသားစုတစ်ခုလုံးကို သတ်လိုက်မိသလိုမျိုး သူတို့သုံးယောက်ဆီ အပြစ်ရှိသလို လှမ်းလှမ်းကြည့်နေမိတယ်။ သူ့ဆီက စကားအနည်းငယ်က ဒီလောက်လွှမ်းမိုးမှုကြီးမယ်လို့ မထင်ထားမိခဲ့ဘူး။

"တာအိုရောင်းရင်းကျိုး ငါတို့ ဘယ်ဆက်သွားရမလဲ " ကူယွဲ့က သူ့ရှေ့က လမ်းဖြတ်ကို ညွှန်ပြတယ်။

ကျိုးရှုမင်က သူတို့ကို ကြည့်ပြီး ပြောစရာ စကားပျောက်ဆုံးနေတယ်။ ခဏကြာတော့ သူက ဘယ်ဘက်ကို ညွှန်ပြတယ်။ "ဖျင်ဟွားမြို့က အနောက်ဘက်မှာပါ" မရေမတွက်နိုင်တဲ့ အကြိမ်မြောက် သူ ကူယွဲ့ကို နောက်တစ်ကြိမ် ဖျောင်းဖျဖို့ ကြိုးစားခဲ့တယ်။ "တာအိုရောင်းရင်းကူယွဲ့က ကွေ့ယီဂိုဏ်းကို ကျုပ်နဲ့ တကယ်လာချင်လို့လား၊ အခု ထိုက်ယန်ဂိုဏ်းဆီ ပြန်သွားဖို့အချိန်မနှောင်းသေးဘူး" မိုက်မဲတာတွေ မလုပ်ပါနဲ့။

"မင်းက ဘယ်ဂိုဏ်းထဲ ဝင်ချင်တာလဲ"

"သေချာပေါက် ကွေ့ယီဂိုဏ်းဆီ သွားရမှာပေါ့" ဒါပေမဲ့ သူက လူခေါ်စစ်ဆေးမှုကို ကျရှုံးခဲ့တာကြောင့်မို့သာလေ။

"ဒါဆိုလည်း ဆုံးဖြတ်လိုက်ပြီ၊ သွားကြစို့" ကူယွဲ့က ဘယ်ဘက်ချိုးကာ ဆက်လျှောက်သွားတယ်။

"..." ဒါက ဘယ်လိုဆုံးဖြတ်တာလဲ။ ဒါက သူတို့ အလုပ်အကိုင်တစ်ခုလုံးနဲ့ ပတ်သက်နေတာလေ။ ဒီဆုံးဖြတ်ချက်ကို သူက ဘာလို့‌အဲလောက်တောင် ခပ်ပေါ့ပေါ့လုပ်နေတာလဲ။

ကျိုးရှုမင် အချိန်မရွေး ပြိုလဲလုနီးပါး ဖြစ်နေပုံပဲ။ စိတ်ပြောင်းဖို့နည်းလမ်းမရှိတာ မြင်လိုက်ရတော့ သက်ပြင်းချကာ လိုက်လာခဲ့တယ်။ ဒါပေမဲ့ သူက သစ်ရွက်ခြောက်လို ညှိုးရော်နေလေရဲ့။ တောက်ပတဲ့အနာဂတ်ရှိနေတဲ့ တာအိုရောင်းရင်းသုံးယောက်က သူ့ဆီက စကားလေးတစ်ခွန်းကြောင့် ပျက်စီးသွားတာကို တွေးမိရင် သူ့ကိုယ်သူ ရေနှစ်သတ်ချင်လောက်အောင် အပြစ်ရှိသလို ခံစားရတယ်။

ဒါပေမဲ့ တစ်ဖက်လူတွေကတော့ လုံးဝစိတ်မ၀င်စားတဲ့ပုံ။ ကျိုးရှုမင်က သူတို့ကို ပြန်သွားဖို့ ဘယ်လောက်ပဲ ကြိုးကြိုးစားစား စည်းရုံးနေပါစေ စကားကို နားမထောင်ဘဲ ကွေ့ယီဂိုဏ်းဆီ လိုက်လာကြတယ်။ ပြီးတော့ သူ့ ကျင့်ကြံဆင့်နဲ့ ကိုက်ညီဖို့ သူတို့ကဓားတွေပေါ်ကနေ မြို့ထဲတိုက်ရိုက် ပျံသန်းသွားဖို့ စိတ်ထဲမထားခဲ့ကြဘူး။ အဲအစား သူတို့က အနီးနားကမြို့တစ်မြို့ဆီ လိုက်ပါအဖော်ပြုပေးပြီး အဲဆီပို့ဆောင်ပေးမဲ့ နေရာရွှေ့ပြောင်းအစီအရင်တစ်ခုကို ရှာဖွေဖို့သဘောတူခဲ့ကြတယ်။ ရုတ်တရက် သူ့ပခုံးပေါ် ကြီးမားတဲ့ တာဝန်တစ်ခု ကျလာသလို ခံစားရတယ်။ သူ အံကြိတ်လိုက်တယ်။ ကောင်းပြီ သူတို့ ဂိုဏ်းတူတူ ဝင်နိုင်ရင် ဒီလူသုံးယောက်ကို သူ ဂရုစိုက်မယ်။ သူတို့သုံးယောက်ကို စိတ်မပျက်စေရဘူး။

ဒါကြောင့် ကျိုးရှုမင် သူတို့သုံးယောက်ကို ဘယ်လိုဖြစ်ဖြစ် ကာကွယ်ဖို့ စိတ်ပိုင်းဖြတ်ချဲ့တာ့တယ်။

မြို့ကထွက်လာပြီးတော့ လေးယောက်လုံး အနောက်ဘက်ဆီ ဦးတည်ခဲ့တာ။ ကျိုးရှုမင်က ချီမွမ်းမံအ‌ဆင့်ပဲ ရှိသေးတာမို့ ဓားပျံနည်းပညာတွေနဲ့ မရင်းနှီး။ သူတို့လေးယောက် လမ်းတစ်လျှောက် ခြေထောက်ကို အားကိုးရတော့တယ်။ စုစုပေါင်း ခြောက်နာရီကနေ ရှစ်နာရီကြာသွားတာတောင် သူတို့ ဦးတည်သွားနေတဲ့ အနီးနားကမြို့ကို မမြင်ရသေးဘူး။

"ငါတို့ မရောက်သေးဘူးလား" ရှန်းရင်က အချိန်တွက်လိုက်တယ်။ ညစာ စားဖို့အချိန်ရောက်တော့မယ်။

"နားလို့ရမလား၊ ငါ ပင်ပန်းနေပြီ"

"ငါ့ဖင်ကို နား" ကူယွဲ့ အရှိန်လျှော့ကာ ငပျင်းလေးဖင့်ကို လှည့်ကြည့်လိုက်တယ်။ "မင်း ပြောစရာရှိရင် စားဖိုမှူးကျောပေါ်က ဆင်းလာ၊ ဒါဆို ငါတို့ စကားပြောလို့ရပြီ" သူမက သူတို့မြို့ထဲကထွက်တည်းက ခြေတစ်လှမ်းတောင် ကိုယ့်ဘာသာ မလှမ်းတာ။ စားဖိုမှူးက သူမကို လမ်းတစ်လျှောက် ကုန်းပိုးလာတာကို။ ပင်ပန်းနေပြီလို့ ဘယ်လိုတောင်ပြောရဲတာလဲ။

"တာအိုရောင်းရင်းတို့..." ကျိုးရှုမင်က ရပ်ကာ ကောင်းကင်ကိုကြည့်တယ်။ "မိန်းကလေးရှန်း ပြောတာမှန်ပါတယ်၊ ကျုပ်တို့ရှေ့ ရွာတစ်ရွာ ရှိတာ၊ ညဘက်ခဏအနားယူပြီး မနက်ဖြန် ခရီးဆက်ရင်ရော"

ကူယွဲ့ လှည့်ကြည့်လိုက်တော့ မြင်ကွင်းထဲရွာတစ်ရွာ တကယ်ရှိနေတာကို တွေ့လိုက်ရတယ်။ ရွာရှေ့မှာ ဝိညာဉ်စပါးခင်းတစ်ခုလည်း ရှိ‌တယ်။ ရွာထဲမှာလည်း ကျင့်ကြံသူတွေရှိတယ်လို့ မှန်းဆပြီး ခေါင်းညိတ်လိုက်တယ်။ ဒါပေမဲ့ အဲကျင့်ကြံသူတွေရဲ့ ခန္ဓာကိုယ်တွေက အရည်အသွေး သိပ်မကောင်းလောက်ဘူး။ သူတို့က အဆင့်မြင့် ကျင့်ကြံသူတွေ မဟုတ်လောက်ဘူး ထင်တာပဲ။ ဒါကြောင့် ရွာရှေ့ ဝိညာဉ်ဆေးပင်တွေ အများကြီး စိုက်ထားရတာ ဖြစ်နိုင်တယ်။

အဲလိုရွာတွေက ပုံမှန်ဆို တခြားကျင့်ကြံသူတွေကို အတော်လေး ကြင်နာကြတယ်။ ကျင့်ကြံသူတွေ အနားယူနိုင်တဲ့ နေရာတွေလည်း ရှိတတ်တယ်။ ဟုတ်တာပေါ့၊ သူတို့ အနားယူဖို့တော့ ပိုက်ဆံပေးရမှာ။

သူတို့ ရွာဘက် ဦးတည်လာခဲ့တယ်။ ရွာထဲဝင်သွားတော့ သဘာဝဘေးဒဏ်ကို ကြုံထားကာစပုံပဲ။ မြေပြင်က အက်ကြောင်းထူကြီးတွေ ဖုံးနေကာ နေအိမ်အများစုက ပြိုကျနေတယ်။ အခု ရွာသူရွာသားအများစုက သူတို့အိမ်တွေကို ပြန်တည်ဆောက်ဖို့ မှော်အတတ်နဲ့ကြိုးစားနေကြတာပဲ။ ရွာဘေးက တောင်ကလည်း ပြိုနေတယ်။ မြေဆီလွှာတွေက ရွာထဲ ကျဆင်းနေပြီး ဝိညာဉ်ကောက်ပဲသီးနှံကွင်းကြီးကို မြုပ်သွားစေလေရဲ့။

ဒါ... ငလျင်လား။

ကျိုးရှုမင် ခုန်လိုက်တယ်။ သူဝင်ပြီး ဟိုဟိုဒီ ဒီမေးကြည့်တယ်။ တကယ်ပဲ ငလျင်လှုပ်ခဲ့တာ။ ကံကောင်းလို့ ရွာသားတွေရဲ့ ကျင့်ကြံမှုက အန္တရာယ်ကနေ ကယ်တင်ခဲ့တာ။

သူတို့ ရွာအရှေ့ဘက်မှာ တိုက်ခန်းလေးတစ်ခန်း ငှားပြီး ညအနားယူဖို့ စိတ်ကူးထားတယ်။

ကျိုးရှုမင်ကတော့ အိမ်ထဲမဝင်။ "ကောင်းကောင်းအနားယူကြပါ တာအိုရောင်းရင်းတို့၊ ဒီရွာမှာ သူငယ်ချင်းတချို့ရှိတယ်၊ သူတို့ဆီ သွားလည်ချင်လို့" နောက်တော့ ရွာထဲ ဆက်ဝင်သွားပြီး သူငယ်ချင်းတွေရဲ့ အခြေအနေတွေကို စိုးရိမ်တကြီး လိုက်လံမေးမြန်းခဲ့တယ်။ နှစ်နာရီကနေ လေးနာရီအကြာမှာတော့ သူတို့သုံးယောက် ညစာစားပြီးတာတောင် ကျိုးရှုမင်က ပြန်မလာသေးဘူး။

All Chapters