အခန်း (၆၃၁-၆၃၃)
Vol. 43 Ch. 631-633
အခန်း ၆၃၁ ။ ကျူးကျော်သူလုယူ
ကူယွဲ့က သူ့ကို အာရုံစိုက်ဖို့ ကောင်းကင်စိတ်အာရုံတစ်ပိုင်းတစ်စကို လွှတ်ပေးခဲ့တယ်။ သူ ကျိုးရှုမင်က ရွာနောက်မှာရှိနေသေးတာ နားလည်လိုက်ရတော့ သူ အာရုံသိပ်မစိုက်တော့ဘူး။ သူတို့က ကျူးကျော်သူတွေရှာဖို့ သူ့နောက် လိုက်နေရုံသက်သက်ပဲ။ ကျိုးရှုမင် ဘာသွားလုပ်လဲထိတော့ ဂရုမစိုက်ဘူး။
လေးနာရီကြာမှ ကျိုးရှုမင်က ဝင်ပေါက်ဆီ ဦးတည်နေတာ သိလိုက်ရတယ်။ ကြည့်ရတာ ပြန်လမ်းဆီ သွားနေပုံပေါ်ပေမဲ့ ရှင်းပြမရစွာ တောအုပ်နက်ကြီးတစ်ခုထဲဝင်ဖို့ ညာဘက်ဆီချိုးသွားတယ်။
"အာ" ကူယွဲ့တန့်သွားတယ်။
ပန်းကန်နဲ့ ဟင်းချက်ပစ္စည်းတွေ သိမ်းနေတဲ့ စားဖိုမှူးကလည်း တစ်ခုခုကို အာရုံခံမိသွားပုံပဲ။ သူက လှည့်လာကာ အံ့ဩတကြီးပြောတယ်။ "အဲမှာ မသေမျိုးချီ"
နှစ်ယောက်သား အဓိပ္ပာယ်ပါပါ အကြည့်ချင်းဖလှယ်လိုက်တယ်။ မျက်စိတစ်မှိတ်အတွင်း သူတို့တွေ အခန်းထဲကနေ ပြေးထွက်လာကြကာ တောအုပ်နက်ကြီးထဲက မသေမျိုးချီကိုရှာဖို့ ကြိုးစားကြတော့တယ်။ တကယ်ပဲ အဝေးကနေ ကျိုးရှုမင်ကို သူတို့ သတိထားမိလိုက်တယ်။
သူ့ကြည့်ရတာ တစ်ခုခု ရှာတွေ့သွားတဲ့ပုံ။ သူက လမ်းပေါ်က ကျောက်တုံးကြီးတစ်ခုကို တွန်းနေကာ သူရပ်နေတဲ့နေရာမှာ ကျောက်တုံးထဲကတစ်ခုခုကနေ ထွက်နေတဲ့ မသေမျိုးချီ အရိပ်အယောင်ရှိနေတယ်။ ကျောက်တုံးလိမ့်သွားတော့ မသေမျိုးချီက ပိုအားကောင်းလာတယ်။
ကူယွဲ့ နှုတ်ခမ်းကိုသပ်ကာ တစ်ခုခုကို ပြန်သတိရသွားတယ်။ ကျောက်တုံးအောက်က အဲပစ္စည်းက...။
နောက်အခိုက်အတန့်မှာ ကျိုးရှုမင်က ဝမ်းမြောက်သွားဟန်။ သူက ကျောက်တုံးအောက်က အမည်းရောင်တစ်ခုခုကို ကောက်ယူလိုက်တယ်။ မသေမျိုးချီနဲ့ ပြည့်နေပြီး နှလုံးသားပုံစံရှိတဲ့ပုံပဲ... အကြေးခွံ
တကယ်ကို ပြောင့်လေးရဲ့ နှလုံးကာကွယ်အကြေးခွံပဲ တိုက်ဆိုင်မှုမဟုတ်ဘူး အဲတော့ကျိုးရှုမင်က အကြေးခွံကို ဒီအခိုက်အတန့်မှာ တွေ့ခဲ့တာလား။
"တစ်ယောက်ယောက် ရှိနေတယ်" စားဖိုမှူးက လှမ်းပြောကာ တောင့်တင်းသွားတယ်။
ကူယွဲ့ လန့်သွားကာ တစ်ဖက်လှည့်လိုက်တယ်။ တကယ်ပဲ ကျိုးရှုမင်ဘယ်ဘက်က သစ်ပင်နောက်မှာ အနက်ရောင်ပုံရိပ်။ အဲလူက ဝတ်ရုံအနက်ဝတ်ထားပြီး လက်ထဲ အရှိန်အဝါတစ်မျိုးမျိုးဖွက်ထားတယ်။ ကူယွဲ့ ဒီလူက သူ့ကောင်းကင်စိတ်အာရုံကို ရှောင်နိုင်တာကို မယုံကြည်နိုင်လုနီးပါးပဲ ကြည့်ရတာ အဲလူက အဲမှာ ရပ်နေတာ တော်တော်ကြာနေပြီဖြစ်တဲ့ပုံ။ သူက အသစ်ရှာတွေ့ထားတဲ့ရတနာကို ရပ်ရှုစားနေဆဲ ကျိုးရှုမင်ကို စိုက်ကြည့်နေတယ်။ သူက... လုယူဖို့ ကြိုးစားနေတာလား။
ကျိုးရှုမင်က အကြေးခွံကို သေချာလေ့လာမို့ရှိသေး အနက်ရောင်ဝတ်ရုံနဲ့လူက ပြေးထွက်လာကာ လုတယ်။
"မင်းကဘယ်သူလဲ" ကျိုးရှုမင်က အော်ကာ ပြန်စတင်ခုခံတော့တယ်။ အဲလူက သူ့ကိုရိုက်တော့ ကျိုးရှုမင် အချိန်မီ မရှောင်လိုက်နိုင်။ ရိုက်ချက်က သူ့ကို လေထဲပျံသန်းသွားစေပြီး သတိလစ်သွားစေခဲ့တယ်။
"သူ့ကိုဖမ်း" ကူယွဲ့ အော်လိုက်တယ်။ နှစ်ယောက်သား တစ်ပြိုင်နက် ပျံသန်းထွက်လာခဲ့တယ်။ ဖေဖေနျိုက ကျိုးရှုမင် မြေကြီးနဲ့ မရိုက်မိခင် လှမ်းဖမ်းလိုက်နိုင်တယ်။ စားဖိုမှူးကတော့ အနက်ရောင်ဝတ်ရုံလူနောက် လိုက်တယ်။ သူက တိုက်ခိုက်တော့မို့ရှိသေး ဝတ်ရုံနက်လူက လေထဲပျောက်သွားတယ်။ စားဖိုမှူးရဲ့ ဓားချီက ဘာမှမဖမ်းမိသွား။ သူတို့တွေ ရွှစ်ခနဲအသံတွေကို မသဲမကွဲကြားလိုက်ရတယ်။ စာရွက်ဖြူအရုပ်တစ်ခုက သူတို့ဆီ ပျံဆင်းလာတယ်။
"သူ ဘယ်မှာလဲ၊ မင်း သူ့ကိုမဖမ်းမိခဲ့ဘူးပေါ့" ကူယွဲ့ သတိလစ်နေတဲ့ ကျိုးရှုမင်ကို စားဖိုမှူးဆီ ချီလာတယ်။ စားဖိုမှူးက တကယ်ပဲ လူကိုမဖမ်းလိုက်နိုင်ဘူးတဲ့။
ယိချင်း မျက်မှောင်ကြုတ်ကာ စက္ကူရုပ်ကို ကောက်ယူပြီး ဘာမှပြန်မဖြေ။
"အဲဒါဘာတုန်း၊ အရုပ်လား"
"မသိဘူး၊ ဆရာ့ဆီ ပြန်မေးကြရအောင်"
ကူယွဲ့ မျက်မှောင်ကြုတ်လိုက်ပေမဲ့ ကျိုးရှုမင်ကိုခေါ်ပြီး ပြန်ပျံသန်းလာခဲ့တယ်။
ကျိုးရှုမင်က ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတာတော့မဟုတ်။ ဒါပေမဲ့ သူ့ကျင့်ကြံဆင့်က နိမ့်တော့ ရိုက်ချက်က သူ့သွေးကြောတချို့ကို ပျက်စီးစေခဲ့တယ်။ ဒဏ်ရာက မပြင်းထန်ပေမဲ့ ကူယွဲ့ခန့်မှန်းရသလောက်တော့ သူက ရက်နည်းနည်းနေမှ ပြန်သက်သာလိမ့်မယ်။
သူ့ကိုအခန်းထဲ ကူထည့်ပေးပြီးတဲ့နောက် ကူယွဲ့က ကျိုးရှုမင်ကို သိပ်အာရုံမထားတော့ဘူး။ အဲအစား သူက စားပွဲပေါ်က အဆာပြေမုန့်စားနေသူအပေါ် အာရုံစိုက်လိုက်တယ်။
"ဒါကိုကြည့်၊ ဒါဘာလဲ" သူ စားဖိုမှူးစောနက ရှာတွေ့တဲ့ စက္ကူရုပ်ကို ရှန်းရင်ရှေ့ထားလိုက်တယ်။
"အမ်" ဘဲလည်ပင်းကိုက်နေတဲ့ ရှန်းရင် ရပ်သွားတယ်။ သူမက ရှေ့က စက္ကူရုပ်ကို သေချာကြည့်တယ်။ လက်လှမ်းထိလိုက် လက်ပြန်ရုတ်လိုက်နဲ့လုပ်နေတာ သူ့ဆီပေနေတဲ့လက်ချောင်းတွေ သန့်သွားတဲ့အချိန်ထိပဲ။
"မသိဘူး၊ မမြင်ဖူးဘူး"
"မင်းတောင်မသိဘူးလား" ကူယွဲ့ သူမပြန်ဖြေမှုမှာ ထိတ်လန့်သွားတယ်။ သူ တောအုပ်ထဲဖြစ်ခဲ့တာ ပြောပြလိုက်တယ်။ "အဲလူက ငါ့ကောင်းကင်စိတ်အာရုံကို ကျော်လွှားနိုင်ပြီး စားဖိုမှူးရဲ့ ဖမ်းဆီးမှုကနေလည်း လွတ်မြောက်သွားနိုင်ခဲ့တယ်၊ အကြေးခွံကို ခိုးပြီးတော့ သူက စက္ကူရုပ်အဖြစ်ပြောင်းပြီး ပျောက်သွားတော့တာပဲ"
"ကြည့်ရတာ ရုပ်သေးရုပ်သိုင်းလိုမျိုးပဲ၊ ဒါပေမဲ့ ရုပ်ဖျက်သိုင်းနဲ့လည်းတူတယ်၊ ဒါက တကယ်ကို သာမန်ရုပ်သေးရုပ်သိုင်းနဲ့ ဆင်တာ၊ အဲလိုဆိုရင် ကျွန်တော်တို့ ဒီအရုပ်ကို သက်ရှိကိုယ်အဖြစ် ပြောင်းလို့ရနိုင်တယ်ထင်တာပဲ" အဓိကသော့ချက်က အဲလူပျောက်သွားပြီးတဲ့နောက် သူ့အရှိန်အဝါတစ်စက်ကိုတောင် သူတို့အာရုံမခံနိုင်တော့တာပဲ။
"မင်း တကယ် အရင်က ဒီလိုမျိုးတစ်ခါမှ မမြင်ဖူးဘူးလား" ကူယွဲ့ နောက်တစ်ကြိမ် အတည်ပြုလိုက်တယ်။
ရှန်းရင်က ခေါင်းယမ်းတယ်။
"ထူးဆန်းတယ်" ကူယွဲ့က ပိုပြီးတောင် နက်ရှိုင်းစွာ မျက်မှောင်ကြုတ်တော့တယ်။ "အဲလူရဲ့ အရှိန်အဝါက တခြားမျက်နှာပြင်က ပုံစံနဲ့မတူဘူး၊ ကျိုးရှိုမင်ကို တိုက်ခိုက်ခဲ့သူက ကျူးကျော်သူလား ဒါမှမဟုတ် သူ့ကိုလုယက်ချင်ရုံ ကျင့်ကြံသူလား"
"ကျူးကျော်သူပဲ" ရှန်းရင်က ခိုင်ခိုင်မာမာပြောတယ်။
ကူယွဲ့ ရပ်ကာ သူမကိုမျက်ဆံလှန်လိုက်တယ်။ "မင်း ဒါကိုအရင်ကတစ်ခါမှမမြင်ဖူးဘူးလို့ မပြောခဲ့ဘူးလား"
"မမြင်ဖူးဘူး"
"ဒါဆို ဘယ်လိုတောင် သေချာနေတာလဲ"
"လွယ်ပါတယ်"
ရှန်းရင်က စက္ကူရုပ်ကို လက်ညှိုးထိုးပြလိုက်တယ်။ "ဒါကြောင့်လေ"
ကူယွဲ့ရော ယိချင်းပါ သူမကို မျက်နှာသေစိုက်ကြည့်မိနေကြတယ်။ တစ်အောင့်ကျတော့ သူတို့ အရုပ်နားတစ်လှမ်းတိုးကာ လေ့လာတယ်။ စက္ကူဖြူပေါ် ရှန်းရင်ရဲ့လက်ချောင်းတွေက ဆီကွက်ရာတွေကလွဲ တခြားထူးဆန်းနေတာ မရှိပါဘူး။ သူက ဒီအရုပ်ကို လက်သုပ်စရာအဖြစ် သောက်ကျိုးနည်း သုံးခဲ့တာ မဟုတ်လား။
"ဒီစက္ကူအရုပ်က ဘာဖြစ်လဲ" ကူယွဲ့ သဘောမပေါက်သေး။
"အဲပေါ်က စာလုံးတွေ"
"စာလုံးတွေလား" သူ သူမကိုနားမလည်သေး။ အရုပ်တွေအတွက် ဒီလိုအဆောင်စာလုံးတွေရှိတာ ပုံမှန်ပဲမဟုတ်ဘူးလား။
ရှန်းရင် ခေါင်းကို မော့ကာ သူတို့က လောကကြီးထဲ အထူးဆန်းဆုံးလူတွေလို ကြည့်လာတယ်။ တစ်လုံးချင်းစီကို ဖိပြောရင်း သူမကပြောတယ်။ "အဲပေါ်ရေးထားတဲ့စာလုံးတွေက ဒီလောကထဲ ဖတ်မရတဲ့စာလုံးတွေ"
ထူးဆန်းတဲ့စာလုံးတွေ = ပြင်ပလောက = ကျူးကျော်သူ
ကူယွဲ့ ။ ။ "..."
ယိချင်း ။ ။ "..."
(⊙_⊙)
ချီး သူတို့ ရုတ်တရက် ဘာလို့ တုံးအနေတယ် ခံစားလိုက်ရပါလိမ့်။
——————
ကျိုးရှုမင်က ပြင်းပြင်းထန်ထန်ဒဏ်ရာရထားတာမဟုတ်။ ကူယွဲ့ သူ့ကိုနှစ်ရက်လောက်ပေးနားရင် ရမယ်ထင်နေတာ။ သုံးရက်တောင်မေ့သွားမယ်လို့ မထင်ခဲ့ဘူး။ တကယ်ကို ဒီလိုအရှုံးသမားဖြစ်နေတာ ဆန်းကြယ်တယ်။ သူ ဘယ်လိုများ အမတဘုံဆီ တက်လှမ်းလာတာပါလိမ့်။
ကွေ့ယီဂိုဏ်းတပည့်ခေါ်မဲ့ ရက်က နီးလာပြီ။ ကူယွဲ့ မနေနိုင်တော့တာမို့ သူ့သွေးကြောတွေကို ကုသကာ ကျိုးရှုမင်ကို နှိုးလိုက်ရတော့တယ်။
"ကျွန်တော့်ကိုကယ်ပေးတဲ့အတွက်ကျေးဇူးပါ တာအိုရောင်းရင်း" ကျိုးရှုမင်က သူ့ကို ကျေးဇူးတရာတွေနဲ့ ကြည့်နေတယ်။ "ကျွန်တော်”
"အပိုတွေတော်တော့၊ ငါတို့မြန်မြန်သွားရမယ်၊ သွားကြစို့" ကူယွဲ့က ကျိုးရှုမင် လမ်းပြမှာကိုစောင့်မနေတော့ဘူး။ အဲအစား သူ့ဓားပေါ်တင်ကာ ဖျင်ဟွားမြို့ဆီ တန်းပျံသန်းလာခဲ့တယ်။ သူတို့လူခေါ်ပွဲအတွက် အချိန်မီရောက်တယ်ဆိုရုံလေး။
သူတို့ အတော်လေး နောက်ကျသွားတာမို့ စမ်းသပ်ဖို့ကျန်နေတဲ့ ကျင့်ကြံသူတွေက သိပ်မရှိတော့ဘူး။ ဖြစ်နိုင်တာ အမြုတေကျင့်ကြံသူတွေက အဲလောက် ကြေးမများလို့ထင် ဒီတစ်ကြိမ် စုဆောင်းမှုစမ်းသပ်ချက်က အတော်လေး ရိုးရှင်းတယ်။
အရင်အတွေ့အကြုံအရ ကူယွဲ့ သိသွားပြီ။ သူ သူတို့သုံးယောက်ကိုစာရင်းမသွင်းခင် ကျိုးရှုမင် လူစုဆောင်းမှု စမ်းသပ်ချက်အားလုံးကို အောင်မြင်ပြီး ကွေ့ယီဂိုဏ်းတပည့်တွေထဲက တစ်ယောက် ဖြစ်လာတာသေချာအောင် ကြည့်နေခဲ့တယ်။ နောက်တော့ သူတို့ ရွေးချယ်ခံရပြီး ဝိညာဉ်လှေပေါ်တက်ကာ ကွေ့ယီဂိုဏ်းဆီဦးတည်နေတဲ့ တပည့်အုပ်စုနောက်လိုက်ခဲ့ကြတယ်။
ကျိုးရှုမင်က သိသိသာသာ စိတ်လှုပ်ရှားနေတယ်။ သူက လွန်ခဲ့တဲ့ရက်ပိုင်းကတင် လုယူခံရတာကို လုံးဝမေ့သွားတဲ့ပုံပဲ။ ဖြစ်နိုင်တာ အစတည်းက သူဘာကောက်ရမိလဲတောင် မသေချာတော့ ဆုံးရှုံးမှု ကြီးကြီးမားမားခံစားချက်ကို မရခဲ့ဘူး။ သူက တစ်ဖက်လူ ရတနာခိုးသွားတဲ့အချက်ထက် သူ့ကို ထိုးနှက်သွားတာကို ပိုစိတ်တိုနေတာ။
ကူယွဲ့ မနေနိုင်ဘဲ မျက်မှောင်ကြုတ်ကာ ဒီငကြောင်ကျိုးရှုမင်ကို သေချာလေ့လာနေရတယ်။
ကျူးကျော်သူက နောက်ဆုံးတော့ လူလုံးထွက်ပြခဲ့တယ်။ သူတို့ အစတည်းကမှန်တယ်။ ဒီလူက ကျိုးရှုမင်ကို ပစ်မှတ်ထားနေတာ။ တစ်ခုတည်းသောကိစ္စက သူတို့ ဘာကြောင့်လဲမသိသေးတာပဲ။ အကြေးခွံကို ခိုးပြီးတော့ ကျူးကျော်သူတွေက ပျောက်သွားတဲ့ပုံ။ သူ့ရည်ရွယ်ချက်အကြံကို သူတို့ ဇဝေဇဝါဖြစ်မိတယ်။ ပြောင့်လေးရဲ့အကြေးခွံက အဲလောက်တောင်ထူးခြားတာလား။ ဒါမှမဟုတ် ကျိုးရှုမင်က ထူးခြားသူလား။ ကျူးကျော်သူက ဘာနောက်လိုက်နေတာလဲ။
သူတို့ ကျူးကျော်သူနောက် တန်းမလိုက်နိုင်မှတော့ သူတို့ခုလုပ်နိုင်တာ ခံစစ်အနေနဲ့နေဖို့ပဲ။ ကောင်းတာက ယိချင်းက ကျိုးရှုမင်ကံကို တွက်ချက်ပြီးပြီမို့ ပြောင့်လေးအကြေးခွံက တရားနည်းလမ်းကျကျ သူ့ဟာလို့ဆုံးဖြတ်ပြီးသား။ သူက အဲအကြေးခွံနဲ့ မမြင်ရတဲ့ ပတ်သက်ဆက်နွယ်မှုရှိနေတယ်။
တခြားနည်းနဲ့ပြောရရင် သူက နောက်တစ်ကြိမ် အဲနှလုံးသားကာကွယ်အကြေးခွံကို ထပ်ကြုံရဦးမယ်။ အဲလိုဟုတ်ရင်ဟုတ် မဟုတ်ရင် သူ့ဆီကခိုးသွားတဲ့လူနဲ့ကြုံရမှာ။ အဲဒါကြောင့် သူတို့ ကျူးကျော်သူကိုရှာဖို့ မျှော်လင့်ချက်နဲ့ ကျိုးရှုမင်နား နီးနီးကပ်ကပ်နေခဲ့တယ်။
သူတို့က ဒီလုပ်ငန်းစုတစ်ခုလုံးက တစ်အောင့်တော့ကြာမယ် ထင်ခဲ့တာ။ သူတို့မသိခဲ့တာက အဲဒါက သိပ်မကြာခင်ဆိုတာပဲ...။
…
အခန်း ၆၃၂ ။ ကွေ့ယီဆီဦးတည်ခြင်း
ကွေ့ယီဂိုဏ်းက မဝေးဘူး။ ဝိညာဉ်လှေ ပျံသန်းပြီး တစ်နာရီတောင်မပြည့်ခင် သူတို့တွေ အဝေးက များပြားစိမ်းစိုတဲ့ လွင့်မျောတောင်ထွတ်တွေကိုမြင်နေရပြီ။ ဝိညာဉ်လှေက အရှည်ဆုံးတစ်ခုဆီ တန်းတန်းမတ်မတ် ဦးတည်ပြီး ခန်းမရှေ့က နေရာလွတ်ပေါ် ရပ်လိုက်တယ်။ လှေပေါ်က တပည့်အသစ်တွေ အများကြီး လှုပ်ရှားကုန်ပြီး လှေထိပ်ကို လာကြည့်ကြတော့တယ်။ ကျိုးရှုမင်တောင် သိချင်စိတ်ကို မထိန်းနိုင်ဘဲ အပြင်ကို လှမ်းလှမ်းကြည့်မိတယ်။
ခန်းမအပြင်မှာ သူတို့ကို လာကြိုတဲ့ တပည့်လေးငါးယောက် ရှိနေပြီ။ အမျိုးသားရော အမျိုးသမီးတွေပါ ရှိနေပြီး ဝတ်ရုံစိမ်းတွေ ဝတ်စားထားကြတယ်။ သူတို့ကျင့်ကြံဆင့်က အားလုံးက အုတ်မြစ်အခြေတည်အဆင့်မှာ။ အခုလောလောဆယ် သူတို့တွေ မြေကြီးပေါ် တဖြည်းဖြည်းဆင်းလာတဲ့ ဝိညာဉ်လှေကို မော့ကြည့်ကြတယ်။
တည်ငြိမ်စွာ ဆင်းသက်ပြီးနောက်မှာ တန်းစီဖို့ အသိပေးလာတယ်။ ကူယွဲ့တို့တွေ လိုက်သွားမို့ရှိသေး သတ်ဖြတ်လိုစိတ် မဆိုစလောက် ပါဝင်နေတဲ့ အကြည့်တစ်မျိုးကို ခံစားလိုက်ရတယ်။
ကူယွဲ့ ရင်ထိတ်သွားကာ အဲအကြည့်ကို ရှောင်ဖို့ ဘေးကို အလိုလိုရွှေ့လိုက်မိတယ်။ လှည့်ကြည့်လိုက်တော့ သူတို့ကိုလာကြိုတဲ့တပည့်တွေကြား ညာဘက်ထောင့်စွန်းက မိန်းကလေးဆိုတာ မြင်လိုက်ရတယ်။ သူမပတ်လည်မှာ လွင့်မျောနေတဲ့ ဝိညာဉ်ချီတစ်ချို့ ရှိနေသေးတာမို့ အုတ်မြစ်အခြေတည်အဆင့် ရောက်ကာစဖြစ်ပုံပဲ။ ဒါပေမဲ့ သူမက တကယ်တော့ နှောင်းပိုင်းအဆင့်ဆိုတာ ကူယွဲ့ပြောနိုင်တယ်။ သူမက ကျင့်ကြံဆင့်ကို တမင်ဖွက်ထားဖို့ နည်းတချို့တမင်သုံးထားရုံပဲ။
သေချာကြည့်တော့ သူမအကြည့်က သူတို့အပေါ် မဟုတ်ဘဲ ရှေ့က ကျိုးရှုမင်ကိုဆိုတာ တွေ့လိုက်ရတယ်။ စူးစမ်းမှု၊ စဉ်းစားမှုတွေနဲ့ လာတာက သူမက အမြင့်ဆုံးဈေးခေါ်မှုကို စောင့်နေတဲ့ ကုန်ပစ္စည်းကို ကြည့်နေသလိုပဲ။ စောနက သတ်ဖြတ်လိုရိပ်က ပျောက်ကွယ်သွားတယ်။
"ဖေဖေနျို..." ယိချင်းကလည်း ဒီလူကိုရှာတွေ့တာသိသာတယ်။ သူက စိတ်ထဲကနေ လှမ်းဆက်သွယ်လာတယ်။
"သူမက တောအုပ်ထဲကလူပဲ"
ကူယွဲ့ ထိတ်လန့်သွားတယ်။ "မင်းသေချာလား" သူမက သာမန်ကျင့်ကြံသူနဲ့တူတယ်။
"သေချာတယ်" ယိချင်းက ခေါင်းညိတ်တယ်။
"သူက ငါတို့ကိုတောအုပ်ထဲ မြင်ဖူးတယ်လေ" ကူယွဲ့ မြန်ဆန်စွာ တုံ့ပြန်လိုက်လေတယ်။
"ရန်သူကိုသတိပေးတာရှောင်ဖို့ ငါတို့ပုန်းရမယ်"
အဲလိုပြောရင်း သူက လူအုပ်ကြီးထဲက နှစ်ယောက်ကို ဆွဲခေါ်ကာ သူတို့ပတ်လည်မှာ ကိုယ်ပျောက်အင်းကွက်အစီအရင်ကို ဖန်တီးလိုက်တယ်။ ပုံရိပ်သုံးခုက ဝိညာဉ်လှေပေါ်ကနေ ချက်ချင်း ပျောက်ကွယ်သွားခဲ့တယ်။ လူတိုင်း လှေပေါ်ကနေ ဆင်းဖို့လောနေကြပြီး သူတို့ပျောက်သွားတာ ဘယ်သူမှ မသိလိုက်ကြဘူး။
"တာအိုရောင်းရင်းကူယွဲ့၊ ကျွန်တော်တို့... ဟမ်၊ သူ ဘယ်ရောက်သွားတာလဲ" ကျိုးရှုမင်က တစ်ဖက်လှည့်ကာ တန်းစီဖို့ ပြောမယ်ပြင်ပေမဲ့ သူ့နောက်မှာ လစ်ဟာနေတာကိုတွေ့လိုက်ရတယ်။ စောနကတင် သူ့နောက်မှာ ရှိနေခဲ့တဲ့ လူသုံးယောက်ဟာ ပျောက်ကွယ်သွားခဲ့ပြီ။ စိတ်ပူပန်နေရင်း သူက အလိုလို စတင်ရှာဖွေတော့တယ်။
"ဟေး မင်း ဘာကိုစောင့်နေတာလဲ၊ ငါတို့ ဂိုဏ်းဆီ ရောက်ပြီ၊ တန်းစီဖို့အချိန်ပဲ" ဝိညာဉ်လှေကို ထိန်းချုပ်ဖို့ တပည့်က သူ မဆင်းသေးတာမြင်တော့ လောတော့တယ်။
"ဟင့်အင်း ဂိုဏ်းတူအစ်ကို၊ ကျွန်တော့်မှာ မိတ်ဆွေသုံးယောက်ရှိသေးတယ်"
"လှေပေါ် တခြားဘယ်သူမှမရှိဘူး" တပည့်က ဖြေတယ်။ "သူတို့တွေ အစောကြီးတည်းက တန်းစီပြီးလောက်ပြီ"
ကျိုးရှုမင်က နောက်တော့ ဇဝေဇဝါအကြည့်နဲ့တန်းစီကာ လူအုပ်ထဲ အဆက်မပြတ်ရှာနေပေမဲ့ သူတို့ကို ဘယ်လိုမှမတွေ့။ အဲမိန်းကလေးကတော့ သူ့ရှိရာဘက်ကို စွဲစွဲမြဲမြဲကြည့်နေလေတယ်။
"စားဖိုမှူး၊ ဒါက အဲနေ့က တကယ်ပဲ ကျူးကျော်သူလား" ကိုယ်ပျောက်နေတဲ့ ဝူတိက ညာဘက်က မိန်းကလေးကို သေချာကြည့်လိုက်တယ်။ "သူနဲ့ပတ်သက်ပြီး တစ်ခုခုကွဲပြားတာ မရှိတဲ့ပုံပဲ"
"ကျွန်တော်လည်း မသိဘူး" ယိချင်းရဲ့ မျက်မှောင်ကြုတ်မှုက ပိုပြီးလေးနက်လာတယ်။ သာမန်ထက် အများကြီး ကွဲပြားတယ်။ စီမံထိန်းသိမ်းသူအနေနဲ့ သူ သူမကိုယ်ထဲက ဝိညာဉ်က ဒီလောကရဲ့မူလရင်းမြစ်ထဲကနေ အစပျိုးလာတယ်ဆိုတာတောင် အာရုံခံနိုင်မိတယ်။ ဘယ်မှာမှ သဟဇာတ မဖြစ်ပေမဲ့ ဒါက တကယ့်ကို တခြားညက ထွက်ပြေးသွားခဲ့တဲ့ ကျူးကျော်သူပဲ။ "ဆရာ ခင်ဗျား..."
နှစ်ယောက်လုံး အလယ်မှာရပ်နေတဲ့ ရှန်းရင်ကို လှည့်ကြည့်တယ်။
"အချက်အလက်ကို နှိုင်းယှဉ်လိုက်" သူမက အလင်းရောင်မျက်နှာပြင်ကို နှိပ်ဖွင့်လိုက်ပြီး ဒေတာ အတွဲလိုက်က ဖျတ်ခနဲပေါ်လာခဲ့ကာ ခဏနေတော့ ရပ်သွားတယ်။ ရှန်းရင်က ဘေးမှာ ခေါင်းကိုစောင်းလိုက်တယ်။ "ဟမ်"
"ဘာလို့လဲ" ကူယွဲ့ မေးလိုက်တယ်။ "တွေ့ပြီလား"
"သူက တကယ်ပဲ ဒီမျက်နှာပြင်ကဆိုပေမဲ့ ကိုယ်ထဲမှာ တခြားတစ်ခုခုရောနေတယ်"
"တခြားတစ်ခုခုလား" အဲဒါဘာဆိုလိုတာလဲ။
ယိချင်းက တုံ့ဆိုင်းသွားကာ ရုတ်တရက် အတွေးတစ်ခု ပေါ်လာပြီး မူလရင်းမြစ်ရဲ့ စွမ်းအားတချို့ကို အသက်သွင်းလိုက်ရင်း နောက်တစ်ကြိမ်ကြည့်လိုက်ပြန်တယ်။ သူ့မျက်လုံးတွေက ချက်ချင်း ပြူးကျယ်သွားခဲ့တယ်။ "သူမဝိညာဉ်..."
"ဘာဖြစ်တာလဲ၊ မင်း ဘာကိုမြင်ခဲ့လဲ" ကူယွဲ့က မေးတယ်။ ယိချင်း သူ့ကို လှမ်းကြည့်ကာ သူ့မျက်စိရှေ့ မူလရင်းမြစ်ရဲ့ တစိုးတစိကို ရွှေ့ပေးလိုက်တယ်။
"သေစမ်း" သူ အကျယ်ကြီး အာမေဋိတ်သံပြုမိတော့မလို့။
မူလရင်းမြစ်စွမ်းအားက တစ်ဖက်လူရဲ့ ဝိညာဉ်ကို လေ့လာဖို့ အရေပြားကတစ်ဆင့် မြင်ရစေတယ်။ တစ်ဖက်ခြမ်းက မိန်းကလေးအတွက် သူမရဲ့မူလ ဖောက်ထွင်းမြင်ရတဲ့ ဝိညာဉ်ကြားမှာ အမည်းရောင်အလွှာတစ်ခု ရောနေတယ်။ သူမရဲ့ဝိညာဉ်တစ်ခုလုံးက အလယ်ကနေ မှိုတက်နေတဲ့ ဒိတ်အောက်ပေါင်မုန့်တစ်ခုလိုဖြစ်နေပြီး အတော်လေးကို ထူးဆန်းတယ်။
"ဝင်စီးမှု" ဒီဖြစ်နိုင်ခြေက ချက်ချင်း ကူယွဲ့ စိတ်ထဲ ပေါ်လာပေမဲ့ နောက်တစ်ခဏမှာတော့ ငြင်းဆန်လိုက်လေတယ်။
"ဟင့်အင်း ဒါက ဝင်စီးမှုမဟုတ်ဘူး" အဲအမည်းရောင် ဝိညာဉ်လွှာက မူလဝိညာဉ်နဲ့ တင်းတင်းကြပ်ကြပ် ရောနှောနေတယ်။ ရွံစရာကောင်းတဲ့ပုံပေါ်ပေမဲ့ လုံးဝကို တစ်ကိုယ်တည်းပဲ။ ဝင်စီးမှု မဖြစ်နိုင်ဘဲ စည်းလုံးမှုနဲ့ပိုတူတယ်။
ခဏ စည်းလုံးမှုလား။
"ဖြစ်နိုင်တာ... ကျူးကျော်သူအစစ်က အလယ်က အဲဝိညာဉ်အလွှာလား၊ ဒါက သူမကိုယ်ထဲနေနေပြီး ဒီလောကထဲက ဝိညာဉ်နဲ့ ပေါင်းစပ်သွားတာလား" သူက ဝိညာဉ်ခိုးခံလိုက်ရတဲ့ မှိုကို ချက်ချင်း သတိရသွားတယ်။
"အင်း" ရှန်းရင်က ခေါင်းညိတ်တယ်။
"သေစမ်း" ဘာလို့ကျူးကျော်သူအားလုံးက တခြားလူတွေရဲ့ကိုယ်တွေကို လုယူနေတာလဲ။
"အခု ငါတို့ဘာလုပ်မလဲ၊ စားဖိုမှူး သူတို့ကို ခွဲနိုင်တာလား" သူတို့ အဲတုန်းက မှိုကိုကယ်တင်ခဲ့သလိုပဲ တစစီ ဆွဲခွာလိုက်တာပေါ့။
"ဟင့်အင်း" ယိချင်းက ခေါင်းယမ်းတယ်။ "ကျူးကျော်သူက မူလဝိညာဉ်နဲ့ ပေါင်းစပ်သွားပြီးပြီ၊ တကယ်လို့ သူတို့ကို အတင်းအကြပ်ခွဲရင် မူလဝိညာဉ်လည်း လွင့်ပျယ်သွားလိမ့်မယ်"
"မူလဝိညာဉ်လား" ကူယွဲ့ မျက်လုံးတွေက အနည်းငယ်အံ့ဩစွာနဲ့ ပြူးကျယ်သွားခဲ့တယ်။ "အဲဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ မူလဝိညာဉ်က ဆန္ဒမရှိသရွေ့ တခြားတစ်ခုနဲ့ ပေါင်းစပ်နိုင်မှာလဲ" သူက ပြောနေရင်း တန့်သွားတယ်။ "ချီး မဖြစ်နိုင်တာ အဲဝိညာဉ်က ကျူးကျော်သူရဲ့ ဝါးမျိုတာခံရဖို့ဆန္ဒရှိနေတာလား"
ယိချင်းအမူအရာလည်း မည်းမှောင်သွားတယ်။
သူတို့ ဆက်ပြီးမတွေးနိုင်ခင် ရှေ့ကတပည့်တွေက အားလုံးကိုခန်းမဆီ ခေါ်သွားကြတယ်။ အဲကျူးကျော်သူက အရှေ့ကို တန်းတန်းလျှောက်သွားပေမဲ့ သူမ လှည့်လာလာချင်း အကြည့်က ကျိုးရှုမင်ရှိရာဘက်တော့ မဆိုစလောက် ဝေ့ဝဲသွားတော့တယ်။
သူတို့ပုံစံတွေနဲ့ အသက်ရှူသံတွေကို ဖုံးကွယ်ထားပြီးသား ကူယွဲ့တို့အုပ်စုကလည်း နောက်ကလိုက်လာပြီး ခန်းမထဲဝင်လာခဲ့တယ်။
ခန်းမဆောင်က လူပြည့်နေပြီသား။ အများစုက နတ်ဝိညာဉ်ကျင့်ကြံသူတွေဖြစ်ပြီး သူတို့က ကွေ့ယီဂိုဏ်းရဲ့ အုပ်ချုပ်ရေးကော်မတီဖြစ်တဲ့ပုံ။ ကျင့်ကြံဆင့်အမြင့်ဆုံးနဲ့လူတွေကတော့ ထိပ်တည့်တည့်မှာ ထိုင်နေတဲ့နှစ်ယောက်။ နှစ်ယောက်လုံးက နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတွေဖြစ်ပြီး သူတို့ကိုယ်ကနေ သက်စောင့်ဆေးအရှိန်အဝါတွေရနေတယ်။ သူတို့က အမြုတေကျင့်ကြံသူတွေဖြစ်ပုံပဲ။
အဲကျူးကျော်သူက လူတိုင်းကို အထဲခေါ်လာပြီးတော့ ညာဘက်ကနတ်ဝိညာဉ်ကျင့်ကြံသူဆီ တန်းတန်းမတ်မတ် လျှောက်လာကာ ချိုမြစွာ "ဖေဖေ" လို့ခေါ်ပြီး လိမ်လိမ်မာမာနဲ့ သူ့နောက်မှာသွားရပ်လေတယ်။
"ဒီတစ်ကြိမ်ကွေ့ယီဂိုဏ်းထဲ ဝင်လာတဲ့ တပည့်တွေ အများကြီးရှိတာပဲ" အလယ်က ညာဘက်မှာထိုင်နေသူက ဂိုဏ်းချုပ်ဖြစ်ပုံပဲ။ သူက ခန်းမထဲက တပည့်အသစ်ရာချီကို ဝေ့ကြည့်ကာ ခန်းမထဲက တခြားလူတွေကို အပြုံးတစ်ပွင့်နဲ့ ကြည့်တယ်။ "အကြီးအကဲတို့၊ ခင်ဗျားတို့လက်အောက် ခေါ်ထားချင်တဲ့ အာရုံကိုဖမ်းစားသူ တစ်ယောက်ယောက်များ ရှိကြလား"
နောက်တော့ နတ်ဝိညာဉ်ကျင့်ကြံသူတွေက ဆက်တိုက် ထရပ်ကာတပည့်တွေကို ရွေးချယ်ကြတော့တယ်။ လူတိုင်းနီးပါးက တချို့တလေ ရွေးကြတယ်။ သူတို့အားလုံးက ကွေ့ယီဂိုဏ်းရဲ့ တပည့်တွေဖြစ်ပေမဲ့ နတ်ဝိညာဉ်အဆင့်ကျင့်ကြံသူတွေရဲ့ လက်အောက် ခေါ်သွင်းခံရပြီး သူတို့ကို လမ်းညွှန်ပြဖို့ ဆရာတစ်ယောက်ရှိတာက သူတို့ဘာသာ ကျင့်ကြံမှုကိုလေ့ကျင့်တာထက်ပိုသာတယ်။ ဒါကြောင့် ရွေးချယ်ခံရသူအားလုံးက အံ့ဩတဲ့အကြည့်တွေနဲ့ နတ်ဝိညာဉ်ကျင့်ကြံသူတွေကို ဂါရ၀ပြုပြီးတဲ့နောက် အနောက်မှာ ရပ်သွားကြတယ်။
တစ်နာရီအတွင်း ခန်းမထဲက တပည့်ပမာဏက တစ်ပုံလောက် လျော့ကျသွားခဲ့တယ်။ ကူယွဲ့ သေချာကြည့်တော့ ကျူးကျော်သူအကြည့်က ကျိုးရှုမင်ပေါ် မကြာခဏ ရောက်ရောက်နေတာကို သိလိုက်ရတယ်။ ဒါက စူးစမ်းမှုတွေနဲ့ ပြည့်နေတယ်။ ကြည့်ရတာ သူတို့အရင်ခန့်မှန်းချက်က မှန်ပုံပဲ။ ဒီကျူးကျော်သူရဲ့ ရည်ရွယ်ချက်က ကျိုးရှုမင်နဲ့ ဆိုင်တယ်။
ဒါပေမဲ့ အကြောင်းရင်းမရှိ သူမက သရုပ်ဆောင်နေတာမဟုတ်ဘဲ တစ်ခုခုကို စောင့်နေသလိုပဲ။ တစ်ဖက်ခြမ်းမှာတော့ ကျိုးရှုမင်က အချိန်ရှိတိုင်း သူ့ဘေးက လူအုပ်ကို လှမ်းလှမ်းကြည့်နေကာ တစ်ယောက်ယောက်ကို စိတ်ပူပန်စွာ ရှာနေသလိုမျိုးမို့ လုံးဝသတိမထားမိဘူး။
လူတိုင်း ရွေးချယ်မှုမပြီးခင်ထိ အဲကျူးကျော်သူကလည်း နောက်ထပ်အသံတစ်သံမထွက်။
"အကြီးအကဲတွေ ရွေးချယ်မှုပြီးပြီဆိုတော့ ကျုပ်တို့ ဒီနေ့ ဒီနေရာမှာ အဆုံးသတ်လိုက်မယ်" ဂိုဏ်းချုပ်ကထရပ်ကာ ကျန်တဲ့တပည့်တွေကိုကြည့်ရင်း အမိန့်ပေးတယ်။
"ကျန်ရစ်သူတွေက ငါတို့ရဲ့ အပြင်စည်းတပည့်တွေဖြစ်လာမယ်၊ သွားလို့ရပြီ"
ဂိုဏ်းချုပ်က လက်ကိုဝှေ့ယမ်းပြတော့မို့ရှိသေး ဘယ်ဘက်က နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူက ရုတ်တရက်စကားပြောလာတယ်။ "ခဏ"
…
အခန်း ၆၃၃ ။အနှံ့အပြားဝိညာဉ်ကူးပြောင်းခြင်းစနစ်
"ဆရာဦးလေးထျန်းယီ" ဂိုဏ်းချုပ်က တန့်သွားပြီး တလေးတစား ဂါရ၀ပြုလာတယ်။
"ငါ့တျန်းရှတောင်က ဆေးမြစ်တွေကို ဂရုစိုက်ဖို့တပည့်တစ်ယောက်လိုနေတာ ဒီကတစ်ယောက်ပဲ ရွေးတော့မယ်"
နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူက ပေါ့ပေါ့ပါးပါး ပြောလာပြီး သူ့အကြည့်က ခန်းမထဲက တပည့်အသစ်တွေဆီ ရောက်သွားကာ နောက်ဆုံးတော့ ချီမွမ်းမံမှုသတ္တမအဆင့်ရှိတဲ့ ကျိုးရှုမင်ဆီ ရောက်သွားခဲ့ပြီး လက်ညှိုးထိုးတယ်။ "သူဆို အဆင်ပြေတယ်'
တပည့်တွေအားလုံးက မှင်တက်သွားကာ ကျိုးရှုမင်ကို မနာလိုစွာ လှည့်ကြည့်ကြတယ်။ သူက ဆေးပင်တွေကို ဂရုစိုက်ရုံဖြစ်ပြီး အတွင်းစည်းတပည့်မဟုတ်ပေမဲ့ အဲဒါက ကွေ့ယီဂိုဏ်းထဲ ကျင့်ကြံဆင့်အမြင့်ဆုံး နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ဆရာသခင်ပဲ။ သူ့ဆီကနေ ထောက်ပြသက်ကြားမှုတစ်ခုသာ ရနိုင်ရင် တစ်သက်စာအတွက် ခံလိမ့်မယ်။
ကူယွဲ့ မနေနိုင်ဘဲ ကျိုးရှုမင်ကို လှမ်းကြည့်လိုက်တယ်။ သူက သက်ပြင်းချတော့မလို့။ ဒီငနဲက ရိုးအပြီး ဖြူစင်တယ်ဆိုပေမဲ့ တကယ်ကို အတော်လေးတော့ ကံကောင်းတယ်။ တက်လှမ်းနိုင်မဲ့သူအဖြစ် သူ့ကိုယ်သူ သက်သေပြနေတယ်။
နောက်အခိုက်အတန့်မှာတော့ စက်ရုပ်သံကြီးတစ်ခုက ရုတ်တရက်ထွက်လာတယ်။
[တင်း တာဝန် ။ ဇာတ်လိုက်ရဲ့ တျန်းရှတောင်ဆီ ဝင်ရောက်ဖို့အခွင့်အရေးကို ဖျက်ဆီးပါ။ မတက်လှမ်းအောင် တားဆီးပါ။ သူ့ကိုလက်စားချေဖို့ hostရဲ့ ရည်မှန်းချက်ကို ဖြည့်ဆည်းပါ။ အကောင်းဆုံးဖြစ်ပါစေ။ host အနှံ့အပြားဝိညာဉ်ကူးပြောင်းခြင်းစနစ် ၀၀၁က မင်းကိုယုံကြည်ပါတယ်]
[စိတ်ချ ၀၀၁ ငါတို့တွေ ကမ္ဘာတွေ ဒီလောက်အများကြီး ကူးပြောင်းခဲ့ပြီးပြီပဲဟာ၊ ငါသိပါတယ် ကျိုးရှုမင်လို ငနဲတွေက တာဝန်မရှိရင်တောင် hostအတွက် လက်စားချေပေးဦးမှာ]
ရှန်းရင် ။ ။ "..."
ကူယွဲ့ ။ ။ "..."
ယိချင်း ။ ။ "..."
(⊙_⊙)
အဲရုတ်တရက် ပေါ်လာတဲ့အသံက ဘာကြီးတုန်းဟ။ သူတို့... အများသုံးထုတ်လွှင့်မှုကို ပိတ်ဖို့မေ့သွားတာလား။
သူတို့ ချက်ချင်း ရှန်းရင်က ဖုန်းယင်ကိုပထမဆုံး တွေ့ခဲ့ချိန်က ခံစားချက်တွေကို အနည်းနဲ့အများ နားလည်သွားခဲ့တယ်။ ဒီအများသုံးထုတ်လွှင့်မှုက... သောက်ကျိုးနည်း ကျယ်လွန်းတယ်
ဒါပေမဲ့ သူတို့သုံးယောက်ကလွဲလို့ တခြားဘယ်သူမှ မကြားနိုင်ပုံ။
"ဆရာဘိုးဘိုးထျန်းယီ... ဒီကျူးကျော်သူက ထူးခြားတာရှိလို့လား" အဲကျူးကျော်သူက ရုတ်တရက် စကားပြောလာကာ နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူကို အပြစ်ကင်းစွာကြည့်လာတယ်။
"သူ့ကို တျန်းရှတောင်ဆီ စုဆောင်းဖို့ ကိုယ်တိုင်ကိုယ်ကျတောင် ပြောတာဆိုတော့"
"ယီလေး ဆရာဦးလေးရှေ့ မရိုင်းပျနဲ့" အဲစကားတွေနဲ့ သူမဘေးက နတ်ဝိညာဉ်ကျင့်ကြံသူက ချက်ချင်း ဆူတယ်။
"ရပါတယ်" ထျန်းယီဆိုတဲ့ နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူက သူမကိုတစ်ချက်ကြည့်ကာ ဒေါသထွက်ရမဲ့အစား သဘောကောင်းစွာနဲ့ ပြောလေတယ်။
"ဒီတပည့်နဲ့ပတ်သက်ပြီး ထူးထူးခြားခြားရှိတာ မဟုတ်ပါဘူး၊ ဆေးပင်တွေဂရုစိုက်ပေးဖို့ တပည့်လိုရုံပဲ၊ ကျင့်ကြံမှုနဲ့ပတ်သက်ပြီး ဘာတောင်းဆိုချက်မှမရှိဘူး၊ ဘယ်သူမဆိုဖြစ်နိုင်တယ်၊ သူက ချီမွမ်းမံမှုလေ့ကျင့်တဲ့ ဒီတပည့်အုပ်စုထဲ ကျင့်ကြံဆင့်အမြင့်ဆုံးမို့ သူ့ကိုရွေးလိုက်တာ"
"ဆရာဘိုးဘိုး အဲလိုပြောတာ မမှန်ဘူးလေ" ကျူကျော်သူက မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ပိုပြီးအပြစ်ကင်းပုံပေါ်အောင် နှုတ်ခမ်းဆူလိုက်တယ်။
"ဘိုးဘိုးက ကွေ့ယီဂိုဏ်းရဲ့ နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ဆရာသခင်လေ၊ တျန်းရှတောင်ပေါ်က ဆရာအစ်ကိုတွေထဲက ဘယ်တစ်ယောက်ကများ မထူးချွန်လို့လဲ၊ ဝိညာဉ်ဆေးပင်တွေအတွက် စောင့်ရှောက်သူသက်သက်ဆိုရင်တောင် ဂိုဏ်းတပည့်တွေအတွက်တော့ အခွင့်အရေးကြီးဖြစ်ဆဲပဲလေ၊ ဘိုးဘိုး ကောင်းမွန်တဲ့ အရည်အသွေးနဲ့လူတွေကို ရွေးသင့်တယ်ထင်တာပဲ၊ ဒီလိုနည်းလမ်းနဲ့ဆို တျန်းရှတောင်ရဲ့ ဂုဏ်သရေကိုလည်း ဆက်ပြီးမြှင့်တင်လို့ရမယ်"
အဲနတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူအပြုံးက ပိုတောင်နူးညံ့လာကာ မိန်းကလေးအပေါ် သူ့အကြည့်က ကလေးတစ်ယောက်အတွက် အလိုလိုက်မှုတချို့နဲ့ပြည့်နေတယ်။ "ဒါဆို ယီအာက ငါဘယ်လိုလူကို ရွေးသင့်တယ်ထင်လဲ"
"သူက မဆိုးဘူးထင်တာပဲ" သူမက ကျိုးရှုမင်ဘေးက တပည့်ကို လက်ညှိုးထိုးပြတယ်။
"စောနက စာရင်းသွင်းတာကို ဖတ်ပြီးပြီ၊ သူက မြေနဲ့ သစ်သား ဝိညာဉ်ကြောနှစ်ခုရှိတာ ဝိညာဉ်ဆေးပင်တွေကို ဂရုစိုက်ဖို့ဆို သူက အသင့်တော်ဆုံးပဲ"
ထျန်းယီက အဲတပည့်ကိုတစ်ချက်ကြည့်ကာ သိပ်အာရုံမထားဘဲ ခေါင်းညိတ်လိုက်တယ်။ "ကောင်းပြီလေ၊ သူ့ကိုပြောင်းလိုက်မယ်"
အဲတပည့်က ပျော်ရွှင်မြူးထူးကာ အမြန်ရှေ့တက်လာပြီး ဂါရ၀ပြုလေတယ်။ "ကျေးဇူးတင်ပါတယ် ဆရာသခင်"
"အင်း" ဆရာသခင် ထျန်းယီက အသိအမှတ်ပြုတဲ့အနေနဲ့ ခေါင်းညိတ်တယ်။
ကျူးကျော်သူမျက်ဝန်းထဲမှာ ဘဝင်ခိုက်နေတဲ့ အရိပ်အယောက် လျှပ်တစ်ပြတ် ဖြတ်ပြေးသွားတယ်။
ခဏအတွင်း ကျိုးရှုမင်အပေါ် တခြားတပည့်တွေအကြည့်က စာနာသနားမှုနဲ့ပြည့်သွားတယ်။ အဲအစား သူ့ကိုယ်ပိုင်အမူအရာကတော့ အခွင့်အရေးကြီးကို ဆုံးရှုံးလိုက်ရလို့ စိတ်ဓာတ်ကျမနေဘဲ သာမန်အတိုင်း ဖြစ်နေကာ မျက်လုံးတွေက တစ်ခုခုကို ရှာနေသလိုမျိုး လူအုပ်ထဲ ဝေ့နေတယ်။
ရွေးချယ်မှုတွေ ပြီးသွားတာမြင်တော့ ဂိုဏ်းချုပ်က တပည့်တွေကို အားလုံးကို အပြင်ဆောင်ဆီခေါ်သွားဖို့ ညွှန်ကြားတယ်။
ကျန်ရစ်သူတွေက စိတ်ပျက်လက်ပျက် အကြည့်တွေနဲ့ ထွက်လာကြတယ်။ သူတို့အားလုံး လမ်းတစ်လျှောက် ဂိုဏ်းတူအစ်ကို လမ်းပြတဲ့နောက် မှိုင်တွေတွေလိုက်ရင်း အင်မတန် စိတ်ဓာတ်ကျနေပုံပဲ။ ကျိုးရှုမင်ကလွဲလို့ သူ့ကြည့်ရတာ အခု အရမ်းစိုးရိမ်နေတဲ့ပုံ။ အခု အပြင်ထွက်လာပြီး သိပ်မကြာခင် သူက ဘေးကလူတွေကို လိုက်ဆွဲကာ မေးခွန်းထုတ်တော့တယ်။
"တာအိုရောင်းရင်း ကျွန်တော့်အဖော်တွေများ။ မြင်မိလား၊ ကျွန်တော်နဲ့အတု လှေပေါ် တက်လာတဲ့သုံးယောက်လေ"
"ဟင့်အင်း"
"ဂိုဏ်းတူအစ်ကို၊ ကျွန်တော့် မိတ်ဆွေတွေကို မြင်ဖူးလား၊ သူတို့က သုံးယောက် တစ်ယောက်က ကူယွဲ့၊ နောက်တစ်ယောက်က ယိချင်း၊ ပြီးတော့ မျိုးရိုးနာမည်ရှန်းနဲ့ အမျိုးသမီးတစ်ယောက်"
"တစ်ခါမှမကြားဖူးဘူး"
"အစ်ကိုကြီး၊ ကျွန်တော့်သူငယ်ချင်းသုံးယောက် ပျောက်နေတာ၊ သူတို့က စောနက ကျွန်တော်နဲ့အတူ လှေပေါ်တက်လာကြတယ်၊ အုတ်မြစ်အခြေတည်အဆင့်ကျင့်ကြံသူတွေပါ၊ ခင်ဗျား သူတို့ကိုမြင်ဖူးလား"
"ဟင့်အင်း"
"ဒါ..."
ကျိုးရှုမင်က မေးမေးရင်း ပိုပိုပြီးစိတ်ပူပန်လာတာ ရှေ့က လမ်းပြနေတဲ့ တပည့်တောင် သိသွားပြီး အရှေ့ကနေ လျှောက်လာတယ်။ "အနောက်မှာ ဘာတွေဖြစ်နေကြတာလဲ"
သူက ကျိုးရှုမင်ဆိုတာမြင်တော့ စာနာသနားတဲ့အရိပ်အယောင်က မျက်လုံးထဲ ချက်ချင်း ဖြတ်ပြေးသွားတယ်။
"ဘာတွေဖြစ်ခဲ့တာလဲ"
"ဂိုဏ်းတူအစ်ကို..." ကျိုးရှုမင်က အလောတကြီး ရှေ့တက်လာကာ ပိုပြီးတောင် သွေးပျက်နေတယ်။
"ကျွန်တော့်သူငယ်ချင်းတွေပျောက်နေတယ်၊ သူက ကျွန်တော်နဲ့အတူ စမ်းသပ်မှုအောင်လာတာ"
"အဲဒါမဖြစ်နိုင်ဘူးမလား၊ ငါတို့ စောနက လှေမှာ စီချိန် လူရေခဲ့တယ်" သူက မျက်မှောင်ကြုတ်ကာ သုံးယောက်နာမည်ကို မေးပြီး စာရင်းစာအုပ်ကို လှန်လှောရှာဖွေတော့တယ်။ ခဏနေတော့ မော့ကြည့်လာပြီး အကြည့်က ပိုလို့တောင် စာနာသနားရိပ် ပေါ်လာတယ်။
"မင်းပြောတဲ့လူသုံးယောက်က စာရင်းထဲ မရှိဘူး"
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ" ကျိုးရှုမင်က မှင်တက်သွားတယ်။ သူတို့စောနလေးတင် လှေပေါ် စကားစမြည် ပြောခဲ့တာကို။
"ကောင်းပြီ ကောင်းပြီ ဆက်သွားကြရအောင်" အဲတပည့်က သူ့ကို နောက်တစ်ချက် စာနာသနားစွာကြည့်တယ်။ တျန်းရှတောင်ထဲ ဝင်ခွင့်မရလို့ ဝမ်းနည်းမှုကနေ ရူးသွားတာများလား။ သူ သက်ပြင်းချကာ ရှေ့ကို ဆက်လမ်းပြခဲ့တယ်။ ဟူး သနားစရာဖြစ်တည်မှုပဲ။
ကျိုးရှုမင်က အူကြောင်ကြောင် အကြည့်နဲ့ နောက်ကလိုက်လာခဲ့တယ်။
နောက်က တစ်ချိန်လုံး လိုက်နေခဲ့တဲ့ရှန်းရင် ။ ။ "..."
စာရင်းစာအုပ်ထဲက နာမည်တွေကို ဖျက်ခဲ့တဲ့ ကူယွဲ့ ။ ။ "..."
လမ်းတစ်လျှောက် အင်းကွက်အစီအရင်ကို ထိန်းလာသောယိချင်း ။ ။ "..."
အမ်... သူတို့ မတော်တဆ သူတို့ သူငယ်ချင်းကို ပင်ပန်းအောင် လုပ်မိပုံပဲ။
"ဆရာ..." ယိချင်း မနေနိုင်တော့ဘဲ စိတ်ပူစွာ အကြံပြုလိုက်တယ်။ "ကျွန်တော်တို့ သူ့မှတ်ဉာဏ်ကို ဖျက်ဖို့လိုလား"
ရှန်းရင်က ခဏတွေးနေပြိး ပြန်မဖြေခင် ကူယွဲ့ကဦးသွားတယ်။ "ထားလိုက်တော့ အဲကျူးကျော်သူပစ်မှတ်က သူပဲ၊ တကယ်လို့ ငါတို့ အဆင်အခြင်မဲ့လုပ်ရင် သူက သတိထားမိသွားနိုင်တယ်၊ တခြားတစ်ခုခုစဉ်းစားရအောင်"
ယိချင်းက ခေါင်းညိတ်တယ်။
ကူယွဲ့ သူတို့ စောနကကြားခဲ့တဲ့ ထူးခြားတဲ့အသံကိုပြန်စဉ်းစားကာ ရှန်းရင်ဘက်လှည့်လိုက်တယ်။
"ရှန်းရင်စောနက အဲစနစ်က အတိအကျဘာလဲဆိုတာသိလား" သူတို့ကြားတဲ့အသံနှစ်သံအရတော့ ဒါက သူတို့ကျူးကျော်ခဲ့တဲ့ ပထမဆုံးကမ္ဘာ မဟုတ်ပုံပဲ။ "လက်ခံသူရဲ့ ရည်မှန်းချက်တွေကို ဖြည့်ဆည်းပေးရတဲ့ တာဝန်တွေလိုမျိုး ရှိသေးတယ်၊ ဖြစ်နိုင်တာ အဲလက်ခံသူဆိုတာက ခန္ဓာကိုယ်ရဲ့မူလဝိညာဉ်လား"
"ဒါက မူလဝိညာဉ် ကျူးကျော်သူနဲ့ ပေါင်းစပ်သွားရတဲ့အကြောင်းရင်းဖြစ်နိုင်တယ်" ကျူးကျော်သူက သူမဆန္ဒတွေ ဖြည့်ဆည်းဖို့ ကူညီပေးမှာမို့ မူလဝိညာဉ်က အလိုလို သူမနဲ့ ပေါင်းစပ်လိုက်တာပဲ။ အဲတော့ အစတည်းကနေ သူတို့ သူမရဲ့ ကျူးကျော်သူဆိုတဲ့အသွင်ကို မမြင်ရဖြစ်စေခဲ့တယ်။
"သူမစနစ်က ဖုန်းယင်စနစ်နဲ့ မတူဘူးမလား"
"တူတူလောက်ပဲ" ရှန်းရင်က တစ်ဖက်ကိုခေါင်းစောင်းလိုက်တယ်။ "အဲစနစ်ဆိုတာတွေက ကိုယ်ပိုင်အသိစိတ်ရှိတဲ့ အဆင့်မြင့်မျက်နှာပြင်တွေရဲ့ နည်းပညာထုတ်ကုန်တွေပဲ၊ ဒါပေမဲ့... မျက်နှာပြင်တွေကို ဝိညာဉ်ကူးပြောင်းနိုင်တဲ့ စနစ်တော့ တစ်ခါမှမမြင်ဖူးဘူး" ဖုန်းယင်ရဲ့ အုပ်ထိန်းမှုစနစ်က မျက်နှာပြင်မုန်တိုင်းကြောင့် ဒီမျက်နှာပြင်ပေါ် ကျလာခဲ့ချိန် ဒီတစ်ခုကတော့ သိသိသာသာကိုမဟုတ်။
"ဒါဆို ငါတို့ခုဘာလုပ်ကြမလဲ"
"အစ်မကို မေးရမှာပေါ့" ရှန်းရင်က ခဏစဉ်းစားနေတယ်။ "သူက ဒီအပိုင်းနဲ့ပတ်သက်ပြီး အချက်အလက် ရှိလောက်တယ်"