← Chapters

အခန်း (၆၄၃-၆၄၅)

Vol. 43 Ch. 643-645

အခန်း (၆၄၃-၆၄၅)

Vol. 43 Ch. 643-645

အခန်း ၆၄၃ ။ အောင်မြင်သော အုတ်မြစ်အခြေတည်ကျင့်ကြံသူများ

"ဒါဆိုလည်း ထားလိုက်တော့" ထျန်းယီက သူတို့ကို လုယူမဲ့အတွေးကို အနည်းငယ် မရွှင်မပျနဲ့ လက်လွှတ်လိုက်တယ်။ သူက ရှုယီကိုကြည့်ပြီး နောက်တော့ ကျိုးရှုမင်ကိုတစ်ချက်ကြည့်ပြန်ကာ ရုတ်တရက် သတိရသွားတယ်။ ဒါက သူ ဟိုတစ်လောက တျန်းရှီတောင်ဆီ ခေါ်ယူလုနီးပါးဖြစ်ခဲ့တဲ့ တပည့်မဟုတ်လား။ ကြည့်ရတာ အဲတုန်းကလည်း ရှုယီတစ်ခုခုပြောလို့ သူစိတ်ပြောင်းသွားခဲ့တာ။ သူ့မျက်ခုံးတွေက ချက်ချင်း ကျုံ့သွားပြီး ရင်ထဲ သံသယတစ်မျိုး ဖြစ်ပေါ်လာတယ်။ ဒါပေမဲ့ ရှုယီက ဘယ်လိုပဲဖြစ်ဖြစ် နတ်ဝိညာဉ်အကြီးအကဲတစ်‌ယောက်ရဲ့ သမီးမို့ သူ တိုက်ရိုက်တော့ ထုတ်မပြောဘူး။

"ဆရာဦးလေး၊ ဒီဝိညာဉ်ဆေးပင်တွေကို... ဘယ်လိုရိတ်သိမ်းသင့်တယ်ထင်လဲ" ဂိုဏ်းချုပ်က သူ့ကို သိလိုဟန်ကြည့်လာတယ်။

"မျိုးကွဲဝိညာဉ်ဆေးပင်တွေက သေချာပေါက် တခြားဝိညာဉ်ဆေးပင်တွေနဲ့မတူဘူးပေါ့" သူက လက်နှစ်ဖက်လုံးနဲ့ စည်းချိပ်တွေကို ဖန်တီးကာ ဝိညာဉ်ကွင်းပတ်လည်မှာ အင်းကွက်အစီအရင်တချို့ပြင်လိုက်တယ်။

"ပတ်ဝန်းကျင်က ဝိညာဥ်ချီ‌တွေ မလွင့်အောင် ပိတ်ထားဖို့အင်းကွက်အစီအရင်တွေ သုံးလိုက်မယ်၊ ဝိညာဉ်ပိတ်သေတ္တာကို သွားယူမှာစောင့်နေ"

အဲလိုပြောပြီး သူ့ပုံက အရောင်လက်သွားကာ အသည်းအသန် ပြန်ပျံသန်းသွားပြီး ခဏနေတော့ သေတ္တာကြီးတစ်ခုကို ဖက်ထားရင်း ပြန်ပျံသန်းလာတယ်။ သူက နောက်တော့ စိတ်လှုပ်ရှားနေတဲ့လူအုပ်ကြီးကို လှမ်းပြောတယ်။

"ငါတို့ ခုစပြီးရိတ်သိမ်းလို့ရပြီ၊ ဝိညာဉ်ဆေးပင်တွေရဲ့ ဝိညာဉ်ချီကို သက်ရောက်မှာဆိုးလို့ အနားသိပ်မကပ်ကြနဲ့"

သူက နောက်တော့ ဂရုတစိုက်နဲ့ အစွန်ဆုံးက အနီရောင်မျိုးကွဲဝိညာဥ်ဆေးပင်ရိုးတံနှစ်ခုဆီ ဂရုတစိုက် လျှောက်သွားတယ်။

ကျိုးရှုမင်က ဒီလောက်အရှိန်အဝါကြီးတဲ့ကျင့်ကြံသူတွေက အားလုံး စိတ်အရမ်းလှုပ်ရှားနေတဲ့ပုံပေါ်တော့ မနေနိုင်ဘဲ ကူယွဲ့ကိုပြန်လှည့်ကြည့်ကာ အလင်းပေါက်သွားသလိုပြောတယ်။ "ညီကိုကူယွဲ့၊ ခင်ဗျား ကျုပ်ကို ဒီဝိညာဉ်အပင်တွေနား ပုံမှန်ရက်တွေမှာ မကပ်ခိုင်းတာ မဆန်းတော့ဘူး၊ အားလုံးက ထူးခြားတာ ဖြစ်နေတာကိုး"

ကူယွဲ့ ။ ။ "..."

ကောင်းကင်တာအိုက အပင်စိုက်သူက မင်းလို့ထင်သွားမှာကို စိုးရိမ်နေရုံပါ။

ဝိညာဉ်ကွင်းပြင်ပတ်လည်ကို ဝိုင်းထားပြီး ဂရုတစိုက်တူးကာ အတော်ကြာမှ ဝိညာဉ်ဆေးပင် ပထမရိုးတံရဲ့ အမြစ်တစ်ခုလုံးကို ဆွဲထုတ်နိုင်ခဲ့တယ်။ ကူယွဲ့ သူတို့ကိုကြည့်တာနဲ့တင် ပင်ပန်းနေပြီ။ ဒါ ဝိညာဉ်ဆေးပင်လေးတစ်ခု ဆွဲနုတ်ရုံပဲကို၊ အဲလောက် သတိကြီးဖို့လိုလို့လား။

"ကောင်းပြီလေ၊ ပြီးသွားပြီ" ထျန်းယီက နောက်တော့ ဝိညာဉ်ဆေးပင်ကိုမြှောက်ကာ အားနည်းနည်းနဲ့ အပေါ်ဆွဲမပြီး ဝိညာဉ်ပိတ်သေတ္တာထဲ အမြန်ထည့်ပြီးမှ နောက်တစ်ခုဆက်တူးတယ်။

ရုတ်တရက် မြေကြီးကနေ ပြင်းထန်တဲ့ဝိညာဉ်ချီလှိုင်းတစ်လှိုင်း ပေါက်ကွဲထွက်လာကာ ပတ်ဝန်းကျင်က သနားစရာကောင်းလောက်အောင် ပါးလွှာနေတဲ့ ဝိညာဉ်ချီက အရာဝတ္တုတစ်ခုအဖြစ် ခဲသွားလုနီးပါး ဆယ်ဆလောက် ပိုကြွယ်ဝလာတယ်။ အဖြူရောင်မြူခိုးတစ်ခုက သူတို့ကိုဝိုင်းနေပြီး ကြည့်ရတာ မသေမျိုးချီ ဖြစ်လာတော့မဲ့ပုံ။ အဖြူရောင်အလင်းက ကျယ်လာပြီး မြေကြီးထဲက ခုန်ထွက်လာကာ ချက်ချင်း ပျောက်သွားတယ်။

"အဲဒါ... ဝိညာဉ်ကြောပဲ" ဂိုဏ်းချုပ်က ချက်ချင်းနားလည်သွားကာ အံ့ဩတကြီးရေရွတ်တယ်။

"ဒါသက်ရှိဝိညာဉ်ကြောပဲ"

"နောက်ကလိုက်ကြ" ထျန်းယီက လှစ်ခနဲပြေးသွားပြီး အဲအဖြူရောင်အလင်းရှိရာဘက် ပျောက်ကွယ်သွားတယ်။

နတ်ဝိညာဉ်ကျင့်ကြံသူတွေလည်း တစ်လှမ်းနောက်ကျကာ နောက်ကလိုက်ကြတယ်။ ခဏအတွင်း ကွေ့ယီဂိုဏ်းချုပ်ပဲကျန်ခဲ့တယ်။ သူလည်း လိုက်ချင်ပေမဲ့ တစ်ယောက်ယောက်က ဒီဝိညာဉ်ဆေးပင်တွေကို စောင့်ကြည့်ဖို့လိုတယ်လေ။ အကောင်းပတိဝိညာဉ်ကြောတွေက ဘယ်တုန်းကမှ မြေပြင်ကနေ ထွက်မလာဖူးတာမို့ ဖမ်းဖို့နေနေသာသာ မြင်ရဖို့တောင် အတော်လေးရှားပါးတယ်။ ဂိုဏ်းတိုင်းမှာရှိတဲ့ ဝိညာဉ်ကြောဆိုတာတွေက ကျိုးပဲ့နေတဲ့ အကြောတွေ၊ ဝိညာဉ်ကြောရဲ့တစ်စိတ်တစ်ပိုင်းသာဆိုပေမဲ့ စောနကဟာကတော့ သက်ရှိအစစ် ဝိညာဉ်ကြောတစ်ခုလုံးပဲ

သွေဖယ်ဝိညာဉ်ဆေးပင်တွေ ရုတ်တရက် ဒီနေရာမှာပေါ်လာတာ မဆန်းတော့ဘူး။ ဖြစ်ချင်တော့ မြေကြီးအောက်မှာ ဝိညာဉ်ကြောတစ်ခုလုံး ဝှက်နေတာကိုး။

ကူယွဲ့ မျက်လုံးထောင့်ကနေ စားဖိုမှူးကို လှမ်းကြည့်လိုက်တယ်။ မင်းဘာတွေလုပ်နေတာလဲ။

စားဖိုမှူးအမူအရာက မည်းနက်သွားကာ ကောင်းကင်ကို တန်းမော့ကြည့်တယ်။ "ဘာတွေဖြစ်နေတာလဲ" မင်းကို သေချာသိမ်းဖို့ပြောထားရက်နဲ့

နစ်နာဝမ်းနည်းမှုတွေ ပြည့်နေတဲ့ နောက်အသံတစ်သံက သူတို့နားထဲ ပဲ့တင်ထပ်လာပြန်တယ်။

"*အဟင့်*..." ဝိညာဥ်ကြောက ဒီကွင်းပြင်လေးထဲ ‌ကွေးနေတာ အတော်ကြာပြီး အိပ်ပျော်သွားတာများလား။

ဒေါသမထွက်ပါနဲ့ ခေါင်းဆောင် ကျွန်တော်မှားသွားပါတယ် ခေါင်းဆောင်

ကူယွဲ့ ။ ။ "..."

ဖွီ ဒီမျက်နှာပြင်ရဲ့ကောင်းကင်တာအိုက သူ့သခင်လိုပဲ အားမကိုးရဘူး။ တကယ်ကို ရှန်းရင်က သင်ပေးထားတဲ့ အစုတ်ပလုတ်တပည့်

အဝေးက အိမ်တစ်လုံးတွင်တော့။

ရှန်းရင် အိပ်ရာထဲကနေ မုန့်ပျားသလက်ကြီးလို အိပ်ချင်မူးတူး တွားသွားထွက်လာတယ်။ "ဟက်ချိုး" သူမ နဖူးကိုသူမ စမ်းကြည့်မိလိုက်တယ်။ ဘာတွေဖြစ်နေတာလဲ။ သူမ အအေးမိနေတာလား။ အင်း ဖြစ်နိုင်တာ သူမ အစားအရမ်းနည်းသွားလို့ ကိုယ်ခံအားကျသွားတာဖြစ်ရမယ်။

ပြော စားဖိုမှူးက ဘယ်ချိန် ဟင်းချက်ဖို့ပြန်လာမှာလဲ။

*****

ဂိုဏ်းချုပ်က စောင့်နေရင်း ပိုပိုစိတ်ပူပန်လာတယ်။ ဘယ်သူမှပြန်မလာသေးတာမြင်တော့ သူချက်ချင်း သူတို့နောက်လိုက်သွားကြည့်ချင်လာတယ်။ သူ ဝိညာဉ်ကွင်းပြင်ကိုစောင့်ကြပ်ဖို့ တပည့်တချို့ကို ခေါ်မယ်ရှိသေး ပတ်ဝန်းကျင်ကဝိညာဉ်ချီက ရုတ်တရက် ခက်ထန်လာကာ ဘယ်ဘက်ဆီ စုဝေးသွားတယ်။ အလိုလိုလှမ်းကြည့်လိုက်တော့ ဝိညာဉ်ချီအားလုံးက ကျိုးရှုမင်ကို ဝိုင်းထားတာ။

"နှစ်ကျပ်ကျိုး" ကူယွဲ့ အော်ကာ တွန်းလိုက်တယ်။ "အိပ်မက်မက်နေတာတော်တော့"

"အာ" ကျိုးရှုမင်က အူကြောင်ကြောင်ဖြစ်နေကာ လုံးဝကို စိတ်လွင့်နေတယ်။

"မင်း... အုတ်မြစ်အခြေတည်အဆင့်ထဲ ဝင်တော့မှာပဲ" ဂိုဏ်းချုပ်က ခြေလှမ်းတွေ တန့်သွားပြီး သူ့ကိုလှမ်းကြည့်ရင်း သတိပေးလိုက်တယ်။ "မြန်မြန် အာရုံစိုက်ပြီး တရားထိုင်၊ အုတ်မြစ်အခြေတည်အဆင့်ကို အလွယ်တကူဝင်"

သူက အဲတော့ တုံ့ပြန်ပြီး အမြန်ထိုင်ချကာ ဝိညာဉ်ချီစုပ်ယူဖို့ စတင်အာရုံစိုက်တော့တယ်။ ပတ်လည်က ဝိညာဉ်ချီက ထူထဲလာပြီး သူ့သွေးကြောတွေထဲ အဆက်မပြတ် တလိမ့်လိမ့်ဝင်လာတယ်။ ဖြစ်နိုင်တာ သူ အရင်သုံးလတုန်းက ကူယွဲ့ထုထောင်းတာကို ကျင့်သားရသွားလို့ထင် အတော်လေးဝေဒနာခံစားနေရပုံမပေါ်သလို ဝိညာဉ်ချီစုပ်ယူမှုကလည်း အတော်လေး ချောချောမွေ့မွေ့။

ကွေ့ယီဂိုဏ်းချုပ်က ကျေနပ်စွာခေါင်းညိတ်လိုက်တယ်။ ဒီတပည့်ရဲ့ ဝိညာဉ်အမြစ်က နည်းနည်းညံ့ပေမဲ့ သူ့အခြေခံကတော့ တကယ်မဆိုးတာ။ သူသာ ဒီတစ်ကြိမ် အုတ်မြစ်အခြေတည်အဆင့်ကိုအောင်အောင်မြင်မြင် တက်ရောက်နိုင်ရင် အလားအလာရှိတဲ့လူငယ် ဖြစ်လာန်ုင်တယ်။ ဒါကြောင့် အင်းကွက်အစီအရင် ကူညီဖန်တီးပေးလိုက်တယ်။

တစ်ဖက်မှာတော့ ရှုယီက ဘေးမှာ မယုံကြည်နိုင်တဲ့အကြည့်နဲ့ ပိုလို့တောင် စိတ်တိုနေတယ်။ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ။ သူမ သူ့ကို တျန်းရှတောင်ဆီ မရောက်အောင် တားခဲ့ပြီးပြီ။ ဆရာသခင်ဆီက လမ်းညွှန်ချက်တွေ မရှိဘဲ ဘာလို့ အုတ်မြစ်အခြေတည်အဆင့်ထဲ ဝင်ရောက်ဆဲဖြစ်ပြီး အရင်ကထက်၂နှစ်ပိုစောနေရတာလဲ။ သူက ဒါကို သုံးလတည်းနဲ့ အောင်မြင်ခဲ့တယ်။ အဲဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာတုန်း။ သူမ သူ့ရဲ့ တျန်းရှတောင်ဆီ ဝင်ရောက်နိုင်တဲ့ အခွင့်အရေးတွေကို ဖျက်ဆီးခဲ့တာက သူ့အောင်မြင်မှုအပေါ်ကူညီအားဖြည့်ပေးရာကျတာလား။

ရှုယီ စဉ်းစားလေ ပိုလို့တောင် ဒေါသထွက်လာလေပဲ။ ဟိုးစိတ်အတွင်းမှာတော့ သူ့မှာ သေချာပေါက် တခြားအခွင့်အရေးရှိတယ်ဆိုတဲ့အတွေးက ပိုလို့တောင် သေချာလာတယ်။ ဟုတ်တယ်၊ သူ့မှာ တခြား ဓမ္မလက်နက်ရှိတာဖြစ်ရမယ်။ မဟုတ်ရင် ဒါက ဒီလောက်မြန်မှာမဟုတ်။ လုံးဝကိုပဲ။

ခဏအတွင်း ကျန်ရစ်ခဲ့သူတွေက ကျိုးရှုမင်ကို အနည်းငယ်စိတ်လှုပ်ရှားစွာနဲ့ ကြည့်နေကျတယ်။ ကွေ့ယီဂိုဏ်းချုပ်ပဲ သူ့အရည်အချင်း မမြင့်မားဘဲ ကျရှုံးမှာကို စိုးရိမ်နေတာဖြစ်ပြီး ရှုယီကတော့ သူအောင်မြင်မှာလားကို စိတ်လှုပ်ရှားနေတယ်။

အဲအစား ကူယွဲ့က သက်သောင့်သက်သာရှိသူ။ သူက အရင်ဘဝက အောင်အောင်မြင်မြင် တက်လှမ်းနိုင်ခဲ့ရုံတင် မကဘူး၊ ကူယွဲ့ လေ့ကျင့်ပေးနေခဲ့တဲ့ သုံးလအတွင်းမှာတင် အုတ်မြစ်အခြေတည်အဆင့်အတွက် လိုအပ်တဲ့ ဝိညာဉ်ချီတွေကို ပုံမှန်ရိုက်နှက်ရင်း သူ့ကိုယ်ထဲ တွန်းထည့်နေခဲ့တာ။ ဒါက အနှေးနဲ့အမြန် ဖြစ်လာမှာပဲ။

——————

ထျန်းယီနဲ့ နတ်ဝိညာဉ်အကြီးအကဲတွေက ထွက်ပြေးသွားတဲ့ ဝိညာဉ်ကြောကိုလိုက်မမှီ။ ဝိညာဉ်ကြောတွေက ကြုံကြိုက်မှသာရကြတာ။ အတင်းအကြပ် မရတဲ့အတွက် သူတို့ နည်းနည်းစိတ်ပျက်ပေမဲ့ သိပ်လည်းစိတ်ထဲမထား။ သွေဖယ်ဝိညာဉ်ဆေးပင်တွေအပြည့် ဝိညာဉ်ကွင်းတစ်ခုရ‌တာတင် သူတို့အတွက် ပျော်စရာလုံလောက်နေပြီ။

ပြီးတော့ ကျိုးရှုမင်က အောင်အောင်မြင်မြင် အုတ်မြစ်အခြေတည်အဆင့်ကို ဝင်ရောက်နိုင်ခဲ့တယ်။ ဖြစ်နိုင်တာ သူကအခြေခံကောင်းလို့ထင် တစ်ညပဲ တရားထိုင်ပြီး သူ့ကျင့်ကြံဆင့်က တည်ငြိမ်နေပြီ။ သူ လက်ကို တင်းတင်းဆုပ်ကိုင်ကာ ဂါထာတွေကို စိတ်လှုပ်ရှားစွာ ဖန်တီးတော့တယ်။ တကယ်ပဲ ကျင့်ကြံဆင့်တက်လှမ်းပြီးသွားရင် သက်ရောက်မှုက လုံးဝကိုကွဲပြားသွားတယ်။

သူ အခန်းထဲက အံ့ဩတကြီး ထွက်လာပြီး ဘေးခန်းက ညီကိုကူယွဲ့ကို သွားရှာချင်ပေမဲ့ အခန်းထဲက ထွက်လာတာမြင်တော့ ချက်ချင်း ရှေ့ဆီလျှောက်သွားလိုက်တယ်။

"ညီကိုကူယွဲ့ ခင်ဗျား..." သူကပြောနေရင်း တန့်သွားပြီး မျက်လုံးတွေပြူးကာ တန်းလွှတ်ခနဲပြောမိသွားတယ်။

"ခင်ဗျား... ခင်ဗျားလည်း အုတ်မြစ်အခြေတည်အဆင့်ရောက်သွားပြီပေါ့"

"အင်း" ကူယွဲ့က ခေါင်းညိတ်ကာ နည်းနည်းလေးတောင် စိတ်ထဲမထားဟန်။ "ဟုတ်တယ်"

"..."

(⊙ o ⊙)

..

အခန်း ၆၄၄ ။ ပစ္စည်း ပြီးပြည့်စုံစွာ ခွဲယူခြင်း

"မင်း အပြင်သွားမို့လား"

"အာ ဟုတ်ကဲ့..." ကျိုးရှုမင်ကြည့်ရတာ လုံးဝမှင်တက်နေသေးပုံ။

"ဘယ်တုန်းက ညီကိုကူယွဲ့ အုတ်မြစ်အခြေတည်အဆင့်ရောက်သွားတာလဲ" သူက မနေ့ကတင် ချီဆဋ္ဌမအဆင့်ပဲ ရှိသေးတာလေ။

"အိုး မနေ့ညကမှလေ"

"မနေ့ညကမှလား" မြန်လိုက်တာ

"အင်း ပြဿနာရှိလို့လား"

သူကိုယ်တိုင် မြန်လှပြီလို့ အစကတွေးခဲ့တဲ့ ကျိုးရှုမင် ဂနာမငြိမ်ဖြစ်သွားတယ်။ "ဟင့်... ဟင့်အင်း" သူ ကျင့်ကြံခြင်းနဲ့ပတ်သက်လို့များ နားလည်မှုတွေလွဲနေတာလား ရုတ်တရက် စသိချင်လာတယ်။ ဥပမာအနေနဲ့ဆို အမြန်နှုန်းပေါ့။

"မင်း ဘယ်သွားမို့လဲ" ကူယွဲ့က တန်းဖြေလိုက်တယ်။

ကျိုးရှုမင်က သူ့ကိုယ်သူ စိတ်ပြန်စုစည်းကာ ဖြေလိုက်တယ်။ "ကျွန်တော် ပင်မတောင်ထွတ်ဆီ တူတူသတင်းပို့ဖို့ ညီကိုကူယွဲ့ကို လာခေါ်တာပါ"

"အလျင်မလိုဘူး" ကူယွဲ့က ခပ်တိုးတိုးပြောလိုက်တယ်။ "အရင်ဆုံး အပြင်စည်းအမှုဆောင်ခန်းမဆီ ငါ့နောက်လိုက်ခဲ့"

"အပြင်စည်းအမှုဆောင်ခန်းမလား" သူ အူတူတူဖြစ်သွားတယ်။ "မနေ့က ဂိုဏ်းတူအစ်ကိုဟယ်ပြောတာ ကျွန်တော်တို့ ပင်မတောင်ထွတ်ဆီ သတင်းတင်ပြရုံပဲတဲ့၊ အပြင်စည်းအမှုဆောင်ခန်းမမှာ အသိပေးဖို့မလိုဘူး"

"ငါ သတင်းတင်ပြဖို့သွားတယ်လို့ ဘယ်သူပြောတုံး" ကူယွဲ့ မျက်စိထောင့်ကနေ တစ်ချက်ကြည့်လိုက်တယ်။

"ဒါဆို..."

"သေချာပေါက် ပိုက်ဆံသွားကောက်ဖို့ပေါ့" ကူယွဲ့က ဒါ သဘာဝကျပြီးမှန်ကန်သလိုမျိုး ရဲတင်းစွာပြောလိုက်လေတယ်။

"ဂိုဏ်းချုပ်က အဲဝိညာဉ်ဆေးပင်တွေအတွက် ဈေးကွက်တန်ဖိုးအရပေးမယ်လို့ မနေ့က မပြောခဲ့ဘူးလား၊ ငါတို့မသိရင် သူတို့က ဒီကိစ္စပြီးသွားပြီးနောက်ပိုင်း ပိုက်ဆံလျှော့ပေးရင်ရော"

ဘယ်လိုပဲဖြစ်ဖြစ် သူ့ကိုယ်ပိုင်အိတ်ကပ်ထဲ ဝိညာဉ်ကျောက်တုံးတွေကိုသိမ်းတာ ဘေးအကင်းဆုံးပဲ။ သူက ကျွေးမွေးစရာ ကလေးတွေရှိသူလေ။

"..."

"အူကြောင်ကြောင်လုပ်နေတာ တော်တော့၊ မြန်မြန်လာ" အဲဝိညာဉ်ကျောက်တုံးတွေက သူတို့နှစ်ယောက်လုံးရှိနေမှ ယူလို့ရမှာ။ "စကားမစပ်၊ မင်း ငါ့ကို ဝိညာဉ်ကျောက်တုံး၁တုံးအကြွေးတင်နေတာ မှတ်မိလား၊ မင်းက ငါ့မိတ်ဆွေဆိုတာကို ထောက်ထားပြီး အတိုးအနေနဲ့ အဲဝိညာဉ်ကျောက်တုံးတွေရဲ့ ခွဲတမ်းကနေ ၁၀ရာခိုင်နှုန်းပဲယူမယ် မင်း၄၀ ငါ၆၀‌ဆို ရပြီ"

"..." လူတွေက ဒီလိုနည်းလမ်းနဲ့တွက်တာလား။

ကူယွဲ့နဲ့ ကျိုးရှုမင် စုစုပေါင်း ထိပ်တန်းအဆင့် ၁၁၂၂၂ ဝိညာဉ်ကျောက်တုံးရခဲ့တယ်။ အုတ်မြစ်အခြေတည်တပည့်မပြောနဲ့ နတ်ဝိညာဉ်ကျင့်ကြံသူအတွက်တောင် ဒါက အတော်လေး များပြားတဲ့ပမာဏပဲ။ ကျိုးရှုမင် သူ့လက်တွေ မဆိုစလောက် တုန်ယင်နေတာကို ခံစားရပေမဲ့ ကူယွဲ့ကတော့ အိတ်ကို မုန်းတီးစွာကြည့်နေတယ်။ သူ့မျက်နှာပေါ် စကားတစ်ခွန်းက ထင်ထင်ရှားရှား ရိုက်နှိပ်ထားတယ်။ ဒီလောက်လေးပဲလား၊ ငါ့အချိန်ကုန်လိုက်တာ နောက်တော့ သူက တစ်နေရာရာကနေ ပေသီးထုတ်ကာ စာရင်းစတွက်တော့တယ်။ ဘာကြောင့်မှန်းမသိ ကျိုးရှုမင် အတော် လေးလေးနက်နက် နားထောင်ခဲ့ပေမဲ့ နားထောင်လေ ခေါင်းရှုပ်လာလေပဲ။ အဆုံးမှာတော့ ဝိညာဥ်ကျောက်တုံး ၁၀၂၂၀ ပဲ ဘာကြောင့်မှန်းမသိ ရခဲ့တယ်။

"ညီကိုကျိုး၊ မင်းမှတ်ဉာဏ် မကောင်းဘူး၊ ဒီ၁၀၂၂၀ ဝိညာဉ်ကျောက်တုံးတွေက မင်းနဲ့ဆိုမလုံခြုံဘူး၊ ပြောရဦးမယ်၊ မင်းအစား ထိန်းသိမ်းထားပေးဖို့ ငါက နစ်နာမှုတွေရှိတာဆိုတော့ တစ်နေ့ကို ဝိညာဉ်ကျောက်တုံး၁တုံးစာပဲ ကောက်မယ်၊ အဲလိုဆိုရင်ရော"

သူ့စိတ်ထဲ ပေသီးတတောက်တောက်သံတွေနဲ့ မြည်နေဆဲဖြစ်ကာ အလိုလိုကမ်းပေးမိလိုပ်တယ်။ "အာ... သေချာပေါက်ပေါ့၊ ကျေးဇူးတင်ပါတယ်"

"ရပါတယ် ငါတို့က မိတ်ဆွေတွေပဲ၊ ဒီဝိညာဉ်ကျောက်တုံးနှစ်တုံးကို အကြွေပြန်အမ်းတာအဖြစ် ယူလိုက်တော့"

အဲလိုနဲ့ လက်ထဲ ဝိညာဉ်ကျောက်တုံးနှစ်တုံးနဲ့ ကျန်ခဲ့လေတယ်။

"စကားမစပ် မင်းက ဝိညာဉ်ကျောက်တုံးတွေအတွက် အတိုးကိုပေးခဲ့တာ၊ ဝိညာဉ်ကျောက်တုံးတစ်တုံး အရင်းတန်ဖိုးကရော"

"အိုး ရော့လေ"

ဒါကြောင့် သူ့လက်ထဲ ဝိညာဉ်ကျောက်တုံးတစ်တုံးသာ ကျန်ခဲ့လေတယ်။

ရှန်းရင် ။ ။ "..."

ယိချင်း ။ ။ "..."

"စကားမစပ် မင်းစောနက ငါ့ကိုဘယ်သွားခိုင်းနေတာ" ကူယွဲ့မေးလိုက်တယ်။

ကျိုးရှုမင်က အဲတော့မှ အသိပြန်ဝင်လာတယ်။

"ပင်မတောင်ထွတ်က တပည့်ခန်းမဆီ တင်ပြဖို့လေ"

"ကောင်းပြီလေ ဒါဆိုလည်းသွားကြတာပေါ့"

"ဟုတ်ပါပြီ" သူက နောက်တော့ထရပ်ကာ ခြံဝန်းထဲက မြန်မြန်ထွက်သွားတယ်။ သူ့ခြေလှမ်းတွေက ပေါ့ပါးပြီး အမူအရာက စိတ်လှုပ်ရှားနေတာများ ကြီးမားတဲ့ကောင်းချီးပေးမှုကို ကြုံခဲ့ရတဲ့အတိုင်းပဲ။

ကူယွဲ့ မျက်ခုံးကြုံ့ကာ မမြင်ရတဲ့ဆရာတပည့်နှစ်ယောက်ဆီ တစ်ခါတည်း လှည့်မေးလိုက်တယ်။ "ငါ ဒီတစ်ကြိမ် ရက်စက်တာနည်းနည်းများသွားလား"

ဆရာတပည့် ။ ။ "..." နင့်အတွက်တော့ အထင်သေးတဲ့အကြည့်ပဲ၊ ကိုယ့်ဘာသာဆန်းစစ်။

"ငါ အဲလောက် လွန်သွားတာလား" ကူယွဲ့က မျက်ခုံးတစ်ဖက်ပင့်ကာ နောက်တော့ စောနက ဝိညာဉ်ကျောက်တုံးအိတ်ကို ဆွဲထုတ်လိုက်တယ်။ "ဒါဆိုလည်း မင်းတို့ရဲ့ နောက်နှစ်လ စားစရိတ်နဲ့ သူ့ကို ပြန်လျော်ပေးလိုက်မယ်"

နှစ်ယောက်လုံး ထိတ်လန့်သွားကာ ခြေသည်းလက်သည်း‌လေးတွေက ချက်ချင်း သူ့လက်ကိုဆွဲထားတော့တယ်။

"မလွန်ပါဘူး လုံးဝပဲ"

"စာရင်းတွေက ရှင်းပါတယ်၊ မေးခွန်းထုတ်စရာမရှိဘူး"

"ဖေဖေနျိုက ရိုးရိုးသားသားပဲ ဖြေရှင်းတာ၊ သူ့အသိစိတ်က တကယ်ကိုကောင်းတယ်"

"ဖေဖေနျိုက စီးပွားရေးသဘောတူညီချက်တွေမှာ ဖြောင့်မတ်တယ်၊ ပိုက်ဆံတွေက ဒီတိုင်းလိမ့်ဝင်လာတာ"

"ညီကိုကူယွဲ့" သူ အချိန်အတော်ကြာတာတောင် လိုက်မလာတာမြင်တော့ ကျိုးရှုမင်က မနေနိုင်ဘဲ ပြန်လှည့်ခေါ်တယ်။

ကူယွဲ့ နှစ်ယောက်ကို တစ်ချက်ကြည့်ပြီးမှ ဝိညာဥ်ကျောက်တုံးအိတ်ကို သိမ်းလိုက်တော့တယ်။ "လာပြီ"

မင်းတို့နှစ်ယောက် အသိစိတ်ရှိတာ ကောင်းတယ်။

——————

ကူယွဲ့နဲ့ ကျိုးရှုမင် အောင်အောင်မြင်မြင် ပင်မတောင်ထွတ်ဆီ ဝင်ရောက်နိုင်ကာ ကွေ့ယီဂိုဏ်းရဲ့ တရားဝင်တပည့်တွေဖြစ်လာကြတယ်။ အပြင်စည်းတပည့်တွေနဲ့ယှဉ်ရင် တရားဝင်တပည့်တွေအပေါ် ဆက်ဆံမှုက သိသိသာသာကို ပိုကောင်းတယ်။ သူတို့ အဲအကြီးအကဲတွေရဲ့ ကိုယ်ပိုင်တပည့်တွေ၊ အသိအမှတ်ပြုတဲ့တပည့်တွေနဲ့တော့ နှိုင်းယှဉ်လို့မရပေမဲ့ အခြေအနေတွေက မဆိုးဘူး။ အနည်းဆုံး တစ်ယောက်စီက ကိုယ်ပိုင်ခြံဝန်းနဲ့။ ပတ်လည်က ဝိညာဉ်ချီကလည်း သိသိသာသာကို ပိုပေါကြွယ်ဝတယ်။

ပင်မတောင်ထွတ်က တျန်းလင်းတောင်လို့လူသိများပြီး ဂိုဏ်းချုပ်ယွိလွမ် အုပ်ချုပ်တယ်။ ကွေ့ယီဂိုဏ်းကို တောင်၆ခုပိုင်းထားတယ်။ တျန်းလင်း၊ တျန်းရှ၊ တျန်းချန်၊ တျန်းကျန်း၊ တျန်းရှန့်နဲ့ တျန်းဂူ။ နာမည်တွေက ဒါက အမြုတေကျင့်ကြံသူအပြည့်ဂိုဏ်းတစ်ခုဆိုတာ ပြောနိုင်တယ်။

သူတို့ အပြင်စည်းမှာတုန်းက မသိသာခဲ့ပေမဲ့ ပင်မတောင်ထွတ်က နေရာတိုင်းမှာ သက်စောင့်ဆေးအနံ့တွေ လေနဲ့အတူ မျောလွင့်နေတယ်။ ပြီးတော့ တောင်ထွတ်တစ်ခုဆီမှာ ရွှေအမြုတေကျင့်ကြံသူတွေက နေ့တိုင်း တာအိုအကြောင်း ပြောဆိုကြပြီး နတ်ဝိညာဉ်ကျင့်ကြံသူတွေကတော့ လစဉ် သင်ခန်းစာတွေပို့ချတယ်။ ဒါပေမဲ့ အကြောင်းအရာအများစုကတော့ ဆေးလုံးသန့်စင်နည်းတွေ၊ အမြုတေကျင့်ကြံသူတွေရဲ့ စိတ်ပိုင်းဆိုင်ရာကျင့်ကြံမှုနည်းလမ်းတွေပါပဲ။ ဂိုဏ်းက တခြားအထူးပြုကျင့်ကြံသူတွေ တကယ်ရှိပေမဲ့ သူတို့ကျင့်ကြံဆင့်က မမြင့်ဘူး။ နတ်ဝိညာဉ်ကျင့်ကြံသူ ဒါ‌ဇင်ကြား သုံးယောက်ကသာ အမြုတေကျင့်ကြံသူမဟုတ်တာ။

ပြီးတော့ ပင်မတောင်ထိပ်မှာက သိုင်းစာအုပ်တွေနဲ့ ဂါထာတွေရဲ့ရှေးဟောင်းမှတ်တမ်းမျိုးစုံ သိမ်းဆည်းထားတဲ့ စာကြည့်တိုက်တစ်ခုရှိပြီး တောင်ထွတ်ခြောက်ခုက တပည့်တွေ အဲကနေ စာအုပ်တွေကို ငှားလို့ရတယ်။

ကျိုးရှုမင်က အတော်လေး စိတ်လှုပ်ရှားနေပြီး ဆရာကို တရားဝင်အသိအမှတ်မပြုဖူးတဲ့ သူတို့လို တပည့်တွေက သေချာပေါက် သူတို့ကို လမ်းပြပေးမဲ့သူမရှိခဲ့တာမို့ ပင်မတောင်ထိပ်ဆီရောက်တဲ့ ပထမဆုံးနေ့မှာ စာကြည့်တိုက်ဆီ သွားခဲ့တယ်။ သူ့ကိုယ်ပိုင်ကျွမ်းကျင်မှု၊ ဂါထာတွေနဲ့ သင့်လျော်တဲ့ စာအုပ်တွေကို ရွေးထုတ်ချင်ခဲ့တာ။ ဒါပေမဲ့ သူ တစ်နေကုန် လေးလေးနက်နက် ရှာဖွေပြီး စာအုပ်တစ်အုပ်မှ ပြန်မယူလာရဘဲ စိတ်ပျက်လက်ပျက်နဲ့ ပြန်လာခဲ့ရတယ်။

"ညီကိုကူယွဲ့..."

"ဘာဖြစ်တာလဲ" ကူယွဲ့ သူ့ကိုလှမ်းကြည့်ကာ မနှစ်မျို့စွာ မျက်မှောင်ကြုတ်လိုက်တယ်။ "ဘာလို့ ဒေဝါလီခံလိုက်ရသလိုရုပ် ဖြစ်နေတာလဲ၊ စာကြည့်တိုက်ဆီ သွားတာမဟုတ်ဘူးလား"

"ဟုတ်ပါတယ်၊ ဒါပေမဲ့... သင့်တော်တဲ့သိုင်းစာအုပ်တစ်အုပ်မှ မတွေ့ဘူး" ဘာကြောင့်မှန်းမသိ သူရှာလေ အဲဂါထာတွေက ညီကိုကူယွဲ့ သူ့ကိုသင်ပေးတဲ့ဂါထာတွေလောက် နက်နဲမှုမရှိတာ သိလာရလေပဲ။ အများဆုံး တစ်ချက် သေချာကြည့်တာနဲ့တင် သူတို့က ကူယွဲ့ အရင်တုန်းက ပေါ့ပေါ့ပါးပါးနှုတ်တိုက်သာ သင်ပေးခဲ့ဖူးတဲ့ဟာတွေထက် အများကြီးအစွမ်းနည်းတာ ပြသနေတယ်။

ကူယွဲ့ စိမ်ပြနပြေ လက်ဖက်ရည်တစ်ငုံသောက်ပြီးမှ သူ့ကိုတစ်ချက်ကြည့်လိုက်တယ်။ "ဒါပုံမှန်ပဲ၊ ဂိုဏ်းတွေထဲ မျိုးနွယ်အကျိုးအတွက် အဆင့်ပိုမြင့်တဲ့သိုင်းစာအုပ်တွေကို အဆင့်ပိုမြင့်တဲ့ကျင့်ကြံသူတွေက ပုံမှန်သိမ်းဆည်းထားကြပြီး လွယ်လင့်တကူ မပေးကြဘူး" မင်းက သူတို့တပည့်မှမဟုတ်တာ။

"ပြီးတော့ ကွေ့ယီဂိုဏ်းတစ်ခုလုံးက အမြုတေကျင့်ကြံသူတွေနဲ့ပြည့်နေတာ၊ အမြုတေကျင့်ကြံသူတွေရဲ့ အဆင့်ပိုမြင့်တဲ့သိုင်းတွေက ပိုတန်ဖိုးရှိလာတာပေါ့"

"ဒါပေမဲ့... ကျွန်တော်က အမြုတေကျင့်ကြံသူမဖြစ်ချင်ဘူး" ကျိုးရှုမင်က မျက်မှောင်ကြုတ်ပြောတယ်။

"အမြုတေကျင့်ကြံသူ မဖြစ်ချင်ဘူးလား" ကူယွဲ့ သူ့ကိုလှမ်းကြည့်လိုက်တယ်။ မင်း အမြုတေကျင့်ကြံသူ မဖြစ်ချင်ရင် ကွေ့ယီဂိုဏ်းမှာ ဘာလုပ်နေတာတုံး။ "ဒါဆို ဘာကိုအထူးပြုချင်တာလဲ"

ကျိုးရှုမင် သေချာစဉ်းစားကာ အလိုလို သူ့ သိုလှောင်အိတ်အလွတ်ကို စမ်းကြည့်ရင်း တုံ့ဆိုင်းစွာ ပြောလိုက်တယ်။

"ဆေးလုံး၊ အဆောင်၊ အင်းကွက်နဲ့ လက်နက်တွေက ပိုပြီး…" ရုတ်တရက် အတွေးတစ်ခု ဝင်လာပြီး သူ့မျက်လုံးတွေ ချက်ချင်း တောက်ပလာတယ်။ "ဟုတ်တယ် ဓားလေ့ကျင့်လို့ရတယ်၊ ကျွန်တော် ဓားကျင့်ကြံသူဖြစ်ချင်တယ်"

ဖွီ...။

ကူယွဲ့ ပါးစပ်ထဲက လက်ဖက်ရည်အပြည့် လွင့်စဉ်ကုန်တယ်။ သူက စားပွဲပေါ် လက်တစ်ချက်နဲ့ ဆောင့်ကာ ချက်ချင်း မတ်တတ် ထရပ်လိုက်ပြီး အော်ဟစ်တော့တယ်။

"ပြန်ပြောစမ်း" သူ ထင်ယောင်ထင်မှားတွေ ကြားနေတာလား။

(゚Д゚≡゚Д゚)

"..."

…

အခန်း ၆၄၅ ။ ကျင့်ကြံမှုလားရာ

ကျိုးရှုမင်က မှင်တက်သွားတယ်။ သူ ပြန်ဆုတ်လိုက်ပေမဲ့ အမှန်တိုင်းတော့ ဖြေလိုက်သေးတယ်။ "ကျွန်တော်... ကျွန်တော် ဓားကျင့်ကြံသူဖြစ်ချင်တာပါ"

"တကယ်လား" ကူယွဲ့ ပိုပြီးတောင် စိတ်လှုပ်ရှားလာပြီး သူ့လည်ထောင်ကိုဆွဲကာ တစ်လုံး‌ချင်း မေးခွန်းထုတ်လိုက်တယ်။ "ဓားကျင့်ကြံသူဖြစ်ပြီး ခန္ဓာကျင့်ကြံသူ မဟုတ်တာ သေချာရဲ့လား"

"ဓားကျင့်ကြံသူပါ" ခန္ဓာကျင့်ကြံသူဆိုတာ ဘာကြီးတုံး။ "ပြဿနာတစ်ခုခုရှိလို့လား"

ကူယွဲ့ ရုတ်တရက် တောင့်တင်းသွားတယ်။ ထူးဆန်းပြီး ရှင်းပြမရတဲ့ အမူအရာက သူ့မျက်နှာပေါ် ချက်ချင်းပေါ်လာချိန် တစ်စုံတစ်ခုက သူ့မျက်လုံးထဲကနေ လျှံကျလာတော့မဲ့အတိုင်းပဲ။ သူ ခဏနေတော့ သူ့လည်ထောင်ကို လွှတ်ကာ တည်ကြည်စွာပြောလိုက်တယ်။ "ဟင့်အင်း လုံးဝပြဿနာမရှိဘူး ဓားကျင့်ကြံမှုက အကောင်းဆုံးပဲ၊ မင်းက ဓားကျင့်ကြံသူဖြစ်ဖို့ အတော်လေးသင့်တော်တယ်၊ တကယ့်ကိုသင့်တော်တယ်"

နှစ်တွေ အများကြီး ကြာညောင်းသွားခဲ့ပြီ။ နောက်ဆုံး... နောက်ဆုံးတော့ ဓားလေ့ကျင့်ချင်တဲ့ တပည့်တစ်ယောက်တဲ့။ သူ တကယ်ကို ငိုချင်လာတယ်

"တ... တကယ်လား" ကျိုးရှုမင် ဝမ်းမြောက်သွားပေမဲ့ ခဏနေတော့ တစ်ခုခုကိုတွေးမိသွားပုံနဲ့ သူ့အမူအရာက ပြောင်းလဲသွားတယ်။ "ဒါပေမဲ့ ကျွန်တော်တို့ဂိုဏ်းက ဓားကျင့်ကြံသူ မရှိဘူးလေ၊ စာကြည့်တိုက်ထဲ ဓားဓမ္မနဲ့ပတ်သက်တဲ့ စာအုပ်တွေကလည်း အတော်လေး နည်းတယ်၊ ဒါပေမဲ့..."

"ငါ့မှာရှိတယ်" ကူယွဲ့ သူ့ကိုကြားဖြတ်ပြောကာ လုံးဝစိတ်လှုပ်ရှားနေတယ်။ "ဓားဓမ္မမလား၊ မင်း ဘာအမျိုးအစား လိုချင်တာလဲ၊ ကောင်းကင်၊ မြေကြီး၊ စိတ်တန်ခိုးနဲ့ ဟွမ်အဆင့်အတွင်းက အားလုံးရှိတယ်၊ ဟုတ်သား မင်းက ရေ၊ သစ်သားနဲ့ မီးဓာတ် ဝိညာဉ်ကြောသုံးခုဆိုတော့ အရင်ဆုံး မြူဓားသိုင်းကိုအရင်သင်ယူချေ၊ မင်းက အသင့်တော်ဆုံးပဲ၊ အုတ်မြစ်အခြေတည်အဆင့် ဝင်ကာစဆိုတော့၊ ပြီးတော့လည်း မင်းက အသက်ကြီးလာတော့ မင်းရဲ့ ကာယကြံ့ခိုင်မှုကလည်း အမြန်လိုက်မှီရမယ်၊ ဒါမှ မင်း မင်းဓားဓမ္မရဲ့ လုပ်ဆောင်နိုင်စွမ်းကို အပြည့်အဝအသုံးချနိုင်မှာ၊ ဟုတ်တာပေါ့ မင်း အလွန်အကျွံလည်း လုပ်လို့မရဘူး" အများကြီးလုပ်ရင် ဝူတိဂိုဏ်းထဲက ခန္ဓာကျင့်ကြံသူဖြစ်လာတဲ့ အဲသံရုပ်တွေလိုဖြစ်လိမ့်မယ်။

"ပြီးတော့လည်း မင်း ခု သရုပ်သကန် ဓမ္မအသုံးအဆောင်ရှာကြည့်၊ ဓားချီကို ကျွမ်းကျင်စေဖို့ အကူအညီ ဖြစ်လိမ့်မယ်..."

သူက အဆက်မပြတ် အများကြီးပြောနေတော့ ကျိုးရှုမင် ကြောင်တောင်တောင်ဖြစ်နေတယ်။ သူက ဓားပဲလေ့ကျင့်ချင်ရုံပါ၊ ဘာလို့ညီကိုကူယွဲ့က သူ့ထက်တောင် စိတ်လှုပ်ရှားနေပုံပေါ်ပါလိမ့်။

"စကားမစပ်၊ ငါမှတ်မိသွားပြီ ငါ... ဟိုရက်ပိုင်းက ရွှင်ရှူးဆီကနေ ရဲရဲနီစိတ်တန်ခိုးသံတုံးတစ်တုံးနဲ့ လဲခဲ့တယ်၊ မင်းမှာ မီးဝိညာဉ်ကြော ရှိနေတာဆိုတော့ သူ့ကို နည်းနည်းပေခတ်ပုံသွင်းပြီးရင် မင်းရဲ့သရုပ်သကန်ဓမ္မလက်နက်အတွက် ပြီးပြည့်စုံသွားပြီ"

အဲလိုပြောပြီး သူက မိုးပြာရောင်ကျောက်နဲ့ဆင်တဲ့ လက်ဖဝါးအရွယ် အနီရဲရဲဖန်တုံးတစ်ခုကို ထုတ်လာတယ်။ နောက်တော့ မြူဓားသိုင်းရဲ့ ကျောက်စိမ်းပြားကိုလည်း ထုတ်ကာ နှစ်ခုလုံးပေးတယ်။

"ဒါ..." ကျိုးရှုမင် လက်ထဲက ပစ္စည်းတွေကိုကြည့်ပြီး မျက်လုံးတွေ ရုတ်ခြည်းပြူးသွားတယ်။ သူ အဲဒါတွေကို တစ်ခါမှမမြင်ဖူးပေမဲ့ ပတ်လည်က ကြွယ်ဝပြီး ခိုင်မာပုံပေါ်တဲ့ ဝိညာဉ်ချီနဲ့တင် သာမန်မဟုတ်ဘူးဆိုတာ ပြောနိုင်တယ်။ သူ အမြန် ခေါင်းယမ်းလိုက်တယ်။

"ဟင့်အင်း ညီကိုကူယွဲ့က ကျွန်တော့်ကို အများကြီးကူညီပြီးပြီ၊ ဘယ်လိုလုပ် လွယ်လင့်တကူ ခင်ဗျားပစ္စည်းတွေကို ယူနိုင်ရမှာလဲ၊ ပြီးတော့ ဒီပစ္စည်းကြည့်ရတာ အရမ်းတန်ဖိုးရှိတဲ့ပုံ၊ ဒါကိုရဖို့ ခင်ဗျား အတော်လေးအားထုတ်ခဲ့ရမှာပဲ"

"ရပါတယ် ငါတို့အားလုံးက ဓား... မိတ်ဆွေတွေပဲဟာ၊ ငါလည်း သိပ်အားမထုတ်ခဲ့ရပါဘူး" ငါ့အိတ်ထဲ အဆင်သင့်လေး ထည့်လိုက်ရုံပဲ။

ဒါပေမဲ့ ကျိုးရှုမင်က ပိုပြီးတောင်ခေါင်းကိုတွင်တွင်ယမ်းတော့တယ်။

"ကျွန်တော်တို့ မိတ်ဆွေဖြစ်တာမို့ ညီကိုကူယွဲ့ကို ပိုပြီးတော့တောင် အမြတ်မထုတ်သင့်တာလေ"

ကူယွဲ့ သူ့ကိုခေါင်းစခြေဆုံးလေ့လာကာ ပိုပြီးတောင် စပ်ဖြီးဖြီးပြုံးလေတယ်။ "မင်းပြောနေတာကိုကြည့်လေ၊ ငါ့ကိုညီကိုကူယွဲ့လို့ခေါ်တာပဲဟာ၊ ဒါဆိုအားလုံးကို အဲလောက်ရှင်းရှင်းလင်းလင်း တွက်ချက်ဖို့မလိုပါဘူး" သူက လက်ထဲ ကျောက်စိမ်းပြားကို တန်းထိုးထည့်ပေးကာ ပခုံးကိုပုတ်လိုက်တယ်။ "လာ လာ ယူချေ၊ တကယ်လို့ မင်းနားမလည်တာ တစ်ခုခုရှိရင် အချိန်မရွေး ငါ့ကို‌မေး"

"ဒါပေမဲ့..." သူ့ကြည့်ရတာ တုံ့ဆိုင်းနေသေးဟန်။

"ဒါပေမဲ့တွေမရဘူး" ကူယွဲ့က သူ့ကိုကြားဖြတ်ပြောကာ လေးလေးနက်နက်နဲ့ပြောလိုက်တယ်။ "မစိုးရိမ်ပါနဲ့၊ ငါတို့က မိတ်ဆွေတွေဆိုတာ ထောက်ထားပြီး မင်းကို ဘယ်လိုလုပ် အခက်တွေ့အောင်လုပ်ရမှာလဲ၊ မင်းအခက်အခဲတွေကိုသိပါတယ်၊ ဒီသိုင်းတွေနဲ့ ဓမ္မလက်နက်တွေကို ငါ... အကြွေးထဲ အရင်ထည့်ထားလိုက်မယ်"

သူ့လေသံက ပြောင်းသွားကာ စာရင်းစာအုပ်ထူကြီးယူပြီး စတင်လှန်လှောတော့တယ်။ 'ဖက်တီး' ဆိုတဲ့ စာလုံးတွေကို အရှေ့ဘက်မှာ ထပ်တလဲလဲ ပြေးသွားတာကို မြင်ရနိုင်သေးတယ်။

ကျိုးရှုမင် ။ ။ "..." ဒါတွေအားလုံးကို ပေးဖို့ လိုတာလား။

"အော်ဟုတ်သား၊ မင်းက ပုံသွန်းတာ မသင်ယူရသေးတာမို့ ဒီရဲရဲနီဆန်းကြယ်သံမဏိကို ဘယ်လိုထွင်းရမလဲ မသိလောက်ဘူး၊ ငါ မိတ်ဆွေတစ်ယောက်ကိုသိတယ်၊ သူ့ သွန်းလုပ်တဲ့အရည်အချင်းက မဆိုးဘူး၊ ငါ အရင်ဆုံး မင်းအတွက် ဝိညာဉ်ဓား ထုထွင်းပေးဖို့ သူ့ကိုခိုင်းလိုက်ရင်ရော၊ ဒါဆို မင်းရဲ့သရုပ်သကန် ဓမ္မအသုံးအဆောင်အတွက် လေ့ကျင့်ပြီးသားလည်း ဖြစ်မယ်"

"အာ အာ" ကျိုးရှုမင် အူကြောင်ကြောင်ဖြစ်နေကာ လုံးဝကို အသိစိတ်လွတ်နေတယ်။

"ဒါဆိုလည်း သတ်မှတ်လိုက်ပြီနော်" ကူယွဲ့ အဲဖန်လုံးကို သိမ်းလိုက်တယ်။

"သွန်းလုပ်တဲ့ကုန်ကျစရိတ်၊ ပစ္စည်းဖိုး၊ သိုင်းဖိုးနဲ့ လက်ခတွေနဲ့ ငါမင်းကို ၁ရာခိုင်နှုန်း လျှော့ဈေးပေးရင် စုစုပေါင်း တွက်လိုက်တော့ ထိပ်တန်းအဆင့်ဝိညာဉ်ကျောက်တုံး ၂.၅သန်း ကျမယ်၊ ငါတို့အားလုံးက မိတ်ဆွေတွေပဲဟာ မစိုးရိမ်နဲ့ သွန်းလုပ်မဲ့ ငါ့ညီကိုက အရမ်းအားကိုးရတယ်"

ဒေဝါလီခံလိုက်ရတဲ့ မိတ်ဆွေကျိုးရှုမင် ။ ။ "..."

အားကိုးရတဲ့ သွန်းလုပ်မဲ့ မိတ်ဆွေ ယိချင်း ။ ။ "..."

ကျိုးရှုမင် သူ့လက်တွေထဲက သိုင်းပါဝင်တဲ့ကျောက်စိမ်းပြားကိုကြည့်ပြီး အချိန်အတော်ကြာ မှင်တက်နေမိတယ်။

ခဏ ဘာတွေဖြစ်သွားတာလဲ။ သူ ဘာလို့ ရုတ်တရက် ၂.၅သန်း အကြွေးတင်ပြီး ထိပ်တန်းအဆင့်ဝိညာဉ်ကျောက်တုံးတွေပါ ဖြစ်နေရတာလဲ။ ကိစ္စတွေက ဖြစ်ပျက်သွားတာ အရမ်းမြန်လို့ သူ အချိန်မီ မတုံ့ပြန်လိုက်နိုင်ဘူး။

"ဒီနေ့ရာသီဥတုက ကောင်းလိုက်တာ" တစ်ဖက်မှာတော့ ကူယွဲ့အပြုံးက နွေဦးလိုနွေးထွေးလာတယ်။ သူ့မျက်လုံးတွေက စက်ဆုပ်မှုနဲ့မပြည့်ဘဲ သဘောခွေ့မှု ပြည့်နေတယ်။ "ပစ္စုပ္ပန်လို အချိန်မရှိဘူး၊ ဓားကို စတင်လေ့ကျင့်ကြစို့"

"အာ အာ" ကျိုးရှုမင် အူကြောင်ကြောင်ဖြစ်နေဆဲဖြစ်ကာ အလိုလိုပြန်ဖြေမိလိုက်တယ်။

"ဒါပေမဲ့ ကျွန်တော့်မှာ ခုဝိညာဉ်ဓားမရှိဘူး၊ ပြီးတော့..." သူ ကျောက်စိမ်းပြားရဲ့ အချက်အလက်တွေကို မဖတ်ရသေးဘူးလေ

"ရပါတယ် ငါ့မှာရှိတယ်" ကူယွဲ့ ဝိညာဉ်ဓားတစ်ချောင်း ရွှစ်ခနဲဆွဲထုတ်ကာ သူ့လက်ထဲ ထိုးထည့်ပေးလိုက်တယ်။

"ယူထားလိုက်၊ ငါမင်းကို ခုငှားပေးတာ၊ ဈေးမကြီးပါဘူး၊ တစ်နေ့မှ ဝိညာဉ်ကျောက်တုံးတစ်တုံးပဲ ငါတို့ကမိတ်ဆွေတွေလေ"

"..." သူ မိတ်ဆွေဆိုတဲ့စာလုံးကို မသိလုနီးပါးဖြစ်နေပြီ

○| ̄|_

"ဂိုဏ်းတူမောင်လေးကျိုး" ကြည်လင်ပြီး ချိုမြတဲ့အသံက တံခါးဝကနေ ထွက်လာကာ ပန်းရောင်ဝတ်ရုံနဲ့ လှပတဲ့အမျိုးသမီးတစ်ယောက် အထဲဝင်လာပြီး သူတို့နှစ်ယောက်ကို ညင်သာစွာပြုံးပြတယ်။ "ဂုဏ်ယူပါတယ် အတွင်းစည်းကို ဝင်ခွင့်ရတဲ့ ဂိုဏ်းတူမောင်တို့၊ ပင်မတောင်ထွတ်က ဘယ်လိုနေလဲ၊ အခက်အခဲတွေ့ကြသေးလား"

ကျိုးရှုမင်က နောက်ပြန်လှည့်ကြည့်ကာ အံ့ဩတဲ့အရိပ်အယောင် သူ့မျက်စိထဲဖြတ်ပြေးသွားတယ်။ သူ လှည့်ကာ ဂါရ၀ပြုလိုက်တယ်။ "နှုတ်ဆက်ပါတယ် ဂိုဏ်းတူအစ်မရှုယီ"

လာရောက်သူက အဲကျူးကျော်သူရှုယီပဲ။ သူမ ဘာဖြစ်နေလဲ တစ်ယောက်မှမသိပေမဲ့ ဝိညာဉ်ကွင်းပြင်က အဲအဖြစ်အပျက်ပြီးတည်းက သူမက ရံဖန်ရံခါရောက်လာကာ ကျိုးရှုမင်ရှေ့ လျှောက်သွားနေတယ်။ သူမအပြုအမူက လာတဲ့အခေါက်တိုင်း စိုးရိမ်တဲ့ပုံစံပြပြီး ပိုနူးညံ့လာတယ်။ သူမ ကျိုးရှုမင်ကို ကြည့်ပုံက နက်နက်ရှိုင်းရှိုင်း ချစ်နေမိသလိုမျိုး ခပ်ရှက်ရှက်အပြည့်။ ဒီလိုသရုပ်ဆောင်မှုမျိုးက ထိပ်တန်းလို့တွေးနိုင်ပေမဲ့ ကျိုးရှုမင်က နည်းနည်းကန်းနေပုံပေါ်တာတော့ နှမြောစရာပဲ။

"အဲလောက် ယဉ်ကျေးဖို့မလိုပါဘူး ဂိုဏ်းတူမောင်လေးကျိုး" ရှုယီအပြုံးက ပိုတောင်နူးညံ့လာလေရဲ့။ "နင် ငါ့ကို ရှုယီလို့ပဲ ခေါ်လို့ရပါတယ်"

"လောကဝတ်ကို ပစ်ပယ်လို့မကောင်းပါဘူး" သူက လေးနက်မှုအပြည့်ဖြေတယ်။

ရှုယီ သက်ပြင်းချရုံသာတတ်နိုင်ကာ ဟိုဟိုဒီဒီကြည့်ပြီး သူမအကြည့်က ကူယွဲ့ပေါ် ဖြတ်ပြေးသွားရင်း အဓိပ္ပာယ်ပါပါ ပြောလာတယ်။ "ဒီမှာနေတာ အဆင်ပြေရဲ့လား၊ ပင်မတောင်ထွတ်မှာက တပည့်တွေ အများကြီးပဲ၊ တပည့်များခန်းမဆောင်က အဲအိမ်တော်ထိန်းက သေချာရှာပြီးမှ နင်တို့နှစ်ယောက်အတွက် အခန်းဘေးချင်းကပ် ထားပေးနိုင်ခဲ့တာ"

"ဂိုဏ်းတူအစ်မက ကျွန်တော်တို့နေထိုင်တဲ့နေရာအတွက် ကူညီပြင်ပေးထားတာကိုး" ကျိုးရှုမင် မျက်လုံးတွေ တောက်ပသွားပြီး ကျေးဇူးတင်စွာပြောလိုက်တယ်။

"ဂိုဏ်းတူအစ်မကူညီပေးလို့ ကျေးဇူးပါ" သူသိတဲ့သူတစ်ယောက်ယောက်နဲ့ နီးနီးနေရတာက သူ့ကိုအတော်လေး သက်သာစေတယ်။

“အားမနာပါနဲ့၊ ကိစ္စသေးလေးပဲဟာ” ရှုယီက နူးညံ့စွာ ပြုံးလေတယ်။ “စကားမစပ်၊ မနက်ဖြန် တျန်းချန်တောင်ရဲ့ တောင်ထွတ်သခင်က ကိုယ်တိုင်ကိုယ်ကျ သင်ခန်းစာပို့ချမယ်ဆိုတာ လာအသိပေးတာ၊ ငါ့အဖေက မလုပ်တာ ဆယ်စုနှစ်ကျော်နေပြီ၊ မလွတ်စေနဲ့နော်”

All Chapters