အခန်း (၆၄၉-၆၅၁)
Vol. 44 Ch. 649-651
အခန်း ၆၄၉ ။ ကျိုးနှစ်ကျပ် သဘောပေါက်
"မထင်ဘူး" ယိချင်းက ခေါင်းယမ်းကာ တစ်ဖက်လူကိုမျက်မှောင်ကြုတ်လိုက်တယ်။ "အနည်းဆုံးတော့ တခြားကျူးကျော်သူတွေက သူ့ကိုသေခွင့်ပြုမှာမဟုတ်ဘူး"
"အင်း" ကူယွဲ့တန့်သွားတယ်။ မိုးကြိုးနောက်ဆုံးအချက်က မြေကြီးပေါ်က အမျိုးသမီးကို မှန်တော့မယ်။ ရှုယီ သူမကိုယ်သူမ ခုခံဖို့ အားမရှိတော့တာထင်ရှားတယ်။ မိုးကြိုးက သူမကိုမမှန်ခင်လေးမှာတင် အစိမ်းရောင်အလင်းတန်းအလွှာက သူမကို ဝိုင်းသွားပြီး မိုးကြိုးအရှိန်ကနေ ကာဆီးပေးလိုက်လေတယ်။
[လက်ခံသူ အဆင်ပြေရဲ့လား]
ရင်းနှီးနေတဲ့အသံက နောက်တစ်ကြိမ် ပေါ်လာပြန်တယ်။
ကူယွဲ့ ။ ။ "..."
"အဆင်ပြေပါတယ်၊ ကျေးဇူးပါ ၀၀၁"
ရှုယီက တုံ့ပြန်တယ်။ "ဒီလောကထဲက ဝဋ်ကြွေးချေမိုးကြိုးဆိုတာ အဲလောက်တောင် အရှိန်အဝါ ကြီးမယ်မထင်ခဲ့ဘူး"
[ဝဋ်ကြွေးချေမိုးကြိုးဆိုတာ ဒီမျက်နှာပြင်ထဲက ကောင်းကင်တာအိုရဲ့ အရှင်းလင်းဆုံးအသွင်ယူမှုပဲ၊ သေချာပေါက် အရှိန်အဝါကြီးမှာပေါ့ ဒါပေမဲ့... ကျွန်တော် ကောင်းကင်တာအိုကို လှည့်ဖျားပြီး ခဏပဲ မိုးကြိုးကို ထိန်းထားပေးနိုင်မှာ၊ ဒါပြီးရင် မိုးကြိုးက မင်းကို ပစ်လောက်သေးတယ်]
ရှုယီအမူအရာက မည်းမှောင်သွားတယ်။ ခဏနေတော့ သူမကခေါင်းညိတ်တယ်။ "ငါသိပြီ နောက်မိုးကြိုးကိုရှောင်ဖို့ ဆင်ခြေတစ်ခုရှာလိုက်မယ်"
[အားလုံးအဆင်ပြေပါစေ လက်ခံသူ မင်းရဲ့ အမြုတေဖွဲ့စည်းမှုအတွက် ဂုဏ်ပြုပါတယ်၊ မြန်မြန် မင်းဒဏ်ရာတွေကို ကုသဖို့ ဝိညာဉ်ချီတွေသုံးလိုက်ပါ]
"အင်း" ရှုယီက မြေကြီးပေါ်ကနေ ထလာပြီး နောက်တစ်ကြိမ် မတ်မတ်ထထိုင်တယ်။
သုံးယောက်သား ။ ။ "..."
အဲတော့ ဒီလိုကိုး။ ဒီ၀၀၁ စနစ်က နောက်ထပ်မိုးကြိုးကို တတ်နိုင်သမျှနှောင့်နှေးအောင်လုပ်ဖို့ အချိန်စက်ဝန်းကို ထိန်းချုပ်နေတာပဲ။ ကောင်းကင်တာအိုက အချိန်ပေါ် ထိန်းချုပ်မှုမရှိဘူး။ ဒါကြောင့် မျက်နှာပြင်က အချိန်နောက်ပြန်ဆုတ်တာ၊ ရပ်တာ၊ အရှိန်မြန်တာ၊ အချိန်ချောချောမွေ့မွေ့ မဖြစ်တာတွေဆိုရင် အများဆုံးမှ အချိန်ကိုပုံမှန်ပြန်ဖြစ်အောင်ပဲ အတင်းအကျပ်လုပ်လို့ရမယ်။ တစ်ဖက်မှာတော့ ကျူးကျော်သူတွေက ဒီမျက်နှာပြင်ကမဟုတ်။ ဒါကြောင့် သူတို့က ကောင်းကင်တာအိုရဲ့ အာဏာစက်အောက် မရှိ။ သူတို့တွေကြီးကြီးမားမား ပြောင်းလဲမှု မလုပ်သရွေ့ ကောင်းကင်တာအိုက သူတို့ကိုအာရုံခံနိုင်မှာမဟုတ်။
ကူယွဲ့ အောက်ငုံ့ကြည့်လိုက်တယ်။ ကြည့်ရတာ ဒီစနစ်က ကောင်းကင်တာအိုလက်အောက်က အချိန်စက်ဝန်းကို အလွယ်တကူ ထိန်းချုပ်ထားပုံပဲ။ ကြည့်ရတာ ဒီစနစ် ဒါကိုလုပ်တာ တစ်ခေါက် နှစ်ခေါက် မကတော့ဘူးထင်တာပဲ။
ရှုယီက ထိုင်ချလိုက်ရုံပဲရှိသေး ပတ်ဝန်းကျင်က ဝိညာဉ်ချီက သူမဆီစုဝေးလာကာ ဒဏ်ရာတွေကို ကုသပေးတယ်။ ကောင်းကင်ထဲက မိုးကြိုးတိမ်တိုက်တွေက လွင့်ပျောက်သွားပြီး နေရာတစ်ခုလုံး ထိန်လင်းလာပြန်တယ်။ ခပ်ရေးရေး သူတို့ကောင်းကင်ထဲက ပိုပိုတောက်ပလာတဲ့ အရောင်တချို့ကို မြင်ရတယ်။ အဲမှာပုံရိပ်တစ်ခု ဖွဲ့စည်းနေသလိုပဲ။
"မြန်မြန် မော့ကြည့်ကြ" တပည့်တစ်ယောက်က အော်တယ်။ "ပုံရိပ်ယောင်ဖြစ်နိုင်လား"
ခဏနေတော့ နတ်ဝိညာဉ်ကျင့်ကြံသူတချို့အပါအဝင် လူတိုင်းနီးပါး ကောင်းကင်ကို စိတ်လှုပ်ရှားစွာ မော့ကြည့်နေပြီ။
ရှန်းရင်၊ ကူယွဲ့နဲ့ ယိချင်းပဲ တည်တံ့နေတယ်။ အထူးသဖြင့် ယိချင်းက ကောင်းကင်ကို ဒေါသတကြီး စိုက်ကြည့်နေလေရဲ့။
"မင်း ဘာတွေလုပ်နေတာလဲ"
ကောင်းကင်ထဲက အရောင်တွေအားလုံး သဘာဝဖိအားရဲ့အကူအညီနဲ့ ရုတ်တရက် လွင့်ပျယ်ကုန်တယ်။ ခပ်ရေးရေး အသံလေးတစ်ခု တီးတိုးပြောနေတာကို ကြားရတယ်။ "ခေါင်းဆောင်... ခေါင်းဆောင်က မလိုချင်ဘူးလား"
စားဖိုမှူးအသံက တိမ်သွားလေရဲ့။ "မင်းလုပ်စရာရှိတာလုပ်၊ ဘာလို့ပြဿနာတွေ ဖန်တီးနေတာလဲ"
"ဝါး... ဝါး... ဝါး... ကောင်းပါပြီ ခေါင်းဆောင်၊ ပြဿနာမရှိပါဘူး ခေါင်းဆောင်" ကောင်းကင်တာအိုက ယိချင်း ဒီမိန်းမရဲ့ ကောင်းကင်ဝဋ်ကြွေးချေခြင်းနဲ့ပတ်သက်ပြီး စိုးရိမ်နေတာကို သတိထားမိခဲ့တာ။ သူ့ကိုဖားဖို့အတွက် ကောင်းကင်တာအိုက ပုံရိပ်ဖန်တီးပေးရင် ကောင်းမယ်လို့တွေးခဲ့မိတယ်။ သူ မသိလိုက်တာ အဲဒါက ယိချင်းလိုချင်တာနဲ့ ဆန့်ကျင်ဘက်ဆိုတာကိုပဲ။
နောက်အခိုက်အတန့်မှာတော့ ကောင်းကင်က မည်းမှောင်လာကာ မီးခိုးရင့်ရောင်ဖြစ်သွားတယ်။ မိုးရေတွေ စကျဆင်းလာပြီး ရှုယီကို ရွှဲရွှိစိုသွားစေခဲ့တယ်။ ပြီးတော့ ထူးဆန်းတဲ့ချဉ်စူးစူးအနံ့ရောပဲ။
ရှုယီ ။ ။ "..."
အားလုံး ။ ။ "..."
သုံးယောက်သား ။ ။ "..."
အား ဒီရက်ပိုင်း ကောင်းကင်တာအိုဖြစ်ရတာ အရမ်းကိုခဲယဉ်းတာပဲ။ ခေါင်းဆောင်ဘာတွေးနေလဲ အဖြေထုတ်ဖို့က ဖြစ်ကိုမဖြစ်နိုင်တာ။
"ယိလေး" ဝဋ်ကြွေးချေခြင်းတစ်ခုလုံးကို ဘေးကနေ စောင့်ကြည့်နေတဲ့ ရှုယွမ်က စိတ်လှုပ်ရှားစွာနဲ့ အော်ခေါ်ကာ သူမဆီပြေးသွားတယ်။ "ယိလေး အဆင်ပြေရဲ့လား" သူကိုယ်တိုင် ကောင်းကင်တာအို ဘာလုပ်သွားလဲဆိုတာ မခန့်မှန်းနိုင်တော့ဘူး။ ပုံရိပ်ဖန်တီးတော့မဲ့ပုံပေါ်ပေမဲ့ နောက်တစ်စက္ကန့်မှာတင် မိုးရွာချတယ်။ ပြီးတော့ အက်စစ်မိုး။ ဘယ်လိုပဲဖြစ်ဖြစ် ဒီမိန်းကလေးက သူ့သမီး။ ရှုယွမ်က သူမကို ခြောက်အောင်လုပ်ပေးဖို့ ဂါထာတစ်ခု တုံ့ဆိုင်းမှုမရှိ ဖန်တီးလိုက်တယ်။
ရှုယီ အက်စစ်မိုးကြောင့် အသိပြန်ဝင်လာတဲ့ပုံ။ "ကျေးဇူးပါ အဖေ သမီး အဆင်ပြေပါတယ်"
ရှုယွမ်က ကျေနပ်စွာ ခေါင်းညိတ်တယ်။ "မင်းရဲ့ဆရာဦးလေးတွေကို သွားနှုတ်ဆက်ချေ၊ သူတို့က မင်းပတ်လည်မှာ အကာအကွယ်စည်းချိပ်ကို ထိန်းပေးဖို့ ဒီရောက်နေတာ"
"ကောင်းပါပြီ အဖေ" သူမက စကားနားထောင်သလိုပြုံးကာ လူအုပ်ကြီးရပ်နေတဲ့နေရာဆီ ရှုယွမ်နောက်က လိုက်ခဲ့တယ်။ သူမစိတ်ထဲကနေ စနစ်ကိုလှမ်းခေါ်လိုက်တယ်။
"၀၀၁ အံမိုးကဘာဖြစ်တာလဲ၊ မိုးကြိုးဝဋ်ကြွေးချေခြင်းပြီးတာတောင် ဘာလို့ မိုးရွာတာတုံး"
[ကျွန်တော်လည်းမသိပါဘူး၊ ကောင်းကင်တာအိုက ကျွန်တော်စောနက လုပ်ခဲ့တာကို အာရုံခံမိသွားလို့ နေမယ်]
"ဒါဆို ငါတို့ ဘာလုပ်သင့်လဲ" ရှုယီ ဖြူဖျော့သွားတယ်။
[ကောင်းကင်တာအိုက သံသယရှိရုံပါ၊ နောက်ဆုံး ဝဋ်ကြွေးချေမိုးကြိုးကို အပြီးသတ်တာပိုကောင်းမယ်"
ရှုယီ အံကြိတ်လိုက်တယ်။ သူမ ဒေါသပေါက်ကွဲဖို့နီးကပ်လွန်းနေပြီ။ ဘာကြောင့်မှန်းမသိ သူမ ဒီလောကထဲ ရောက်လာပြီးတည်းက အားလုံး မှားယွင်းနေသလိုပဲ။
"အငြိုးအတေးစွမ်းအင်တန်ဖိုးရော ဘယ်လိုလဲ" သူမ တစ်စုံတစ်ခုကို တွေးမိသွားပြီး ထပ်ပြောလိုက်တယ်။ "မူလပိုင်ရှင်ရဲ့ အငြိုးအတေးစွမ်းအင်တန်ဖိုး လျော့ကျသွားပြီလား"
[စစ်ဆေးကြည့်ပါရစေ... မူလပိုင်ရှင်ရဲ့ အငြိုးအတေးစွမ်းအင်တန်ဖိုး မရွေ့သေးပါဘူး၊ ကျွန်တော်တို့ ကျိုးရှုမင်ကို တွေ့ပြီးမှ လျော့မယ်ထင်တယ်]
ရှုယီမျက်မှောင်ကြုတ်လိုက်တယ်။ "ဒါဆို သူဘယ်မှာလဲ၊ သူ ဒီမှာလဲ"
[ပစ်မှတ်အာရုံခံမိ ။ အရှေ့ မီတာ၅၀ပါ]
ရှုယီ ဟိုဟိုဒီဒီကြည့်လိုက်တော့ လူအုပ်ထဲထိုင်နေတဲ့ ကျိုးရှုမင်ကို မြင်လိုက်ရတယ်။ ဝဋ်ကြွေးချေခြင်း ပြီးသွားပြီမို့ တပည့်အများစုက လာရာနေရာဆီ ပြန်သွားကြပြီ။ သူပဲ အုပ်စုအလယ်မှာ ထိုင်ကျန်ရစ်နေပြီး တစ်ခုခုကို အလေးအနက်တွေးနေဟန် မည်းမှောင်နေတဲ့ကောင်းကင်ကို မော့ကြည့်နေတယ်။
ရှုယိက နှလုံးခုန်သွားတယ်။ သူမက အဖေ မိတ်ဆ်ပေးတဲ့ ဆရာဦးလေးတချို့ကို အမြန်သွားနှုတ်ဆက်သလို ဂိုဏ်းထဲက တခြားအသိအကျွမ်းတချို့ကိုလည်း နှုတ်ဆက်လိုက်တယ်။ နောက်တော့ သူမက အံ့ဩတကြီး ဟန်ဆောင်ပြီး ပြောတယ်။ "အာ၊ ဆရာတူမောင်လေးကျိုး၊ နင်လည်းဒီမှာကိုး" သူမက ကျိုးရှုမင်ဆီလျှောက်သွားကာ အငြိုးအတေးစွမ်းအင်တန်ဖိုးကို လျှော့ချဖို့ အသင့်ပြင်တော့တယ်။
သူမ သူ့ရှေ့ရပ်ကာ အပြုံးတုဆင်မြန်းလိုက်တယ်။ "ဆရာတူမောင်လေးကျိုး... ဟင့်အင်း ငါနင့်ကို ခုဆို တူတပည့်ကျိုးလို့ ခေါ်သင့်တာ"
ကျိုးရှုမင်က ရှုယီကို အူကြောင်ကြောင်စိုက်ကြည့်နေပြီး မျက်နှာပေါ်တော့ နားမလည်မှုတွေ ပြည့်နေတယ်။
"တူတပည့်တဲ့လား ဆရာတူအစ်မရှုယီ"
ရှုယီအပြုံးက ပိုကျယ်လာပေမဲ့ မျက်လုံးတွေက အေးစက်သွားတယ်။ နင်တွေ့လား မူလပိုင်ရှင်။ နင် အစွမ်းကြီးသရွေ့ နင်အရင်က တောင့်တခဲ့ပေမဲ့ မရနိုင်ခဲ့တဲ့လူတောင် ဆန္ဒနဲ့ပဲ ကြည့်နိုင်တော့တယ်။
[တင်း အငြိုးအတေးစွမ်းအင်တန်ဖိုး ၁ဝမှတ်လျော့ကျ]
တကယ်ကိုအလုပ်ဖြစ်တယ် ရှုယိ စိတ်အေးသွားကာ သက်ပြင်းချလိုက်တယ်။ သူမကိုယ်ခန္ဓာက အခု အငြိုးအတေးစွမ်းအင်တချို့ ထုတ်လွှတ်လိုက်ပြီဆိုတော့ သက်သာရာရသွားတဲ့ပုံပဲ။ သူမက ထပ်ပြောတယ်။ "နင်ငါ့ကို အခု ဆရာအဒေါ်ရှုယီ လို့ခေါ်သင့်တယ် ဂိုဏ်းရဲ့စည်းမျဉ်းတွေက အနည်းဆုံး ရွှေအမြုတေအဆင့်ရှိတဲ့ ကျင့်ကြံသူတွေကို ဆရာဦးလေး ဆရာအဒေါ်ဆိုပြီး ခေါ်ဝေါ်သင့်တယ်တဲ့"
"ရှု... ဆရာအဒေါ်ရှုလား" ကျိုးရှုမင်က တစ်ခုခုကို ရုတ်တရက် သတိရသွားသလို မျက်မှောင်ကြုတ်တယ်။ သူ့မျက်လုံးတွေ ပြူးသွားတယ်။ "ကျွန်တော် အခုနားလည်ပြီ"
"နင်နားလည်တာကောင်းတယ်၊ မမေ့”
သူမ စကားမဆုံးနိုင်ခင် ကျိုးရှုမင်ပတ်လည်မှာ ဝိညာဉ်ချီတွေအများကြီး ပေါက်ကွဲလာတယ်။ ပတ်ဝန်းကျင်က ဝိညာဉ်ချီအားလုံး ကြောက်ခမန်းလိလိအရှိန်နဲ့ သူ့ဆီ စုဝေးလာကြတယ်။ ရှုယီ ဒါအတွက် အသင့်မဖြစ်သေးတာမို့ အရှိန်ကြောင့် နောက်ပြန်တွန်းထုတ်ခံလိုက်ရတယ်။
"ယီလေး" ကျေးဇူးတင်စရာက ရှုယွမ်က သူမဘေးရပ်နေတယ်။ သူမမြေကြီးပေါ် မကျခင် လှမ်းဖမ်းပေးလာတယ်။
ရှုယီက ကျိုးရှုမင်ကို ဇဝေဇဝါကြည့်နေတယ်။ "သူ... ဒါက..."
"သူက ဉာဏ်အလင်းပွင့်နေတာ" ရှုယွမ် ချက်ချင်း ရှင်းပြလိုက်တယ်။ သူလည်း ထပ်တူ ထိတ်လန့်သွားရတယ်။ သူအမြန် ရှုယီကို ဆွဲကာ လူအုပ်ရှိနေတဲ့နား နောက်ကိုဆွဲခေါ်သွားလိုက်တယ်။
"အားလုံး နောက်ကိုချက်ချင်းဆုတ် ဒီတပည့်ရဲ့ ဉာဏ်အလင်းပွင့်မှုကို မသက်ရောက်စေနဲ့"
"ဟိုလီရှစ်" ရှုယီ ဖြူဖျော့သွားကာ သူမမျက်လုံးကိုတောင် သူမ မယုံနိုင်။ ဒါဘယ်လိုဖြစ်နိုင်ပါ့မလဲ။ သူက ရုတ်တရက် ဘယ်လိုမျိုး ဉာဏ်အလင်းပွင့်သွားတာလဲ။
သူမ တုံ့ပြန်ဖို့တောင်အချိန်မရဘဲ နားထဲ ရင်းနှီးနေတဲ့စနစ်အသံပေါ်လာတယ်။
[တင်း မူလပိုင်ရှင် အငြိုးအတေးစွမ်းအင်တန်ဖိုး +၅]
[တင်း မူလပိုင်ရှင် အငြိုးအတေးစွမ်းအင်တန်ဖိုး +၁၀]
[တင်း မူလပိုင်ရှင် အငြိုးအတေးစွမ်းအင်တန်ဖိုး +၂၀]
မနီးမဝေးတွင်ရပ်နေသော သုံးယောက် ။ ။ "..."
စနစ် ။ ။ "..."
ရှုယီ ။ ။ "..."
သောက်ကျိုးနည်းဟ။
(╯‵□′)╯(┻━┻
"ပြောရရင်..." ကူယွဲ့ နှုတ်ခမ်းကိုသပ်ကာ ရှေ့ကမြင်ကွင်းကိုကြည့်နေတယ်။ သူလည်း ပြောစရာစကားပျောက်နေတယ်။ ဝိညာဉ်ချီက ကျိုးရှုမင်ကို ဝါးမျိုလုနီးပါး။ "ဘာလို့ ဒီကျူးကျော်သူကို ရင်ဆိုင်ဖို့ ကျိုးရှုမင်ပဲ လိုတယ်လို့ ခံစားနေရပါလိမ့်"
ကျိုးရှုမင်ရဲ့ နောက်တီးနောက်တောက်မူဟန်တွေက တကယ်ကို အဆိပ်အတောက်ပဲ။ ရှုယီအပေါ်ပဲ အလုပ်ဖြစ်တဲ့ အဆိပ်မျိုး။
သူတို့ ဘာလို့ ဒီကျူးကျော်သူအတွက် ရုတ်တရက် အရမ်းသနားလာမိတာပါလိမ့်။
…
အခန်း ၆၅၀ ။ ဦးနှောက်ကို ကူးစက်
ကျိုးရှုမင်ရဲ့ ဉာဏ်အလင်းပွင့်မှုက သိပ်တော့မကြာလိုက်။ သူက မွန်းလွဲတစ်ပိုင်းအပြီးမှာ သတိပြန်ဝင်လာခဲ့တယ်။ အုတ်မြစ်အခြေတည်ရဲ့ ပထမအဆင့်ရောက်နေရမဲ့အစား သူက နဝမအဆင့် ရောက်နေပြီ။ ဖြစ်နိုင်တာ ဒီလိုဉာဏ်အလင်းပွင့်မှုရတဲ့တပည့်တွေက နည်းလွန်းလို့ထင် ကွေ့ယီဂိုဏ်းရဲ့ မျိုးနွယ်စုခေါင်းဆောင်က ကျိုးရှုမင်ကို အတော်လေး ကျင့်ကြံဆင့်နိမ့်နေသေးပေမဲ့ သတိပြုမိသွားခဲ့တယ်။ သူ့အကြည့်ကနေ မြင်နေရတာကို အားရမှန်း သိသာတယ်။
ကျိုးရှုမင်လည်း စိတ်လှုပ်ရှားစွာနဲ့ ကူယွဲ့ကို လှည့်ကြည့်လိုက်တယ်။ သူက ဒီပျော်စရာသတင်းကို ဝေမျှဖို့ စိတ်အားထက်သန်နေတာ။ ဒါပေမဲ့... သူ ကူယွဲ့ကိုရှာမတွေ့။ ရုတ်ရုတ်သဲသဲ ဘာဖြစ်သွားတာလဲ လာကြည့်သူတွေနဲ့ သူ့အတွက်အကာအကွယ်အင်းကွက် ပြင်ဆင်ထားပေးတဲ့ နတ်ဝိညာဉ်ကျင့်ကြံသူ အကြီးပိုင်းတွေကလွဲ ကွင်းပေါ်ဘယ်သူမှရှိပုံမပေါ်။ ဝဋ်ကြွေးချေခြင်းကို စောင့်ကြည့်နေတဲ့ တပည့်တွေအားလုံးလည်း ကူယွဲ့အပါအဝင်ပျောက်သွားကြပြီ။ ဉာဏ်အလင်းပွင့်တာက ဝဋ်ကြွေးချေတာနဲ့ အတော်လေးကွာခြားတယ်။ သူတို့ ဘာမှသင်ယူစရာမရှိ။ ဒါကြောင့် သူတို့မြန်မြန်ပဲ စိတ်ဝင်စားမှု ပျောက်ကွယ်သွားခဲ့တယ်။
ကျိုးရှုမင် ။ ။ "..."
ငါတို့က မိတ်ဆွေတွေလို့ ထင်နေတာ။
ဒါပေမဲ့ သူ စိတ်ထဲတော့ အတည်မယူပါဘူး။ သူ သူ့အတွက် အကာအကွယ်အင်းကွက်တွေ ကိုင်ပေးထားတဲ့ အကြီးအကဲတွေဘက် လှည့်ကာ ကျေးဇူးတင်လိုက်တယ်။ နောက်တော့ သူက ကူယွဲ့အဆောင်ဆီ ပျော်မြူးစွာ ပြေးသွားလေရဲ့။ အဝေးကနေ သူ ကူယွဲ့ စားပွဲမှာ ထိုင်နေတာကို မြင်လိုက်ရတယ်။ သူက လက်ထဲ ထမင်းပန်းကန်လုံးတစ်လုံး ကိုင်ထားကာ ပေါ့ပေါ့ပါးပါး စားသောက်နေတယ်။
"ညီကိုကူယွဲ့" ကျိုးရှုမင်က သူ့ကို အူကြောင်ကြောင် စိုက်ကြည့်တယ်။ သူ စားပွဲကို မယုံသင်္ကာ ကြည့်လိုက်တယ်။
"ခင်ဗျား... ထမင်းကင်းလွတ်မှု မလုပ်ရသေးတာလား"
"ဘာလဲ၊ အဲဒါနဲ့ပတ်သက်ပြီး တစ်ခုခု ပြောစရာရှိလို့လား" ကူယွဲ့ သူ့ကို လှမ်းကြည့်ကာ ထမင်းပန်းကန်လုံးထဲ စားစရာထပ်ထည့်လိုက်တယ်။ ချီး သူ တစ်စက္ကန့်ပဲ အကြည့်လေး လွှဲသွားတာတောင် အသားမကျန်တော့ဘူး။ တခြားသူတွေ မင်းကိုမမြင်နိုင်တာနဲ့ပဲ စားချင်သလောက် စားခွင့်ရမယ်မထင်နဲ့။ ကျိုးရှုမင်က မင်းပုံရိပ်ကို မမြင်နိုင်ပေမဲ့ စားစရာတွေ သူ့ဘာသာ ပျောက်သွားတာ သေချာပေါက် သတိထားမှာပဲ သူကန်းနေတာမဟုတ်ဘူး
"ဟင့် ဟင့် ဟင့်အင်း" ကျိုးရှုမင် တုံ့ဆိုင်းနေတယ်။ သူက ညီကိုကူယွဲ့က အုတ်မြစ်အခြေတည်ကျင့်ကြံသူဖြစ်ပြီးတာတောင် ထမင်းကင်းလွတ်မှု မရသေးလို့ ထိတ်လန့်သွားရုံပဲ။ ခဏ၊ စားပွဲပေါ်က စားစရာတွေက ပျောက်သွားတာ မြန်လွန်းနေသလားလို့။
"လာ အပြင်မှာ ပြောကြစို့" ကူယွဲ့ ပန်းကန်လုံးထဲက အသားကိုမြန်မြန်စားကာ ကျိုးရှုမင်ကို တံခါးအပြင် ခေါ်လာခဲ့တယ်။ သူက နောက်ကတံခါးကို မြန်မြန်ပိတ်လိုက်တယ်။ ခြံဝန်းထဲမှာတော့ ကျိုးရှုမင်ကို ခေါင်းစခြေဆုံးကြည့်ကာ မျက်မှောင်ကြုတ်လိုက်တယ်။ သူ့မျက်လုံးတွေက အထင်သေးမှုတွေနဲ့ ရောစွက်နေတယ်။ "မင်းက ခုထိ အုတ်မြစ်အခြေတည်ကျင့်ကြံသူပဲလား" သူက စောနကတင် ဉာဏ်အလင်းပွင့်သွားတယ်မဟုတ်လား။ အပျော်သက်သက်အတွက်လား။
"ကျွန်တော် အုတ်မြစ်အခြေတည်ရဲ့ နှောင်းပိုင်းအဆင့်ရောက်နေပါပြီ" ကျိုးရှုမင်က ဂုဏ်ယူစိတ်လှုပ်ရှားစွာနဲ့ ကြေညာတယ်။
"ကျွန်တော်လည်း ဒီလောက်မြန်မြန် တိုးတက်မယ်မထင်ခဲ့ဘူး"
"ဟီးဟီး မင်းက ဒါကိုမြန်တယ်ခေါ်တာလား" ကူယွဲ့ နှုတ်ခမ်းသပ်လိုက်တယ်။ စားဖိုမှူးကိုကြည့် ဉာဏ်အလင်းတစ်ခါပွင့်ရင် အဓိကကျင့်ကြံဆင့် တစ်ဆင့်နှစ်ဆင့်တောင် ခုန်ကျော်သွားတာ။ မင်းက ကျင့်ကြံဆင့်တစ်ခုအတွင်းမှာတင် ဘယ်လိုလုပ် ခုန်ကူးနေသေးတာလဲ။ မင်းရဲ့ကိုယ်ပိုင်ဉာဏ်အလင်းပွင့်မှုကတောင် တကယ်ပဲ နှစ်ကျပ် တန်တာလား။
"ဒါက... မြန်တယ် မဟုတ်ဘူးလား" ကျိုးရှုမင်က ကူယွဲ့ကို အူကြောင်ကြောင် စိုက်ကြည့်နေတယ်။ ဂိုဏ်းချုပ်တောင် မြန်တယ်လို့ပြောတာ။ ညီကိုကူယွဲ့က ဘယ်လိုလုပ် သူ့ကိုအထင်သေးနေသေးတာလဲ။
"ထားလိုက်တော့" ကူယွဲ့က သက်ပြင်းချတယ်။ "မင်းက အုတ်မြစ်အခြေတည်ရဲ့ နှောင်းပိုင်းအဆင့် ရောက်နေပြီပဲ၊ ဆိုလိုတာ မင်း ငါသင်ပေးတဲ့ဓားရဲ့ ဒုတိယအမျိုးအစားကို လေ့ကျင့်ဖို့ လိုက်လုပ်လို့ရပြီ"
"ဟုတ်ကဲ့ သေချာပေါက်ပေါ့" ကျိုးရှုမင်က ခေါင်းညိတ်တယ်။ တစ်ခဏနေတော့ သူက တစ်စုံတစ်ခုကို နားလည်သွားပုံပဲ။ မျက်မှောင်ကြုတ်ကာ ထစ်ငေါ့စွာ ရေရွတ်လေတယ်။ "ဒါပေမဲ့ ဒီဉာဏ်အလင်းပွင့်မှုအပြီးမှာ ကျွန်တော်..." သူက ရုတ်တရက် ပြောစရာစကားပျောက်ဆုံးနေတယ်။
"ဘာကိစ္စတုံး" ကူယွဲ့က မေးတယ်။ "မင်း ဒီတစ်ခေါက် ဘာဒုက္ခရောက်ပြန်ပြီလဲ"
ကျိုးရှုမင်က ဟိုဟိုဒီဒီ စိုးရိမ်စွာကြည့်ကာ အံကြိတ်တယ်။ "အိမ်ထဲစကားပြောကြတာပေါ့" သူက ကူယွဲ့ဘက်က တံခါးထဲ ပြန်ဆွဲသွင်းကာ သေချာဂရုတစိုက်ပိတ်လိုက်တယ်။ နာကျင်တဲ့အမူအရာနဲ့ သူက ရှင်းပြတယ်။
"ညီကိုကူယွဲ့၊ ဒီတစ်ခေါက် ကျွန်တော့် ဉာဏ်အလင်းပွင့်မှုက... အာ စားစရာတွေအားလုံး ဘာလို့ပျောက်သွားတာလဲ" စားစရာတင်မကဘူး ပန်းကန်ပြားတွေပါ မရှိတော့တာ။ သူ မထွက်သွားခင် ညီကိုကူယွဲ့ ပန်းကန်တွေကို သိမ်းတောင်မသိမ်းခဲ့တာကို သတိရပါတယ်
ဘာမှမပြောနိုင်ခင် အိမ်ထဲဆွဲခေါ်ခံလာရတဲ့ကူယွဲ့ သူ့ဘေးမှာ စားဖိုမှူး အဆာပြေမုန့်ပြင်ပေးမှာကို စောင့်နေဆဲ တစ်ယောက်သော အစားသရဲကို စိန်းစိန်းဝါးဝါးကြည့်လိုက်တယ်။ သူ ချက်ချင်း ပြောလိုက်တယ်။ "မင်းက သူတည်ခင်းပေးမှာကို ဒီမှာထိုင်စောင့်နေသေးတယ်လား၊ အထဲဝင်တော့ မဟုတ်ရင် ငါတို့ပေါ်တော့မယ်"
"အလုပ်ရှုပ်လိုက်တာ" ရှန်းရင်က စားပွဲပေါ် ပစ်လှဲကာ လှုပ်ရှားဖို့ကိုငြင်းဆန်နေလေရဲ့။
"ငါ့ဖင်ကို အလုပ်ရှုပ်" ကူယွဲ့မျက်နှာစိမ်းသွားတယ်။ "စားဖိုမှူး မြန်မြန်သူ့ကိုခေါ်သွားချေ"
ယိချင်းက တန့်သွားတယ်။ သူ ကိုင်ထားဆဲ အဆာသွတ်မုန့်တွေကို ကြည့်ကာ မခင်းသေးဖို့ ဆုံးဖြတ်လိုက်တယ်။ "ဆရာ စားဖို့ကို ကျွန်တော် အထဲခေါ်သွားပေးမယ်" သူက ကိုင်းကာ စားပွဲပေါ်က အဲငပျင်းကို ချီပြီး အနောက်ပြန်ဝင်သွားတယ်။
"ငါစားပွဲမှာ အင်းကွက်တစ်ခု ပြင်ထားတာ" ကူယွဲ့ နှစ်ကျပ်ကို အမြန်ရှင်းပြလိုက်တယ်။ "သူ့ဘာသာ သန့်ရှင်းတာ"
"ညီကိုကူယွဲ့၊ ခင်ဗျားက တကယ်ကို အင်းကွက်တွေ အများကြီး သိတာပဲ" ကျိုးရှုမင်က သူ့ကိုမှင်တက်စွာ စိုက်ကြည့်နေတယ်။
အဓိပ္ပာယ်မရှိတာ ငါမသိတဲ့အရာ ရှိလို့လား။ ကူယွဲ့ စားပွဲမှာထိုင်ချလိုက်တယ်။ "မင်း ငါ့ကိုပြောချင်တာဘာလဲ"
ကျိုးရှုမင်ရဲ့ အမူအရာက ချက်ချင်းပြောင်းလဲသွားတယ်။ သူ မျက်မှောင်ကြုတ်ကာ ကူယွဲ့ဘေးက ထိုင်ခုံပေါ် လှည့်ထိုင်လိုက်တယ်။ "တကယ်တော့ ကျွန်တော်လည်း ဘာဖြစ်နေမှန်း နားမလည်ဘူး၊ ဉာဏ်အလင်းပွင့်မှုက ထူးဆန်းတယ်လို့ပဲ ခံစားရရုံပါ"
"ဟမ်" ကူယွဲ့ သူ့ကိုအူကြောင်ကြောင်စိုက်ကြည့်လိုက်တယ်။ "ဘယ်လိုပုံစံနဲ့လဲ"
"ကျွန်တော်လည်း ရှင်းရှင်းလင်းလင်း မပြောတတ်ဘူး" သူ့အမူအရာက တွန့်ရှုံ့လာပြီး ပြောစရာစကားရှာဖို့ ကြိုးစားနေတယ်။ "ကျွန်တော် ဆရာတူအစ်မရှုယီ... ဟင့်အင်း ဆရာအဒေါ်ရှုက ဝဋ်ကြွေးချေမိုးကြိုးကို ဖြတ်သန်းတော့ ကျွန်တော်တို့အချင်းချင်း သိခဲ့ကြတယ်ဆိုတဲ့ ရှင်းပြမရတဲ့ခံစားချက် ရလာတယ်၊ ဒါပေမဲ့ ကျွန်တော် ဘယ်နေရာလဲမမှတ်မိဘူး"
ကူယွဲ့အံ့ဩကာ သူ့ဘက်လှည့်ကြည့်မိတယ်။
"နောက်တော့ ဆရာအဒေါ်ရှု ရုတ်တရက် ကျွန်တော့်ဆီ ရောက်လာပြီး သူကအခု ရွှေအမြုတေကျင့်ကြံသူဖြစ်ပြီပြောတယ်၊ ကျွန်တော့်စိတ်က ရုတ်တရက် ဝိညာဉ်ချီကိုစုဆောင်းပြီး အမြုတေဖွဲ့တဲ့သိုင်းနဲ့ ပြည့်သွားတယ်" ကျိုးရှုမင်က ခု ပိုပြီးတောင် လေးလေးနက်နက် မျက်မှောင်ကြုတ်တယ်။ "နောက်တော့... ကျွန်တော်ဉာဏ်အလင်းပွင့်နေမှန်း သိလိုက်ရတာပဲ၊ ကျွန်တော် အရင်က ဓမ္မစာပေတချို့မှာဖတ်ဖူးလို့ အမြုတေဖွဲ့နည်းသိတယ်၊ ဒါပေမဲ့ ကျွန်တော့် စိတ်ထဲ ဝဲနေတာက... မတူဘူး အဲဒါက... အဲဒါက..."
သူကြည့်ရတာ ခံစားရတာကို ဘယ်လိုရှင်းပြရမလဲ မသိတဲ့ပုံ။ သူ့မျက်ခုံးတွေက ကျုံ့ထားဆဲ။ ခဏနေတော့ သူကပြောလာတယ်။ "ကျွန်တော်... အရင်က အမြုတေဖွဲ့ခဲ့ဖူးသလိုပဲ"
"မင်းအရင်က အမြုတေဖွဲ့ဖူးတယ်လား" ကူယွဲ့ ယပ်တောင်က ရုတ်တရက်ရပ်သွားတယ်။
"သေချာပြောစမ်း၊ မင်း ဘာလို့ဒီလိုအတွေးတွေ ရောက်လာတာလဲ၊ မင်းစိတ်မျက်လုံးထဲ အတိအကျဘာမြင်ခဲ့လဲ"
"ကျွန်တော် တကယ် ဘာမှမမြင်ခဲ့ပါဘူး" ကျိုးရှုမင်က ခေါင်းယမ်းတယ်။ "ခံစားချက်လိုမျိုးပဲ၊ ကျွန်တော် ခံစားရတာကလေ... မိုးကြိုးတွေကိုပါ ဘယ်လိုခုခံရမလဲသိနေတာ"
"မင်းတစ်ယောက်ယောက်ကို ဒီအကြောင်းပြောခဲ့သေးလား"
"သေချာပေါက် မပြောဘူးပေါ့" ကျိုးရှုမင်က ခပ်တိုးတိုးပြောတယ်။ "ဒီကိစ္စက ထူးဆန်းလွန်းတာ၊ ကျွန်တော် ဘယ်လိုလုပ် ဒါကို ပြောပြနိုင်မှာလဲ၊ ခင်ဗျားက ကျွန်တော်ပြောပြတဲ့ တစ်ယောက်တည်းသောသူပဲ၊ ညီကိုကူယွဲ့... ခင်ဗျားဘယ်လိုထင်လဲ... ကျွန်တော် ပြဿနာတစ်ခုခုရှိနေတာလား" ကျိုးရှုမင် ကြည့်ရတာ လုံးဝဇဝေဇဝါဖြစ်နေပုံ။
"ကျွန်တော်က အုတ်မြစ်အခြေတည်အဆင့်ကျင့်ကြံသူလေ၊ ဘယ်လိုလုပ် အမြုတေဖွဲ့တဲ့အကြောင်းတွေကို သိနေတာလဲ၊ ကျွန်တော် အရင်ကတွေ့ကြုံဖူးခဲ့တဲ့အတိုင်းပဲ"
"..." ဟင့်အင်း မင်းတကယ်အရင်က တွေ့ကြုံဖူးတာ။
"ခင်ဗျားထင်တာ ကျွန်တော်..." ကျိုးရှုမင်က တခြားတစ်ခုခုကို စဉ်းစားမိကာ မျက်လုံးတွေ ပြူးကျယ်သွားတယ်။ သူ ထခုန်မိလိုက်တယ်။
"ဘာတုန်း" ကူယွဲ့ အံ့ဩတကြီးရေရွတ်မိတယ်။ မင်း ခန့်မှန်းမိတယ်လို့တော့ ငါ့ကိုမပြောနဲ့နော်။
ကျိုးရှုမင်က ပြန်ထိုင်ချကာ ကူယွဲ့နားတိုးလိုက်တယ်။ သူက တီးတိုးရေရွတ်ရင်း အသက်ရှူသံက တုန်ယင်နေတယ်။ "ကျွန်တော်... ဆရာတူအစ်မရှုယီဆီက ကူးစက်ခံလိုက်ရတယ်ထင်လား၊ ကျွန်တော်ပါ ရူးသွားတာလား"
ရှန်းရင် ။ ။ "..."
ကူယွဲ့ ။ ။ "..."
ယိချင်း ။ ။ "..."
ငါ့ဖင်ကိုကူးစက်
(╯‵□′)╯(┻━┻
ရှုယီကို ခဏလောက် အပြစ်မပြုရရင် သောက်ကျိုးနည်း သေသွားမှာမို့လို့လား။ သူ ကျိုးရှုမင်လောက် ပူးပေါင်းတတ်တဲ့လက်တွဲဖော် မမြင်ဖူးသေးဘူး။
သူတို့တွေက ဒီမျက်နှာပြင်မှာ တကယ်ကို အပိုတွေမဟုတ်လား။ ကျိုးနှစ်ကျပ်နဲ့တင် ဒီနေရာနှာ ပြဿနာမွှေဖို့ လုံလောက်နေပြီ။
"ညီကိုကူယွဲ့၊ ခင်ဗျား အရင်ကပြောတာ ဦးနှောက်က ကူးစက်တတ်တယ်ဆို" ကျိုးရှုမင်က အင်မတန်တည်ကြည်တဲ့အမူအရာနဲ့ စတင်သုံးသပ်တော့တယ်။
"ဆရာတူအစ်မရှုယီ၊ မဟုတ်ပါဘူး၊ ဆရာအဒေါ်ရှုယီက ခင်ဗျားပြောတဲ့ ဦးနှောက်ရောဂါရှိနေတာလို့ ကျွန်တော်ထင်ထင်တယ်၊ သူက ဒီရက်ပိုင်း ကျွန်တော်တို့ခြံဝန်းထဲ အမြဲ လာလည်နေတာမဟုတ်လား၊ သူ ကျွန်တော့်ကို စကားပြောပြီးမှ ကျွန်တော်ဉာဏ်အလင်းပွင့်တာ၊ ကျွန်တော် သေချာပေါက် ကူးစက်ခံရပြီထင်တယ်" ကျိုးရှုမင် ပြောလေ ပိုပြီးစိတ်ထဲလက်ခံလာလေပဲ။ ခဏနေတော့ သူက ထပ်ပြောတယ်။ "ညီကိုကူယွဲ့၊ ခင်ဗျားဘယ်လိုထင်လဲ"
…
အခန်း ၆၅၁ ။ ပြန်လည်အမှတ်ရခြင်း
"ငါပြောမယ် ကျိုးနှစ်ကျပ်" ကူယွဲ့ နှုတ်ခမ်းသပ်ကာ အသက်ပြင်းပြင်းရှူပြီး ကျိုးရှုမင်ပခုံးကို ပုတ်လိုက်တယ်။
"မင်းကိုပြောမယ်။ မင်း ခုကစပြီး ရှုယီကို သိပ်မတွေ့သင့်တော့ဘူး"
"ခင်ဗျားထင်” ကျိုးရှုမင်ကြည့်ရတာ စိတ်လှုပ်ရှားသွားတဲ့ပုံ။
"ဟင့်အင်း" ကူယွဲ့ ကြားဖြတ်ပြောလိုက်တယ်။ "မင်းစကားပြောတာနဲ့ သူရိုက်သတ်တာခံရမယ်လို့ ငါထင်နေတာ"
အာ သူဘာဆိုလိုတာလဲ။
(⊙_⊙)
"ဒါဆို... ကျွန်တော် ကူးစက်ခံရတာလား"
"မစိုးရိမ်ပါနဲ့" ကူယွဲ့ သက်ပြင်းချလိုက်တယ်။ "မင်း ဉာဏ်ရည်အရဆို ဦးနှောက်ကူးစက်မှုလိုမျိုး အဆင့်မြင့်တစ်ခုခု ကူးစက်တာတောင် ခံရမယ်ထင်နေတာလား"
မင်းတို့ဘယ်သူကမှ ငတုံးမဟုတ်ဘူး။ မင်း စောနက အချိန်နောက်ပြန်လည်သွားတာကို ခန့်မှန်းမိပြီလို့ တကယ်တွေးမိတဲ့ငါကမှ တုံးတာ။
"..."
ကျိုးရှုမင် ကူယွဲ့ဘာပြောနေလဲ နားမလည်ပေမဲ့ ဘာကြောင့်မှန်းမသိ ရင်ဘတ်ထဲ ဓားနဲ့ အထိုးခံလိုက်ရသလိုပဲ။
"ကောင်းပြီ၊ လေ့ကျင့်ဖို့ကိုပဲ အာရုံစိုက်၊ ဘာလို့တခြားအကြောင်းတွေ အများကြီးစဉ်းစားနေတာတုံး"
ကူယွဲ့ မျက်ဆံလှန်လိုက်တယ်။
"ကျွန်တော်တကယ်ပဲ အဆင်ပြေရဲ့လား" သူ့ကြည့်ရတာ ဇဝေဇဝါဖြစ်နေတဲ့ပုံ။
"မင်းအဆင်ပြေပါတယ် မင်း သူများတွေကို ဒေါသထွက်အောက်လုပ်နိုင်တဲ့အထိ ကျန်းမာတယ်။ မင်း ဘယ်လိုလုပ် တစ်ခုခုဖြစ်နေရမှာလဲ" ကူယွဲ့ နှုတ်ခမ်းနောက်တစ်ကြိမ် သပ်လိုက်ပြန်ကာ ထပ်ပေါင်းပြောဖို့ ဆုံးဖြတ်လိုက်တယ်။ "မင်းက တခြားသူဝဋ်ကြွေးချေမိုးကြိုးကိုတောင့်ခံနေတာ ကြည့်ရင်း ဉာဏ်အလင်းပွင့်သွားတာ၊ ငါတို့ သိရသလောက်ဆို ဒါက အပေါ်ကကောင်းကင် မင်းကိုပေးတဲ့အခွင့်အရေးပဲ၊ အဲဒါကြောင့် အရင်က အမြုတေဖွဲ့စည်းဖူးတယ်လို့ မင်း ခံစားမိတာနေမှာ၊ ဒါက ကံသပ်သပ်ပါပဲ"
"ကောင်းကင်က အခွင့်အရေး" ကျိုးရှုမင် အံ့ဩတကြီးရေရွတ်ကာ ကောင်းကင်ကို စိုးရိမ်တကြီးကြည့်ပြီး တစ်ခုခုကိုစဉ်းစားမိသလိုမျိုးပြောတယ်။ "ကျွန်တော် ဘာလို့”
"တော်လောက်ပြီ၊ မင်း ခုသွားလို့ရပြီ၊ မင်း မနက်ဖြန်စောစော ဓားသိုင်းကျင့်ရဦးမယ်" ကူယွဲ့ သူ့ကို ဆက်နားမထောင်ချင်တော့ဘူး။ သူ ကျိုးရှုမင်ကို ထိုင်ခုံကဆွဲခေါ်ကာ တံခါးအပြင် တွန်းကန်ထုတ်လိုက်တယ်။ "လောလောဆယ် ငါ့ကိုထပ်လာမရှာနဲ့"
ကူယွဲ့က သူ့ကြောင့် ထမင်းမစားရတာ ကိစ္စမရှိဘူး။ ရှန်းရင်ကို နှိုးမိပြီး ဒေါသထွက်သွားစေရင်ရော။
"ဒါပေမဲ့..." ကျိုးရှုမင်က တခြားတစ်ခုခုပြောဖို့ ကြိုးစားတယ်။
"ထွက်သွား" ကူယွဲ့ တံခါးကိုဆောင့်ပိတ်လိုက်တယ်။
ကျိုးရှုမင် ။ ။ "..." သူ ကောင်းကင်က အဲအခွင့်အရေးနဲ့ပတ်သက်ပြီး ကူယွဲ့နဲ့ အသေးစိတ်ပြောချင်ရုံပါ၊ အကယ်၍များ သူ နောက်ထပ် ဉာဏ်အလင်းပွင့်မှုရနိုင်ရင်ပေါ့။
ကူယွဲ့က သူ့စားစရာကို ပြီးအောင်မစားလိုက်ရလို့ ဒေါသအရမ်းထွက်နေတာလား။ ကျိုးရှုမင် နှညနှာခေါင်းကိုပွတ်ကာ သူ့အိမ်ဆီပြန်လှည့်သွားတယ်။
ကူယွဲ့ ကျိုးရှုမင် ထွက်သွားတာ သေချာအောင်လုပ်ပြီးမှ အကာအရံအင်းကွက်တချို့ ဖန်တီးပြီး အိမ်ထဲပြန်လာခဲ့တယ်။ သူ တစ်ခုလုံးကိုမြင်ခဲ့တဲ့ လူနှစ်ယောက်ကိုကြည့်လိုက်တယ်။ ရှန်းရင်လက်ထဲက အဆာသွတ်မုန့်တစ်ခုကိုလုယူလိုက်တယ်။ "ကျိုးရှုမင်က ဘာလို့ဉာဏ်အလင်းပွင့်သွားတယ်ထင်ကြလဲ"
"ဖြစ်နိုင်တာ သူ အတိတ်ကို အာရုံခံမိလို့နေမှာ" ယိချင်းက ခန့်မှန်းတယ်။
"ဒါပေမဲ့အချိန်က ပြန်လည်သွားနှင့်ပြီလေ၊ ဘယ်လိုလုပ် ဖြစ်ခဲ့ပြီးတာကိုပြန်မှတ်မိနေသေးတာလဲ"
ကူယွဲ့ ဒါကို အတော်လေး နားမလည်တာ။ စားဖိုမှူး အစကပြန်ဖြစ်သွားတုန်းက ဒီလိုလက္ခဏာတွေ မပြခဲ့ဘူး။ သူ့လက်ထောက်အစွမ်းတွေရပြီးမှ မှတ်ဉာဏ်အားလုံး ပြန်သတိရတာ။
"စနစ်က အချိန်ကိုပြန်လှည့်ချိန်နဲ့ စီမံထိန်းသိမ်းသူက အချိန်ကို ညှိချိန် ကွာခြားချက်ရှိတာလား၊ ကွာခြားချက်ကဘာလဲ၊ ဘေးထွက်ဆိုးကျိုးလက္ခဏာမျိုးလား"
"အဲဒါဖြစ်နိုင်မယ်မထင်ဘူး" ယိချင်းက ခေါင်းယမ်းတယ်။ "စနစ်က ကျိုးရှုမင်ကို အောက်ဘုံဆီ ပြန်ဆွဲခေါ်နိုင်ခဲ့တယ်၊ ဆိုလိုတာ အချိန်က တကယ်နောက်ပြန်လည်ခဲ့တာကို သက်သေပြနေတာပဲ"
လောလောဆယ် ဟာကွက်တွေရှိသေးဦးမှာမဟုတ်ဘူး။
"ဒါဆို သူ ဘာလို့အတိတ်ကို မှတ်မိနေသေးတာလဲ"
နှစ်ယောက်သား မျက်မှောင်ကြုတ်လိုက်တယ်။
"အဲဒါ သူ့မှတ်ဉာဏ် မဟုတ်တာများလား" ရှန်းရင်က ခန့်မှန်းတယ်။
"သူက ရွှေအမြုတေကျင့်ကြံသူလို ခံစားရတယ်မပြောခဲ့ဘူးလား" ကူယွဲ့ကမေးတယ်။ "ဒါက အမြုတေဖွဲ့စည်းဖူးတဲ့ သူ့ကိုယ်ပိုင်အတွေ့အကြုံ မဟုတ်ဘဲ ဘယ်ဖြစ်နိုင်ပါ့မလဲ... ဟိုလီရှစ်" ကူယွဲ့ ရုတ်တရက် တစ်ခုခုကို သတိရသွားကာ စားဖိုမှူးဘက်အလိုလိုလှည့်လိုက်တယ်။
"အဲငတုံးကောင်းကင်တာအိုများလား"
ယိချင်း ။ ။ "..." ဘာငတုံး။
သေချာစဉ်းစားရင် ဒါက အဓိပ္ပာယ်ရှိတယ်။ ကောင်းကင်တာအိုက အသိစိတ်မရှိဘူး၊ ဒါပေမဲ့ မျက်နှာပြင်ထဲက မူမမှန်တွေကို အလိုအလျောက် အမှန်ပြင်နိုင်တယ်။ "ငါတို့သုံးယောက် အောက်ဘုံဆီ ဆင်းလာတော့ ကောင်းကင်တာအိုက အမှားအယွင်းတစ်ခုခုရှိတာကို အာရုံခံမိခဲ့တယ်၊ ဒါက အံ့ဩစရာမရှိဘူး" ယိချင်းကခေါင်းညိတ်တယ်။
အဲလိုကိုး ကူယွဲ့ ကျိုးနှစ်ကျပ်ကို ပေးခဲ့တဲ့ ခပ်ပေါပေါရှင်းပြချက်က အမှန်ဖြစ်နေတာကိုး။ တစ်နည်းနည်းနဲ့ ဒါကတကယ့်ကို ကောင်းကင်အခွင့်အရေးပဲ။
အင်း ဒီကောင်းကင်တာအိုက နောက်ဆုံးတော့ မှန်ကန်တာတစ်ခုခု လုပ်နေပြီ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုမျိုး ဉာဏ်အလင်းပွင့်မှုက နှေးကွေးစွာ တက်လှမ်းနေတဲ့ကျိုးရှုမင်လိုလူအတွက်ကောင်းတယ်။
——————
အုတ်မြစ်အခြေတည်ရဲ့ နောက်ဆုံးအဆင့်တွေဆီ တန်းခုန်ကျော်သွားပြီးတဲ့နောက်မှာ ကျိုးရှုမင်က မြူဓားသိုင်းတွေကို သင်ယူတာနဲ့ပတ်သက်ပြီး အများကြီး ပိုစိတ်အားထက်သန်လာတယ်။ ကူယွဲ့ရဲ့လမ်းညွှန်မှုအောက်မှာ သူက ဓားသိုင်းရဲ့ဒုတိယအဆင့်ကို အောင်အောင်မြင်မြင် ကျွမ်းကျင်အဆင့် လုပ်နိုင်ခဲ့တယ်။ ဒီဓားသိုင်းက ဆယ်ဆင့်ရှိတာ။ ကျိုးရှုမင် ဘာစံနှုန်းအရလဲဆိုတာ မသိပေမဲ့ သူက နတ်ဝိညာဉ်ကျင့်ကြံသူဖြစ်လာမှ ပြည့်ပြည့်ဝဝ နားလည်နိုင်မယ်ဆိုတာတော့ ခပ်ရေးရေး ခံစားမိတယ်။
သူမသေချာတဲ့အရာက ကျင့်ကြံဆင့်အရဆို သူ့ထက်အများကြီး အဆင့်နိမ့်တဲ့ကူယွဲ့က သူ့ဓားသိုင်းပေါ် ဘာကြောင့်အထင်သေးနေသေးလဲဆိုတာပဲ။ ပြီးတော့ ကူယွဲ့က ကျိုးရှုမင် ဓားသိုင်းရဲ့ဒုတိယအဆင့်ကို နားမလည်ခင်တုန်းကထက်တောင် ပိုပြီးရန်လိုလာတဲ့ပုံ။ ဆိုရိုးစကားရှိသလိုပဲ လက်ရည်စမ်းမှုတွေကပဲ လူတစ်ယောက်ကို ပိုပြီးသန်မာလာစေမှာ။ ဓားကျင့်ကြံသူအစစ်တစ်ယောက်က ပုံစံသွင်းဖို့ ရိုက်နှက်ခံရဖို့လိုတယ်။
သူ ရုတ်တရက် ကူယွဲ့က တကယ်ပဲ အုတ်မြစ်အခြေတည်ကျင့်ကြံသူပဲလားဆိုတာ သံသယဝင်လာတယ်။ ဓားကျင့်ကြံသူတွေက သူတို့ကိုယ်တိုင်ထက် ကျင့်ကြံဆင့်မြင့်သူတွေကို စိန်ခေါ်နိုင်တယ်လို့ ကြားဖူးတယ်။ ဒါပေမဲ့ ကူယွဲ့က သူ့ကိုပဲ အပြစ်ရှာနေသလိုပဲ အဆိုးဆုံးအပိုင်းက ကျိုးရှုမင် သူ့ကိုယ်သူ ကူယွဲ့ဆီကနေ ခုခံဖို့နည်းမရှိတဲ့ပုံပဲ။
သူ အရမ်းကိုအားနည်းနေတာပဲဖြစ်ရမယ်။ သူ ဓားသိုင်းမှာ မတော်သေးဘူး။ ဓားသိုင်းတွေမှာ တကယ်ပဲ သဘောတရားအနက်တွေ အများကြီးရှိသေးတာကိုး ကျိုးရှုမင် ရွေးစရာမရှိဘဲ အံကြိတ်ကာ ဆက်တိုက်ခိုက်ရတော့တယ်။ သူ့လေ့ကျင့်မှုမှာ ပိုလေးနက်လာပြီး တစ်နေ့ကို ၁၂နာရီလောက်လေ့ကျင့်တယ်။
အဖေအိုကြီးကူယွဲ့ကတော့ ကျိုးရှုမင်ကို နှေးကွေးတဲ့တက်လှမ်းမှုကလွဲ အားလုံးကို ကျေနပ်နေတဲ့ပုံ။ သူ ကျိုးရှုမင် မြန်မြန် တက်လှမ်းနိုင်အောင် ကူညီဖို့ နည်းလမ်းတွေစစဉ်းစားတော့တယ်။ ရုတ်တရက် တစ်ယောက်ယောက်က ပင်မတောင်ထွက်ကနေ သူ့ကိုလာရှာတယ်။ သူက ဂိုဏ်းထဲက တခြားတပည့်တွေနဲ့ လုံးဝမတူတဲ့ ဝတ်ရုံကိုဝတ်ထားတယ်။ ဝတ်ရုံလက်ပေါ်မှုလည်း ထူးခြားတဲ့ပန်းအဆင်တွေ။
"ဂိုဏ်းချုပ်က ကျွန်တော်တို့ကို တွေ့ချင်တယ်လား" ကျိုးရှုမင် တုံ့ဆိုင်းသွားတယ်။ သူ ဓားကို တင်းတင်းဆုပ်ကိုင်ရင်း ကူယွဲ့ကို မအူမလည်လှည့်ကြည့်လိုက်တယ်။ "ဘာကိစ္စလဲမသိဘူး"
"ကျုပ်လည်း မသိပါဘူး" ဧည့်သည်က ခေါင်းယမ်းကာ သူတို့ကိုကြင်နာစွာပြုံးပြတယ်။
"ကိစ္စကောင်းများလား၊ ဆရာတူညီတို့၊ ကျုပ်နဲ့အတူ ပင်မခန်းမဆောင်ဆီ မြန်မြန်လိုက်လာတာ ကောင်းမယ်"
ကျိုးရှုမင် ကူယွဲ့ကို ဆက်စိုက်ကြည့်နေကာ ကူယွဲ့ခေါင်းညိတ်တာမြင်တော့ တုံ့ပြန်လိုက်တယ်။
"ကျေးဇူးပါ ဆရာတူအစ်ကို"
ဧည့်သည်က လှည့်ထွက်ကာ သူတို့နှစ်ယောက်ကို ပင်မခန်းဆောင်ဆီ ဦးဆောင်ခေါ်သွားတယ်။ သူတို့ဝင်တာနဲ့ ကူယွဲ့ သူတို့နှစ်ယောက်ပေါ်ဝေ့ဝဲကာ ကျိုးရှုမင်ပေါ် ရောက်သွားတဲ့ အေးစက်စက်အကြည့်တစ်ခု ခံစားလိုက်ရတယ်။
ကူယွဲ့ လှမ်းကြည့်လိုက်တော့ တကယ်ပဲ ကျူးကျော်သူရှုယီဆိုတာ မြင်လိုက်ရတယ်။ သူမကြည့်ရတာ တစ်ခုခုကို အလေးအနက်စဉ်းစားနေတဲ့ပုံ။ သူမမျက်လုံးတွေကနေ ကျိုးရှုမင်ဆှ ဓားမြှောင်တွေ ပစ်လွှတ်နေတာ မြင်ရလုနီးပါးပဲ။ ရှုယီပုံစံက အမြုတေမဖွဲ့ခင်တုန်းကနဲ့ အတော်လေးကို ကွာခြားနေတယ်။ သူမကိုယ်ပတ်လည်က ဝိညာဉ်ချီက သိသိသာသာ ထူထဲလာတယ်။ တခြားတစ်ခုခုလည်းရှိနေပေမဲ့ ကူယွဲ့ ဘာလဲ မပြောပြတတ်ရုံပဲ။
"နတ်ဆိုးချီပဲ" ယိချင်းကရုတ်တရက်ပြောလာတယ်။ "လွန်ခဲ့တဲ့ရက်ပိုင်းက သူက နတ်ဆိုး ကျင့်ကြံသူတွေ ဒါမှမဟုတ် နတ်ဆိုးကိုယ်တိုင်နဲ့ အထိအတွေ့ ရှိခဲ့တာနေမယ်၊ အဲဒါကြောင့် သူ့ကိုယ်ပေါ် နတ်ဆိုးချီ ရှိနေတာ"
ကူယွဲ့က ငုံ့ကာ မျက်ခုံးတစ်ဖက်ပင့်လိုက်တယ်။ နတ်ဆိုးကျင့်ကြံသူတွေတဲ့လား။ ဒီကျူးကျော်သူက အလုပ်နယ်ပယ်ကျယ်တာပဲ။ ကူယွဲ့ ထင်ခဲ့တော့ သူမက ဒီလဝက်ကို အဲနောက်ဆုံးမိုးကြိုးကို ရင်ဆိုင်ဖို့သုံးခဲ့တယ်ပေါ့။ အဲတော့ တကယ်က နတ်ဆိုးကျင့်ကြံသူတွေကို သွားရှာခဲ့တာလား
သူမ ဘာလုပ်နေရလဲ သူ မသိပေမဲ့ ခုကစပြီး ကျိုးရှုမင်ကို သေချာပိုပြီးစောင့်ကြည့်ရမယ်ဆိုတာ သိသာတယ်။