← Chapters

အခန်း (၆၆၁-၆၆၃)

Vol. 45 Ch. 661-663

အခန်း (၆၆၁-၆၆၃)

Vol. 45 Ch. 661-663

အခန်း ၆၆၁ ။ ယွမ်ယန်ဆီ ဦးတည်ခြင်း

"ဆရာက တာအိုရောင်းရင်းကူယွဲ့က ယွမ်ယန်မြို့ဆီ ဦးတည်နေတယ်ဆိုတဲ့ သတင်းကိုရခဲ့တယ်၊ လိုမဲ့လိုငြား သူက သုံးလို့ရတဲ့ပစ္စည်းတချို့ပြင်ပေးလိုက်ပါတယ်" သူက ပြောရင်း သိုလှောင်အိတ်ကို ဖွင့်ကာ ဘူးတွေထုတ်လာတယ်။

"ဒါတွေက သွေးတိတ်ဆေးလုံးတွေ၊ ဒါတွေကတော့ နိုးထဆေးလုံး၊ ဒါတွေက ချီသိပ်သည်းဆေးလုံး၊ ဒါတွေက အဆိပ်ခံဆေးလုံး..." သူက အားလုံးကိုထိုးပေးလာပြီး နောက်ဆုံးကျ ဟိုဟိုဒီဒီကြည့်ပြီးမှ အရမ်းကိုသေးငယ်ပြီးအနုစိတ်တဲ့ ဘူးတစ်ခု ကမ်းပေးလာကာ ခပ်တိုးတိုးအသံနဲ့ ပဟေဋ္ဌိဆန်စွာပြောလာတယ်။

"ဒါက နဝမအဆင့် ရေဝဲပြန်လည်ရှင်သန် ဆေးလုံးပါ၊ သူ့မှာ ဒီတစ်ခုပဲ ကျန်တယ်လို့ ဆရာကပြောတယ်၊ အဲလူက အသက်တစ်ရှူစာ အသက်ရှိနေသရွေ့ ဒီဆေးလုံးကိုစားသောက်ပြီး ကယ်တင်လို့ရတယ်၊ တာအိုရောင်းရင်း သေချာထိန်းသိမ်းထားလိုက်ပါ"

ရှန်းရင် ။ ။ "..."

ကူယွဲ့ ။ ။ "..."

ယိချင်း ။ ။ "..."

ချက်ချင်း သံသယနဲ့ မှေးကြည့်နေတဲ့ မျက်လုံးနှစ်စုံက ကူယွဲ့ပေါ်ရောက်လာတယ်။

အိုး~~~~~

"ပါးစပ်ပိတ်" ကူယွဲ့ပြန်လှည့်ကာ နှစ်ယောက်ကို စိန်းစိန်းဝါးဝါး ကြည့်လိုက်တယ်။ "ငါဘာမှမလုပ်ခဲ့ဘူး ဟုတ်ပြီလား"

အင်းပါ~~~~

"မင်းဖင်ကိုအင်းပါ" ငါက ထောက်ပံ့ပေးခံရတဲ့ ကောင်လေးလိုမျိုး အဲအကြည့်တွေက သောက်ကျိုးနည်းဘာလဲ။ "အဲဒီ ကလူတဲ့စပ်ဖြီးဖြီးအပြုံးတွေ ဖယ်လိုက်" အဓိပ္ပာယ်မရှိတဲ့အတွေးတွေ မတွေးစမ်းနဲ့

အဲဘိုးတော်ထျန်းယီက ဘာလို့ ရုတ်တရက်ကြီး သူ့ကို အဲလောက် ဆေးလုံးအမျိုးအစားတွေ အများကြီး ပို့ပေးလဲဆိုတာ ဘယ်လိုလုပ်သိမလဲ။ သူက သင့်တော်တဲ့ စီးပွားရေးလုပ်ငန်းရှင်ဖြစ်ပြီး လမ်းကြောင်းကို ကြွားလုံးထုတ်ခဲ့ရုံပဲ။ သူက ထျန်းယီ အတည်မှတ်ယူသွားမယ်လို့ ဘယ်ထင်မှာတုံး။

အမ်... သူ ရုတ်တရက် အပြစ်ရှိသလို ခံစားလိုက်ရတယ်။ ဘာလို့ပါလိမ့်။

"တာအိုရောင်းရင်းကူယွဲ့" သူ့ရဲ့ အကြာကြီး တိတ်ဆိတ်နေမှုကိုမြင်တော့ ချန်းလင်က မနေနိုင်ဘဲ လှမ်းခေါ်လိုက်တယ်။ သူ့အကြည့်က အားကျမှုတွေပြည့်နေတယ်။ ဒါက နဝမအဆင့် ရေဝဲပြန်လည်ရှင်သန်ဆေးလုံးပဲ။ သူတောင် ဆရာ့ဆီက တစ်ခုမရသေးဘူး ဒါ ဆရာနဲ့ဒီလူကြား ဆက်ဆံရေးနီးစပ်တယ်ဆိုတဲ့ သက်သေပဲ။

"ကျေး... ကျေးဇူးပါ ဆရာတူအစ်ကို" ကူယွဲ့နှုတ်ခမ်းထောင့်က တွန့်သွားကာ အားလုံးကို ယူထားလိုက်တယ်။

"ယဉ်ကျေးလွန်းနေပါပြီ;" ချန်းလင်က အမြန် လက်ယမ်းပြလိုက်တယ်။ "တာအိုရောင်းရင်းနဲ့ ကျုပ်ဆရာက မိတ်ဆွေတွေပဲ၊ ဆရာတူအစ်ကိုလို့ ခေါ်တာကို လက်မခံနိုင်ပါဘူးဗျာ"

"ဟဲဟဲ..."

"တကယ်လို့ တခြားကိစ္စမရှိတော့ရင် ကျုပ် အရင်သွားလိုက်ပါဦးမယ်" သူ့လက်တွေထဲက ဆေးလုံးတွေကို တစ်ချက်ကြည့်ကာ သတိပေးလိုက်ပြန်တယ်။ "ကျေးဇူးပြုပြီး ဒီဆေးလုံးတွေကို သေချာသိမ်းထားပါ" အဲလို‌ပြောကာ သူက လှည့်ထွက်သွားလေတယ်။

ကူယွဲ့ ။ ။ "..."

"ရော့" သူက အဲဆေးလုံးတွေအားလုံးကို ဘေးက ကျိုးနှစ်ကျပ်ဆီ ကမ်းပေးလိုက်တယ်။

"ဟမ်" ကျိုးရှုမင်က မှင်တက်သွားပြီး မြေကြီးပေါ်မကျအောင် အသည်းအသန် ဖမ်းထားလိုက်ရတယ်။

"ကူယွဲ့ ဒါက..."

"ယူထား သိမ်းထားလိုက်" ဒီပစ္စည်းတွေက သူ့အတွက် အသုံးသိပ်မဝင်ပေမဲ့ ကျိုးနှစ်ကျပ်လို အုတ်မြစ်အခြေတည်ကျင့်ကြံသူအစစ်အတွက်တော့ တကယ်ကို အသုံးဝင်တယ်။ ပြီးတော့ ဆေးလုံးတွေကိုလည်း အမျိုးမျိုးပြင်ဆင်ထားတာ။

"ဒါပေမဲ့..." ဒါတွေက ခင်ဗျားကို ဆရာသခင်ထျန်းယီပေးတာလေ။

"ပြောရင် ယူထားလိုက်ပေါ့၊ ဘာတွေ အဲလောက်စကားများနေတာတုံး" ဒီမှာ ဘယ်သူက အားအနည်းဆုံးလဲ သောက်ကျိုးနည်း နားမလည်ဘူးလား။

"..." ဟမ် ဘာလို့ ညီကိုကူယွဲ့ရဲ့စိတ်အခြေအနေက ရုတ်တရက် ဆိုးသွားပြီး သူ့ကိုအထင်သေးနေတယ်ဆိုတဲ့ ထင်ယောင်ထင်မှားမှုမျိုး ရနေတာပါလိမ့်။ ခဏစဉ်းစားပြီးတော့ ကျိုးရှုမင် သူ့သိုလှောင်အိတ်ထဲပဲ အားလုံးကို တိတ်တဆိတ် သိမ်းထားလိုက်ရတယ်။ ထားပါတော့လေ အများဆုံးမှ သူ ညီကိုကူယွဲ့အစား သိမ်း‌ပေးထားရုံပါ။ လိုအပ်ချိန်ကျ ပြန်ပေးလိုက်မယ်

——————

ဒီကိစ္စက တကယ်အရေးကြီးနေလို့ထင် နဂိုက နှစ်နာရီကြာမဲ့ခရီးက နာရီဝက် စောရောက်ခဲ့တယ်။ အဝေးကနေ သူတို့တွေ ဒီအမတမြို့တစ်ခုလုံးက ဒိဋ္ဌိအရှိန်အဝါတွေ ရောယှက်နေတာကို မြင်နိုင်တယ်။ ပြီးတော့ ရေခဲတမျှ အေးစက်တဲ့ အရှိန်အဝါအကြွင်းအကျန်တွေကလည်း မြို့ရှေ့ကနေ အဆက်မပြတ် တစစထွက်နေလေရဲ့။ အမတမြို့တ်စခုလုံးမှာ သက်ဝင်တက်ကြွမှုဆိုတာမရှိသလောက်ပဲ။ အနည်းငယ် ခြောက်ကပ်ကပ် ဖြစ်နေတယ်။

အဖွဲ့ကိုဦးဆောင်နေတဲ့ ရှုယွမ်က မျက်မှောင်ကြုတ်ကာ ရှေ့ကိုအရင်သွားပြီး မြို့အကာအကွယ်ဝန်းတွေကို အသက်သွင်းလိုက်တယ်။ နောက်အခိုက်အတန့်မှာ မြို့ထဲက အင်းကွက်အစီအရင်တွေက တောက်ပလာပြီး အကြည်ရောင်ဝင်းတစ်ခု မြင့်တက်လာကာ အထဲကအမတမြို့ကို ကာကွယ်ပေးလေတယ်။ အဲဒီ တည်ငြိမ်စွာစီး‌ဆင်းနေတဲ့ အေးစက်စက် အရှိန်အဝါကလည်း အပြင်ကနေ ပိတ်ဆို့ခံလိုက်ရတယ်။

လူတိုင်း ဆင်းသက်ချိန်မှာတော့ မြို့လယ်မှာ ကျင့်ကြံသူရှစ်ယောက်လောက် စောင့်နေပြီ။

"လူကြီးမင်းရှုယွမ်" အရှေ့တည့်တည့်ကလူကတော့ မြို့အရှင်၊ လူတိုင်းကိုမြင်တော့ သူက ဝမ်းသာသွားပြီး ချက်ချင်း ရှေ့တက်လာတယ်။ သူ ဘေးကယိချင်းကိုမြင်ချိန် ခဏတန့်သွားတယ်။ "ဒါက"

"ဒါက ဆရာသခင်ယိချင်းပါ" ရှုယွမ် မိတ်ဆက်ပေးလိုက်တယ်။

"ဆရာသခင်" သူက ထိတ်လန့်သွားပြီး အမြန် ဂါရ၀ပြုလိုက်ပြန်တယ်။

"မြို့အရှင်ယွမ်၊ ခု မြို့ထဲ အခြေအနေဘယ်လိုလဲ" ရှုယွမ် အသည်းအသန် မေးလိုက်တယ်။

"လူကြီးမင်းကို ပြန်ဖြေပါတယ်၊ ဒိဋ္ဌိအရှိန်အဝါကြောင့် ထိခိုက်သွားတဲ့လူအများစုက သာမန်သေမျိုးတွေပါ၊ လောလောဆယ် တစ်ထောင်ကျော်တယ်၊ တောအုပ်ထဲ မတော်တဆ ဝင်လာကြတဲ့ သွေဖည်ဂိုဏ်းကျင့်ကြံသူတချို့လည်း ဒိဋ္ဌိအရှိန်အဝါ လွှမ်းမိုးတာခံခဲ့ရတယ်။ အထူးသဖြင့် မနေ့က ကျင့်ကြံသူတစ်စု။ သူတို့တွေက နယ်စပ်မြို့တွေက ရောက်လာကြတာ၊ တောအုပ်ဘေးက ဖြတ်သွားချိန် သွေဖည်မီးလျှံကြောင့် ဒဏ်ရာရကုန်တယ်၊ ကြာကြာတောင့်မခံနိုင်တော့မှာ စိုးမိတယ်"

"သွေဖည်မီးလျှံကို မငြှိမ်းရသေးဘူးလို့ ပြောနေတာပေါ့" ရှုယွမ်လည်း ထိတ်လန့်သွားတယ်။

"မငြှိမ်းရသေးပါဘူး" မြို့အရှင်လည်း အခက်တွေ့နေတဲ့ပုံ။

သူ မျက်မှောင်ကြုတ်လိုက်တယ်။ ယွမ်ယန်မြို့က ကွေ့ယီဂိုဏ်းအောက်က အမတမြို့။ မြို့ထဲစီးပွားရေးလုပ်သူအများစုက ကွေ့ယီဂိုဏ်းရဲ့ အပြင်စည်းတပည့်တွေ။ မြို့လူထုက အမြဲ ကွေ့ယီဂိုဏ်းကာကွယ်မှုအောက် ရှိနေခဲ့တာ။ မြို့အရှင်ရဲ့ ပြောပြချက်အရတော့ ဒီကိစ္စက သူတို့ ခန့်မှန်းထားတာထက် ပိုပြီးပြင်းထန်ပုံပဲ။

"ဒီတစ်ကြိမ် ဂိုဏ်းက တပည့်လေးဆယ် ပို့လိုက်တယ်၊ မြန်မြန် မြို့ထဲက ဒဏ်ရာရနေသူတွေကို ကုသပေးဖို့ သူတို့ကိုခေါ်သွားလိုက်"

"ဟုတ်ကဲ့ လူကြီးမင်း" မြို့အရှင်က ခပ်သွက်သွက်ဖြေတယ်။

ရှုယွမ်က လူတိုင်းကို ညွှန်ကြားတချို့ လှည့်ပေးပြီး သူတို့ကို ဘာကိစ္စဖြစ်ဖြစ် မြို့ထဲကမထွက်ဖို့ မှာလိုက်တယ်။ ပြီးမှ မြို့အရှင်နောက် လိုက်ဖြန့်ကာ ဒဏ်ရာရသူတွေကို ကုသခွင့်ပြုလိုက်တယ်။ နောက်တော့သူက ဘေးကယိချင်းဘက် လှည့်လာတယ်။ "ဆရာသခင်..."

"ငါ သွေဖည်မီးလျှံ နေရာဘက် တစ်ချက်သွားကြည့်ဦးမယ် မင်းဒီမှာနေ" အဲလိုပြောပြီး ယိချင်းက မနှောင့်နှေးတော့ဘဲ ကူယွဲ့နဲ့ အကြည့်ချင်းဖလှယ်ပြီးတဲ့နောက် ရှန်းရင်နဲ့အတူ ဓားပေါ်ကနေ ပျံထွက်ကာ အေးစက်တဲ့ အရှိန်အဝါ‌တွေ ဝုန်းခနဲ ထွက်ထွက်နေတဲ့ အရှေ့ဘက်ဆီ ဦးတည်ခဲ့တယ်။

သူတို့ မြို့ထဲကနေ ထွက်တဲ့အခိုက်မှာတင် အေးစက်တဲ့ချီက သူ့ကို ထိမှန်လာတာခံစားရတယ်။ သူတို့ အရှေ့ဘက်က တောအုပ်ထဲတင်လာလေ အေးစက်တဲ့အရှိန်အဝါက ပိုပြင်းထန်လာလေပဲ။ ကြက်သီးပါထရတာ လူတစ်ယောက်ဝိညာဉ်ထဲ ရောယှက်နေသလိုပဲ။

တစ်အောင့်နေတော့ လောင်ကျွမ်းနေတဲ့အနံ့က လေထဲပြည့်နေတယ်။ အဝေးကနေအရှေ့ဘက် လောင်ကျွမ်းနေတဲ့ အမည်းရောင်ထုပင်လယ်ကို မြင်လိုက်ရတယ်။ တဖြည်းဖြည်း ပြန့်ကားထွက်နေတဲ့ အဖြုရောင်မီးတောက်ရာတွေလည်း ရှိနေတယ်။

အဲဒီမီးတောက်တွေက တခြားမီးတောက်တွေနဲ့မတူ အလွန်ထူးခြားတယ်။ လုံးဝ မနွေးဘဲ အေးစိမ့်မှုနဲ့လာကာ မီးလို့ပြောပေမဲ့ ရေခဲနဲ့ပိုတူတယ်။ ဒါပေမဲ့ ဘယ်နေရာကို ဖြတ်သန်းသွားပါစေ မြေကြီးပေါ်က အရာအားလုံးကို တောက်လောင်သွားစေတယ်။

ဒါက...။

ယိချင်း ထိတ်လန့်သွားပြီး အလိုလို ရေရွတ်လိုက်မိတယ်။

"မဟူရာမီးတောက်"

****

တစ်ချိန်တည်းမှာပဲ ယွမ်ယန်မြို့ထဲ သွေဖည်မီးလျှံ လောင်သွားတဲ့ ကျင့်ကြံသူတစ်ယောက်ကို ကုသပေးမဲ့ တပည့်က ကိုယ်ထဲ ဝိညာဉ်ချီတစ်စကို တွန်းထည့်လိုက်ရုံ‌ရှိသေး ခံရသူကိုယ်ထဲက မီးတောက်အဖြူ ချက်ချင်း ထွက်လာတယ်။

"အားး"

တပည့်က စူးခနဲ အော်ပြီး နောက်ဆုတ်ချင်ပေမဲ့ နောက်ကျလွန်းသွားပြီး သူ့လက်မောင်းတစ်ခုလုံး ချက်ချင်း မီးတောက် ဝိုင်းတာခံလိုက်ရတယ်။

"ဆရာတူညီ" ဘေးမှာ ရှိနေတဲ့ ကျိုးရှုမင်က ထိတ်လန့်သွားပြီး အလိုလို ဆွဲမိလိုက်တယ်။

ကူယွဲ့ မြန်ဆန်စွာ လှုပ်ရှားလာပြီး ပြန်ဆွဲထားလိုက်ကာ ရှေ့တစ်လှမ်းတိုးလိုက်တယ်။ နောက်တော့ တပည့်ရဲ့ မီးလောင်နေတဲ့ညာဘက်လက်ကို ဖိချကာ သူ့ကောင်းကင်စွမ်းအင်နဲ့ စီးဆင်းစေလိုက်တော့မှ မီးတောက်ဖြူက ငြိမ်းသွားလေရဲ့။

သူ့အမူအရာက မည်းနက်သွားတယ်။ ဘာလို့ မဟူရာမီးတောက်က သေမျိုးလောကမှာ ပေါ်လာတာတုံး။

…

အခန်း ၆၆၂ ။ မဟူရာမီးတောက်များကို ဖြန့်ခြင်း

"ဘာဖြစ်တာတုံး" ရှုယွမ်က သူ့ဘေး ရုတ်ရုတ်သဲသဲဖြစ်နေတာကိုသိသွားပြီး တစ်ချက်ကြည့်ဖို့ ခပ်သွက်သွက် လျှောက်လာတယ်။ သူက အိပ်ရာထဲ တစ်စတစ်စလျော့ပါးလာတဲ့အရှိန်အဝါနဲ့ အားအနည်းဆုံးလူကို တစ်ချက်ကြည့်လိုက်တယ်။ နောက်တော့ မြေကြီးပေါ်ထိုင်နေတဲ့ တပည့်ကို မျက်နှာချင်းဆိုင်လိုက်တယ်။ "ဘာဖြစ်တာတုံး"

"ဆရာဦးလေးရှုယွမ်..." တပည့်က သူ့ကို စက္ကန့်အနည်းငယ် အူကြောင်ကြောင်စိုက်ကြည့်နေပြီးမှ အသိပြန်ဝင်လာတယ်။ ကြောက်လန့်တကြားနဲ့ သူကဆိုတော့တယ်။ "မီး... ဒီလူ့ကိုယ်ပေါ်က မီးက ကူးစက်တတ်တယ်၊ ကျွန်တော် ဝိညာဉ်ချီကို ညှိနေတုန်း မီးက ကျွန်တော့်ဆီကူးပြောင်းလာတာပဲ"

"ဘာ" ရှုယွမ် အံ့ဩတကြီးရေရွတ်လိုက်တယ်။ သူက တစ်စုံတစ်ခုကို တွေးမိပြီး အမူအရာက မည်းမှောင်သွားတယ်။ ချက်ချင်း သူက ဘေးကတခြားတပည့်ဘက် လှည့်လိုက်တယ်။ "မြန်မြန် အလုပ်လုပ်နေတဲ့တပည့်တွေကို ချက်ချင်းရပ်ခိုင်းလိုက်"

"ဟုတ်ကဲ့" တပည့်က တခြားတပည့်တွေကို ချက်ချင်း အသိပေးဖို့ ပြေးထွက်သွားခဲ့တယ်။

သူက နောက်ကျလွန်းသွားတာ နှမျောစရာပဲ။ လူ၁၇ယောက်က တောအုပ်ထဲက ကျန်ရစ်နေတဲ့ မီးတောက်တွေရဲ့ လောင်ကျွမ်းခံလိုက်ရတော့တယ်။ သူတို့ကြား မကုသနိုင်ခင် ၆ယောက်က ကွယ်လွန်သွားခဲ့တယ်။ တခြားသူတွေလည်း ချက်ချင်း ကုသဖို့ပြင်တော့တယ်။ ဒါပေမဲ့ သူတို့ရဲ့ လောင်ကျွမ်းသွားတဲ့နေရာတွေကို ကူညီကုသပေးတဲ့တပည့်တွေပါ သူတို့ကိုယ်တိုင် လောင်ကျွမ်းကုန်တယ်။ ဒဏ်ရာတွေက ပြင်းထန်တယ်။ ဒါကြောင့် သူတို့ တပည့်တွေကို မကယ်တင်နိုင်ခင်မှာတင် နောက်ထပ်၁၀ယောက်ပါ ကျဆုံးသွားခဲ့ရတယ်။

ရှုယွမ် ခု အတော်လေး မျက်မှောင်ကြုတ်နေပြီ။ သူက မဟူရာမီးတောက် လောင်ကျွမ်းခံရတဲ့လူတွေမှာ သူတို့ကိုယ်ထဲ မီးတောက်အကြွင်းအကျန်တွေ ရှိနေဦးမယ် မထင်ခဲ့ဘူး။ ဒီမီးတောက်တွေက တခြားသူတွေဆီပါ ဆက်‌ပျံ့နေတယ်ပေါ့။ ဒဏ်ရာရနေသူတွေကို သွားကုသတဲ့တပည့်တွေအားလုံးက ရွှေအမြုတေကျင့်ကြံသူတွေ ဂိုဏ်းထဲက အသန်မာ‌ဆုံးတွေပဲ။ အခု သူ ဆယ်ယောက်ကို မီးတောက်တွေထဲ ဆုံးရှုံးလိုက်ရတာကို သိပြီး သူ့နှလုံးသားက ဘယ်မနာကျင်ဘဲ နေမှာလဲ။ သူ့အတွင်းပိုင်းအားလုံးက တွန့်ရှုံ့နေပေမဲ့ အဲတပည့်တွေကို ဘယ်လိုကုသရမလဲ သူတို့မသိသေးဘူး။

ကူယွဲ့ အမူအရာ မည်းမှောင်သွားတယ်။ အဲရေခဲနက်မီးတောက်ဆိုတ ကျိန်းသေပေါက် မဟူရာမီးတောက်ပဲ။ ဒါ မြေအောက်ဘုံကနေ လာတာဖြစ်ပြီး ဖုတ်ကောင်တွေဆီက သွေဖည်မီးတောက်တွေနဲ့အတူ ပါလာတာပဲ။ ဒီလိုမီးအမျိုးအစားတွေက အရမ်းကိုအေးပြီး ဝိညာဉ်တွေကို ဖုန်မှုန့်တွေတောင် ဖြစ်စေနိုင်တယ်။ အောက်ဘုံက သေမျိုးတွေဆိုရင်တော့ ပြောမနေနဲ့။ အထက်ဘုံက အမတတွေတောင် ရင်ဆိုင်ရအခက်တွေ့တာ။ ဒါပေမဲ့ ဘယ်လိုလုပ် ဒီမီးတွေက ဒီနေရာဆီ ရောက်လာတာလဲ။ မိစ္ဆာလမ်းစဉ်ကျင့ကြံသူတစ်ယောက်က ဒါကို လက်ထဲဘယ်လိုယူခဲ့တာတုံး။

ရင်းနှီးနေတဲ့အသံတစ်သံက သူ့ဘေးကထွက်လာတယ်။

[တင်း သုံးသပ်မှု ပြီးမြောက်ပါပြီ၊ အဆင့်မြင့် အရင်းအမြစ်က အကြွင်းအကျန်၊ လက်ခံသူ ဒါက မျက်နှာပြင်ရဲ့ တခြားအစိတ်အပိုင်းတွေကနေ လာတာ၊ ဝိညာဉ်တွေအပါအဝင် ထိသမျှအရာအားလုံးကို လောင်ကျွမ်းစေနိုင်ပါတယ်]

"အဲမီးက အစွမ်းကြီးလိုက်တာ" ရှုယီက အံ့ဩတကြီးရေရွတ်လိုက်တယ်။ "တကယ်ကို သွေဖည်မီးလျှံပဲ"

[လက်ခံသူ ပမာဏနည်းနည်းလေးပဲ ရတာ နှမြောစရာပဲ။ မီးပွားဖြစ်အောင်တောင် မလုံလောက်ဘူး၊ မင်း ပိုစုဆောင်းရင် ကောင်းမှာ]

"ဒီမှာ ဒဏ်ရာရတဲ့လူတစ်ယောက်ထက် မကဘူး" ရှုယီက ပျော်မြူးစွာ ပြောတယ်။ "ငါတို့ လူတွေဆီကနေ လိုက်စုဆောင်းရုံပဲ"

[အဲလိုဆိုရင်တောင် မီးတောက်လေး ဖွဲ့စည်းဖို့လောက်ပဲရဦးမှာ ကျွန်တော်တို့ မီးအရင်းအမြစ်ကိုရှာပြီး ထိန်းချုပ်ဖို့လိုသေးတယ်]

"မစိုးရိမ်နဲ့၊ ငါတို့မှာ မီးတောက်လေး ရှိနေသရွေ့ သွေဖည်မီးလျှံက ငါ့ကို ထိခိုက်အောင် လုပ်နိုင်မှာမဟုတ်ဘူး၊ သူက ထွက်ပြေးနိုင်မှာမဟုတ်ဘူး" ရှုယီက စိတ်ပိုင်းဖြတ်ထားတဲ့အမူအရာနဲ့ ပြောတယ်။ "သူက ငါ့ဆရာကို ထိခိုက်အောင် လုပ်ခဲ့တာ၊ သူ တန်ကြေးပေးဆပ်ရမယ်၊ ပြီးတော့ သူက ခု အပြင်းအထန် ဒဏ်ရာရထားတာပဲ၊ သူ အရမ်းကြီးဝေးဝေးရောက်ဦးမယ်မထင်ဘူး၊ ပြီးတော့ ငါ့ကိုကူညီ‌ဖို့ ဆရာ့ရဲ့ ဓမ္မလက်နက်ရှိတယ်"

ကူယွဲ့ မျက်မှောင်ကြုတ်လိုက်တယ်။ သူက အဲမကောင်း‌‌ဆိုးဝါးကျင့်ကြံသူအတွက် ရောက်လာတာပဲ။ သူမ လေသံအရတော့ အရင်က အဲမိစ္ဆာလမ်းစဉ်ကျင့်ကြံသူကို မြင်ဖူးတဲ့ပုံ။

[ဒါပေမဲ့ ကျွန်တော်တို့ မြို့ထဲက ထွက်လို့မရဘူးလေ၊ ကျွန်တော်တို့ သူ့ကို ဘယ်လိုသွားရှာမလဲ]

"သူတို့တွေမှာ အချိန်ပို မရှိပါဘူး၊ တစ်နာရီခွဲက သူတို့အတွက် သွေဖည်မီးလျှံကို ရင်ဆိုင်ဖို့ မလုံလောက်ဘူး၊ ငါတို့မှာ အချိန်ရှိပါသေးတယ်၊

ဒီည ငါတို့ ခိုးထွက်ပြီး လူတစ်ယောက်စီရဲ့ ကိုယ်ထဲကနေ အကြွင်းအကျန်တွေ စုဝေးမယ်၊ နောက်တော့ ငါတို့ခိုးထွက်ပြီး သူ့ကိုရှာဖို့အခွင့်အရေးရပြီ"

ရှုယီက သူမအစီအစဉ်ပေါ် သိသိသာသာကို ယုံကြည်ချက်ရှိနေတယ်။ ဒါပေမဲ့ သူမဘေးထိုင်နေတဲ့ ရှုယွမ်ကတော့ အတော်လေး ဒုက္ခရောက်နေပုံ။ သူက ဒဏ်ရာရနေတဲ့တပည့်တွေရှေ့ စိုးရိမ်တကြီး ‌ခေါက်တုံ့ခေါက်ပြန် လျှောက်နေတယ်။ သူ သူတို့ကို ကူညီချင်တာအရမ်းဆိုပေမဲ့ ဘာမှလုပ်မရ။ သူ လုပ်နိုင်သမျှက ဘေးကတပည့်ဘက် လှည့်ပြီး ပြောလိုက်ရတယ်။ "သူတို့ ဆေးလုံးတွေ စားပြီးကြပြီလား"

"စားပြီးပါပြီ၊ ဒါပေမဲ့... အသေကောင်ဆေးလုံးက သူတို့ မူလဝိညာဉ်တွေ မီးတောက်မလောင်ခံရအောင်ပဲ ကာကွယ်ပေးနိုင်တာ၊ သူတို့ကိုကုသပေးဖို့ များများစားစား အလုပ်မဖြစ်ဘူး"

"အဲဒါကဘယ်လိုလုပ်..." ရှုယွမ်က ခုပိုပြီး စိတ်ပူပန်လာပြီ။

ကူယွဲ့ ဝမ်းမြောက်နေတဲ့ ရှုယီဘက်လှည့်ကာ သူမအပျော်ပျက်အောင် တစ်ခုခု မပြောဘဲမနေနိုင်တော့ဘူး။ သူ ရှေ့တက်ကာ ပြောလိုက်တယ်။ "ဆရာသခင်ယိချင်းကို တစ်ချက် လာကြည့်ခိုင်းလိုက်ရင်ရော" သူက အခု အုတ်မြစ်အခြေတည်အဆင့်ပဲရှိသေးတဲ့ ကျင့်ကြံသူတစ်ယောက်အဖြစ် နေနေတာ။ သေချာပေါက် ကူညီဖို့ ဘာမှမလုပ်နိုင်ဘူးပေါ့။ သူ တာဝန်ကို စားဖိုမှူးဆီ တွန်းပို့‌ရုံပဲရှိတော့တယ်။

ရှုယွမ်က သူ့ကိုစက္ကန့်ပိုင်းအူကြောင်ကြောင် စိုက်ကြည့်နေပြီးမှ။ နောက်ဆုံးတော့ ယိချင်းကို သတိရသွားတယ်။ သူ့အမူအရာက မာကြောလာတဲ့ပုံ။ "အမှန်ပဲ၊ ဆရာသခင်မှာ နည်းလမ်းရှိမှာပါ" သူက စိတ်အေးစွာ သက်ပြင်းချ‌လိုက်ပေမဲ့ စိုးရိမ်နေသေးတာ သိသာတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ပြောနေတာက သွေဖည်မီးလျှံလေ။

မိစ္ဆာကျင့်ကြံသူက တောအုပ်ထဲ လမ်းအစအနမရှိ ပျောက်သွားခဲ့တယ်။ စားဖိုမှူးက မကြာခင် ပြန်ရောက်လာတယ်။ သူ မြို့ထဲ ပြန်ရောက်တာနဲ့ချက်ချင်း စိတ်အားထက်သန်နေတဲ့ရှုယွမ်က သူ့ကို ဒဏ်ရာရနေတဲ့တပည့်တွေဆီ ပြန်ဆွဲခေါ်သွားတယ်။ "ဆရာဦးလေးယိချင်း၊ ကျေးဇူးပြုပြီး ကျွန်တော့်တပည့်တွေကို တစ်ချက်လာကြည့်ပေးပါ၊ သူတို့တွေ အကြာကြီး ဆက်မတောင့်ခံနိုင်တော့ဘူး"

ယိချင်းက တန့်သွားတယ်။ သူက ကူယွဲ့ကို အလိုလို လှည့်ကြည့်မိတော့ ကူယွဲ့က စကားနှစ်လုံး ပြောတယ်။ "မဟူရာမီး"

ယိချင်း ချက်ချင်း သဘောပေါက်သွားတယ်။ သူက အိမ်ထဲဝင်သွားပြီး အမည်းရောင်ထုတွေ ဖုံးနေတဲ့ လူဆယ်ယောက်ကျော်ရှိနေတာကို မြင်လိုက်ရတယ်။ ဒါက သူတို့ကိုယ်ထဲက တစ်စုံတစ်ခုက သူတို့ကို တိုက်ခိုက်နေတဲ့အတိုင်းပဲ။ သူတို့တွေက ပြင်းပြင်းထန်ထန် နာကျင်နေပုံ။

"ဆရာဦးလေးယိချင်း၊ သူတို့ကို တိုက်ခိုက်တာ သွေဖည်” ရှုယွမ် စရှင်းပြလိုက်တယ်။

ယိချင်း လက်ကောက်ဝတ်ကို လှည့်လိုက်ပြီး လက်တွေထဲ တောက်ပတဲ့မီးတောက်နီတစ်ခု ပေါ်လာစေလိုက်တယ်။ သူက အိမ်ထဲက လူတွေကို အဲဒါနဲ့ ဝိုင်းထားလိုက်တယ်။ တပည့်တစ်ယောက်စီရဲ့ ကိုယ်တွေစီမှာ ကျယ်လောင်တဲ့ ပေါက်ကွဲသံကြီးပေါ်လာပြီး အဖြူရောင်မီးတောက်တစ်ခု ပေါက်ကွဲသွားပုံပဲ။ နောက်‌တော့ မီးတောက်ဖြူက လွင့်ပျံ့သွားခဲ့တယ်။

ယိချင်း လက်သီး‌ဆုပ်ကာ အိမ်ထဲက မီးကို ငြှိမ်းလိုက်တယ်။ ဘယ်တုန်းကမှတောင် ပေါ်မလာခဲ့သလိုပဲ။ ‌အိမ်ထဲကလူတိုင်း ဘေးကင်းသွားပြီး ယိချင်းရဲ့ မီးကြောင့် ဆံချည်တစ်မျှင်တောင် မလောင်ကျွမ်းသွားဘူး။ တစ်ခုတည်းသောကွာခြားချက်က သူတို့မျက်နှာတွေ နီရဲနေတာ။

ရှုယွမ်က တပည့်တွေရဲ့ နှလုံးခုန်သံတွေကို စမ်းဖို့ ရှေ့တိုးလာတော့ ခန္ဓာကိုယ်ထဲက သွေဖည်မီးတောက်က လုံးဝပျောက်ကွယ်သွားတာကို တွေ့လိုက်ရတယ်။ "ဆရာ... ဆရာဦးလေး" ရှုယွမ်က မှင်တက်သွားတယ်။ အဲဒီမီးက ဘာလဲ။ ရေခဲနက်မီးကို ဘယ်လိုငြိမ်းသတ်နိုင်မှာလဲ။

"ဆရာဦးလေး ခင်ဗျားမှာ ကိုယ်ပိုင်သွေဖည်မီးလျှံ ရှိတာလား"

ယိချင်းက နှုတ်ခမ်းကိုသပ်ကာ ခပ်ဆတ်ဆတ် ခေါင်းညိတ်လိုက်တယ်။ "အင်း" ဘာသွေဖည်မီးလျှံလဲ။ သူ့ဟာက ဇာမဏီစစ်မီးတောက်ပဲ။

"ကောင်းလိုက်တာ အကူအညီအတွက် ကျေးဇူးပါ ဆရာဦးလေး" ရှုယွမ်က အတော်လေး စိတ်အေးလက်အေး သက်ပြင်းချလိုက်တယ်။ သူ စိတ်သက်သာရာရသွားတယ်။ သူ့တပည့်တွေ အခု မျှော်လင့်ချက် ရှိလာရုံကြောင့်တင်မကဘဲ ဆရာဦးလေးယိချင်းရဲ့ သွေဖည်မီးလျှံက မိစ္ဆာလမ်းစဉ်ကျင့်ကြံသူ ကျုံးရိဆီက ကြောက်ခမန်းလိလိ ရေခဲနက်မီးတောက်ကို နှိမ်နင်းနိုင်ခဲ့တာကြောင့်ပါ စိတ်သက်သာရာရသွားခဲ့တယ်။ ဆိုလိုတာ သူတို့ကွေ့ယီဂိုဏ်းက အခု‌ တခြားဂိုဏ်းတွေ မျက်မှောင်ကြုတ်မှာကို စိုးရိမ်စရာမလိုတော့ဘူး။

လူတိုင်း သိသိသာသာ စိတ်အေးသွားတယ်။ ဒါပေမဲ့ ရှုယီရဲ့ အမူအရာက မည်းနက်သွားတဲ့ပုံ။

"ဘယ်လိုဖြစ်တာလဲ၊ သူက သွေဖည်မီးလျှံကို ဘယ်လိုလုပ် ရင်ဆိုင်နိုင်တာတုံး"

[အဲလူရဲ့ကိုယ်ထဲက အပူက လုံးဝကို ပျောက်သွားလုနီးပါးဖြစ်နေပြီ၊ ဖြစ်နိုင်တာ တပည့်တွေကိုယ်ထဲက အဲမီးတောက်တွေက ပိုပြီး အားကောင်းတဲ့မီးအရင်းအမြစ်နဲ့ကြုံခဲ့လို့ ဖြစ်နိုင်တယ်]

"ပိုပြီးအားကောင်းတဲ့ အရင်းအမြစ် နင်ပြောချင်တာ သူ့သွေဖည်မီးလျှံက ပိုအားကောင်းတယ်ပေါ့" သူမ မီးတောက်အကြွင်းအကျန်လေးတွေ စုတောင်မစုဆောင်းနိုင်ခင် သူက အားလုံးကို ချက်ချင်း ငြှိမ်းပစ်လိုက်တယ်။

[အဲလိုပြောနိုင်ပါတယ်]

ရှုယီမျက်နှာ စိမ်းသွားတယ်။ သူ့ရှေ့တင် အခွင့်အရေးက ပျောက်သွားပြီ။ ဒါပေမဲ့ သူလုပ်နိုင်တာ ဘာမှမရှိ။

"ဆရာဦးလေး မြို့ပြင်မှာ ကျုံးရိကို ခြေရာခံမိခဲ့နိုင်သေးလား" ရှုယွမ်က လောလောဆယ် အရေးကြီးကိစ္စကို ပြန်သတိရသွားတယ်။

"မတွေ့ဘူး" ယိချင်းက ခေါင်းယမ်းတယ်။ "သူက အဲတောအုပ်ထဲ မရှိတော့ဘူး" ချန်ခဲ့သမျှက သွေဖည်မီးလျှံအချို့ပဲ။

"အဲမိစ္ဆာကျင့်ကြံသူက ဘာနောက်လိုက်နေလဲ ငါမသိဘူး" သူက ကွေ့ယီဂိုဏ်းနား ရုတ်တရက် လှည့်လာပြီး နတ်ဝိညာဉ်အကြီးအကဲတစ်ဦးကိုတောင် သတ်ပစ်ခဲ့တယ်။ အခုကျတော့ သူ အရိပ်အယောင်တောင် မရှိတော့ဘူး။

ရှုယွမ် မျက်မှောင်ကြုတ်ပြီး စိတ်ပူလာပြန်တယ်။ တပည့်တွေရဲ့ ကုသခြင်းလုပ်ငန်းစဉ်ကို အရှိန်မြှင့်ဖို့ကလွဲ တခြားရွေးချယ်စရာတော့ဘူး။ သူတို့ ကွေ့ယီဂိုဏ်းဆီ အမြန်ဆုံးပြန်သွားမှဖြစ်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် အုတ်မြစ်အခြေတည်နဲ့ ရွှေအမြုတေကျင့်ကြံသူတပည့်တွေပဲ ကျန်ခဲ့တာ။ တစ်ခုခုဖြစ်ရင် သူတို့ ခံတပ်ကို သေချာပေါက် ထိန်းထားနိုင်မှာ မဟုတ်ဘူး။

…

အခန်း ၆၆၃ ။ မွေးရာပါရန်သူ

ညဘက်။

ကူယွဲ့ ဆရာတပည့်နှစ်ယောက်ကို နေ့ခင်းက စနစ်ဆီက ကြားခဲ့သမျှအရာအားလုံးကို ပြန်ပြောပြလိုက်တယ်။

"မဟူရာမီးတောက်ကို အသုံးပြုနိုင်တဲ့ မိစ္ဆာလမ်းစဉ်ကျင့်ကြံသူ... သူက ထျန်းကျီကို သိတယ်လား"

ယိချင်းက တန့်သွားတယ်။

"အဲထက်ပိုဆိုးသွားမှာကို စိုးမိတယ်" ကူယွဲ့ ခေါင်းယမ်းပြီး ဆက်ပြောလိုက်တယ်။

"ကျူးကျော်သူ ပြောတဲ့ပုံအရတော့ သူတို့က အချင်းချင်း ရင်ဆိုင်ကြပြီးပြီထင်တယ်၊ ထျန်းကျီကလည်း အတော်လေး ဒဏ်ရာရထားပုံပေါ်တယ်၊ ငါတို့အရင်က မြင်ခဲ့ရတဲ့ သူ့ကိုယ်ထဲက နတ်ဆိုးချီအရတော့ မိစ္ဆာလမ်းစဉ်ကျင့်ကြံသူနဲ့ ဒီဆက်သွယ်မှုကို မဖြတ်တောက်နိုင်လောက်ဘူးထင်တယ်"

"ဒီတော့ ထျန်းကျီကို လက်စားချေဖို့ သူက ဒီတစ်ခေါက် ရောက်လာတာလား" စားဖိုမှူး မျက်မှောင်ကြုတ်လိုက်တယ်။ "တကယ်လို့ ဒီလိုသာဆိုရင် သူက ဘာလို့ ကွေ့ယီဂိုဏ်းဆီ ဒီတိုင်း မလာတာဘဲ၊ သူက ဒီမြို့လေးထဲ အကြာကြီးနေပြီး နတ်သူငယ်အကြီးအကဲကိုတောင် သတ်ခဲ့ရတာလဲ" သူက ကလဲ့စားချေမှုနဲ့အတူ အာရုံစိုက်မှုတွေ အများကြီးရလာမှာကို မကြောက်ဘူးလား။ ဒါမှမဟုတ် ဒီမကောင်းဆိုးဝါးကျင့်ကြံသူက တကယ်ပဲ လောကထဲက ဘယ်သူမှ သူ့ပြိုင်ဘက် မဟုတ်ဘူးလို့ တွေးနေတာလား။

"သူက လက်စားချေဖို့ ဒီကိုရောက်လာတာ မဟုတ်ရင်ရော" ရှန်းရင်က မေးတယ်။

နှစ်ယောက်သား သူ့ကို အူကြောင်ကြောင် စိုက်ကြည့်လိုက်တယ်။ သူမက ဘာ‌ဆိုလိုတာလဲ။

"တကယ်လို့ လက်စားချေဖို့အတွက် ဒီနေရာဆီ ရောက်နေတာ မဟုတ်ရင် သူက ဒီနေရာကို ဘာအတွက်လဲ" ကူယွဲ့ မေးလိုက်တယ်။ "သူက ကွေ့ယီဂိုဏ်းရဲ့ အမတမြို့ထိ လာခဲ့တာ၊ သူက ထွက်ပြေးနေတာ ဖြစ်နိုင်..."

သူက ပြောနေရင်း တန့်သွားပြီး ရုတ်တရက် မှင်တက်ကာ မျက်လုံးတွေ ပြူးကျယ်သွားခဲ့တယ်။

"သူက ပြဿနာရှာဖို့ ကွေ့ယီဂိုဏ်းဆီ လာတာမဟုတ်ဘဲ ဂိုဏ်းကနေ ထွက်ပြေးဖို့ ကြိုးစား‌နေတာလို့ ဆိုလို့တာလား"

"အင်း" ရှန်းရင်က အသီးကိုနောက်တစ်ကိုက်ကိုက်လိုက်တယ်။

"ဒါက မသိသာဘူးလား"

"ဟိုလီရှစ်" အဲဒါက ဘယ်လိုလုပ် သိသာမှာလဲ။

နောက်တစ်ခေါက်တွေးကြည့်တော့ ဒါက သူ စနစ်ဆီကြားခဲ့ရတဲ့ပုံအရဆို ဖြစ်နိုင်တယ်ဆိုတာ နားလည်လိုက်ရတယ်။ ရှုယီက မဟူရာမီးတောက် တည်ရှိခဲ့တဲ့အစကို သိပုံပဲ။ ပြီးတော့ သူမက သူမကိုယ်ပိုင် အသုံးချဖို့အတွက် မီးတောက်တွေကို စုဆောင်းချင်ခဲ့တာ။ ထျန်းကျီက သူမကို အဲမိစ္ဆာလမ်းစဉ်ကျင့်ကြံသူနဲ့ ရင်ဆိုင်ဖို့ ဓမ္မလက်နက်တစ်ခုတောင် သီးသန့်ပေးလိုက်သေးတယ်။ သူတို့က အသင့်ကို ဖြစ်နေတာ။ သူတို့က ဒီမိစ္ဆာလမ်းစဉ်ကျင့်ကြံသူကို အတော်လေး သိကျွမ်းနေတယ်ဆိုတဲ့ အချက်ကလွဲပြီး တခြားဘာအကြောင်းရင်း ရှိနိုင်လို့လဲ။ သူက ဒါ ထျန်းကျီ တစ်ဖက်လူနဲ့ အရင်က ရင်‌ဆိုင်ဖူးတာကြောင့်လို့ နဂိုတုန်းက ထင်ခဲ့တာ။ ဒါပေမဲ့ အခုတော့ အဲလိုဟုတ်ပုံမပေါ်ဘူး။ ရှုယီက အရမ်းကို ယုံကြည်ချက်ရှိနေတာ။ သူမက မိစ္ဆာလမ်းစဉ်ကျင့်ကြံသူကို ခြိမ်းခြောက်စရာအဖြစ် မသတ်မှတ်တာ သိသာတယ်။

ရွှေအမြုတေကျင့်ကြံသူက အနည်းဆုံး နတ်ဝိညာဉ်အဆင့်ရှိတဲ့ မိစ္ဆာလမ်းစဉ်ကျင့်ကြံသူနဲ့ ပတ်သက်ပြီး စိတ်ထဲတောင် မထည့်ဘူး။ ဒါက တစ်ဖက်လူဟာ သူမကို ရန်မပြုနိုင်ဘူးလို့ လုံးဝ ယုံကြည်ချက် ရှိနေတာကို သက်သေပြနေတယ်။ ဖြစ်နိုင်တာက ဒါ သူမဆီမှာ စနစ်ရှိတာကြောင့်ပဲတော့ မဟုတ်လောက်ဘူး။ တခြားနည်းနဲ့ပြောရရင် အကြီးမားဆုံးဖြစ်နိုင်ချေက တစ်ဖက်လူဟာ ကြီးကြီးမားမား ဒဏ်ရာရထားတာပဲ။ ဒီဒဏ်ရာက သိသာသာကို ထျန်းကျီကြောင့် ဖြစ်ခဲ့တာပဲ။ ဒါပေမဲ့ သူတို့သုံးယောက် ကွေ့ယီဂိုဏ်း‌မှာ အချိန်အတော်ကြာရှိနေခဲ့တာတောင် မိစ္ဆာလမ်းစဉ်ကျင့်ကြံသူတစ်ယောက်ကို ဂိုဏ်းကို ကျူးကျော်တာကို တစ်ခါမှ အာရုံမခံမိဖူးဘူး။ သူတို့ ရန်ပွဲကို အာရုံခံမိဖို့ဆို ပိုတောင်ဝေးသေး။ ဒါက နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်နဲ့ နတ်ဝိညာဉ်ကျင့်ကြံသူကြားကတိုက်ပွဲက အဲလောက် တိတ်ဆိတ်တယ်ဆိုတာ မဖြစ်နိုင်ဘူး။

ထျန်းကျီကလည်း ကွေ့ယီဂိုဏ်းကနေ မထွက်တာ အတော်ကြာပြီ။ သူတို့ ဘယ်နေရာမှာ အတိအကျ တိုက်ခိုက်ခဲ့တာလဲ။

တကယ်လို့ လောလောလတ်လတ် မဟုတ်ရင် ဒါက သူတို့ကွေ့ယီဂိုဏ်းထဲ မဝင်ခင် ဖြစ်ခဲ့တယ်လို့ဆိုလိုတာပဲ။ အဲဒါ စိတ်ဝင်စားစရာပဲ။ သူတို့ ခု ကွေ့ယီဂိုဏ်းမှာရှိနေခဲ့တာ ခုဆို နှစ်တော်တော်ကြာနေပြီ။ ကျုံးရိက အချိန် ဒီလောက်ကုန်ဆုံးသွားတာတောင် ဘာလို့ မသက်သာလာရတာလဲ။ ပြီးတော့ ရွှေအမြုတေကျင့်ကြံသူတစ်ယောက်တောင် သူ့ကိုမကြောက်လောက်ရတဲ့အထိ ဘာကြောင့် အဲလောက် အားနည်းနေသေးတာလဲ။ အဲဒါ မဖြစ်နိုင်ဘူး။ ဒါပေမဲ့... ဒီက တစ်ယောက်ယောက်က သူ့ကိုစောင့်ကြည့်နေပြီး မသက်သာလာတောင် သေချာအောင် လုပ်ခဲ့ရင်တော့

ထျန်းကျီကလွဲလို့ တခြားလူ မရှိနိုင်ဘူး

တခြားနည်းနဲ့ပြောရရင် ကျုံးရိက ကွေ့ယီဂိုဏ်းထဲ အစတည်းက ရှိနေခဲ့တာ။ သူ ယွမ်ယန်မြို့မှာ ပေါ်လာချိန် ပြဿနာရှာဖို့ ကွေ့ယီထဲ ဝင်မယ်ကြိုးစားနေတာမဟုတ်။ သူက ကွေ့ယီဂိုဏ်းက ထွက်ပြေးနေတာပဲ။

"ဘာလို့ ထျန်းကျီက အကြောင်းရင်းမရှိ ဂိုဏ်းထဲ မိစ္ဆာလမ်းစဉ်ကျင့်ကြံသူကို သိမ်းထားတာလဲ" ကူယွဲ့ ဒါကိုနားမလည်နိုင်ဘူး။ "မိစ္ဆာလမ်းစဉ်ကျင့်ကြံသူတွေနဲ့ တောက်ကျင့်ကြံသူတွေက လုံးဝ မပတ်သက်ကြဘူး၊ ပြီးတော့ သူကနတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ၊ နတ်ဝိညာဉ်ကျင့်ကြံသူတစ်ယောက်က သူ့ကိုအကျိုးဘယ်လိုဖြစ်..." သူ နောက်တစ်ကြိမ် ပြောနေရင်း တန့်သွားပြန်ကာ မျက်လုံးပြူးကုန်တယ်။

"မဟူရာမီးတောက်ပဲ" သူ ထျန်းကျီက ဆေးလုံးကျင့်ကြံသူဆိုတာ မေ့လုနီးပါး ဖြစ်နေတာ။ သေချာပေါက် မဟူရာမီးတောက်က သူ့အတွက် အသုံးဝင်မှာပေါ့။

ယွီလွမ်နဲ့ထျန်းယီက ဒီနတ်ဝိညာဉ်ဖွဲ့စည်းခြင်းဆရာဦးလေး ဂိုဏ်းမှာဖြစ်သမျှကို အဖတ်မလုပ်လို့ အမြဲမကောင်းပြောကြတာ အံ့ဩစရာ မရှိတော့ဘူး။ သူ တပည့်တွေလက်မခံတာက ကိစ္စတစ်ခု။ ဒါပေမဲ့ သူက ဂိုဏ်းထဲက ဆေးလုံးတွေသန့်စင်ဖို့ပါ မကူညီခဲ့တာ။ ထျန်းယီပဲ ဒီဆေးလုံးတွေကိုသန့်စင်ဖို့ ကြိုးကြိုးစားစားလုပ်ခဲ့ရတာ။

အခုသေချာစဉ်းစားကြည့်တော့ ထျန်းကျီက ဆေးလုံးတွေ မသန့်စင်ချင်တာ မဟုတ်လောက်ဘူးလို့ ကူယွဲ့ခန့်မှန်းလိုက်တယ်။ သူက မိစ္ဆာလမ်းစဉ်ကျင့်ကြံသူကိုယ်ထဲက မဟူရာမီးတောက်ကို သန့်စင်တာ မပြီးသေးတာပဲ။ အဲဒါကြောင့် မိစ္ဆာလမ်းစဉ်ကျင့်ကြံသူကို သတ်ဖို့ မပြောနဲ့ ဆေးလုံးတွေ သန့်စင်ဖို့ပါ သူ့အတွက် မဖြစ်နိုင်တာ။ ဖြစ်နိုင်တာ သူက ဒီအကြောင်းရင်းကြောင့်လည်း တပည့်လက်မခံတာ။ မိစ္ဆာလမ်းစဉ်ကျင့်ကြံသူကို ရှာတွေ့သွားကြမှာ မလိုချင်ဘူး။

ဒါပေမဲ့ အ‌‌ဆုံးမှာတော့ ကျရှုံးခဲ့သေးတယ်။ လူက လွတ်မြောက်သွားပြီး သူလည်း နတ်ဆိုးဖြစ်ဖို့ အရမ်းနီးကပ်သွားခဲ့တယ်။

ကူယွဲ့ စဉ်းစားလေ ပိုသနားလာလေပဲ။ အဲကျူးကျော်သူက တကယ်ကို သူမနဲ့ဆင်တဲ့ နောက်ခံကို ရှာတွေ့ခဲ့တာပဲ။ သူမလို ကံမကောင်းတာမျိုး။

"ကျူးကျော်သူ ထွက်လာပြီ" ယိချင်းက ရုတ်တရက် ဆိုတယ်။

ကူယွဲ့ သူ့ကိုမျက်နှာသေနဲ့ စိုက်ကြည့်လိုက်တယ်။

"သူ့နောက်ကိုလိုက်ကြစို့"

သုံးယောက်သား အိမ်ထဲကနေ ဖြတ်ခနဲ ပျောက်သွားခဲ့တယ်။ သူတို့ ရှုယီအရှိန်အဝါနောက် လိုက်မို့ရှိသေး ကြားဖြတ်ခံလိုက်ရတာကို သိလိုက်ရတယ်။ သုံးယောက်သား ရုတ်တရက် လမ်းကြောင်း ပျောက်နေခဲ့တယ်။

ကူယွဲ့ အမူအရာ မည်းမှောင်သွားတယ်။ ဒါက စနစ်လုပ်ရပ်ဆိုတာ သိသာတယ်။ သူတို့ ခု သူ့ကို ဘယ်လိုရှာကြတော့မလဲ။ သူ သူတို့လူခွဲရှာသင့်တယ် တွေးနေတုန်းရှိသေး ရုတ်တရက် အမတမြို့တိတ်ဆိတ်မှုကို ဖြိုခွဲတဲ့ ကျယ်လောင်တဲ့ကြေညာသံကြီး ပေါ်လာတယ်။ သူတို့သုံးယောက် အသံလာရာဘက် လှည့်လိုက်တယ်။

[လက်ခံသူ၊ ကျွန်တော် မင်းရဲ့အရှိန်အဝါကို ဖယ်ရှားဖို့ ကူညီပေးပါပြီ၊ ခုဘယ်သူမှ မင်းကိုရှာနိုင်တော့မှာ မဟုတ်ဘူး]

နောက်ဆုံးတော့ သူမကို ရှာတွေ့သွားတဲ့ သုံးယောက် ။ ။ "..."

သူတို့အတွက် အလုပ်အဲလောက်လွယ်အောင် လုပ်ပေးတဲ့ကျူးကျော်သူ တစ်ခါမှမတွေ့ဖူးဘူး။

(⊙ o ⊙)

သုံးယောက်သား အသံလာရာဘက် ပျံသန်းခဲ့တယ်။ အမှန်ပဲ မြို့ထဲက ထွက်တော့မဲ့ ရှုယီကို တွေ့လိုက်ရတယ်။ ထူးဆန်းတာက သူမက သွေဖည်မီးလျှံ စပေါ်လာတဲ့ တောအုပ်အရှေ့ဘက်ခြမ်းကို ဦးတည်နေတာမဟုတ်။ အဲအစား ဆန့်ကျင်ဘက်မြို့ဆီ ဦးတည်နေတာ။

သူမက လက်ထဲ တစ်စုံတစ်ခု ကိုင်ထားတယ်။ ရံဖန်ရံခါ သူမလက်ထဲက အရာက နီရဲလာတယ်။ ကြည့်ရတာ လမ်းပြပေးတဲ့ဓမ္မလက်နက်ဖြစ်ပုံပဲ။ ခဏနေတော့ သူမက မည်းမှောင်တိတ်ဆိတ်တဲ့ ကွင်းရှေ့ ရပ်လိုက်တယ်။ ပတ်ပတ်လည်မှာတော့ မြေကြီးထဲ အဖုအထစ်တွေ ရှိနေတယ်။

ဒါ သင်္ချိုင်းပဲ။

"ဒါပဲ၊ ၀၀၁ နေရာကိုစစ်ကြည့်လိုက်"

[လက်ခံသူ၊ ကျွန်တော် သက်ရှိကို မတွေ့ပါဘူး၊ ဒါက စွန့်ပစ်ထားတဲ့နေရာဖြစ်နိုင်ပါတယ်]

"ဆရာက ကျုံးရိဆိုတဲ့ နတ်ဆိုးက အင်းကွက်အစီအရင်တွေမှာ တော်တယ်လို့ ပြောတယ်၊ သူ ပုန်းနေတာလို့ ထင်တာပဲ" သူမက သင်္ချိုင်းတစ်ခုလုံးကို စစ်ဆေးကြည့်လိုက်တယ်။ "သူက ပုန်းတဲ့နေရာမှာ တကယ်တော်တာပဲ၊ တကယ်လို့ ဆရာရဲ့သေချာတဲ့ပြင်ဆင်မှုကြောင့်သာ မဟုတ်ရင် သူ့ကို အာရုံခံဖို့ သေချာပြင်ထားမိမှာမဟုတ်သလို ဒီလောက်မြန်မြန် ရှာတွေ့မှာမဟုတ်ဘူး"

သူမက ခြောက်ကပ်ကပ်ရယ်ကာ သင်္ချိုင်းထဲ ဝင်လာတယ်။ တမင်တကာ ခပ်ဖွဖွလျှောက်ပြီး သူမလက်ထဲက ဓမ္မအဆောင်ညွှန်ပြနေတဲ့ဘက်ကို ကြည့်နေတယ်။

လေထဲပျံနေတဲ့ သုံးယောက်သား အဓိပ္ပာယ်ပါပါ အကြည့်ချင်း ဖလှယ်လိုက်တယ်။ ရုတ်တရက် သူတို့နားလည်လိုက်ရတာ သင်္ချိုင်းရဲ့ ညာဘက်ခြမ်း ချုံပုတ်တွေကြား တစ်နေရာရာမှာ မိစ္ဆာလမ်းစဉ်ကျင့်ကြံသူတွေရဲ့ မကောင်းဆိုးဝါးအရှိန်အဝါ ရှိနေတာကိုပဲ။ သူတို့တွေ ဂူတစ်ခုဘေးမှာ ဘောလုံးလို လုံးနေတဲ့ ပုံရိပ်တစ်ခုကို ဝိုးတဝါးမြင်နေရတယ်။ သင်္ချိုင်းမို့ နေရာအနှံ့မှာ သေမင်းချီတွေအပြည့်။ သူ့မကောင်းဆိုးဝါးအရှိန်အဝါကို ပတ်ဝန်းကျင်ထဲက သေမင်းချီတွေနဲ့ ခွဲရတာ ခက်တယ်။ ‌ဒါပေမဲ့ သူ သူတို့မျက်လုံးအောက်က မလွတ်နိုင်ပါဘူး။

အမှန်ပဲ တစ်ခဏနေတော့ ရှုယီကလည်း သူတို့ညာဘက်ခြမ်းမှာ ပေါ်လာတယ်။ သူမက ဟိုဟိုဒီဒီကြည့်ကာ ညွှတ်ကိုင်းနေတဲ့ချုံပုတ်တစ်နေရာမှာ ရပ်လိုက်တယ်။

ကူယွဲ့ တုံ့ဆိုင်းနေပြီး ဘာလုပ်သင့်လဲ မဆုံးဖြတ်နိုင်။ ရှုယီ ဝမ်းသာသွားတယ်။ စိတ်လှုပ်ရှားမှုက သူမမျက်နှာပြင်ပေါ် ဖြတ်ပြေးသွားတယ်။ သူမက ဓမ္မလက်နက်ကို ထုတ်ပြီး ကျိန်စာတစ်ခု ရွတ်ဖို့ တွန့်ဆုတ်မနေ။ လက်နက်ကို အသက်သွင်းပြီး ပစ်ဖို့ပြင်လိုက်တယ်။ မကြာခင် သွေဖည်မီးလျှံက သူမဟာ ဖြစ်တော့မယ်...။

"ဆရာတူအစ်မရှု" ပုံရိပ်တစ်ခုက ရုတ်တရက် သူမဘေးက ပြေးထွက်လာပြီး သူမလက်မောင်းကို လှမ်းဆွဲတယ်။ သူမ လက်နက်ကို ကိုင်ထားတာ လွတ်သွားပြီး ‌ခြေထောက်ပေါ် ပြုတ်ကျသွားပါလေရော။

"အိုး" ရှုယီ နာကျင်မှုကြောင့် ထအော်လိုက်တယ်။ သူမ ခြေထောက်ကို မပြီး ခုန်ပေါက်နေပြီးမှ နောက်ဆုံးတော့ ရှေ့ကလူပေါ် အကြည့်ရောက်သွားတယ်။ "ကျိုး... ကျိုးရှုမင်"

Σ(°△°|||)

"ဆရာတူအစ်မရှု ဒီမှာဘာလုပ်နေတာလဲ" ကျိုးရှုမင်က သူမကို ‌ဇဝေဇဝါ စိုးရိမ်မှုနဲ့ကြည့်လိုက်တယ်။

"နောက်ကျနေပြီ။ အန္တရာယ်အရမ်းများတယ်"

"နင်... နင်ဒီမှာ ဘာလုပ်နေတာလဲ" ရှုယီက ထိတ်လန့်တောင့်တင်းသွားတယ်။

"ကျွန်တော် နောက်ကနေ ဒီထိလိုက်ခဲ့တာ" သူက ချက်ကျလက်ကျအမူအရာပုံစံနဲ့ ပြောတယ်။ "ဒီည ညကင်းကျလို့ မြို့နောက်ဘက်တံခါးမှာ စောင့်ကြပ်နေတာ၊ ခင်ဗျား တံခါးအပြင်ထွက်သွားတာမြင်ရလို့ ဒီထိလိုက်ခဲ့တာ၊ အာ ဆရာတူအစ်မရှုယီ ဘာဖြစ်နေတာလဒ၊ ဘာလို့ ခုန်ဆွခုန်ဆွဖြစ်နေတာတုံး၊ အဆင်ပြေရဲ့လား၊ ဆရာတူအစ်မရှု... ကျွန်တော့်ကိုမခြောက်ပါနဲ့"

ရှုယီ ။ ။ "..."

ရှန်းရင် ။ ။ "..."

ကူယွဲ့ ။ ။ "..."

ယိချင်း ။ ။ "..."

ဒီကောင်က ဒီနေရာကို ဘယ်လိုရောက်လာတာလဲ။ ဒီကျိုးရှုမင်က တကယ်ကို ရှုယီကို ကန့်လန့်တိုက်ဖို့ မွေးဖွားလာတာပဲ မဟုတ်လား။

All Chapters