အခန်း (၆၇၀-၆၇၂)
Vol. 45 Ch. 670-672
အခန်း ၆၇၀ ။ နတ်ဆိုးချီ ပေါက်ကွဲ
တစ်ဖက်ခြမ်းမှာတော့ ရှုယွမ်က ရုတ်တရက် အတွေးတစ်ခုပေါ်လာပြီး အမူအရာပြောင်းသွားကာ အထိတ်တလန့် ရေရွတ်လိုက်တယ်။ "ဆရာတူညီလေးယင်း" အဲလိုပြောပြီး သူက မျောလွင့်တောင်ထွတ်ရဲ့ ကျန်နေတဲ့တစ်ဝက်က အနောက်ဘက်ခြမ်းဆီ တစ်ဟုန်ထိုးသွားခဲ့တယ်။
တခြားသူတွေက အကြည့်ချင်းဖလှယ်ကာ ချက်ချင်းလိုက်လာခဲ့တယ်။ မျောလွင့်တောင်ထွတ်ကို ပတ်သွားကြည့်တော့ အနောက်တောင်တစ်ခြမ်းလုံးက ပျက်စီးနေပြီး ဝိညာဉ်ဆေးပင်တွေ နဂိုကပြည့်နေခဲ့တဲ့ ဝိညာဉ်ကွင်းတွေဟာ ခုတော့ မီးသွေးလို မည်းနက်တူးနေတဲ့ ကွင်းတွေ ဖြစ်သွားခဲ့တယ်။ မျောလွင့်တောင်ထွတ် ပြတ်တောက်သွားတဲ့နေရာမှာ အပေါက်ကြီးတစ်ခု၊ နတ်ဝိညာဉ်ကျင့်ကြံသူတစ်ယောက်ရဲ့ အကြွင်းအကျန်တွေနဲ့ မည်းနက်အေးစက်တဲ့ ချီနက်တစ်စ လေထဲ ကျန်နေခဲ့သေးတယ်။
ယိချင်းရဲ့ မျက်ခုံးတွေ တင်းမာသွားတယ်။ ဒီချီနက်က...။
"တကယ်ဆရာတူညီလေးယင်းပဲ" ပူဆွေးမှုအရိပ်အယောင်က သူ့မျက်နှာပေါ် ဖြတ်ပြေးသွားပြီး ဒေါသက ချက်ချင်း နေရာဝင်ယူလာတယ်။ "ဘယ်သူက ငါ့ဂိုဏ်းရဲ့ နတ်ဝိညာဉ်အကြီးအကဲပေါ် လက်ပါရဲပြီး သူ့နတ်ဝိညာဉ်ကိုသူ ကိုယ်တိုင်ဖျက်ဆီးရတဲ့ထိ တွန်းအားပေးခဲ့တာတုံး"
ယွီလွမ်ရဲ့ အမူအရာလည်း ပြောင်းလဲသွားပြီး နောက်ကတပည့်ကို အမြန် လှည့်အမိန့်ပေးလိုက်တယ်။
"သွား တောင်ထွတ်တိုင်းရဲ့ တံခါးတွေကို စောင့်ကြပ်နေတဲ့ တပည့်တွေဆီ တံခါးတွေကို သော့ခတ်ပြီး သေချာစောင့်ကြပ်ဖို့ အသိပေးလိုက်၊ ဘယ်သူမှ ဝင်ထွက်ခွင့်မရှိဘူး"
"ဟုတ်ကဲ့" တပည့်က ချက်ချင်း သူ့အမိန့်တွေကို ဝေမျှဖို့ လှည့်ထွက်သွားတယ်။
ယွီလွမ်လည်း ဒေါသနဲ့ပွက်ပွက်ဆူနေတယ်။ သယ နတ်ဝိညာဥ်အကြီးအကဲတစ်ယောက်ကို အဲလိုမျိုးနဲ့ ဆုံးရှုံးလိုက်ရမယ်မထင်ခဲ့ဘူး။ ပြီးတော့ ဂိုဏ်းပြိုင်ပွဲ အရေးကြီးတဲ့နေ့မှ ဖြစ်ရတယ်။ ဒီလို သူ့နတ်ဝိညာဉ်ကိုသူ ကိုယ်တိုင်ဖျက်ဆီးတဲ့ ကြောက်ခမန်းလိလိ အပြုအမူတစ်ခုကိုသုံးပြီး အသံတိတ် လုပ်သွားခဲ့တာ။ သော့ချက်က သူတို့ဘာ်သူမှ သတိမထားမိခဲ့တာပဲ။ ဒါက အကြီးအကဲယင်းဟာ အကူအညီလှမ်းတောင်းဖို့တောင် အခွင့်အရေးမရလိုက်ဘူးဆိုတာကို သက်သေပြနေတယ်။
သူ မည်းနက်တူးချစ်နေတဲ့ တောင်နောက်ကို အသေးစိတ် ကြည့်လိုက်ပြီး အကြည့်တွေက မပျောက်ကွယ်သေးတဲ့ ချီနက်တွေပေါ် ရောက်သွားတယ်။ "ဒါက ဒိဋ္ဌိအရှိန်အဝါပဲ မိစ္ဆာလမ်းစဉ်ကျင့်ကြံသူတစ်ယောက်ယောက် ဂိုဏ်းထဲကျူးကျော်ဝင်ရောက်လာတာများလား"
သူ့မျက်လုံးတွေက မှေးသွားပြီး အာရုံခံဖို့ အောက်ဘက်ဆီ ပျံသွားမယ်ရှိသေး ယိချင်းက ပြန်ဆွဲထားလိုက်တယ်။ "ခဏနေဦး"
"ဆရာဦးလေးယိချင်း"
"ဒါ ဒိဋ္ဌိအရှိန်အဝါ မဟုတ်ဘူး..." ယိချင်းက ချီနက်တိမ်ထုတွေကိုတစ်ချက်ကြည့်ကာ အသံဩရှရှ ဆိုလေတယ်။ "ဒါ နတ်ဆိုးချီပဲ"
"ဘာ" ယွီလွမ်ရော အကြီးအကဲတွေပါ ထိတ်လန့်ကုန်ပြီး လူတိုင်းမယုံကြည်နိုင်တဲ့ အကြည့်တွေနဲ့။ "နတ်ဆိုးချီ ဆရာဦးလေး ပြောနေတာ ဒီချီနက်က..."
"နတ်ဆိုးမျိုးနွယ်ရဲ့ နတ်ဆိုးချီ" ယိချင်းက အတည်ပြုလိုက်တယ်။
လူတိုင်း ဖြူဖျော့သွားကာ ချီနက်တွေဝိုင်းနေတဲ့နေရာဆီ သေချာကြည့်လိုက်တော့မှ အနောက်တောင်ရဲ့ မည်းနက်နေတဲ့မြေပြင်ကြား ညှိုးနွမ်းပြီး ပုတ်သိုးနေတဲ့ ဆေးပင်တွေကို မသဲမကွဲမြင်လိုက်ရတာပဲ။ ဒါက အကြီးအကဲယင်းရဲ့ နတ်ဝိညာဉ် ကိုယ့်ဘာသာ ဖျက်ဆီးတာကြောင့်မဟုတ်ဘဲ ချီနက်ရဲ့ လွှမ်းမိုးမှုကြောင့်ဆိုတာ သိသာတယ်"
"အပင်တွေကို ချက်ချင်း ညှိုးနွမ်းစေတာ၊ သက်ရှိတွေအားလုံးကို ဖျက်ဆီးတာ၊ ဒါ... ဒါက တကယ့်ကို ဒဏ္ဍာရီလာ နတ်ဆိုးချီပဲ" တစ်ယောက်ယောက်က အံ့ဩတကြီး ရေရွတ်တယ်။ လူတိုင်း အမူအရာတွေ ပိုလေးနက်လာကြီး အရှေ့မှာ တိုးရပ်နေတဲ့ အကြီးအကဲတွေတောင် အနောက်ကို အလိုလိုဆုတ်မိသွားကြတယ်။
ဒါက နတ်ဆိုးချီ ရှေးဟောင်းစာပေတွေထဲ ရေးထားတာတော့ နတ်ဆိုးမျိုးနွယ်ရဲ့ အရှိန်အဝါကို ကောင်းကင်မျိုးနွယ်ပဲ ယှဉ်ပြိုင်နိုင်တယ်တဲ့။
"ဒါဆို ဆရာတူညီလေးယင်းကို သတ်သွားတဲ့သူက... နတ်... နတ်ဆိုး... နတ်ဆိုးမျိုးနွယ်က ဖြစ်နိုင်လား"
ယွီလွမ်က တောင့်ခဲနေတယ်။ ဒါပေမဲ့ အဲဒါက နတ်ဆိုးတစ်ကောင်လေ။ မိစ္ဆာလမ်းစဉ်ကျင့်ကြံသူမဟုတ်။ ကွေ့ယီဂိုဏ်းမပြောနဲ့ အမတဂိုဏ်းတွေအားလုံး စုဝေးရင်တောင် သူတို့က သူ့ပြိုင်ဘက်မဟုတ်လောက်ဘူး။
"ဟင့်အင်း" ယိချင်းရဲ့ မျက်လုံးတွေက အရောင်မှိန်သွားပြီး သေချာမှုနဲ့ပြောတယ်။ "တကယ်လို့ နတ်ဆိုးတစ်ကောင် တကယ်ပေါ်လာခဲ့ရင် ဒီနတ်ဆိုးချီနည်းနည်းလောက်ပဲ ကျန်နေခဲ့မှာ မဖြစ်နိုင်ဘူး"
ယွီလွမ်က စိတ်အေးသွားပြီး ခေါင်းညိတ်ရင်း အောက်ငုံ့ကြည့်ကာ အမူအရာက ပိုမှုန်မှိုင်းလာတယ်။
"ဒီနတ်ဆိုးချီ... ကျွန်တော်တို့ ဘာလုပ်သင့်လဲ" တကယ်လို့ သာမန်ဒိဋ္ဌိအရှိန်အဝါဆိုရင် သူတို့မကြောက်ပေမဲ့ နတ်ဆိုးချီကတော့... သူတို့ အနားကိုတောင် ကပ်နိုင်လောက်မှာမဟုတ်ဘူး။
သူတို့စိုးရိမ်ကြောင့်ကြမှုကို သတိထားမိသလို ယိချင်းက ရှေ့တက်လာကာ လက်တစ်ဖက် ယမ်းလိုက်တော့ အနီရောင် မီးတံတိုင်းကြီးက မြေပြင်ပေါ်က အဲဒီချီနက်တွေကို ခါထုတ်သွားတော့တယ်။ မျက်စိတစ်မှိတ်အတွင်းနီးပါးမှာတင် မြေပြင်ပေါ်က နတ်ဆိုးချီ အကြွင်းအကျန်တွေက လုံးဝပျောက်ကွယ်သွားလေတယ်။ နဂိုက ချစ်ချစ်တူးမည်းနက်နေတဲ့ မြေပြင်တောင် မူလအရောင်တချို့ ပြန်ရလာတယ်။
ယွီလွမ် အဲတော့မှ လုံးဝစိတ်အေးပြီး နောက်တော့ အကြီးအကဲအားလုံးကို ညွှန်ကြားချက်တချို့ ပေးပြီးတဲ့နောက် သူတို့တွေက ရန်သူနဲ့ပတ်သက်ပြီး သဲလွန်စရှာဖို့ လူစုခွဲသွားကြတယ်။ ဒါပေမဲ့ ဒီလူတွေ ဘယ်လိုပဲ ပေါက်ကွဲသွားတဲ့မျောလွင့်တောင်ထွတ်ကို ထက်အောက်လှန်ရှာပါစေ သဲလွန်လေးတစ်ခုတောင် ရှာမတွေ့။
အားလုံး ထိုင်းမှိုင်းနေတဲ့အကြည့်တွေနဲ့ ပင်မခန်းမဆီ ပြန်လာတယ်။ ယွီလွမ်လည်း ကိုယ့်နတ်ဝိညာဉ်ကိုယ် ဖျက်ဆီးသွားတဲ့ အကြီးအကဲယင်းရဲ့ ကျိုးပဲ့နေတဲ့အသက်တံဆိပ်ပြားလေးကို ထုတ်ယူကာ အသက်တံဆိပ်ပြားပေါ်ကအရှိန်အဝါအကြွင်းအကျန်တွေကို သုံးပြီး မသေခင် အခြေအနေကို ရှာတွေ့ဖို့ မျှော်လင့်နေတယ်။ ဒါပေမဲ့ ဂါထာတွေလည်း ကျရှုံးသွားပြီး ကျူးလွန်သူက ဘယ်သူလဲ လုံးဝမမြင်ရဖြစ်နေလေရဲ့။
ကံကောင်းတာ ပြိုင်ပွဲကြောင့် တောင်ထွတ်ပေါ်က တပည့်အများစုက ပင်မတောင်ထွတ်ဆီမှာ ရောက်နေခဲ့ကြတာ။ တျန်းချန်တောင် ပျက်စီးမှုထဲ သေသွားတဲ့အကြီးအကဲယင်းနဲ့ တောင်ထွတ်ကို စောင့်ကြပ်နေတဲ့တပည့်တချို့ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတာကလွဲ တခြားအထိအခိုက်တော့ မရှိခဲ့ဘူး။
ဒါပေမဲ့ အကာအကွယ်တောင်အင်းကွက်က အချိန်မီ အသက်ဝင်ခဲ့တာမို့ တရားခံက အချိန်မီ မလွတ်မြောက်နိုင်လောက်ဘူး။ ဆိုလိုတာ သူက ဂိုဏ်းထဲပုန်းနေသေးတာလည်း အတော်လေး ဖြစ်နိုင်တယ်။ ယွီလွမ် ပြိုင်ပွဲကို လုံးဝရပ်တန့်လိုက်ရပြီး တောင်ထွတ်တွေကို ပိတ်လိုက်ရကာ ဂိုဏ်းကို အပြည့်စတင်ရှာတော့တယ်။
——————
"နတ်ဆိုးချီလား၊ ဘယ်လိုလုပ် ထပ်ရှိသေးတာလဲ" ပြန်လာချိန် အခြေအနေကို ကြားလိုက်ရတဲ့ ကူယွဲ့ မှင်တက်ကာ စားဖိုမှူးဘက် လှည့်လိုက်တယ်။
"မေ့ပျောက်မြစ်ကနေ ကျလာတဲ့ မြေနတ်ဆိုးအပြင် တခြားနတ်ဆိုးတွေလည်း ဒီကမ္ဘာလေးထဲ ရှိနေတာဖြစ်နိုင်လား"
"မထင်ဘူး" စားဖိုမှူးက ခေါင်းယမ်းတယ်။ "တကယ်လို့ တကယ်ပဲ ဒီမှာ နတ်ဆိုးတွေရှိရင် သူတို့တွေက ကောင်းကင်တာအိုရဲ့ ဖိနှိပ်မှုအောက် သေချာပေါက် ကျရောက်မှာပဲ၊ ဒီနေရာဆီ အဲလောက် လွယ်လင့်တကူ တိုက်ခိုက်ကြမှာ မဟုတ်ဘူး" အဲတုန်းက မြေနတ်ဆိုးလိုမျိုး ခန္ဓာကိုယ်မရှိပေမဲ့လည်း နတ်ဆိုးတစ်ယောက်အနေနဲ့ ခန္ဓာကိုယ်ကို အလွယ်တကူ ပြန်လည်တည်ဆောက်နိုင်တယ်။ ဒါပေမဲ့ သူ မလုပ်ခဲ့ဘဲ မိစ္ဆာလမ်းစဉ်ကျင့်ကြံသူတစ်ယောက်ရဲ့ကိုယ်ထဲ နေထိုင်နေခဲ့တယ်။ ဘာလို့လဲဆိုတော့ ကောင်းကင်တာအိုရဲ့ အဆက်မပြတ်ဖိနှိပ်မှုကို ခံနေရတာမို့ သူ့ကိုယ်သူ ထွက်မပြရဲတာပဲ။ မဟုတ်ရင် ကောင်းကင်တာအိုက သူ့ကိုချက်ချင်း ရှင်းထုတ်မှာ
"နတ်ဆိုး မဟုတ်ဘူးလား၊ ဒီမှာ မြေနတ်ဆိုးဖြစ်လာတဲ့ မိစ္ဆာလမ်းစဉ်ကျင့်ကြံသူတွေရှိတာဖြစ်နိုင်လား"
မိစ္ဆာလမ်းစဉ်ကျင့်ကြံသူတွေ နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ရောက်ချိန် ဝဋ်ကြွေးချေခြင်းကို ဖြတ်သန်းနိုင်ခဲ့ရင် နတ်ဆိုးဘုံထဲ အလိုလို တက်လှမ်းနိုင်သွားမှာ။ အဲဒီဒိဋ္ဌိအရှိန်အဝါတွေအားလုံးကလည်း နတ်ဆိုးချီအဖြစ် ပြောင်းလဲသွားမယ်။ ရှန်းရင် အထက်ထျန်းလန်ဘုံက အမတတက်လှမ်းဘုရားထဲ တွေ့ခဲ့ရတဲ့ နတ်ဆိုးကျင့်ကြံသူဆို ကျင့်ကြံခြင်းကတစ်ဆင့် နတ်ဆိုးချီကို ရပြီးနေပြီ။
"တကယ်လို့ ဒီလိုဆိုရင်..." ယိချင်းက တစ်စုံတစ်ခုကို တွေးမိကာ မျက်မှောင်ကြုတ်တယ်။ "အဲလူက ကျွန်တော့်တောင် အကာအကွယ်အင်းကွက်ကို ချိုးဖောက်နိုင်မယ်မထင်ဘူး၊ သူက ကွေ့ယီဂိုဏ်းထဲပဲ ရှိနေသေးမှာ၊ ဒါပေမဲ့ ကောင်းကင်စိတ်အာရုံနဲ့ တစ်ဂိုဏ်းလုံးကို စစ်ဆေးကြည့်တော့ နတ်ဆိုးချီအရိပ်အယောင် မမြင်ရဘူး၊ ဒိဋ္ဌိအရှိန်အဝါတောင် ရှိမနေတာ။
"မဖြစ်နိုင်တာ" ကူယွဲ့က အလိုလို ငြင်းဆန်မိလိုက်တယ်။ "မင်း ဒီမျက်နှာပြင်မှာ ရှာမရနိုင်တာ ဘယ်သူရှိလို့လဲ၊ တရားခံက ဒီက..." သူပြောနေရင်း ရပ်သွားပြီး မျက်လုံးပြူးသွားတယ်။ "သေစမ်း မဖြစ်နိုင်တာ"
ကျူးကျော်သူပဲ
ဒါပေမဲ့ ရှုယီက အဲတုန်းက ပြိုင်နေတုန်းကြီးမလား။
"တခြားသူတော့ မရှိနိုင်ဘူးမလား" သူတို့တွေက ခရီးလှည့်ဖို့ အုပ်စုဖွဲ့မယ်ပြင်နေကြတာလား။
ယိချင်း အမူအရာက မည်းမှောင်သွားတယ်။ သူ တစ်ခုခုပြောမို့ရှိသေး စာပါးသူတစ်ယောက်ရဲ့အသံ အပြင်ကထွက်လာတယ်။
"ပင်မတောင်ထွတ်က တပည့်ချန်းဝမ် ဆရာသခင်ကို ဂါရ၀ပြုပါတယ်"
"ဘာကိစ္စလဲ" ယိချင်း အသံနက်နက်နဲ့ မေးလိုက်တယ်။
"ဂိုဏ်းချုပ်က အရေးကြီးကိစ္စရှိတာမို့ ဆရာသခင်ကို ပင်မခန်းမဆီ ကြွပေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်"
ယိချင်းနဲ့ကူယွဲ့ အကြည့်ချင်းဖလှယ်ကာ သူခေါင်းညိတ်တာ မြင်လိုက်ရတော့ ဖြေလိုက်တယ်။
"ငါချက်ချင်း လာခဲ့မယ်"
တပည့်က ဂါရ၀ပြုပြီး ပြန်သွားတယ်။
နေ့လယ် ရောက်နေပြီ။ ယွီလွမ် သဲလွန်စတချို့ ရှာတွေ့သွားလောက်ပြီမို့ သူတို့တွေ အချိန်တော့ သိပ်မကြာလိုက်ဘူး။ ထမင်းတစ်နပ်စား၊ ရေနွေးကြမ်းသောက်၊ အဆာသွတ်မုန့်ပန်းကန်နည်းနည်းနဲ့... အသီးတွေ... စားပြီးမှ ပင်မခန်းမဆီ ထွက်လာခဲ့ရုံပါပဲ။
…
အခန်း ၆၇၁ ။ မိစ္ဆာလမ်းစဉ်ကျင့်ကြံသူ၏ သေဆုံးမှု
သုံးယောက်သား ပင်မခန်းမဆောင်ဆီ ရောက်လာချိန် တောင်ထွတ်တစ်ခုစီရဲ့ နတ်ဝိညာဉ်အကြီးအကဲတွေပါ ရောက်နေပြီ။ ကူယွဲ့ လူအုပ်ကို စေ့စပ်ကြည့်လိုက်တော့ ရှုယီရော ကျိုးရှုမင်ပါ သူတို့ကြားရောက်နေပြီး ပင်မခန်းမဆောင်အလယ်မှာ ရပ်နေလေတယ်။ ကြည့်ရတာ တစ်ခုခုဖြစ်ထားသလိုမျိုး အငွေ့အသက်က အုံ့မှိုင်းနေတယ်။ အမြဲ စိတ်ရင်းကောင်းတဲ့ တုံးအအ ကျိုးနှစ်ကျပ်တောင် ခု ရှားရှားပါးပါး အတော်လေး ဒေါသထွက်နေတဲ့ရုပ်။
"နှုတ်ခွန်းဆက်သပါတယ် ဆရာဦးလေး" သူတို့ ဝင်လာတာကိုမြင်တော့ လူတိုင်း ဂါရ၀ပြုကြတယ်။ ဒါပေမဲ့ ဘယ်ဘက်က မရင်းနှီးတဲ့ နတ်ဝိညာဉ်ကတော့ လှုပ်တောင်မလှုပ်ဘဲ အဲအစား တစ်ဖက်ကို နှာခေါင်းရှုံ့လှည့်သွားတယ်။ သူ့မျက်လုံးတွေက မနှစ်မျို့မှု၊ ဒေါသတွေနဲ့ ပြည့်နေတယ်။
ယိချင်းကလည်း အငွေ့အသက်က နည်းနည်း ထူးဆန်းနေတာ အာရုံခံမိပေမဲ့ စိတ်ထဲမထားဘဲ ထိပ်ကတစ်ခုတည်းသော ထိုင်ခုံဆီ တန်းတန်းမတ်မတ်လျှောက်ခဲ့တယ်။ သူက နောက်တော့ အကျင့်အတိုင်း ဘေးကို လျှောက်ကာ နောက်က ရှန်းရင်ကို ထိုင်ခုံယူစေပြီး သူကတော့ ညာဘက်မှာရပ်ကာ ကူယွဲ့ကတော့ ဘယ်ဘက်မှာ ရပ်လိုက်လေတယ်။
အခြေအနေက စိတ်ဖိစီးစရာမို့ထင် လူတိုင်း ဒီအသေးအဖွဲလေးတွေကို စိတ်ထဲထားမနေကြဘူး။ အဲဤစား ဘေးမှာရှိတဲ့ ထျန်းယီက ကူယွဲ့ဘက်ကြည့်ကာ ရုတ်တရက် ပြောတယ်။ "မစိုးရိမ်ပါနဲ့ ညီကိုကူယွဲ့၊ ကျုပ် မင်းစရိုက်ကို လုံးဝယုံကြည်တယ်"
"..." ကူယွဲ့ နားမလည်ဖြစ်သွားတယ်။ ဘာသဘောလဲ။
သူတို့ကို ဒီခေါ်တာက သက်သေအသစ် ရှိလို့တင်မဟုတ်ဘဲ ကြည့်ရတာတော့ သူတို့ပါ ပတ်သက်နေတာလား။
"ဆရာဦးလေးယိချင်း" ဂိုဏ်းချုပ်ယွီလွမ်က နောက်တော့ ထရပ်တယ်။ "ကျွန်တော်တို့တွေ ဆရာဦးလေးကို လာဖို့တောင်းဆိုခဲ့တာက တစ်စုံတစ်ခုကို အတည်ပြုချင်လို့ပါ၊ အဲနေ့က ဆရာဦးလေး မိစ္ဆာလမ်းစဉ်ကျင့်ကြံသူကို ရှင်းထုတ်ဖို့ ယွမ်ယန်မြို့ဆီ ဦးတည်ပြီး ကျုံးရိနောက် လိုက်ချိန် သူနဲ့ပတ်သက်တဲ့ မူမမှန်တာ တစ်ခုခုတွေ့ခဲ့သေးလား"
ယိချင်းက သူ့ဘက်ကို လှည့်ကာ မျက်မှောင်ကြုတ်လိုက်တယ်။ "မူမမှန်ဘူးဆိုတာ ဘာဆိုလိုတာတုံး"
"ဒါ..." ဘယ်လိုဖြေရမလဲ မသိသလို တုံ့ဆိုင်းမှုအရိပ်အယောင်က ယွီလွမ့်မျက်နှာပေါ် ဖြတ်ပြေးသွားတယ်။ သူက တစ်အောင့်ကြာတော့ အံကြိတ်ရင်းမေးတယ်။ "ဆရာဦးလေး အဲမိစ္ဆာလမ်းစဉ်ကျင့်ကြံသူ တကယ်... သေတာ သေချာရဲ့လား"
"ဒါပေါ့" ယိချင်းရဲ့ မျက်မှောင်ကြုတ်မှုက ပိုနက်ရှိုင်းလာပြီး လေးနက်တဲ့အသံနဲ့ ဆက်ဖြေတယ်။
"အဲမိစ္ဆာလမ်းစဉ်ကျင့်ကြံသူရဲ့ အလောင်းကို အကြီးအကဲရှုယွမ်က ကိုင်တွယ်ဖြေရှင်းခဲ့တာပဲ" သူက စကားဆုံးချိန် ညာဘက်ခြမ်းမှာထိုင်နေတဲ့ ရှုယွမ်ဘက် ကြည့်လိုက်တယ်။
"အမှန်ပါပဲ" ရှုယွမ်ကလည်း ထရပ်ကာ ခေါင်းညိတ်တယ်။ "ကျုပ် မျက်မြင်သက်သေရှိပါတယ်၊ ဆရာဦးလေးယိချင်း အဲအဲမိစ္ဆာလမ်းစဉ်ကျင့်ကြံသူကို သတ်ပြီးတော့ အဲညမှာပဲ အဲအဲမိစ္ဆာလမ်းစဉ်ကျင့်ကြံသူသေပြီဆိုတာ လာပြောခဲ့တာပါ၊ ကျွန်တော်က သန့်စင်မီးတောက်နဲ့ သူ့အလောင်းကို ဖျက်ဆီးခဲ့သူပါ၊ ရည်ရွယ်ချက်ကတော့ တခြားမိစ္ဆာလမ်းစဉ်ကျင့်ကြံသူတွေ နတ်ဝိညာဉ်ကိုယ်ထည်ကိုသုံးပြီး မကောင်းတာတွေလုပ်ကြမှာကို တားဆီးဖို့ပါပဲ"
"ဟမ့် သေတဲ့သူက ကျုံးရိ ဟုတ်မဟုတ် ဘယ်သူသိမှာလဲ" ဘယ်ဘက်က နတ်ဝိညာဉ်ပြီးပြည့်စုံသူ အကြီးအကဲက ရုတ်တရက် မနှစ်မျို့မှုတချို့နဲ့ ဝင်ပြောတယ်။
သူတို့ မပြောရသေးပေမဲ့ ကျိုးနှစ်ကျပ်က ဂနာမငြိမ်ဖြစ်လာကာ အချိန်အတော်ကြာ အောင့်အီးထားရပုံပဲ။ သူက လက်ခုပ်ဆုပ်ကာ ပြောလိုက်တယ်။ "အကြီးအကဲကျင်းယွမ်၊ အဲလူက တကယ်ပဲ ကျုံးရိပါ၊ ကျွန်တော်တင်မကဘူး၊ ဆရာတူအစ်မရှုယီပါ မြင်ခဲ့တာ"
ရှုယီက ခဏအူကြောင်ကြောင်ဖြစ်နေပြီး အမြန် ပျာယာခတ်တဲ့အမူအရာနဲ့ ပြောတယ်။ "ကျွန်မ... ကျွန်မလည်းမသိဘူး၊ ကျွန်မတို့ မတော်တဆ အဲမိစ္ဆာလမ်းစဉ်ကျင့်ကြံသူနဲ့ ဆုံပြီးတဲ့နောက် ဆရာသခင်က ကျွန်မတို့ကို မြို့ဆီ မြန်မြန်ပြန်ဖို့ ညွှန်ကြားခဲ့တယ်၊ ကျွန်မလည်း များများစားစား မစဉ်းစားဘဲ ထွက်လာခဲ့တာ၊ အဲနောက်ပိုင်း ဘာဖြစ်လဲတော့ ကျွန်မ လုံးဝမသိပါဘူး"
"ဆရာတူအစ်မရှု" ကျိုးရှုမင်က သူမကိုမယုံကြည်နိုင်စွာ ကြည့်လိုက်ပြီး မျက်နှာက ဒေါသတွေနဲ့ မဲ့သွားတယ်။
"မိစ္ဆာလမ်းစဉ်ကျင့်ကြံသူကို အာရုံခံမိပြီး အချိန်မီ အပြေးလာတဲ့ ဆရာသခင်ကြောင့်သာ မဟုတ်ရင် ခင်ဗျားရော ကျွန်တော်ပါ သူ့လက်ထဲ သေသွားခဲ့မှာ၊ မိစ္ဆာလမ်းစဉ်ကျင့်ကြံသူ သေသွားတာကို ကျွန်တော့်မျက်စိနဲ့ ကိုယ်တိုင်မြင်ခဲ့တာ၊ အဲဒါက အတုဖြစ်နိုင်ပါ့မလား"
"ဒါပေမဲ့ ငါတကယ်မမြင်ခဲ့တာလေ" ရှုယီက သွေးပျက်ပြီး နစ်နာတဲ့ လေသံတိုးတိုးနဲ့ဆိုတယ်။
"နင်မြင်တာ ငါမှမဟုတ်တာ နင်က အမည်မဲ့တောင်ရဲ့ တပည့်ပဲ၊ သေချာပေါက် နင်က သူတို့ဘက်က ရပ်တည်မှာပေါ့၊ ငါထွက်သွားပြီး ဘာဖြစ်လဲဆိုတာ ဘယ်သူသိမှာ"
"ခင်ဗျား..." ကျိုးရှုမင်က ပိုဒေါသထွက်လာပြီး တန်းပြန်ပြောတော့တယ်။
"ဆရာတူအစ်မက မိစ္ဆာလမ်းစဉ်ကျင့်ကြံသူကို ပထမဆုံးရှာတွေ့သူဆိုတာ မမေ့နဲ့ဦး၊ ခင်ဗျားအဆိုအရဆို ခင်ဗျားမှာရော အဲဒီမိစ္ဆာလမ်းစဉ်ကျင့်ကြံသူနဲ့ ပတ်သက်မှုတွေရှိတာလား"
"ငါ... ငါမရှိဘူး" ရှုယီက အပြစ်ကင်းသလို ပုံစံနဲ့ အရမ်းကို နစ်နာသွားတဲ့ပုံလုပ်ကာ အချိန်မရွေး ငိုချတော့မလိုဖြစ်နေတယ်။
ကူယွဲ့ရဲ့ အကြည့်က မှုန်မှိုင်းသွားပြီး ယွီလွမ့်ဘက် လှည့်လိုက်တယ်။ "ဂိုဏ်းချုပ် ဘာဖြစ်ခဲ့လဲဆိုတာ ကျွန်တော် မေးလို့ရမလား၊ ဘာလို့ အဲဒီမိစ္ဆာလမ်းစဉ်ကျင့်ကြံသူက ပါဝင်ပတ်သက်လာတာတုံး"
ယွီလွမ်က သက်ပြင်းချပြီး ကျိုးပဲ့နေတဲ့ ကျောက်စိမ်းအပိုင်းတစ်စကို ထုတ်ကာ တိုးတိတ်စွာဆိုတယ်။
"ဒီလိုလေ၊ ငါတို့ တျန်းချန်တောင်ကို စောနက ရှာချိန် ဒါကိုတွေ့ခဲ့တာ"
ကူယွဲ့က သေချာကြည့်လိုက်တယ်။ "အရိပ်ဖမ်းကျောက်တုံးလား"
"ဟုတ်တယ်" ယွီလွမ်က ခေါင်းညိတ်တယ်။ "တျန်းချန်တောင်ရဲ့ တပည့်ခန်းဆောင်ရှေ့မှာ နဂိုက ကြီးမားတဲ့ အရိပ်ဖမ်းကျောက်တုံးတစ်ခုရှိတယ်၊ တပည့်တွေရဲ့ ကျင့်ကြံဆင့် တိုးတက်နှုန်းကို နေ့တိုင်း မှတ်တမ်းတင်ထားတာ၊ ဒီအပိုင်းအစက အဲဒီအရိပ်ဖမ်းကျောက်တုံးရဲ့ အစပဲ၊ တျန်းချန်တောင် မပေါက်ကွဲခင် ဖြစ်ပျက်ခဲ့တာတွေရဲ့ ပုံရိပ်ဖမ်းထားတာတွေရှိတယ်"
သူက ပြောရင်း ဝိညာဉ်ချီတစ်စကို ထည့်လိုကခတယ်။ နောက်အခိုက်အတန့်မှာ အဖြူရောင်အလင်းက အထဲကနေ လင်းလာပြီး တဖြည်းဖြည်း ပုံရိပ်တစ်ခုပေါ်လာတယ်။ ကျိုးပဲ့နေတဲ့ ထောင့်တစ်ထောင့်ပဲဆိုပေမဲ့ တျန်းချန်တောင်က တပည့်များခန်းမဆောင်ရှေ့က မြင်ကွင်းကိုတော့ ဖော်နိုင်သေးတယ်။ အခု အဲမှာ တစ်ယောက်မှမရှိပေမဲ့ တစ်အောင့်နေတော့ အမည်းရောင်ပုံရိပ်တစ်ခုက ရုတ်တရက် ပေါ်လာကာ နောက်တော့ ဖျတ်ခနဲပျောက်သွားတယ်။ ဒါပေမဲ့ သူ့ကို ဒိဋ္ဌိအရှိန်အဝါတွေနဲ့ ဖုံးလွှမ်းနေပြီး ကြည့်ရုံနဲ့တင် မိစ္ဆာလမ်းစဉ်ကျင့်ကြံသူဆိုတာ သိသာတယ်။ ပြီးတော့ အဲဒီမျက်နှာ..။
"ကျုံးရိ" ကူယွဲ့ ထိတ်လန့်သွားတယ်။ ဒီလူက မြို့ပြင်က မြေနတ်ဆိုး ဝင်စီးခံခဲ့ရတဲ့တစ်ယောက်နဲ့ တစ်ပုံစံတည်းပဲ။
"တပည့်များခန်းဆောင်ရဲ့နောက်မှာက ဆရာတူညီလေးယင်းရဲ့ အဆောင်ပဲ၊ သူက တံခါးပိတ်ကျင့်ကြံနေတာမို့ ပြိုင်ပွဲကို လာမကြည့်ခဲ့တာ" ယွီလွမ်က ရှင်းပြပြီးတော့ သူ့လက်ထဲက အရိပ်ထိန်းကျောက်တုံးကို ပြန်သိမ်းလိုက်တယ်။
"ဂိုဏ်းချုပ်ဆိုလိုတာ အဲဒီမိစ္ဆာလမ်းစဉ်ကျင့်ကြံသူကျုံးရိက မသေသေးဘဲ တျန်းချန်တောင်က ဖြစ်ရပ်က သူ့လက်ချက်လို့ သံသယဝင်နေတာလား" သူတို့တွေ ရောက်ရောက်ချင်း အဲမိစ္ဆာလမ်းစဉ်ကျင့်ကြံသူအကြောင်း မေးတာ မဆန်းတော့ဘူး။
ယွီလွမ်က ပြန်မဖြေဘဲ စောနက သူတို့ကိုစိန်ခေါ်သူ နတ်ဝိညာဉ်ပြီးပြည့်စုံအဆင့်တစ်ယောက်က အရင်စကားပြောတယ်။ "ကျုံးရိသတ်ခံရတဲ့နေ့က မင်းတို့လေးယောက်ပဲ ရှိတာ၊ သေသွားတဲ့တစ်ယောက်က အဲမိစ္ဆာလမ်းစဉ်ကျင့်ကြံသူဆိုတာ ဘယ်သူအတိအကျသိမှာတုံး"
"ဒီအကြီးအကဲက..." ကူယွဲ့ မျက်မှောင်ကြုတ်လိုက်တယ်။
"ဒါက အကြီးအကဲကျင်းယွမ်ပါ" ယွီလွမ်က ရှင်းပြတယ်။ "သူက သေဆုံးသွားတဲ့ ဆရာတူညီလေးယင်းနဲ့ အရင်းနှီးဆုံးပဲ"
ကူယွဲ့က ခေါင်းညိတ်ပြီးမှ ဆက်ပြောတယ်။ "အဲမိစ္ဆာလမ်းစဉ်ကျင့်ကြံသူရဲ့ အလောင်းကို ကျွန်တော်နဲ့ အကြီးအကဲရှုယွမ်တို့ စစ်ဆေးထားတာ၊ မလွဲမသွေကို အဲဒီမိစ္ဆာလမ်းစဉ်ကျင့်ကြံသူပဲ"
ဒါပေမဲ့ ကျင်းယွမ်က ဥပေက္ခာပြုနေပြီး အဓိပ္ပာယ်ပါပါ ဆက်ပြောတယ်။ "လောကထဲ အသွင်ပြောင်းဂါထာတွေ ဒီလောက်များတာ၊ အဲအလောင်းက အစစ်ဟုတ်မဟုတ် ဘယ်သူသိမှာတုံး၊ ပြီးတော့ အခု ကျွန်တော်တို့ဂိုဏ်းရဲ့ အဲတောင်အကာအကွယ်အင်းကွက်ကလည်း ဆရာသခင် ဖန်တီးပေးထားတာလေ"
"ခင်ဗျားက အဓိပ္ပာယ်မရှိတာတွေ ပြောနေတာပဲ" ကျိုးရှုမင်က သွေးပျက်လာပြီး အတော်လေးကို မချင့်မရဲဖြစ်နေတဲ့ပုံ။
"ဘယ်တုန်းကလဲ" အဲကျင်းယွမ်က ယိချင်းဘက် လှည့်သွားတယ်။
"ဆရာသခင်ယိချင်း၊ ဒီကိစ္စက နတ်ဝိညာဉ်အကြီးအကဲနှစ်ယောက်ရဲ့ သေဆုံးမှုနဲ့ဆိုင်တယ်၊ ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ရှင်းရှင်းလင်းလင်း အဖြေပေးပါ၊ ကျုံးရိ အဲနေ့က ဘယ်လို တကယ်သေခဲ့တာလဲ၊ ပြီးတော့ အဲဒီမိစ္ဆာလမ်းစဉ်ကျင့်ကြံသူပေါ်က ရေခဲနက် မီးတောက်လောင်စာကရော ဘယ်မှာတုံး"
ကူယွဲ့ မျက်လုံးတွေ မှေးသွားတယ်။ မဟူရာမီးလား။ သူ ဘေးမှာ အပြစ်ကင်းစင်ကာ စကားနားထောင်သလို လုပ်နေတဲ့ ရှုယီကို အလိုလိုလှည့်ကြည့်မိလိုက်တယ်။ သူတို့ မရောက်ခင် သူမက အတော်လေး လှုပ်ရှားပြီးတဲ့ပုံပဲ။
"မဟူရာမီးတောက်ကို ဖျက်ဆီးလိုက်ပြီ" ယိချင်းက ဖြေတယ်။
"ဖျက်ဆီးလိုက်ပြီ" လူတိုင်း ထိတ်လန့်သွားတယ်။
"အင်း" ယိချင်းက ခေါင်းညိတ်တယ်။ "အဲမီးက ဝိညာဉ်တွေကို လောင်ကျွမ်း ထိခိုက်စေနိုင်တယ်၊ နဂိုတည်းက သေမျိုးဘုံနဲ့ မဆိုင်တာမို့ မထားထားသင့်ဘူး" တိတိကျကျပြောရရင် အဲမြေနတ်ဆိုးကြောင့်သာမဟုတ်ရင် အဲမီးက ဒီမှာပေါ်လာစရာ လုံးဝမရှိဘူး။
"ဝိညာဉ်တွေကို လောင်ကျွမ်း ထိခိုက်စေနိုင်တယ်" လူတိုင်း မှင်တက်သွားတယ်။ အဲလို သွေဖည်မီးလျှံ တကယ်ပဲ တည်ရှိနေမယ် မထင်ခဲ့ဘူး။
ဆန့်ကျင်ဘက်မှာတော့ ရှုယီ အမူအရာက ပြောင်းလဲသွားပြီး မနေနိုင်ဘဲ မှတ်ချက်ဝင်ပေးတော့တယ်။
"အဲဒါသွေဖည်မီးလျှံနော်၊ ဆရာသခင်တကယ်ပဲ ဖျက်ဆီးရက်တယ်လား"
"ဆရာတူအစ်မရှုစကားတွေက ရယ်ချင်စရာပဲ"
ကူယွဲ့ အေးစက်စက်ရယ်ကာ နောက်ဆုံးတော့ ဒီရှုယီ ဘာစီစဉ်နေလဲ သဘောပေါက်သွားခဲ့တယ်။ သူမက ဒီကို သပ်လျှိုရိုက်ဖို့ ရောက်နေတာပဲ။ သူတို့ကို မိစ္ဆာလမ်းစဉ်ကျင့်ကြံသူရဲ့ ကြံရာပါတွေအဖြစ် စွပ်စွဲပြီး လက်ညှိုးတစ်ချောင်းမမဘဲ အမြတ်ထုတ်ချင်နေတာ။
"ခင်ဗျားပြောတဲ့စကားအရဆို ခင်ဗျားက ကျုပ်တို့ အဲမိစ္ဆာလမ်းစဉ်ကျင့်ကြံသူနဲ့ အပေးအယူတချို့ လုပ်ထားပြီး သွေဖည်မီးလျှံကို တိတ်တိတ်လေး အပိုင်သိမ်းထားတဲ့အပြင် သူသေတာကို အတုလုပ် ကူညီပေးပြီး အန္တရာယ်ပေးဖို့ ကွေ့ယီဂိုဏ်းထဲ ဝင်ခွင့်ပေးခဲ့တယ်လို့ သံသယဖြစ်နေတာလား"
အဲဒီစွပ်စွဲချက်က... တော်တော်လေး ရယ်စရာကောင်းတယ်။
…
အခန်း ၆၇၂ ။ ရှုယီ၏ အကောက်ကြံမှု
အဲစကားလုံးတွေမှာ ယွီလွမ်တင်မက အကြီးအကဲကျင်းယွမ်ကလွဲ နတ်ဝိညာဉ်အကြီးအကဲအားလုံးရဲ့ အမူအရာတွေလည်း ပြောင်းလဲသွားတယ်။ သူတို့တွေ အဲမိစ္ဆာလမ်းစဉ်ကျင့်ကြံသူက အသက်ရှင်နေသေးတယ်လို့ တကယ်သံသယဖြစ်နေခဲ့တာ။ ဒါပေမဲ့ သူတို့တွေ ယိချင်းကို စွပ်စွဲဖို့တော့ လုံးဝမရည်ရွယ်ခဲ့ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သူ့စွမ်းရည်တွေနဲ့ဆို တကယ်ပဲ ကွေ့ယီဂိုဏ်းကို ရင်ဆိုင်ချင်ရင် အဲမိစ္ဆာလမ်းစဉ်ကျင့်ကြံသူနဲ့ ပူးပေါင်းကြံစည်စရာလုံးဝမလိုဘူး။
"ရှုယီ ပေါက်တတ်ကရတွေ မပြောနဲ့" ယွီလွမ်က ချက်ချင်း ဆူကာ အလောတကြီး လက်ခုပ်ဆုပ်ပြီး အမြန်ရှင်းပြလိုက်တယ်။
"ကျွန်တော်တို့ကို ခွင့်လွှတ်ပါ ဆရာဦးလေး၊ ခင်ဗျားကို သံသယဝင်ဖို့ ရည်ရွယ်တာမဟုတ်ပါဘူး၊ ဒါပေမဲ့ ဒီမှတ်တမ်းက တကယ်ကို သံသယဝင်စရာကောင်းတယ်၊ မိစ္ဆာလမ်းစဉ်ကျင့်ကြံသူကျုံးရိ အသက်ရှင်မရှင် အတည်မပြုနိုင်ဘူး"
"သူက သေပြီ" ယိချင်းက သေချာမှုနဲ့ ပြောလိုက်တယ်။ သူကိုယ်တိုင် ဝိညာဉ်ကို မေ့ပျောက်မြစ်ဆီ လိုက်ပို့ပေးခဲ့တာပဲ။
"ဒါပေမဲ့ ဒီပုံရိပ်..."
"ဂိုဏ်းချုပ်"
ကူယွဲ့က တန်းဝင်ပြောလိုက်တယ်။ "အကြီးအကဲကျင်းယွမ် မှန်တယ်လို့ ကျွန်တော်တို့ထင်တယ်၊ ရုပ်အသွင်ပြောင်း ဂါထာတွေ ဒီလောက်များတာ၊ ဒီပုံရိပ်တွေထဲကလူက အစစ်ဆိုတာ ဘယ်သူ သေချာလို့လဲ"
"အင်း... ညီကိုကူယွဲ့ရဲ့ စကားတွေက အဓိပ္ပာယ်ရှိတယ်" ထျန်းယီမျက်လုံးတွေ တောက်ပသွားကာ ချက်ချင်း စကားကူပြောပေးလိုက်တယ်။
"အရိပ်ထိန်းကျောက်တုံးထဲက ဒီလူက တခြားသူ တမင် ငါတို့ကို ဇဝေဇဝါ ဖြစ်စေချင်လို့ တမင်ထားခဲ့တဲ့ ပုံရိပ်ယောင်ဆိုရင်ရော"
"မဖြစ်နိုင်တာ" ရှုယီက အလိုလိုငြင်းမိသွားတယ်။
"ဘာလို့မဖြစ်နိုင်ရမှာလဲ" ကူယွဲ့က အသာလေးရယ်တယ်။ "ခင်ဗျားက အဲမိစ္ဆာလမ်းစဉ်ကျင့်ကြံသူကို အသေးစိတ် စစ်ဆေးပြီး တစ်ချက်ကြည့်ရုံနဲ့ အစစ် အတု ပြောနိုင်တယ်လား"
"သေချာပေါက် မဟုတ်ဘူးပေါ့" ရှုယီ မျက်နှာက ဖြူဖျော့သွားပေမဲ့ သူမက ချက်ချင်း ပြန်တည်ငြိမ်အောင် လုပ်လိုက်တယ်။ "ငါ... ပုံရိပ်ထဲကလူက ဒိဋ္ဌိအရှိန်အဝါအပြည့်ဖြစ်နေကို မြင်လိုက်ရပြီး အသွင်ယူထားတဲ့ပုံမျိုး မပေါ်လို့ သံသယမရှိ သူက ဆရာဦးလေးယင်းကို သတ်တဲ့သူပဲဖြစ်ရမယ်"
"ဒိဋ္ဌိအရှိန်အအဝါလား" ကူယွဲ့က ဒီစကားလုံးတွေကို သေချာဖိပြောလိုက်တယ်။
ဒါပေမဲ့ ခန်းမထဲက အားလုံးရဲ့ အမူအရာတွေကတော့ ပြောင်းလဲသွားကာ ချက်ချင်း တစ်စုံတစ်ခုကို အမှတ်ရပြီး တစ်ခဏတာ အချင်းချင်း ဆွံ့အစွာ ကြည့်နေကြတယ်။ ကျုံးရိ ရှင်နေသေးတယ်ဆိုတဲ့သံသယက အတော်လေး လျော့သွားတယ်။ စောနက စကားပြောနေတုန်း အတော်လေး ရန်လိုနေတဲ့ ကျင်းယွမ်အမူအရာတောင် ပြောင်းလဲသွားတယ်။ တျန်းချန်တောင်ရဲ့ အပျက်အစီးပုံကြားက အကြွင်းအကျန်ချီဟာ ဒိဋ္ဌိအရှိန်အဝါ မဟုတ်ဘဲ နတ်ဆိုးချီဖြစ်ပြီး ဒါက ပုံရိပ်ထဲကလူပေါ်ကဟာနဲ့ ကွဲပြားနေတယ်။
ဆိုလိုတာက တျန်းချန်တောင်ကို ဖျက်ဆီးခဲ့သူဟာ ပုံရိပ်ထဲကလူ မဟုတ်ဘူး။
"အခုမင်းပြောတော့ ဒါက အတော်လေး သံသယဖြစ်စရာကောင်းနေတာပဲ" ရှုယွမ်က ရုတ်တရက် အလင်းပေါက်သွားသလို ပြောတယ်။ "အရိပ်ထိန်းကျောက်တုံးရဲ့ အပိုင်းအစကြီးကြီးက ကျေမွသွားပေမဲ့ ဒီအပိုင်းသေးလေးတစ်ခုပဲ ပုံရိပ်တချို့ပါဝင်နေသေးတာ၊ တိုက်ဆိုင်ချင်တော့ တရားခံရဲ့အသွင်ကို မှတ်တမ်းတင်မိထားသေးတယ်၊ ခုစဉ်းစားကြည့်ရင် တကယ်ကို မယုံသင်္ကာဖြစ်စရာပဲ"
"ဟုတ်တယ်" တခြားနတ်ဝိညာဉ်အကြီးအကဲနှစ်ယောက်လည်း ခေါင်းညိတ်လိုက်ကြတယ်။ "ဒါက တရားခံက ကျွန်တော်တို့ ဇဝေဇဝါဖြစ်အောင် တမင်ချန်ထားခဲ့တာဖြစ်ရမယ်"
"ဆရာဦးလေးက တွေးတောတာ စေ့စပ်လှပါပေတယ်၊ ကျွန်တော်တို့က ဦးနှောက်ထုံတယ်"
"တရားခံက တကယ်ဉာဏ်များတယ်၊ သူက ဂိုဏ်းထဲ ပိတ်မိနေသေးတာဖြစ်ရမယ်၊ ဒါကြောင့် အာရုံလွှဲဖို့ ဒီလိုနည်းလမ်းနဲ့ ထွက်လာတာပဲ"
"ဟုတ်တယ်၊ အဲလူက ဂိုဏ်းထဲရှိနေဦးမှာ၊ ငါတို့ ရှာဖွေမှုလုပ်ရမယ်"
ရှုယီ လူတိုင်းကိုကြည့်ကာ အမူအရာကတော့ မည်းနက်နေတယ်။ သူမထဲက ထုတ်လွှင့်ရေးစနစ်လေးက စကားမပြောဘဲမနေနိုင်တော့။
[လက်ခံသူ ဘာတွေဖြစ်နေတာလဲ၊ ဘာလို့ ရုတ်တရက်ကြီး သူတို့ကို သံသယမဝင်ကြတော့တာလဲ၊ သူတို့က သွေဖည်မီးလျှံတောင် မအပ်ရသေးဘူးလေ]
"ထားလိုက်" ရှုယီက စိတ်ရှုပ်နေပုံ လုံးဝမပေါ်ဘဲ အဲအစား သက်သောင့်သက်သာရှိကာ ယုံကြည်ချက်အပြည့်ဖြစ်နေတယ်။ "ငါတို့ပစ်မှတ်က အစတည်းက သူတို့မှ မဟုတ်တာ၊ ဆက်ဖြစ်လာမဲ့အရာအတွက် ကြိုတင်ပြင်ဆင်ပြီး လူတိုင်းစိတ်ထဲ သံသယမျိုးစေ့ကို စိုက်ပေးရုံပဲ"
[ဒါပေမဲ့ နဂိုပိုင်ရှင်ရဲ့ အငြိုးအတေးအဆင့်က...]
"မစိုးရိမ်နဲ့၊ ဒီညကျော်ရင် အငြိုးအတေးအဆင့်က ပုံမှန်ပြန်ဖြစ်သွားလိမ့်မယ်"
သူမက ပြောရင်း မျက်လုံးတွေက သူမဘေးက ဒေါသနဲ့မောဟိုက်နေတဲ့ ကျိုးရှုမင်ဆီ အလိုလိုဖြစ်စေ တမင်တကာဖြစ်စေ ရွေ့သွားပြီး အကြည့်ထဲ အကွက်ချကြံစည်မှုတွေ ပြည့်နေလေတယ်။
ရှန်းရင် ။ ။ "..."
ကူယွဲ့ ။ ။ "..."
ယိချင်း ။ ။ "..."
သူ နောက်ဆုံးတော့ တစ်ခုခု စလုပ်တော့မှာလား။ ဒါပေမဲ့... သူ သူတို့ကို ကြိုတင်ပြီး ပြောပြတာမျိုး မလုပ်နိုင်ဘူးလားဟေ။
—————
ညနက်သန်းခေါင် ကျိုးနှစ်ကျပ် တဲအိမ်လေးအတွင်း။
"ညီကို... ကူယွဲ့၊ ဒီနေ့အတွက် ကျွန်တော် ဓားသိုင်းတွေကျင့်ပြီးပြီ"
"အင်း"
"ကျွန်တော်... ဓားအင်းကွက်ဆီလည်း သွားခဲ့တယ်"
"အင်း"
"ကျွန်တော် စိတ်ကျင့်ကြံစဉ်လည်း လေ့ကျင့်ခဲ့တယ်"
"အင်း"
"ဒါဆို... ကျွန်တော် ကျန်ခဲ့တာ တစ်ခုခုရှိလား"
"ဟင့်အင်း"
"ဒါဆို ညီကိုကူယွဲ့ကိုမေးလို့ရမလား" သူက အသက်ဝဝရှူပြီးမှ စကားပြောလိုက်တယ်။
"ကျွန်တော့်အခန်းထဲ ညသန်းခေါင်ကြီး ဝင်လာပြီး ဘာလုပ်မို့လဲဟင်" သူ တကယ်အိပ်ချင်နေတာ။
ကူယွဲ့အိပ်ရာပေါ်က လူကို တစ်ချက်ကြည့်ကာ သူ့မျက်လုံးတွေ မှေးသွားပြီး ရှေ့တက် လက်လှမ်းလိုက်တယ်။ "ကျိုးနှစ်ကျပ် လာစမ်း မင်းအင်္ကျီတွေချွတ်လိုက်"
"ဘ... ဘာ" ကျိုးရှုမင်က တုန်ယင်သွားပြီး ထောင့်နားဆီ ကျုံ့သွားကာ ရင်ဘတ်မှာ အင်္ကျီကို ကြောက်လန့်တကြား တင်းတင်းဆုပ်ကိုင်ထားတယ်။
"ညီ... ညီ... ညီကိုကူယွဲ့၊ ခင်ဗျားဘာလုပ်ဖို့ကြိုးစားနေတာလဲ"
ကူယွဲ့ မျက်မှောင်ကြုတ်ကာ အနည်းငယ် စိတ်ရှုပ်သွားတယ်။ "အပိုတွေလုပ်မနေနဲ့၊ မြန်မြန်ချွတ်စမ်းပါ မင်းမလုပ်ရင်ငါ လုပ်မယ်"
သူက ပြောရင်း ရှေ့ကိုတန်းတက်လာကာ လူကိုဖမ်းဆုပ်လိုက်တယ်။
"ခဏ ညီကိုကူယွဲ့ စိတ်အေးအေးထားပါ၊ ခင်ဗျား ဒီလိုလုပ်လို့မဖြစ်ဘူးလေ" ကျိုးရှုမင် လုံးဝ မသက်မသာဖြစ်လာပြီး ထောင့်ဘက် အသည်းအသန်ကျုံ့ဝင်ရင်း အော်ဟစ်နေတယ်။
"ကျွန်တော်တို့က မိတ်ဆွေတွေဖြစ်ပြီး ကျွန်တော်တို့ ဓား လေ့ကျင့်ချိန် ခင်ဗျား တစ်ခါတလေ အရမ်းလွန်ရင်တောင် စိတ်ထဲမထားပေမဲ့ ညသန်းခေါင်တော့ ဒီလိုမလုပ်သင့်ဘူးမလား၊ ကျွန်တော်.. ကျွန်တော်က ဒီလိုလူ မဟုတ်ဘူး"
ရှန်းရင် ။ ။ "..."
ကူယွဲ့ ။ ။ "..."
ယိချင်း ။ ။ "..."
တစ်ခါတည်း သံသယအကြည့်နှစ်စုံက တစ်ယောက်သောလူပေါ် ဆင်းသက်လာတယ်။
ဟမ်~~~~~~
*ပါးစပ်ပိတ်" ကူယွဲ့ အမူအရာ မည်းမှောင်သွားတယ်။ "မင်း ဘာအဓိပ္ပာယ်မရှိတာတွေ ပြောနေတုံး" သူ ဆုပ်ကိုင်ထားတာ နည်းနည်းပြေလျော့သွားတော့ ကျိုးရှုမင် ရုန်းလိုက်နိုင်ပြီး ဆရာတပည့်နှစ်ယောက်ဘက် စိန်းစိန်းဝါးဝါး လှည့်ကြည့်လိုက်တယ်။
"ဘာလို့ထိုင်ကြည့်နေကြတာလဲ၊ ကျွန်တော့်ကို မြန်မြန် လာကူကြလေ"
“မကူပါဘူး"
သူတို့တွေက ပုံမှန်ဆို ဘယ်လိုမျိုးလဲဆိုတာ ပိုပြီးစိတ်ဝင်စားတယ်။
ကူယွဲ့ ဂါထာတစ်ခု ဖန်တီးတော့မဲ့ဆဲဆဲ ကျိုးရှုမင်က ဘေးကနေ ဆက်အော်နေတယ်။ "ညီကိုကူယွဲ့၊ ကျွန်တော့်ကိုယုံပါ၊ ကျွန်တော် ဆရာတူအစ်မရှုကို ငြင်းပေမဲ့လည်း မိန်းကလေးရှန်းလို မိန်းကလေးတွေပဲ သဘောကျတာပါ"
"..."
သူ့စကားဆုံးတာနဲ့ ဓားချီတစ်တန်းက ကူယွဲ့ဘေးက ဖြတ်သွားကာ ထောင့်မှာကျုံ့နေတဲ့ လူကို နံရံဆီ လွှင့်ပစ်လိုက်ရင်း နံရံထဲ ကပ်ခံလိုက်ရလေတော့တယ်။
ခွေးလေး မင်း တကယ် ဒီတစ်ချိန်လုံး ငါ့ဆရာကို ကြိတ်ကြံနေခဲ့တာပဲ။
ကူယွဲ့ တစ်ဖက်လှည့်ကာ ဒေါသထွက်နေတဲ့ ယိချင်းဘက် တစ်ချက်ကြည့်လိုက်တယ်။ ဖွီ စောနတည်းက လှုပ်ရှားခဲ့ရင် ကောင်းမှာကို။ သူ မျက်ဆံလှန်လိုက်ပြီး နံရံထဲကအပေါက်ထဲ မေ့နေတဲ့ တစ်ယောက်သောသူကို တူးထုတ်ဖို့ရှေ့သွားလိုက်တယ်။
သူ ကျိုးရှုမင်ရဲ့ အပေါ်ဝတ်ကို ဆွဲဖွင့်ပြီး သေချာစစ်ဆေးလိုက်တယ်။ ထင်ထားတဲ့အတိုင်းပဲ သူ့ကျောနောက်မှာ အမည်းရောင်အမှတ်အသားတစ်ခု မြင်လိုက်ရတယ်။ ဒါပေမဲ့ တစ်စုံတစ်ခုနဲ့ ဖုံးအုပ်နေပုံပေါ်ပြီး ဘာအရှိန်အဝါမှ မထွက်ဘူး။
"တကယ်ရှိတယ်" ကူယွဲ့ အမူအရာ မည်းမှောင်သွားပြီး နှစ်ယောက်သားကိုကြည့်လိုက်တယ်။
"ကြည့်ရတာ ငါတို့ခန့်မှန်းချက်တွေက မှန်ကန်တဲ့ပုံပဲ၊ ရှုယီက မိစ္ဆာလမ်းစဉ်ကျင့်ကြံသူရဲ့ ဖြစ်ရပ်အတွက် ကျိုးရှုမင်ကို ချောက်ချချင်နေတာ၊ ပြီးတော့ တျန်းချန်တောင်က အဖြစ်အပျက်ကိုလည်း သိလောက်တယ်၊ ဘယ်သူသိနိုင်မလဲ သူနဲ့ပတ်သက်ရင်တောင် ပတ်သက်နေမှာ"
"နတ်ဆိုးချီပေါ်က ထူးခြားတဲ့စွမ်းအင်က စနစ်ကပဲ၊ အဲဒါကြောင့် အာရုံမခံမိကြတာနေမယ်" ယိချင်းက ခပ်တိုးတိုးပြောလိုက်တယ်။ "ဒီနတ်ဆိုးချီကို နှိမ်နင်းရတာက မခက်ခဲဘူး၊ ဒါပေမဲ့ ကျွန်တော်တို့ ရန်သူကို သတိပေးမိသလိုဖြစ်ပြီး စနစ် တစ်ခုခုအာရုံခံမိသွားမှာတော့ စိုးရိမ်ရတယ်"
ကူယွဲ့ သေချာကြည့်ကာ သူ့အမူအရာက သုန်မှုန်နေတယ်။ "ဒါပေမဲ့ ဒီနတ်ဆိုးချီက စိုက်ပြီးပြီမို့ သုံးရက်အတွင်း ပေါက်ကွဲထွက်လာမှာ၊ တကယ်လို့ အချိန်မီမဖြေရှင်းရင် ကျိုးနှစ်ကျပ် ကျင့်ကြံမှုကို သက်ရောက်စေမှာ စိုးရိမ်မိတယ်"
ရှုယီရဲ့ ရည်ရွယ်ချက်ကတော့ လူတိုင်းကို ကျိုးရှုမင်ရဲ့ နတ်ဆိုးချီတွေ ပေါက်ကွဲထွက်လာတာ မြင်စေပြီး အဲချိန်ကျမျက်စိအားလုံးအောက် သူ ဘယ်လိုရှင်းပြပြ နာမည်ကို ရှင်းနိုင်တော့မှာမဟုတ်ဘူး။
"ဒီပြင်ပစနစ်ကို တိုက်ရိုက်ရှင်းထုတ်လို့မရသလို ထားထားလို့လည်းမရဘူး၊ အထု ဘာလုပ်သင့်လဲ"
"ဘာလို့..." ရှန်းရင်က ရုတ်တရက် စကားပြောလာတယ်။
"ငါတို့ရော စနစ်တစ်ခု ဘာလို့ မခေါ်တာလဲ"
ကူယွဲ့ ။ ။ "..."
ယိချင်း ။ ။ "..."
အော်ဟုတ်သား သူတို့မှာရော စနစ်ရှိတယ် မဟုတ်လား။
(⊙ o ⊙)
အဝေးက ဝူတိဂိုဏ်းထဲ တစ်ယောက်သောသူ ကျောရိုးထဲထိ ချမ်းစိမ့်သွားလေတော့တယ်။