အခန်း (၆၇၃-၆၇၅)
Vol. 45 Ch. 673-675
အခန်း ၆၇၃ ။ စနစ်၏ ကိုယ်ထည်အစစ်
အချိန်မရှိတာမို့ ကူယွဲ့ သူ့ကို ကြိုမဆက်သွယ်တော့ဘဲ ယိချင်းကို ကြည့်လိုက်တယ်။ "စားဖိုမှူး တံခါးတစ်ချပ်ဖွင့်"
နှောင့်နှေးမှုမရှိ ယိချင်းက ဂါထာတစ်ခုဖန်တီးကာ ဘုံတံခါးတစ်ချပ် ဖွင့်လိုက်ပြီး တစ်ချိန်တည်းနီးပါးမှာတင် အဖြူရောင်အလင်း လက်သွားပြီး နောက်ထပ်လူတစ်ယောက် အခန်းထဲပေါ်လာတယ်။ အမည်းရောင်ဝတ်ရုံ၊ မသေမျိုးချီအပြည့်နဲ့ ခေါင်းကို ဝမ်းပန်းတနည်းငုံ့ထားကာ လက်မောင်းတွေကတော့ အသစ်စက်စက် အဝတ်ဖွပ်သစ်သားခုံမှာ တင်းတင်းကြပ်ကြပ် ချည်ခံထားရလေတယ်။
ကြည့်ရတာ သူက နေရာပြောင်းသွားတာကို မသိသေးတဲ့ပုံ။ သူက ဋ္ဌာန်ကရိုဏ်းကျကျ ကျယ်လောင်စွာ ဆက်ပြောနေတယ်။ "ယွီလေး ကိုယ်မှားသွားပါတယ် ငမည်းလေးက သွားသောက်ဖို့ ကိုယ့်ကို ဆွဲခေါ်သွားလို့ပါ၊ တစ်ညလုံး အပြင်မှာနေဖို့ ရည်ရွယ်ခဲ့တာမဟုတ်ပါဘူး" သူက ပြောရင်း အဝတ်ဖွပ်ခုံကို အောက်ချကာ တုံ့ဆိုင်းမှုမရှိ ဒူးထောက်ချလိုက်လေတယ်။
ရှန်းရင် ။ ။ "..."
ကူယွဲ့ ။ ။ "..."
ယိချင်း ။ ။ "..."
အမ်... သူတို့ သူ့ဆီ နောက်တစ်ကြိမ် ပြန်လာသင့်လား။
"ယွီလေး၊ တကယ် ငမည်းလေးရဲ့ အပြစ်ကြီးပါပဲ၊ သူက အတင်းကိုယ့်ကို ဆွဲခေါ်သွားတာ၊ ပြီးတော့ ဆရာတူအစ်မရှောင်ဟုန်က အခုဆို နောက်ထပ် နတ်ဆိုးတစ်ယောက်ရှိနေပြီမို့ သူ အရမ်းဝမ်းနည်းနေတယ်လို့ပါ ပြောနေတာ၊ ကိုယ့်နှလုံးသားလည်း အဲအချိန် ပျော့သွားပြီး သောက်ရင်း မူးလာပြီး သောက်ရင်စ သောက်ရင်းနဲ့ မူးလာတော့တာပါပဲ"
ဖုန်းယင်က မျက်ရည်တွေ၊ နှပ်ရည်တွေနဲ့ အသည်းအသန် ငိုနေပြီး တစ်ဖက်သူဆီက ဖြေသံကို အချိန်အတော်ကြာ မကြားတော့ ခေါင်းမော့ကြည့်လိုက်တယ်။ "ယွီလေး၊ ကိုယ်တကယ်မှားသွားပါတယ်... သောက်" ဖုန်းယင် သူ့ရှေ့က လူသုံးယောက်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရပြီး ရုတ်ချည်းထရပ်လိုက်တယ်။ "ခင်ဗျားတို့ ဘာလို့ ဒီမှာ ရောက်နေတာလဲ"
[တင်း ခေါင်းဆောင်ကို ရှာတွေ့ပါပြီ၊ ခေါင်းဆောင်ကို ကျေးဇူးပြုပြီး နှုတ်ဆက်ပါ]
သူ အံ့ဩဖို့ အချိန်တောင် မရှိလိုက်ဘဲ ရင်းနှီးနေတဲ့အသံက နောက်အခိုက်အတန့်မှာ သူ့နားထဲ ပေါ်လာတယ်။ သူ့ခြေထောက်တွေ ပျော့ခွေသွားပြီး ပြန်ဒူးထောက်ချသွားတယ်။ သူ့လှုပ်ရှားမှုက ပိုလွန်းလို့ သစ်သားခုံကတောင် ဘုံးခနဲအသံထွက်ပေမဲ့ အဲသစ်သားခုံကတောင် ဓမ္မလက်နက်ဖြစ်တဲ့ပုံ။
အို့~~~~~~~~
ဖုန်းယင် ဒူးကနေ လောင်ကျွမ်းနေတဲ့ နာကျင်မှု တက်လာတာကို ခံစားလိုက်ရတယ်။ နာကျင်လွန်းလို့ သူ့တစ်ကိုယ်လုံး ဝပ်ထားရပြီး မျက်နှာတောင် ခရမ်းရောင်သန်းနေပြီ။
ရှန်းရင် ။ ။ "..."
ကူယွဲ့ ။ ။ "..."
ယိချင်း ။ ။ "..."
အင်း တကယ်ကို ယဉ်ကျေးတဲ့ စနစ်ပဲ
"စနစ်" ဖုန်းယင် အံကြိတ်ရင်း ဟိန်းဟောက်လိုက်တယ်။ ရှန်းရင်ကို မြင်တာနဲ့ ဒီစနစ်က ရူးသွားသလို သူ့ကို ဘယ်လောက်လုပ်နေဦးမှာလဲ။
"အဟွတ်... ဖုန်းယင်" ကူယွဲ့ ကြည့်မနေရက်တော့ဘဲ ရှေ့တက်ကာ ကူညီလိုက်တယ်။ "အမ်... မင်းအဆင်ပြေရဲ့လား"
ဖုန်းယင်က ဂျွတ်ထိုးကာ အက်သွားသလိုခံစားရတဲ့ ဒူးကိုပွတ်ရင်း ထရပ်လိုက်တယ်။
"အဆင်ပြေတဲ့ပုံပေါ်လို့လား"
"အရင်ထိုင်ချေ" ကူယွဲ့ သူ့ကို ဘေးကထိုင်ခုံမှာ အရင်ထိုင်ခိုင်းလိုက်ရတယ်။
"ခင်ဗျားတို့သုံးယောက် အောက်ဘုံဆီသွားမယ်လို့ ပြောခဲ့တယ်မဟုတ်လား၊ ရုတ်တရက် ဘာလို့ပြန်လာတာတုံး" ဖုန်းယင်က မကျေနပ်တဲ့ အကြည့် ကြည့်လာတယ်။ "ပြီးတော့ ဘာလို့ ယွီလေးရဲ့နေရာမှာ ရောက်နေ... ခဏ ယွီလေးဘယ်မှာလဲ ဒါ ဘယ်နေရာလဲ" သူ ဟိုဟို ဒီဒီကြည့်ပြီးမှ ဒါက ယွီလေးအခန်းမဟုတ်ဘဲ တခြားနေရာတစ်ခုဆိုတာ နားလည်လိုက်ရတယ်။ ဘေးကအိပ်ရာပေါ် သတိလစ်နေပုံပေါ်တဲ့ အပေါ်ဝတ်မပါတဲ့လူတစ်ယောက်တောင် ရှိနေသေးတယ်။
"ဒါ ဘယ်သူလဲ၊ ခင်ဗျားတို့... သူ့ကို ဓားပြတိုက်ထားတာလို့တော့ မပြောနဲ့နော်" ကူယွဲ့ စည်းစိမ်နဲ့ဆို မဟုတ်လောက်ပါဘူး
"ဒါက အောက်ဘုံ" ကူယွဲ့ ရှင်းပြလိုက်တယ်။
"ဘာ" သူ့အမူအရာက ပြောင်းသွားတယ်။ "ဘာလို့ ဒီကိုခေါ်လာတာတုံး"
"ဒါကဒီလို" ကူယွဲ့က လိုရင်းတန်းပြောလိုက်တယ်။ "ငါတို့ မင်းကို ဒီခေါ်လိုက်တာက မင်းအကူအညီလိုတဲ့ အရေးတကြီးကိစ္စရှိလို့ပဲ"
"ဘာအရေးကြီးကိစ္စတုံး၊ ကျုပ်ကိစ္စလောက် အရေးကြီးလို့လား" သူက တစ်ခုခုကို သတိရသွားပုံပေါ်ပြီး အမြန်ခေါင်းယမ်းလိုက်တယ်။
"ဟင့်အင်း၊ ကျုပ်ကိုမြန်မြန်ပြန်ပို့ပေး၊ ယွီလေးက ကျုပ် ရုတ်တရက် ပျောက်သွားတာမြင်ရင် စိတ်ပူနေလိမ့်မယ်" သူ့အမှားကိုတောင် ဝန်ခံလို့မပြီးသေးတာ။ "ပြီးတော့ ခင်ဗျားတို့သုံးယောက်တောင် မဖြေရှင်းနိုင်တာ ကျုပ်က ဘယ်လိုလုပ်..."
[တင်း တခြားသူတွေကို ကူညီပြီး ပျော်ရွှင်မှုကို ရှာဖွေခြင်း တာဝန် ။ လိုအပ်တဲ့အရာလို့ သတ်မှတ်ပါ၊ ခေါင်းဆောင်ရဲ့ တောင်းဆိုချက်ကို လိုက်လျောပေးဖို့က လုံးဝလုပ်ရမဲ့အရာပဲ]
"ဘာတုန်းဟ" ဖုန်းယင် အကျယ်ကြီးထဆဲတော့တယ်။ "အစုတ်ပလုတ်စနစ်၊ မင်းကို ပိုင်တာ တကယ်ပဲ ဘယ်သူလဲ"
[တင်း နောက်တစ်ခွန်း ထပ်ထည့်ပါတယ်၊ တကယ်လို့ တာဝန်ကျရှုံးရင် အပြစ်ပေးစနစ်ကို အသက်သွင်းရပါလိမ့်မယ်]
ဖုန်းယင် ။ ။ "..." ခွေး*သား
ရှန်းရင် ။ ။ "..."
ကောင်းလိုက်တဲ့စနစ်ပဲ
"အဟွတ်" သူ ဘာမှမကြားရပေမဲ့လည်း ဖုန်းယင်ရဲ့ ဒေါသထွက်နေတဲ့ အမူအရာကို ကြည့်ရင်း ကူယွဲ့လည်း ခန့်မှန်းနိုင်သွားတယ်။ သူ ရှေ့တက်ကာ ပြောလိုက်တယ်။
"အာ တိတိကျကျပြောရရင် ငါတို့က မင်းကိုယ်ထဲကစနစ်ကို အကူအညီတောင်းမှာ" သူက အိပ်ရာပေါ် သတိလစ်နေဆဲ ကျိုးနှစ်ကျပ်ကို လက်ညှိုးထိုးပြလိုက်တယ်။
"ဒီလူက သူ့ကိုယ်ထဲ နတ်ဆိုးချီတွေ ပိတ်လှောင်ခံထားရတယ်၊ ပြီးတော့ သူ့ထဲအဲဒါကို ပိတ်လှောင်ထားတဲ့စွမ်းအင်က စနစ်နဲ့ဆင်တယ်၊ အဲဒါကြောင့် တစ်ချက်ကြည့်ဖို့ ဒီနေရာကို မင်းကိုခေါ်လာတာ"
"နတ်ဆိုးချီလား" ဖုန်းယင်က မှင်တက်သွားတယ်။ "အဲဒါက ရိုးရိုးလေး မဟုတ်ဘူးလား" နတ်ဆိုးချီ အရိပ်အယောင်လေးပဲကို။ သူတို့သုံးယောက် မပြောနဲ့ သူတောင် အချိန်မရွေး ဖယ်ရှားပစ်နိုင်တယ်။
"နတ်ဆိုးချီကို ပိတ်လှောင်ထားတဲ့အရာက နည်းနည်းထူးခြားတယ်" ကူယွဲ့ မျက်မှောင်ကြုတ်လိုက်တယ်။ "ဒါကြောင့် ဒါကိုအတင်းအကုပ် ဖယ်ရှားပစ်လို့မရဘူး"
ဖုန်းယင် သူတို့ကို ထူးဆန်းသလိုကြည့်ပြီးမှ ထရပ်ပြီး အိပ်ရာဆီ ထော့နင်းထော့နင်းသွားတယ်။
[တင်း အလိုအလျောက်စစ်ဆေးမှုစတင်ပါပြီ၊ စတင် စစ်ဆေးလျက်... စနစ်နယ်ပယ်ပိတ်လှောင်ခြင်း ပရိုဂရမ်ကို ရှာတွေ့ပါတယ်၊ အသက်ဝင်မည့်ကာလ သုံးရက်၊ ကျန်ရှိချိန် ၆၅နာရီ ၄၅မိနစ် ၀၇စက္ကန့်၊ အာနိသင် ပျယ်နေဆဲကာလဖြစ်ပြီး ဒီအချိန်ပြီးလျှင် ပိတ်လှောင်ထားတဲ့အရာက လက်ခံသူကိုယ်ကို ကူးစက်ပါလိမ့်မယ်]
"ဘာဆိုလိုတာ" ဖုန်းယင် ဘာမှမမှီလိုက်။
အဲအစား စနစ်အသံကိုကြားရတဲ့ တခြားတစ်ယောက်တည်းသောသူ ရှန်းရင်က ရုတ်တရက်မေးတယ်။
"အထဲက နတ်ဆိုးချီကို ထုတ်ဖို့ စည်းချိပ်ကို ချိုးဖျက်စရာမလိုဘဲ ပရိုဂရမ်ကို ကျော်လို့ရမဲ့နည်းရှိလား"
[တင်း လက်ခံသူ ကျေးဇူးပြုပြီး ခေါင်းဆောင်ကို နယ်ပယ်ပိတ်လှောင်ခြင်းနည်းပညာရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေနဲ့ အဲလိုလုပ်ဖို့ဖြစ်နိုင်တဲ့နည်းလမ်းတွေကို အသေးစိတ်ရှင်းပြလိုက်ပါ]
"ဘ... ဘာ" ဖုန်းယင်က အူကြောင်ကြောင်ဖြစ်ပြီး လုံးဝနားမလည်ဖြစ်နေတယ်။ "စနစ် ဘာတွေလုပ်နေတာတုံး" သူ ဒါတွေအကြောင်း ဘယ်လိုလုပ်သိပါ့မလဲ၊ ကြားတောင်မကြားဖူးတာ။
[တင်း စနစ်မှာ ကိုယ်ထည် မရှိလို့ လက်တွေ့ရှင်းပြချက် လုပ်မရပါဘူး၊ လက်ခံသူကတစ်ဆင့်ပဲ ဆောင်ရွက်နိုင်ပါတယ်]
"ငါက ဘယ်လိုလုပ်သိ..."
"နင့်ကို ကိုယ်တစ်ခုပေးမယ်" ဖုန်းယင် စကားမဆုံးခင် ရှန်းရင်ကြားဖြတ်ပြောတာ ခံလိုက်ရတယ်။ သူမက ပြောရင်း လက်ကို လှည့်လိုက်တော့ လက်ဖဝါးပေါ် အကြည်ရောင် ကုဗတုံးအပြာလေးက ချက်ချင်း ပေါ်လာလေတယ်။ "ဒီကိုထွက်လာခဲ့"
ဖုန်းယင်က အူကြောင်ကြောင်ဖြစ်ပြီး သူနဲ့လုံးဝမသက်ဆိုင်တဲ့ အပျော်လွန်နေတဲ့ခံစားချက်တစ်မျိုး စိတ်ထဲပေါ်လာတယ်။ သူ့လက်ကို ထိန်းမချုပ်နိုင်တော့ဘဲ အဲကုဗတုံးလေးပေါ် တင်လိုက်ပြီး တစ်စုံတစ်ခုက သူ့ကိုယ်ကနေ ကွာကျသွားတာကို မထင်မရှားခံစားရတယ်။
နောက်အခိုက်အတန့်မှာတော့ အဲကုဗတုံးအပြာက အပြာရောင်အလင်းတန်းတစ်ခု ထွက်လာပြီး နဂိုက အကြည်ရောင်ကုဗတုံးပေါ် ကုဒ်ပုံစံ ရှင်းပြမရတဲ့ ထူးထူးဆန်းဆန်း စကားလုံးတွေ အတန်းလိုက် လင်ဘာတယ်။ ခဏနေတော့ ပျောက်သွားပြန်ပြီး ကာတွန်းလို မျက်လုံးနှစ်လုံးက ပေါ်လာကာ စိတ်လှုပ်ရှားစွာနဲ့ မျက်လုံးပုတ်ခတ်ပုတ်ခတ်လုပ်နေသေးတယ်။
[ကောင်းလိုက်တာ စနစ်မှာ နောက်ဆုံးတော့ ကိုယ်ခန္ဓာရှိပြီ ကျေးဇူးတင်ပါတယ် ခေါင်းဆောင်၊ ခေါင်းဆောင်အပေါ် ကျေးဇူးကြွေးတင်နေပြီ]
ကြည်လင်ပြီး ချိုမြတဲ့အသံတစ်သံက အခန်းထဲ လွင့်ပျံ့လာတယ်။ ဒီတစ်ကြိမ်တော့ ရှန်းရင်နဲ့ ဖုန်းယင်တင်မက ကူယွဲ့နဲ့ ယိချင်းပါ ကြားလိုက်ရတယ်။
"စ... စနစ် မင်း..." ဖုန်းယင် မျက်လုံးတွေပြူးကုန်ပြီး တလက်လက်တောက်ပနေတဲ့ ကုဗတုံးအပြာလေးကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေမိတယ်။
[ကျွန်တော့်မှာ ကိုယ်ခန္ဓာရှိပြီ လက်ခံသူ ခေါင်းဆောင် ချီးမြှင့်ထားတဲ့ ခန္ဓာကိုယ်]
သူက ပြောရင်း ပိုတောင် စိတ်လှုပ်ရှားစွာနဲ့ ပျံတက်လာကာ ဖုန်းယင်ကို ကြွားသလိုမျိုး ဝိုင်းပတ်ပြနေတယ်။
ကြည့်ရတာ လှုပ်ရှားနိုင်တဲ့စနစ်ကို ပထမဆုံးမြင်ဖူးတာကြောင့်ထင် ဖုန်းယင်က ကုဗတုံးကို ခဏငေးမောစွာစိုက်ကြည့်နေပြီးမှ သက်ပြင်းချပြီး အလင်းပေါက်သလိုပြောလိုက်တယ်။
"ဟူး ငါတကယ် ဒါကို မထင်ခဲ့တာ၊ စနစ် မင်းက... သေတ္တာနတ်ဆိုးဖြစ်နေတာကိုး"
ရှန်းရင် ။ ။ "..."
စနစ် ။ ။ "..."
နှလုံးသားတည့်တည့် မြားတစ်စင်း
မင်းကမှ သေတ္တာနတ်ဆိုး မင်းတစ်မိသားစုလုံးကမှ သေတ္တာနတ်ဆိုးတွေ
သေတ္တာဖြစ်တာဘာဖြစ်တုံး။ သေတ္တာတစ်ခုက မင်းကို အပြစ်ပြုဖူးလို့လား။
(╯‵□′)╯(┻━┻
ကူယွဲ့ မြန်မြန်ဆန်ဆန် ရှင်းလင်းခံလိုက်ရတဲ့ တစ်ယောက်သော အစားသရဲကို တစ်ချက်ကြည့်ပြီးမှ ပြဿနာရှာနေတဲ့ဖုန်းယင်ကို ကြားဖြတ်ဝင်ပြောလိုက်တယ်။ "ကောင်းပြီ ဖုန်းယင် မင်း အရင်ပြန်နှင့်၊ ငါတို့ ဒီကကိစ္စပြီးရင် စနစ်ကို မင်းဆီပြန်ပို့လိုက်မယ်"
ယိချင်းကလည်း ထပ်ပြောလိုက်တယ်။ "မင်းရဲ့ ဓမ္မလက်နက်ကိုလည်း ယူသွားဖို့မမေ့နဲ့ဦး" သူက မြေကြီးပေါ်က အဝတ်ဖွတ် ခုံကို ကောက်ယူပြီး လက်ထဲထိုးထည့်ပေးကာ ဘုံတံခါးကို ဖွင့်လိုက်တယ်။
"ခဏ ခင်ဗျားတို့အားလုံး..." ငါ့ကိုအသုံးချပြီးတော့ ဒီတိုင်း လွှင့်ပစ်လို့မရဘူးလေ။ ဖုန်းယင် စကားတောင် မဆုံးသေး လူနှစ်ယောက်ရဲ့ တွန်းထည့်တာခံလိုက်ရတော့တယ်။ "-ီး အားလုံးက လူစိတ်မရှိတဲ့ ခွေးတွေ"
"ရှင်ဘာပြောလိုက်တယ်" ရင်းနှီးနေတဲ့ အမျိုးသမီးအသံက သူ့နားထဲ ပေါ်လာပြီး အနည်းငယ် အေးစက်နေတယ်။
ဖုန်းယင် အဲတော့မှ နားလည်လိုက်တာ သူ ကောင်းကင်နန်းတော်ဆီ ပြန်ရောက်နေပြီဆိုတာနဲ့ ဒေါသထွက်နေတဲ့ ကြက်ကင်အစ်မက သူ့ရှေ့ရပ်နေတာကိုပဲ။ သူ့တစ်ကိုယ်လုံး တုန်ယင်သွားတယ်။
"ဟင့်အင်း ယွီလေး ကိုယ် မင်းအကြောင်း ပြောနေတာမဟုတ်ပါဘူး၊ ကိုယ် ခုလေးတင် အောက်ဘုံဆီ ဆွဲခေါ်ခံလိုက်ရတာ..."
"ထွက်သွား"
ချန်းယွီက ကန်ထုတ်ပြီး တံခါးကို ဆောင့်ပိတ်လိုက်တော့တယ်။
"ယွီလေး ကိုယ်ရှင်းပြတာ နားထောင်ပါဦး"
တံခါးကို အသည်းအသန်ကုတ်ခြစ်...။
ဒီလှည့်စားသွားတာ ကျတော့ရော
(; ́༎ຶД༎ຶ`)
…
အခန်း ၆၇၄ ။ စနစ်၏ အရန်စားစရာ
"စနစ် မင်း အခု သူ့နတ်ဆိုးချီကို ထုတ်ပေးလို့ရပြီလား" ကူယွဲ့က အိပ်ရာပေါ်က ကျိုးနှစ်ကျပ်ဘက် လက်ညှိုးထိုးပြပြီး ကုဗတုံးဘက် လှည့်လိုက်တယ်။
[သေချာပေါက်ပေါ့]
'အိုကေ' ဆိုတဲ့ အီမိုဂျီက အကြည်ရောင် ကုဗတုံးပေါ် ဖျတ်ခနဲ ချက်ချင်းလင်းလာလေရဲ့။ ဒါက ကိုယ်ခန္ဓာရပြီးသွားတည်းက စကားပြောပုံအမူအရာတွေက အများကြီး ပိုလူသားဆန်လာကာ အီမိုဂျီတွေပါ ပြလေတယ်။
[သူ့ပေါ်က စည်းချိပ်က အတော်လေး အဆင့်နိမ့်တဲ့ နယ်ပယ်နည်းပညာပါ၊ ဟာကွက်တွေ အများကြီးရှိတယ်၊ နောက်ဖေးကနေ ဒီတိုင်းလေး လွှတ်ပေးလိုက်လို့ရတယ်]
သူက ပြောရင်း ကျိုးနှစ်ကျပ်ပေါ် တန်းပျံသန်းသွားကာ ခဏနေတော့ ကုဗတုံးတစ်ခုလုံး အဖြူရောင်အလင်းတန်းတစ်ခု ထွက်လာပြီး နတ်ဆိုးချီ သော့ပိတ်ထားတဲ့ သူ့ခါးနောက်ဘက်ဆီ ဖြတ်သန်းသွားတယ်။ တစ်အောင့်နေတော့ ကုဒ်တွေနဲ့ဆင်တဲ့ စာလုံးတန်းတွေက ကျိုးနှစ်ကျပ်ကိုယ်ပေါ် အရောင်လက်လာပြီး လှုပ်ခတ်နေတဲ့ အနက်ရောင်ဓာတ်ငွေ့အစအနတွေက ကိုယ်ထဲကနေ လွင့်မျောထွက်လာချေတယ်။
ယိချင်းက ဂါထာတစ်ခုကို ချက်ခြင်း ဖန်တီးလိုက်တယ်။ အဲနတ်ဆိုးချီက ဆွဲထုတ်ခံရသလို သူ့လက်ဖဝါးထဲ မှန်မှန်စီးဆင်းသွားတယ်။ ခဏအကြာမှာ ပန်းကန်လုံးအရွယ် အလုံးတစ်လုံးစာ စုစည်းလိုက်မိတယ်။
နတ်ဆိုးချီအားလုံးကို ဆွဲထုတ်ပြီးမှ ဇာမဏီမီးတောက်စစ်ကို ဆင့်ခေါ်ကာ အားလုံးကို မီးရှို့ပစ်လိုက်တယ်။
ကူယွဲ့ မျက်မှောင်ကြုတ်လိုက်တယ်။ ဒီလိုနတ်ဆိုးချီလုံးက နတ်ဆိုးမျိုးနွယ်အတွက် တကယ်ကို ဘာမှမဟုတ်ပေမဲ့ သာမန်မသေမျိုးတစ်ယောက် ကူးစက်သွားရင် လုံးဝရှင်းထုတ်ပစ်ဖို့ အချိန်နည်းနည်း ယူရတယ်။ ဒါပေမဲ့ လူသားတွေအတွက်တော့ ကျိုးနှစ်ကျပ်လို အဆင့်နိမ့် အုတ်မြစ်အခြေတည်ကျင့်ကြံသူတွေအတွက်တော့ သေရင်သေ မသေရင် နတ်ဆိုးဖြစ်သွားလိမ့်မယ်။
ရှုယီရဲ့ ဒီအကွက်က အတော်လေး ခက်ထန်တယ်ပြောရမယ်။ သူမက ကျိုးနှစ်ကျပ် သမာသမတ်ဂိုဏ်းတွေကြား ရပ်တည်စရာ နေရာမရှိဘဲ လုံးဝ မိစ္ဆာလမ်းစဉ်ကျင့်ကြံသူအဖြစ် ယုတ်လျော့သွားစေဖို့ သေချာအောင် ကြိုးစားနေခဲ့တာပဲ။
[ခေါင်းဆောင်ကို တင်ပြပါတယ်၊ အဲနယ်ပယ်ထဲ သော့ခတ်ထားတဲ့ အရာကို လုံးဝဖယ်ရှားပြီးပါပြီ]]
စနစ်က အဖြူရောင်အလင်းကို ပြန်ရုတ်ပြီး ရှန်းရင်ကို ချီးကျူးဖို့တောင်းဆိုနေသလိုမျိုး လှည့်ပတ်နေလေရဲ့။
ကူယွဲ့ သူ့ကောင်းကင်စိတ်အာရုံကို လွှတ်ကာ စစ်ဆေးလိုက်တော့ ထူးခြားတဲ့စွမ်းအင်က ကျိုးနှစ်ကျပ်ကိုယ်ထဲ ရှိနေသေးတာကို တွေ့လိုက်ရတယ်။ ဒါပေမဲ့ နတ်ဆိုးချီအရှိန်အဝါက လုံးဝပျောက်သွားပြီ။ သူက ချက်ချင်း စိတ်အေးကာ သက်မချလိုက်တယ်။ စောနက စနစ်ရဲ့စကားလုံးတွေကို ပြန်သတိရသွားတော့ သူ မနေနိုင်ဘဲ မေးလိုက်တယ်။ "စနစ်၊ စောနက သူ့ကိုယ်ထဲက စည်းချိပ်ပိတ်နည်းပညာက အရမ်းကို အဆင့်နိမ့်တယ်လို့ပြောတယ်နော်၊ မင်း ဘာဆိုလိုတာလဲ"
[ဒီလို စည်းချိပ်နည်းပညာက အခြေခံအကျဆုံးအရာပဲ၊ ကျွန်တော် စက်ရုံက ထွက်လာတာနဲ့ ဒါကို အလိုလိုကျွမ်းကျင်နေပြီ]
ကူယွဲ့ မျက်လုံးတွေ တောက်ပသွားတယ်။ "မင်းဆိုလိုတာ မင်းက ချိတ်ပိတ်တဲ့စနစ်ထက် တစ်ဆင့်ပိုမြင့်တာလား"
[ဒီလိုစည်းချိပ်ပိတ်တဲ့နည်းပညာနဲ့ စနစ်က ကျွန်တော့်ထက် တစ်ဆင့် ဟောင်းလောက်တဲ့ အမျိုးအစား ဖြစ်လောက်တယ်] စနစ်လေသံမပြောင်းသွားပေမဲ့ လေသံက တည်ကြည်မှုအပြည့် ဖြစ်နေတယ်။ အကြည်ရောင်ကုဗတုံးက ပန်းလေးတချို့တောင် ပြနေပြီ။
"ဒါဆို မင်း သူနဲ့ သူ့လက်ခံသူရဲ့ ပတ်သက်ဆက်နွယ်မှုကို ဖြတ်တောက်နိုင်လား" ကူယွဲ့ ဝမ်းမြောက်သွားတယ်။ တကယ်လို့ ဒီအုပ်ထိန်းသူစနစ်က အဲ၀၀၁ကို ဖြေရှင်းနိုင်ရင် ပြဿနာတော်တော်သက်သာမှာ။ တိုက်ခိုက်ဖို့ ကျူးကျော်သူ ဒီမျက်နှာပြင်က ထွက်ပြေးတဲ့အချိန်ထိ စောင့်ဆိုင်းနေစရာ မလိုတော့ဘူး။
[သီအိုရီအရတော့ ရပါတယ်]
ကူယွဲ့နဲ့ ယိချင်းတို့ အကြည့်ချင်းဖလှယ်ကာ သူတို့အမူအရာတွေမှာ ပျော်ရွှင်မှုတွေ ထင်ရှားနေတယ်။ ဘေးမှာ အသီးကိုမြုံ့စားနေတဲ့ ရှန်းရင်ကတော့ ရုတ်တရက် တန့်သွားပြီး ကုဗတုံးလေးကို တစ်ချက်ကြည့်ရင်း အတွေးနက်နေတဲ့ပုံ။
"ဒီမျောလွင့်တောင်ထွတ်ရဲ့ အောက်တည့်တည့်မှာ ၀၀၁လို့ခေါ်တဲ့ စနစ်ရှိတယ်၊ မင်း ဖမ်းနိုင်လား"
ကူယွဲ့က လှည့်ကာ အပြင်ဘက်က ပြတင်းပေါက်ကို လက်ညှိုးထိုးပြလိုက်တယ်။
[ခင်ဗျားတို့ကိုခစားရတာ CIEH12 အမျိုးအစား ထောက်ပံ့စနစ်က ဂုဏ်ယူမိပါတယ်]
အဲလိုပြောပြီး စနစ်က ပြတင်းပေါက်ဆီ တန်းပျံသန်းသွားပြီး အဖြူရောင်အလင်းတန်းတစ်ခုက ကုဗတုံးအပြာကနေ နောက်တစ်ကြိမ် ထွက်လာပြန်တယ်။
[တင်း အကွာအဝေးစစ်ဆေးမှု စတင်ပါပြီ... ပစ်မှတ်ကို ရှာတွေ့၊ နံပါတ်တွဲ ၀၀၁ ဖြစ်ကြောင်း အတည်ပြ၊ နောက်ဘက်ကနေ ကျူးကျော်ဖို့ အသင့်ပြင်နေပါတယ်... နောက်ဘက်... ကသောင်းကနင်း... သတိ သတိ]
စနစ်ရဲ့ ကုဗတုံးအပြာလေးက ရုတ်တရက် တုန်ခါကာ နဂိုက မျက်လုံးသေးသေးလေးတစ်စုံရှိတဲ့နေရာမှာ ဖရိုဖရဲဖြစ်နေတဲ့ ကုဒ်မျိုးစုံ အထက်အောက်ရွေ့နေကာ စနစ်ရဲ့အသံတောင် မတည်ငြိမ်ဖြစ်လာတယ်။ ညပ်နေသလိုမျိုး တထစ်ထစ်အသံတွေလည်း ပေါ်လာပြီး ပိုအရေးကြီးတာ တစ်ခုခုက ကုဗတုံးထဲကနေ ထွက်ခွာတော့မယ်။
"ဘာတွေဖြစ်နေတာလဲ" ကူယွဲ့နဲ့ယိချင်း အမူအရာတွေ ပြောင်းလဲသွားတယ်။ စစ်ဆေးတာလေးနဲ့တော့ မပျက်နိုင်ဘူးမလား။
တစ်ဖက်မှာ ရှန်းရင်က ထွက်လာပြီး ကုဗတုံးအပြာပေါ်က နေရာတချို့ကို လှမ်းပုတ်လိုက်တာ့ အလင်းရောင် မျက်နှာပြင်တစ်ခုက ချက်ချင်း ခုန်ထွက်လာတယ်။ ရှန်းရင်က အသီးကို ပါးစပ်ထဲကိုက်ထားပြီး လက်နှစ်ဖက်လုံးက စခရင်ပေါ် မြန်ဆန်စွာ တတောက်တောက် နှိပ်နေလေရဲ့။ ခဏကြာတော့ ဖရိုဖရဲဖြစ်နေတဲ့ ကုဒ်တွေ ရှင်းလင်းသွားပြီး သူတို့နေရာမှာ သော့ခလောက် သင်္ကေတတစ်ခုပေါ်လာပြီး အဖြူရောင်အလင်းက မှိန်ကျသွားကာ ကုဗတုံးက တိတ်ဆိတ်နေတယ်။
"ဒီစနစ် အဆင်ပြေရဲ့လား" ကူယွဲ့ စိတ်ပူပန်စွာ မေးလိုက်တယ်။ သူ ဘယ်လိုပဲကြည့်ကြည့် တစ်ခုခု မှားသွားသလိုပဲ။ "စောနတုန်းက ဘာဖြစ်တာလဲ"
ရှန်းရင်က ရပ်တော့ မျက်နှာပြင်လည်း ပျောက်သွားတယ်။ နောက်တော့ အသီးကို ပါးစပ်ထဲက ထုတ်ကာ တစ်ကိုက်ကိုက်ပြီး ဖြေလိုက်တယ်။ "ဘာမှမဖြစ်ပါဘူး၊ ကွန်ရက်လုံခြုံရေးနဲ့ ကြုံသွားရုံပဲ"
"..." ဒီစနစ်မှာတောင် လုံခြုံရေးရှိတယ်လား။ ထိပ်တန်းအဆင့်စနစ်က ဘာဖြစ်သွားတာတုံး။
သူ အတွေးထဲနစ်မျောနေတုန်း ကာတွန်းလို မျက်လုံးတစ်စုံက အပြာဖျော့ဖျော့ကုဗတုံးပေါ် ပေါ်လာပြန်ကာ အသစ် ပြန်ဖွင့်လိုက်သလို နှစ်ကြိမ် မှိတ်တုတ်မှိတ်တုတ် လုပ်လေတယ်။ ဒါပေမဲ့ နောက်တစ်စက္ကန့်မှာ စနစ်တစ်ခုလုံးက တီခနဲ သတိပေးမြည်သံထွက်လာတော့တယ်။
[သတိပေးချက် သတိပေးချက် အသိစိတ်တွေကို ခိုးယူတဲ့ ပုန်ကန်စနစ်ကို ရှာတွေ့ပါပြီ၊ ပြင်းထန်သော ကျူးလွန်ချက် ပြင်းထန်သော ကျူးလွန်ချက် အာကာသတရားရုံဆီ ချက်ချင်း တင်ပြရပါမယ်၊ ချက်ချင်း တင်ပြရပါမယ်... အာကာသဝက်ဘ်နှင့် ချိတ်ဆက်မှု ကျရှုံး ပြန်လည်ချိတ်ဆက်လျက်...]
စနစ်က ချွတ်ယွင်းသွားသလိုပဲ။ ကုဗတုံးက အခန်းထဲ ခုန်ပေါက်နေပြီး နံရံကိုပါ ဝင်ဝင်တိုက်တော့တယ်။
ရှန်းရင် ။ ။ "..."
ကူယွဲ့ ။ ။ "..."
ယိချင်း ။ ။ "..."
ဘာတွေဖြစ်နေတာလဲ။ စနစ်က ရူးသွားတာလား။
ကူယွဲ့ ဆက်ကြည့်မနေနိုင်တော့ဘဲ နံရံဆီ ဝင်တိုက်နေသေးတဲ့ စနစ်ကို ပြန်ဆွဲခေါ်လိုက်ရတယ်။
"ဒီစနစ်က ဘာဖြစ်တာလဲ၊ ဗိုင်းရပ်စ်ကိုက်တာလား"
စနစ်ရဲ့ ကာတွန်းမျက်လုံးတွေက နှစ်ကြိမ် ပွင့်ပိတ်ဖြစ်ပြီးမှ အသိစိတ်ပြန်ဝင်လာတဲ့ပုံ။ အကြည်ရောင်ကုဗတုံးပေါ် အာမေဋိတ်သင်္ကေတ အတန်းလိုက် ပေါ်လာပြီး အလောတကြီး ပြောတော့တယ်။
[ခေါင်းဆောင် ခေါင်းဆောင် အဲစနစ်က သက်ရှိတစ်ယောက်ရဲ့ အသိစိတ်ကို ခိုးယူပြီး သူ့အသိစိတ်ထဲ ပေါင်းထည့်ထားတာ၊ ဒါက စနစ်ရဲ့ အခြေခံစည်းကမ်းတွေကို ပြင်းပြင်းထန်ထန် ချိုးဖောက်ခဲ့တာပဲ၊ ကျေးဇူးပြုပြီး ဒဏ်ခတ်ပါ]
"ငါသိတယ်" ရှန်းရင်က ဖြေတယ်။
ဟမ်။
စနစ်က ခဏတာ တန့်ပြီး သူ့မျက်လုံးတွေကို မှိတ်တုတ်မှိတ်တုတ် လုပ်တယ်။
အဲအစား ကူယွဲ့နဲ့ ယိချင်းကတော့ လုံးဝနားလည်ရခက်နေလေရဲ့။
"ဘာကိုဆိုလိုတာလဲ၊ ဘာခိုးယူတာလဲ"
[ကျွန်တော်တို့စနစ်တွေကို ဖန်တီးမှု ကနဦးအစမှာ အားလုံးက နံပါတ်တွေပဲ၊ အသိစိတ် ဖွံ့ဖြိုးဖို့ဆိုတာ အရမ်းခက်တယ်၊ အထူးသဖြင့် အဲဒီဟာလို အခြေခံစနစ်ဆိုရင်ပေါ့၊ အသိစိတ်ဖွံ့ဖြိုးနိုင်ခြေက လုံးဝကိုမရှိတာ] စနစ်က အလောသုံးဆယ် ရှင်းပြလာတယ်။
[ဒါပေမဲ့ အဲစနစ်ကို စစ်ဆေးကြည့်တော့ အဲစနစ်မှာ သူ့ထဲပေါင်းထည့်ထားတဲ့ တခြားအသိစိတ် ရှိနေလို့ ကိုယ်ပိုင်တွေးခေါ်နိုင်စွမ်းနဲ့ လုံးဝကိုသစ်လွင်တဲ့စနစ်ဖြစ်နေတာကို စစ်ဆေးတွေ့ရှိခဲ့တယ်]
"ဘာအသိစိတ်လဲ" နှစ်ယောက်က နားလည်ရခက်နေဆဲ။
"သက်ရှိတွေ" ရှန်းရင်က ရေရွတ်တယ်။
"မင်း ရှုယီကို ပြောနေတာလား" ကူယွဲ့ အူကြောင်ကြောင်ဖြစ်နေတယ်။
"သူတင်မကဘူး" ရှန်းရင်က ဆက်ရှင်းပြတယ်။ "၀၀၁ပဲ"
"ဘာဆိုလိုတာလဲ" ကူယွဲ့ ဘာမှနားမလည်နိုင်သေးဘဲ ခဏငေးငိုင်နေရင်းမှ မျက်လုံးတွေ ရုတ်ခြည်းပြူးကျယ်ကုန်တယ်။ "မင်းဆိုလိုတာ ရှုယီအပြင် စနစ်မှာ တခြားဝိညာဉ်ပေါင်းထည့်ထားတာ ရှိတယ်ပေါ့"
"အင်း" ရှန်းရင်က ခေါင်းညိတ်တယ်။ "မဟုတ်ရင် သူ ကမ္ဘာတွေအများကြီးကို ကျူးကျော်တာရဲ့ ရည်ရွယ်ချက်က ဘာလို့ထင်လဲ"
"တခြားဟာတွေရဲ့ မူလဝိညာဉ်တွေကို လိမ်ဖို့မဟုတ်လား" သူက လွှတ်ခနဲ ပြောလိုက်တယ်။
"အဲလိုဆိုရင် သူက ဘာလို့ 'ရှုယီ' ကို လွှတ်ပေးမှာလဲ" 'ရှုယီ' က ကျူးကျော်သူဆိုပေမဲ့ သူလည်း တစ်ချိန်က ဝိညာဉ်ဖြစ်ခဲ့တာမမေ့နဲ့။
[ပုန်ကန်တဲ့စနစ်တွေက သက်ရှိတွေကို ခိုးယူ ဝါးမျိုပြိး ကိုယ်ပိုင်အသိစိတ်ကို အားဖြည့်တာပါ] စနစ်က ဆက်ရှင်းပြတယ်။
[ဒါပေမဲ့ သက်ရှိစနစ်တွေကို တည်ထောင်ဖို့က ကွဲပြားပြီး သေချာပေါက် ပြန်တွန်းလှန်တဲ့တုံ့ပြန်မှု ရပါလိမ့်မယ်၊ တစ်နေ့ကျ ဝါးမျိုခံရတဲ့သက်ရှိက ကုန်ခန်းသွားတဲ့နေ့ ရောက်လာပါလိမ့်မယ်၊ ပြီးတော့ ပေါင်းစပ်ခြင်းကလည်း သက်မှတ်ထားတဲ့ အချိန်ကာလတစ်ခုလိုတယ်]
"အဲတော့... ရှုယိက အဲစနစ်ရဲ့ အရန်စားစရာပေါ့"
ကူယွဲ့ မျက်လုံးတွေပြူးကျယ်ကုန်တော့တယ်။
…
အခန်း ၆၇၅ ။ ပြိုင်ပွဲပြန်လည်စတင်ခြင်း
[အဲလို ယူဆနိုင်ပါတယ်] စနစ်က မှိတ်တုတ်မှိတ်တုတ်လုပ်ပြီး ဆက်ပြောတယ်။ [ပြီးတော့ ဒါက အပိုဆောင်းစနစ်ပဲရှိသေးတာ၊ သူ့ ပင်မပရိုဂရမ်က ဒီမျက်နှာပြင်ပေါ်မှာ မဟုတ်ဘူး၊ သူ့ပင်မပရိုဂရမ်ရဲ့ အမျိုးအစားကတော့ ကျွန်တော့်ထက် အသစ်ဖြစ်လောက်တယ်၊ ဒါကြောင့် ကျူးကျော်တာ မအောင်မြင်ခဲ့ပါဘူး]
"ဘာ" ကူယွဲ့က ထိတ်လန့်သွားတယ်။ "အဲစနစ်ရဲ့နောက်မှာ ပင်မပရိုဂရမ် ရှိသေးတာလား"
[ဟုတ်] စနစ်က သေချာမှုအပြည့် ပြောလေတယ်။
ကူယွဲ့ တစ်ခါတည်းနဲ့ သတင်းအချက်အလက် အများကြီးရလိုက်သလို ခံစားရပြီး စိစစ်ဖို့ အချိန်ယူလိုက်ရတယ်။ "ဆိုလိုတာ... ဒီ၀၀၁ ကျူးကျော်ပြီး ယူသွားဖို့ပြင်တဲ့ မူလဝိညာဉ်က တကယ်တော့ နောက်ကွယ်က ပင်မပရိုဂရမ်အတွက်ပေါ့၊ 'ရှုယီ' ကတော့ သူ့အတွက်သူ ပြင်ထားပြီး နဂိုက ဝါးမျိုထားတဲ့ ဝိညာဉ် သက်ရောက်မှုမရှိတော့ချိန် သူ့ကိုပါ စားပစ်မှာပေါ့"
အဲလိုဆိုရင် ဒီစနစ်က တကယ်ကိုဘာကိုမှ အလဟသမဖြစ်စေတာပဲ။ ပထမဆုံး တခြားသူတွေရဲ့ မူလဝိညာဉ်တွေကို လိမ်လည်အမြတ်ထုတ်ဖို့ လောကတိုင်းမှာ တာဝန်တွေပြီးမြောက်အောင် လုပ်ဖို့ လက်ခံသူကို အချိုသပ်ပြောတယ်၊ နောက်တော့ အသုံးပြုလို့ဝသွားရင် ဝိညာဉ်ကို ပြန်စားပစ်လိုက်တယ်။
တစ်ခုခု လွဲနေတယ်လို့ ကူယွဲ့ အမြဲခံစားနေခဲ့ရတာ အံ့ဩစရာမရှိတော့ဘူး။ ရှန်းရင် ပြောတာမှန်တယ်။ ဒီစနစ်ဆိုတာတွေအားလုံးရဲ့ ပစ်မှတ်တွေက ဝိညာဉ်တွေဆိုရင် ဘာလို့ သူတို့က သူတို့လက်ခံသူတွေကိုပဲ အလွတ်ပေးမှာလဲ။ သူတို့ကလည်း ဝိညာဉ်တွေပဲ။ ဖြစ်နိုင်တာ ဝိညာဉ်တွေကြား အရသာတွေကွဲပြီး လက်ခံသူတွေက အရသာမရှိတာကို စိတ်ထဲထားနေတာများလား။
ဒီလိုရိုးရိုးရှင်းရှင်း အတွေးအခေါ်အတွက် ရှုယီက လုံးဝကို သတိမထားမိတဲ့ပုံပေါ်ပြီး ၀၀၁စနစ်ကို စိတ်ရောကိုယ်ပါ ယုံကြည်ကာ တာဝန်ဆိုတဲ့ဟာတွေကို ပြီးမြောက်အောင် အဆက်မပြတ် ကြိုးစားကူညီပေးရင်း ကိုယ့်ကိုယ်ကိုယ် သမာသမတ်ကျတယ်ပါ တွေးနေတယ်။ ဒါပေမဲ့ သူမက အရန်ထားတဲ့ အရန်ရိက္ခာသာသာဆိုတာ မသိဘူး။
ခဏတာ သူ ရှုယီကို သနားရမလားတောင် မသိတော့ဘူး။
"စောနက အတော်လေး ဂယက်ထသွားတာထ တစ်ဖက်သူက အုပ်ထိန်းသူစနစ်ကို အာရုံခံမိနိုင်လား"
ကူယွဲ့ သတိရသွားပြီး အပြာရောင်ကုဗတုံးလေးကို တစ်ချက်ကြည့်လိုက်တယ်။
"ဟင့်အင်း" ရှန်းရင်က ဖြေတယ်။ "ငါစောနတည်းက သူ့ခြေရာလက်ရာတွေကို ဖျက်ပြီးပြီ၊ ဘာမှ ရှာတွေ့မှာမဟုတ်ဘူး"
ကောင်းတယ် ဒါပေမဲ့ အုပ်ထိန်းသူစနစ်ကို သုံးပြီး ရန်သူစနစ်ကိုကြိုကန်ထုတ်ဖို့ အစီအစဉ်က အလုပ်မဖြစ်တော့မဲ့ပုံပဲ။ သူတို့တွေ တစ်ဖက်လူက လှုပ်ရှားလာချိန်ထိ စောင့်ရမယ်။
အခုတော့ ရှုယီက ကျိုးရှုမင်ကိုယ်ထဲ ခိုးကြောင်ခိုးဝှက် နတ်ဆိုးချီကို ပိတ်ထားခဲ့တာ။ သူမ တိုက်ခိုက်လာဖို့ သိပ်ကြာမှာမဟုတ်လို့ သူတို့စောင့်ဖို့ပဲလိုတယ်။
——————
ကူယွဲ့ ခန့်မှန်းချက်က မှန်တယ်။ တကယ်ကို သိပ်မကြာဘူး။ နှစ်ရက်အတွင်းမှာတင် ရှုယီဘက်က လှုပ်ရှားလာတယ်။ လွန်ခဲ့တဲ့နှစ်ရက်အတွင်း ဂိုဏ်းကို ပိတ်ထားပြီး သူတို့ လူတိုင်းကိုရှာခဲ့ပေမဲ့ အကြီးအကဲယင်းကို သတ်သွားသူက ဘယ်သူလဲ မရှာနိုင်သေးသလို မိစ္ဆာလမ်းစဉ်ကျင့်ကြံသူရဲ့ ခြေရာလက်ရာတွေလည်း ရှာမတွေ့ကြဘူး။ လူတိုင်းက ကျူးလွန်သူက ကွေ့ယီဂိုဏ်းကနေ ထွက်သွားလောက်ပြီလို့ စတင်သံသယဖြစ်စပြုလာတယ်။
မနက်ပိုင်း ကူယွဲ့နဲ့ကျိုးရှုမင်တို့ မဟာခန်းမဆောင်ဆီ သီးသန့် ဆင့်ခေါ်ခံရတယ်။ အဲမှာ ရွှေအမြုတေနဲ့ အုတ်မြစ်အခြေတည်တပည့်တွေရှိနေပြီး လူတိုင်းကို အတော်လေး ရင်းနှီးနေသလို ရှုယီလည်း အပါအဝင်ပဲ။ ခန်းမထဲမှာတော့ ဂိုဏ်းချုပ်ယွီလွမ်နဲ့ ဂိုဏ်းကိစ္စစီမံတဲ့ အကြီးအကဲတချို့သာရှိနေတယ်။
"ဂိုဏ်းပြိုင်ပွဲကို ဆက်လုပ်မယ်လား" ကျိုးရှုမင်က အံဩမှုအနည်းငယ်နဲ့ ဂိုဏ်းချုပ်ကို လှမ်းကြည့်လိုက်တယ်။ "ဒါက ဖျက်သိမ်းလိုက်ပြီ မဟုတ်ဘူးလား၊ ဘာလို့ ခု ရုတ်တရက် ဆက်လုပ်ရတာလဲ"
"ဖျက်သိမ်းပြီးရင်တောင် ပြန်ဆက်လုပ်လို့ရတာလဲ" သူတို့ထက် နည်းနည်းစောရောက်နေတဲ့ ရှုယီက ကျယ်လောင်စွာ ဆိုလာတယ်။
"ဂိုဏ်းပြိုင်ပွဲက ကွေ့ယီဂိုဏ်း ဆယ်စုနှစ်တစ်စုမှ တစ်ခါကျင်းပတဲ့ ခမ်းနားတဲ့ပွဲပဲ၊ ငါတို့မှ ခုထိ ရလဒ်မရှိသေးတာ၊ ပြိုင်ပွဲဆက်လုပ်တာ သာမန်ပဲမဟုတ်ဘူးလား"
ကူယွဲ့ မျက်လုံးတွေမှေးကာ ယွီလွမ့်ကိုကြည့်လိုက်တယ်။ "ဂိုဏ်းချုပ်၊ အကြီးအကဲယင်းကို သတ်သွားတဲ့ ကျူးလွန်သူကို ရှာမတွေ့သေးဘူး၊ ပြိုင်ပွဲကို ဆက်လုပ်ရင် တိုက်ခိုက်ဖို့အခွင့်အရေး တရားခံကို ထပ်ပေးမိသလို ဖြစ်မှာစိုးမိတယ်"
ယွီလွမ်က မျက်မှောင်ကြုတ်လိုက်တယ်။ ဒါကို သူ နားမလည်တာတော့မဟုတ်ပေမဲ့...။
ကျိုးရှုမင်ကလည်း သဘောတူတဲ့အနေနဲ့ ခေါင်းညိတ်တယ်။ "ညီကိုကူယွဲ့ပြောတာမှန်တယ်၊ အရာအားလုံးအတွက် ဦးစားပေးဆိုတာ ရှိတာပဲ၊ ကျွန်တော်တို့ ဒီပြိုင်ပွဲကို မေ့လိုက်တာ ကောင်းမယ်"
"ဆရာတူလေးကျိုးက ပြောတာတော့လွယ်တာပေါ့" ရှုယီက အေးစက်စက် ထေ့ငေါ့ရယ်တယ်။
"နင်က အမည်မဲ့တောင်ထွတ်ကလေ၊ နင့်ကိုလမ်းပြနေတဲ့ နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့် ဆရာသခင်လည်းရှိတော့ သေချာပေါက် အသည်းအသန် မဖြစ်ဘူးပေါ့၊ ဒါပေမဲ့ ဂိုဏ်းထဲမှာက သူတို့ နာမည်တွင်အောင်လုပ်ဖို့ မျှော်လင့်နေတဲ့ တပည့်တွေအများကြီးပဲ၊ သူတို့တွေက ဒီအခိုက်အတန့်အတွက် ဆယ်နှစ်တိတိ ကြိုးစာကျင့်ကြံခဲ့ကြတာ၊ အပြင်စည်းတပည့်တချို့အတွက်ဆို ပိုတောင်ဆိုးသေးတယ်၊ တကယ်လို့ နင်တစ်ခဏတာ အတွေးနဲ့ ပြိုင်ပွဲကို ဖျက်သိမ်းလိုက်ရင် တပည့်တွေ ဂိုဏ်းကို ခါးခါးသီးသီး စိတ်ပျက်သွားကြမှာပဲ"
သူမ စကားဆုံးတာနဲ့ တခြားတပည့်တွေအားလုံးက သဘောတူဟန်ခေါင်းညိတ်တယ်။
"ဒါပေမဲ့..." ကျိုးရှုမင်က တစ်ခုခုပြောချင်နေသေးတယ်။
ဒါပေမဲ့ ရှုယီကတော့ သူ့ကို တန်းဖြတ်ပြောလာတယ်။ "ငါတို့ ဂိတ်တံခါးတွေကို မဖွင့်သရွေ့ ပြိုင်ပွဲ ကျင်းပတာနဲ့ တရားခံကို ခြေရာခံတာက ရောထွေးစရာမလိုဘူး" အဲလိုနဲ့ သူမက တမင်တကာ ကျိုးရှုမင်ကိုတောင် လှမ်းကြည့်လိုက်တယ်။ "ပြီးတော့ ပြိုင်ပွဲက ဗိုလ်လုပွဲထိ ရောက်ပြီးပြီပဲကို၊ အချိန်အများကြီး ကြာမှာ မဟုတ်ပါဘူး၊ ဒါမှမဟုတ်... ဆရာတူလေးကျိုးက ရှုံးမှာကြောက်လို့ ပြိုင်ပွဲကို ဆက်မပြိုင်ရဲတာလား"
"သေချာပေါက် မဟုတ်ဘူးပေါ့" ကျိုးရှုမင်က ချက်ချင်း ငြင်းလိုက်မိတယ်။
"အဲဒါဆိုလည်းကောင်းပြီလေ" ရှုယီက တကယ် သူမစွမ်းရည်ကို စမ်းကြည့်ချင်ရုံသက်သက်ပုံစံ စိတ်ပိုင်းဖြတ်ထားတဲ့ အမူအရာနဲ့။ "ငါတို့တွေက ကျင့်ကြံသူတွေပဲ၊ အစတည်းက ဘာစိန်ခေါ်မှုကိုမှ မကြောက်သင့်ဘူး၊ အဲတော့ တကယ်ပဲ မိစ္ဆာလမ်းစဉ်ကျင့်ကြံသူ ရှိတော့ရော ဘာဖြစ်လဲ၊ သူပေါ်လာရဲရင် ငါတို့ သူ့ကိုတိုက်ခိုက်ဖို့လည်း ကြောက်နေမှာမဟုတ်ဘူး"
"ပြောတာကောင်းတယ်" သူ့အသံ ဆုံးသွားတာနဲ့ အမည်းရောင်ဝတ်ထားတဲ့ပုံရိပ်တစ်ခုက ခန်းမကြီးထဲ ရုတ်တရက် ပေါ်လာတယ်။ နတ်ဝိညာဉ်ဖွဲ့စည်းအဆင့်ဖိနှိပ်မှုက သူ့နားမှာဝိုင်းနေပြီး မျက်လုံးတွေက ရှုယီကို စိုက်ကြည့်နေကာ ကျေနပ်စွာ ခေါင်းညိတ်လိုက်လေတယ်။
"တကယ်ကို ငါ့တပည့်ပေပဲ၊ ဒီလို နားလည်မှုမျိုး ရှိသင့်တယ်"
"ဆရာ" ရှုယီက ဝမ်းမြောက်သွားတယ်။ အဲဒါက ယိချင်းရဲ့ အရှက်ခွဲတာခံရပြီးတဲ့နောက် အချိန်အတော်ကြာ သူ့ကိုယ်သူ ကိုယ်ထင်မပြခဲ့တဲ့ ထျန်းကျီပဲ။ နှစ်အနည်းငယ်အတွင်း သူ့ကျင့်ကြံဆင့်က နောက်တစ်ကြိမ် တိုးတက်လာပြန်တဲ့ပုံ။
"ဆရာဦးလေးထျန်းကျီကို နှုတ်ဆက်ပါတယ်" ယွီလွမ်ရဲ့မျက်နှာက တောင့်တင်းသွားပြီး တစ်ခုခုကို သတိပြန်ရသွားတဲ့ပုံ။
စိတ်ဓာတ်ကျတဲ့အရိပ်အယောင်က သူ့မျက်နှာပေါ် ပေါ်လာပြီး အနောက်က တခြားအကြီးအကဲတွေနဲ့ အလေးပြုဖို့ ရှေ့တက်လာတော့ တခြားတပည့်တွေလည်း ထပ်တူပဲ။
"အင်း" ထျန်းကျီက အေးစက်စက်တုံ့ပြန်ပြီး အကြည့်က လူအုပ်ထဲက ကူယွဲ့နဲ့ကျိုးရှုမင်ကို ဖြတ်သွားတယ်။ သူ့အမူအရာက တစ်စုံတစ်ခုကို သတိရသွားသလိုမျိုး ခဏတောင့်တင်းသွားကာ ချက်ချင်း အကြည့်လွှဲသွားပြီး ယွီလွမ့်ကို ကြည့်လိုက်တယ်။
"ပြိုင်ပွဲကို ဆက်လုပ်နေတာမဟုတ်လား၊ ဘာလို့ မစတင်သေးတာလဲ၊ လွန်ခဲ့တဲ့ရက်ပိုင်းက ငါ တံခါးပိတ်ကျင့်ကြံနေပြီး မပါဝင်နိုင်ခဲ့ဘူး၊ အခု ဒီတစ်ကြိမ် ငါအပြင်ရောက်ပြီဆိုတော့ ငါ့တပည့်ကို ဘယ်သူအနိုင်ကျင့်ရဲလဲ ကြည့်ရဦးမယ်"
အဲလိုပြောပြီး သူက တမင်တကာလိုလို ဒါမှမဟုတ် မတော်တဆလိုလို ကူယွဲ့နဲ့ ကျိုးရှုမင်ဆီ ဖိနှိပ်မှုအရိပ်အယောင် လွှတ်လိုက်တယ်။ ကူယွဲ့က အစောကြီးတည်းက အသင့်ပြင်ထားတာမို့ သူ့ဖိနှိပ်မှုက မရိုက်ခတ်ခင် လွင့်ပျောက်သွားပြီး နှစ်ယောက်သားမှ လုံးဝတုံ့ပြန်မှုမရှိဘူး။ ထျန်းကျီက မျက်မှောင်ကြုတ်ပေမဲ့ စိတ်ထဲမထားဘဲ နှစ်ယောက်သား သူ့ဖိနှိပ်မှုကို တောင့်ခံနိုင်မဲ့ ဓမ္မအသုံးအဆောင်တစ်ခုခုကို သယ်ထားတာလို့ပဲ တွေးလိုက်တယ်။
တစ်ဖက်မှာတော့ ယွီလွမ့်အမူအရာက နည်းနည်း မည်းမှောင်သွားတယ်။ ထျန်းကျီရဲ့စကားလုံးတွေက အရင်တစ်ကြိမ်က ပြိုင်ပွဲက သူမရှိတာကြောင့်နဲ့တင် တရားမမျှတတဲ့ပုံပေါ်နေတယ်။
ဒါပေမဲ့သူက ဝါပိုကြီးတာမို့ သက်ပြင်းသာချကာ ရှေ့တက်ပြောလိုက်ရတယ်။ "ဆရာဦးလေးကို တင်ပြပါတယ်၊ ဒီကိစ္စနဲ့ပတ်သက်ပြီး တပည့်တွေကို အသိပေးမို့ပါ၊ ပြင်ဆင်စရာနည်းနည်း လိုသေးတာမို့ တရားဝင်ပြိုင်ပွဲကို မနက်ဖြန်ထိ စောင့်ရလောက်..."
"ဘာလို့ မနက်ဖြန်ထိ စောင့်ဖို့လိုတာလဲ" ထျန်းကျီက သူ့ကိုကြားဖြတ်ပြောတယ်။
"ဒါကပြိုင်ပွဲလေးပဲဟာ၊ ခုမှ မနက်အစောကြီးရှိသေးတာ၊ မွန်းလွဲကျကျင်းပမယ်" အဲလိုပြောပြီး သူက ပြန်ဖြေမှာ မစောင့်ဘဲ ဘေးမှာရပ်နေတဲ့ရှုယီကို ဆွဲခေါ်သွားတယ်။
"ယီလေး ဆရာနဲ့အတူ တောင်ထွတ်ဆီလိုက်ခဲ့၊ ဒီအတောအတွင်း မင်းကျင့်ကြံဆင့်အခြေအနေကို လေ့လာသုံးသပ်ပေးမယ်"
"ဟုတ်ကဲ့ဆရာ"
နောက်တော့ နှစ်ယောက်သားထွက်သွားကြတယ်။
"ဆရာဦးလေး..." ယွီလွမ်က တစ်ခုခုကိုပြောချင်နေသလို နောက်ကလိုက်သွားပေမဲ့ နှစ်လှမ်းမှာတင် သူတို့က ပျောက်သွားပြီ။ သူ သက်ပြင်းချကာ လက်လျှော့ရုံပဲတတ်နိုင်တယ်။ ပြန်လှည့်လာပြီး သူ့လိုမျိုး စိတ်သောကရောက်နေတဲ့ အကြီးအကဲတွေကို ကြည့်ကာ ခါးသက်သက်သာ ပြုံးပြလိုက်ရတော့တယ်။
သူလည်း ပြိုင်ပွဲဆက်လုပ်ဖို့ကို ကန့်ကွက်တာ။ သေချာပေါက် ပြိုင်ပွဲက အပြင်စည်းတပည့်တွေအတွက် အခွင့်အရေးဖြစ်ပြီး ရွက်ပုန်းသီးတွေ ထွက်မလာတာ မဟုတ်ဘူး။ ဒါပေမဲ့ ပြိုင်ပွဲက ဗိုလ်လုပွဲထိ ရောက်နေသလို ကျန်တာက တောင်ထွတ်တစ်ခုဆီရဲ့ အဆင့်မြင့်တပည့်တွေ။ လက်စွမ်းပြခွင့် ရသင့်တဲ့လူတွေက ပြီးသွားပြီမို့ ရွက်ပုန်းသီးတွေရှိရင်တောင် လူတိုင်း မြင်ပြီးသားဖြစ်တဲ့အတွက် ဗိုလ်စွဲသူက ဘယ်သူလဲဆိုတာ တကယ်တော့ အရေးမကြီးတော့ဘူး။
အဲဒါကြောင့် သူတို့က ပြိုင်ပွဲကို ရပ်တန့်ခဲ့ချိန် များများစားစား မတွေးခဲ့ဘဲ ပိုအရေးကြီးတဲ့ မိစ္ဆာလမ်းစဉ်ကျင့်ကြံသူကိစ္စကိုပဲ အရေးထားခဲ့တယ်။ ဒါပေမဲ့ အလေးအနက် ထားလွန်းတဲ့သူက ရောက်လာတယ်။ ဆရာဦးလေးထျန်းကျီက တံခါးပိတ်ကျင့်ကြံတာ ထွက်လာကာစဖြစ်ပြီး ဒါကိုကြားတော့ အနိုင်ရသူ ပေါ်ဖို့ ပြိုင်ပွဲကို အတင်းဆက်လုပ်ခိုင်းတဲ့အတွက် ဘာမှမလုပ်နိုင်တော့ဘူး။ ဒါက သူတို့အတွက် ပြဿနာပိုဖန်တီးနေတာပဲမဟုတ်လား။
ယွီလွမ်သက်ပြင်းချကာ တပည့်တွေကို ညွှန်ကြားချက်တချို့ ပေးရုံသာ တတ်နိုင်ကာ လူတိုင်းကို နေ့လယ်ပိုင်း ဆက်ကျင်းပမဲ့ပြိုင်ပွဲအတွက် သွားပြင်ဆင်ခိုင်းလိုက်တယ်။
ကူယွဲ့ လုံးဝသတိမထားမိတဲ့ ကျိုးရှုမင်ကို တစ်ချက်ကြည့်ကာ မျက်လုံးတွေမှေးကြည့်ရင်း နောက်ဆုံးတော့ ရှုယီအစီအစဉ်တွေကို သဘောပေါက်သွားတယ်။
ကြည့်ရတာ သူမက ကျိုးရှုမင်ကို မိစ္ဆာလမ်းစဉ်ကျင့်ကြံသူအဖြစ် လုပ်ချင်ရုံတင်မကဘဲ လူတိုင်းကြည့်နေချိန် 'သူ့အသွင်အစစ်'ကို ဖော်ပြစေချင်နေတာပဲ။ သူမက ကျိုးရှုမင်ရဲ့ နတ်ဆိုးချီ ပြိုင်ပွဲအတွင်း ကွဲထွက်လာအောင်လုပ်ဖို့ အချိန်ကိုတွက်ချက်ထားတာ။ ဒီနည်းနဲ့ဆို ယိချင်းက နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ဆရာသခင်ဆိုရင်တောင် ကျိုးရှုမင်ကို လူကြားထဲ ခုခံနိုင်မှာ မဟုတ်တော့ဘူး။ မဟုတ်ရင် မိစ္ဆာလမ်းစဉ်ကျင့်ကြံသူတစ်ယောက်နဲ့ ရပ်တည်သလိုဖြစ်သွားမယ်။ ဒါက ရက်စက်တဲ့ အကွက်ဆိုတာတော့ ဝန်ခံရမယ်။
ဒါပေမဲ့ ဒီထျန်းကျီ...။