အခန်း (၆၇၉-၆၈၁)
Vol. 46 Ch. 679-681
အခန်း ၆၇၉ ။ နတ်ဆိုးဖြိုခွင်းဆေးညွှန်း
"အမှန်ပဲ" ထျန်းယီက ခေါင်းညိတ်တယ်။ "ကျင့်ကြံဆင့်ကို ခုန်ကျော်တဲ့ ဘယ်ကျင့်ကြံသူမဆို စိတ်နတ်ဆိုး ဖြစ်ပေါ်လာမှာကို ကြောက်ကြတယ်၊ ဒီနတ်ဆိုးဖြိုခွဲဆေးလုံးက လူတွေကို သူတို့ကျင့်ကြံချိန် အဆင့်တွေအများကြီး ခုန်ကျော်ပြီးတာတောင် စိတ်နှလုံးကို သန့်ရှင်းနေစေမဲ့ ဒသမအဆင့်ဆေးလုံးပဲ၊ တစ်ခုတည်းသောအရာက... ဒီဆေးနည်းထဲက အဓိကပါဝင်ပစ္စည်းက အရွက်တစ်ထောင်ဝိညာဉ်ပန်းပွင့်ဖြစ်နေတာ"
ကူယွဲ့က ငုံ့လိုက်တယ်။ သူက အရင်က နတ်ဆိုးဖြိုခွင်းဆေးလုံးကို ကြားဖူးပေမဲ့ မုန်လာဥဖြူပန်း... အာ ဖွီ အရွက်တစ်ထောင်ဝိညာဉ်အပင်ကို ဒီဆေးလုံးတွေ သန့်စင်ဖို့ လိုအပ်တယ်တော့ တစ်ခါမှမကြားဖူးခဲ့ဘူး။ ဒါပေမဲ့ ဘုံငယ်လေးတစ်ခုစီက မတူညီတဲ့ လေ့ကျင့်မှုတွေရှိကြတာ။ ဒီကမ္ဘာငယ်ထဲက ဆေးညွှန်းက တခြားဟာတွေနဲ့ ကွဲပြားတယ်ဆိုတာ ဖြစ်နိုင်တယ်။
သူ စဉ်းစားရင်း ရေးထားတဲ့ ဆေးညွှန်းကို အာရုံမစိုက်သလောက်ပဲ။ အဲအစား သူက ထျန်းယီဆီ ပြန်ကမ်းပေးလိုက်တယ်။
ထျန်းယီက သူ့ကိုအူကြောင်ကြောင် စိုက်ကြည့်နေတယ်။ သူက ကူယွဲ့နဲ့ ဒီဆေးညွှန်းကို ဝေမျှခဲ့တာက ဒီကိစ္စတွေပေါ် သူ့အထင်အမြင်ကို ရယူချင်လို့။ အဲအစား ညီကိုကူယွဲ့က သူ့လက်ထံက ဆေးညွှန်းကို အမြတ်ထုတ်ဖို့ စိတ်ထဲတောင် မထည့်တဲ့အထိ စရိုက်ကောင်းလိမ့်မယ် မထင်ခဲ့ဘူး။ သူက တစ်ချက်ကြည့်တယ်ဆိုရုံလေးကြည့်ကာ ထျန်းယီဆီ ပြန်ပေးလာတယ်။ ရုတ်တရက် ထျန်းယီရဲ့ နှလုံးသား ထူးထူးဆန်းဆန်း နွေးထွေးလာတယ်။ သူ ဒီလူ့ကိုယုံကြည်တာ လုံးဝမှန်ကန်တယ်။ သူက လူကောင်းပဲ။
"ညီကိုထျန်းယီ ခင်ဗျား ကျုပ်ကိုမေးချင်တာ အရွက်တစ်ထောင်ဝိညာဉ်အပင်ကို ကူရှာပေးနိုင်တဲ့ နည်းတစ်ခုခုရှိလားလို့ မေးချင်တာလား" ကူယွဲ့ကမေးတယ်။
"အမှန်ပဲ" ထျန်းယီက မျှော်လင့်ချက်တချို့နဲ့ ခေါင်းညိတ်တယ်။ "ညီကိုကူယွဲ့ ခင်ဗျား နည်း တစ်ခုခုများသိလား"
ကူယွဲ့က သူ့ကိုချက်ချင်း ပြန်မဖြေဘဲ ခေါင်းစဉ်ပြောင်းလိုက်တယ်။ "ညီကိုထျန်းယီ ခင်ဗျားက စိတ်နတ်ဆိုးတွေကို ရှင်းထုတ်ဖို့ အရမ်းစိတ်ပူပန်နေတယ်၊ ဒါပေမဲ့ ကျုပ်တို့သိတဲ့ ဘယ်သူကမှ စိတ်နတ်ဆိုးတွေရှိတဲ့ လက္ခဏာမပြဘူးလေ၊ ဂိုဏ်းထဲက တပည့်တစ်ယောက်မှလည်း အဆင့်ကျော်ထားတာ မရှိဘူး၊ ဘယ်သူမှလည်း ဝဋ်ကြွေးချေဖြတ်သန်းဖို့ နီးနေတာ မရှိဘူး၊ ဘာလို့ ဒီနတ်ဆိုးဖြိုခွဲဆေးလုံးတွေကို သန့်စင်ဖို့ ဒီလောက်စိတ်အားထက်သန်နေရတာတုံး"
ထျန်းယီရဲ့ အမူအရာက ချက်ချင်း ပြောင်းလဲသွားတယ်။ တစ်ခုခုကိုနားလည်သွားသလိုမျိုး သူက ဒေါသထွက်လာတယ်။ "အိုက် ဆရာတူညီလေးထျန်းကျီအတွက်ပဲ မဟုတ်လား၊ သူ့လုပ်ရပ်တွေကြောင့် ငါ့ကွေ့ယီဂိုဏ်းပါ ပါဝင်ပတ်သက်လာရတာ"
"အိုး" ကူယွဲ့ သူ့မျက်လုံးတွေကို မှေးလိုက်တယ်။ ဘာလို့ ဒီထျန်းကျီရဲ့ အပြစ်တုန်း။ "ဒါတွေက ဆရာသခင်ထျန်းကျီနဲ့ ဘယ်လိုဆိုင်သွားတာလဲ"
"ဒီအရာက နတ်ဆိုးဖြိုခွင်းဆေးလုံးနဲ့လည်း ပတ်သက်နေတာ" ထျန်းယီက ဒေါသတကြီးပြောပြီး နောက်တော့ သက်ပြင်းချတယ်။
"လွန်ခဲ့တဲ့ နှစ်၅၀၀က ဆရာတူညီထျန်းကျီက နတ်ဝိညာဉ်ကျင့်ကြံဆင့်ပဲရှိသေးတာ၊ သူက ထျန်းယန်ဂိုဏ်းရဲ့ ဆရာသခင်သျန့်ကျွယ်နဲ့အတူ ဆန်းကြယ်ဘုံငယ်လေးတစ်ခငဆီ အတူတူသွားခဲ့တယ်၊ အဲဘုံလေးထဲမှာ၊ သူတို့က ဆေးလုံးတွေနဲ့ပတ်သက်တဲ့ အမွေအနှစ်တစ်ပိုင်းတစ်စကို ရှာတွေ့ခဲ့တာပဲ၊ နတ်ဆိုးဖြိုခွင်းဆေးလုံးရဲ့ ဒီဆေးညွှန်းက အဲအမွေအနှစ်ထဲက ဆေးညွှန်းတွေထဲကတစ်ခုပဲ၊ ဒါပေမဲ့ ဆရာသခင် သျန့်ကျွယ်က အဆောင်ကျင့်ကြံသူ၊ ဆေးလုံးသိုင်းတွေက သူ့အတွက်တော့ အသုံးမဝင်ဘူး၊ ဒါကြောင့် ဂိုဏ်းနှစ်ဂိုဏ်းက သဘောတူညီချက်လုပ်ခဲ့တယ်၊ ဒီအမွေအနှစ်ကို ကွေ့ယီဂိုဏ်းမှာ ထားခဲ့မယ်လို့"
ထျန်းယီက နတ်ဆိုးဖြိုခွင်းဆေးလုံးအတွက် ဆေးညွှန်းကိုသိမ်းကာ ဆက်ပြောတယ်။ "အဲဒါပြီးတော့ ဂိုဏ်းတစ်ခုစီက ဝိညာဉ်ဆေးပင်တစ်စိတ်တစ်ပိုင်းကို မျှဝေမယ်လို့ သဘောတူခဲ့တယ်၊ ကွေ့ယီဂိုဏ်းက တပည့်တွေက ဒီဆေးပင်တွေကို ဆေးလုံးအဖြစ် သန့်စင်ပြီး နောက်တစ်ကြိမ် ဂိုဏ်းနှစ်ခုကြား ခွဲခြမ်းမယ်လို့"
ကူယွဲ့က ခေါင်းညိတ်လိုက်တယ်။ ဒါ တရားမျှတပုံပါပဲ။ အမွေအနှစ်က ကွေ့ယီဂိုဏ်းဆီ ရောက်သွားတော့ သူတို့တွေ ဆေးလုံးတွေ သန့်စင်တဲ့နေရာမှာ တာဝန်ပေးခံရမှာပေါ့။ ပြီးတော့ ထျန်းယီဂိုဏ်းကလည်း လိုတဲ့ဝိညာဉ်ဆေးပင်တစ်ဝက်ကိုပါ ပေးထားတယ်လေ။
"ဆရာတူညီထျန်းကျီက ဒီအမွေအနှစ်ကို ရှာတွေ့သူဆိုတော့ သူက လက်ဆင့်ကမ်းခွင့်ရှိသူပဲ၊ အဖိုးတန်ဆေးလုံးတချို့ကိုလည်း သူပဲ သီးသန့် သန့်စင်ခဲ့တာ" ထျန်းယီက ခါးသက်သက်ပြောတယ်။ သူ့လေသံကနေ ထျန်းကျီကို အားကျမနာလိုတာ ထင်ရှားတယ်။
"ဒါကြောင့် ဒီနှစ်တွေမှာ ဆရာတူညီက ငါတို့ ထျန်းယန်ဂိုဏ်းကိုပေးရမဲ့ ဆေးလုံးတွေကို သန့်စင်ခဲ့တဲ့သူ၊ နဂိုကတော့ သဘောတူညီချက်က ဆေးလုံးတွေကို ဆယ်နှစ်တစ်ကြိမ် သန့်စင်ဖို့၊ သူတို့ကို ဆေးလုံးတွေ အပ်ဖို့က သုံးလအတွင်း အချိန်ပြည့်တော့မှာ..."
"သူက မသန့်စင်ထားဘူးလား" ကူယွဲ့ အံ့ဩတကြီးမေးကာ ထိတ်လန့်သွားတယ်။
"အမှန်ပဲ" ထျန်းယီက သွေးပျက်နေတယ်။ "ဆရာတူညီထျန်းကျီက လွန်ခဲ့တဲ့ရက်ပိုင်းက ယွီလွမ်ကိုသွားရှာပြီး သူ တံခါးပိတ်ကျင့်ကြံနေခဲ့တာမို့ ဆေးလုံးတွေ သန့်စင်ဖို့ အချိန်မရှိဘူးပြောတယ်။ ယွီလွမ်လည်း ရွေးစရာမရှိတော့ဘဲ ငါ့ကို လာရှာရတာပေါ့" သူက ပြောရင်း ပိုပိုပြီး စိတ်ပူပန်လာတယ်။
"ထျန်းယန်ဂိုဏ်းက လောကနံပါတ်တစ်ဂိုဏ်းပဲ၊ ငါတို့က သူတို့နဲ့ ဆက်ဆံရေး ကောင်းမွန်ပေမဲ့ ငါတို့ စကားမတည်ရင် သူတို့က ဒေါသထွက်မှာပဲလေ၊ အဲကျ ဂိုဏ်းဆက်ဆံရေးကို ထိခိုက်မှာ မလွဲမသွေပဲ၊ သူတို့က ဆေးလုံးတွေကို ငါတို့ဘာသာသိမ်းထားတယ်ဆိုပြီးပါ အပြစ်တင်နိုင်တယ်"
ပြီးတော့ ဒီနတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ဓားကျင့်ကြံသူယိချင်း ကွေ့ယီဂိုဏ်းဆီ ရောက်လာတည်းက ထျန်းယန်ဂိုဏ်းက သူတို့ကို ပိုပိုပြီး သတိထားလာတာ။ ရံဖန်ရံခါ သူတို့က အပြစ်ပါ ရှာတယ်။ တကယ်လို့ ကွေ့ယီဂိုဏ်းက ဒီအမှားကိုလုပ်ရင် သူတို့က ထျန်းယန်ဂိုဏ်း သူတို့ကို သုတ်သင်ဖို့ ဆင်ခြေတစ်ခု ပေးလိုက်သလိုဖြစ်သွားမှာပေါ့
"ဒါဆို... ဒီနတ်ဆိုးဖြိုခွင်းဆေးလုံးက..."
"ယွီလွမ်က ဆရာသခင်သျန့်ကျွယ်နဲ့ ပတ်သက်ပြီး မေးမြန်းစုံစမ်းခဲ့တာ၊ ကြည့်ရတာ သူ့ဆီမှာ သူတန်ဖိုးထားတဲ့ တူတပည့်တစ်ယောက်ရှိတယ်၊ အဲလူက မိစ္ဆာလမ်းစဥ်ကျင့်ကြံသူကြောင့် ဒဏ်ရာရသွားပြီး အသိစိတ်ပျောက်ဆုံးသွားတာ၊ နတ်ဆိုးဖြိုခွင်းဆေးလုံးက သူ့နှလုံးသားကို ရှင်းလင်းနိုင်ပြီး ပြန်သန့်စင်နိုင်တယ်၊ သူ့အသိစိတ်ပြန်ဝင်လာအောင်လည်း လုပ်နိုင်တယ်လေ၊ ဆရာသခင်သျန့်ကျွယ်က ဒီဆေးညွှန်းကို ဆရာတူညီထျန်းကျီနဲ့အတူ ရှာတွေ့ခဲ့တာ၊ ဆရာတူထျန်းကျီ တစ်ခုခုပြောသရွေ့ ဒီနတ်ဆိုးဖြိုခွင်းဆေးလုံးအသုတ်နောက်ကျတာ ကိစ္စမရှိဘူး၊ ဒါပေမဲ့..."
ဒီဆေးညွှန်းက အရွက်တစ်ထောင်ဝိညာဉ်ပန်းပွင့်လိုမယ် မထင်ခဲ့တာ။
ဒါက ထျန်းကျီ နောက်တစ်ကြိမ် ဖန်တီးထားတဲ့ အရှုပ်ထုတ်ပဲ။ ကူယွဲ့ အရင်က ဆေးညွှန်းကို ပြန်စဉ်းစားကာ မေးလိုက်တယ်။ "ကျုပ် နားမလည်တာရှိတယ်၊ ဆရာသခင်ထျန်းကျီက ဒီဆေးညွှန်းကို ခင်ဗျားကို ပေးနိုင်တယ်ဆိုတော့ သူ့ဘာသာသိမ်းထားဖို့ လုပ်နေတာ မရှိကြောင်းပြနေတယ်၊ သူက အမွေအနှစ်ကို ဆက်ခံပြီးပြီဆိုမှတော့ ဘာလို့ ဂိုဏ်းထဲကတပည့်တွေဆီ မဆင့်ကမ်းရတာလဲ၊ သိရသလောက်ဆို တပည့်တွေက ဆေးလုံးတွေကို အမြန်ထုတ်ပေးနိုင်မှာပဲ၊ ဘာလို့ ခင်ဗျားဆီ တစ်ယောက်တည်း လွှဲပေးရတာလဲ"
"ညီကိုကူယွဲ့ ခင်ဗျားနားမလည်လောက်တာတွေ ရှိတယ်" ထျန်းယီက စတင်ရှင်းပြတယ်။
"ဒီဆေးညွှန်းနဲ့ပတ်သက်ပြီး ထူးခြားတာဘာမှမရှိပေမဲ့ ဘာကြောင့်မှန်းမသိ ဆရာတူညီထျန်းကျီပဲ အမွေအနှစ်ထဲက ဆေးလုံးတချို့ကိုသန့်စင်နိုင်တာ၊ ငါ့အတွက်လည်း တူတူပဲ၊ ဆေးညွှန်းသိတာနဲ့တင် ငါလိုအပ်တဲ့ ဆေးလုံးတွေကိုသန့်စင်ဖို့ ကူညီပေးနိုင်မှာမဟုတ်ဘူး"
ကူယွဲ့ သူ့ကိုအူကြောင်ကြောင် စိုက်ကြည့်နေမိတယ်။ ဒါထူးဆန်းလိုက်တာ။ ဒီလိုအရာရှိတယ်ဆိုတာ သူ မသိပါရောလား။ အမွေအနှစ်ဆိုတာက ဆေးလုံးသန့်စင်မှုအညွှန်းတချို့ရယ် ဆေးညွှန်းတချို့ရယ်ပဲ ပါမှာပါ။ ထျန်းယီက ဒသမအဆင့် အဂ္ဂိရတ်ပညာရှင်။ သူ့လက်တွေ့လေ့ကျင့်မှုက လုံလောက်တာထက် ပိုနေပြီ။ မှန်ကန်နဲ့ ဆေးညွှန်းနဲ့ဆို သူကဘာလို့ ဆေးလုံးအားလုံးကို မသန့်စင်နိုင်ရတာလဲ။
မဟုတ်မှလွဲ... ထျန်းကျီရဲ့ ဆေးလုံးသန့်စင်မှုလုပ်ငန်းစဉ်မှာ တခြားသူတွေ ပုံတူမပွားနိုင်တဲ့ ထူးခြားတဲ့အဆင့်တစ်ခု ရှိနေလို့ပဲ။ ဒီသိုင်းက ဆေးလုံးသန့်စင်မှုရဲ့ အောင်မြင်မှုနှုန်းအပေါ် သက်ရောက်မှု ရှိတာပဲဖြစ်ရမယ်။ ပြီးတော့ ဆေးလုံးသန့်စင်မှုလုပ်ငန်းစဉ်ကို သက်ရောက်တဲ့အရာက အနည်းငယ်ပဲရှိတာ။ တစ်ခုက ပါဝင်ပစ္စည်း။ နောက်တစ်ခုက ဂါထာ။ ပြီးတော့ တတိယတစ်ခုက... မီးပဲ။
ဟီးဟီး ဒါ တိုက်ဆိုင်မှုလား။ ထျန်းကျီက အဲမိစ္ဆာလမ်းစဉ်ကျင့်ကြံသူကို နှစ်အကြာကြီး ထိန်းထားချင်ခဲ့တာ မဆန်းတော့ဘူး။ သူက မဟူရာမီးတောက်ကို လိုချင်တာကိုး။
မဟူရာမီးတောက်သုံးပြီး သန့်စင်တဲ့ ဆေးလုံးတွေက သေချာပေါက် သာမန်မီးသုံးတဲ့ ဆေးလုံးတွေနဲ့ ကွဲတာပေါ့။
"ညီကိုကူယွဲ့၊ အရွက်တစ်ထောင်ဝိညာဉ်ပန်းပွင့်ပြဿနာကို ဘယ်လိုဖြေရှင်းရမလဲ သိလား" ထျန်းယီက မနေနိုင်ဘဲ မေးပြန်တယ်။
ကူယွဲ့က သူ့ကို ကြည့်လိုက်တယ်။ သေချာပေါက် သူ့မှာနည်းလမ်းရှိတာပေါ့။ သူ့ သိုလှောင်ခန်းထဲ ဒီလိုပန်းပွင့်တွေ အများကြီးပဲလေ။ အားလုံးက မုန်လာဥဖြူ ရှန်းရင်ကို ပေးဖို့ကြိုးစားထားတာတွေကို ကူယွဲ့ နောက်တော့သိမ်းထားတာတွေပဲ။ တစ်ခုပဲ သူ ဒီတိုင်း ထုတ်ချလာလို့မရတာ။ ပထမနဲ့ အဓိကအကျဆုံးအချက်က သူ့မှာ ပြောရင် လက်ခံနိုင်လောက်တဲ့ ဇာတ်လမ်းမရှိဘူး။ ပြီးတော့ မုန်လာဥဖြူက မသေမျိုးဆီ တက်လှမ်းခဲ့တာကြာလှပြီ။ သူက သာမန် အပင်ဝိညာဉ် မဟုတ်တော့ဘူး။ သူ့ပန်းပွင့်တွေက ထိပ်တန်းအဆင့်အမတဆေးပင်တွေ။ တကယ်လို့ ကူယွဲ့က ဆေးလုံးသန့်စင်ဖို့ အောက်ဘုံဆီ ယူချလာမယ်ဆိုရင် အကျိုးဆက် ဘာတွေဖြစ်မလဲ မသေချာဘူး။ ဒါကြောင့် သူအလွယ်တကူ ထုတ်လာဖို့ နည်းမရှိတာ။
သူက ယဉ်ယဉ်ကျေးကျေး ပြုံးလိုက်တယ်။ "ကျုပ် ခင်ဗျားအတွက် ဒီကိစ္စကို လိုက်မေးကြည့်ပေးပါဦးမယ်၊ ကျုပ်ကိုယ်တိုင်လည်း ဒီလိုပန်းပွင့်ကို ကိုယ်တိုင်မမြင်ဖူးဘူးရယ်'
"မင်းမှာတောင် ဖြေရှင်းနည်းမရှိဘူးလား" ထျန်းယီက ဝမ်းနည်းပက်လက်နဲ့ ထိုင်ခုံမှာ ပစ်ထိုင်ချပြီး သိသိသာသာ စိတ်ပျက်နေတယ်။
ကူယွဲ့က သူ့ကိုတစ်ချက်ကြည့်ကာ မနေနိုင်ဘဲ ထပ်ပြောလိုက်တယ်။
"ဒီလောကမှာ ဝိညာဉ်ဆေးပင်တွေ ဒီလောက်များတာ၊ ညီကိုထျန်းယီ ခင်ဗျား အရွက်တစ်ထောင်ဝိညာဉ်ပန်းပွင့်ကိုမှ တကူးတက ရှာမှဖြစ်မှာလဲ"
ကူယွဲ့ သိသလောက်ဆို နတ်ဆိုးဖြိုခွင်းဆေးလုံးကို ထုတ်လုပ်ဖို့ တစ်နည်းပဲရှိတာ မဟုတ်ဘူး။ သူ အဲဆေးလုံးတစ်ခုတည်းအတွက်ကို ဖော်စပ်နည်းဆယ်ခုကျော် သိတယ်။ တစ်ခုမှ မုန်လာဥဖြူရဲ့ ပန်းပွင့် မလိုဘူး။
"ညီကိုကူယွဲ့ မင်းနောက်နေတာပဲဖြစ်ရမယ်" ထျန်းယီက ခါးသက်သက်ပြုံးတယ်။
"ဆေးလုံးရဲ့ အရည်အသွေးကို မြှင့်တင်နိုင်တာအပြင် အရွက်တစ်ထောင်ဝိညာဉ်ပန်းပွင့်က သစ်သားဓာတ် ပါဝင်ပစ္စည်းလည်းဖြစ်တယ်၊ ဒါကြောင့် လူတစ်ယောက်ကိုယ်ကို နွေးထွေးစေပြီး စိတ်ကို ကြည်လင်စေတယ်၊ ဒါကြောင့် နတ်ဆိုးဖြိုခွင်းဆေးလုံးကို သန့်စင်တဲ့နေရာမှာ သုံးနိုင်တဲ့အကြောင်းရင်းပဲ"
"ဒါပေမဲ့ ဆေးလုံးတွေရဲ့ အရည်အသွေးကို မြှင့်တင်နိုင်တာအပြင် လူတစ်ယောက်စိတ်ကို ကြည်လင်စေနိုင်တဲ့ တခြားဝိညာဉ်ဆေးပင်တွေ အများကြီးလေ"
…
အခန်း ၆၈၀ ။ ကျေးဇူးတင်ခြင်း
"ဒါပေမဲ့ ဆေးညွှန်းက အဲလိုပြောထားတာလေ" ထျန်းယီက အလိုအလျောက် ခွန်းတုံ့ပြန်လာတယ်။
"ဆေးညွှန်းက အရွက်တစ်ထောင်ဝိညာဉ်ပန်းပွင့်ကို နတ်ဆိုးဖြိုခွင်းဆေးလုံးအတွက် လိုအပ်တယ်ပဲ ပြောထားတာ၊ တခြားဝိညာဉ်ဆေးပင်တွေနဲ့ ထုတ်လို့မရဘူးမပြောထားဘူးလေ" ကူယွဲ့က ခိုင်ခိုင်မာမာ ပြောတယ်။
"ပြီးတော့ အမွေအနှစ်နဲ့ ဒီဆေးညွှန်းတွေအားလုံးက ဘိုးဘေးတွေ ဖန်တီးခဲ့တာမဟုတ်လား၊ အဲဒီဘိုးဘေးတွေတောင် စဉ်းစားနိုင်ရင် ဒသမအဆင့်အဂ္ဂိရတ်ပညာရှင်ဖြစ်တဲ့ ညီကိုထျန်းယီက ဘာဘို့ သူတို့အတွေးတွေထဲ ကိုယ့်ကိုယ်ကိုယ် ချုပ်နှောင်ထားတာလဲ"
ထျန်းယီက ကူယွဲ့ကို အူကြောင်ကြောင်စိုက်ကြည့်ပြီး ပြောစရာပျောက်နေတယ်။ သူက အရင်က တစ်ခါမှ ဒီလိုမစဉ်းစားဖူးသလိုပဲ။ သူ့မျက်ဝန်းတွေထဲ ထိတ်လန့်မှု၊ ဝေခွဲမရဖြစ်မှု၊ သဘောပေါက်မှုနဲ့ စိတ်လှုပ်ရှားမှုတို့ပေါ်လာတယ်။ နောက်ဆုံးတော့ သူက အရာအသစ်တွေကို စမ်းကြည့်ဖို့ စိတ်အားထက်သန်လာပုံပဲ။ အမှန်ပဲ သူဘာလို့ ဒါက်ု အရင်က မစဉ်းစားမိခဲ့တာလဲ။ ဆေးလုံးဖော်စပ်နည်းဆိုတာလည်း တခြားကျင့်ကြံသူက ဖန်တီးခဲ့တာပဲ။ တကယ်လို့ တခြားသူတွေတောင် ဒါကို တီထွင်နိုင်ဂင် သူက ဘာလို့မလုပ်နိုင်ရမှာလဲ။ တကယ်လို့ သူ့မှာ အရွက်တစ်ထောင်ဝိညာဉ်ပန်းပွင့်မရှိရင် တခြားနည်းလမ်းတွေ အမြဲရှာကြည့်လို့ရတာပဲ။ သိရသလောက်ဆို သူ နတ်ဆိုးဖြိုခွင်းဆေးလုံးအတွက် ဆေးညွှန်းအသစ် စဉ်းစားနိုင်မှာပဲ။
ထျန်းယီက တစ်ခုခုကို နောက်ဆုံးတော့ နားလည်သွားသလို ထရပ်တယ်။ သူ့ကိုယ်ထဲက ဝိညာဉ်ချီက စိတ်လှုပ်ရှားမှုကြောင့် ဂယက်ထနေတယ်။ သူက စိတ်အားထက်သန်စွာ ပြောတယ်။
"ဒီသတိပေးမှုအတွက် ကျေးဇူးတင်ပါတယ် ညီကိုကူယွဲ့၊ ငါအရင်သွားနှင့်တော့မယ်" အဲလိုနဲ့ ထျန်းယီက လှည့်ကာ တောင်အောက်ပြန်ဆင်းဖို့ပြင်တယ်...။
သူ ပွဲကြည့်ဆောင်ထဲက ထွက်ထွက်ချင်း စိတ်ထဲ တစ်ခုပေါ်လာတယ်။ သူက ပြန်လှည့်လာကာ သူ့ဝတ်ရုံထဲက ဆေးဘူးတချို့ ထုတ်လိုက်တယ်။
"ဟုတ်သား။ ကိစ္စတချို့ လုပ်ဖို့မေ့လုနီးပါး ဖြစ်သွားတယ်၊ ဒါတွေက ကျုပ် ညီကိုကူယွဲ့အတွက် သန့်စင်ထားတဲ့ ဆေးလုံးတွေပဲ၊ ယူထားလိုက်ပါ၊ တကယ်လို့ ဒါတွေက မလုံလောက်သေးရင် ငါ့ကိုအချိန်မရွေး လာရှာလို့ရတယ်" သူက သတိနဲ့ပြောတယ်။ တခြားတစ်ခုခုကို သတိရသွားသလိုမျိုး ကူယွဲ့ကို ရှုပ်ထွေးတဲ့အကြည့် ကြည့်လာတယ်။
ကူယွဲ့က ထျန်းယီကို အူကြောင်ကြောင်ပြန်စိုက်ကြည့်ပြီးမှ လက်ထဲက ဆေးလုံးတွေကို သေချာကြည့်လိုက်တယ်။ "ရွှေစုဝေးဆေးလုံးတွေလား" ဒါတွေက လူတစ်ယောက် အမြုတေဖွဲ့စည်းချိန် သုံးသင့်တာတွေမလား။ ဘာလို့ ဒါတွေကိုကူယွဲ့ကို ပေးရတာတုံး။
"ကျိုးရှုမင်က မင်းထက်တစ်ဆင့် ရှေ့ရောက်နေပေမဲ့ ငါ့မျက်လုံးထဲတော့ မင်းက သူတို့တစ်ယောက်ချင်းစီထက် ပိုသာတယ်၊ တစ်နေ့ကျ အဲကောင်စုတ်လေးကို သေချာပေါက် ကျော်နိုင်မှာ" အဲလိုနဲ့ ထျန်းယီက အားပေးသလို လက်သီးမြှောက်ပြပြီး တောက်အောက်ဆီ ပျံသွားခဲ့တယ်...။
လက်ထဲ ဆေးလုံးအပုံလိုက်ကျန်ခဲ့တဲ့ ကူယွဲ့ ။ ။ "..."
ဒါဆို... သူက အမြုတေဖွဲ့စည်းတဲ့နေရာမှာ ကူယွဲ့က ကျိုးရှုမင်နောက် နောက်ကောက်ကျမှာ စိုးရိမ်နေတာလား။ အဲဒါကြောင့် ထျန်းယီက ဒီဆေးလုံးတွေအားလုံး သူ့ကို ကမ်းပေးရတာလား။
ဘာတုံးဟ။
(⊙_⊙)
———————
ကျိုးရှုမင်က နောက်ဆုံးတော့ အမြုတေဖွဲ့စည်းတာပြီးပြီ။ ပြီးတော့ ရှုယီ သူ့ကိုပြောခဲ့တာကြောင့် သူ့ဓားသိုင်းကို ပထမဆုံးအကြိမ် ရှင်းရှင်းလင်းလင်း မြင်ခဲ့တာ။ သူက ဓားဆန္ဒပါ ဖြစ်ပေါ်လာတဲ့ အရိပ်အယောင်တွေစပြနေပြီ။ သူ့ကိုယ်ပတ်လည်က ဓားချီတောင် ထူထဲလာတယ်။
သူ့လေ့ကျင့်နှုန်းက ထိတ်လန့်စရာအရှိန်နှုန်းနဲ့ တိုးတက်နေတယ်။ အစက သူ ကွေ့ယီဂိုဏ်းထဲ ဝင်ခဲ့ချိန် ချီမွမ်းမံမှုသတ္တမအဆင့်ပဲရှိခဲ့တာ။ ပြီးတော့ သာမန်ဝိညာဉ်ကြောသုံးခုပိုင်ရှင်ထက် နည်းနည်းနိမ့်တယ်။ ဒါပေမဲ့ နှစ်အနည်းငယ်အတွင်းမှာတင် သူက အမြုတေဖွဲ့စည်းနေပြီ။ အာကာသဝိညာဉ်ကြော ပိုင်ဆိုင်ထားတဲ့ လူတွေတောင် ဒီနှုန်းကို မရနိုင်ဘူး။ ဒါကြောင့် ယွီလွမ်က သူတို့ဆီလာလည်ပြီး ကွေ့ယီဂိုဏ်းစံနှုန်း မြင့်တင်ဖို့အတွက် ယိချင်းကို နောက်တစ်ကြိမ် တပည့်တွေ လက်ခံဖို့ ဆန္ဒကို ဖော်ပြလာပြန်တယ်။
ကူယွဲ့က ဒီလိုဖြစ်လာမယ်ဆိုတာ သိပြီးသား။ ဒါကြောင့် သူက ယိချင်းကို ချက်ချင်း သဘောတူဖို့ ပြောခဲ့တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကူယွဲ့က ဓားအင်းကွက်ကို ပြင်ဆင်ပြီးပြီမို့ တပည့်တစ်ယောက်ကို ပစ်ထည့်တာနဲ့ တစ်အုပ်ကို ပစ်ထည့်တာ ကွာခြားချက်မရှိဘူး။ သူတို့တွေ တပည့်ရွေးတာကိုတော့ ယွီလွမ့်ဆီ လွှဲထားလိုက်တယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဝူတိတောင်က ကြီးတာပဲဟာ။ ကူယွဲ့ စားဖိုမှူးရဲ့ အားမကိုးရတဲ့ စရိုက်ကို စဉ်းစားမိတော့ သူ တပည့်တွေ ဝင်လာပြီး မီးဖိုချောင်ထဲ တစ်နေကုန် နေနေမဲ့လူကိုမြင်သွားမှာကို တားဆီးချင်တယ်။ ဒါကြောင့် ကူယွဲ့ ဝူတိတောင်ကို အင်းကွက်နဲ့ နှစ်ပိုင်းပိုင်းလိုက်တယ်။ သူတို့က တောင်ထွတ်မှာ ကျန်ရစ်မယ်။ တောင်ခြေမှာတော့ တပည့်တွေအတွက် သီးသန့်ဖယ်ထားလိုက်မယ်။ သူတို့တွေကို စိတ်တိုင်းကျနေရာတွေမှာ အိမ်ဆောက်ခွင့်ပေးလိုက်မယ်။
သင်ကြားရေးအတွက်ကတော့ ကူယွဲ့က ကျိုးရှုမင်ကို အားလုံးလွှဲထားဖို့ ပြင်ဆင်နေတာ။ ကျိုးရှုမင်ကို ကူယွဲ့ အစက သင်ပေးခဲ့သလို တခြားတပည့်တွေ သင်ကြားပေးဖို့ ညွှန်ကြားရမယ်။ တကယ်လို့ မသင်ယူနိုင်ရင် ကျိုးရှုမင် ဓားအင်းကွက်ထဲ သူတို့အနှိပ်စက်ခံရဖို့ ပစ်ထည့်ခွင့်ရှိတယ်။
ဂိုဏ်းချုပ်နဲ့ တောင်ထွတ်သခင်တွေလည်း ယိချင်းရဲ့ဆုံးဖြတ်ချက်ကို ကျေနပ်နေကြတယ်။ တစ်ယောက်သောသူ... ထျန်းယီက လွဲရင် သူက ဝိညာဉ်ဆေးပင်တွေကို အဓိကစိတ်ပူတာ။ ဘယ်လိုပဲဖြစ်ဖြစ် အမည်မဲ့တောင်ပေါ်မှာက ဝိညာဉ်ဆေးပင်တွေ နေရာအနှံ့လေ။
တကယ်လို့ အဲတပည့်တွေ အမည်မဲ့တောင်ထဲ ဝင်ခွင့်ရှိသွားရင် ဝိညာဉ်ဆေးပင်တွေကတော့ ခံစားရတော့မှာပဲ။ ကူယွဲ့တို့ကတော့ ဒါကိုသိပ်စိတ်မပူပေမဲ့ ထျန်းယီနှလုံးသားကတော့ ဝိညာဉ်ဆေးပင်တွေအတွက် သွေးယိုနေတယ်။ သူက လအနည်းငယ် တပည့်ရွေးချယ်တဲ့ကိစ္စကို ရှောင်ကာ သူ့တျန်းရှတောင်က တပည့်တွေကို ခေါ်လာပြီး ဆေးပင်တွေကို ရက်အနည်းငယ်အတွင်း ဝယ်ယူဖို့လုပ်တယ်။
နဂိုက အေးစက်တဲ့ အမည်မဲ့တောင်ဟာ ခုတော့ ပိုပိုပြီးလူထူထပ်လာတယ်။ ကွေ့ယီဂိုဏ်းကလူတိုင်း ရုတ်တရက် ပြင်ဆင်မှုတွေ ပြောင်းလဲမှုကြောင့် အလုပ်များနေကြတယ်။ ဒါပေမဲ့ အမည်မဲ့တောင်မှာနေတဲ့ လူတွေကိုယ်တိုင်ကတောင် နောက်မှာထိုင်ပြီး ဝိညာဉ်ကျောက်တုံးတွေကို သိမ်းတာပဲလုပ်နေတယ်။ ကျိုးရှုမင်တောင် ဒီလအနည်းငယ်အတွင်း သူ့အမြုတေကို တည်ငြိမ်အောင် ပြုလုပ်ခဲ့တယ်။ သူက ဓားအင်းကွက်ရဲ့ ဒုတိယအဆင့်ကိုပါ အောင်မြင်နိုင်ခဲ့ပြီ။ ခု တတိယအဆင့်မှာ။
သူ ထွက်လာချိန် သူက လွင့်မျောနေတဲ့ပုံ။ သူ အရင်ဆုံးလုပ်တာက ကူယွဲ့ကို ဘေးကိုဆွဲခေါ်ပြီး ဆွေးနွေးတာ။ "ကျွန်တော် ဒီတစ်ကြိမ် အမြုတေ အောင်အောင်မြင်မြင် ဖွဲ့စည်းနိုင်တာ ဆရာတူအစ်မရှုယီဆီက လမ်းညွှန်မှုကို လက်ခံရရှိခဲ့လို့ပါ၊ ညီကိုကူယွဲ့ ကျွန်တော် သူ့ကို သွားကျေးဇူးတင်သင့်တယ်ထင်လား၊ ဘယ်ချိန်က သင့်တော်မလဲ"
ကူယွဲ့ သူ့ကိုခေါင်းစခြေဆုံး ကြည့်ကာ ပခုံးကိုဖက်ပြီး ပြောစရာပျောက်နေတယ်။
"ငါပြောမယ် ကျိုးနှစ်ကျပ်... လူတစ်ယောက်ကို နောက်ဖေးလမ်း ချန်ထားပေးဖို့ဆိုတာ ဘာလဲသိလား' သူမကို ဆိုးဆိုးဝါးဝါးနာကျင်စေခဲ့တာနဲ့တင် မကျေနပ်သေးလို့လား။ ပိုပြီးတော့တောင် နာကျင်အောင် လုပ်နေတာလား။
"အမ်" ကျိုးရှုမင်က ကူယွဲ့ ဘာကိုရည်ညွှန်းတာလဲ နားမလည်။ အပြစ်ကင်းစွာနဲ့ သူကတုံ့ပြန်တယ်။
"ကျွန်တော် သူ့ကိုသွားကျေးဇူးမတင်သင့်ဘူးလား" ခဏနေတော့ သူက တစ်ခုခုခုကို သတိရသွားတဲ့ပုံ။ သူက အသည်းအသန် ခေါင်းညိတ်တယ်။
"ညီကိုကူယွဲ့ ခင်ဗျားပြောတာမှန်တယ်၊ ကျွန်တော် ဒီတိုင်းသွားရင် စိတ်ရင်းမပါရာကျလွန်းတယ်၊ လက်ဆောင်တချို့ ပြင်ပေးသင့်တာပေါ့"
ကူယွဲ့ နှုတ်ခမ်းသပ်လိုက်တယ်။
"ဟီးဟီး မင်းပျော်သရွေ့ပေါ့" ကျိုးရှုမင် အသေ ရိုက်သတ်တာ မခံရပါစေပဲ သူ မျှော်လင့်တယ်။
သူ့ မျက်လုံးတွေ တောက်ပသွားတယ်။ သူ ပိုပြီးတောင် စိတ်လှုပ်ရှားလာတယ်။
"ကျွန်တော် ဒီလက်ဆောင်ကို သေချာရွေးရမယ်၊ ဆရာတူအစ်မရှု ဘာကြိုက်လဲ မသိတာ နှမြောစရာပဲ"
ကျိုးရှုမင်က မျက်မှောင်ကြုတ်တယ်။ ခဏနေတော့ သူက ပြောတယ်။
"ဟုတ်သား၊ မိန်းကလေးရှန်းကလည်း အမျိုးသမီးပဲ၊ သူ့ကို မေးပါရစေ၊ သူကတော့ သေချာပေါက် သိမှာပဲ" သူက လှည့်ကာ တောင်ထွတ်ဆီ ဦးတည်ဖို့ပြင်တယါ။
"ပြန်လာ" ကူယွဲ့ သူကို ချက်ချင်း ပြန်ဆွဲထားလိုက်ရတယ်။ "မင်းမှာ ဦးနှောက်ရော ရှိရဲ့လား၊ ဘာမှလုပ်စရာမရှိတာနဲ့ ရှန်းရင်ဆီ မင်းပြဿနာတွေ သယ်သွားတာတော်တော့"
"ဘာလို့" ကျိုးရှုမင်က တုံ့ဆိုင်းသွားတယ်။
အဓိပ္ပာယ်မရှိတာ။ သူ ကန်းနေလား။ ရှန်းရင်နောက် တစ်ချိန်လုံးလိုက်နေတဲ့ ရှာလကာရည်အိုးကို မတွေ့ဘူးလား။ ရှုယီကို သွားရှာရင် အသေရိုက်သတ်ခံရရုံလောက်ပဲဆိုပေမဲ့ ရှန်းရင်ကို သွားရှာရင် သေတာထက် ပိုဆိုးတဲ့ဘဝမှာ သေချာပေါက်နေရလိမ့်မယ်။
ကူယွဲ့က မျက်ဆံလှန်ကာ သက်ပြင်းချလိုက်တယ်။ "မင်း ရှန်းရင်ကို စားတာထက် တော်တဲ့အရာ ရှိတယ်တွေးတာလား" မင်း သူ့ကိုမေးချင်ရင် စားစရာအပြည့်စားပွဲတစ်ပွဲ ပြင်ထားတာပိုကောင်းမယ်။
"ဒါဆို ကျွန်တော် ဘာလုပ်သင့်လဲဟင်" ကျိုးရှုမင်က ဦးနှောက်အခြောက်ခံ စဉ်းစားနေတယ်။ အချိန်အတော်ကြာတာတောင် သူ သူမကိုပေးဖို့ သင့်တော်တဲ့လက်ဆောင် စဉ်းစားမရ။
"ကျွန်တော်မနက်ဖြန် သူ့ကို သွားကျေးဇူးမတင်ခင် ဆရာတူအစ်မရှု ကြိုက်တတ်တာ လိုက်မေးကြည့်ရင်ရော"
သွားဖို့ အစီအစဉ်ရှိသေးတာလား။ ကူယွဲ့ မျက်မှောင်ကြုတ်လိုက်ပေမဲ့ ဘာမှမပြောတော့ဘူး။ သူသိသမျှဆို ကျိုးရှုမင်က ကျူးကျော်သူကို ဒေါသအတော်ထွက်ပြီး လာရာအအရပ်ဆီ ပြန်သွားဖို့ ကူညီပေးမှာပဲ။
ကျိုးရှုမင်က ရှုယီကို လက်ဆောင်ဘာပေးဖို့ မစဉ်းစားနိုင်ခင် ထျန်းကျီက သူတို့အိမ်တံခါးဆီ ရောက်လာမယ်လို့ ကူယွဲ့ မထင်ထားခဲ့ရုံပဲ။ သူနဲ့အတူ ဓားတစ်ချောင်း ယူဆောင်လာတယ်။ သူတို့အိမ်တံခါးဝမှာ ပေါ်လာဖို့ အတားအဆီးအားလုံးကို ကျော်ဖြတ်နိုင်အောင် ကူညီပေးတဲ့ အမျိုးအစားပဲ။
"ရွှေအမြုတေကျင့်ကြံသူတစ်ယောက်ကများ ငါ့တပည့်ကို ခြေမွှရဲတယ်" ထျန်းကျီက အော်ကာ တောင်ခြေကတပည့်တွေဆီ ဓားကိုဝှေ့ယမ်းတယ်။ အားကောင်းတဲ့မုန်တိုင်းတစ်ခု ပေါ်လာပြီး လေပြင်းဓားတွေပါ ပါဝင်လာတယ်။ တပည့်တစ်ယောက်မှ အရှိန်ကို မရှောင်လိုက်နိုင်ကြ – သူတို့တွေ လေပြင်း ပစ်ထုတ်တာခံလိုက်ရတယ်။ လေပြင်းကတော့ ကျိုးရှုမင်ဆီ ပျံသန်းသွားကြလေရဲ့။
…
အခန်း ၆၈၁ ။ လက်တုံ့ပြန်ခြင်း
ကျိုးရှုမင် တုံ့ဆိုင်းသွားတယ်။ သူ အလိုလို သူ့ဓားကို ကောက်ယူဖို့လုပ်ပေမဲ့ နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအရှိန်အဝါဖိအားကြောင့် လှုပ်မရဖြစ်နေတော့တယ်။
သူတို့ ထပ်သိလိုက်ရတာကတော့ ဝုန်းခနဲ ပေါက်ကွဲသံကြီးထွက်လာတယ်။ လေပြင်းဓားတွေက ကြမ်းပြင်ပေါ် ဆင်းသက်လာပြီး အရှိန်ကြောင့် တွင်းကြီးတစ်ခုပဲကျန်ခဲ့တယ်။ အမည်မဲ့တောင်တစ်ခုလုံး တုန်ယင်သွားတယ်။ တပည့်တွေ ဓားသိုင်းလေ့ကျင့်ဖို့ ဟိုတစ်နေ့ကတင်ဆောက်ထားတဲ့ စင်မြင့်ပါ ပြိုလဲသွားခဲ့တယ်။
ကူယွဲ့ အမူအရာ မည်းမှောင်သွားတယ်။ စားဖိုမှူးအသံက တောင်ထွတ်က ထွက်လာပြီး ဒေါသဖြစ်နေတဲ့ ထျန်းကျီကိုကြည့်ကာ မေးတယ်။
"ဆရာသခင်ထျန်းကျီ ဘာလို့ ရုတ်တရက် ကျုပ် အမည်မဲ့တောင်ရဲ့ တပည့်တစ်ယောက်ကို လာရန်ပြုရတာလဲ"
ထျန်းကျီက စက္ကန့်နဲ့အမျှ ပိုဒေါသထွက်လာတယ်။ သူက ကျိုးရှုမင်ကို ဒေါသတကြီးကြည့်ကာ ပြောတယ်။ "ဟမ့် သူ့ကို ဒဏ်ရာရအောင်လုပ်တယ်လား၊ သူ့လို ရွံစရာလူ။ ငါ သူ့ကို ဒီနေ့သတ်ရင်တောင် သူ့အပေါ် အမုန်းတရားက လွင့်ပျောက်သွားမှာမဟုတ်ဘူး" သူ့ဖိနှိပ်ထားတဲ့အရှိန်က နောက်တစ်ကြိမ် လွှမ်းမိုးလာပြန်တယ်။
ကူယွဲ့နဲ့ကျိုးရှုမင်က အဆင်ပြေပေမဲ့ ဓားသိုင်းလေ့ကျင့်နေတဲ့တပည့်တွေက ခုမှ စဝင်ရောက်လာတာ။ အတော်များများက ချီမွမ်းမံမှု ကနဦးအဆင့်ပဲရှိကြသေးတာ။ သူတို့ နတ်ဝိညာဉ်ဖွဲ့စည်းခြင်းဖိနှိပ်မှုအရှိန်အဝါကို တောင့်ခံနိုင်စရာ နည်းလမ်းမရှိ။ ချက်ချင်း သူတို့ သွေးအန်စ ပြုလာတော့တယ်။
ချီး။ ကူယွဲ့လည်း ခု ဒေါသထွက်လာပြီ။ ဒါပေမဲ့ သူ ဘာမှမလုပ်နိုင်ဘူး။ သူ တပည့်တွေ တစ်ယောက်ပြီးတစ်ယောက် ပြိုလဲသွားတာကို ကြည့်နေတယ်။ ပြင်းထန်တဲ့ဖိနှိပ်အားက ရုတ်တရက် သူတို့ပေါ်ကနေ စီးမိုးသွားခဲ့တယ်။ ထျန်းကျီရဲ့ ဖိအားက သိသိသာသာ နောက်ပြန်ရုတ်သွားတော့တယ်။
စားဖိုမှူးက အချိန်မီ ရောက်လာခဲ့တယ်။ သူက လက်ကိုမြှောက်ကာ ဝိညာဉ်ဓားတစ်ချောင်းကို ထျန်းကျီဆီ ပျံသန်းသွားစေလိုက်တယ်။
ထျန်းကျီက ကြောင်အမ်းသွားတယ်။ သူက ဓားလမ်းကြောင်းကနေ ထွက်ဖို့ ကြိုးစားပေမဲ့ အချိန်မီ မလုပ်နိုင်လိုက်တော့ သူ့ဝတ်ရုံလက်ကို နှစ်ခြမ်းပိုင်းသွားတော့တယ်။
"မင်း” ထျန်းကျီက ခုတကယ်ဒေါသထွက်နေပြီ။ သူက မော့ကြည့်ကာ ယိချင်းကို ဒေါသတကြီး ကြည့်ရင်း မီးခိုးတွေက သူ့နားထင်ထဲကနေ ထွက်လာတယ်။ "ယိချင်း မင်း ဒီခွေးသားကို ကာကွယ်ဖို့ ကြိုးစားနေတာလား"
ယိချင်း သူ့ကိုအူကြောင်ကြောင်ကြည့်ကာ ကူယွဲ့ကို မေးခွန်းထုတ်သလို လှည့်ကြည့်လိုက်တယ်။ ဘာတွေဖြစ်နေတာတုန်း။ ဒီလူက ရူးနေတာလား။ ကူယွဲ့ သူ့ခေါင်းကိုယမ်းကာ သူကိုယ်တိုင်တောင် မသေချာတာကို ပြသလိုက်တယ်။
ယိချင်း မေးမို့ရှိသေး တောင်ထွတ်မှာရှိနေတဲ့ ယွီလွမ်က အပြေးရောက်လာတယ်။ သူက တစ်ခုခု လွဲနေပြီဆိုတာ အာရုံခံမိတယ်။ သူ တောင်ထွတ်အကြီးအကဲတချို့ပါ ခေါ်လာပြီး ထျန်းယီပါ သူနဲ့ပါလာတယ်။
"ဘာ... ဘာတွေဖြစ်နေတာလဲ" ယွီလွမ်က ထိတ်လန့်သွားတယ်။ သူက ဒဏ်ရာရအုပ်စုကို စစ်ဆေးကာ ချက်ချင်း သွေးကြောတွေစစ်ဆေးခိုင်းဖို့ သူ့ကိုယ်ပိုင်တပည့်တွေကို ချက်ချင်းခိုင်းလိုက်တယ်။
သူ စိတ်ပူပန်ပြီး ဒေါသထွက်နေတာ သိသာတယ်။ ဒီလူတွေက လူထုအများထဲကရွေးချယ်ခဲ့တာ ဓားကျင့်ကြံဖို့အတွက် အသင့်တော်ဆုံးလူတွေထဲကပဲ။ သူတို့ကွေ့ယီဂိုဏ်းက ဆေးလုံးကျင့်ကြံသူတွေပဲ ရှိတယ်။ တိုက်ပွဲမှာ တော်ကြတာမဟုတ်ဘူး။ ဒါကြောင့် သူတို့ စူးစမ်းလေ့လာရေးတွေ သွားချိန် တခြားဂိုဏ်းတွေရဲ့ အနိုင်ကျင့်မှုကို မလွဲမသွေခံရတယ်။ အခု သူတို့ ဘယ်ကမှန်းမသိ ဒီဓားကျင့်ကြံသူဆရာသခင်ကို ရသွားတော့ ယွီလွမ်က အခြေအနေကိုပြောင်းလဲပစ်ဖို့ တစ်ပြားသားမလျှော့ခဲ့ဘူး။ သူ ဒီပထမတပည့်အသုတ်က ကွေ့ယီဂိုဏ်းဆီ ရောက်ရောက်ချင်း ရက်ပိုင်းမှာတင် အဲလောက်အပြင်းအထန်ဒဏ်ရာရသွားလိမ့်မယ် မထင်ဘူး။
"ဆရာတူညီလေးထျန်းကျီ မင်း ဘာလို့ ဒီလိုလုပ်နေတာလဲ" ထျန်းယီကတော့ အမြဲ အဝေးကို မြင်တတ်သူ။ သေချာပေါက် ယွီလွမ် ဘာတွေးနေလဲ နားလည်တယ်။ သူက ထျန်းကျီကို မော့ကြည့်လိုက်တယ်။ ဒီကောင်က ပြဿနာဖန်တီးသူဆိုတာ သိသာတယ်။
"ဒီနေ့ ငါ ဒီ ဒုက္ခပေးတတ်တဲ့ မကောင်းဆိုးဝါးသားရဲကို သတ်ပစ်မယ်" သူက လက်လှမ်းကာ ကျိုးရှုမင်ကို လက်ညှိုးထိုးတယ်။ အေးစက်စက်နဲ့ သူက ဆက်ပြောတယ်။
"မင်းတို့အားလုံး ငါ့ကိုမတားရင်ကောင်းမယ်။ မဟုတ်ရင် မင်းတို့ကို မသနားလို့ ငါ့ကိုအပြစ်မတင်နဲ့"
"ကျိုးရှုမင်လား" ယွီလွမ်က သူ့ကို အူကြောင်ကြောင် စိုက်ကြည့်နေမိတယ်။ ဆရာဦးလေးထျန်းကျီက ဘာလို့ ရွှေအမြုတေသာသာတပည့်တစ်ယောက်ကို အဲလောက်အမုန်းတရားတွေ များနေရတာလဲ။
"ဆရာဦးလေး၊ ဒီတပည့်က ဘာလုပ်လို့လဲ၊ ဘာလို့ ဒီလိုလုပ်နေတာလဲ"
"သူဘာလုပ်လဲ" ထျန်းကျီက တောက်ခေါက်ပြီး ကျိုးရှုမင်ကို မျက်စိနဲ့ ဓားမြှောင်တွေပစ်လွှတ်သလိုကြည့်ကာ တစ်လုံးချင်း ဖြည်းညှင်းစွာ ဖိပြောလေတယ်။ "ငါလည်း သူ့ကို မေးချင်နေတာ၊ ပြိုင်ပွဲနေ့တုန်းက တကယ်ပဲ ယီလေးကို ဘာတွေလုပ်ခဲ့တာလဲ၊ သူက ဘာလို့ဒီလိုဖြစ်လာရတာလဲ"
"ရှုယီ" လူအုပ်ကြီးက ပင့်သက်ရှိုက်လိုက်တယ်။ သေချာတွေးကြည့်တော့ သူတို့ သူမကို မတွေ့တာကြာနေပြီ နားလည်လိုက်ရတယ်။
"ဆရာတူအစ်မရှုလား" ကျိုးရှုမင် တန့်သွားပြီး စိုးရိမ်မှုအပြည့်နဲ့ မေးလိုက်တယ်။ "သူ ဘာဖြစ်လို့လဲ"
"မင်းက ငါ့ကို ဒီမေးခွန်းမေးရဲတယ်ပေါ့လေ" ထျန်းကျီရဲ့ သတ်ဖြတ်လိုစိတ်က ပြင်းထန်လာတယ်။
"ပြိုင်ပွဲနေ့တည်းက သူ့အခြေအနေက ယိုယွင်းလာတာ၊ အခု သူ့သွေးကြောတွေအားလုံး ပြိုကွဲသွားသလို ရွှေအမြုတေတောင် တစ်စစီဖြစ်သွားတယ်"
"ဘာ ယီလေး ဒဏ်ရာရနေတယ်လား" ရှုယွီက ထိတ်တလန့်ဖြစ်သွားတယ်။ ဒါက ဘယ်လိုပဲဖြစ်ဖြစ် သူ့သမီးရင်းလေ။ သူ စိတ်ပူပန်တယ်ဆိုတာ သဘာဝပါပဲ။
"မဖြစ်ဘူး၊ ငါ သူ့ကိုသွားတွေ့မှဖြစ်မယ်" ချက်ချင်း သူက အုပ်စုကို ပစ်ပယ်ကာ ရှုယီတောင်ထွတ်ဘက် လှည့်ပျံသွားတယ်။
"ဆရာဦးလေးထျန်းကျီ အထင်လွဲတာများ တစ်ခုခုရှိနေတာလား" ယွီလွမ်က မေးတယ်။ ပြိုင်ပွဲက ပြီးသွားတာ အတော်ကြာပြီလေ။ ဒီမတိုင်ခင်က သူ့မှာ ပြဿနာမရှိခဲ့ဘူးမလား။
"အထင်လွဲစရာမရှိဘူး" ထျန်းကျီက ကျိုးရှုမင်ဘက် ဓားကိုချိန်လိုက်တယ်။ "ယီလေးက အရင်တုန်းက အဆင်ပြေတယ်၊ ဒါပေမဲ့ စင်ပေါ်တက်သွားပြီး ပြန်လာတဲ့နောက် သတိမေ့မျောသွားတာပဲ၊ သူသာဘာမှမလုပ်ရင် ဘယ်သူလုပ်တာတုံး"
လူတိုင်း ရုတ်ရုတ်သဲသဲဖြစ်သွားကာ အမူအရာတွေပြောင်းကုန်တယ်။ ပြိုင်ပွဲနေ့ကဘာတွေဖြစ်ခဲ့လဲ လူတိုင်း မြင်ပြီးသား။ ကျိုးရှုမင်က ဝဋ်ကြွေးချေခြင်းဖြစ်ပွားပြီး အမြုတေမဖွဲ့စည်းခင် ဘာမှကို မလုပ်ခဲ့တာ။ ပြီးတော့ ကျိုးရှုမင်က အဲအချိန်က ရှုယီထက် ကျင့်ကြံဆင့်တစ်ဆင့်နိမ့်တယ်။ သူတကယ် သူမကို ဒုက္ခပေးချင်ရင်တောင် လုပ်နိုင်မှာမဟုတ်လောက်ဘူးလေ။
"ဆရာဦးလေးထျန်းကျီ အဲနေ့က ဘာဖြစ်ခဲ့လဲ ကျွန်တော်တို့အားလုံး မြင်ခဲ့တာပဲ၊ သူတကယ် ဘာမှမလုပ်ခဲ့ပါဘူး" ယွီလွမ်က ရှင်းပြတယ်။
"ဖြစ်နိုင်တာ ဆရာဦးလေးက စိုးရိမ်မှုတွေ လွှမ်းမိုးနေလို့ဖြစ်မှာ"
"ဟမ့် သူက ဒီဂိုဏ်းထဲဝင်တည်းက ငါ့တပည့်နဲ့ မတည့်တာ၊ ပြီးတော့ ယီလေးက သတိလစ်သွားတည်းက သူ့နာမည်ပဲခေါ်နေတာ၊ သူကလွဲပြီး ဒီလိုလုပ်မဲ့သူ တခြားစဉ်းစားအရဘူး" ထျန်းကျီက ဒါကို လွှတ်ပေးဖို့ ဆန္ဒမရှိတာသိသာတယ်။ သူက ကျိုးရှုမင်ကိုသတ်ဖို့ စိတ်ပိုင်းဖြတ်ထားသလို ဆက်ပြီး စူးစူးဝါးဝါးကြည့်နေတယ်။ "ငါ ဒီနေ့ သူ့ကို သတ်ကိုသတ်ရမယ်"
သူကပြောရင်း ဝိညာဉ်ချီကိုအသက်သွင်းကာ ကျိုးရှုမင်ဆီ ဦးတည်တဲ့ ရေခဲချွန်တစ်ထောင်ကို ဖန်တီးလိုက်တယ်။ ကျိုးရှုမင်ဘေးမှာ ဘယ်သူတွေရပ်နေလဲ ဂရုမစိုက်တော့ဘူး။
"ဆရာဦးလေး" ယွီလွမ်က အထိတ်တလန့် လှမ်းခေါ်တယ်။ သူ တစ်ခုခုလုပ်ချင်ပေမဲ့ ထျန်းကျီရဲ့ ဖိနှိပ်ထားတဲ့အရှိန်အဝါကြောင့် လှုပ်ရှားမရဖြစ်နေတယ်။
ယိချင်း မျက်မှောင်ကြုတ်ကာ တစ်ဖက်လှည့်ပြီး ဓားချီကို အသက်သွင်းလိုက်တယ်။ ခေါင်းလောင်းသံတွေက မြည်လာတယ်။ ရေခဲချွန်တွေက ကြေမွသွားပြီး ကြောက်ခမန်းလိလိပမာဏ ဓားချီက ကောင်းကင်ကို ဖုံးလွှမ်းသွားကာ ထျန်းကျီဆီ ဦးတည်နေတယ်။
လက်ကောက်ဝတ်တစ်ချက်လှည့်တော့ ဝိညာဉ်ဓားတစ်ချောင်း ယိချင်းလက်ထဲပေါ်လာတယ်။ သူက စိတ်မရှည်တဲ့လေသံနဲ့။
"မင်း ချချင်ရင် ငါ့ဆီလာချေ" တိုက်ချင်ရင်လည်း မြန်မြန်လုပ်။ ဟင်းချက်ရဦးမှာ တစ်ဝက်ပဲပြီးသေးတယ်။
"မင်း..." ထျန်းကျီအမူအရာက ရှုံ့မဲ့သွားတယ်။ သူက ဒေါသနဲ့ ဖုံးလွှမ်းနေဆဲ။ ဓားကိုပိုပြီးတင်းတင်းဆုပ်ကိုင်ကာ အော်လေတယ်။ "ငါမင်းကို မကြောက်ဘူး"
နှစ်ယောက်သား တိုက်ခိုက်ဖို့ပြင်နေကြတယ်။ ယွီလွမ် ရင်ထိတ်သွားရတယ်။ သူရှေ့ကိုပြေးတက်ကာ ပြောလိုက်တယ်။
"ဆရာဦးလေးတို့ ကျေးဇူးပြုပြီး စိတ်အေးအေးထားပါ" သူတို့ နှစ်ယောက်သား တိုက်ခိုက်ကြရင် ဒုက္ခရောက်တော့မှာ။ သူတို့ကိုဖျောင်းဖျဖို့ သူအမြန်ကြိုးစားလိုက်တယ်။
"ဒါ တိုက်ခိုက်ရမဲ့အချိန် မဟုတ်ဘူးလေ၊ ဆရာဦးလေးထျန်းကျီ ရှုယီအခြေအနေက ပိုအလျင်လိုနေတာ၊ သူ အရင်ဆုံး ဘာဖြစ်နေတာလဲဆိုတာ သွားအဖြေရှာကြည့်ရင်ရော၊ သတိပြန်ရလာမှ ဘယ်သူ့ကို အပြစ်တင်ရမလဲဆိုတာ အဖြေရှာနိုင်တာပဲ"
ထျန်းကျီက ငုံ့သွားတယ်။ သူက ဒီအကြံပြုချက်ကို တွေးဆနေတယ်။ တကယ်တော့ သူမကိုနှိုးဖို့ သူနည်းမျိုးစုံ သုံးကြည့်ခဲ့ပေမဲ့ အချည်းနှီးပဲ။ တခြားသူတစ်ယောက်ယောက်က ပိုသာအောင် လုပ်နိုင်မယ်မထင်ဘူး။
"ဆရာဦးလေးထျန်းယီက ဆေးပညာမှာ အရမ်းတော်တာပဲ၊ သူ့ကိုတစ်ချက်ကြည့်ခိုင်းရင်ရော"
ယွီလွမ်က အကြံပြုတော့ ဘေးမှာရပ်နေတဲ့ ထျန်းယီက ခေါင်းညိတ်ပြတယ်။
အဲတော့မှ ထျန်းကျီက ကျိုးရှုမင်ကို တစ်ချက် စိန်းစိန်းဝါးဝါးကြည့်ကာ ဓားကိုသိမ်းလိုက်တော့တယ်။ သူက တစ်ဖက်လှည့်ကာ အုပ်စုကို တျန်းရှတောင်ဆီ ခေါ်သွားတယ်။
လူတိုင်း အကြည့်ချင်းဖလှယ်မိကြကာ သူ့နောက်လိုက်ခဲ့ရတော့တယ်။