← Chapters

အခန်း (၆၈၅-၆၈၇)

Vol. 46 Ch. 685-687

အခန်း (၆၈၅-၆၈၇)

Vol. 46 Ch. 685-687

အခန်း ၆၈၅ ။ နတ်ဆိုးဂိုဏ်းတိုက်ခိုက်

ကူယွဲ့ နှုတ်ခမ်းသပ်လိုက်တယ်။ သူက ရွေးစရာမရှိတော့ဘဲ သူ့ကို စိုးရိမ်မှုနဲ့ကြည့်နေတဲ့လူတွေကို စိန်းစိန်းဝါးဝါး ပြန်ကြည့်လိုက်ရတယ်။

"ပြဿနာရှိလို့လား"

"ညီကိုကူယွဲ့" ထျန်းယီက သူ့ကိုစိုက်ကြည့်နေတယ်။ နောက်တော့ သူ့ဘေးမှာချိတ်ထားတဲ့ သိုလှောင်အိတ်ဆီ လက်လှမ်းကာ လက်စွပ်တစ်ကွင်း ထုတ်လာတယ်။ သူက ခေါင်းက အကာအကွယ် ဓမ္မ ဆံညှပ်အဆောင်ကို ဆွဲဖြုတ်ကာ ဝတ်ထားသမျှ အဆောင်အယောင်တွေကိုရောပဲ။ နောက်တော့... သူက အားလုံးကို ကူယွဲ့ဆီ အပ်လိုက်တယ်။ အင်မတန် လေးနက်စွာနဲ့ သူကပြောတယ်။

"ငါ အထက်ဘုံဆီ တက်လှမ်းသွားတာနဲ့ ဒါတွေကို သုံးဖို့လိုတော့မှာ မဟုတ်လောက်ဘူး၊ ငါ အားလုံးကို မင်းဆီ အပ်ခဲ့မယ်၊ ညီကိုကူယွဲ့ မင်းကိုယ်ရဲ့ အရည်အသွေးက ငါ့ထက်အများကြီးပိုသာတယ်၊ မင်း သိပ်မကြာခင် မသေမျိုးဆီ တက်လှမ်းလာမယ်ဆိုတာ သေချာတယ်၊ မင်းမိတ်ဆွေက မင်းကို အပေါ်ကနေ အားပေးနေပါ့မယ်"

ကူယွဲ့ ။ ။ "..." သူ ဘာလို့ ဒီလူ စပွန်ဆာပေးတာ ခံနေရတယ်လို့ ဘာလို့ခံစားနေရတာပါလိမ့်။

ဒါပေမဲ့ သူက အကြောင်းရင်းမရှိ ဒီဝိညာဉ်ကျောက်တုံးတွေအားလုံးကို အပ်နေမှတော့ ကူယွဲ့ ငြင်းလို့မရဘူးပေါ့လေ

↖(^ω^)↗

"ကျေးဇူးတင်ပါတယ် ညီကိုထျန်းယီ"

"ငါတို့အားလုံးက ညီကိုတွေပဲ။ တကူးတကယဉ်ကျေးနေစရာမလိုပါဘူး" ထျန်းယီက လက်ကိုယမ်းကာ လေးလေးနက်နက် ဆက်ပြောတယ်။

"အဲနေ့က မင်းသတိပေးချက်ကြောင့်သာ ငါ မသေမျိုးဆီ တက်လှမ်းနိုင်ခဲ့တာ၊ ဒါတွေက အဲဒါနဲ့ယှဉ်ရင် ဘာမှမပြောပလောက်ပါဘူး" သူက ဆက်ပြောမို့လုပ်ပေမဲ့ အပေါ်က စုပ်ယူမှုက ပိုပိုပြီး အားပြင်းလာတယ်။ စိတ်ပူပန်စွာနဲ့ သူကအော်တယ်။ "ငါသွားရတော့မယ်၊ ဂရုစိုက်ပါ ညီကိုကူယွဲ့"

အဲလိုနဲ့ သူ့ကိုယ်က အပေါ်ဆီ တက်သွားတော့တယ်။

ကူယွဲ့ သူ့လက်ထဲက ပစ္စည်းတွေကို ငုံ့ကြည့်လိုက်တယ်။ သူ သက်ပြင်းချကာ အဖြူရောင်ကျောက်စိမ်းပြားတစ်ခု ထုတ်ပြီး ထျန်းယီဆီ ပစ်ပေးလိုက်တော့တယ်။

"ဒါယူထားလိုက်"

ထျန်းယီက အလိုလို လှမ်းဖမ်းမိလိုက်တယ်။ သူ့အတွက်တော့ သာမန်ကျောက်စိမ်းတံဆိပ်ပြားတစ်ခုလိုပဲ။ ‌ဓမ္မလက်နက်တစ်ခုမဟုတ်သလို ဝိညာဉ်အဆောင်လည်း မဟုတ်။ ကျောက်စိမ်းပြားရဲ့ တစ်ဖက်စီမှာ မတူညီတဲ့ စကားစုတွေသာ ရှိနေတယ်။ တစ်ဖက်က 'ပေါ်ပင်လယ်' တခြားတစ်ဖက်ကတော့ 'ဝူတိ' တဲ့။

"ဒါက..." ထျန်းယီ တုံ့ဆိုင်းသွားတယ်။

"အပေါ်ရောက်တာနဲ့ နားလည်လိမ့်မယ်" ကူယွဲ့ လက်ကိုယမ်းကာ ဆက်ရှင်းပြမနေတော့ဘူး။

နောက်အခိုက်အတန့်မှာ ထျန်းယီက တိမ်တိုက်တွေထဲက ရွှေရောင်အလင်းတန်းထဲ ပျောက်ကွယ်သွားပြီး အထက်ဘုံဆီ ရောက်သွားတော့တယ်။ ရွှေရောင်အလင်းလည်း ပျံ့ကျဲသွားကာ ဝိညာဉ်ပိုင်းဆိုင်ရာ ‌မိုးစက်လေးတွေအဖြစ် ပြောင်းလဲကုန်လေရဲ့။

တပည့်တွေအားလုံးက ချက်ချင်း ဝမ်းမြောက်သွားပုံ။ တစ်ယောက်ချင်းစီ ထိုင်ချကာ အပေါ်က ကျလာတဲ့ ဝိညာဉ်ချီကို စုပ်ယူဖို့ ပြင်ကြတော့တယ်။ ဒါတွေက ကောင်းကင်တာအိုကြီးမြတ်မှုရဲ့ အကြွင်းအကျန်တွေပဲ။ နတ်ဝိညာဉ်အကြီးအကဲတွေတောင် ထိုင်ချကုန်ကြတယ်။ နှစ်သိန်းချီအတွင်း မသေမျိုးဆီ တက်လှမ်းနိုင်တဲ့ ကျင့်ကြံသူတစ်ယောက်တောင် မရှိခဲ့ဘူး။ ဒါက ရှားပါးတဲ့ အခွင့်အရေးပဲ။

ကူယွဲ့ ပြန်ပျံသန်းလာကာ ယိချင်းရဲ့ စူးစမ်းတဲ့ အကြည့်နဲ့ တည့်တည့်တိုးသွားတယ်။

အာ...

"မင်း ဘာကြည့်တာလဲ" ကူယွဲ့က သူ့ကိုစိန်းစိန်းဝါးဝါး ကြည့်လိုက်တယ်။

စားဖိုမှူးက မျက်လုံးတွေမှေးသွားတယ်။ "ခုလေးတင် သူ့ကို ဝူတိဂိုဏ်းရဲ့ တပည့်တံဆိပ်ပြား ပေးလိုက်တာလား"

"အဲတော့ ဘာဖြစ်လဲ" ကူယွဲ့ လက်ထဲက ပစ္စည်းတွေကို သိုလှောင်အိတ်ထဲ ထည့်လိုက်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူက ကျောင်းလခ ပေးခဲ့တာပဲကို။

"အို~" စားဖိုမှူးက ကူယွဲ့ကို မျက်လုံးတွေမှေးရင်း ဆက်စိုက်ကြည့်နေတယ်။ ဝူတိဂိုဏ်းကို ထိန်းသိမ်းရတာ ကုန်ကျစရိတ်များလွန်းလို့ တပည့် ထပ်လက်မခံတော့ဘူးလို့ ပြောခဲ့တယ်ထင်နေတာ။

"မင်းဖင်ကို အို" ကူယွဲ့ နှုတ်ခမ်းသပ်လိုက်တယ်။ "မင်းရဲ့သောက်ကျိုးနည်း ရွံစရာအကြည့်ကို ဖယ်လိုက်စမ်း"

ရှန်းရင်ရဲ့ စိတ်ရှုပ်စရာ နည်းလမ်းတွေ လိုက်ကူးနေတာ တော်တော့။

"ဂိုဏ်းရဲ့ ဆေးဖက်ဆိုင်ရာ စီးပွားရေးက ဖြစ်ထွန်းနေတယ်လို့ ယွီဟုန်ပြောတယ်လေ၊ ငါတို့တွေ လုပ်ငန်းကို သူဌေးလန်နဲ့ မျောလွင့်လေးကိုပဲ အားကိုးနေလို့မဖြစ်ဘူး၊ ပြီးတော့ သူဌေးလန်က လက်နက်တွေ သန့်စင်၊ အဆောင်ဖန်တီး၊ မုန်လာဥဖြူကို ရေလောင်း၊ မုန်လာဥဖြူရဲ့ ကံဆိုးပြီး ဈေးပေါတဲ့သားကို ဂရုစိုက်ရ၊ တစ်ခါတလေ ဂိုဏ်းတပည့်တွေကိုပါ လမ်းညွှန်မှု လုပ်ပေးရသေးတယ်..."

သူဌေးလန်က လုပ်ပေးတဲ့အရာတွေကို ကူယွဲ့ လက်ချောင်းနဲ့ ရေ‌တွက်လိုက်တယ်။ ဒီဘက်ခေတ်မှာ စီးပွားရေးလုပ်ရတာ ခက်တယ် ဟုတ်ပြီလား။

"ဒါဆို..." စားဖိုမှူးက သူ့ကို အူကြောင်ကြောင်စိုက်ကြည့်နေပြီးမှ တစ်ခုခုနားလည်သွားတဲ့ပုံ။ "သူ့ကို ဆေးလုံးတွေသန့်စင်ဖို့ လွှတ်လိုက်တာလား" မိတ်ဆွေဆက်ဆံရေးက ဘာဖြစ်သွားတာလဲ။

"တခြား ဘာရှိမှာလဲ" သူ မျက်ဆံလှန်လိုက်တယ်။ "မင်းရော သူ့ကိုသွားကူညီပေးချင်လို့လား"

"အာ..." စားဖိုမှူးက တန့်သွားတယ်။ အင်မတန်လေးနက်စွာနဲ့ သူက ခေါင်းစဉ်ပြောင်းလိုက်တယ်။

"အော် ဟုတ်သား။ ဒီမနက် ဆန်ပြုတ်ချက်တာ အရမ်းနည်းသွားတယ်၊ ဆရာ ဗိုက်ဆာနေဦးမှာ၊‌ ဖေဖေနျို ကျွန်တော် ခု စားစရာတွေ ထပ်ချက်ဖို့ ပြန်လိုက်ဦးမယ်" ဆရာ အနားမှာ မရှိတော့ သူ့ကို အပြစ်ပြုလို့မဖြစ်ဘူး။ အပြစ်ပြုလို့မဖြစ်ဘူး

"..." ဟမ့် ပေါ့ပျက်ပျက်နဲ့

ယိချင်းက အခြေအနေကို ထိန်းချုပ်နိုင်သေးတယ်။ သူ တစ်ဖက်လှည့်ကာ အမည်မဲ့တောင်ဆီ ပျံဖို့လုပ်ချိန် ပေါက်ကွဲသံအကျယ်ကြီး ကြားလိုက်ရတယ်။ တောင်ခြေကနေ လာတာပဲ။ ကွေ့ယီဂိုဏ်းတစ်ခုလုံး အရှိန်ကြောင့် တုန်ခါသွားတယ်။ အကာအကွယ်တောင်အင်းကွက်က မည်းမှောင်ကုန်ပြီ။ ဂိုဏ်းကိုဝိုင်းထားတဲ့ ဝိညာဉ်ဓားတွေအားလုံး အပိုင်းပိုင်းကျိုးကုန်တယ်။

"တစ်ယောက်ယောက်က အင်းကွက်ဗဟိုကို ချိုးဖျက်လိုက်တာပဲ" ယိချင်း အမူအရာ ကွက်သွားတယ်။ တစ်ယောက်ယောက်က ထျန်းယီ ဝဋ်ကြွေးချေခြင်းကိုဖြတ်သန်းနေတုန်း ဝင်လာခဲ့တာ ဖြစ်ရမယ်

ယွီလွမ်လည်း တစ်ပြိုင်နက် တရားထိုင်နေရင်းက အသိဝင်လာတယ်။ "ဆရာဦးလေးယိချင်း ဒါ..." သူ မေးမို့ရှိသေး နောက်ထပ် ပေါက်ကွဲသံကြီးက တောင်ခြေကနေ ထွက်လာတာကို ကြားရပြန်တယ်။ မကောင်းဆိုးဝါးချီတွေအများကြီး ကွေ့ယီဂိုဏ်းထဲဝင်လာကာ တပည့်တွေ တောင်ပေါ် ပြေးတက်လာရတော့တယ်။

"ဂိုဏ်းချုပ်" တပည့်တွေက အသည်းအသန် အော်တယ်။ "ဂိုဏ်းချုပ်ကို တင်ပြပါတယ် — တောင်ခြေမှာ မိစ္ဆာလမ်းစဉ်ကျင့်ကြံသူတွေ အများကြီးပဲ၊ သူတို့တွေက ဂိုဏ်းတံခါးကို ဖျက်ဆီးပြီး အတင်းဝင်နေကြပါတယ်"

"ခုလား" ယွီလွမ့်အမူအဂာ ချက်ချင်းပြောင်းသွားတယ်။ သူ ဘာဖြစ်နေလဲ နောက်ဆုံးတော့ နားလည်ပြီ။ ဆရာဦးလေးက ခုတင် တက်လှမ်းသွားတာ။ ဒါက အောင်ပွဲခံသင့်တဲ့အရာပဲ။ ဒါပေမဲ့ ကွေ့ယီဂိုဏ်းက နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ တစ်ယောက် လျော့သွားပြီ။ ထျန်းကျီထွက်ပြေးသွားတာပါ ထပ်ပေါင်းရင် ဂိုဏ်းမှာ ယိချင်းက တစ်ဦးတည်းသော ကျန်ရစ်သူ နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူပဲ။ မိစ္ဆာလမ်းစဉ်ကျင့်ကြံသူတွေက ကွေ့ယီဂိုဏ်းကို သူတို့ကိုခုခံဖို့ မဖြစ်နိုင်ဘူးလို့ တွေးတာပဲဖြစ်ရမယ်။ ဒါကြောင့် ဒီအခွင့်အရေးကိုယူပြီး တိုက်ခိုက်ဖို့လုပ်တာ။

"ဒီမိစ္ဆာလမ်းစဉ်ကျင့်ကြံသူတွေက ဘယ်ကလဲ ပြောနိုင်ကြလား" သူ ခပ်တိုးတိုးမေးလိုက်တယ်။ သူတို့တွေ ကွေ့ယီဂိုဏ်းကို ကျူးကျော်ရဲရင် အရေအတွက် များလို့ပဲ။ တခြားနည်းနဲ့ပြောရရင် သူတို့က နတ်ဆိုးဂိုဏ်းတစ်ခုခုက လာတာဖြစ်ရမယ်။

"ကောင်းကင်မိစ္ဆာဂိုဏ်းကပါ" တပည်ဘနစ်ယောက်က အတည်ပြုလာတယ်။

"ကောင်းကင်မိစ္ဆာဂိုဏ်း" ယွီလွမ် သူ့ကို အူကြောင်ကြောင် စိုက်ကြည့်နေမိတယ်။

"ငါတို့က သူတို့နဲ့ တစ်ခါမှ မပတ်သက်ဖူးတာ၊ သူတို့က ဘာလို့ ငါတို့ကို လာတိုက်ခိုက်ရတာလဲ" သူ စကားပြောလေ ပိုစိတ်ပူပန်လာလေပဲ။ သူ ဖြေရှင်းနည်းတစ်ခု စဉ်းစားရင်း တပည့်ကိုညွှန်ကြားလိုက်တယ်။ "မြန်မြန် တခြားတောင်ထွတ်သုံးခုရဲ့ အကြီးအကဲတွေကို သွားအသိပေးချေ နတ်ဝိညာဉ်ပြီးပြည့်စုံသူတွေကို ငါနဲ့လိုက်ခိုင်းပြီး ရန်သူကိုရင်ဆိုင်ဖို့ ပြောလိုက်၊ တခြားတောင်ထွတ်သခင်တွေက ဂိုဏ်းကို ကာကွယ်ရမယ်၊ တစ်ယောက်မှ ခုခံရာမှာ ပေါ့လျော့လို့မဖြစ်ဘူး သူတုန့ကို တောင်အကာအကွယ်အင်းကွက်ဗဟိုကို ကာကွယ်ရာမှာ အာရုံစိုက်ဖို့ ပြောချေ"

"ဟုတ်" တပည့်က လှည့်ထွက်ကာ ယွီလွမ့် ညွှန်ကြားချက်တွေကို စတင်ဆောင်ရွက်တော့တယ်။

အဲတော့မှ ယွီလွမ်က ယိချင်းဘက်လှည့်လာတယ်။

"ဆရာဦးလေး..."

"သွားကြစို့" ယိချင်း ယွီလွမ် ဘာပြောမလဲ နားလည်တယ်။ သူ လှည့်ကာ တောင်ဝဆီ ပျံသန်းလာခဲ့တယ်။ ယွီလွမ့်ရင်ထဲ တင်းကြပ်သွားကာ နောက်ကလိုက်လာတယ်။ ကူယွဲ့လည်း ပျင်းနေတာနဲ့ လိုက်သွားလေရဲ့။

သူတို့ ဝင်ပေါက် မရောက်ခင် ဂိုဏ်းရှေ့ကတောအုပ်ထဲ မကောင်းဆိုးဝါးချီတွေ ပြည့်နေတာကို မြင်လိုက်ရတယ်။ အဲအုပ်စုက တောအုပ်ကိုတစ်ခုခုလုပ်ပြီးပြီဆိုတာ သိသာတယ်။ အဝင်ဝက တပည့်တွေလည်း အပြင်းအထန် ဒဏ်ရာရကုန်ကြတယ်။ ဒါပေမဲ့ သူတို့က အတတ်နိုင်ဆုံးတောင့်ခံပြီး ဂိုဏ်းဝင်ပေါက်ကို ကာကွယ်ခုခံဖို့ကြိုးစားနေဆဲ။

အင်းကွက်က ကွေ့ယီဂိုဏ်းရဲ့ ဘိုးဘေးတွေ ချန်ထားခဲ့တာမို့ နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်နဲ့အောက်က ကျင့်ကြံသူတွေအတွက် ဖောက်ဖျက်ရ အတော်ခဲယဉ်းမှာ။ ယွီလွမ် စိတ်အေးလက်အေး သက်ပြင်းမချနိုင်ခင် နောက်ထပ် ပေါက်ကွဲသံကြီးကြားလိုက်ရတယ်။ ဂိုဏ်းဝင်ပေါက်က အင်းကွက်ကျောက်တုံးက ကျိုးပဲ့ပြီး ဝင်ပေါက်ကအင်းကွက်မှာလည်း အက်ရာကြီးတစ်ခု ပေါ်လာခဲ့တယ်။ နတ်ဝိညာဉ်ဖွဲ့စည်းခြင်း နှောင်းပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ ဖိနှိပ်မှုအရှိန်အဝါက သူတို့ပေါ် လွင့်ပျံလာလေတယ်။

"ဒီဖိနှိပ်အားက... ထျန်းကျီပဲ" ယွီလွမ် အလန့်တကြားဖြစ်သွားတယ်။ သူ မယုံနိုင်စွာ မော့ကြည့်လိုက်မိပြီး မျက်နှာပေါ်က အရောင်အားလုံး ဆုတ်ယုတ်ကုန်တယ်။ "ကောင်းကင်မိစ္ဆာဂိုဏ်း သူလား"

"ဂိုဏ်းချုပ်၊ ဒါက ဘာကိုဆိုလိုတာလဲ" ကူယွဲ့ သူ့အကြည့်ကို ငုံ့လိုက်တယ်။ တကယ်တော့ ယိချင်းနောက်က ဂိုဏ်းဝင်ပေါက်ကို လိုက်လာချိန် ထျန်းကျီက ဒီကျူးကျော်မှုကို ဦးဆောင်နေတဲ့သူလို့ ခန့်မှန်းထားပြီးသား။ ဒါပေမဲ့ ယွီလွမ့်အမူအရာကို ကြည့်ရရင်တော့ တစ်စုံတစ်ခုကို ပိုနားလည်သွားပုံပဲ။

ယွီလွမ်က စက္ကန့်နဲ့အမျှ မျက်နှာထားပိုပျက်လာတယ်။ သူက အတော်လေး မျက်မှောင်ကြုတ်ကာ ရှင်းပြလေတယ်။

"ကောင်းကင်မိစ္ဆာဂိုဏ်းချုပ် လုပ်ကြံသတ်ဖြတ်ခံရတယ်လို့ မကြာသေးခင်က ကြားခဲ့ရတယ်၊ အဲအချိန်ကစပြီး ကောင်းကင်မိစ္ဆာဂိုဏ်းက ဂိုဏ်းချုပ်အသစ်ကို လက်ခံခဲ့တယ်တဲ့၊ အဲဂိုဏ်းချုပ်အသစ်က ကောင်းကင်မိစ္ဆာဂိုဏ်းကို အုပ်စိုးပြီး တစ်ချိန်တည်းမှာ တခြားနတ်ဆိုးဂိုဏ်းအများကြီးကို သိမ်းပိုက်ခဲ့တယ်၊ သူက နတ်ဆိုးဂိုဏ်းအားလုံးကို စုစည်းဖို့ ကြိုးစားနေတဲ့ပုံ၊ ဒီလူက..

ထျန်းကျီ ဖြစ်လိမ့်မယ်လို့ မထင်ထားမိရုံပဲ"

ကွေ့ယီဂိုဏ်းက ဒီနတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ဆရာသခင်ကို ကောင်းကောင်း မဆက်ဆံမိဘူးဆိုတာ ယွီလွမ်ဝန်ခံပါတယ်။ ဒါကြောင့် ထျန်းကျီက ဂိုဏ်းကို သစ္စာဖောက်ပြီး ထွက်သွားတာကို သူ စိတ်ထဲ သိပ်မထားခဲ့တာ။ ဒါပေမဲ့ သူ နတ်ဆိုးဂိုဏ်းတွေအားလုံးကို စုစည်းနိုင်ပြီးတဲ့နောက် ထျန်းကျီ ပထမဆုံးလုပ်တဲ့အရာက ကွေ့ယီဂိုဏ်းဆီ ပြန်လာတိုက်ခိုက်တာတဲ့။ ဒါက ယွီလွမ့်ကို အရိုးထဲထိ ကြက်သီးထစေတယ်။

ဝင်ပေါက်က အင်းကွက်က ခုတော့ လုံးဝပျက်စီးသွားပြီ။ သူတို့ရှေ့ပေါ်လာသူက တကယ် ထျန်းကျီပဲ။

…

အခန်း ၆၈၆ ။ အကောင်းနဲ့အဆိုးကြားက တိုက်ပွဲ

"ထျန်းကျီ ငါ့ကွေ့ယီဂိုဏ်းက တစ်ခါမှ မင်းကို နစ်နာအောင်မဆက်ဆံဖူးဘူး၊ ဘာလို့ ဒီ မိစ္ဆာလမ်းစဉ်ကျင့်ကြံသူတွေအားလုံးကို စုဝေးပြီး ငါ့ဂိုဏ်းကိုတိုက်ခိုက်ရတာလဲ" ယွီလွမ် နာကျင်တဲ့အသံနဲ့ မေးလိုက်တယ်။ သူတကယ် အကြောင်းရင်းသိချင်တာ။

"ဟမ့်" ထျန်းကျီက စုတ်သပ်တယ်။ သူက လုပ်နေတဲ့အရာနဲ့ပတ်သက်ပြီး မသင့်တော်တာ တစ်ခုခုရှိတယ်လို့ မတွေးတဲ့ပုံ။ အဲအစား သူက မုန်းတီးစွာနဲ့ တုံ့ပြန်လာတယ်။

"ယွီလွမ် အခု ကိစ္စတွေက ဒီအခြေအနေရောက်လာပြီဆိုတော့ မင်း ငါ့ရှေ့ အပြစ်ကင်းသလို ဟန်ဆောင်ဖို့ ကြိုးစားနေသေးတာလား၊ မင်း အစတည်းက ငါ့အပေါ် မကောင်းတဲ့အမြင်တွေရှိ နေတာ ငါတကယ်မသိဘူးများထင်နေလား၊ မင်းက နေ့တိုင်း အကွက်ရွှေ့ တွက်ချက်နေတာ ငါ့ကိုရှင်းထုတ်ဖို့အတွက်နဲ့၊ မင်း ငါ့ကိုမောင်းထုတ်ဖို့ ဓားကျင့်ကြံသူအားလုံးကို ဂိုဏ်းထဲ ဖိတ်ကြားခဲ့တာမဟုတ်လား" သူက ယိချင်းကို စူးစူးဝါးဝါးစိုက်ကြည့်လိုက်တယ်။

"ဘာတွေပြောနေတာလဲ" ယွီလွမ်က မယုံကြည်နိုင်စွာ ကြည့်နေမိတယ်။ သူ တစ်ခါမှ အဲလိုလုပ်ဖို့ မစဉ်းစားဖူးဘူး။ ဘာလို့ ထျန်းကျီက ဒီလိုတွေးရတာလဲ။

ထျန်းကျီက မကျေမချမ်းဆက်ပြောတယ်။

"မင်းက ငါ့ကို ဒီလိုကိစ္စတွေလုပ်ဖို့ တွန်းအားပေးခဲ့တာပဲ၊ ဒီနေ့ ငါ တရားမျှတမှုရှာဖို့ ဒီကိုရောက်လာတာ၊ ကွေ့ယီဂိုဏ်းက သူနဲ့ထိုက်တန်တာ ရဖို့အချိန်ပဲ"

"မင်း... မင်း..." ယွီလွမ် ဒေါသထွက်လွန်းလို့ စကားတောင် မပြောနိုင်။ သူ ထျန်းကျီက အချက်အလက်တွေကို ဒီအခြေအနေထိရောက်အောင် လှည့်ပတ်ပြောမယ်မထင်ခဲ့ဘူး။

ကူယွဲ့က မျက်မှောင်ကြုတ်လိုက်တယ်။ အမှန်ပဲ။ လမ်းလွဲသွားသူတွေဟာ သူတို့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေကို ထောက်ခံဖို့ အကြောင်းရင်းမျိုးစုံရှာတတ်ကြတယ်။ ဂိုဏ်းက တကယ်လို့ ထျန်းကျီပြောသလို သူ့ကိုမနှစ်သက်ရင်တောင် ဘယ်သူမှ သူနတ်ဆိုး ဖြစ်လာအောင် အတင်းဖိအားပေးခဲ့တာမှ မဟုတ်ပဲ။

"ဘာလို့ ဒီလိုပေါက်တတ်ကရတွေ ဆက်လုပ်နေရမှာတုံး" ကူယွဲ့ ဘေးမှာရပ်နေတဲ့ စားဖိုမှူးက ဟင်းချက်ဖို့အချိန်ရောက်နေပြီဆိုတာ သတိထားမိသွားတော့ ချက်ချင်း ဝိညာဉ်ဓားကို ဆင့်ခေါ်လိုက်တယ်။ ခပ်တိုးတိုး သူက အော်တယ်။ "သွားကြစို့" သူက ဟင်းချက်ဖို့ အလျင်လိုနေတာကို ဘာလို့ စောင့်နေပြီး ဘာမှမလုပ်ကြတာတုံး။

ထျန်းကျီ မျက်မှောင်ကြုတ်လိုက်တယ်။ စိုးရိမ်ပူပန်မှု တစ်ခဏတာဖြစ်သွားပေမဲ့ သူက ယိချင်းကို မတိုက်ခိုက်ဘဲ နောက်ကလူတွေဘက်သာ လှည့်လိုက်တယ်။

"သွား ကွေ့ယီဂိုဏ်းကို ဖျက်ဆီးချေ"

"ဟုတ်ကဲ့ ဂိုဏ်းချုပ်"

မိစ္ဆာလမ်းစဉ်ကျင့်ကြံသူတွေရဲ့ မျက်လုံးတွေက တောက်ပသွားပြီး ပြိုင်တူ ပြန်ဖြေကြတယ်။ သူတို့ကြည့်ရတာ ဒီအခိုက်အတန့်ကို စောင့်နေတာ အတော်ကြာပြီဖြစ်တဲ့ပုံ။

ချက်ချင်း သူတို့က ရှေ့ကိုပြေးထွက်လာပြီး ဓမ္မလက်နက်မျိုးစုံ ထုတ်လာကြတယ်။ လူတွေ များလွန်းလို့ ကောင်းကင်ကိုတောင် ဖုံးလွှမ်းတော့မဲ့ပုံ။ တချို့ မိစ္ဆာလမ်းစဉ်ကျင့်ကြံသူတွေက ပထမဆုံး နာမည်ရလိုစိတ်နဲ့ ‌အုပ်စုရှေ့က ကြိုတင်ပျံသန်းလာကြတယ်။

ဒီမိစ္ဆာလမ်းစဉ်ကျင့်ကြံသူတွေရဲ့ မကောင်းဆိုးဝါးချီတွေက ကွေ့ယီဂိုဏ်းတစ်ခုလုံးမှာ ပျံ့ကုန်ပြီး ပတ်ဝန်းကျင်က ဝိညာဉ်ချီတွေကို လွင့်ပျံ့ကုန်စေတယ်။ သူတို့က သိန်းနဲ့ချီလူရှိပုံပေါ်ပြီး နတ်ဝိညာဉ်ကျင့်ကြံသူတချို့လည်း ပါလာတယ်။ ဒီအပိုင်းမှာ သူတို့ သေချာပေါက် ကွေ့ယီဂိုဏ်းကို မရှုံးဘူး။

ယွီလွမ့် ရင်ထဲ တင်းကြပ်သွားပြီး သွေးပျက်နေတယ်။ သူ စိတ်ပူပန်စွာ သူ့ကိုယ်ပိုင်ဓမ္မလက်နက်ကို ဆင့်ခေါ်ပြီး အကြီးအကျယ် ဒဏ်ရာရပြီးသား တပည့်တွေရှေ့ အပြေးဝင်သွားခဲ့တယ်။ သူ ပျံသန်းနေတဲ့ တခြားတပည့်တွေကို လှမ်းအော်လိုက်တယ်။ "မိစ္ဆာလမ်းစဉ်ကျင့်ကြံသူတွေကို ဂိုဏ်းထဲ ပေးမဝင်ကြနဲ့ အင်းကွက်ဖန်တီးဖို့ ငါ့နောက်လိုက်ခဲ့ကြ" သူက ကူယွဲ့ဘက်လှည့်လိုက်တယ်။ ဖြစ်နိုင်တာ ထျန်းကျီက မသေမျိုးဆီ တက်လှမ်းသွားကာစဆိုတာ ရုတ်တရက် သတိရသွားလို့ထင်တယ်။ "ညီကိုကူယွဲ့ပါ အင်းကွက်ဖန်တီးဖို့ ကျုပ်နောက် လိုက်ခဲ့ပါ"

"ကောင်းပြီ" ကူယွဲ့ ယပ်တောင်ကို တင်းတင်းဆုပ်ကိုင်ကာ ထွေထွေထူးထူးမရှိ ဖြေလိုက်တယ်။

"အာ" ယွီလွမ်က တုံ့ဆိုင်းသွားတယ်။ သူက ကူယွဲ့ကို နားချတိုက်တွန်းဖို့ ပြင်ပြန်တယ်။

ရုတ်တရက် ဓားချီ လှိုင်းကြီးတစ်ခုက ပေါ်လာပြီး သူတို့ကို လွှမ်းမိုးသွားတော့တယ်။ မတွန်းလှန်နိုင်တဲ့ စွမ်းအားမျိုးပါ သယ်ဆောင်လာကာ တောင်တစ်ခုလုံးကို ဖြတ်သွားတယ်။ အရှိန်ကြောင့် ယွီလွမ့်ခြေထောက်တွေပါ ပျော့ခွေကုန်လေရဲ့။ သူအလိုလို သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်မိလို့သာ မြေကြီးပေါ် မလဲကျသွားတာ။

အရှေ့က မိစ္ဆာလမ်းစဉ်ကျင့်ကြံသူတွေအတွက်တော့ လုံးဝတစ်မျိုးတစ်ဖုံပဲ။ အစက သူတို့က ကွေ့ယီဂိုဏ်းဆီ အားမာန်အပြည့်နဲ့ ချည်းကပ်လာတာ။ ဒါပေမဲ့ သူတို့ အခုတော့ လေထဲ ကင်ခံရပြီး မြေကြီးပေါ် ကျသွားတဲ့ ဖက်ထုတ်တွေလို ကျကုန်တယ်။ ကြောက်ခမန်းလိလိလွှမ်းမိုးနေတဲ့ ဓားချီက သူတို့ကို မြေကြီးပေါ် ဖိထားကာ မလှုပ်နိုင်အောင် လုပ်ထားလေတယ်။ အုပ်စုရှေ့ကို ပြေးတက်ထားတဲ့လူတွေကတော့ အတော်လေးဒဏ်ရာရကုန်တာ။ သူတို့ခေါင်းတွေက မြေကြီးအောက် နစ်ဝင်ကုန်ပြီး နာကျင်မှုကြောင့် အော်ဟစ်နေရတယ်။

ထျန်းကျီကိုယ်တိုင်တောင် မတ်မတ်ရပ်ဖို့ အခက်တွေ့နေတယ်။ သူက သွေးအန်ပြီး ယိချင်းကို မယုံကြည်နိုင်စွာ ကြည့်တယ်။

"ဒါ... ဒါမဖြစ်နိုင်တာပဲ" သူတို့အားလုံးက နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူတွေ။ ဘာလို့ ယိချင်းရဲ့ဓားချီက အများကြီး ပိုကြောက်ဖို့ကောင်းရတာလဲ။ တကယ်တော့ အရမ်းဆိုးတယ်... ဆိုးတာမှ ထျန်းကျီ ဘာမှမလုပ်နိုင်အောင်ပဲ။

ယိချင်းက သူ့ကိုတုံ့ပြန်ဖို့ စိတ်ရှုပ်မခံ။ အဲအစား သူ့လက်ထဲက ဓားကိုလှည့်ကာ ဝိညာဉ်ဓားတွေအများကြီး ဖန်တီးပြီး ကောင်းကင်ထဲ ဖြည့်လိုက်တယ်။ မကြာခင် သူတို့က မိုးတွေလိုမျိုး ရွာချလာတော့တယ်။ ဓားတစ်ချောင်းစီက လေပြင်းတွေသယ်လာပြီး မမြင်ရတဲ့ ဝိညာဉ်ဓားတစ်ထောင်နဲ့တူနေတယ်။ ဒါက မိစ္ဆာလမ်းစဉ်ကျင့်ကြံသူတွေကို အပြည့်အဝ ထိပ်တိုက် တိုက်ခိုက်မှုပဲ။

နာကျင်စွာ ငိုယိုသံတွေက တစ်နေရာလုံးမှာ ပြည့်သွားတယ်။ ကျင့်ကြံဆင့် နည်းနည်း ပိုမြင့်သူတွေကတော့ မဆိုစလောက်လေး ပိုသက်သာသွားတယ်။ သူတို့ဆီလာနေတဲ့ ဓားတချို့ကိုရှောင်လိုက်နိုင်တယ်။ ကျင့်ကြံဆင့်နိမ့်သူတွေကတော့ ကံမကောင်းရှာ။ သူတို့က မြေကြီးပေါ် အနည်းဆုံး ကိုယ်ပေါ်မီာ ဝိညာဉ်ဓားတစ်ချောင်းစိုက်ဝင်နေရင်း မလှုပ်မယှက် လဲနေကြတယ်။ အားကြီးတဲ့မိစ္ဆာလမ်းစဉ်ကျင့်ကြံသူစစ်တပ်က ခုတော့ အရွယ်အစား တစ်ဝက်လျော့သွားပြီ။

မိစ္ဆာလမ်းစဉ်ကျင့်ကြံသူတွေမပြောနဲဘ ယွီလွမ်တောင် ဘာဖြစ်သွားလဲ အပြည့်အဝနားမလည်နိုင်။ သူ ပါးစပ်အဟောင်းသားနဲ့ ကြမ်းပြင်က မိစ္ဆာလမ်းစဉ်ကျင့်ကြံသူတွေကို စိုက်ကြည့်နေမိတယ်။

တောင်သခင်တွေက တပည့်တွေထပ်ခေါ်လာပြီး ရောက်လာကြတယ်။ သူတို့က အသည်းအသန် လှမ်းခေါ်ကြတယ်။ "ဂိုဏ်းချုပ် ဒီမိစ္ဆာလမ်းစဉ်ကျင့်ကြံသူတွေ တိုက်ခိုက်..."

သူတို့ စကားမဆုံးခင် ရှေ့က ကြောက်ခမန်းလိလိ မြင်ကွင်းကိုမြင်လိုက်ရတယ်။

အားလုံး ။ ။ "..."

(⊙_⊙)

မိစ္ဆာလမ်းစဉ်ကျင့်ကြံသူတွေကို တိုက်ခိုက်တဲ့ တိုက်ပွဲစပြီပဲ။

အိုး

မိစ္ဆာလမ်းစဉ်ကျင့်ကြံသူတွေကို တိုက်ခိုက်တဲ့တိုက်ပွဲ ပြီးသွားပြီ...။

ဒါ သူတို့ မြင်ဖူးသမျှထဲ အမြန်ဆုံးတိုက်ပွဲပဲ။

ယိချင်းက ထျန်းကျီဆီ လျှောက်လှမ်းလာပြီ။ သူလှမ်းလိုက်တိုင်း ပတ်ပတ်လည်က ဓားချီ ပြင်းထန်လာပုံပဲ။ မြေပြင်ပေါ်က ဖက်ထုပ်အရေအတွက်က တဖြည်းဖြည်း တိုးလာတယ်။ ဂိုဏ်းဝင်ပေါက်အပြင်မှာ ရပ်နေတဲ့ မိစ္ဆာလမ်းစဉ်ကျင့်ကြံသူတွေတောင်မှ ထွက်ပြေးဖို့ အခွင့်အရေး ယူခဲ့တယ်။ နတ်ဆိုးဂိုဏ်းက လူတွေက ကိုယ့်အသက်ကိုယ် အမြတ်နိုးဆုံးပဲ။ သူတို့က လူသားမျိုးနွယ်ထဲ အဆိုးဆုံးမို့ သစ္စာစောင့်သိခြင်းလိုမျိုး အရာတွေကို သိပ်ပြီး ဂရုမစိုက်ကြ။ ဒါ့အပြင် နတ်ဆိုးဂိုဏ်းတွေကို ပေါင်းစည်းထားတာ အချိန်ကခဏပဲရှိသေးတာ။ ထျန်းကျီကို အမှန်တကယ် သစ္စာစောင့်သိသူက များများစားစား မဟုတ်။

ကူယွဲ့က ယိချင်းနောက်လိုက်ကာ ထျန်းကျီဆီ လျှောက်လာခဲ့တယ်။ သူက သူ့လက်ကို မြှောက်ပြီး ဓားချီတစ်စုကို သွေးကြောထဲ တည့်ပစ်ပစ်လိုက်တယ်။ ချက်ချင်းဆိုသလိုပဲ သူ့ခန္ဓာကိုယ်ထဲက ဝိညာဉ်ချီတွေ ပျောက်သွားတယ်။ သူရဲ့ သွေးကြောအားလုံးကို ပိတ်ထားလိုက်တာပဲ။ နောက်တော့ ကူယွဲ့ ထျန်းကျီကို ကောက်ဆွဲကာ ကျန်တဲ့တပည့်တွေ ရပ်နေတဲ့နေရာဆီ ပြန်ဆွဲလာခဲ့တယ်။ သူက ထျန်းကျီကို ယွီလွမ်ရဲ့ခြေရင်းဆီ ပစ်ချလိုက်တယ်။

"သူ့ကို ဘယ်လိုဖြေရှင်းချင်လဲ ခင်ဗျားအပေါ် မူတည်တယ်" အလုပ်ရှုပ်ချက်ပဲ။

ယွီလွမ်က ကူယွဲ့ ကို အူကြောင်ကြောင် စိုက်ကြည့်နေမိပြီး ထျန်းကျီကို အလျင်စလို ဆွဲဆုပ်ကိုင်လိုက်သည်။ သူတို့ဂိုဏ်းတပည့်တွေ မျှော်ကြည့်ရမဲ့ ဆရာသခင်ကို ငုံ့ကြည့်လိုက်ရတော့ သူ ရှုပ်ထွေးနေတယ်။ သူက ထျန်းကျီပြောထားတာကို ပြန်သတိရကာ မျက်လွှာချလိုက်တယ်။

တစ်ဖက်မှာတော့ ထျန်းကျီက နောင်တရပုံမပေါ်။ တစ်ခုခုကို သတိရသွားသလို သူက အကျယ်ကြီးထရယ်တယ်။

"ဟားဟားဟား ကွေ့ယီဂိုဏ်းက နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ဓားကျင့်ကြံသူတစ်ယောက်တည်းနဲ့ ပြဿနာတွေက လွတ်ကင်းသွားမယ်ထင်လား"

"မင်း ဘာဆိုလိုတာလဲ" ယွီလွမ်က ထျန်းကျီစကားတွေထဲက လျှို့ဝှက်အဓိပ္ပာယ် ပါနေတာကြားတော့ တောင့်တင်းသွားတယ်။

"သူ့လို အရင်းအမြစ် မသေချာတဲ့ ဓားကျင့်ကြံသူတစ်ယောက်ကို မင်းတို့လို အရှုံးသမားတစ်သိုက်ကပဲ လက်ခံတာ။ သူက ပြောလေ ရယ်သံကပိုကျယ်လောင်လာလေပဲ။ "သူက အမြဲ ကွေ့ယီဂိုဏ်းအပေါ် သစ္စာရှိမယ်ယုံနေတာလား"

"ထျန်းကျီ" ယွီလွမ် ဘာမှမပြောနိုင်ခင် ဘေးနားက နတ်ဝိညာဉ်အကြီးအကဲတွေက ဝင်ပြောလာတယ်။

"မင်းက မင်းဘာသာ ဂိုဏ်းကိုသစ္စာဖောက်ခဲ့တာ၊ လူတိုင်းကို မင်းလိုမျိုးလို့ တွေးနေတာတော်တော့"

"ဟမ့်" ထျန်းကျီက တောက်ခေါက်တယ်။ သူက ယိချင်းကို အမုန်းတရားနဲ့လှည့်ကြည့်တယ်။ "ငါ့ ဖွံ့ဖြိုးမှုကို ဖိနှိပ်ဖို့ ဒီဝံပုလွေကိုသာ မင်းတို့မဖိတ်ခဲ့ရင် ငါ ဒီလိုဖြစ်လာမှာမဟုတ်ဘူး ဒါတွေအားလုံးက မင်းတို့လုပ်ရပ်ပဲ သူက မင်းတို့လိုပဲ"

အုပ်စုက သူ သူ့လုပ်ရပ်အမှားတွေကို ဝန်မခံတဲ့အပေါ် ပိုဒေါသထွက်လာကြတယ်။ ယွီလွမ်က မျက်မှောင်ကြုတ်ကာ ရှေ့တက်လာတယ်။

"ဂိုဏ်းကို တိုက်ခိုက်ဖို့အပြင် မင်းတခြားဘာလုပ်ခဲ့လဲ"

ထျန်းကျီက ရုတ်တရက် ကောက်ကျစ်စွာ ပြုံးရယ်ကာ ဝမ်းသာနေတယ်။ "ငါ ဂိုဏ်းကိုလာတိုက်ရဲမှတော့ ငါအကုန်ပြင်ဆင်ထားပြီးပြီဆိုတာ ပြနေတာပဲ၊ မင်းတို့နိုင်ပြီများထင်နေလား၊ ဟင့်အင်း တိုက်ပွဲက ခုမှစတာ"

ကူယွဲ့ အမူအရာ မည်းမှောင်ကာ ချက်ချင်းပတ်ဝန်းကျင်ကို စစ်ဆေးလိုက်တယ်။

"ရှုယီက ဒီမှာမရှိဘူး"

ကျန်တဲ့သူတွေလည်း တောင့်တင်းသွားတယ်။ သူတို့ အရင်က သတိမထားမိပေမဲ့ အခုတော့ သဘောပေါက်သွားပြီ။ ထျန်းကျီက သူ့တပည့်အပေါ် ဒီလောက်ကောင်းတာ၊ သူ့ဘေးမှာ သူမ မရှိနေဖို့ဆိုတာ မဖြစ်နိုင်ဘူး။ သူမက တခြားတစ်ခုခု မလုပ်နေသရွေ့ပေါ့။

"နောက်ဆုံးတော့ သဘောပေါက်သွားပြီလား" ထျန်းကျီက ပိုပြီးတောင် စပ်ဖြီးဖြီးလုပ်တော့တယ်။ သူက အနည်းငယ် ရူးသွပ်လာသလိုပဲ။ "မင်းတို့ ထွက်ပြေးနိုင်မှာ မဟုတ်ဘူး မင်းတို့အားလုံးသေလိမ့်မယ်"

ကူယွဲ့ ရင်ထိတ်သွားတယ်။ "ကျိုးရှုမင်"

သူ ယိချင်းနဲ့ အကြည့်ချင်းဖလှယ်လိုက်တယ်။ ခဏအတွင်း နှစ်ယောက်သား အမည်မဲ့တောင်ဆီ ပြန်ပျံသန်းခဲ့ကြတော့တယ်။

…

အခန်း ၆၈၇ ။ အဆင့်မြင့် ပူးပါင်းမှု

ယိချင်းနဲ့ ကူယွဲ့တို့ မြန်မြန်ပျံသန်းခဲ့ကြတယ်။ မျက်စိတစ်မှိတ်အတွင်း သူတို့ အမည်မဲ့တောင်ဆီ ရောက်လာခဲ့တယ်။ သူတို့ မဆင်းသက်ခင် ကျယ်လောင်တဲ့ပေါက်ကွဲသံတစ်ခုကြားလိုက်ရကာ တောင်တစ်ခုလုံး တုန်ယင်သွားတာကို မြင်လိုက်ရတယ်။ မြေကြီးကနေ အဖြူရောင်အလင်းတန်းတစ်ခုက တောက်ပလာတယ်။ သူတို့တွေ အလင်းရောင်ထဲမှာ ပေါက်ကွဲမှု ဖြစ်ထားသလို ဓားချီအနည်းငယ်ကို အာရုံခံမိတယ်။

"ဒါ ဓားအင်းကွက်ပဲ" ကူယွဲ့ အော်လိုက်တယ်။ အဲတော့မှ သူတို့မှတ်မိတာ သူတို့ တောင်ကနေ ထွက်လာချိန် ကျိုးနှစ်ကျပ်က ဓားအင်းကွက်ထဲ ရှိနေခဲ့သေးတာပဲ။

နှစ်ယောက်သား လှမ်းကြည့်လိုက်တယ်။ တကယ်ပဲ ကူယွဲ့ ပြင်ပေးထားတဲ့ ဆယ်ဆင့်ဓားအင်းကွက်က ဖျက်ဆီးခံထားရပြီ။ တကယ်တော့ ကြီးမားတဲ့အရှိန်က တောင်ထွတ်တစ်ဝက်ကို ပျက်စီးစေခဲ့တာ။ အင်းကွက်ထဲက ဓားချီတွေအားလုံး ကယောင်ကယက်ဖြစ်နေတယ်။ တောင်ခြေမှာတော့ နတ်ဆိုးချီအလုံးတစ်လုံး။ အထဲမှာတော့ ကိုယ်ပေါ်မှာ ဒဏ်ရာအပြည့် လူတစ်ယောက်ရပ်နေတယ်။ သူက အသက်ကိုတောင့်ခံထားရပြီး နတ်ဆိုးချီအားလုံး သူ့ကို မဝါးမျိုသွားအောင် ငြင်းဆန်နေတယ်။

ဒါ ကျိုးနှစ်ကျပ်ပဲ။

ကူယွဲ့က စတင်လိုက်တယ်။ သူ သူ့ကျင့်ကြံဆင့်ကို ဖုံးကွယ်ထားဖို့ ဂရုစိုက်မနေတော့ဘူး။ သူ ချက်ချင်း ယပ်တောင်ကို ဝှေ့ယမ်းကာ ဝိညာဉ်ဓားအဖြစ် ပြောင်းလဲလိုက်တယ်။ ဓားကို ဝှေ့ယမ်းလိုက်ပြီး သူတို့ပတ်လည်က နတ်ဆိုးချီအားလုံးကို လွင့်ပျယ်သွားစေခဲ့တယ်။ သူက ကျိုးရှုမင်နားစုဝေးဖို့ ဝိညာဉ်ချီတွေကို ဆင့်ခေါ်ပြီး နတ်ဆိုးချီ ဖမ်းဆုပ်ထားမှုကနေ ကယ်ထုတ်လာလိုက်တယ်။

ယိချင်းကလည်း မြန်မြန် လှုပ်ရှားလိုက်တယ်။ ကူယွဲ့ လှုပ်ရှားတာနဲ့ ယိချင်းက သူ့ဇာမဏီမီးတောက်စစ်ကို အသက်သွင်းကာ ဓားချီနဲ့ရောပြီး နတ်ဆိုးချီဆီ ပစ်လိုက်တယ်။ နတ်ဆိုးချီတွေက အလုံးငယ်လေးအဖြစ် ပြန်ဆုတ်သွားရတော့တယ်။ တဖြည်းဖြည်း ရှုယီကိုယ်ကပေါ်လာတယ်။

"ဟေး မင်း အသက်ရှင်သေးလား" ကူယွဲ့ သွေးဖုံးနေတဲ့ ကျိုးနှစ်ကျပ်ကို ပုတ်လိုက်တယ်။ နောက်တော့ သူက ပြောင့်လေးရဲ့ အကြေးခွံကို အသက်သွင်းဖို့ မသေမျိုးချီနည်းနည်း ထည့်ပေးလိုက်တယ်။ ခဏနေတော့ မသေမျိုးချီက ကျိုးရှုမင်ကိုယ်ကို ဝိုင်းသွားတယ်။ သူ့ဒဏ်ရာတွေက သူတို့မျက်စိရှေ့မှာတင် သက်သာစပြုလာတော့တယ်။

သူ့အမြင်က တဖြည်းဖြည်း အာရုံပြန်စိုက်လာတယ်။ သူ့ရှေ့ကလူကို မှတ်မိသွားတော့ တီးတိုးရေရွတ်တယ်။ "ညီကို... ကူယွဲ့"

ကူယွဲ့ သက်မချလိုက်တယ်။ သူတို့ အချိန်မီ ရောက်လာတာ တော်သေးတယ်။

"ဆရာဦးလေးယိချင်း" ယွီလွမ်တို့တွေက နောက်ဆုံးတော့ ရောက်လာတယ်။ သူတို့ရှေ့က အပျက်အစီးမြင်ကွင်းကို မြင်တော့ အပေါ်က ရှုယီကို မော့ကြည့်လိုက်ကြတယ်။ ချက်ချင်း သူတို့ တန့်ကုန်တယ်။ တချို့ဆို သိသိသာသာ မယုံကြည်နိုင်ဖြစ်နေတယ်။ "ရှု... ယီလား"

သူမက အရင်ကလိုမျိုး လိမ္မာတဲ့ တပည့်နဲ့ မတူတော့ဘူး။ ဖြစ်နိုင်တာ နတ်ဆိုးချီက သူမကို လုံးဝပိုင်ဆိုင်သွားပြီထင်။ မျက်နှာမှာ နတ်ဆိုးရာ အမာရွတ်တွေရှိနေလေရဲ့။ တစ်ခါတလေ ကိုယ်ခန္ဓာကနေ နတ်ဆိုးချီတွေပါ စိမ့်ထွက်နေသေးတယ်။ သူမက ကျင့်ကြံသူနဲ့မတူတော့ဘူး။ အဲအစား နတ်ဆိုးတစ်ပိုင်းနဲ့ တူနေတယ်။ ကြောက်စရာပဲ။ အဝေးက‌ကြည့်တာတောင် သူတို့ ကြက်သီးထမိတယ်။

"နင်ပဲ" ရှုယီက သူမရှေ့က ယိချင်းကို စိန်းစိန်းဝါးဝါးစိုက်ကြည့်လိုက်တယ်။ သူမ ကြည့်ရတာ ကျိုးရှုမင်ကို သတ်ဖို့ ကျရှုံးပြန်လို့ ဒေါသတအားထွက်နေတဲ့ပုံ။ ဒါပေမဲ့ သူမ မှန်မလိုဖြစ်သွားတဲ့ မီးအကြောင်း ပြန်စဉ်းစားမ်တော့ တုန်ယင်သွားခဲ့တယ်။

[တင်း သတိပေးချက် လူသတ်မှုတာဝန် ကျရှုံးပါတယ်၊ မူလပိုင်ရှင်ရဲ့ အငြိုးအတေးစွမ်းအင် ၉၅ ရောက်သွားပါပြီ ၁၀၀ထိ မြင့်တက်ရင် တာဝန် လုံးဝကျရှုံးပါလိမ့်မယ်]

စနစ်ရဲ့ ရင်းနှီးနေတဲ့ အသံကို နောက်တစ်ကြိမ် ကြားရပြန်တယ်။

"ပါးစပ်ပိတ် ငါသိတယ်" ရှုယီက စိတ်လောလာပြီ။ ဒေါသတကြီးနဲ့ သူမက ဟောက်တော့တယ်။

"တကယ်လို့ ကျိုးရှုမင်သာ အဲဓားအင်းကွက်ထဲ ပုန်းမနေရင် ငါ သူ့ကိုသတ်ဖို့ အချိန် အဲလောက်အကြာကြီး သုံးရမှာမဟုတ်ဘူး၊ သူက ခုလောက်ဆို သေနေမှာ"

[ကျွန်တော်တို့ ခုဘာလုပ်သင့်လဲ လက်ခံသူ] ၀၀၁က သွေးပျက်သံ ပေါက်လာတယ်။ [ကျွန်တော်တို့ တာဝန်ကို လက်လျှော့လိုက်ရင်ရော၊ မူလပိုင်ရှင်ရဲ့ အငြိုးအတေးစွမ်းအင်က မြင့်လွန်းနေတယ်၊ ကျွန်တော်တို့ ကျိုးရှုမင်ကို သတ်နိုင်ရင်တောင် လျော့မှာ မဟုတ်လောက်ဘူး]

"ဟင့်အင်း" ရှုယီက ချက်ချင်း ပြန်ဖြေတယ်။ "တာဝန် အသာထား။ ငါ ဒီမျက်နှာပြင်မှာ နှစ်တွေ အများကြီး နေခဲ့ရတာ၊ သူ့ကိုမသတ်ရဘူးဆို ငါ အနားယူရမှာမဟုတ်ဘူး"

[ဒါပေမဲ့ လက်ခံသူ...]

"တော်တော့၊ ငါတို့ မူလပိုင်ရှင်ရဲ့ အငြိုးအတေးစွမ်းအင်အဆင့်ကို ဘာမှမလုပ်နိုင်ပေမဲ့ ဒီလူ့ကိုသတ်ဖို့တော့ ဖြစ်နိုင်သေးတယ်" ရှုယီက ငုံ့သွားရင်း ရင်ထဲက ဒေါသကို မျိုသိပ်ဖို့ ကြိုးစားနေတယ်။ သူမ အမူအရာက တည်ငြိမ်သွားတယ်။

ယွီလွမ်က ရှေ့တက်လာတယ်။

"ရှုယီ မင်းက ဂိုဏ်းကို သစ္စာဖောက်ပြီး ကျေးဇူးမသိတတ်တာများ ကိုယ့်အဖေအရင်းကိုတောင် အလွတ်မပေးဘူး၊ ငါတို့ကွေ့ယီဂိုဏ်းကို လာတိုက်ဖို့ မိစ္ဆာလမ်းစဉ်ကျင့်ကြံသူတစ်အုပ်နဲ့ပါ ပူးပေါင်းခဲ့သေးတယ် မင်းလုပ်ခဲ့တဲ့အရာက ခွင့်မလွှတ်နိုင်စရာပဲ၊ ဆရာဦးလေးယိချင်းက ထျန်းကျီကို အနိုင်ယူပြီးပြီ၊ မင်းက ခု အကူမရှိ တစ်ယောက်တည်းပဲ၊ ဘာလို့ လက်နက်မချသေးတာတုံး"

"နင်တို့က ငါ့ကိုဖမ်းချင်တယ်လား" ရှုယီက ခြောက်ကပ်ကပ်ရယ်ကာ လုံးဝမကြောက်။ သူမပတ်လည်က နတ်ဆိုးချီက လှုပ်ရှားလာတယ်။ "စောင့်ကြည့်လိုက် နင်တို့ ဘာကြုံရမလဲဆိုတာ' အဲလိုနဲ့ သူမက မြေပြင်ကို ထိုးချလိုက်တယ်။

နတ်ဆိုးချီက မြေကြီးထဲကနေ လွင့်ထွက်လာကာ ပတ်လည်ဆီ ပျံ့ကုန်တယ်။ အမည်မဲ့တောင်တစ်ခုလုံး တုန်ခါနေပြန်ပြီ။ အက်ကွဲကြောင်းကြီးတွေက မြေကြီးတစ်လျှောက် ပေါ်လာပြီး အမည်းရောင်နတ်ဆိုးချီတွေက အဲအက်ကွဲကြောင်းတွေကနေ လွင့်မျောလာကာ အုပ်စုဆီ ဦးတည်လာတယ်။

"မြန်မြန် ဓားတွေပေါ်တက်ကြ" ကူယွဲ့ အော်လိုက်တယ်။ သူကျိုးနှစ်ကျပ်ကို ဆွဲကာ မြေပြင်ပေါ်က ပျံတက်လိုက်တယ်။ ဒါတွေက သေမျိုးတွေပဲလေ။ နတ်ဆိုးချီနဲ့ ထိတွေ့စေလို့မဖြစ်ဘူး။

အကြီးအကဲတွေအားလုံး ခဏတာ တုံ့ဆိုင်းသွားပြီးမှ ဘာဖြစ်နေလဲ နားလည်သွားကြတယ်။ တစ်ယောက်ပြီးတစ်ယောက် ဓမ္မလက်နက်တွေကို ဆင့်ခေါ်ကာ မြေကြီးပေါ်က ပျံသန်းလိုက်တယ်။ ရုတ်တရက် ချီနက်က သူတို့ခြေထောက်အောက် ပေါ်လာပြီး ပတ်လည်မှာ အနက်ရောင်အင်းကွက်ကြီးတစ်ခု ဖြစ်သွားတယ်။ သူတို့ကိုယ်ထဲက ဝိညာဉ်ချီတွေ ထွက်သွားတာကို ခံစားမိလိုက်ကြတယ်။ တစ်ယောက်ယောက်က သူတို့ကို အခြောက်ညှစ်စုပ်ယူနေသလိုပဲ။ သူတို့ မြေကြီးပေါ်က မပျံနိုင်ရုံတင်မက နေရာမှာတင် လှုပ်မရဖြစ်နေတော့တယ်။ ရှုယီက သူတို့ရှိတဲ့နေရာမှာ ချုပ်နှောင်အင်းကွက်ထားထားတာ သိသာတယ်။

အုပ်စုထဲကလူတိုင်း ဝိညာဉ်ချီကုန်ခမ်းစပြုလာပြီ။ သူတို့ကျင့်ကြံဆင့်တွေတောင် မတည်မငြိမ်ဖြစ်စ ပြုလာတယ်။ ယိချင်းက မျက်မှောင်ကြုတ်ကာ လက်ထဲက ဓားကို လှည့်လိုက်တယ်။ ချက်ချင်း ဓားချီပမာဏအများကြီးက မြေကြီးကိုရိုက်ခတ်သွားပြီး အင်းကွက်ပေါ် ဝုန်းခနဲ မှန်သွားခဲ့တယ်။ နတ်ဆိုးချီနဲ့လုပ်ထားတဲ့ အင်းကွက်က တစ်စစီဖြစ်သွားလို့ လူတိုင်း နည်းနည်း သက်သာရာရသွားခဲ့တယ်။

"ဟမ့် ငတုံးတွေ" ရှုယီက ရုတ်တရက် ခြောက်ကပ်ကပ်ရယ်တယ်။ သူမက ယိချင်း အင်းကွက်ကို ဖျက်တာအပေါ် ဂရုမစိုက်တော့ဘူး။ အဲအစား သူမက အခွင့်အရေးယူကာ တောင်ထွတ်ဆီ လှည့်ပျံသွားလေရဲ့။

အဲတော့မှ လူတိုင်း နားလည်လိုက်တာက သူမ အင်းကွက်ကို ဖန်တီးတာ သူတို့ကို အာရုံလွှဲဖို့ဆိုတာ။ ချက်ချင်း သူတို့ သူမနောက် လိုက်ခဲ့ကြတယ်။

ဒါပေမဲ့ သူမက ကွေ့ယီဂိုဏ်းက ထွက်ပြေးဖို့ ကြိုးစားနေတာမဟုတ်။ အဲအစား သူမက တောင်ထွတ်က ခြံတစ်ခုထဲ ပြေးဝင်ကာ စားပွဲပေါ်က လူတစ်ယောက်ကို ဆွဲဖမ်းလိုက်တယ်။ သူမက လည်ပင်းညှစ်ထားကာ ကျယ်လောင်စွာ ပြောလိုက်တယ်။ "အနားတိုးမလာနဲ့နော်၊ မဟုတ်ရင် သူ့ကို သတ်ပစ်လိုက်မှာ"

"ရှုယီ" ကျိုးရှုမင်က အော်တယ်။ သူ့ကိုယ်ပေါ်က ဒဏ်ရာတွေကို သူဂရုမစိုက်တော့ဘူး။ အဲအစား သူက ဒေါသတကြီး အော်ကာ စိုးရိမ်ပူပန်စွာ ဆိုလိုက်တယ်။ "မင်း ဘာလုပ်နေတာတုန်း မိန်းကလေးရှန်းကို လွှတ်လိုက်"

"သူ့ကို လွှတ်ပေးရမယ်လား" ရှုယီက ကြက်သီးထစရာ လေသံနဲ့ တုံ့ပြန်တယ်။

"ငါ့ကိုတုံးအတယ်များထင်နေတာလား၊ ငါက ဒီအပေးအယူကို လွယ်လွယ်လေး လွှတ်ပေးမယ်လို့ ထင်တာလား"

"ရှုယီ..." ကျိုးရှုမင်က နောက်ထပ် ခြေလှမ်းနှစ်လှမ်း လှမ်းကာ စိုးရိမ်တကြီးပြောလိုက်တယ်။ "ငါ့ကို ဘာလို့ သတ်ချင်လဲ မသိပေမဲ့ မိန်းကလေးရှန်းကတော့ သာမန်လူပဲ၊ ငါတို့ကြားက ရန်ငြိုးက သူနဲ့ ဘာမှမဆိုင်ဘူး"

"ရှုယီ" ယွီလွမ်က အသံဩရှစွာဆိုလာတယ်။ "အမှားတွေကို ဆက်မကျူးလွန်နဲ့တော့၊ ဘာလို့ အပြစ်ကင်းတဲ့ အသက်တစ်ချောင်းကို ဆွဲထည့်တာလဲ"

"အပြစ်ကင်းတဲ့အသက်လား" ရှုယီက ငုံ့သွားကာ ရယ်ပြန်တယ်။ "တကယ်လို့ သူမက တကယ်ပဲ သာမန်လူဆိုရင် နင်တို့အားလုံး ဘာလို့ အဲလောက်စိတ်လှုပ်ရှားနေမှာတုံး၊ ငါ သူ့ကိုမသိဘူးမထင်နဲ့၊ သူက အဲဓားကျင့်ကြံသူရဲ့ဆရာပဲ၊ နင်တို့ သူ့ကိုကယ်ချင်တယ်လား၊ ရတယ်လေ"

သူမက မျက်လုံးမှေးကာ ကျိုးရှုမင်ကို ကောက်ကျစ်မှုအပြည့်နဲ့ စိန်းစိန်းဝါးဝါးကြည့်လိုက်တယ်။

"သူ့ကိုချက်ချင်းသတ်လိုက်ရင် ငါစဉ်းစားပေးမှာပေါ့"

လူတိုင်း ကျိုးရှုမင်ကို လှည့်ကြည့်ကြတယ်။ သူ တောင့်တင်းသွား‌တော့တယ်။

ရှုယီက ပိုပြီးတောင် ဟားတိုက်ရယ်ကာ စားဖိုမှူးဘက် လှည့်ပြီး လေလုံးထွားလေရဲ့။ "ဆရာသခင်ယိချင်း၊ သေချာစဉ်းစားနော်၊ ရှင့်မှာ မီးတောက်အစစ်ရှိပြီး နတ်ဆိုးချီကို မကြောက်ပေမဲ့ သူကတော့မတူဘူး၊ ရှင်သာ ကျွန်မကို ကျိုးရှုမင်ကို သတ်ဖို့နဲ့ ကွေ့ယီဂိုဏ်းကိုဖျက်ဆီးဖို့ကူညီပေးရင် ရှင့်ဆရာ ဘာမှမဖြစ်စေရဘူးလို့ ကျွန်မ ကတိပေးတယ်'

ကူယွဲ့ ။ ။ "..."

ယိချင်း ။ ။ "..."

သောက်ကျိုးနည်းငတုံးဟ

လည်ပင်းကနေ ညှစ်ထားခံရဆဲ ရှန်းရင်က လူတိုင်းကို လှည့်ကြည့်လိုက်တယ်။ သူမ စိတ်ပူပန်နေတဲ့ လူအုပ်ကို ဝေ့ကြည့်ရင်း အသီးနောက်တစ်ကိုက် ကိုက်လိုက်တော့တယ်။

ပြောရဦးမယ်... သူမက လိုက်ပြီး သရုပ်ဆောင်ပေးရမလား။ ဘယ်လိုပဲဖြစ်ဖြစ် ဒီကလေးမက အချိန်ကောင်းရှိနေပုံပဲ။

All Chapters