← Chapters

စွပ်စွဲမှု

Vol. 14 Ch. 141

စွပ်စွဲမှု

Vol. 14 Ch. 141

ညီလာခံခန်းမတွင် အဖြူရောင်အဘိုးအို၏ အသံ တိတ်ဆိတ်သွားပြီးနောက် နိုင်ငံခုနစ်နိုင်ငံမှ ရှေးဟောင်းသုတေသနပညာရှင်များက တဖန်ပြန်၍ စတင်ဆွေးနွေးလိုက်ကြ၏။

"ဟုမ်းစ်က တကယ့်ကို ဒေါသထွက်နေပုံပဲ..." တစ်စုံတစ်ယောက်က ပြောဆိုပြီး သူ၏မျက်နှာအမူအယာ တည်ကြည်လေးနက်နေသည်။

သူ၏ဘေးမှ လူတစ်ဦးက ချက်ချင်းဆိုသလိုပင် တုံ့ပြန်အဖြေပေးသည်။

"တစ်ယောက်က အမေရိကန်ရဲ့ အကျော်ကြားဆုံး ရှေးဟောင်းသုတေသနပညာရှင်ဖြစ်ပြီး နောက်တစ်ယောက်ကတော့ သတင်းစာတွေမှာတောင် တစ်ခါမှ မမြင်ဖူးတဲ့ အရမ်းလျှို့ဝှက်ဆန်းကြယ်တဲ့ ပါမောက္ခယဲ့ပဲ...ဒါက တော်တော်လေး စိတ်ဝင်စားစရာကောင်းတယ်..."

"သူက ပါမောက္ခယဲ့ ဟုတ်မဟုတ်ဆိုတာ မဆုံးဖြတ်ရသေးဘူး မဟုတ်လား... ဘယ်လိုပဲဖြစ်ဖြစ် နှစ်ပေါင်းများစွာ လှုပ်ရှားနေခဲ့တဲ့ ပါမောက္ခယဲ့က ဒီလောက်ထိ ငယ်ရွယ်နေလိမ့်မယ်လို့ ကျွန်တော်တော့ မယုံကြည်ဘူး..."

တရုတ် ရှေးဟောင်းသုတေသနပညာရှင်တစ်ဦး၏ မျက်လုံးထဲတွင် မနာလိုမှု အနည်းငယ် ထင်ဟပ်နေပြီး သူက စကားပြောဆိုကာ သူ၏ခေါင်းကို တရစပ် ခါယမ်းလိုက်၏။

"ကျွန်တော်ကတော့ ဟုမ်းစ်ကို ပိုပြီး အကောင်းမြင်တယ်... သူက အသက် ၈၆ နှစ် ရှိပြီ... ဂုဏ်ပြုချီးကျူးမှုတွေလည်း အများကြီး ရထားတယ်... သူ့ကို ကျွန်တော်တို့ ရှေးဟောင်းသုတေသနလောကရဲ့ ခေါင်းဆောင်တစ်ယောက်လို့ သတ်မှတ်လို့ရတယ်... သူ့ရဲ့ အရည်အချင်းတွေက အပြစ်ဆိုစရာမရှိသလို ဒီစူးစမ်းရှာဖွေမှုရဲ့ အဓိကအဖွဲ့ဝင်တွေထဲက တစ်ယောက်လည်း ဖြစ်တယ်..."

"ဟုတ်တယ်...ဒီကိစ္စရဲ့နောက်ကွယ်မှာ တစ်ယောက်ယောက် ရှိနေတယ်လို့ ကျွန်တော် ခံစားရတယ်... ခင်ဗျားတို့လည်း သိတဲ့အတိုင်းပဲ အစကတည်းက ခူးဖူပိရမစ် စူးစမ်းရှာဖွေရေးရဲ့ ခေါင်းဆောင်အဖြစ် သတ်မှတ်ခံထားရတာက ဟုမ်းစ်ပဲ... ဒါပေမဲ့ ဒီမနက်မှာတော့ အီဂျစ်ဘက်က ပါမောက္ခယဲ့နဲ့ ယာယီအစားထိုးလိုက်တယ်..."

"အီဂျစ်က ဘာကိုဆိုလိုတာလဲဆိုတာ ကျွန်တော် နားမလည်ဘူး... မစ္စတာဟုမ်းစ်က ရှေးဟောင်းသုတေသနပညာရှင်တစ်ယောက် ဖြစ်ရုံတင် မကဘူး....မနုဿဗေဒနဲ့ဘူမိဗေဒပညာရှင်လည်း ဖြစ်တယ်... ပြီးတော့ အမျိုးသားပြတိုက်ရဲ့ ညွှန်ကြားရေးမှူးနဲ့ အမေရိကန်ရဲ့ ဘူမိဗေဒစစ်တမ်း ကော်မရှင်နာတောင် ဖြစ်သေးတယ်..."

"ဘယ်လိုပဲဖြစ်ဖြစ် ဒီလူက အရမ်းငယ်ရွယ်လွန်းတယ်..."

"တကယ်လို့ ယဲ့ပိုင် တကယ်ကြီး ဖြစ်နေရင်တောင် အသက်နည်းနည်းကြီးတဲ့သူကို ရွေးချယ်တာက ပိုကောင်းမယ်လို့ မထင်ဘူးလား... အခုတော့ ပိုဆိုးသွားပြီ... သူတို့က အမူအကျင့်မကောင်းတဲ့ လူငယ်တစ်ယောက်ကို ခေါ်လာဖို့ စိတ်ကူးရခဲ့ကြတယ်... မစ္စတာဟုမ်းစ်က လူကို ချက်ချင်းထမရိုက်တာကပဲ တော်တော်လေး ကောင်းနေပြီလို့ ယူဆရမယ်..."

"ဟေး...ဒီကောင်လေးရဲ့နောက်ကွယ်မှာ အင်အားစုကြီးတစ်စု ရှိနေမယ်လို့ ခင်ဗျား ထင်လား..."

အခင်းဖြစ်ပွားရာနေရာရှိ မရေမတွက်နိုင်သော ရှေးဟောင်းသုတေသနပညာရှင်များအားလုံး တီးတိုးစကားပြောဆိုနေကြသည်။ ထိုအသံများကို နားထောင်ခြင်းအားဖြင့် လူအများစုက ဟုမ်းစ်ကို ထောက်ခံနေကြသည်မှာ သိသာထင်ရှားလှ၏။

ယဲ့ပိုင်နှင့်ပတ်သက်၍ ထိုရှေးဟောင်းသုတေသနပညာရှင်များ၏ အမြင်တွင် သူသည် ကောင်လေးတစ်ယောက်မျှသာ ဖြစ်ပြီး အီဂျစ်က သူတို့၏သဘောဆန္ဒအတိုင်း ဝယ်ယူထားသည့် အစားထိုးတစ်ဦး (သို့မဟုတ်) အာဏာကို အားကိုး၍ နေရာယူထားသူ တစ်ဦးအဖြစ်သာ ရှုမြင်ကြသည်။

စင်မြင့်ပေါ်တွင်ရှိနေသော ဟုမ်းစ်သည် ထိုတုံ့ပြန်မှုများကို မြင်တွေ့ပြီးနောက် အလွန်ဒေါသထွက်နေဆဲဖြစ်သော်လည်း သူ့ကိုယ်သူ ဂုဏ်ယူဝင့်ကြွားနေကာ တွေးတောလိုက်၏။

'ဟမ့်... ဒီကောင်လေးမှာ ဘယ်လို နောက်ခံမျိုးပဲရှိရှိ သူက ပါမောက္ခယဲ့ ဟုတ်ဟုတ်မဟုတ်ဟုတ် ငါ သူ့ကို နှင်ထုတ်ရမယ်...ဒီတစ်ကြိမ် ခေါင်းဆောင်နေရာအတွက် ငါ့ကလွဲပြီး ဘယ်သူက အရည်အချင်းပြည့်မီလို့လဲ...'

တစ်ချိန်တည်းမှာပင် သူ၏ဒေါသထွက်နေသော မျက်လုံးတစ်စုံဖြင့် ယဲ့ပိုင်ကို စိုက်ကြည့်လိုက်သည်။ သို့ရာတွင် သူ၏မျက်လုံးများဖြင့် ယဲ့ပိုင်ကို စိုက်ကြည့်မိချိန်တိုင်း သူ၏စိတ်အတွင်း၌ မသက်မသာ ခံစားချက်တစ်ခု အမြဲတစေ ဖြစ်ပေါ်လာတတ်သည်။

သူ၏ရှေ့ စင်မြင့်၏အလယ်တွင် ထိုင်နေသော ဆယ်ကျော်သက်လူငယ်လေးမှာ အလွန် တည်ငြိမ်နေသည်။ ထိုလူငယ်သည် လက်တစ်စုံကို စင်မြင့်ပေါ်တွင် သက်သောင့်သက်သာ တင်ထားလေ၏။ သူ၏အသားအရေမှာ ဖြူဝင်းနေပြီး အပြစ်အနာအဆာများ လုံးဝမရှိချေ။ သူ၏ရှည်လျားသော ဆံပင်နက်များသည် လေမတိုက်ခတ်ဘဲနှင့်ပင် အဆက်မပြတ် လူးလွန့်နေသည့်အလား ထင်မှတ်ရသည်။

သူ၏မျက်နှာအမူအယာသည် အစမှအဆုံးတိုင်အောင် အလွန်တည်ငြိမ်နေခဲ့ပြီး ပတ်ဝန်းကျင်မှ စကားလုံးများကြောင့် အနည်းငယ်မျှပင် ပြောင်းလဲသွားခြင်း မရှိခဲ့ပေ။ အထူးသဖြင့် သူ၏မျက်လုံးများမှာ ဂရုမစိုက်တတ်သည့်ဟန်ဖြင့် နက်နဲလှပြီး လူအများမှ လုံးဝဖတ်ရှု၍မရနိုင်ချေ။

"ဒီကောင်လေးက ဘယ်လို လူမျိုးလဲ... ဒီလိုမျိုး စိတ်နေသဘောထားက ခုလိုငယ်ရွယ်တဲ့သူတစ်ယောက်မှာ ရှိသင့်တဲ့အရာ မဟုတ်ဘူး... ငယ်စဉ်ကတည်းက ကြီးမားတဲ့ မိသားစုကြီးတွေမှာ ပြုစုပျိုးထောင်ခံခဲ့ရတဲ့ အထက်တန်းစားတွေတောင်မှ ဒီလိုမျိုး ဖြစ်နေမှာ မဟုတ်ဘူး..."

ဟုမ်းစ်က သူ၏စိတ်ထဲတွင် တိတ်တဆိတ် တီးတိုးရေရွတ်လိုက်၏။

သူ၏ဒေါသထွက်နေသော အမူအယာသည် တိတ်တဆိတ် ပြောင်းလဲသွားပြီး လူအများ သတိမပြုမိနိုင်သော ထိတ်လန့်မှုကို ဖော်ပြနေသည်။ သူ၏နဖူးပေါ်တွင် မည်သည့်အချိန်ကတည်းက ချွေးစေးများ ထွက်ပေါ်လာသည်ကိုပင် မသိရချေ။

မြင်ကွင်းသည် ဖရိုဖရဲဖြစ်နေပြီး မရေမတွက်နိုင်သော လူများက မေးခွန်းထုတ်နေချိန်တွင်...

စင်မြင့်၏အလယ်၌ ထိုင်နေသော ယဲ့ပိုင်က စတင်၍ စကားပြောဆိုလိုက်၏။

"တစ်ယောက်ယောက်က ဒီစူးစမ်းရှာဖွေမှုမှာ မပါဝင်ချင်ဘူးဆိုရင် အပြင်ထွက်သွားလို့ရတယ်... ဘာပဲဖြစ်ဖြစ် ပိရမစ်ရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ဖို့ဆိုတာ လူတိုင်း ပါဝင်နိုင်တာ မဟုတ်ဘူး... ထွက်သွားတဲ့သူတိုင်းက သူတို့ရဲ့ ဂုဏ်သိက္ခာကို မှတ်ထားပြီးတော့ နောက်တစ်ကြိမ် ပြန်မလာသင့်ဘူး..."

အေးစက်သော်လည်း ဖျော့တော့သော အသံတစ်သံ ထွက်ပေါ်လာသည်။ မြင်ကွင်းသည် ဖရိုဖရဲဖြစ်ပြီး ဆူညံနေသောကြောင့် သူ၏အသံကို လူအများစုက မကြားသည်မှာ အဓိပ္ပါယ်ရှိသည်။

သို့သော် ထူးဆန်းသည်မှာ သူ ထိုစကားကို ပြောဆိုလိုက်ချိန်တွင်ပင်။ ဤညီလာခံခန်းမအတွင်းရှိ ရှေးဟောင်းသုတေသန ပါမောက္ခတိုင်း ထိုစကားကို ရှင်းလင်းပြတ်သားစွာ ကြားလိုက်ရသည်။ မည်သို့ပင်ဆိုစေကာမူ ထိုပါမောက္ခများသည် သူတို့၏ အရည်အချင်းများကို အားကိုးကာ ယဲ့ပိုင်ကို မျက်နှာသာပေးရန် ရည်ရွယ်ထားပုံမရချေ။

"ဟေး... မင်းက ငါ့ကို သွားခွင့်ပြုတာလား... ပိရမစ်ကို ဖော်ထုတ်ဖို့ နိုင်ငံ ခုနစ်နိုင်ငံက ပူးပေါင်းထားတာ... ပါမောက္ခယဲ့ မဟုတ်တဲ့ မင်းကိုထား... တကယ်လို့ သူကိုယ်တိုင်ဖြစ်နေရင်တောင်မှ ဒီလိုစကားမျိုးပြောဖို့ အရည်အချင်းမပြည့်မီဘူး..."

တရုတ်မှ ကျွမ်းကျင်ပညာရှင်တစ်ဦးက နာကြည်းစွာဖြင့် ကြုံးဝါးလိုက်၏။

"အို... ဘုရားသခင်...ဒီကောင်လေးက ကျွန်တော် အရင်က တစ်ခါမှ မမြင်ဖူးတဲ့ အမောက်မာဆုံးကောင် ဖြစ်နိုင်တယ်... ကောင်းကင်ပေါ်က နေမင်းကြီးပဲ သူနဲ့ ယှဉ်နိုင်လိမ့်မယ်..."

ဗြိတိန် ရှေးဟောင်းသုတေသနပညာရှင်တစ်ဦးက သရော်တော်တော်ဖြင့် ဖြည့်စွက်ပြောဆိုလိုက်သည်။

"ငါတော့ ထွက်သွားမှာ မဟုတ်ဘူး... ရုပ်ဖျက်ထားတဲ့ ဒီကောင်လေးက နောက်ထပ် ဘယ်လိုမျိုးတွေ ထပ်ပြီးဟန်ဆောင်အုံးမလဲဆိုတာကို ငါ ကြည့်ချင်သေးတယ်..."

အသံများသည် ဆူညံပွက်လောရိုက်နေဆဲပင်။ ယဲ့ပိုင်၏နံဘေးတွင် ရပ်နေသော ဟုမ်းစ်၏ မျက်နှာသည် ပို၍ရှုံမဲ့လာပြီး သူ၏နှလုံးသားနက်ရှိုင်းသောနေရာရှိ ကြောက်ရွံ့မှုအရိပ်အယောင်က သူ့ကို အလွန်အမင်း မပျော်မရွှင် ဖြစ်စေခဲ့ပေ၏။

သူ၏မျက်လုံးများ အနည်းငယ် တောက်ပသွားပြီး အလွန်ကောင်းမွန်သော နည်းလမ်းတစ်ခုကို စဉ်းစားမိသွားပုံရသည်။ ရုတ်ချည်းဆိုသလိုပင် သူက ယဲ့ပိုင်ထံမှ အကြည့်ကို ဖယ်ခွာလိုက်သည်။ သူသည် ရှေ့သို့လှည့်လိုက်ပြီး အဆက်မပြတ် ဝေဖန်ပြောဆိုနေသော ပါမောက္ခများကို မျက်နှာမူကာ သူ၏လက်ကို မြှောက်၍ အောက်သို့ ဖိချလိုက်သည်။

ပတ်ဝန်းကျင်နေရာတဝိုက်လုံး တဖြည်းဖြည်း တိတ်ဆိတ်သွားပေ၏။ မည်သို့ပင်ဆိုစေကာမူ ထိုလူများ၏အမြင်တွင် ဟုမ်းစ်ကို မျက်နှာသာပေးရမည်ဖြစ်ပြီး တစ်ချိန်တည်းမှာပင် သူ ဘာပြောမည်ကိုလည်း သူတို့ ကြားချင်နေကြသည်။

"လူကြီးမင်းတို့... အတွေ့အကြုံရင့် ရှေးဟောင်းသုတေသနပညာရှင်တစ်ယောက်အနေနဲ့ ခုဏက ကျွန်တော်ရဲ့ စကားတွေနဲ့ လုပ်ရပ်တွေအတွက် ကျွန်တော် တောင်းပန်ချင်ပါတယ်... ပါမောက္ခယဲ့ ပြောခဲ့တဲ့စကားတွေကြောင့် လူတိုင်းက သူ့ကို အစည်းအဝေးတစ်ခုလုပ်ဖို့ ကြိုးစားပေးသင့်တယ်လို့ ကျွန်တော် ထင်တယ်...ဒီနည်းလမ်းနဲ့ဆိုရင် သူက ပါမောက္ခယဲ့ဖြစ်တဲ့အတွက် ပိရမစ်အကြောင်းကို သေချာပေါက် နားလည်လိမ့်မယ်... အစည်းအဝေးရဲ့ အိမ်ရှင်တစ်ယောက်အနေနဲ့ သူ့ကို အရင်ဆုံး စကားနည်းနည်းလောက် ပြောခွင့်ပေးဖို့ လိုအပ်တယ်လို့ ကျွန်တော် ထင်တယ်..."

သူ ထိုသို့ပြောလိုက်ချိန်တွင် ဟုမ်းစ်၏ အမူအယာတွင် အဓိပ္ပာယ်တစ်ခု ပါဝင်နေသည်။ သူ၏ဆိုလိုရင်းမှာ ရိုးရှင်းပေ၏။ သူသည် ယဲ့ပိုင်ကို အရှက်ခွဲလိုခြင်းပင်။ ယဲ့ပိုင်သည် လျှို့ဝှက်ဆန်းကြယ်ပုံရပြီး သူ နားမလည်နိုင်သော်လည်း ဤကောင်လေးသည် မည်သို့မျှ ပါမောက္ခယဲ့ မဟုတ်ကြောင်း ဟုမ်းစ်က လုံးဝသေချာနေခဲ့သည်။

မတ်တတ်ရပ်နေသော ရှေးဟောင်းသုတေသနပညာရှင်များက သူ၏စကားကို နားထောင်ပြီးနောက် ခုံများပေါ်တွင် ပြန်လည်၍ ထိုင်ချလိုက်ကြသည်။ ထို့နောက် သူတို့သည် ယဲ့ပိုင်ကို တစ်ယောက်ပြီးတစ်ယောက် ထပ်မံ၍ ကြည့်ရှုလိုက်ကြ၏။ သူတို၏မျက်လုံးများတွင် သရော်လိုမှုများ လှောင်ပြောင်မှုများဖြင့် ပြည့်နှက်နေသည်။

ပတ်ဝန်းကျင်နေရာတဝိုက်လုံး ထူးဆန်းစွာ တိတ်ဆိတ်သွား၏။ ထိုလူများအားလုံး ဟုမ်းစ်၏အဆိုပြုချက်ကို သဘောတူညီကြောင်း သိသာထင်ရှားနေသည်။

စင်မြင့်ပေါ်၏ အလယ်တွင် ယဲ့ပိုင်က တည်ငြိမ်စွာ ထိုင်နေသည်။ လက်ရှိ အခြေအနေအတွက် သူ အနည်းငယ်မျှပင် ဂရုမစိုက်ချေ။ လူတိုင်း တိတ်ဆိတ်သွားချိန်တွင် ယဲ့ပိုင်က စကားမပြောဘဲ စင်မြင့်ပေါ်ရှိ သူ၏ဘယ်ဘက်လက်ကို ညင်သာစွာ မြှောက်လိုက်ရာ ရွှေသော့တစ်ချောင်းက သူ၏လက်ပေါ်တွင် ပေါ့ပေါ့ပါးပါး ထွက်ပေါ်လာသည်။

လူအများစုသည် ထိုအရာကို မြင်တွေ့လိုက်ချိန်တွင် အံ့အားသင့်သွားကြ၏။ သို့သော် နောက်ထပ်အချိန်တခဏတွင် ရွှေသော့ထံမှ ရွှေရောင်အလင်းတန်းတစ်တန်း ရုတ်တရက် ထွက်ပေါ်လာသည်။

ထိုအလင်းတန်းက ရွက်ဖျင်တဲတစ်ခုလုံးကို လင်းထိန်သွားစေကာ ရှေးဟောင်းသုတေသနပညာရှင်တိုင်း၏ မျက်နှာပေါ်တွင် ရောင်ပြန်ဟပ်နေသည်။ လှောင်ပြောင်သော အမူအယာများကို ထိန်းသိမ်းထားသည့် ရှေးဟောင်းသုတေသနပညာရှင်များအားလုံး ပါးစပ်အဟောင်းသားဖြစ်ကာ နေရာတွင်ပင် မှင်သက်သွားကြ၏။

သူတို့၏မျက်လုံးများအားလုံး စူးရှတောက်ပနေသည်။ ထိုရွှေသော့ကို သူတို့ ကြည့်နေရသည်မှာ ကမ္ဘာပေါ်ရှိ အကြီးကျယ်ဆုံးသော ရတနာကြီးကို မြင်တွေ့လိုက်ရသည့်အလားပင်။

"ခူးဖူပိရမစ်ရဲ့သော့က ဒီနေရာမှာ ရှိနေတယ်..."

တစ်ချိန်တည်းမှာပင် ယဲ့ပိုင်၏တိုးညှင်းသောအသံက ထပ်မံ၍ ထွက်ပေါ်လာပြီး ရှေးဟောင်းသုတေသနပညာရှင်တိုင်း အလွန် ရှင်းလင်းပြတ်သားစွာ ကြားလိုက်ရပေ၏။

All Chapters