ရူးသွပ်ခြင်း
Vol. 14 Ch. 142
စင်မြင့်အောက်သို့ ရွှေသော့၏အလင်းရောင် ကျဆင်းလာချိန်၌ ထိုရှေးဟောင်းသုတေသနပညာရှင်များ ချက်ချင်းဆိုသလိုပင် ရူးသွပ်သွားကြ၏။
"ဒီသော့က ဘယ်ကနေရောက်လာတာလဲ..."
တစ်စုံတစ်ယောက်က သူ၏မျက်ခုံးများကို လက်ဖြင့်ကာကာ ခေါင်းကိုလှည့်၍ မျက်လုံးထောင့်မှနေ၍ သော့ကို ဆက်တိုက်ကြည့်ရှုရန် ကြိုးစားနေသည်။ ရွှေရောင်အလင်းတန်းကြောင့် သူ၏မျက်လုံးများ အနည်းငယ် နာကျင်သွားသော်လည်း သူ၏ပါးစပ်မှ အသံကမူ အလွန်ကျယ်လောင်နေသည်။
"ခူးဖူပိရမစ်က ခိုင်မာတဲ့ ကျောက်တုံးတွေနဲ့ တည်ဆောက်ထားတာ... ဒါပေမဲ့ တကယ်တမ်းကျတော့ မြေပြင်ကနေ ၁၈ မီတာအကွာ မြောက်ဘက်မှာ ဝင်ပေါက်တစ်ခု ရှိတယ်... ဒါပေမဲ့ တချို့ကိစ္စတွေကြောင့် အီဂျစ်ဘက်က အဲ့ဒါကို လုံးဝ ပိတ်ဆို့ထားခဲ့တယ်...ဒီအကြောင်းကို သိတဲ့သူ အလွန်နည်းတယ်... သူက တကယ်ပဲ ပါမောက္ခယဲ့လား... ဒါမှမဟုတ်ရင် ဒီလိုအရာမျိုးက သူ့ဆီမှာ ဘယ်လိုလုပ်ပြီး ရှိနေနိုင်မှာလဲ..."
အသက်ကိုးဆယ်ကျော်အရွယ် နိုင်ငံတကာ ရှေးဟောင်းသုတေသနပညာရှင်တစ်ဦးထံ၌ အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေပေ၏။
အခြား ရှေးဟောင်းသုတေသနပညာရှင်များက ချက်ချင်းဖြေကြားလိုက်သည်။
"ဝင်ပေါက်ရဲ့အဆုံးက ဖာရိုဘုရင်ရဲ့ အရိုးတွေရှိတဲ့ မြေနေရာဆိုတာ မဟုတ်ဘူး... နောက်ပြန်ဆုတ်မယ့် လမ်းတွေအားလုံးကို ပိတ်ဆို့ထားတဲ့ သတ္တုနံရံတစ်ခုပဲ... ဒီသော့က အရမ်းထူးဆန်းတယ်... ကျွန်တော်ကတော့ ဒါကို အစစ်လို့ ခံစားရတယ်..."
"ကျွန်တော့်ရဲ့မျက်စိနဲ့ တပ်အပ်မမြင်ခဲ့ရဘူးဆိုရင် ဒီကမ္ဘာမှာ ဒီလိုမှော်ဆန်တဲ့အရာမျိုး ရှိတယ်ဆိုတာကို လုံးဝယုံကြည်မှာ မဟုတ်ဘူး... ဒါပေမဲ့ သေသေချာချာ စဉ်းစားကြည့်ရင် ဒီလိုအရာမျိုးကပဲ အဲ့ဒီတံခါးကို ဖွင့်နိုင်မှာ မဟုတ်လား..."
သူ၏မျက်လုံးကို ကာထားသော အီဂျစ် ရှေးဟောင်းသုတေသနပညာရှင်တစ်ဦးက ခံစားချက်ပြင်းပြစွာဖြင့် ရေရွတ်လိုက်သည်။
သူ၏နံဘေးမှ အဖော်ဖြစ်သူက မျက်မှောင်ကြုတ်ပြီး ချက်ချင်းမေးမြန်းလိုက်သည်။
"သူ ဖွင့်နိုင်မယ်ဆိုတာ ခင်ဗျား ဘယ်လိုလုပ်ပြီး သေချာနေတာလဲ... အတွင်းရေး သတင်းတွေများ ရှိနေလို့လား..."
ထိုအီဂျစ် ရှေးဟောင်းသုတေသနပညာရှင်သည် လျှို့ဝှက်ချက်ကို ဖော်ထုတ်ရမည့် စိတ်လှုပ်ရှားမှုကြောင့် တိတ်ဆိတ်နေပုံရသည်။ အချိန်တခဏကြာပြီးနောက် သူသည် သိပ်များများစားစား မစဉ်းစားတော့ဘဲ လျှို့ဝှက်ချက်တချို့ကို ဗြုန်းစားကြီး ဖွင့်ဟလိုက်သည်။
"မကြာသေးခင်က အီဂျစ်ဘက်က သိပ္ပံပညာရှင်တွေနဲ့ ရှေးဟောင်းသုတေသနပညာရှင်တွေကို လျှို့ဝှက်ပြီး စုစည်းခဲ့တယ်... ကျွန်တော်လည်း အဲ့ဒီအထဲမှာ ပါဝင်ခဲ့တယ်... အဲ့ဒီအချိန်တုန်းက သုတေသနလုပ်ဖို့အတွက် သတ္တုနံရံဆီက အပိုင်းအစလေးတစ်ခုရဖို့ ခေတ်အမီဆုံး တိုင်းတာရေး ကိရိယာတချို့ကို အသုံးပြုခဲ့တယ်... အဲ့ဒါက လုံးဝ အသစ်ဖြစ်နေတဲ့ ဒြပ်စင်တစ်ခုဖြစ်ပြီးတော့ ဓာတုဒြပ်စင် ဇယားထဲမှာတောင် မရှိဘူးဆိုတာ ထင်ရှားတယ်..."
"ဒါဆိုရင် နောက်ဆုံးမှာ အဲ့ဒါက ဘယ်လို ဒြပ်စင်မျိုးလဲဆိုတာ ခင်ဗျားတို့ ဆုံးဖြတ်နိုင်ခဲ့လား..."
သူ၏နံဘေးမှ ရှေးဟောင်းသုတေသနပညာရှင်က ဆက်လက်၍ မေးမြန်းလိုက်၏။
ထိုလူက ခေါင်းခါယမ်းပြီး တုံ့ပြန်အဖြေပေးသည်။
"နောက်ဆုံးရလဒ်ကတော့ အဲ့ဒါက ကောင်းကင်ကနေ ကျလာတဲ့ ဥက္ကာပျံတစ်ခုလို့ ဆိုတယ်... ဒါပေမဲ့ ထင်ရှားတာကတော့ အဲ့ဒါက ဖြစ်နိုင်ချေ မရှိဘူး... အဲ့ဒီသတ္တုရဲ့ မာကျောမှုက စိန်တွေထက်တောင် ကျော်လွန်နေပြီးတော့ အဲ့ဒီအပေါ်မှာ ကိန်းဂဏန်း ဒြပ်စင်တွေလည်း မရှိဘူး... ကျွန်တော့်ရဲ့ ရှေးဟောင်းသုတေသန ဗဟုသုတအရ အက္ခရာတွေအားလုံးက လွန်ခဲ့တဲ့ နှစ်ငါးထောင်က ရှေးဟောင်းအီဂျစ်စာတွေဆိုတာ အတည်ပြုနိုင်တယ်... ဆိုလိုတာက အဲ့ဒီသတ္တုအပိုင်းအစကို ပြုလုပ်ပြီး ထွင်းထုခဲ့တာ အဲ့ဒီခေတ်က လူတွေပဲ... မိတ်ဆွေ..ဒါက ဘာကိုဆိုလိုတာလဲဆိုတာ ခင်ဗျား သိလား..."
"ဖြစ်နိုင်ပါ့မလား..."
သူ၏နံဘေးမှ အဖော်ဖြစ်သူ၏မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားပြီး စူးရှတောက်ပနေသော ရွှေရောင်အလင်းတန်းကိုပင် ဂရုမစိုက်နိုင်တော့ချေ။
မည်သို့ပင်ဆိုစေကာမူ အရေးကြီးသော အချိန်တွင် အီဂျစ် ရှေးဟောင်းသုတေသနပညာရှင်မှာ သူ စကားမှားသွားကြောင်း သိလိုက်ရပြီး သူ၏အသံမှာ ချက်ချင်းဆိုသလိုပင် အေးစက်တင်းမာသွားပေ၏။
"ဒီအရာတွေကို ခင်ဗျား သိဖို့မလိုဘူး... မကြာသေးခင်က တွေ့ရှိမှုအသစ်တစ်ခု ရှိခဲ့တယ်... သတ္တုနံရံမှာ အပေါက်ငယ်တစ်ခု ရှိနေတယ်... အရင်ကတော့ အဲ့ဒါက ဘာလဲဆိုတာ ကျွန်တော် မသိခဲ့ဘူး... ဒါပေမဲ့ အခုတော့ အဲ့ဒါက သော့ပေါက်တစ်ခုဆိုတာ ဆုံးဖြတ်လိုက်ပြီ... ဒါကြောင့် နိုင်ငံ ခုနစ်နိုင်ငံက ရှေးဟောင်းသုတေသနပညာရှင်တွေကို စုဝေးခဲ့ကြတာပေါ့..."
"ဒီအကြောင်းကို ကျွန်တော် သိတယ်...ကျွန်တော် မလာခင်ကတည်းက အီဂျစ်ဘက်က ဒါကို ကြေညာခဲ့ပြီးပြီ... ဒါပေမဲ့ ကျွန်တော်ကတော့ မျှော်လင့်မထားခဲ့ဘူး... အဲ့ဒီသော့ကို စစ်ဆေးနေတုန်းပဲ မဟုတ်လား... အဲ့ဒါကို ဖန်တီးထားတဲ့ပုံစံက အရမ်းထူးဆန်းပြီးတော့ ခေတ်သစ်နည်းပညာနဲ့တောင် တုပလို့မရဘူးလို့ ဆိုကြတယ်..."
"ဒါကြောင့် အခုလိုအခြေအနေမျိုး ဖြစ်လာတာပေါ့... သူ ထုတ်ပြလိုက်တဲ့ သော့က အစစ်ပဲဖြစ်ဖြစ် အတုပဲဖြစ်ဖြစ် အနည်းဆုံးတော့ ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ ရွှေရောင်အလင်းတန်း ထွက်ပေါ်လာတာကတင် လူတွေအားလုံးကို ထိတ်လန့်တုန်လှုပ်သွားစေဖို့ လုံလောက်နေပြီ..."
သူတို့နှစ်ဦးကြားရှိ စကားပြောဆိုမှုအပြင် ဤညီလာခံခန်းမအတွင်းရှိ တခြား ရှေးဟောင်းသုတေသနပညာရှင်များ၏ အသံများမှာလည်း ပို၍ပြင်းထန်လာခဲ့သည်။ ရှေးဟောင်းသုတေသနပညာရှင် အများစု၏ တိုင်ပင်ဆွေးနွေးမှုများ ရပ်တန့်မသွားခဲ့ချေ။ စူးရှတောက်ပသော ရွှေရောင်အလင်းတန်းနှင့် တဖြည်းဖြည်း အသားကျသွားပြီးနောက် သူတို့သည် မတ်တတ်ထရပ်ကာ စင်မြင့်ဆီသို့ အပြေးသွားကြသည်။
"အဲ့ဒါက တကယ်ပဲ ပိရမစ်ရဲ့ သော့လို့ ကျွန်တော် ခံစားရတယ်..."
"အဲ့ဒါကို ဘယ်ကနေ ရခဲ့တာလဲ..."
"ဘုရားသခင်... ဒီလို အလင်းရောင်မျိုး ထုတ်လွှတ်နိုင်တဲ့ သော့ငယ်လေးတစ်ချောင်းက သေချာပေါက် သာမန်အရာ မဟုတ်ဘူး... ဒါက တကယ့်ကို သော့အစစ်များ ဖြစ်နေမလား..."
"မယုံနိုင်စရာပဲ... မယုံနိုင်လောက်အောင်ပါပဲ... ဒီနေ့ ကျွန်တော်တို့က အံ့ဖွယ်အရာတစ်ခုကို မျက်မြင်ကိုယ်တွေ့ မြင်ရတော့မယ်လို့ ခံစားနေရတယ်..."
"ကျွန်တော့်ကို သော့လေး ပြပေးလို့ရမလား..."
သူတို့သည် ပြေးလွှားနေချိန်တွင် ထိုကဲ့သို့ စကားများက သူတို့၏ပါးစပ်မှ အဆက်မပြတ် ထွက်ပေါ်နေခဲ့ပေ၏။ ဤအချိန်အခိုက်အတန့်တွင် ပတ်ဝန်းကျင်နေရာတဝိုက်လုံး အလွန်အမင်း ဖရိုဖရဲ ဖြစ်နေသည်။
ယဲ့ပိုင်၏နံဘေးတွင် တဖန်ပြန်၍ ထိုင်နေခဲ့သော ဟုမ်းစ်ပင်လျှင် လက်ခုပ်တီးကာ သူ၏ထိုင်ခုံမှ ခုန်ထလာခဲ့သည်။ သူ၏မျက်လုံးများ ပြူးကျယ်နေကာ သူ၏မျက်လုံးထောင့်များသည် အိုမင်းသော အရေးအကြောင်းများဖြင့် ပြည့်နှက်နေပေ၏။ သူ၏မျက်လုံးများသည် မယုံကြည်နိုင်လောက်သော အလင်းတန်းများဖြင့် ပြည့်နှက်နေပြီး လှောင်ပြောင်မှုများ မရှိတော့ချေ။ သူ၏ခန္ဓာကိုယ်လည်း ပြင်းပြင်းထန်ထန် တုန်ရီနေသည်။
"မင်း... မင်းက ဘယ်သူလဲ... ပြီးတော့ မင်းကို ဒီသော့ ဘယ်သူက ပေးလိုက်တာလဲ..."
ဟုမ်းစ်က ပြောဆိုသည်။ စကားပြောဆိုနေစဉ်တွင် သူက သော့ကိုရယူရန် သူ၏တုန်ယင်နေသောလက်ကို ဆန့်တန်းလိုက်၏။ ဤသည်မှာ ထိုလျှို့ဝှက်ချက်ကို အမှန်တကယ် ဖွင့်လှစ်ပေးနိုင်မည့် အရာတစ်ခု ဖြစ်နိုင်ကြောင်း သူ၏ အလိုအလျောက်သိစိတ်က သူ့ကို ပြောပြနေသည်။
သို့သော် ဟုမ်းစ်၏လက်က သော့ကို ထိလုနီးပါး အချိန်နှင့် ရှေးဟောင်းသုတေသနပညာရှင် အမြောက်အများ စင်မြင့်ပေါ်သို့ ပြေးတက်ရန် ဟန်ပြင်နေချိန်တွင်...
စင်မြင့်၏အလယ်တွင် ထိုင်နေသော ယဲ့ပိုင်က သူ၏ဘယ်ဘက်လက်ကို အနည်းငယ် လှုပ်ရှားလိုက်၏။ ရွှေသော့သည် တိုက်ရိုက်ပျောက်ကွယ်သွားပြီး ညီလာခံခန်းမတစ်ခုလုံး ချက်ချင်းဆိုသလိုပင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။ ဤသည်မှာ အနည်းငယ် မှောင်မိုက်နေသယောင် ရှိနေသည်။
"အစည်းအဝေးကို ဆက်လုပ်တော့... ပြီးတော့ ငါ့မှာ ပြောစရာ သုံးခု ရှိတယ်..."
ရုတ်ချည်းဆိုသလိုပင် ယဲ့ပိုင်က ဖော်ပြ၍မရနိုင်သော ကြီးမြတ်မှု အရှိန်အဝါတစ်ရပ်ဖြင့် တဖန်ပြန်၍ စကားပြောဆိုသည်။
"သော့ကို အရင်ထုတ်ပြပါ..."
"ဟုတ်တယ်... ကျွန်တော့်ကို ကြည့်ခွင့်ပေးပါ..."
"ကျွန်တော် သော့ကို ကြည့်ချင်တယ်..."
"တောင်းပန်ပါတယ်... သော့က ဘယ်ကနေ ရလာတာလဲ... အဲ့ဒါက တကယ်ပဲ အဲ့ဒီတံခါးကို ဖွင့်နိုင်ပါ့မလား..."
သူတို့သည် ယဲ့ပိုင်၏အသံကို ကြားလိုက်ရသော်လည်း ပါမောက္ခများသည် သူ၏စကားများကို လုံးလုံးလျားလျား လျစ်လျူရှုကာ ရူးသွပ်စွာဖြင့် ဆက်လက်၍ မေးမြန်းနေကြဆဲပင်။ မြင်ကွင်းတစ်ခုလုံးသည် ဟင်းသီးဟင်းရွက် စျေးတစ်ခုကဲ့သို့ ဆူညံပွက်လောရိုက်နေသည်။
ထိုလူများ၏ တုံ့ပြန်မှုများကို မြင်တွေ့ရသော်လည်း ယဲ့ပိုင်သည် မည်သည့်အရာကိုမျှ မခံစားရသေးချေ။ ဤလူများသည် လူသိများသော ရှေးဟောင်းသုတေသနပညာရှင်များ ဖြစ်သော်လည်း အငယ်ဆုံးလူမှာ အသက်ငါးဆယ်အရွယ်တွင် ရှိနေ၏ပေ။ မည်သို့ပင်ဆိုစေကာမူ သူတို့သည် နောက်ဆုံးတွင်မူ သာမန်လူများသာဖြစ်ပြီး ထူးဆန်းသော ကစားစရာများကို မြင်တွေ့ရသည့် ကလေးတစ်စုကဲ့သို့ အခြေခံအကျဆုံး စိတ်အခြေအနေကိုပင် မထိန်းသိမ်းနိုင်ကြပေ။ ယခုချိန်၌ ဤသည်က သော့တစ်ချောင်းမျှသာ ဖြစ်သေးသည်။ အကယ်၍ ယဲ့ပိုင်သာ ထိုတံခါးကို ဖွင့်လိုက်ပြီး အထဲ၌ ဖုံးကွယ်ထားသော အရာများကို သူတို့ မြင်လိုက်ရလျှင် ယခုထက်ပို၍ ရူးသွပ်သွားနိုင်သည်မဟုတ်လော...
.တစ်ချိန်တည်းမှာပင် အီဂျစ်နိုင်ငံရှိ ထိုလျှို့ဝှက်ဆန်းကြယ်သော အိမ်တော်တွင်....
လက်ရှိဖာရိုဘုရင်နှင့်ခူးဖူတို့သည် အိမ်တော်အတွင်း၌ မတ်တတ်ရပ်နေကြဆဲပင်။ သို့ရာတွင် လက်ရှိဖာရိုဘုရင်၏မျက်နှာအမူအယာသည် အလွန်ပျက်ယွင်းနေပုံရပေ၏။
"ဘိုးဘေး... သူက ကီလိုမီတာ ၇၀၀၀ ကျော် အကွာအဝေးကို ချက်ချင်းဖြတ်ကျော်ပြီးတော့ တရုတ်နိုင်ငံကနေ အီဂျစ်ကို တိုက်ရိုက်ရောက်လာခဲ့တယ်...သူက ရှေးဟောင်းသုတေသန ညီလာခံခန်းမထဲကို ဝင်ရောက်သွားပြီဆိုတဲ့ သတင်းကို ခုဏလေးတင် ကျွန်တော်တို့ရခဲ့ပါတယ်..."
ဤသို့ပြောဆိုလိုက်ချိန်တွင် ဖာရိုဘုရင်၏အသံ၌ ဇဝေဇဝါဖြစ်နေမှုများ ရောယှက်နေသည်။
ခူးဖူ၏မျက်လုံးထဲတွင် အေးစက်သော အလင်းတန်းတစ်တန်း လင်းလက်သွားပြီး ပြောဆိုသည်။
"နှစ်ပေါင်း ၅၀၀၀ တောင် ရှိပြီ... သူ့ရဲ့ အစီအစဉ်က ငါတို့ထက်တောင် ပိုပြီးပြီးပြည့်စုံနေတယ်... ဒါပေမဲ့ နောက်ဆုံး အဆုံးအဖြတ်ပွဲမှာ ဘယ်သူနိုင်ပြီး ဘယ်သူရှုံးမလဲဆိုတာ မသေချာသေးဘူး..."
"ဘိုးဘေး... ဒါက ဘာကို ဆိုလိုတာလဲ..."
ဖာရိုဘုရင် အနည်းငယ် အံ့အားသင့်သွားသည်။
ခူးဖူ၏အသံမှာ အေးစက်နေပြီး ပြောဆိုလိုက်၏။
"အစီအစဉ်အတိုင်းပဲ ဆက်လုပ်... တခြားကိစ္စတွေကို ဂရုမစိုက်နဲ့..."
"ဟုတ်ကဲ့ပါ..."
ဖာရိုဘုရင်က ခေါင်းညိတ်ပြပြီး ထပ်မံ၍ မမေးမြန်းဝံ့တော့ချေ။
ဖာရိုဘုရင် ထွက်သွားပြီးနောက်...
ခူးဖူက တိုးညှင်းသော အသံဖြင့် ရေရွတ်လိုက်သည်။
"လွန်ခဲ့တဲ့ နှစ်ပေါင်း၅၀၀၀ ကတည်းက ငါ အဲ့ဒါကို ရခဲ့တယ်... ဒါပေမဲ့ နှစ်ပေါင်းများစွာ ကြာတဲ့အထိ အဲ့ဒီလျှို့ဝှက်ချက်ကို တစ်ခါမှ မဖြေရှင်းနိုင်ခဲ့ဘူး... ဒါပေမဲ့ အရှင်... အရှင်ကရော အဲ့ဒါကို ဖြေရှင်းနိုင်မလား... ထာဝရအသက်ဆိုတာက တကယ်ကို ရူးသွပ်စရာပဲ..."
ထိုသို့ပြောဆိုပြီးနောက် ခူးဖူ၏ခန္ဓာကိုယ်သည် ထိုနေရာမှ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားလေ၏။