ကြောက်ရွံ့မှု
Vol. 14 Ch. 146
ပိရမစ်၏အနီးတွင်....
ရှေးဟောင်းသုတေသန ကျွမ်းကျင်ပညာရှင်များနှင့် တရားဝင်ဝန်ထမ်းများသည် အချင်းချင်း လမ်းမဖယ်ပေးဘဲ ကျဥ်းထဲကျပ်ထဲအခြေအနေတွင် ရှိနေဆဲပင်။
သို့ရာတွင် အချိန်များ ကုန်လွန်လာသည်နှင့်အမျှ အီဂျစ်ဘက်မှ လုံးဝအသာစီးရနေကြောင်း သိသာထင်ရှားသည်။
မည်သို့ပင်ဆိုစေကာမူ ဤနေရာသည် သူတို့၏နေရာပင်။
"ဟေး... မင်းတို့ နှစ်ယောက်... ရှေ့ကို ဆက်သွားဖို့ ဘယ်သူက ပြောထားလို့လဲ..."
အရာရှိတစ်ယောက်က ရှေးဟောင်းသုတေသန ကျွမ်းကျင်ပညာရှင်များအတွက် လုံခြုံရေးဝန်ထမ်းများကို စတင်၍ စီစဉ်ပေးနေချိန်တွင် ယဲ့ပိုင်နှင့်ခူးဖူတို့က ပိရမစ်၏ကျောက်တုံးများပေါ်သို့ တက်လှမ်းနေပြီး ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ရန် အသင့်ဖြစ်နေသည်ကို တိုက်ဆိုင်စွာ မြင်တွေ့လိုက်ရသည်။
သူထံ၌ ချက်ချင်းဆိုသလိုပင် ဒေါသများဖြင့် ပြည့်နှက်သွားတော့သည်။
သို့သော် ယဲ့ပိုင်နှင့်ခူးဖူတို့ နှစ်ဦးလုံးက သူ့ကို လျစ်လျူရှုထားကြ၏။
"သောက်ချေးပဲ... ဒီကောင်နှစ်ကောင်ကတော့..."
လုံခြုံရေးအရာရှိက သူတို့နှစ်ဦး မည်သူမည်ဝါဖြစ်ကြောင်းကို မသိရှိသဖြင့် တိုးညှင်းသော အသံဖြင့်သာ ကျိန်ဆဲနိုင်သည်။
ဤသည်ကို မြင်တွေ့ချိန်၌ အနီးအနားရှိ ရှေးဟောင်းသုတေသနပညာရှင်များ၏ မျက်လုံးများ တောက်ပသွားပြီး သူတို့သည် ချက်ချင်းဆိုသလိုပင် စတင်၍ အော်ဟစ်လိုက်ကြသည်။
"သူတို့ရဲ့နောက်ကိုကျတော့ လုံခြုံရေး အစောင့်တွေက ဘာလို့ မလိုက်တာလဲ..."
အမေရိကန် ရှေးဟောင်းသုတေသနပညာရှင်တစ်ဦး၏အသံတွင် သရော်တော်တော်အရိပ်အယောင် အနည်းငယ်ရောယှက်နေသည်။
တရုတ် ရှေးဟောင်းသုတေသန ကျွမ်းကျင်ပညာရှင်တစ်ဦးက ကျယ်လောင်သော အသံဖြင့် အော်ဟစ်လိုက်သည်။
"ဟေး... သူတို့ကို ဘာလို့ မတားတာလဲ..."
"ခုဏက ခင်ဗျား ပြောတော့ ဒီစစ်ဆင်ရေးက အီဂျစ်အတွက် အရေးကြီးပြီးတော့ အရာအားလုံးက အီဂျစ်ရဲ့အစီအစဉ်တွေကို လိုက်နာရမယ်ဆို... အခုကြည့်ရတာတော့ အဲ့ဒီလို မဟုတ်သလိုပဲ... တကယ်လို့ သူတို့က ဆန္ဒရှိသလို လုပ်နေတာကို ခင်ဗျားတို့က သင်ခန်းစာ မပေးဘူးဆိုရင် ကျွန်တော်တို့အတွက်လည်း ဘာလုံခြုံရေးဝန်ထမ်းမှ မလိုအပ်တော့ဘူး..."
ဂျပန်ကျွမ်းကျင်ပညာရှင်တစ်ဦးက တမင်သက်သက် ပြဿနာရှာလိုက်၏။
"ဟေး... လူကြီးမင်း... အဲ့ဒီနှစ်ယောက်က ခင်ဗျားရဲ့အခွင့်အာဏာကို ရန်စနေပုံရတယ်..."
အီဂျစ်၏ဒေသခံ ရှေးဟောင်းသုတေသန ကျွမ်းကျင်ပညာရှင်တစ်ဦးက ပြောဆိုလိုက်သည်။
"ဒီကောင်နှစ်ကောင်ကတော့... အခု မင်းတို့ ဘာလုပ်မလဲဆိုတာကို ငါ ကြည့်ချင်တယ်..."
ဤအချိန်အခိုက်အတန့်တွင် ဟုမ်းစ်က လူအုပ်ကြား၌ မတ်တပ်ရပ်နေပြီး ဤရှေးဟောင်းသုတေသနပညာရှင်များ၏ တုံ့ပြန်မှုကို သူ အလွန်စိတ်ကျေနပ်နေသည်။
လုံခြုံရေးအရာရှိကမူ ဤစကားများကို ကြားလိုက်ရချိန်တွင် သူ၏မျက်နှာတပြင်လုံး စိမ်းဖန့်သွားလေ၏။
သူ၏စိတ်ထဲတွင် ဒေါသလှိုင်းလုံးတစ်ခု အရူးအမူး ဆူပွက်လာခဲ့သည်။
ချောက်...
နောက်ထပ်အချိန်တခဏတွင် သူသည် ခါးတွင် ချိတ်ဆွဲထားသော ပစ္စတိုကို တိုက်ရိုက်ထုတ်ယူလိုက်ပြီး ပိရမစ်အောက်တွင် မတ်တပ်ရပ်ကာ ယဲ့ပိုင်နှင့်ခူးဖူတို့ကို ချိန်ရွယ်ပြီး အော်ဟစ်လိုက်သည်။
"မင်းတို့ နှစ်ယောက်... မင်းတို့က ဘယ်သူတွေလဲဆိုတာ ငါ ဂရုမစိုက်ဘူး... ဒါပေမဲ့ အခုကစပြီးတော့ အဲ့ဒီနေရာမှာ ချက်ချင်းရပ်ပြီး ငါ့ရဲ့ အစီအစဉ်ကို လက်ခံလိုက်စမ်း... ဒါမှမဟုတ်ရင် ယဉ်ကျေးမှု အမွေအနှစ်တွေကို ဖျက်ဆီးမှုနဲ့ မင်းတို့ကို ငါ တိုက်ရိုက်ပစ်သတ်လိုက်မယ်..."
ကျယ်လောင်သော အသံကြီးက ပတ်ဝန်းကျင်နေရာတဝိုက်တွင် ပဲ့တင်ထပ်သွားပေ၏။
ယဲ့ပိုင်သည် ထိုစကားများကို ကြားလိုက်သော်လည်း လျစ်လျူရှုထားဆဲပင်။
ခူးဖူ၏မျက်လုံးများထဲတွင် အေးစက်စက် အလင်းတန်းတစ်တန်း ဖြတ်ပြေးသွားသည်။
ဤပိရမစ်ကို တစ်ချိန်က သူ ရှာဖွေတွေ့ရှိခဲ့သော သူတစ်ယောက်က ဖန်တီးခဲ့ခြင်းပင်။ သို့ရာတွင် ယနေ့ သူ ဝင်လာချိန်တွင် ဤနေရာ၏ပိုင်ရှင်ဖြစ်သော သူကိုယ်တိုင်က တခြားသူများ၏ ခြိမ်းခြောက်မှုကို ခံနေရပေ၏။ ဤခံစားချက်မှာ သူ့အတွက် အမှန်တကယ်ကို ထူးဆန်းနေသည်။
ခူးဖူက တစ်စုံတစ်ခုကို ပြောချင်နေခဲ့သည်။
သို့သော် ယဲ့ပိုင်၏ ဂရုမစိုက်တတ်သော အမူအယာကို မြင်တွေ့ပြီးနောက် သူက ရွှေရောင်တောင်ဝှေးကိုသာ ဆုပ်ကိုင်ထားလိုက်ပြီး ဖြည်းညင်းစွာဖြင့် ဆက်လက်၍ လျှောက်လှမ်းသွားလေ၏။
"ငါ့ရဲ့စကားတွေကို မင်းတို့က လျစ်လျူရှုတာလား..."
အောက်ဘက်တွင် အရာရှိ၏မျက်နှာသည် ပို၍ စိမ်းဖန့်လာပြီး သူ၏အသံ အနည်းငယ် အက်ရှရှဖြစ်နေသည်။ တခြားသူများ၏ လျစ်လျူရှုခြင်းအား ခံရသည့် ခံစားချက်မှာ သူ့အတွက် အမှန်တကယ်ကို စိတ်မသက်မသာ ဖြစ်စေသည်။
ဟုမ်းစ်နှင့် ရှေးဟောင်းသုတေသနပညာရှင်တချို့၏ မျက်နှာများပေါ်တွင် အပြုံးတစ်ခု ထင်ဟပ်လာပြီး ယဲ့ပိုင်၏ကျဆုံးမှုကို တွေ့မြင်လိုကြ၏။
ထို့ပြင် သူတို့သည် စောင့်ကြည့်နေရုံသာမက သရော်တော်တော်စကားများကလည်း အဆက်မပြတ် ထွက်ပေါ်နေခဲ့သည်။
"မင်း မပစ်ရဲဘူးလား..."
အရာရှိ၏နံဘေးတွင် ရပ်နေသော ရှေးဟောင်းသုတေသန ကျွမ်းကျင်ပညာရှင်တစ်ဦးက တမင်သက်သက် မေးမြန်းလိုက်သည်။
ထို့နောက် တစ်စုံတစ်ယောက်က အေးစက်သော အသံဖြင့် ဖြေကြားလိုက်သည်။
"သူ မတိကျမှာကို ကြောက်ပြီးတော့ ပိရမစ်ကို သွားမှန်မှာစိုးလို့ နေမှာပေါ့... အဲ့ဒီအချိန်ကျရင် ယဉ်ကျေးမှု အမွေအနှစ်တွေကို ဖျက်ဆီးတဲ့ ကြီးလေးတဲ့ ပြစ်မှု ဖြစ်သွားလိမ့်မယ်... တကယ်ကို ရယ်စရာကောင်းတာပဲ..."
"ခုဏက ခင်ဗျား ဘာတွေ ပြောနေခဲ့တာလဲ... ကျွန်တော်တို့က အီဂျစ်ရဲ့တောင်းဆိုချက်တွေကို လိုက်နာရမယ်လို့ ပြောခဲ့တယ်လေ... အခုတော့ စည်းမျဉ်းတွေကို မလိုက်နာတဲ့ လူတချို့ ရှိနေပေမယ့် သူတို့က အဆင်ပြေနေတုန်းပဲလား..."
ဟုမ်းစ်က သူ၏လက်များကို ရင်ဘတ်ပေါ်တွင် တင်ထားလိုက်သည်။ သူသည် အသက်အရွယ် ကြီးရင့်နေကြောင်း ထင်ရှားသော်လည်း ဤစကားကို အားအင်အပြည့်ဖြင့် ပြောဆိုလိုက်၏။
ဤအသံများက အရာရှိကို အဆက်မပြတ် လှုံ့ဆော်ပေးနေခဲ့သည်။
ဒိုင်း...
ယဲ့ပိုင်နှင့် ခူးဖူတို့ ဝင်ပေါက်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း မြင်တွေ့မိချိန်၌ ထိုအရာရှိသည် သည်းမခံနိုင်တော့ချေ။
ပစ္စတိုကိုကိုင်ဆောင်ထားသော သူ၏လက် ပြင်းပြင်းထန်ထန် တုန်ရီနေသည်။
သူ၏လက်ညှိုးဖြင့် မောင်းခလုတ်ကို ဆွဲလိုက်ချိန်တွင် သူ၏မျက်လုံးများ နီမြန်းသွားသည်။
ကျယ်လောင်ပြီး ကြည်လင်ပြတ်သားသော အသံကြီးက ပိရမစ်တဝိုက်တွင် ပဲ့တင်ထပ်သွားပေ၏။
ရွှီး...
အနက်ရောင်ကျည်ဆန်တစ်တောင့်က လေထုထဲတွင် လျင်မြန်စွာ လည်ပတ်သွားပြီး လေတိုးသံတစ်သံကို ဖြစ်ပေါ်စေခဲ့သည်။
ထိုအသံ ထွက်ပေါ်လာပြီးနောက် ပတ်ဝန်းကျင်နေရာတဝိုက်လုံး အလွန်အမင်း တိတ်ဆိတ်သွားသည်။
ထိုရှေးဟောင်းသုတေသန ကျွမ်းကျင်ပညာရှင်များအားလုံး၏မျက်လုံးများ ပြူးကျယ်သွားကြသည်။ အစောပိုင်းက သူတို့သည် စကားအရာသက်သက် ပြောဆိုရုံသာ ဖြစ်ပေ၏။ မည်သို့ပင်ဆိုစေကာမူ ပါမောက္ခယဲ့ပိုင်၏နာမည်မှာ တစ်ကမ္ဘာလုံးတွင် အလွန်နာမည်ကြီးသည်။ အကယ်၍ သူသာ အမှန်တကယ် သေဆုံးသွားပါက ဤသည်က ရှေးဟောင်းသုတေသနလောကတွင် အကြီးမားဆုံး ဆုံးရှုံးမှုတစ်ခု ဖြစ်သွားပေလိမ့်မည်။ သို့သော် လုံခြုံရေးအရာရှိက အမှန်တကယ် ပစ်ခတ်လိမ့်မည်ဟု သူတို့ မျှော်လင့်မထားခဲ့ကြချေ။
တခြားလုံခြုံရေးဝန်ထမ်းများသည်လည်း အံ့အားသင့်သွားကြ၏။
ရှေးဟောင်းသုတေသန ကျွမ်းကျင်ပညာရှင်များကို ပစ်ခတ်ခြင်း...
ဤဖြစ်ရပ်သာ ပျံ့နှံ့သွားပါက အကျိုးဆက်များမှာ ဆိုးရွားသွားပေလိမ့်မည်။
မီတာထောင်ပေါင်းများစွာ အကွာအဝေးတွင် ရှိနေသော ကြည့်ရှုသူ လူအုပ်ကြီးကလည်း သေနတ်သံများကို ကြားလိုက်ရပြီး သူတို့ အားလုံး နေရာတွင်ပင် ကြက်သေသေသွားကြသည်။
သို့ရာတွင်...
ပိရမစ်အောက်ရှိ တိတ်ဆိတ်မှုသည် အချိန်ကြာမြင့်စွာ မတည်တံ့ခဲ့ချေ။
ကျည်ဆန်ပျံ့လွင့်လာပြီးနောက် သူတို့အားလုံးသည် စက္ကန့်ပိုင်းအတွင်း အသိဝင်လာကြ၏။ သူတို့၏ရှေ့မှ အခြေအနေကို မြင်တွေ့ပြီးနောက် သူတို့၏မျက်လုံးများတွင် ကြောက်ရွံ့မှုများဖြင့် တဖြည်းဖြည်း ပြည့်နှက်သွားခဲ့သည်။
သေနတ်ကိုင်ဆောင်ထားသော လုံခြုံရေးအရာရှိသည် ပို၍ပင် အံ့အားသင့်သွားပြီး သူ၏ မျက်လုံးများ သွေးရောင်နီမြန်းနေကာ သူ၏ မျက်လုံးအိမ်များ ပေါက်ထွက်မတတ် ဖြစ်နေပြီး သူ၏အသံ တုန်ရီနေသည်။
"ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ... မမှန်ဘူးလား... မဟုတ်ဘူး... ကျည်ဆန်က လေထဲမှာတင် ရပ်တန့်သွားတာလား..."
အမှန်တကယ်ကိုပင်....
သူတို့၏အမြင်အာရုံအတွင်းတွင် အနက်ရောင် ကျည်ဆန်သည် ယဲ့ပိုင်နှင့် တစ်မီတာပင် မဝေးတော့သည့် အကွာအဝေး၌ ရပ်တန့်သွားခဲ့သည်။
အံ့အားသင့်သွားသူမှာ ထိုအရာရှိ တစ်ယောက်တည်း မဟုတ်ချေ။
ပိရမစ်အောက်ရှိ ရှေးဟောင်းသုတေသနပညာရှင်များလည်း ကြက်သေသေသွားကြသည်။
ယနေ့ တစ်ရက်တည်းမှာပင် သူတို့ မြင်တွေ့ခဲ့ရသည့်အရာများမှာ အလွန်များပြားလွန်းနေပြီး ယုံကြည်နိုင်စရာ မရှိချေ။
"သာမန်လူ မဟုတ်ဘူး... သူက တကယ်ကို သာမန်လူ မဟုတ်ဘူး..."
"ညီလာခံခန်းမထဲမှာ ရှိနေတုန်းကတည်းက ငါ မြင်နိုင်ခဲ့တယ်..."
"ဒီကမ္ဘာမှာ သဘာဝလွန် စွမ်းအားရှင်ဆိုတာ တကယ်ကြီး ရှိနေတာလား...ဒါက ငါတို့ တစ်ခါမှ မထိတွေ့ဖူးတဲ့ ကမ္ဘာတစ်ခုလား..."
"ဒီကမ္ဘာမှာ အံ့ဖွယ်အရာတွေ မရှိဘူးလို့ ပြောလို့မရဘူး...ဒီပိရမစ်ကို တည်ဆောက်ထားတာနဲ့ အတူတူပဲ... အဲ့ဒါက ကမ္ဘာကြီးရဲ့လျှို့ဝှက်ချက်တစ်ခုထက် ပိုနေတယ်... အရင်က ငါတို့ကို ရှုပ်ထွေးအောင်လုပ်ဖို့ သိပ္ပံပညာဆိုတာ ရှိခဲ့တယ်... ဒါပေမဲ့ အခုတော့ လူတိုင်းက သူတို့ရဲ့ စိတ်ကူးတွေကို ပြောင်းလဲသင့်ပြီလို့ ငါ ထင်တယ်..."
သူတို့သည် ပြူးကျယ်နေသော မျက်လုံးများဖြင့် စူးစိုက်၍ကြည့်နေကြပြီး ဤစကားလုံးများက သူတို့၏ပါးစပ်များမှ လွှတ်ခနဲ ထွက်ပေါ်လာခဲ့သည်။
သူတို့၏နဖူးပေါ်တွင် ချွေးစေးများပင် ရှိနေပေ၏။
ယဲ့ပိုင်နှင့်ခူးဖူတို့ကို ကြည့်ရှုနေချိန်တွင် သူတို့၏စိတ်နှလုံးများတွင် ထိတ်လန့်ကြောက်ရွံ့မှုများ တဖြည်းဖြည်း လွှမ်းမိုးလာသည်။
ဒိုင်း... ဒိုင်း... ဒိုင်း...
အခင်းဖြစ်ပွားရာ နေရာရှိ အခြေအနေ အလွန် ထူးဆန်းနေချိန်၌ ကြောက်ရွံ့မှုကြောင့်လော သို့မဟုတ် စိတ်မွန်းကြပ်မှုကြောင့်လော မသိရဘဲ လုံခြုံရေးအရာရှိက မောင်းခလုတ်ပေါ်ရှိ သူ၏လက်ညှိုးကို ထပ်မံ၍ ဆွဲလိုက်သည်။
ဤတစ်ကြိမ်တွင်မူ အဆက်မပြတ် ပစ်ခတ်မှုများ ရှိနေခဲ့သည်။
ရုတ်တရက် ကျည်ဆန်အမြောက်အများ ထွက်ပေါ်လာသည်။
အဝေးတစ်နေရာတွင် ကြည့်ရှုသူများနှင့် သတင်းထောက်များသည် သေနတ်သံများ အဆက်မပြတ် ထွက်ပေါ်လာသည်ကို ကြားပြီးနောက် စပ်စုချင်စိတ်များ ပေါက်ဖွားလာကြ၏။
တခြားတစ်ဖက်တွင်...
ရွက်ဖျင်တဲထဲမှ ထွက်လာသော ဆိုက်ဆီက သေနတ်သံများကို ကြားပြီးနောက် မှန်ပြောင်းတစ်လက်ကို ချက်ချင်းထုတ်ယူလိုက်သည်။ သူက ရွက်ဖျင်တဲ၏တံခါးဝတွင် မတ်တပ်ရပ်ပြီး သေနတ်သံများ ထွက်ပေါ်လာသော နေရာသို့ ကြည့်ရှုလိုက်သည်။
အခြေအနေကို ရှင်းလင်းစွာ မြင်တွေ့ပြီးနောက် ဆိုက်ဆီ၏မျက်နှာ ချက်ချင်းဆိုသလိုပင် ဖြူဖတ်ဖြူရော်သွားတော့သည်။
သူ၏နဖူးပေါ်တွင် ချွေးပေါက်ကြီးများ ရှိနေပေ၏။
"အဲ့ဒီငတုံးတွေကတော့..."
သူက အော်ဟစ်ပြီး ပိရမစ်ဆီသို့ ချက်ချင်းအပြေးသွားလေသည်။
သူ့ထံ၌ ကိုယ်ပိုင် အစီအစဉ်တချို့ ရှိနေသော်လည်း ဖာရိုဘုရင်ကို ဤကဲ့သို့ ဗြောင်ကျကျ တိုက်ခိုက်ခြင်းမှာ အဆုံးစွန်ထိ ဆိုးရွားကြောင်းကို သူ၏ခြေချောင်းများနှင့်ပင် စဉ်းစား၍ ရနိုင်သည်။ အကယ်၍ တစ်စုံတစ်ရာ ဖြစ်ပွားခဲ့ပါက သူသည် အဆိုးရွားဆုံးသော လက်စားချေမှုကို ခံရပေလိမ့်မည်။