← Chapters

သွေးစွန်းခြင်း

Vol. 14 Ch. 147

သွေးစွန်းခြင်း

Vol. 14 Ch. 147

ခူးဖူပိရမစ်...

ပိတ်ဆို့ထားသည့် နေရာကို ကျော်လွန်၍ အလွန် ဝေးကွာသော နေရာတွင်....

သတင်းထောက် တစ်စုက စွမ်းအားမြင့် မှန်ဘီလူးမှတဆင့် ထိုမြင်ကွင်းကို ကြည့်ရှုနေကြ၏။

သို့သော် အကွာအဝေးမှာ အလွန်ဝေးကွာလွန်းပြီး ကီလိုမီတာတော်တော်များများ ကွာဝေးနေသည်။

ထို့ကြောင့် ဤသည်မှာ ကျည်ဆန်များ ဖြစ်ကြောင်း သူတို့ မသိရှိဘဲ အမည်းစက်တချို့ကိုသာ ဝိုးတဝါး မြင်တွေ့မိသည်။

သေချာသည်မှာ ဤအချက်က သူတို့၏ စိတ်ကူးယဉ်မှုများကို မထိခိုက်စေခဲ့ချေ။

"ချစ်လှစွာသော ပရိသတ်ကြီးရှင်... ခုဏလေးတင် ပိရမစ်ဆီကနေ အရမ်းရှင်းလင်းပြတ်သားတဲ့ သေနတ်သံတစ်သံကို ကျွန်မ ကြားလိုက်ရပါတယ်... ခုဏကတော့ အီဂျစ်ဘက်က ကျွန်မတို့ကို ဗီဒီယို ရိုက်ကူးဖို့ အထဲကို ဝင်ခွင့်မပေးခဲ့ပါဘူး... အခုတော့ ပိရမစ်ထဲမှာ ကြောက်မက်ဖွယ်ကောင်းတဲ့ တစ်စုံတစ်ခု ရှိနေတယ်လို့ ကျွန်မ သံသယဖြစ်မိတယ်..."

အမေရိကန် သတင်းထောက်မလေးက ကင်မရာကို မျက်နှာမူကာ စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုလိုက်သည်။

"သေနတ်သံတွေလား..."

"အိုး ဘုရားရေ... ပိရမစ်ကို တစ်ယောက်ယောက်က ပစ်ခတ်လိုက်တာလား..."

"သူတို့က အသက် မရှင်ချင်တော့ဘူးလား..."

"အဲ့ဒါက အစစ်လား အတုလား..."

ဤစူးစမ်းရှာဖွေမှုကို ကြည့်ရှုနေကြသော ကြည့်ရှုသူတချို့သည် သတင်းထောက်၏အသံကို ကြားပြီးနောက် သူတို့အားလုံး အံ့အားသင့်သွားကြ၏။

မကြာမီမှာပင် "သေနတ်ပစ်ခတ်မှုဖြစ်စဉ်" မှာ ကမ္ဘာတဝှမ်းလုံးတွင် ဆူညံ့ပွက်လောရိုက်လာခဲ့သည်။

မည်သည့်ကိစ္စများ ဖြစ်ပျက်ခဲ့သည်ကို မရေမတွက်နိုင်သော လူများက ခန့်မှန်းနေကြသည်။

...

ယဲ့ပိုင်နှင့်ခူးဖူတို့၏ခြေလှမ်းများ အနည်းငယ် ရပ်တန့်သွားကြသည်။

သေနတ်ဖြင့် ပစ်ခတ်ခဲ့သော လုံခြုံရေးအရာရှိထံတွင် မည်သည့်အရှိန်အဝါမျှ မရှိတော့ချေ။ သူ ထိုနေရာတွင် မတ်တပ်ရပ်နေချိန်၌ သူ၏ ခြေထောက်များ ပြင်းထန်စွာ တုန်ရီနေပေ၏။

"ကျည်ဆန်တွေအားလုံးက ရပ်တန့်သွားတာလား... ဒါက သူတို့ရဲ့ စွမ်းအားလား... ဒါမှမဟုတ် ပိရမစ်ရဲ့ စွမ်းအားလား..."

ဤကဲ့သို့ ကိစ္စမျိုးက သူ၏အသိအမြင်များကို လုံးလုံးလျားလျား ပျက်စီးသွားစေခဲ့သည်။

အနီးအနားရှိ ရှေးဟောင်းသုတေသနပညာရှင်များသည်လည်း သူနှင့် များစွာကွာခြားခြင်းမရှိချေ။

"ကျွန်တော်တို့ ပြဿနာအကြီးကြီး တက်နေပြီလို့ ထင်တယ်..."

အမေရိကန် ရှေးဟောင်းသုတေသနပညာရှင်တစ်ဦးက ထိုသို့ပြောဆိုရင်း သူ၏တံတွေးများကို အဆက်မပြတ် မျိုချနေပေ၏။

သူ၏နံဘေးတွင် မတ်တတ်ရပ်နေသူမှာ ဗြိတိန် ရှေးဟောင်းသုတေသနပညာရှင်တစ်ဦးပင်။ သူသည် အလွန်အသက်အရွယ် ကြီးရင့်နေပြီး ကောက်ကွေးသော ဆံပင်ဖြူများ ရှိနေကာ ဤအချိန်အခိုက်အတန့်တွင် သူ၏ခန္ဓာကိုယ်မှာ အလွန်အားနည်းနေပုံရသည်။

"အဲ့ဒီလူက ပါမောက္ခယဲ့ ဟုတ်ဟုတ်မဟုတ်ဟုတ် အနည်းဆုံးတော့ အချက်တစ်ချက်ကို အခု သက်သေပြနိုင်ပြီ... သူ့မှာ ပိရမစ်ကို ဖွင့်နိုင်တဲ့စွမ်းရည် တကယ်ကြီး ရှိနေတယ်... ဘာကြောင့်လဲဆိုတော့ ကျည်ဆန်တွေတောင် သူ့ကို ဒဏ်ရာမရစေနိုင်ဘူးဆိုတော့ ဒါက သိပ္ပံနည်းကျ အခြေခံသဘောတရားတွေကို လုံးဝဆန့်ကျင်နေတယ်..."

"ခင်ဗျားတို့ သတိထားမိလားဆိုတာတော့ ကျွန်တော် မသိဘူး... အစကတည်းက ရှေးဟောင်းအဝတ်အစားတွေ ဝတ်ဆင်ထားတဲ့ အဲ့ဒီကောင်လေးက အရမ်းထူးဆန်းနေခဲ့တယ်... ဒီနေ့ ညီလာခံခန်းမထဲမှာ ရှိနေကတည်းက သူက အရမ်းတည်ငြိမ်နေတယ်... ကျွန်တော်တို့ ဘာပဲပြောပြော သူက ဂရုမစိုက်တတ်တဲ့ပုံစံမျိုး ရှိနေပြီးတော့ ကျွန်တော်တို့က သူ့ကို နည်းနည်းလေးတောင် လှုပ်ခတ်သွားအောင် မလုပ်နိုင်ခဲ့ဘူး... သူ့ကို လုံးဝထွင်းဖောက်ကြည့်လို့ မရဘူးလို့ ကျွန်တော် ခံစားမိတယ်... သူ့ရဲ့မျက်လုံးတွေက အနက်ရောင် တွင်းနက်ကြီးတစ်ခုလို နက်နဲနေတယ်..."

ရှေးဟောင်းသုတေသနပညာရှင်တစ်ဦးက တည်ကြည်လေးနက်သော အမူအယာဖြင့် ပြောဆိုလိုက်၏။

တခြားရှေးဟောင်းသုတေသန ကျွမ်းကျင်ပညာရှင်တစ်ဦးက သူ၏ခေါင်းကို အနည်းငယ် ခါယမ်းပြီး ဖြေကြားလိုက်သည်။

"အဲ့ဒါက ထင်ယောင်ထင်မှား ဖြစ်တာ မဟုတ်ဘူး... အမှန်တရားပဲ... ကျွန်တော့်ရဲ့ဘဝမှာ လူပေါင်း မရေမတွက်နိုင်အောင် တွေ့ဖူးတယ်... ရိုးရိုးသားသား ပြောရရင် သူလို လူငယ်လေးမျိုးကို ပထမဆုံးအကြိမ် မြင်ဖူးတာပဲ... သူ မတ်တတ်ရပ်နေတာပဲဖြစ်ဖြစ် ထိုင်နေတာပဲဖြစ်ဖြစ် ဒါမှမဟုတ် လမ်းလျှောက်နေတာဖြစ်ဖြစ်....ဘယ်လို အခြေအနေမှာပဲဖြစ်ဖြစ် သူက အထက်တန်းလွှာ အရှိန်အဝါတစ်ရပ်ကို အလိုအလျောက် ထုတ်လွှတ်ထားတယ်... အဲ့ဒီလို စိတ်နေသဘောထားမျိုးက သာမန်လူတွေမှာ သေချာပေါက် ရှိနိုင်တဲ့အရာ မဟုတ်ဘူး... ခုဏက ကျွန်တော်တို့ ပြောခဲ့တဲ့ စကားတွေက တကယ်ကို ရိုးစင်းလွန်းတယ်..."

ဟုမ်းစ်၏မျက်နှာကမူ အစောကတည်းက ဖြူရော်နေခဲ့ပြီး ယခုချိန်၌ ပို၍ပင် ဖြူရော်သွားလေပြီ။

သူသည် သူ၏ခေါင်းကို အနည်းငယ်မော့ထားလိုက်၏။ သူ၏ခန္ဓာကိုယ်အတွင်း၌ အမျိုးအမည်မသိ ကြောက်ရွံ့မှုတစ်ခုကို ခံစားနေရပြီး သူ၏စိတ်နှလုံးသားထဲတွင် ရူးသွပ်မှုများ ပေါက်ဖွားလာကာ အချိန်အခိုက်အတန့် အနည်းငယ်ကြာတိုင်း သူ သတ်ဖြတ်ခံရတော့မည်ဟုပင် ခံစားနေရသည်။

သူ၏စိတ်ထဲတွင် ညီလာခံခန်းမအတွင်းရှိ မြင်ကွင်းက အဆက်မပြတ် ထွက်ပေါ်လာခဲ့သည်။

ယဲ့ပိုင်ကို ကြည့်လိုက်ချိန်တွင် သူသည် ပို၍ကြည့်မိလေလေ ပို၍ထူးဆန်းပြီး ကြောက်မက်ဖွယ်ကောင်းလေလေ ဖြစ်နေကြောင်းခံစားလိုက်ရသည်။ ပတ်ဝန်းကျင်ရှိ လေထုသည် တောင့်တင်းသွားပြီး သူ၏ခန္ဓာကိုယ်သည် အချိန်မရွေး လဲကျသွားတော့မည့်အလား ပို၍အေးစက်လာပေ၏။

"သောက်ချေးပဲ... ရှေ့ဆက်သွားကြစမ်း... မင်းတို့ဘက်မှာ လူတွေအများကြီး ရှိတာပဲ... တကယ်လို့ မင်းတို့ အားလုံးပေါင်းပြီး သူ့ကို ပစ်လိုက်မယ်ဆိုရင် သူ့ကို သေချာပေါက် သတ်နိုင်မှာပဲ..."

ကြောက်ရွံ့မှုကြောင့်လောဟု မသိရဘဲ ဟုမ်းစ်က ဆက်လက်၍ စကားပြောဆိုလိုက်ကာ သူ့ထံ၌ တိုက်ခိုက်လိုစိတ်များ ပြင်းပြနေခဲ့သည်။

ယနေ့တွင် သူ ကိစ္စများစွာကို ပြုလုပ်ခဲ့ကြောင်း အလွန်ကောင်းစွာ နားလည်ထားပေ၏။

အကယ်၍ ထိုအဖြူရောင်ဝတ်စုံဝတ် လူငယ်လေးသာ ဒေါသထွက်သွားပါက သူ သေချာပေါက် သေဆုံးရပေလိမ့်မည်။

ထို့ကြောင့် ဤအချိန်ကို အခွင့်ကောင်းယူကာ အမြန်ဆုံး ပြန်လည်၍ချေပခြင်းက ပို၍ကောင်းမွန်ပေမည်။

ဝမ်းနည်းစရာကောင်းသည်မှာ ယခုချိန်တွင် ဟုမ်းစ် ထိုသို့ပြောဆိုလိုက်သော်လည်း မည်သူကမျှ သူ့ကို ဂရုမစိုက်ကြခြင်းပင်။

အခင်းဖြစ်ပွားရာနေရာရှိ လူများအားလုံးက ခေါင်းမော့ကာ လေထုထဲတွင် မျောလွင့်နေသော ကျည်ဆန်ဆယ်တောင့်ကျော်ကို ကြည့်ရှုလိုက်ကြပြီး သူတို့ထံမှ အံ့အားတသင့်ရေရွတ်သံများ ထွက်ပေါ်လာသည်။

ရွှီး... ရွှီး...

သူတို့၏အမြင်အာရုံထဲတွင် မူလက ရပ်တန့်နေသော ကျည်ဆန်များသည် ပဉ္စလက်ဆန်စွာ လှုပ်ရှားလာပြီး လျှင်မြန်စွာ လည်ပတ်လာခဲ့သည်။

မျက်တောင်တစ်ခတ် အတွင်းမှာပင် ကျည်ဆန်များအားလုံးသည် လေထုကို ပွတ်တိုက်သွားပြီး ကြောက်မက်ဖွယ်ကောင်းသည့် မီးတောက်များကဲ့သို့ နီမြန်းလာပေ၏။

"ပါမောက္ခယဲ့... ဒီလူတွေက တကယ့်ကို သေလမ်းရှာနေကြပုံရတယ်... တကယ်လို့ မင်း မလုပ်ချင်ဘူးဆိုရင် ငါ လုပ်လိုက်မယ်..."

ခူးဖူက သော့ကို ကိုင်ဆောင်ထားပြီး သူ၏ခေါင်းကို မသိမသာ နောက်လှည့်လိုက်ရာ သူ၏မျက်လုံးများ အလွန်အေးစက်တင်းမာနေသည်။

ယဲ့ပိုင်သည် ထိုကိစ္စကို ဂရုမစိုက်ချေ။

သူ၏မျက်လုံးများဖြင့် နက်ရှိုင်းသော ဝင်ပေါက် လမ်းကြောင်းထဲသို့ ကြည့်ရှုလိုက်၏။

အတွင်းဘက်တွင် အလင်းရောင်မရှိဘဲ လုံးလုံးလျားလျား မှောင်မည်းနေသည်။

သို့သော် ယဲ့ပိုင်၏အကြည့်သည် အတွင်းဘက်ရှိ အရာအားလုံးကို လွယ်လင့်တကူ ထွင်းဖောက် မြင်နိုင်စွမ်း ရှိနေပုံရသည်။

"သေသင့်တဲ့သူတချို့ကိုပဲ သတ်လိုက်ပါ... တခြားသူတွေက အသုံးဝင်တယ်..."

ထိုစကား အဆုံးသတ်သွားပြီးနောက် သူသည် လက်များကို နောက်ပစ်ထားကာ ရှေ့ရှိ လမ်းကြောင်းထံသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းသွားသည်။

"ကောင်းပြီ..."

ခူးဖူက ခေါင်းညိတ်လိုက်၏။

နှစ်ပေါင်းငါးထောင်သက်တမ်းရှိသော မိစ္ဆာကြီး၏စိတ်အတွင်းရှိ သတ်ဖြတ်လိုစိတ်များသည် အချိန်တခဏအတွင်း ထိန်းချုပ်၍မရအောင် ပွင့်အံ့ထွက်လာခဲ့သည်။

သူသည် နှစ်ပေါင်းငါးထောင်တိုင်တိုင် အသက်ရှင်နေထိုင်ခဲ့သော်လည်း စိတ်ခံစားမှုအပိုင်းတွင်မူ ယဲ့ပိုင်နှင့် များစွာကွာခြားနေဆဲပင်။

စကားလုံးတချို့ကြောင့် သူ ဒေါသထွက်လာနိုင်သေးသည့်အပြင် လူများကိုလည်း တိုက်ရိုက် သတ်ဖြတ်နိုင်သည်။

ယဲ့ပိုင် ရှေ့ဆက်၍ လျှောက်လှမ်းသွားသည်ကို မြင်တွေ့ပြီးနောက် ခူးဖူက ဖြည်းညင်းစွာ နောက်လှည့်လိုက်၏။

ရွှီး...

သူသည် မတ်မတ်ရပ်နေကာ သူ၏အေးစက်သောမျက်လုံးများက သေနတ်ဖြင့် ပစ်ခတ်ခဲ့သော လုံခြုံရေးအရာရှိကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်သည်။

ထိုလုံခြုံရေးအရာရှိ၏ခြေထောက်များသည် လေထဲတွင် လွင့်မျောနေသော သစ်ရွက်တစ်ရွက်အလား တုန်ရီနေပေ၏။

ထိုအကြည့်ကို ခံစားလိုက်ရပြီးနောက် သူသည် အဆိပ်ပြင်းသော မြွေတစ်ကောင်၏ စိုက်ကြည့်ခြင်းကို ခံနေရပြီး ထိုမြွေက သူ၏တည်နေရာကို ချိတ်ပိတ်ထားပြီးဖြစ်သည့်အလား ထင်မှတ်ရသည်။

"အဲ့ဒါက... အဲ့ဒါက... ကျွန်တော်... ကျွန်တော် တမင်သက်သက် ပစ်တာ မဟုတ်ပါဘူး... ကျွန်တော်..."

သူသည် အသည်းအသန် ရှင်းပြလိုခဲ့သည်။

သို့ရာတွင် ဤသည်မှာ အသုံးမဝင်တော့ချေ။

အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော ခူးဖူက သူ၏လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်သည်အား သူ မြင်တွေ့လိုက်ရသည်။

ရွှီး... ရွှီး...

ထိုကျည်ဆန်များက လေထဲတွင် စတင်၍ လည်ပတ်လာခဲ့ပေ၏။ ထို့နောက် ထိုသတ္တုအစိုင်အခဲများသည် လေထုနှင့် ပွတ်တိုက်မိကာ နီမြန်းလာပြီး အရာရှိ၏ခေါင်းအတွင်းသို့ ချက်ချင်းဝင်ရောက်သွားသည်။

ဝုန်း....

လုံခြုံရေးအရာရှိ၏ခေါင်း ပေါက်ကွဲသွားကာသွေးများ ပန်းထွက်လာသည်။

ပိရမစ်အောက်တွင် အနီရောင် အဖြူရောင်နှင့် အဝါရောင်အရည်များ နေရာအနှံ့အပြားသို့ လွင့်စင်သွားတော့သည်။

"တပ်မှူး..."

ပတ်ဝန်းကျင်ရှိ လုံခြုံရေးဝန်ထမ်းများသည် ဤမြင်ကွင်းကို မြင်တွေ့မိချိန်၌ သူတို့၏မျက်နှာများ ဖြူရော်သွားကြသည်။

"ဒါက မယုံကြည်နိုင်လောက်တဲ့ စွမ်းအားပဲ..."

"သေသွားပြီလား... တကယ် သေသွားပြီလား...အဲ့ဒီကောင်က သာမန်လူ မဟုတ်ဘူး... အီဂျစ်ရဲ့ အဆင့်မြင့် အရာရှိ တစ်ယောက်ပဲ... ကိစ္စက ကြီးသွားပြီ...ဒီတစ်ကြိမ်တော့ တကယ့်ကို ပြဿနာ ကြီးသွားပြီ..."

ဟုမ်းစ်၏ဘောင်းဘီတစ်ထည်လုံး စိုရွှဲနေပြီး သူသည် အဆက်မပြတ် တီးတိုးရေရွတ်နေပေ၏။ သူသည် အလွန်အသက်အရွယ် ကြီးရင့်နေပြီ ဖြစ်သော်လည်း သူ အသက်ရှင်ရသည်ကို မတင်းတိမ်နိုင်သေးချေ။ အစောပိုင်းက ထိုကျည်ဆန်များ နောက်ပြန်ပစ်ခတ်ခံရချိန်တွင် သူသည် သေဆုံးရတော့မည့်အလား ခံစားချက်တစ်ခုကို ရရှိခဲ့သည်။ သူ၏ဘဝတသက်တာလုံးတွင် ထိုခံစားချက်ကို ဘယ်တော့မှ မေ့နိုင်မည် မဟုတ်တော့ချေ။ သူသည် ကြောက်ရွံ့နေခဲ့ပြီးသူ ဤနေရာမှ အသက်ရှင်ရက် ထွက်သွားနိုင်ခြင်းရှိမည်မရှိမည်ကို သူ ခန့်မှန်းနေဆဲပင်။

"ပိရမစ် စူးစမ်းရှာဖွေမှုက စတင်နေပြီ... အီဂျစ် အရာရှိတစ်ယောက်ဖြစ်ရင်တောင်မှ ပြဿနာရှာဖို့ အရည်အချင်း မပြည့်မီဘူး..."

လုံခြုံရေးအရာရှိကို သတ်ဖြတ်ပြီးနောက် ခူးဖူသည် အနည်းငယ် တည်ငြိမ်သွားပေ၏။ သူ၏ စူးရှပြီး နက်ရှိုင်းသော အကြည့်က ရှေးဟောင်းသုတေသန ကျွမ်းကျင်ပညာရှင်များနှင့် လုံခြုံရေးဝန်ထမ်းများထံသို့ လျင်မြန်စွာ ဖြတ်သန်းသွားပြီးနောက် သူက ခံ့ညားထည်ဝါသောအသံဖြင့် ပြောဆိုလိုက်သည်။

ထိုသို့ပြောဆိုပြီးနောက် သူသည် လူများအားလုံးကို အာရုံစိုက်ခြင်း မပြုတော့ချေ။

ထို့နောက် သူက နောက်သို့ပြန်လှည့်ကာ လမ်းကြောင်းထံသို့ လျှောက်လှမ်းသွားပြီး ယဲ့ပိုင်၏နောက်မှ ထပ်ချပ်မကွာ လိုက်ပါသွားသည်။

ဤအခိုက်အတန့်တွင် ခူးဖူသည် လူသတ်ခြင်းထက် ဖော်ထုတ်ခံရတော့မည့် လျှို့ဝှက်ချက်ကိုသာ ပို၍မျှော်လင့်စောင့်စားနေခဲ့သည်။

ထိုလျှို့ဝှက်ချက်အတွက် သူသည် သူ၏ အသက်နှင့်ပင် လောင်းကြေးထပ်ထားခဲ့ပေ၏။

All Chapters