ဒဏ္ဍာရီ
Vol. 14 Ch. 149
ယဲ့ပိုင်နှင့်ခူးဖူတို့က ရှေ့ဆုံးမှ လျှောက်လှမ်းနေကြ၏။
ဤနေရာရှိ အလင်းရောင်သည် အလွန်မှိန်ပျနေသော်လည်း သူတို့အတွက်မူ မည်သည့် အတားအဆီးမျှ မရှိဘဲ အသေးစိတ် အချက်အလက်များကို ရှင်းလင်းပြတ်သားစွာ မြင်တွေ့နိုင်သည်။
နံရံ၏ဘေးတစ်ဖက်တစ်ချက်စီတွင် ထူးဆန်းပြီး ရှေးကျသော ပုံစံအမျိုးမျိုးကို ထွင်းထုထားပေ၏။
အမည်မသိသားရဲပုံစံများ ရှိနေကာ ကြောက်မက်ဖွယ်ကောင်းသော မျက်နှာများ၏ ပုံတူများ ရှိနေသည်။
အသိအမှတ် မပြုနိုင်သော ထူးဆန်းသည့် အက္ခရာများ ရှိနေကာ နှစ်ထောင်ပေါင်းများစွာအကြာက ခြောက်သွေ့နေခဲ့သော သွေးကွက်များစွာပင် ရှိနေပေ၏။
ခူးဖူက ယဲ့ပိုင်၏နောက်သို့ ထပ်ချပ်မကွာ လိုက်ပါလာသည်။ ဤရင်းနှီးသော မြင်ကွင်းများကို ကြည့်ရှုလိုက်ချိန်တွင် အဖြူရောင် အဝတ်ဖြင့် ဖုံးအုပ်ထားသော သူ၏ မျက်လုံးသူငယ်အိမ်များ ပို၍ပို၍နက်ရှိုင်းလာခဲ့ပြီး သူက မနေနိုင်တော့ဘဲ မေးမြန်းလိုက်သည်။
"ပါမောက္ခယဲ့... အစတုန်းက မင်း အီဂျစ်ကနေ ထွက်ခွာသွားချိန်မှာ ဒီလျှို့ဝှက်ချက်ကို ရှာဖွေဖို့အတွက်..... နောက်ပိုင်းကျမှ ဒီပိရမစ်ကို တည်ဆောက်ဖို့ တစ်ယောက်ယောက်ကို ငါက တိတ်တိတ်လေး ရှာဖွေခဲ့တယ်... သဘောတရားအရပြောရရင် ဒီအကြောင်းကို မင်းက အရမ်းရှင်းရှင်းလင်းလင်း သိနေသင့်တယ်... ဒါပေမဲ့ နောက်ပိုင်းမှာ မင်းက ဘာလို့ ငါ့ဆီကို မလာခဲ့တာလဲ..."
ယဲ့ပိုင်က နားထောင်ပြီးနောက် မည်သည့်စကားမျှ မပြောချေ။
ဤကမ္ဘာပေါ်တွင် အရာအားလုံးထံ၌ ကိုယ်ပိုင် ဥပဒေသများရှိသည်။
ယဲ့ပိုင်သည် ထိုအရာအားလုံးကို ရှင်းရှင်းလင်းလင်း ထွင်းဖောက်တွေ့မြင်ခဲ့ပြီး ဖြစ်သည်။
မည်သည်ကြောင့် ထိုအရာကို သူ မရှာဖွေနိုင်ဘဲ နေမည်နည်း...
ဖြစ်နိုင်သည်မှာ သူသည် ယခင်ကတည်းက ထိုကိစ္စကို သိရှိခဲ့ခြင်းကြောင့် ဖြစ်နိုင်သည့်အပြင်....
ဖြစ်နိုင်သည်ကို ထိုကိစ္စကို အာရုံစိုက်ရန် သူ စိတ်အနှောင့်အယှက် မဖြစ်လိုခဲ့ခြင်းကြောင့်လည်း ဖြစ်နိုင်သည်။
ခူးဖူ၏အသံက ဆက်လက်၍ ထွက်ပေါ်လာသည်။
"ငါ မင်းရဲ့ကျေးကျွန် ဖြစ်လာကတည်းက မင်းက လျှို့ဝှက်ချက်တစ်ခုကို ရှာဖွေနေခဲ့တယ်ဆိုတာကို ငါ သိခဲ့တယ်... ဟုတ်တယ်... နောက်ပိုင်းမှာ အဲ့ဒီလျှို့ဝှက်ချက်ထဲက တချို့ကို မတော်တဆ ငါ ရှာဖွေတွေ့ရှိခဲ့ပြီးတော့ ဒီနေရာမှာ ဖုံးကွယ်ထားခဲ့တယ်..."
"အင်း..."
ယဲ့ပိုင်က ခေါင်းအနည်းငယ် ညိတ်လိုက်၏။
ခူးဖူက သက်ပြင်းချလိုက်သည်။
"ဒါပေမဲ့ အချိန်ကာလတစ်ခု အကြာမှာ မင်း ရောက်လာခဲ့တာကို ငါ မြင်တွေ့ခဲ့ရတယ်... ပြီးတော့ ဒီပိရမစ်ထဲမှာ 'သန့်ရှင်းသော မြောက်အရပ်' ဆိုတဲ့ စကားလုံးကို ထွင်းထုထားခဲ့တယ်... အဲ့ဒီအချိန်တုန်းက ပါမောက္ခယဲ့... မင်း ဘာလို့ အဲ့ဒီအရာကို ယူမသွားခဲ့တာလဲ..."
ခူးဖူ ထိုသို့ ပြောဆိုလိုက်ချိန်တွင် သူ၏ ခြေလှမ်းများ အနည်းငယ် နှေးကွေးသွားပေ၏။
ထို့နောက် သူက နံဘေးသို့လှည့်ကာ ယဲ့ပိုင်ကို ကြည့်ရှုလိုက်ပြီး ဤနောက်ဆုံးနှစ်များအတွင်း သူ၏စိတ်ထဲတွင် မြှုပ်နှံထားသော သံသယတချို့ကို သူ နားလည်သဘောပေါက်လိုခဲ့သည်။
သူသည် နှစ်ပေါင်းငါးထောင်တိုင်တိုင် အသက်ရှင် နေထိုင်ခဲ့ပေ၏။
သူသည် အနည်းငယ်မျှ မမိုက်မဲချေ။
သူ၏နံဘေးရှိ လူငယ်လေး၏ ကြောက်မက်ဖွယ် ကောင်းပုံကို သူ အလွန်ရှင်းရှင်းလင်းလင်း သိရှိထားသည်။ သို့ရာတွင် ထိုကောင်လေးဆိုက်ဆီနှင့်တူညီစွာ သူ၏နောက်ဆုံးသက်တမ်းကို အသုံးပြု၍ လောင်းကြေးထပ်ချင်နေရုံပင်။
အကယ်၍ သူသာ အနိုင်ရခဲ့ပါက သူသည် အမှန်တကယ်ကို ထာဝရ အသက်ရှင်နိုင်ပေလိမ့်မည်။
အကယ်၍ သူသာ ရှုံးနိမ့်သွားပါက သူ၏လူများအားလုံး အပါအဝင် အရာအားလုံး အမြစ်ပြတ်သုတ်သင်ခြင်း ခံရပေလိမ့်မည်။
"တိတိကျကျ ပြောရရင် ဒီပိရမစ်ကို ငါ သုံးကြိမ် လာခဲ့ဖူးတယ်... ဘာကြောင့် အဲ့ဒါကို ငါ မယူခဲ့တာလဲဆိုတော့ အချိန်မတန်သေးလို့ပဲ..."
ယဲ့ပိုင်က တည်ငြိမ်စွာ တုံ့ပြန်အဖြေပေးလိုက်၏။ ဤအဖြေမှာ အလွန်ဝေဝါးနေပုံရသည်။
သို့သော် ဤသည်က ခူးဖူကို ယုတ္တိရှိသည်ဟု ခံစားရသည်။
အမှန်တကယ်ကိုပင်....
ယဲ့ပိုင်၏စွမ်းအားဖြင့် အကယ်၍ သူသာ လိုချင်ပါက ဤကမ္ဘာပေါ်တွင် မည်သည့်အရာကိုမျှ မရနိုင်ဘဲ နေမည်နည်း...
အကယ်၍ ရှိခဲ့လျှင်လည်း သူ မလိုချင်ခဲ့၍သာ ဖြစ်ပေမည်။
"ဒါက အမှန်ပဲ... ပါမောက္ခယဲ့... ငါက အရမ်းအတွေးလွန်ခဲ့ပုံရတယ်... နှစ်ပေါင်းငါးထောင်ကြာတဲ့အထိ မင်းကို အဲ့ဒီပစ္စည်း ပေးသင့်မပေးသင့်ဆိုတာကို ငါ စဉ်းစားနေခဲ့တယ်... အခုမှပဲ ရွေးချယ်မှုတစ်ခုကို ငါ ပြုလုပ်နိုင်ခဲ့တယ်..."
ခူးဖူက ညင်သာစွာ သက်ပြင်းချလိုက်၏။
သူတို့နှစ်ဦး စကားပြောဆိုနေစဉ်မှာပင် သာမန်လူများကို စိတ်ရှုပ်ထွေးစေရန် အသုံးပြုသော လှိုဏ်ဂူများကို ဖြတ်သန်းသွားကြပြီး မှောင်မည်းနေသော လမ်းကြောင်းများကိုလည်း ဖြတ်ကျော်သွားကြသည်။
နောက်ဆုံးတွင် သူတို့နှစ်ဦးလုံး ကြီးမားသော သတ္တုနံရံတစ်ခု၏ဘေးတွင် ရပ်တန့်သွားသည်။
နောက်မှလိုက်ပါလာသော ရှေးဟောင်းသုတေသနပညာရှင်များသည်လည်း အလွန်လျှင်မြန်ကြ၏။ ယဲ့ပိုင် ရပ်တန့်သည်မှာ အချိန်သုံးစက္ကန့် မပြည့်သေးမီမှာပင် သူတို့အားလုံး နောက်မှလိုက်ပါလာကြသည်။
"အဲ့ဒီနေရာကိုကို မြန်မြန်ကြည့်ကြစမ်း... အဲ့ဒါက အီဂျစ်ဘက်က ပြောခဲ့တဲ့ သတ္တုနံရံပဲ... တကယ်ကို မယုံကြည်နိုင်စရာပဲ... ဒီနေရာက အရမ်းမှောင်မည်းနေတယ်... အဲ့ဒီအရာက ဘယ်နှစ်နှစ်လောက်ထိ ပိတ်လှောင်ခံထားရလဲဆိုတာ ကျွန်တော် မသိဘူး... ဒါပေမဲ့ ရွှေရောင် အလင်းတန်းတစ်တန်း ဖြာထွက်နေပြီးတော့ အခုထိ တောက်ပနေတုန်းပဲ..."
ယခင်က ဤနေရာသို့ ရောက်ဖူးသော ရှေးဟောင်းသုတေသန ကျွမ်းကျင်ပညာရှင်တစ်ဦးက စိတ်လှုပ်ရှားစွာဖြင့် အံ့အားတသင့် ရေရွတ်လိုက်သည်။
သူတို့၏ရှေ့တွင် အလျားနှစ်မီတာကျော်နှင့် အနံ ငါးမီတာကျော်ရှိသော သတ္တုနံရံတစ်ခု ရှိနေသည်။
ထိုနံရံကို ပိရမစ်၏ ထူထဲသော ကျောက်တုံးများထဲတွင် နက်ရှိုင်းစွာ မြှုပ်နှံထားပြီး ချိုးဖျက်၍မရနိုင်ချေ။
ထိုနံရံပေါ်တွင် ထူးဆန်းသော အက္ခရာများ ရှိနေ၏။ အချိန်တိုင်းတွင် ထိုအက္ခရာများထဲ၌ လည်ပတ်နေသော ရွှေရောင်အလင်းတန်းတစ်တန်း ရှိနေပြီး ဘယ်သောအခါမှ ရပ်တန့်မသွားချေ။
ထိုသတ္တုနံရံသည် အလွန်ရှေးကျနေပုံရသော်လည်း သိပ္ပံစိတ်ကူးယဉ်ဆန်သော ခံစားချက်တစ်ခု ပေးစွမ်းနိုင်သည်။
"အို... ဘုရားသခင်... အံ့ဖွယ်အရာပဲ...ဒါက ဘုရားသခင် ဖန်ဆင်းထားတဲ့ အံ့ဖွယ်အရာပဲ... အရင်က ပိရမစ်ကို ဂြိုဟ်သားတွေက ဖန်တီးထားတယ်လို့ တချို့လူတွေက သံသယဖြစ်ခဲ့ကြတာ အံ့အားသင့်စရာ မဟုတ်တော့ဘူး... တကယ်လို့ ဒီမြင်ကွင်းကို ရိုက်ကူးပြီး ဗီဒီယိုအနေနဲ့ ထုတ်ပြန်လိုက်မယ်ဆိုရင် မရေမတွက်နိုင်အောင် များပြားတဲ့ လူတွေက အဲ့ဒါကို ဂြိုဟ်သားနည်းပညာလို့ ထင်ကြလိမ့်မယ် မဟုတ်လား..."
အမေရိကန် ပညာရှင်တစ်ဦးထံမှ အံ့အားတသင့်ရေရွတ်သံများ အဆက်မပြတ် ထွက်ပေါ်လာသည်။ သူ၏မျက်လုံးထဲရှိ ထိတ်လန့်ကြောက်ရွံ့မှုများသည် အံ့အားသင့်မှုများအဖြစ် ပြောင်းလဲသွားပြီး သူ၏အသံသည် ကျယ်လောင်လှ၏။
အနီးအနားတွင်ရှိနေသော လူတစ်ယောက်က ချက်ချင်းထောက်ခံလိုက်သည်။
"ဟုတ်တယ်... တကယ်လို့ ကျွန်တော်ကိုယ်တိုင် ဒီနေရာကို မလာခဲ့ဘူးဆိုရင် ခုလိုအရာမျိုး ဒီကမ္ဘာပေါ်မှာ ရှိနေသေးတယ်ဆိုတာကို ဘယ်တော့မှ ယုံကြည်မှာ မဟုတ်ဘူး... ဒါပေမဲ့ ဤသတ္တုနံရံရဲ့အတွင်းထဲမှာ ဘာတွေရှိနေလဲဆိုတာကို ကျွန်တော်က ပိုပြီးသိချင်မိတယ်..."
ဟုမ်းစ်၏မျက်လုံးများသည်လည်း အလွန်အမင်း ပူပြင်းစူးရှနေပေ၏။
သို့ရာတွင် သူသည် တခြား ရှေးဟောင်းသုတေသနပညာရှင်များနှင့် ကွာခြားနေသည်။
သူက နောက်မှလိုက်ပါလာပြီး ယဲ့ပိုင်နှင့်ခူးဖူတို့၏ ကျောပြင်များကို မြင်တွေ့မိချိန်၌ သူ၏ မျက်လုံးများ အလွန်အမင်း နက်ရှိုင်းနေခဲ့သည်။
သူ၏ခန္ဓာကိုယ်တစ်ခုလုံး လူအုပ်ကြားထဲတွင် ပုန်းကွယ်နေပြီး သူသည် တစ်စုံတစ်ခုကို စောင့်ဆိုင်းနေသည့်အလားပင်။
ဤနေရာ၌ အလွန်အမင်း ဖရိုဖရဲဖြစ်နေပြီး ရှေးဟောင်းသုတေသနပညာရှင်များအပြင် မကြာမီအချိန်တွင် နောက်မှလိုက်ပါလာသော လုံခြုံရေးဝန်ထမ်းများလည်း အံ့အားသင့်သွားကြ၏။ သူတို့သည် အသိဝင်လာပြီးနောက် နံရံကို ကြည့်ရှုကာ သူတို့ထံမှ အံ့အားတသင့်ရေရွတ်သံများ အဆက်မပြတ် ထွက်ပေါ်လာခဲ့သည်။
ယဲ့ပိုင်က သတ္တုနံရံ၏ရှေ့တွင် မတ်တတ်ရပ်နေသည်။
သူ၏အမူအယာကို အကဲခတ်၍မရနိုင်ဘဲ အနောက်ဘက်ရှိ ဖရိုဖရဲအသံများ ဆက်လက် ၍ ထွက်ပေါ်နေစဉ်တွင် သူ၏ အတွေးများ တဖြည်းဖြည်း မျောလွင့်သွားတော့သည်။
လွန်ခဲ့သော နှစ်ပေါင်းကိုးသောင်းခန့်က....
အဖြူရောင်ဝတ်စုံဝတ် လူငယ်တစ်ဦးက အပျက်အစီးများပေါ်သို့ တက်လှမ်းသွားပေ၏။
ထိုနေ့တွင် လေပြင်းများ တိုက်ခတ်နေခဲ့ကာ....
ကြီးမားသော နေမင်းကြီး ထွန်းလင်းနေပြီး ထိုအရာမှ ထွက်ပေါ်လာသော အလင်းတန်းများ အားလုံး သွေးကဲ့သို့ နီမြန်းနေသည်။
ထိုအလင်းတန်းများသည် အပျက်အစီးများကြားတွင် ပြန့်ကျဲနေပြီး ထိုနေရာရှိ မြင်ကွင်းကို အလွန်စိတ်ဓာတ်ကျစရာ ကောင်းနေစေသည်။
သံသရာစက်ဝန်းထဲ၌ လည်ပတ်နေသော ကွယ်လွန်သူများ ပျောက်ကွယ်သွားခဲ့ပေ၏။
မိုးကောင်းကင်ယံအပြည့်ရှိနေသော နတ်ဘုရားများနှင့်ဗုဒ္ဓများသည် အကြောင်းအရင်း တစ်စုံတစ်ရာကြောင့် ညတွင်းချင်း ပျောက်ကွယ်သွားခဲ့ကြသည်။
ထိုလူငယ်လေးသည် အပျက်အစီးများကြားတွင် မတ်တတ်ရပ်နေကာ လဲကျနေသော ကြီးမားသည့် သတ္တုတံခါးကြီးတစ်ခုပေါ်သို့ သူ၏ခြေထောတစ်ဖက်ကို တင်ထားလေ၏။
ထိုတံခါးသည် တစ်ချိန်က နာမည်ကြီးခဲ့သော တောင်ဘက်ကောင်းကင်တံခါးပင်။ ယဲ့ပိုင်၏ မှတ်ဉာဏ်ထဲတွင် ထိုအရာ၌ နောက်ထပ် အမည်တစ်ခု ရှိသေးသည်။
အချိန်တံခါး....
အကယ်၍ သာမန်လူများသည် နတ်ဘုရားများ ဖြစ်လိုပါက ဘေးအန္တရာယ်များစွာကို ကျော်ဖြတ်ပြီးနောက် အချိန်တံခါးကို ဖြတ်ကျော်ကာ ကောင်းကင်ဘုံသို့ ဝင်ရောက်နိုင်သည်။ ထို့နောက် သူတို့သည် ကောင်းကင်ဘုံ၌ တစ်ရက်နှင့် မြေပြင်ပေါ်တွင် တစ်နှစ်ဟူသော အချိန်အချိုးအစားကို ရရှိနိုင်သည်။
ဝမ်းနည်းစရာကောင်းသည်မှာ လူအများစုသည် နှစ်ကာလများကို မဖြတ်ကျော်နိုင်ခဲ့ကြချေ။
ထာဝရသက်တမ်းကို ရရှိပြီဟု ခံစားခဲ့ရသော နတ်ဘုရားများပင်လျှင် သေဆုံးခဲ့ကြရပြီး သူတို့၏အရိုးများကို မည်သည့်နေရာတွင် မြှုပ်နှံထားကြောင်း မသိရှိရချေ။ သူတို့နှင့် ပတ်သက်သော လုပ်ရပ်များသည် ပြောင်းလဲ၍ မှတ်တမ်းတင်ခံခဲ့ရပြီး အဆုံးမဲ့လည်ပတ်နေသော နှစ်ကာလများအတွင်း မမှတ်မိနိုင်လောက်အောင် ပြောင်းလဲသွားခဲ့ပေ၏။
ခေတ်သစ်ကာလတွင် ထိုအသိပညာများသည် ပို၍ပင်ရှုပ်ထွေးပြီး ဝေဝါးသွားခဲ့သည်။
အမည်အချို့နှင့် ကမ္ဘာကြီးကို တုန်လှုပ်စေလောက်သော ကိစ္စတချို့သာလျှင် တာအိုသုံးပါး နွီဝါးနှင့် တခြားသူများကဲ့သို့ စစ်မှန်မှု ရှိနေပေ၏။ သေချာသည်မှာ ထိုအရာများပင်လျှင် ယဲ့ပိုင်ကနှစ်ကာလများအတွင်း သူ၏ အလိုအလျောက် ဖြည့်စွက်မှုများနှင့် ပြုပြင်မွမ်းမံမှုများသာ ဖြစ်သည်။
"ခူးဖူ... ဒီတံခါးရဲ့ နာမည်ကို မင်း သိလား..."
ယဲ့ပိုင်က ပြန်လည်ကောင်းမွန်လာရန် အချိန်အတော်ကြာ ယူခဲ့ရပေ၏။
သူ၏နံဘေးတွင် ရပ်နားထားသော ခူးဖူကို ကြည့်ရှုရင်း သူက ညင်သာစွာ မေးမြန်းလိုက်သည်။
ခူးဖူက အချိန်တခဏကြာမျှ ရပ်တန့်သွားပြီးနောက် အဖြေပေးလိုက်သည်။
"ပါမောက္ခယဲ့... အစတုန်းက ဒီတံခါးကို မင်း ငါ့ကို ပေးခဲ့တယ်... အနာဂတ်မှာ အများကြီး အသုံးဝင်လိမ့်မယ်လို့ ပြောခဲ့တယ်လေ... နာမည်နဲ့ ပတ်သက်ပြီးတော့ အဲ့ဒါက ဘာလဲဆိုတာကို ကျွန်တော် မသိဘူး... ဒါပေမဲ့ အဲ့ဒါက သေချာပေါက် သာမန်အရာ မဟုတ်ဘူး..."
"အဲ့ဒါကို အချိန်တံခါးလို့ ခေါ်တယ်... အဲ့ဒါက ဒဏ္ဍာရီခေတ်ကနေ ဆင်းသက်လာတာ... သော့က မင်းလက်ထဲမှာ ရှိတယ်... မင်း ဖွင့်လိုက်ပါ..." ယဲ့ပိုင်က ညင်သာစွာ ပြောဆိုလိုက်၏။
ဤသည်က တံခါးတစ်ချပ်မျှသာ ဖြစ်သည်။
သူ့ကို အနည်းငယ် ဆွဲဆောင်နေသည့်အရာမှာ တံခါး၏အနောက်ဘက်တွင် ရှိနေသည်။ ဤသည်က ခူးဖူကို နှစ်ပေါင်းငါးထောင်တိုင်တိုင် အသက်ရှင်စေခဲ့သော အရာများ ဖြစ်သော်လည်း သူသည် ထိုအရာကို ကြိုတင်ခန့်မှန်း၍ မရနိုင်ခဲ့ချေ။