အခန်း (၈၁-၈၂)
Vol. 9 Ch. 81-82
အခန်း။ ၈၁
ဝုန်းးး
မျက်တောင်တစ်ခတ်အတွင်းမှာပင် ကမ္ဘာလောကကြီးက အကြီးအကျယ် ပြောင်းလဲသွားတော့သည်။
ပတ်ဝန်းကျင်တစ်ခုလုံး အမှောင်ထုအတိ ဖုံးလွှမ်းသွားကာ ညကောင်းကင်ယံ၌ ထွန်းလင်းနေသော လမင်းသာမက ကြယ်တာရာတို့သည်လည်း ပျောက်ကွယ်သွားရရုံမက တောင်တန်းနှင့် မြစ်ချောင်းတို့ပင် လုံးဝ မရှိတော့ပေ။ ချန်ကျီရှင်း ရပ်တန့်နေသော နေရာသည် ဤကမ္ဘာလောကကြီးမှ သီးသန့် ခွဲထုတ်ခံလိုက်ရသည့်အလား ထင်မှတ်ရပြီး မြင်သမျှအရာအားလုံးမှာ ဟင်းလင်းပြင်အာကာသအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
ထိုစဉ် အရပ်မျက်နှာအသီးသီးမှ သြဇာညောင်းလှသော အသံတစ်သံက တစ်ပြိုင်နက်တည်း ထွက်ပေါ်လာ၏။
"ငါက ဓားတာအိုကို သုံးရာစုနှစ်တိုင်တိုင် အပတ်တကုတ် ကျင့်ကြံခဲ့ရတာ။ ငါ့ဘဝရဲ့ ပထမတစ်ဝက်မှာတော့ အခြေတကျမရှိဘဲ လေလွင့်နေခဲ့ရသလို တိုက်ပွဲတိုင်းမှာလည်း ရှုံးနိမ့်မှုတွေနဲ့ရင်ဆိုင်ခဲ့ရဖူးတယ်။
အဲဒီတုန်းက လောကကြီးက ငါ့ကို ဘယ်လို ကဲ့ရဲ့ခဲ့ကြသလဲ မှတ်မိသေးလား။ 'ဒီကောင်ကတော့ ဒီဘဝမှာ နတ်ဘုရားခရီးသွားနယ်ပယ်ထက် ပိုပြီး ဘယ်တော့မှ မတက်နိုင်တော့ဘူး' တဲ့။
"ဒါပေမဲ့ ငါက တောင်တန်းမြစ်ချောင်း အသွယ်သွယ်ကို ဖြတ်သန်းခဲ့ပြီး တောနက်ထဲက ငှက်ကလေးတွေကို ကြည့်ရင်းနဲ့မှ အသိဉာဏ်ပွင့်ခဲ့ရတယ်။ အဲဒီနောက်မှာတော့ ငါ့ကို ပိတ်လှောင်ထားတဲ့ သံခြေကျင်းတွေကို ရိုက်ချိုးပြီး တစ်ရက်တည်းနဲ့ စစ်မှန်သော အနှစ်သာရနယ်ပယ်ထဲကို ဝင်ရောက်နိုင်ခဲ့သလို ဓမ္မပုံရိပ် လှောင်အိမ်ထဲက ငှက်ကိုလည်း ထုတ်ဖော်နိုင်ခဲ့တယ်"
"အဲဒီအချိန်ကစပြီး ငါက ဘယ်တော့မှ ထပ်ပြီး အရှုံးမပေးခဲ့ရဘူး"
ထိုဟင်းလင်းပြင်ကြီး၏ အလယ်၌ ချန်ကျီရှင်းသည် လေးနက်စွာ ခေါင်းညိတ်လိုက်မိသည်။ အသက်သုံးရာတွင် စစ်မှန်သော အနှစ်သာရနယ်ပယ်သို့ ရောက်ရှိခြင်းမှာ အမှန်တကယ်ပင် ချီးကျူးထိုက်လှသည်။
"ဓား... ထွက်ပေါ်လာစမ်း"
ထိုအသံနှင့်အတူ ပြင်းထန်သော ဟိန်းဟောက်သံကြီး ပေါ်ထွက်လာတော့သည်။
ဝုန်းးးးး
ခဏချင်းမှာပင် ကျယ်ပြောလှသော ဟင်းလင်းပြင်ထဲ၌ တောက်ပလှသော ဓားအလင်းတန်းကိုးခုသည် ကောင်းကင်နှင့် မြေကြီးကို ဖြတ်သန်းကာ နဂါးငွေ့တန်းတစ်ခု ပြောင်းပြန်စီးဆင်းလာသကဲ့သို့ ပေါ်ထွက်လာတော့သည်။ ထိုဓားအလင်းကိုးခုသည် ပိုက်ကွန်တစ်ခုနှယ် ယှက်
နွယ်သွားပြီး ချန်ကျီရှင်းကို သုတ်သင်ရန် တစ်ပြိုင်နက်တည်း ကျရောက်လာ၏။
ဒိုင်း ဒိုင်း ဒိုင်း
မျက်တောင်တစ်ခတ်အတွင်းမှာပင် ထိုစူးရှတောက်ပပြီး အတုမဲ့လှသော ဓားအလင်းတန်းတို့သည် ချန်ကျီရှင်း၏ ပုံရိပ်ကို ပြင်းထန်စွာ ဝါးမြိုသွားတော့သည်။
တစ်ချိန်တည်းမှာပင်...
ကိုးသွယ်မြစ်တောင်၏ ထိပ်ထက်၌။
"ဟားဟား... ဒီလိုမှပေါ့"
ခမ်းနားထည်ဝါစွာ ဝတ်ဆင်ထားသော သခင်လေးသည် ဤမြင်ကွင်းကို ကြည့်ကာ အားရပါးရ ရယ်မောနေတော့သည်။ အဝေးတစ်နေရာမှ စောင့်ကြည့်နေသော ချိုင်ချင်းချီ၏ မျက်ဝန်း၌မူ အံ့ဩရိပ်တို့ ယှက်သန်းနေ၏။
"လှောင်အိမ်ထဲက ငှက်... ဒီဓမ္မပုံရိပ်က ဓားတာအိုမှာတော့ ထိပ်တန်းအဆင့်လို့ သတ်မှတ်နိုင်တယ်"
ချိုင်ချင်းချီသည် ကျောက်ချန်ရှန်းကို ကြည့်ကာ သူ၏အမြင်၌ လေးစားမှုတို့ တိုးလာခဲ့သည်။ ထို့နောက် ဓားအလင်းတန်းများ ကျရောက်ရာနေရာကို စိုက်ကြည့်ရင်း တိုးညှင်းစွာ ရေရွတ်လိုက်သည်
"အားလုံး ပြီးဆုံးသွားပြီလား..."
ဟင်းလင်းပြင်ထဲတွင်မူ ကျောက်ချန်ရှန်းသည် တည်ငြိမ်သော မျက်နှာပေးဖြင့် ချန်ကျီရှင်းရှိရာသို့ ကြည့်နေ၏။ တစ်ချိန်က ပြင်းထန်ခဲ့သော လွင့်ပျံပန်းမန် ဓားဆန္ဒတို့က တဖြည်းဖြည်းနှင့် အားနည်းကာ ကွယ်ပျောက်သွားသည်ကို သူ ခံစားလိုက်ရသည်။
"မင်းမှာ အသက်ရှင်ခွင့် ရှိနေရဲ့သားနဲ့ ဘာကြောင့် သေလမ်းကို ရှာရတာလဲ"
"ငါ့ကိုတော့ အပြစ်မတင်နဲ့ဦး။ ငါ မင်းကို အခွင့်အရေး ပေးခဲ့ပြီးပြီ။ မင်းရဲ့ ခေါင်းမာမှုကိုသာ မင်း အပြစ်တင်လိုက်စမ်းပါ"
ကျောက်ချန်ရှန်းသည် ခေါင်းကို အသာအယာ ခါယမ်းလိုက်ပြီးလျှင် မန္တန်တံဆိပ်ခတ်၍ သူ၏ ဓမ္မပုံရိပ်ကို ပြန်လည်ရုပ်သိမ်းရန် ပြင်ဆင်လိုက်သည်။ ထို့နောက် ရှေးဟောင်းဓားနတ်ဘုရား၏ ပျံသန်းသည့်ဓားကို သိမ်းဆည်းကာ ဤနေရာမှ ထွက်ခွာ၍ ဟောက်ရီဓားဂိုဏ်းသို့ ပြန်ရန်သာ ရှိတော့၏။
သူသည် ဂိုဏ်းသို့ ပြန်ရောက်သည်နှင့် ဂိုဏ်းချုပ်အား သခင်လေးကို ဤကဲ့သို့ ဆက်လက်
လွှတ်မထားရန် တိုက်တွန်းမည်ဟု စိတ်ထဲမှ တိတ်တဆိတ် ဆုံးဖြတ်လိုက်သည်။
ကလေးကို အလိုလိုက်တာက ဒီကလေးကို သတ်နေတာနဲ့ အတူတူပဲ။
သခင်လေး၏ အပြုအမူများမှာ တစ်နေ့တွင် ဟောက်ရီဓားဂိုဏ်းထံသို့ မည်သို့မျှ ခုခံနိုင်စွမ်းမရှိသော ကပ်ဘေးကြီးကို ဆောင်ကြဉ်းလာမည်မှာ အသေအချာပင်။
သို့သော် ရုတ်တရက် ကျောက်ချန်ရှန်းသည် တစ်ကိုယ်လုံး တောင့်တင်းသွားကာ ခေါင်းကို အမြန်မော့ကြည့်လိုက်မိသည်။ အရှိန်အဟုန်ဖြင့် အားနည်း၍ပျောက်ကွယ်သွားပြီဟု ထင်မှတ်ထားသော ဓားဆန္ဒတို့မှာ လုံးဝဥဿုံ ကွယ်ပျောက်သွားခဲ့ပြီဖြစ်သော်လည်း ၎င်း၏နေရာတွင်မူ...
"မူးးးးးးး"
နားစည်ကွဲမတတ် ကျယ်လောင်လှသော ဟိန်းဟောက်သံကြီးတစ်ခုမှာ ဓားအလင်းတန်းများ ဖုံးလွှမ်းနေသော နေရာမှ ရုတ်တရက် ပဲ့တင်ထပ်လာတော့သည်။
ဝုန်းးး
ဝုန်းးး ဝုန်းးး
တောက်ပလှသော ဓားအလင်းတန်းတို့မှာ ကြီးမားလှသော ခွန်အားတစ်ရပ်၏ ဖိသိပ်ချေမှုန်းခြင်းကို ခံလိုက်ရသည့်အလား ချက်ချင်းပင် တွန့်လိမ်ကာ ကောက်ကွေးသွားပြီးနောက် အပိုင်းပိုင်းအပြတ်ပြတ် ပေါက်ကွဲထွက်ကာ အလင်းစက်များအဖြစ် လွင့်စင်သွားတော့၏။
ထိုအလင်းစက်များကြားမှ အဖြူရောင်ဝတ်ရုံကို ဆင်မြန်းထားပြီး အစွန်းအထင်း အညစ်အကြေး ကင်းစင်လှသော လူရိပ်တစ်ခုမှာ တိတ်ဆိတ်စွာပင် ထွက်ပေါ်လာသည်။ ထိုသူ၏ အရပ်အမောင်းမှာ မြင့်မားထည်ဝါလှပြီး ဆံနွယ်တို့မှာ ရေတံခွန်နှယ် ဖြာကျနေ၏။ သူ၏ ခန္ဓာကိုယ်အနှံ့ရှိ အပ်စိုက်မှတ်ငါးရာတို့မှာ စူးရှသော ကြယ်အလင်းတန်းတို့ကို ထုတ်လွှတ်နေပြီး အရေပြားအောက်တွင် လှပသော ကြယ်တာရာမြေပုံတစ်ခုကို ဖန်တီးထားသည်။
သူ၏ နောက်ကွယ်တွင်မူ ရှေးဟောင်းနွားနတ်ဆိုးကြီးတစ်ကောင်၏ ပုံရိပ်မှာ ကောင်းကင်သို့ ဦးချိုများ ထိုးထွက်နေပြီး မြေပြင်ကို နင်းခြေလျက် ပေါ်ထွက်လာသည်။ ထိုမိစ္ဆာကြီး၏ ခန္ဓာကိုယ်မှာ ရှုပ်ထွေးလှသော မြူထုများအတွင်း ရစ်ပတ်နွယ်နေပြီး သူ၏ မျက်ဝန်းအစုံမှာမူ အေးစက်နက်ရှိုင်းသော အလင်းတန်းတို့ဖြင့် တောက်ပနေ၏။
"ဒါ... ဒါက ဘာကြီးလဲ..."
ကျောက်ချန်ရှန်း၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ တောင့်တင်းအေးစက်သွားပြီး ကျောရိုးထဲအထိ ချမ်းစိမ့်သွားတော့သည်။ သူ တစ်ခွန်းမျှ မပြောနိုင်သေးမီမှာပင်...
ဝုန်းးးးး
နားကွဲမတတ် ကျယ်လောင်လှသော အသံကြီးနှင့်အတူ ထိုလူရိပ်၏ ခြေဖဝါးအောက်မှ ဟင်းလင်းပြင်ကြီးမှာ အစိတ်စိတ်အမွှာမွှာ ပျက်စီးပြိုလဲသွားတော့သည်။ စက္ကန့်ပိုင်းအတွင်းမှာပင် ထိုလူရိပ်သည် ကျောက်ချန်ရှန်း၏ ရှေ့တည့်တည့်သို့ ရောက်ရှိလာ၏။
"အာရုဏ်ဦးအလင်း"
ကျောက်ချန်ရှန်းသည် တုန်လှုပ်ဖွယ်ရာ ကြောက်စိတ်နှင့်အတူ အလျင်အမြန်ပင် တုံ့ပြန်လိုက်ပြီး မြင့်မားလှသော ဓားအလင်းတန်း ရာနှင့်ချီ၍ ထိုလူရိပ်ထံသို့ ခုတ်ပိုင်းလိုက်သည်။
ဝုန်းးးးး
သို့သော် ထိုလူရိပ်မှာမူ လက်သီးတစ်ချက်ကိုသာ ပစ်သွင်းလိုက်ရာ နွားနတ်ဆိုးပုံရိပ် ငါးရာတို့မှာ တစ်ပြိုင်နက်တည်း ဟိန်းဟောက်လိုက်ကြတော့သည်။ ရေတွက်၍မရသော ဓားအလင်းတန်းတို့မှာ ထိုလက်သီးချက်၏အောက်တွင် အပိုင်းပိုင်းအပြတ်ပြတ် ကြေမွသွားရတော့သည်။
နောက်တစ်ခဏ၌ ထိုလူရိပ်သည် ဒုတိယမြောက် လက်သီးချက်ကို ထပ်မံ ပစ်သွင်းလိုက်ပြန်သည်။ ကျောက်ချန်ရှန်း ခုခံရန် အသုံးပြုထားသော နတ်ဘုရားဓားမှာ တိုက်ရိုက် ကြေမွသွားပြီးနောက် လက်သီးချက်သည် ကျောက်ချန်ရှန်း၏ ရင်ဘတ်ပေါ်သို့ တည့်တည့်မတ်မတ် ကျရောက်သွားတော့သည်။
ဂျောက်….
အရိုးအဆစ်များ၊ အသားစများနှင့် ကိုယ်တွင်းအင်္ဂါတို့မှာ တစ်ပြိုင်နက်တည်း ကြေမွပျက်စီးသွားတော့၏။
ကျောက်ချန်ရှန်း၏ ရင်ဘတ်တစ်ခုလုံးမှာ ချက်ချင်းပင် ချိုင့်ဝင်သွားပြီး သူ၏ခန္ဓာကိုယ်မှာ နောက်သို့ လွင့်စင်ကာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားသည်။
ဝုန်းးး
မြေကမ္ဘာကြီးမှာ အပြင်းအထန် လှုပ်ခတ်သွားသည့်အလား ထင်မှတ်ရပြီး ကျောက်ချန်ရှန်း ကျရောက်ခဲ့သော နေရာမှစ၍ အက်ကြောင်းများမှာ ပင့်ကူအိမ်သဏ္ဌာန် ပျံ့နှံ့သွားတော့သည်။ ချန်ကျီရှင်းသည် ခေါင်းကို အသာငုံ့၍ ကျောက်ချန်ရှန်းကို ကြည့်လိုက်ပြီးနောက် ရှေ့သို့ သာသာယာယာပင် တစ်လှမ်းတိုးလိုက်လေ၏။
ရှုးးး
ပေတစ်ထောင်စာမျှရှိသော ဟင်းလင်းပြင်ကြီးမှာ သူ၏ခြေဖဝါးအောက်၌ လက်တစ်ဝါးစာမျှသာ ရှိတော့သည်။ ချန်ကျီရှင်းသည် ကျောက်ချန်ရှန်း၏ ရှေ့မှောက်၌ တည်ငြိမ်စွာ ရပ်တန့်လိုက်၏။ သူ၏နောက်ကွယ်၌မူ ရှုပ်ထွေးလှသော မြူထုများအတွင်း၌ နွားနတ်ဆိုး ငါးရာတို့က ခန့်ညားထည်ဝါစွာ ရပ်တည်နေကြသည်။
"နွားနတ်ဆိုး ငါးရာရဲ့ ခွန်အားကို ခန္ဓာကိုယ်တစ်ခုတည်းမှာ စုစည်းထားတာလား... ဒါမျိုးက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."
ကျောက်ချန်ရှန်း၏ မျက်ဝန်းအစုံ၌ တုန်လှုပ်ခြောက်ခြားမှုတို့ ပြည့်နှက်နေပြီး သူသည် မြေပြင်မှ အားယူ၍ ထရပ်ကာ သူ၏ နတ်ဘုရားဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လျက် နောက်ဆုံးအကြိမ်အဖြစ် ခုတ်ပိုင်းလိုက်ပြန်သည်။
"မဟာယွမ် ပျက်စီးခြင်း ခုတ်ချက်"
ဒေါင်….
ချန်ကျီရှင်းသည် ရှောင်တိမ်းခြင်း အလျဉ်းမရှိဘဲ ထိုဓားချက်ကို သူ၏ ခန္ဓာကိုယ်ဖြင့် တိုက်ရိုက် ခံယူလိုက်သည်။ ပြင်းထန်စွာ ပေါက်ကွဲထွက်လာသော ဓားအရှိန်အဝါတို့ကို ချန်တောက်
ယန် ပေးသနားထားသော နှင်းမွေးဝတ်ရုံက တိတ်ဆိတ်စွာပင် စုပ်ယူပစ်လိုက်တော့၏။
"ဓားသိုင်းကတော့ မဆိုသလောက်လေး ကောင်းပါတယ်။ ဒါပေမဲ့ ခန္ဓာကိုယ်ကတော့ အရမ်း နုနယ်လွန်းနေသေးတယ်"
ချန်ကျီရှင်းသည် တည်ငြိမ်အေးဆေးစွာပင် လက်ကို ဆန့်ထုတ်လိုက်ပြီး ကျောက်ချန်ရှန်း၏ ဦးခေါင်းကို ဆုပ်ကိုင်ကာ သူနှင့် တစ်တန်းတည်းဖြစ်အောင် မြှောက်မလိုက်သည်။
"စစ်မှန်သော အနှစ်သာရ တတိယအဆင့်ရဲ့ စွမ်းအားက ငါထင်ထားတာထက် အများကြီး အားနည်းနေပါလား"
"ငါ အတော်လေး မျှော်လင့်ထားခဲ့တဲ့ ဓားတာအို ဓမ္မပုံရိပ်ကလည်း ဒီလောက်ပါပဲလား"
"အားးးးး"
ကျောက်ချန်ရှန်း၏ မျက်နှာမှာ နာကျင်မှုကြောင့် ရှုံ့မဲ့နေပြီး သူ၏ ဝိညာဉ်အရှိန်အဝါတို့မှာ လက်သီးတစ်ချက်တည်းနှင့်ပင် ကွဲလွင့်သွားခဲ့ရသော်လည်း သူသည် ဓားရိုးကို ဆုပ်ကိုင်ကာ ချန်ကျီရှင်းကို အသည်းအသန် ပြန်လည် ထိုးနှက်နေသေးသည်။
ဝုန်းးးးး
ရွှေရောင်ဝင်းလက်သော နတ်ဘုရားအသိစိတ်တစ်ခုသည် ချန်ကျီရှင်း၏ မျက်ဝန်းမှ ထွက်ပေါ်လာပြီး ဧရာမ တူကြီးတစ်ခုအဖြစ် ပြောင်းလဲကာ ကျောက်ချန်ရှန်း၏ အသိအာရုံပင်လယ်ကို တိုက်ရိုက် ထုနှက်လိုက်သည်။ ကျောက်ချန်ရှန်းသည် ဦးခေါင်းတစ်ခုလုံး ကွဲအက်မတတ် နာကျင်မှုကို ခံစားလိုက်ရပြီး သူ၏ခေါင်းကို လက်နှစ်ဖက်ဖြင့် အုပ်ကာ ဓားရိုးကိုပင် လွှတ်ချလိုက်ရတော့၏။
"မင်းရဲ့ စိတ်ဓာတ်ကတော့ မဆိုးပါဘူး။ ဒါပေမဲ့ နှမြောစရာကောင်းတာက မင်းက လူမှားပြီး အဲ့လူနောက်ကို လိုက်မိနေတာပဲ"
ချန်ကျီရှင်းသည် ခေါင်းကို အသာခါယမ်းလိုက်ပြီး ကျောက်ချန်ရှန်းကို ပေါ့ပါးစွာပင် ဝှေ့ယမ်း၍ လွှင့်ပစ်လိုက်သည်။ ကျောက်ချန်ရှန်းသည် ရှေးဟောင်းသစ်ပင်ကြီး အတော်များများကို ဝင်တိုက်ပြီးနောက်မှသာ မြေပြင်ပေါ်သို့ အားအင်ကုန်ခမ်းစွာ လဲကျသွားတော့သည်။
"သူ့နောက်ကို လိုက်နေတာက မင်းအတွက် အနာဂတ်မရှိနိုင်ဘူး။ ငါ့ဆီကို လာခဲ့ဖို့ စဉ်းစားကြည့်ပါဦး"
ချန်ကျီရှင်းသည် သူ၏လက်ချောင်းကို ခါလိုက်ရာ ဆက်သွယ်ရေး အဆောင်လက်ဖွဲ့တစ်ခုမှာ ကျောက်ချန်ရှန်း၏ ရှေ့မှောက်သို့ ကျရောက်သွားသည်။
ဤအပြောင်းအလဲအားလုံးမှာ မျက်စိတစ်မှိတ်အတွင်း၌ ပြီးဆုံးသွားခြင်းပင်။
ကြည့်ရှုနေသူတို့မှာ မျက်စိပင် ဝေဝါးသွားကြရ၏။ အနိုင်ရတော့မည်ဟု ထင်မှတ်ထားသော ကျောက်ချန်ရှန်းမှာ ယခုအခါ မြေပြင်ပေါ်၌ အသက်အန္တရာယ် မသေချာသော အခြေအနေနှင့် လဲလျောင်းနေရပြီ ဖြစ်သည်။
"ဒါ... ဒါကတော့..."
မျက်တောင်တစ်ခတ်အတွင်းမှာပင် ဆရာကြီး ချိုင်ချင်းချီအပါအဝင် အနီးနားရှိ ဓားကျင့်ကြံသူအားလုံး၏ မျက်နှာထက်၌ ထိတ်လန့်တုန်လှုပ်ဖွယ် အရိပ်အယောင်တို့ အသီးသီး ထင်ဟပ်သွားတော့သည်။
"အသုံးမကျတဲ့ကောင်တွေ မင်းတို့အားလုံးက အသုံးမကျတဲ့ အကောင်တွေပဲ"
"သိက္ခာရှိတဲ့ စစ်မှန်သော အနှစ်သာရ တတိယအဆင့် တစ်ယောက်ဖြစ်ပြီးတော့ ပထမအဆင့် ကျင့်ကြံသူလေးကိုတောင် မနိုင်ဘူးလား။ မင်းတို့လိုကောင်တွေကို ငါက ဘာအတွက် အသုံးချရမှာလဲ"
ပျံသန်းသည့် သင်္ဘောကုန်းပတ်ထက်မှ ခမ်းနားထည်ဝါစွာ ဝတ်ဆင်ထားသော သခင်လေး၏ ဆဲရေးတိုင်းထွာသံများ ဟိန်းထွက်လာလေ၏။
"ဒီလူမိုက်ရောဂါကတော့ ထပ်ပြီး ပြန်ထလာပြန်ပြီပဲ..."
ချန်ကျီရှင်းသည် ဟင်းလင်းပြင်ကို ခွလျက် ရပ်နားထားသော သင်္ဘောကြီးကို မော့ကြည့်ရင်း သူ့ဘာသာ တိုးညှင်းစွာ ရေရွတ်လိုက်သည်။
ဝုန်းးး
မြေကျုံ့ခြေလှမ်းကို ချက်ချင်းပင် ထုတ်ဖော်လိုက်ရာ မျက်စိတစ်မှိတ်အတွင်းမှာပင် မြေပြင်ပေါ်၌ ရှိနေသော ချန်ကျီရှင်းသည် သင်္ဘောကုန်းပတ်ထက်သို့ ရောက်ရှိသွားတော့သည်။ သခင်လေးမှာ သင်္ဘောတစ်စင်းလုံး နိမ့်ဆင်းသွားသကဲ့သို့ ပြင်းထန်သော ဖိအားကိုသာ ခံစားလိုက်ရ၏။
"ဘာလဲ မင်းက ငါ့ကို သတ်ချင်လို့လား ငါ့အဖေက ဟောက်ရီဓားဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပဲ။ သူ့ရဲ့ ကျင့်ကြံဆင့်က နိဗ္ဗာန်နယ်ပယ်ကို ရောက်နေပြီ။ ငါတို့ဂိုဏ်းထဲမှာ အထွတ်အထိပ်နယ်ပယ်က ဘိုးဘေးကြီးလည်း ရှိသေးတယ်။ မင်းက ဘာကောင်မို့လို့လဲ"
ထိုသခင်လေးသည် သူ၏လက်ခေါက်ယပ်တောင်ကို ဖြတ်ကနဲ ခါဖွင့်လိုက်ရင်း ကြောက်ရွံ့တုန်လှုပ်ခြင်း အလျဉ်းမရှိသည့်အပြင် မေးစေ့ကို ပင့်တင်ကာ ချန်ကျီရှင်းကို အထင်သေးစောင်းမြောင်းသော အပြုံးဖြင့် စိုက်ကြည့်နေသည်။
"တကယ့်ကို တူလွန်းတယ်..."
ချန်ကျီရှင်းသည် သူ့ရှေ့မှ ဓားဂိုဏ်းသခင်လေးကို ကြည့်ရင်း အတွေးကမ္ဘာထဲသို့ ခဏတာ နစ်မြောသွားမိ၏။
အားနည်းသော်လည်း မိုက်မဲကာ နားမလည်သူ၊ ဘာကိုမှ မကြောက်ရွံ့ဘဲ သူ့ကိုယ်သူအဟုတ်မှတ်နေသူ...
ဤမြင်ကွင်းသည် ယခင်ဘဝက မဟာကျင့်ကြံခြင်းအမည်ရ ဂိမ်းအတွင်းရှိ သူ၏ ဝမ်းနည်းဖွယ်ရာ အတိတ်ဘဝနှင့် တော်တော်လေး ဆင်တူနေသည်။
"ဘာနဲ့တူတာလဲ ဒီဂိုဏ်းချုပ်ငယ်လေးရဲ့ သင်္ဘောပေါ်ကနေ အမြန်ဆုံး ဆင်းသွားစမ်း။ ဒီမှာ ဘာမှ ပျော်စရာမရှိတော့ဘူး။ ငါ ဆက်မဆော့ချင်တော့ဘူး"
ထိုသခင်လေးသည် ယပ်တောင်ကို ဖြတ်ကနဲ ပြန်ပိတ်လိုက်ပြီး နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။
"လူဆိုတာ ကိုယ့်ရဲ့ မိုက်မဲမှုအတွက် ပေးဆပ်ရမယ့် တန်ဖိုးကို သင်ယူသင့်တယ်"
ချန်ကျီရှင်း၏ မျက်ဝန်းအစုံ၌ မီးခိုးရောင်သန်းသော အလင်းတန်းများ ထွက်ပေါ်လာပြီး အေးစက်လှသော သေခြင်းတရား အရှိန်အဝါတို့ ကိန်းဝပ်လာတော့သည်။
"မင်း ဘာလုပ်ချင်တာလဲ ဒီဂိုဏ်းချုပ်ငယ်လေးမှာ ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ ဘာလက်နက်မှ မရှိဘူးလို့ မင်း ထင်နေတာလား"
သခင်လေးသည် ခနဲ့တဲ့တဲ့ ရယ်မောလိုက်ပြီးနောက် အဆင့်မြင့် ကာကွယ်ရေး အဆောင်လက်ဖွဲ့အပုံလိုက်ကို ထုတ်ယူကာ ခြေမွပစ်လိုက်လေ၏။
ဒိုင်း ဒိုင်း ဒိုင်း…
ရွှေရောင် အကာအကွယ် အလင်းတန်းများသည် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ချက်ချင်းပင် ဖုံးလွှမ်းသွားတော့သည်။
"ငါ့အဖေ ပြောဖူးတယ်။ ဒီကာကွယ်ရေး ရတနာတွေရှိနေသရွေ့ စစ်မှန်သော အနှစ်သာရ အထွတ်အထိပ် ပညာရှင်တစ်ယောက် ရောက်လာရင်တောင် ငါ့ကို သတ်ဖို့ မလွယ်ဘူးတဲ့။ မင်းကတော့ ဘယ်လို ထင်..."
သခင်လေးသည် ဂုဏ်ယူဝင့်ကြွားစွာ ပြောဆိုနေစဉ်မှာပင်...
ရှဲးးးးးး
မီးခိုးရောင်သန်းသော အလင်းတန်းတို့သည် ထိုရွှေရောင်အကာအကွယ်များကို အသာအယာပင် ထိုးဖောက်သွားပြီး သခင်လေး၏ တစ်ကိုယ်လုံးကို ရစ်ပတ်ကာ ဝါးမြိုသွားတော့သည်။ ချက်ချင်းဆိုသလိုပင် သူ၏ စကားသံတို့မှာ ရပ်တန့်သွားရတော့၏။
အလွန်ပင် ထူးဆန်းအံ့ဩဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ဖြစ်ပွားလာသည်။ ငယ်ရွယ်နုပျိုနေသော သခင်လေး၏ ပုံရိပ်မှာ မျက်စိရှေ့တင် သိသိသာသာ အိုမင်းရင့်ရော်လာတော့သည်။
"ငါ့အဖေက... နိဗ္ဗာန်နယ်ပယ်မှာ... မင်းက ဘယ်လိုတောင်..."
ထိုသခင်လေးသည် စကားတစ်ခွန်းကိုပင် ဆုံးအောင် မပြောနိုင်တော့ချေ။ သူ၏ အသားစများမှာ ခြောက်ကပ်သွားပြီး အသက်စွမ်းအားတို့မှာ စုပ်ယူခံလိုက်ရကာ သက်တမ်းမှာလည်း အရှိန်အဟုန်ဖြင့် ကုန်ဆုံးသွားရတော့၏။ မျက်တောင်တစ်ခတ်အတွင်းမှာပင် သူသည် မြေပြင်ပေါ်သို့ လဲကျသွားကာ မျက်လုံးအပြူးသားဖြင့် ခြောက်ကပ်နေသော အလောင်းကောင်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားလေတော့သည်။
"ပင်လယ်ကို မမြင်ဖူးရင် သူ့ရဲ့နက်ရှိုင်းမှုကို မသိနိုင်သလို ကျားကို မကြောက်တတ်ရင် ကျားရဲ့ အစွမ်းသတ္တိကိုလည်း သိမှာမဟုတ်ဘူး"
ချန်ကျီရှင်းသည် ခြောက်ကပ်နေသော အလောင်းကောင်ကို ကြည့်ကာ ခေါင်းကို အသာခါယမ်းလိုက်မိသည်။ သူ၏ မျက်ဝန်းအစုံ၌ သနားဂရုဏာစိတ်မှလွဲ၍ အခြား ဘာမျှ မရှိတော့ချေ။
အခန်း။ ၈၂
ကောင်းကင်မြစ်တောင်၏ ထိပ်ဖျားတစ်ခုလုံးသည် မည်သည့်အချိန်ကစ၍ တိတ်ဆိတ်ငြိမ်သက်သွားသည်မသိဘဲ အပ်ကျသံပင် ကြားရလောက်အောင်ပင် ရှိနေတော့သည်။
ဆရာကြီး ချိုင်ချင်းချီနှင့် စုရုံးရောက်ရှိနေကြသော ဓားသမားအပေါင်းတို့သည် သင်္ဘောကုန်းပတ်ပေါ်ရှိ ချန်ကျီရှင်းကို ကြည့်ကာ အံ့ဩတုန်လှုပ်မှုကြောင့် မျက်လုံးအပြူးသား ဖြစ်နေကြရ၏။ ချန်ကျီရှင်း၏ မျက်ဝန်းတို့မှာမူ တည်ငြိမ်မြဲ တည်ငြိမ်နေဆဲပင်။ သူသည် ကုန်းပတ်ပေါ်ရှိ ရှန်းယန်၊ ရွှီလီနှင့် အခြားသူများကို ကြည့်လိုက်မိရာ သူ၏ရင်ထဲ၌ သဲ့သဲ့လေး သက်ပြင်းချမိတော့သည်။
အမှန်စင်စစ် ဤလူများမှာ သူ့ကြောင့်သာ ထိုကပ်ဘေးအတွင်းသို့ ကျရောက်ခဲ့ရခြင်း ဖြစ်သည်။ သူ့ကိုယ်သူ သနားဂရုဏာ အလွန်အကျွံရှိသူဟု မသတ်မှတ်ထားသော်လည်း သူနှင့် မသက်ဆိုင်သောသူများ သုကြောင့် ဒုက္ခရောက်ရသည်ကိုမူ သူ မကြည့်ရက်နိုင်ပေ။
"ယူကျိုးကနေ ထွက်သွားကြတော့။ တတ်နိုင်သမျှ ဝေးရာကို သွားကြပါ"
ချန်ကျီရှင်းသည် သူ၏လက်ချောင်းကို အသာဝှေ့ယမ်းလိုက်ရာ ဓားအရှိန်အဝါတို့သည် ချက်ချင်း ထွက်ပေါ်လာပြီး ရှန်းယန်နှင့် အခြားသူများကို ချည်နှောင်ထားသည့် နဂါးပတ်ကြိုးများကို ဖြတ်တောက်ပေးလိုက်သည်။ ထို့နောက် ချန်ကျီရှင်း၏ ဝတ်ရုံလက်စွပ်အတွင်းမှ ဆေးလုံးသုံးလုံး ထွက်ပေါ်လာပြီး ထိုသူသုံးဦး၏ ရှေ့မှောက်သို့ ကျရောက်သွား၏။
ရွှီလီနှင့် ပိုင်လင်းတို့မှာ တုန်တုန်ရင်ရင်ဖြင့် ဘာစကားမျှ မဆိုနိုင်ကြရှာပေ။ ချန်ကျီရှင်းကိုပင် မော့မကြည့်ဝံ့ကြချေ။ ရှန်းယန်တစ်ဦးသာလျှင် လည်ချောင်းကို အားယူ၍ မျိုချလိုက်ပြီးနောက်
"ညီအစ်ကိုပိုင်... နောင်တစ်ချိန်မှာ ငါတို့ ပြန်ဆုံခွင့် ရှိဦးမလား" ဟု မမေးဘဲ မနေနိုင်အောင် မေးလိုက်မိသည်။
"ရှိမှာပေါ့"
ချန်ကျီရှင်းက သဲ့သဲ့လေး ပြုံးလျက် ပြောလိုက်သည်။
ထို့နောက် သူသည် လက်ချောင်းကို တစ်ချက် ခါလိုက်ပြန်သည်။
ဝုန်းးး
နတ်ဘုရားအသိစိတ်တစ်ခုသည် ရှန်းယန်၏ အသိအာရုံအတွင်းသို့ ရုတ်တရက် စီးဝင်သွားတော့သည်။ ရှန်းယန်သည် သူ၏စိတ်အစဉ် တုန်ခါသွားသည်ကို ခံစားလိုက်ရပြီးနောက် ဓားတာအိုဆိုင်ရာ အသိပညာ ပင်လယ်ကြီးတစ်ခုမှာ သူ၏ဦးနှောက်အတွင်း၌ ပေါက်ကွဲထွက်ပေါ်လာလေ၏။ ဤသည်မှာ ဓားသိုင်းပညာရပ်တစ်ခု မဟုတ်ဘဲ ရှေးဟောင်းဓားနတ်ဘုရား၏ ဓားတာအိုအပေါ် ကျယ်ပြောလှသော နားလည်သဘောပေါက်မှုများသာ ဖြစ်သည်။ ချန်ကျီရှင်းအတွက်မူ အချို့သော ရှုထောင့်များမှကြည့်လျှင် ဤအသိပညာက လွင့်ပျံပန်းမန် ဓားတာအို ထက်ပင် ပိုမို တန်ဖိုးရှိသည်။
ဤအမှုကိစ္စအားလုံး ပြီးဆုံးသွားသောအခါ ချန်ကျီရှင်းသည် နောက်ထပ် တွန့်ဆုတ်မနေတော့ပေ။ ရှေ့သို့ တစ်လှမ်းတိုးလိုက်သည်နှင့် ရောင်စုံအလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ ကျယ်ပြောလှသော ညကောင်းကင်ယံအတွင်းသို့ ပျောက်ကွယ်သွားတော့သည်။ ရှန်းယန်သည် တစ်ကိုယ်လုံး တုန်ရီသွားပြီး သတိပြန်ဝင်လာသောအခါ ချန်ကျီရှင်း ထွက်ခွာသွားရာ အရပ်သို့ ကြည့်၍ အကျယ်ကြီး အော်ဟစ်လိုက်လေသည်
"ညီအစ်ကိုပိုင် နောက်တစ်ကြိမ် ငါတို့ ပြန်ဆုံတဲ့အခါကျရင် ငါက အခုထက် အများကြီး ပိုပြီး သန်မာတဲ့သူ ဖြစ်နေစေရမယ်"
အတိုင်းအဆမရှိသော ညကောင်းကင်ယံအတွင်းမှ မည်သူမျှ ပြန်လည် ထူးသံမကြားရတော့ချေ။
ကောင်းကင်မြစ်တောင်ရှိ စုရုံးရောက်ရှိနေကြသော ဓားကျင့်ကြံသူတို့သည် ထိုအခါမှသာ အသိစိတ်များ ပြန်လည်ဝင်ရောက်လာကြတော့သည်။
ချက်ချင်းပင်...
ဝုန်းးးးး
တိတ်ဆိတ်ငြိမ်သက်နေသော ကောင်းကင်မြစ်တောင်တစ်ခုလုံးသည် တစ်ခဏအတွင်းမှာပင် ဆူညံပွက်လောရိုက်သွားတော့၏။
"ဒီသခင်လေးက ဟောက်ရီဓားဂိုဏ်းချုပ်ရဲ့ တစ်ဦးတည်းသော သားဖြစ်ပြီး အလွန်အမင်း အလိုလိုက်ခံထားရသူပဲ။ အခုတော့ သူက ဒီကောင်းကင်မြစ်တောင်မှာ အသက်ပျောက်သွားခဲ့ပြီဆိုတော့... ဒါက ကြီးမားတဲ့ ဘေးဒုက္ခတွေကို ဆောင်ကြဉ်းလာတော့မှာ အသေအချာပဲ"
ဟောက်ရီဓားဂိုဏ်း၏ အရေးကိစ္စများကို ကောင်းစွာသိရှိနားလည်သော သက်ကြီးဓားသမားတစ်ဦးက တုန်ရီသောအသံဖြင့် ပြောလိုက်သည်။ ခဏချင်းမှာပင် ကောင်းကင်မြစ်တောင်တစ်ခုလုံးမှာ ဝရုန်းသုန်းကား အခြေအနေသို့ ဆိုက်ရောက်သွားတော့၏။
...
...
မျက်တောင်တစ်ခတ်အတွင်းမှာပင် သုံးရက်တာ အချိန်ကာလသည် လက်ဖျောက်တစ်ချက်တီးသကဲ့သို့ ကုန်ဆုံးသွားခဲ့ပြီဖြစ်သည်။
ထိုသုံးရက်အတွင်း ဓားတာအိုဆရာကြီး ကျောက်ချန်ရှန်း ရှုံးနိမ့်သွားခြင်းနှင့် ဟောက်ရီဓားဂိုဏ်းချုပ်၏ တစ်ဦးတည်းသောသား သေဆုံးသွားခြင်းဟူသော သတင်းတို့က ယူကျိုးနယ်မြေတစ်ခုလုံးသို့ မုန်တိုင်းတစ်ခုနှယ် ပျံ့နှံ့သွားခဲ့သည်။
ချက်ချင်းဆိုသလိုပင် ယူကျိုးနယ်မြေတစ်ခုလုံး တုန်လှုပ်ချောက်ခြားသွားရတော့၏။ အချို့က ဤသတင်းကို မယုံကြည်နိုင်လောက်အောင် ဖြစ်နေကြသလို အချို့ကမူ တိတ်တဆိတ် ဝမ်းမြောက်ဝမ်းသာ ဖြစ်လျက် လက်ခုပ်တီး၍ ကြိုဆိုနေကြသည်။ အချုပ်အားဖြင့်ဆိုသော် လူအများမှာ ဤကိစ္စအပေါ် အမျိုးမျိုးသော ခံစားချက်၊ အမျိုးမျိုးသော သဘောထားတို့ဖြင့် ရင်ဆိုင်နေကြရသည်။
သို့သော် မည်သို့ပင်ဖြစ်စေ ပိုင်ရှီးဟူသော အမည်နာမတစ်ခုမှာ ရုတ်တရက် ထွက်ပေါ်လာပြီး လူအများကြား၌ ကျော်ကြားထင်ရှားသွားခဲ့ပြီ ဖြစ်သည်။
ထိုအချိန်မှာပင် ယူကျိုးနယ်မြေမှ မိုင်ပေါင်းထောင်ချီဝေးကွာသော ယန်ကျိုးနယ်မြေအတွင်း၌ ဇီဝေတောင်အနီးတွင်...
အနက်ရောင် လေးဘီးတပ် မြင်းရထားတစ်စီးက ဇီဝေတောင်ဆီသို့ တည်ငြိမ်စွာ ဦးတည်၍ မောင်းနှင်နေ၏။
ယခုအခါ မျက်နှာဖုံးကို ဖယ်ရှားထားပြီဖြစ်သော ချန်ကျီရှင်းသည် နှင်းကဲ့သို့ ဖြူစင်သော ဝတ်ရုံကို ဆင်မြန်းထားပြီး အတုမဲ့လှသော မျက်နှာထားဖြင့် မြင်းရထားအတွင်း၌ မျက်စိမှိတ်ကာ အတွေးကမ္ဘာထဲသို့ နစ်မြောနေသည်။
"သခင်လေး... ရှေ့မှာ ဇီဝေတောင်ကို မြင်နေရပြီခင်ဗျ"
မြင်းရထားမောင်းသူက အပြင်ဘက်မှ လှမ်း၍ အော်ပြောလိုက်သည်။
"အင်း..."
ချန်ကျီရှင်းသည် မျက်လုံးကို ဖွင့်လိုက်ပြီး ခေါင်းညိတ်ပြလိုက်၏။
ဤသုံးရက်တာအတွင်း ခရီးသွားလာရသည်မှအပ ချန်ကျီရှင်းသည် သူ၏အချိန်အတော်များများကို ဓားတာအိုဆရာကြီး ကျောက်ချန်ရှန်းနှင့် တိုက်ခိုက်ခဲ့သော တိုက်ပွဲအသေးစိတ်တို့ကို ပြန်လည်သုံးသပ် ဆင်ခြင်ခြင်းဖြင့်သာ ကုန်ဆုံးစေခဲ့ခြင်းပင်။
"ခွန်အားကတော့ ပြည့်ဝပါတယ်။ ဒါပေမဲ့ အသေးစိတ်အပိုင်းတွေမှာတော့ လိုအပ်ချက်ရှိနေသေးတယ်။ မဟုတ်ရင်တော့ လွင့်ပျံပန်းမန် ဓားတာအို တစ်ခုတည်းနဲ့တင် သူ့ကို အလွယ်တကူ အနိုင်ယူနိုင်ခဲ့မှာပဲ"
ချန်ကျီရှင်းသည် အနည်းငယ် နှမြောတောင့်တသော လေသံဖြင့် ခေါင်းကို အသာခါယမ်းလိုက်မိ၏။ အကယ်၍ ထိုတိုက်ပွဲသည် အနည်းငယ်မျှ ပိုမိုကြာရှည်ခဲ့ပါက သူ၏ ဓားနှလုံးသား ကို အပြည့်အဝ စုစည်းနိုင်ခဲ့မည်ဖြစ်ပြီး ဓားတာအို၏ စတုတ္ထအဆင့်သို့ အမှန်တကယ်ပင် လှမ်းတက်နိုင်ခဲ့မည် ဖြစ်သည်။
တစ်နာရီခန့် ကြာပြီးနောက် မြင်းရထားသည် ဇီဝေတောင်သို့ ဆိုက်ရောက်လာခဲ့သည်။
"သခင်လေး... ရောက်ပါပြီခင်ဗျာ"
မြင်းရထား၏ လိုက်ကာကို မလိုက်သောအခါ ရိုးသားဖြောင့်မတ်သော မျက်နှာထားရှိသည့် သတ်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ချန်ကျီရှင်းကို ယဉ်ကျေးပျူငှာစွာ ပြုံးပြလိုက်သည်။
"ကောင်းပြီ... ကျေးဇူးတင်ပါတယ်"
ချန်ကျီရှင်းက ပြုံး၍ ပြန်လည်နှုတ်ဆက်လိုက်ပြီးနောက် ဝတ်ရုံလက်စွပ်အတွင်းမှ အတော်အတန် လေးလံသော ငွေစတစ်ခုကို ထုတ်ယူကာ ထိုင်ခုံပေါ်၌ တင်ထားပေးခဲ့သည်။ ထို့နောက် မြင်းရထားပေါ်မှ ဆင်းသက်ကာ ဇီဝေတောင်၏ တောင်တံခါးဝဆီသို့ ဦးတည်လျှောက်လှမ်းသွားတော့၏။
တောင်တံခါးဝသို့ ရောက်ရှိသောအခါ ရောင်စုံဝတ်စုံကို ဆင်မြန်းထားသော လူကြီးတစ်ဦးသည် သတင်းကို ကြိုတင်သိရှိထားသည့်အလား စောင့်ဆိုင်းနေသည်ကို တွေ့ရသည်။
"တတိယသခင်လေး"
အကြီးအကဲမဟူရာသည် အဝေးမှနေ၍ ချန်ကျီရှင်းကို လှမ်း၍နှုတ်ဆက်လိုက်ပြီး အနားသို့ရောက်လျှင် တိုးညှင်းသော လေသံဖြင့် ဘေးချင်းယှဉ်လျှောက်ရင်း ပြောလိုက်သည်။
"တတိယသခင်လေး... အပြန်ခရီးက ချောချောမွေ့မွေ့ ရှိရဲ့လား။ လမ်းမှာ ပထမတောင်ထိပ်
သခင်နဲ့များ ဆုံခဲ့သေးလား"
"ချန်ထျန်းရှုံလား"
ချန်ကျီရှင်းသည် အနည်းငယ် အံ့အားသင့်သွားကာ မျက်မှောင်ပင့်၍ "သူက ဘာဖြစ်လို့လဲ" ဟု မေးမြန်းလိုက်၏။
အကြီးအကဲမဟူရာသည် ဘေးဘီဝဲယာကို တစ်ချက်ကြည့်လိုက်ပြီးနောက် တိုးတိုးလေး ကပ်၍ ပြောလိုက်သည်။
"သခင်လေး မသိသေးဘူးပဲ။ ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်းမှာ ချန်ထျန်းရှုံက မိသားစုအတွင်းမှာ ပြဿနာတွေ အတော်လေး ရှာနေတာ။ အထူးသဖြင့် မိသားစုရဲ့ တွင်းထွက်သတ္တုကြောတွေကို ဂိုဏ်းချုပ်က တတိယတောင်ထိပ်လက်ထဲ အပ်လိုက်တယ်ဆိုတာ သိလိုက်ရတော့ မိသားစုတစ်ခုလုံးကို ဇောက်ထိုးမိုးမျှော်ဖြစ်အောင် လုပ်တော့တာပဲ"
"အဲဒီအပြင် သူ့သား ချန်ကျောက်ရှန်း သေဆုံးတာက သခင်လေးနဲ့ ပတ်သက်နေတယ်လို့ သူက အခိုင်အမာ ယုံကြည်နေတာ။ အမှန်တရားကို ဖော်ထုတ်ဖို့ သခင်လေးကို ရှာဖွေစုံစမ်းမယ်လို့လည်း သူက ကြုံးဝါးနေတယ်။ ဂိုဏ်းချုပ်က သူ့ကို စကားအနည်းငယ် ပြောလိုက်ပြီးတဲ့နောက်မှာတော့ သူက ချန်မိသားစုကနေ ဒေါသတကြီး ထွက်သွားခဲ့တာ အခုထိ ဘယ်ရောက်နေမှန်း မသိရသေးဘူး"
"ဂိုဏ်းချုပ်က သူ သခင်လေးကို ဒုက္ခပေးမှာ စိုးရိမ်တာကြောင့် ကျွန်တော့်ကို ဒီတောင်တံခါးဝမှာ စောင့်နေဖို့ အမိန့်ပေးထားတာပါ။ တစ်စုံတစ်ရာ ထူးခြားတာရှိရင် ကျွန်တော်က ကြားကနေ ဝင်ရောက်ဖြေရှင်းပေးလို့ ရအောင်လို့ပါ"
"အဲဒီလိုလား"
ချန်ကျီရှင်းသည် ထိုစကားကို ကြားသောအခါ မျက်မှောင်ကြုတ်သွားမိပြီးနောက် ပြန်လည်တွေးတောကာ "ကျွန်တော် ခရီးတစ်လျှောက်လုံးမှာတော့ သူ့ကို မတွေ့ခဲ့ပါဘူး" ဟု ပြောလိုက်သည်။
"ဒါဆိုရင်တော့ တော်ပါသေးတယ်"
အကြီးအကဲမဟူရာသည် သက်ပြင်းတစ်ချက်ကို အသာချလိုက်၏။ သူသည် ချန်ထျန်းရှုံနှင့် အကျွမ်းတဝင် မရှိသလို ကိုယ်ရေးကိုယ်တာ ပတ်သက်မှုလည်း မရှိပေ။
သို့သော်လည်း သူသည် ချန်မိသားစုဝင်တစ်ဦး ဖြစ်သည်နှင့်အညီ မိသားစုအချင်းချင်း အားပြိုင်ကာ ပဋိပက္ခဖြစ်ပွားခြင်း သို့မဟုတ် သွေးရင်းသားရင်းအချင်းချင်း သွေးမြေကျရခြင်းမျိုးကိုမူ လုံးဝ မမြင်ချင်ပေ။
ထိုကဲ့သို့သော ကိစ္စရပ်များသည် ကိုယ့်ဆွေမျိုးသားချင်းများအတွက် နာကျင်မှုကိုသာ ဖြစ်စေပြီး ရန်သူများအတွက်မူ ဝမ်းသာစရာ အခွင့်အရေးကို ဖန်တီးပေးသကဲ့သို့သာ ရှိပေလိမ့်မည်။
"သွားကြစို့... ဂိုဏ်းချုပ်က မင်းကို ခန်းမဆောင်ကြီးထဲမှာ စောင့်နေတယ်"
"ကောင်းပါပြီ"
ချန်ကျီရှင်းက ခေါင်းညိတ်၍ ပြန်ထူးလိုက်သော်လည်း သူ၏ အတွေးစတို့မှာမူ အနည်းငယ် လှုပ်ခတ်နေဆဲပင်။
ချန်ထျန်းရှုံသည် မည်သည့်အငြိုးအတေးကိုမဆို လက်စားပြန်ခြေတတ်သူအဖြစ် ကျော်ကြားလှပြီး ယခုအခါ ချန်ကျီရှင်းအပေါ် သံသယဝင်နေပြီ ဖြစ်ရာ သူသည် အေးဆေးစွာ နေလိမ့်မည် မဟုတ်သည်မှာ အသေအချာပင်။ ချန်ကျီရှင်းအနေနှင့် ထိုသူကို ကြောက်ရွံ့ခြင်းမရှိသော်လည်း သူ့အနီးအနားတွင် အချိန်မရွေး ပေါက်ကွဲသွားနိုင်သော ဗုံးတစ်လုံးကို အစဉ်အမြဲ ထားရှိလိုခြင်းမျိုးလည်း မရှိချေ။
သူတို့နှစ်ဦး စကားပြောဆိုရင်း တောင်ထိပ်များနှင့် တိမ်တိုက်များကို ဖြတ်သန်းလာခဲ့ကြရာ နောက်ဆုံး၌ ဇီဝေကိုးတောင်ထိပ်၏ ခန်းမဆောင်ကြီးသို့ ဆိုက်ရောက်လာခဲ့တော့သည်။
ခန်းမဆောင်ကြီးအတွင်း၌...
ချန်တောက်ယန်သည် အကြီးအကဲနေရာတွင် ထိုင်နေပြီး ဘေးတစ်ဖက်တစ်ချက်စီ၌ မိသားစုအကြီးအကဲများက အသီးသီးနေရာယူကာ တစ်စုံတစ်ခုကို ဆွေးနွေးနေကြသည်။ အကြီးအကဲမဟူရာနှင့် ချန်ကျီရှင်းတို့ ရောက်ရှိလာသည်ကို မြင်သောအခါ ချန်တောက်ယန်က ဆွေးနွေးမှုကို ရပ်တန့်လိုက်ပြီး
"ကောင်းပြီ... ဒီနေ့အတွက်တော့ ဒီမှာတင် ရပ်နားကြရအောင်" ဟု လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ"
အကြီးအကဲများအားလုံးက ခေါင်းညိတ်လျက် အရိုအသေပြုကာ အဆောင်ပြင်သို့ ထွက်ခွာသွားကြတော့သည်။ အဆောင်အပြင်၌ ချန်ကျီရှင်းကို မြင်တွေ့ရသောအခါ သူတို့သည် ခြေလှမ်းများကို ရပ်တန့်လိုက်ကြပြီးလျှင် နွေးထွေးစွာ နှုတ်ဆက်ကြသည်။
"တတိယသခင်လေး"
"တတိယသခင်လေး ပြန်ရောက်လာပြီပဲ။ အချိန်ရရင် ကျွန်တော့်ဆီကို လက်ဖက်ရည်သောက် ကြွခဲ့ပါဦး"
"တတိယသခင်လေးမှာ စီးနင်းစရာ သတ္တဝါ မရှိသေးဘူး မဟုတ်လား။ ကျွန်တော် မကြာသေးခင်ကမှ နတ်ဘုရားခရီးသွားနယ်ပယ်က စိမ်းပြာရောင်တောင်ပံ နတ်ငှက်တစ်ကောင် ဖမ်းမိထားတယ်။ အရှိန်နှုန်းကတော့ တကယ့်ကို ထိပ်တန်းပဲ။ သခင်လေး လာကြည့်ပါဦး အကယ်၍ သဘောကျတယ်ဆိုရင် ကျွန်တော် လက်ဆောင်အဖြစ် ပေးပါ့မယ်"
"ကျွန်တော်တို့ ချန်မိသားစုမှာ ပျံသန်းတဲ့ သင်္ဘောတွေ ရှိနေတာပဲ။ ခါးနာစေမယ့် တိရစ္ဆာန်တွေကို ဘာလို့ စီးနေမှာလဲ။ တတိယသခင်လေး ကျွန်တော့်ဆီကိုသာ လာခဲ့ပါ။ ကျွန်တော့်မှာ အင်မတန် လှပကျော့ရှင်းတဲ့ မိန်းမပျိုလေးတွေ အများကြီးရှိတယ်။ ရုပ်ရည်လှပရုံတင်မကဘဲ ကိုယ်နံ့ကလည်း သင်းပျံ့နေသလို အသားအရေကလည်း ကျောက်စိမ်းဖြူလို ချောမွတ်နေတာမို့ အိပ်ရာနွေးဖို့အတွက် အကောင်းဆုံးပဲပေါ့"
မိသားစုအကြီးအကဲများသည် ချန်ကျီရှင်းကို ဖြတ်ကျော်သွားစဉ် ပြုံးရွှင်စွာဖြင့် စကားပြောသွားကြသည်။ ထိုသူများထဲတွင် တစ်ချိန်က နံနက်ခင်း သင်ခန်းစာများအတွင်း ချန်ကျီရှင်းကို စကားနာထိုးခဲ့ဖူးသော အကြီးအကဲပင် ပါဝင်နေသေးသည်။
သူတို့သည် လူမိုက်များ မဟုတ်ကြပေ။ အကြောင်းရင်းကို အတိအကျ မသိရှိကြသော်လည်း ယခုအခါ ချန်ကျီရှင်းမှာ ဂိုဏ်းချုပ်၏ အလေးပေးခြင်းကို ခံနေရသူ ဖြစ်ကြောင်းကိုမူ ကောင်းစွာ ရိပ်မိကြသည်။ ဂိုဏ်းချုပ်သည် ချန်ကျီရှင်းကို ဇီဝေချန်မိသားစု၏ အနာဂတ် ဆက်ခံသူအဖြစ် သိသိသာသာ ပျိုးထောင်နေခြင်းပင်။
ချန်ကျီရှင်းသည်လည်း ထိုသူတို့၏ နှုတ်ဆက်မှုများကို နူးညံ့သောအပြုံးဖြင့် ပြန်လည်တုံ့ပြန်လိုက်သည်။ ချန်ကျောက်ရှန်း တစ်ယောက် ချန်ယန်အကယ်ဒမီမှ ပြန်ရောက်လာစဉ်ကလည်း ဤကဲ့သို့ပင် ဆက်ဆံခံခဲ့ရသည်ကို သူ မှတ်မိနေသေး၏။ ထိုစဉ်ကမူ သူသည် ဤအကြီးအကဲများ၏ အသုံးမကျသူဟု ကဲ့ရဲ့ခြင်း သို့မဟုတ် အနာဂတ်မရှိသူဟု လှောင်ပြောင်ခြင်းကိုသာ ခံခဲ့ရဖူးသည်။
အဲ့အချိန်ကနေ အခုထိဆို ပချိန်က ဘယ်လောက်ကြာသွားပြီလဲ။
အမှန်စင်စစ် သူ၏ အပြုအမူနှင့် ကျင့်ကြံပုံမှာ ပြောင်းလဲသွားခြင်း မရှိချေ။ ပြောင်းလဲသွားသည်မှာ ချန်တောက်ယန်၏ သူ့အပေါ်ထားရှိသော သဘောထားသာ ဖြစ်သည်။
"ခွန်အားနဲ့ ရာထူးဂုဏ်ရှိန်ဆိုတာက အမြဲတမ်း လေယူရာတိမ်းတတ်တဲ့ ရွက်တိုင်တွေပါပဲလား" ချန်ကျီရှင်းသည် ခေါင်းကို အသာခါယမ်းလိုက်ပြီးနောက် ပြတ်သားသော ခြေလှမ်းများဖြင့် ခန်းမဆောင်ကြီးအတွင်းသို့ လှမ်းဝင်သွားတော့သည်။