← Chapters

အခန်း (၈၅-၈၆)

Vol. 9 Ch. 85-86

အခန်း (၈၅-၈၆)

Vol. 9 Ch. 85-86

အခန်း။ ၈၅

"အသက်သခင်ကျမ်းရှိသေးရဲ့လား..."

နင်ချန်းယွီသည် စိတ်ထဲမှ တိုးတိုးလေး ခေါ်လိုက်မိ၏။ တစ်ခဏအတွင်းမှာပင် သူ၏ အသိအာရုံပင်လယ်အတွင်း၌ ရွှေရောင်ဝင်းလက်နေသော ရှေးဟောင်းကျမ်းတစ်စောင် တိတ်ဆိတ်စွာ လွင့်မျောနေသည်ကို မြင်လိုက်ရသည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ နင်ချန်းယွီ၏ မျက်ဝန်းတို့မှာ ဝမ်းမြောက်မှုတို့ဖြင့် ပိုမိုတောက်ပလာတော့သည်။ မထင်မှတ်ထားဘဲ လွန်ခဲ့သော နှစ်ပေါင်းငါးရာဆီသို့ ပြန်လည်မွေးဖွားလာရုံတင်မကဘဲ ဤအသက်သခင်ကျမ်းကပါ သူနှင့်အတူ ပါလာခဲ့ခြင်းပင်။

ယခင်ဘဝက သူသည် ဤကျမ်းကို မတော်တဆ ရရှိခဲ့ခြင်းကြောင့်သာ အခြားသူများ၏ ကံကြမ္မာကို ကြည့်ရှုနိုင်ခဲ့ပြီး ထိုကံကြမ္မာများကိုပါ လုယူနိုင်ခဲ့သောကြောင့် အထွတ်အထိပ်သို့ ရောက်ရှိခဲ့ခြင်းပင်။ ယခုဘဝ၌မူ သူသည် နောင်နှစ်ပေါင်းငါးရာစာ အတွေ့အကြုံနှင့် အသိပညာများသာမက သူ၏ အကြီးမားဆုံးသော အားကိုးရာကိုပါ ပြန်လည်ရရှိခဲ့ပြီ ဖြစ်သည်။

"ငါ့လက်ထဲမှာ အခုလို အသာစီးရနိုင်တဲ့ အကွက်တွေအများကြီး ရှိနေမှတော့... ဒီတစ်ခေါက်မှာ ငါ ဘယ်လိုလုပ် ရှုံးနိမ့်နိုင်ပါတော့မလဲ..."

နင်ချန်းယွီ၏ မျက်နှာထက်၌ သဲ့သဲ့လေး ပြုံးလိုက်မိ၏။ ယခုဘဝ၌ သူသည် အတိတ်က နောင်တများကို ပြန်လည်ကုစားရုံတင်မကဘဲ ယခင်ဘဝကထက် ပိုမိုခိုင်မာအားကောင်းသော တာအိုကို ဖောက်ထွက်ကာ မဟာထာဝရရှင်သန်ခြင်းကို သက်သေပြမည် ဖြစ်သည်။

"ဒါဆိုရင်တော့... ရွှီမိသားစုကို အရင်ဆုံး ထိန်းချုပ်တာကနေ စတင်လိုက်ကြတာပေါ့"

သူသည် ခေါင်းကိုမော့ကာ အဝေးသို့ လှမ်းကြည့်လိုက်ရာ သူ၏မျက်ဝန်းအစုံ၌ စူးရှသောအလင်းတန်းများ လက်ခနဲ ဖြစ်သွားတော့သည်။

အချိန်တို့သည် တဖြည်းဖြည်း ကုန်လွန်သွားခဲ့သည်။ နေမင်းမှာလည်း တဖြည်းဖြည်း နိမ့်ဆင်းသွားသည်။

ရုတ်တရက်ဆိုသလိုပင် ကောင်းကင်အနားသတ်၌ အနီရောင်ဝတ်စုံကို ဆင်မြန်းကာ စူးရှအေးစက်လှသော လှံရှည်တစ်စင်းကို ကိုင်ဆောင်ထားပြီး ထူးခြားထည်ဝါလှသော မြင်းနီကြီးတစ်စီးကို စီးနင်းလာသည့် လူရိပ်တစ်ခုမှာ တဖြည်းဖြည်း နီးကပ်လာတော့သည်။

သူမသည် ချောမောလှပသော မျက်နှာထားရှိပြီး အသားအရေမှာ ကျောက်စိမ်းကဲ့သို့ ဖြူစင်ဝင်းပနေကာ သူမ၏ နက်မှောင်သော ဆံနွယ်ရှည်တို့ကို မြင်းမြီးသဏ္ဌာန် မြင့်မြင့်စည်းထားသည်။ သူမသည် အတုမဲ့အလှပိုင်ရှင်တစ်ဦးဟု မဆိုနိုင်စေကာမူ သူရဲကောင်းဆန်သော အရှိန်အဝါနှင့် တက်ကြွလှုပ်ရှားသော ပုံရိပ်ကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။

ဆည်းဆာနေရောင်ခြည်ကို ကျောခိုင်း၍ သူမ လျှောက်လှမ်းလာသောအခါ နေမင်းအတွင်းမှ ထွက်ပေါ်လာသည့်အလား ထင်မှတ်ရစေပြီး လူအများ၏ အကြည့်တို့ကို ချက်ချင်းပင် ဖမ်းစားလိုက်တော့သည်။

အထူးခြားဆုံး အချက်မှာ သူမ၏ ညာဘက်လက်တွင် သွေးစက်လက် ကျနေသော ပြတ်တောက်နေသည့် လူဦးခေါင်းတစ်ခုကို ကိုင်ဆောင်ထားခြင်းပင်။

ထိုဦးခေါင်းမှာ အခြားသူမဟုတ်ဘဲ ယခင်က ယွမ်ကျိုးနယ်မြေတွင် မိစ္ဆာဂိုဏ်း၏ ထိပ်တန်းပါရမီရှင်ဟု ကျော်ကြားခဲ့သော ထုံကွမ်းရှန်းပင်။

လူအပေါင်း၏ အကြည့်များကြားဝယ် ဤထူးခြားထက်မြက်လှသော အမျိုးသမီးသည် တည်ငြိမ်သော မျက်နှာထားဖြင့် မြို့အတွင်းသို့ မြင်းစီး၍ ဝင်ရောက်လာခဲ့သည်။

အားလုံးမှာ တိတ်ဆိတ်သွားကြပြီး သူမအတွက် လမ်းကို အလိုအလျောက် ဖယ်ပေးလိုက်

ကြ၏။ ရွှီအိမ်တော်ဆီသို့ ဦးတည်နေသော သူမ၏ ပုံရိပ်ကို လူတိုင်းက မော့ကြည့်၍ ငေးမောနေကြရသည်။

ခေတ္တအကြာတွင်...

သာမန်မြင်းအမျိုးအစား မဟုတ်သည့် ထိုမြင်းနီကြီးမှာ ရွှီအိမ်တော်ရှေ့တွင် ရပ်တန့်သွားတော့သည်။

ဘုန်းးး

နာကျင်မှုကြောင့် ရှုံ့မဲ့နေပြီး မျက်လုံးအပြူးသားဖြစ်နေသော သွေးစိုနေသည့် ဦးခေါင်းမှာ ရွှီအိမ်တော်ရှေ့သို့ ပေါ့ပေါ့ပါးပါးပင် ပစ်ချခြင်း ခံလိုက်ရသည်။

"သုံးနှစ်ကြာသွားတာတောင် ဒီနယ်မြေကတော့ အရင်အတိုင်း အားနည်းနေတုန်းပဲ။ သာမန် ကြည်လင်ခြင်းနယ်ပယ်အဆင့်လေးကိုတောင် မိစ္ဆာဂိုဏ်းရဲ့ ထိပ်တန်းပါရမီရှင်လို့ ခေါ်နေကြတာကတော့ တကယ့်ကို ရယ်စရာပဲ"

မြင်းနီကြီးပေါ်မှ အနီရောင်ဝတ်စုံနှင့် အမျိုးသမီးသည် ဇက်ကြိုးကို အသာအယာကိုင်ထားရင်း အေးစက်စွာ ပြောလိုက်သည်။ သူမ၏ လေသံထဲတွင် မာန်မာန သို့မဟုတ် ဘဝင်မြင့်မှုတို့ မပါဝင်ဘဲ နေ့စဉ်မြင်တွေ့နေကျ အသေးအဖွဲ ကိစ္စရပ်တစ်ခုကို ပြောဆိုနေသကဲ့သို့သာ ရှိနေသည်။

ရွှီမိသားစုဝင်များထဲမှ မည်သူမျှ စကားမဆိုရဲကြဘဲ ရွှီချင်းကျိုးကိုသာ မှင်သက်စွာ ငေးကြည့်နေကြရသည်။ သုံးနှစ်တာကာလအတွင်း မူလကပင် အေးစက်တတ်သော ရွှီချင်းကျိုးမှာ ပိုမိုသန်မာလာပြီး ချဉ်းကပ်ရန် ပို၍ပင် ခက်ခဲလာခဲ့သည်။

ထိုနောက်တွင် ရွှီချင်းကျိုး၏ အကြည့်မှာ လူအုပ်ကြားရှိ နင်ချန်းယွီထံသို့ တိုက်ရိုက်ကျရောက်သွားတော့သည်။ သူမ၏ လခြမ်းကွေးသဏ္ဌာန် မျက်ခုံးအစုံမှာ အနည်းငယ် တွန့်ချိုးသွားပြီး ခေါင်းကို အသာခါယမ်းလျက် ပြောလိုက်သည်။

"လွန်ခဲ့တဲ့ သုံးနှစ်က ငါ မင်းကို ပြောခဲ့ပြီးသားပဲ။ အကယ်၍ မင်း ငါ့ကို တကယ်လက်ထပ်ချင်တယ်ဆိုရင် ငါ့ထက် ပိုသန်မာအောင် လုပ်ပါလို့။ ငါ့ကို ကပ်ဖားရပ်ဖားလုပ်ပြီး တွယ်ကပ်နေဖို့ မကြိုးစားနဲ့"

"ငါ ရွှီချင်းကျိုး အလိုရှိတဲ့ ခင်ပွန်းဆိုတာ ငါနဲ့အတူ ရင်ပေါင်တန်းနိုင်သူဖြစ်ရမယ်။ ငါ့ကို အလိုလိုက်ဖို့ပဲ သိတဲ့ အစေခံမျိုး မဟုတ်ဘူး။ ငါ့အတွက်တော့ အစွမ်းအစမရှိတဲ့သူရဲ့ နူးညံ့သိမ်မွေ့မှုဆိုတာ ဘာတန်ဖိုးမှ မရှိဘူး"

"ဒါပေမဲ့ သုံးနှစ်ကြာသွားတာတောင် မင်းမှာ ဘာတိုးတက်မှုမှ မရှိဘူး။ မင်းရဲ့ ကျင့်ကြံဆင့်က ဟင်းလင်းပြင်အသွင်ပြောင်းနယ်ပယ်မှာတင် ရပ်တန့်နေပြီး ကြည်လင်ခြင်းနယ်ပယ်ကိုတောင် မရောက်သေးဘူးဆိုတော့... တကယ့်ကို စိတ်ပျက်ဖို့ကောင်းတယ်"

ထိုစကားများအဆုံးတွင် လူတိုင်း၏ အကြည့်မှာ နင်ချန်းယွီထံသို့ တစ်ပြိုင်နက်တည်း ရောက်ရှိသွားတော့သည်။

သို့သော်လည်း သူတို့မှတ်မိထားသော၊ အမြဲတမ်း ကြောက်ကြောက်ရွံ့ရွံ့နှင့် သူတစ်ပါး အနိုင်ကျင့်သမျှ ခံနေရသော နင်ချန်းယွီမှာမူ ယခုအခါ လူအုပ်ကြားမှ ရှေ့သို့ တည်ငြိမ်စွာ လှမ်းထွက်လာခဲ့သည်။

"ကြည်လင်ခြင်းနယ်ပယ်က အဲဒီလောက်တောင် အစွမ်းထက်နေလို့လား။ အကယ်၍ ငါသာ အဲဒီအဆင့်ကို ဝင်ချင်တယ်ဆိုရင် ကြည်လင်ခြင်းနယ်ပယ်ထဲ ခြေလှမ်းလှမ်းဖို့ ငါ့အတွက် သုံးရက်ပဲ အချိန်ယူရလိမ့်မယ်"

နင်ချန်းယွီသည် ခေါင်းကိုမော့ကာ ရွှီချင်းကျိုး၏ မျက်လုံးများကို တည့်တည့်စိုက်ကြည့်ရင်း အေးအေးဆေးဆေးပင် ပြောလိုက်သည်။

သူ၏စကားများ အဆုံးသတ်သွားသည်နှင့်တစ်ပြိုင်နက် ပတ်ဝန်းကျင်တစ်ခုလုံးတွင် ရယ်မောသံများ ဝိုင်းအုံထွက်ပေါ်လာတော့သည်။

"ဒီကောင် ဒီနေ့ ရူးသွားပြီလား"

"သုံးရက်နဲ့ ကြည်လင်ခြင်းနယ်ပယ်ကို ရောက်မယ် ဟုတ်လား။ နင်ချန်းယွီ တစ်ယောက် ဒီနေ့ အရက်တွေ အလွန်အကျွံ သောက်ထားလို့ စိတ်မမှန်ဖြစ်နေတာများလား"

ရွှီမိသားစု၏ ဒုတိယသားဖြစ်သူ ရွှီချင်းဟယ်ပင်လျှင် တခိခိ ရယ်မောရင်း "ချင်းကျိုးရဲ့ အထင်ကြီးမှုကို ရဖို့ ကြိုးစားတာက တစ်ပိုင်းပေါ့။ ဒါပေမဲ့ အခုလိုမျိုး လေလုံးထွားနေတာကတော့ မင်းကို လူပြက်တစ်ယောက်လိုပဲ ပေါက်စေတယ်" ဟု ပြောလိုက်သည်။

နင်ချန်းယွီသည် ပတ်ဝန်းကျင်မှ ရယ်မောသံများကို လျစ်လျူရှုထားပြီး သူ၏မျက်ဝန်းများကို ရွှီချင်းကျိုးထံသို့သာ တည်ငြိမ်စွာ စိုက်ထားခဲ့၏။

တွင်းထဲက ဖားအုပ်စုတွေပဲ။ သူတို့တွေက ချန်းယွီနတ်မင်းကြီးရဲ့ နည်းလမ်းတွေကို ဘယ်လိုလုပ်ပြီး နားလည်နိုင်မှာလဲ။

သူ ယခုအချိန်အထိ ဤနေရာမှ ထွက်မသွားသေးရခြင်းမှာ ရွှီချင်းကျိုးကြောင့်သာ ဖြစ်သည်။ ခုနကပင် သူ၏ အသိအာရုံပင်လယ်အတွင်းရှိ အသက်သခင်ကျမ်း မှတစ်ဆင့် ရွှီချင်းကျိုးတွင် ထိပ်တန်းအဆင့်ရှိသော တောက်လောင်ရွှေရောင်ကံကြမ္မာသာမက အဆင့်မြင့် ဝိညာဉ်ဖိုအဖြစ် သတ်မှတ်ခံရသည့် နက်ရှိုင်းသောယင်နတ်ဘုရားခန္ဓာရှိနေသည်ကိုပါ သူ ရှာဖွေတွေ့ရှိခဲ့သည်။

ဤကဲ့သို့သော ခန္ဓာကိုယ်မျိုးနှင့် ပေါင်းဖက်လိုက်ပါက အဖော်ဖြစ်သူအတွက် မမျှော်လင့်ထားသော အကျိုးကျေးဇူးများကို ဆောင်ကြဉ်းပေးနိုင်သည်။ ဤအချက်က သူ၏ ကျင့်ကြံခြင်းအရှိန်အဟုန်ကို အဆပေါင်းများစွာ မြှင့်တင်ပေးနိုင်လိမ့်မည်ပင်။

"အရင်ဘဝတုန်းက ငါ့ရဲ့ အောင်မြင်မှုက နောက်ကျလွန်းခဲ့လို့ ရွှီချင်းကျိုး မတော်တဆ ကံဆိုးမိုးမှောင်ကျပြီး မကွယ်လွန်ခင်အထိ သူမရဲ့ အလှအပတွေကို အရသာမခံနိုင်ခဲ့ဘူး"

"အခုဘဝမှာတော့ ရွှီမိသားစုက ငါ့အပိုင် ဖြစ်ရုံတင်မကဘူး ရွှီချင်းကျိုးကလည်း ငါ့အပိုင် ဖြစ်စေရမယ်"

နင်ချန်းယွီသည် မြင်းပေါ်ရှိ ရွှီချင်းကျိုးကို ကြည့်ရင်း သူ၏ရင်ထဲတွင် ဆန္ဒမီးများ တောက်လောင်လာတော့သည်။

သို့သော် ရွှီချင်းကျိုးမှာမူ ခဏမျှ မှင်သက်သွားပြီးနောက် သဲ့သဲ့လေး ပြုံးလိုက်ကာ "အဲဒီလို ဖြစ်ပါစေလို့ပဲ မျှော်လင့်ရမှာပေါ့" ဟု ပြောလိုက်သည်။

ခေတ္တအကြာတွင် ရွှီချင်းကျိုးသည် သခင်မကြီးရွှီကို လှမ်းကြည့်လိုက်ရာ သူမ၏ အေးစက်နေသော မျက်နှာထက်၌ နွေးထွေးသော သံယောဇဉ်အရိပ်အယောင်များ နောက်ဆုံးတွင် ထွက်ပေါ်လာပြီး

"ဘွားဘွားကြီး... သမီး အခုတစ်ခေါက် ချန်ယန်အကယ်ဒမီကနေ ပြန်လာတာက အဓိကအားဖြင့် အရှေ့နယ်မြေရဲ့ မဟာပြိုင်ပွဲကြီးအတွက်ပါ"

"အဓိက အင်အားစုကြီး အတော်များများက ပါရမီရှင်တွေက ဇီဝေချန်မိသားစုဆီမှာ အရင်ဆုံး စုရုံးကြမယ်လို့ ကျွန်မ ကြားထားပါတယ်။ အဲဒါကြောင့် အဲဒီကိုသွားပြီး အခြေအနေကို တစ်ချက်လောက် ကြည့်ချင်တယ်"

...

...

နောက်တစ်နေ့တွင် ရွှီမိသားစု၏ ပျံသန်းသောသင်္ဘောသည် ယွမ်ကျိုးနယ်မြေ၏ မြို့တော်မှ ထွက်ခွာခဲ့ပြီး လေယူရာအတိုင်း တိမ်ပင်လယ်ကို ဖြတ်သန်းလျက် ဇီဝေချန်မိသားစုဆီသို့ ဦးတည်ကာ မောင်းနှင်နေတော့သည်။

အနီရောင်ဝတ်စုံကို ဆင်မြန်းကာ ကျောပြင်တွင် လှံရှည်ကို လွယ်ထားသော ရွှီချင်းကျိုးမှာမူ သူမ၏ မြင်းမြီးသဏ္ဌာန် စည်းထားသော ဆံနွယ်တို့ လေထဲ၌ လွင့်ပျံနေစဉ် သင်္ဘောကုန်းပတ်၏ ရှေ့ဆုံး၌ တစ်ဦးတည်း ရပ်ကာ အတွေးကိုယ်စီဖြင့် ငေးမောနေ၏။ သူမ၏ နောက်ကွယ်တွင်မူ ဇီဝေချန်မိသားစုသို့ လိုက်ပါလည်ပတ်ကြမည့် မိသားစုအကြီးအကဲများနှင့် ရွှီမိသားစု တပည့်များ ရှိနေကြသည်။

နင်ချန်းယွီသည်လည်း ထိုသူများထဲ၌ ပါဝင်နေသည်။

"ဇီဝေချန်မိသားစု"

နင်ချန်းယွီသည် သူ၏မျက်လုံးများကို မှေးစင်းလိုက်ရင်း နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ထွက်ပေါ်လာသည်။

"ဟဟ... ဇီဝေချန်မိသားစုက ချန်ကျီရှင်းဆိုတဲ့ကောင် အကြောင်း ပြောရရင်တော့ ငါ့ကို ရတနာတွေ ပေးခဲ့တဲ့ အဲဒီလူအက အခုအချိန်မှာတော့ ကလေးပေါက်စလေးပဲ ရှိဦးမှာ မဟုတ်လား"

သူ၏ အတွေးတို့မှာ တရစပ် လှုပ်ခတ်လာတော့သည်။

ယခင်ဘဝက သူသည် ချန်မိသားစုမှ ချန်ကျီရှင်းကို သတ်ဖြတ်ပြီး ရှေးဦးကျမ်းစာကို ရရှိခဲ့သည်။ ထို့နောက် ရှေးဦးစစ်မှန်သောစွမ်းအားကို ကျင့်ကြံကာ အရှေ့နယ်မြေ၏ မဟာပြိုင်ပွဲကြီးအတွင်း၌ တစ်ဟုန်ထိုး အောင်မြင်ခဲ့ခြင်းပင်။

ထိုနောက်ပိုင်းတွင် ချန်မိသားစုသည် သူ့ကိုလိုက်လံဖမ်းဆီးရန် လူများ အကြိမ်ကြိမ် စေလွှတ်ခဲ့သော်လည်း သူကသာ ပြန်လည်သတ်ဖြတ်နိုင်ခဲ့သည်။ ချန်မိသားစုဝင်များကို သတ်ဖြတ်ရာမှ ရရှိသော အခွင့်အလမ်းများဖြင့် သူ၏ ကျင့်ကြံဆင့်မှာလည်း အံ့မခန်း တိုးတက်လာခဲ့ပြီး ဇီဝေချန်မိသားစုက သူ့ကို အလေးအနက်ထား တိုက်ခိုက်ရန် ပြင်ဆင်သည့် အချိန်တွင်မူ သူသည် အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ရာ ဇီဝေချန်မိသားစုတစ်ခုလုံးကို ခြေဖဝါးအောက်၌ နင်းခြေပစ်နိုင်ခဲ့သည်။

သို့သော် ယခင်ဘဝမှ အချိန်မှတ်တမ်းများအရ ဤအဖြစ်အပျက်များအားလုံးက နောက်ထပ် ဆယ်နှစ်ခန့် ကြာမှသာ ဖြစ်ပွားရမည် ဖြစ်သည်။ ယခင်ဘဝ၏ ဤအချိန်ကာလတွင်မူ သူသည် ရွှီမိသားစုအတွင်း၌ အနှိမ်ခံ သမက်အဖြစ်သာ နေခဲ့ရသေးသည်။

"ဟဟ... ချန်ကျီရှင်းနဲ့ ဇီဝေချန်မိသားစုဆိုတာ ငါ ချန်းယွီနတ်မင်းကြီးရဲ့ တိုးတက်မှုတာအိုမှာ အကြီးမားဆုံး လှေကားထစ်တွေပဲ။ ငါ ဘယ်လိုလုပ် လက်လွတ်ခံနိုင်မှာလဲ"

"ငါ မှတ်မိသလောက်ဆိုရင် အခုအချိန်မှာ ဇီဝေချန်မိသားစုက တတိယတောင်ထိပ်သခင် ချန်ထျန်းလျန် အစွမ်းကုန်ဆုံးသွားပြီးတဲ့နောက် စိတ်ဓာတ်ကျဆင်းနေတဲ့ အခြေအနေမှာပဲ ရှိဦးမှာ။ အဲဒီ ချန်ကျီရှင်းဆိုတဲ့ အယောင်ဆောင်ကလည်း အပေါင်းအသင်းတွေကြားထဲမှာ အပယ်ခံရတာကော မွေးရာပါ အသုံးမကျတဲ့ ခန္ဓာကိုယ် ပိုင်ဆိုင်ထားတာတွေကောကြောင့် စိတ်ဓာတ်တွေ ကျဆင်းပြီး ဘဝကို အရှုံးပေးနေလောက်ပြီ။ သူရဲ့ ကျင့်ကြံဆင့်က ဝိညာဉ်ပျိုးထောင်ခြင်းနယ်ပယ်ကိုတောင် ရောက်ဦးမှာ မဟုတ်ဘူး"

"ဒီတစ်ခေါက် ချန်မိသားစုကို ရောက်ရင်တော့ အဲဒီ ချန်ကျီရှင်းဆိုတဲ့ ငတုံးကို တိတ်တဆိတ် သတ်ပစ်ဖို့ အခွင့်အရေး ရှာရမယ်။ ပြီးရင် သူကိုင်ထားတဲ့ ရှေးဦးကျမ်းစာကို လုယူပြီး ချန်မိသားစုဆီက ရတနာတွေကို ငါ့အတွက် ဆက်တိုက် ရယူရမယ်"

"ဒီနည်းနဲ့ ငါ့ရဲ့ တရားဝင် အောင်မြင်မှု ခရီးစဉ်ကို စတင်နိုင်မှာပေါ့"

"ငါ ပြန်လည်မွေးဖွားလာကတည်းက အရာအားလုံးက ကွက်တိပဲ..."

နင်ချန်းယွီသည် တိတ်တဆိတ် တွေးတောရင်း သူ၏ အပြုံးကို မနည်း ထိန်းထားရသည်။

အခန်း။ ၈၆

မျက်တောင်တစ်ခတ်အတွင်းမှာပင် သုံးရက်တာ အချိန်ကာလက ကုန်လွန်သွားခဲ့သည်။

ဇီဝေချန်မိသားစု၏ တတိယတောင်ထိပ်ရှိ လျှို့ဝှက်ကျင့်ကြံဆောင်အတွင်း၌...

ချန်ကျီရှင်းသည် တောင်ပုံရာပုံရှိလှသော ဓားတာအိုဆိုင်ရာ ကျမ်းစာအုပ်များရှေ့တွင် တင်ပျဉ်ခွေထိုင်နေ၏။ ထိုစာအုပ်များထဲတွင် သမိုင်းတစ်လျှောက် ဓားတာအိုဆရာကြီးအသီးသီး၏ ဓားပညာအဖွင့်ကျမ်းများ၊ မှတ်စုမှတ်တမ်းများနှင့် များပြားလှစွာသော ဓားသိုင်းပညာရပ်များ ပါဝင်သည်။

ယူကျိုးနယ်မြေမှ ပြန်ရောက်လာပြီးကတည်းက သူသည် မိသားစု၏ ကျမ်းစာနန်းတော်သို့ သွားရောက်ကာ ဓားတာအိုနှင့် ပတ်သက်သမျှ စာအုပ်အားလုံးကို တတိယတောင်ထိပ်သို့ သယ်ဆောင်လာခဲ့ခြင်းပင်။ သုံးရက်တိတိ သူသည် ဤလျှို့ဝှက်ခန်းအတွင်း၌သာ အချိန်ကုန်ဆုံးစေခဲ့ပြီး ဓားတာအို အသိပညာပင်လယ်ကြီးအတွင်း၌ နစ်မြောနေခဲ့သည်။

ကောင်းကင်ဘုံကိုပင် ဆန့်ကျင်နိုင်သော သူ၏ ဉာဏ်အလင်းပွင့်မှု၊ မြင့်မားလှသော ဓားတာအိုပါရမီနှင့် ရှေးဟောင်းဓားနတ်ဘုရား၏ အသိအမြင်တို့ ပေါင်းစပ်လိုက်သောအခါ ချန်ကျီရှင်းအတွက် ဤဓားကျမ်းများကို ဖတ်ရှုရသည်မှာ မြင့်မားသော တောင်ထိပ်ပေါ်မှနေ၍ အောက်ခြေကို ငုံ့ကြည့်ရသကဲ့သို့ အလွန်ပင် လွယ်ကူလှသည်။ မူရင်းရေးသားသူများပင် ထည့်သွင်းစဉ်းစားခဲ့ခြင်းမရှိသည့် အသိအမြင်သစ်များကိုပင် သူက ပြန်လည်ဖော်ထုတ်နိုင်ခဲ့သည်။

သုံးရက်တာ အချိန်တိုအတွင်း သူဖတ်ရှုခဲ့သော ဓားကျမ်းစာအုပ်အရေအတွက်မှာ ရာနှင့်ချီ၍ ရှိခဲ့ပြီဖြစ်သည်။ ယခုအခါ ချန်ကျီရှင်းကိုယ်တိုင်ပင် သတိမထားမိသော်လည်း ဓားတာအိုဆိုင်ရာ သီအိုရီဗဟုသုတနှင့် အမွေအနှစ်ပိုင်းတွင်မူ ဤလောက၌ သူ့ကို ကျော်လွန်နိုင်သူ ရှိတော့မည်မဟုတ်ချေ။

"ဟူး... နောက်ဆုံးတော့ အကုန်ဖတ်လို့ ပြီးသွားပြီ"

ချန်ကျီရှင်းသည် သက်ပြင်းအရှည်ကြီးတစ်ချက်ကို ချလိုက်ပြီး သူ၏လက်ထဲမှ နန်လီဓားဧကရာဇ်လက်စွဲကျမ်းကို ကြမ်းပြင်ပေါ်သို့ အသာချလိုက်၏။

"အခုဆိုရင် ဓားတာအို အမွေအနှစ်ပိုင်းမှာတော့ ငါက သာမန်ဓားတာအိုဆရာကြီးတွေကို ကျော်လွန်နေပြီလို့ ပြောလို့ရတယ်။ ငါ့အတွက် လိုအပ်နေတာက ငါ့ရဲ့ အတွေးအခေါ်တွေကို လက်တွေ့သက်သေပြဖို့ စိတ်လှုပ်ရှားစရာကောင်းတဲ့ ဓားချင်းယှဉ်ပြိုင်တိုက်ခိုက်မှု တစ်ခုပဲ"

"အဲဒီလို တိုက်ပွဲမျိုးသာ ရှိမယ်ဆိုရင် ငါက ဓားတာအိုရဲ့ စတုတ္ထနယ်ပယ်ဖြစ်တဲ့ ဆရာကြီးနယ်ပယ်ထဲကို အမှန်တကယ် ခြေလှမ်းလှမ်းနိုင်တော့မှာ။ ငါသာ ဓားတာအိုဆရာကြီးအဆင့်ကို ရောက်သွားတာနဲ့ ဓားတာအိုမျိုးစေ့ကို စုစည်းနိုင်မှာဖြစ်ပြီး စစ်မှန်သော အနှစ်သာရနယ်ပယ်ရဲ့ ဒုတိယအဆင့်ကိုလည်း တက်လှမ်းနိုင်လိမ့်မယ်"

"အရေးကြီးဆုံး အချက်ကတော့ ငါရဲ့ကိုယ်ပိုင်ဓားတာအိုသစ်တစ်ခုကို ထုဆစ်နိုင်မှာပဲ"

ချန်ကျီရှင်းသည် အတွေးကိုယ်စီဖြင့် သူ့ဘာသာ တိုးတိုးလေး ရေရွတ်လိုက်မိသည်။

အမှန်ပင် ဤမျှများပြားလှသော ဓားတာအို ဗဟုသုတများကို စုပ်ယူပြီးနောက် သူသည် ရှေးဟောင်းဓားနတ်ဘုရား၏ လမ်းဟောင်းအတိုင်း လျှောက်လှမ်းရန် မရည်ရွယ်တော့ပေ။

ယခု သူ၏ အမြင်နှင့် ကြည့်မည်ဆိုလျှင် လွင့်ပျံပန်းမန် ဓားတာအို၌ပင် အားနည်းချက်များစွာ ရှိနေသည်ကို တွေ့ရသည်။

အခြေအနေတွေက ဒီလောက်အထိ ပြောင်းလဲနေပြီပဲ။ ငါက ဘာဖြစ်လို့ သူတစ်ပါး ခင်းပေးထားတဲ့ လမ်းဟောင်းအတိုင်း အမှတ်တမဲ့ လျှောက်လှမ်းနေရဦးမှာလဲ။

ထိုလွင့်ပျံပန်းမန် ဓားတာအိုသည် အခြားသူများအတွက် ကောင်းမွန်သော လမ်းစတစ်ခု ဖြစ်နိုင်သော်လည်း သူ၏ အစွမ်းအစများ တိုးတက်လာသည်နှင့်အမျှ ထိုပညာရပ်မှ ရရှိသော အကျိုးကျေးဇူးများ မှေးမှိန်သွားသည့်အခါ ၎င်းသည် သူ့ကို ပိတ်လှောင်ထားမည့် အချုပ်အနှောင်တစ်ခုသာ ဖြစ်လာပေလိမ့်မည်။

"ငါ့အတွက် အမှန်တကယ် အစွမ်းထက်တဲ့ အရာက ခွန်အားတာအိုပဲ"

"ပြီးတော့ ငါ့ရဲ့ ခွန်အားဖော်ထုတ်မှုကလည်း သမုဒ္ဒရာထဲက ရေတစ်စက်စာလောက်ပဲ ရှိသေးတယ်။ ငါ ရှာဖွေစူးစမ်းလို့ရတဲ့ ခွန်အားပုံသဏ္ဌာန်တွေက အများကြီး ကျန်ပါသေးတယ်"

"ဥပမာအားဖြင့် ဆွဲငင်အား၊ ဖိအား၊ စွဲဆောင်အား၊ စုပ်ယူအားနဲ့ တွန်းကန်အားတွေလိုမျိုးပေါ့။ ဒါတွေအပြင် တခြား အများကြီး ရှိသေးတယ်"

"ငါ့အနေနဲ့ ဒီအားအင်အသုံးချမှုတွေကို ဓားတာအိုထဲမှာ ပေါင်းစပ်ထည့်သွင်းလိုက်ရင် ပိုကောင်းမယ်။ ငါတစ်ဦးတည်းအတွက်ပဲ သီးသန့်ဖြစ်မယ့် ခွန်အားဓားတာအိုတစ်ခုကို ထုဆစ်ရမယ်"

ချန်ကျီရှင်းသည် အသက်ကို ပြင်းပြင်းရှူလိုက်မိ၏။ တစ်ချိန်က ဝေဝါးနေခဲ့သော ရှေ့ခရီးလမ်းမှာ ယခုအခါတွင်မူ လုံးဝဥဿုံ ကြည်လင်ပြတ်သားသွားခဲ့ပြီ ဖြစ်သည်။

ဒေါက် ဒေါက် ဒေါက်...

ထိုစဉ်မှာပင် အခန်းတံခါးဝမှ ခေါက်သံများ ထွက်ပေါ်လာသည်။ မကြာမီမှာပင် ဘိလော့၏ တက်ကြွလှုပ်ရှားသော အသံလေးက အပြင်ဘက်မှ ပဲ့တင်ထပ်လာ၏။

"သခင်လေး... တခြားအင်အားစုတွေက မိသားစုဆီကို ရောက်နေကြပြီမို့လို့ ဂိုဏ်းချုပ်က သခင်လေးကို တောင်ထိပ်ခန်းမဆောင်ကြီးဆီ လာခဲ့ဖို့ ပြောနေပါတယ်"

"ဒီလောက်တောင် မြန်မြန် ရောက်လာကြတာလား"

ချန်ကျီရှင်းက မျက်မှောင်ပင့်၍ ရေရွတ်လိုက်ပြီးနောက် "ကောင်းပြီ... ငါ အဝတ်အစားလဲပြီးရင် လာခဲ့မယ်" ဟု ပြန်ထူးလိုက်သည်။

...

...

ထိုအချိန်မှာပင် ရွှီဟူသော စာလုံးပါရှိသည့် အလံလွင့်ထူထားသော ပျံသန်းသည့် သင်္ဘောတစ်စီးသည် ကောင်းကင်ယံမှ ဖြည်းညှင်းစွာ ဆင်းသက်လာခဲ့ပြီ ဖြစ်သည်။

သင်္ဘောပေါ်မှ ပထမဆုံး လှမ်းထွက်လာသူမှာ ရွှီချင်းကျိုးဖြစ်ပြီး သူမ၏နောက်တွင် ရွှီမိသားစု၏ ဒုတိယသား ရွှီချင်းဟယ်၊ သမက်ဖြစ်သူ နင်ချန်းယွီနှင့် အတူပါလာသော အကြီးအကဲများ ရှိနေကြသည်။ ထိုသူများအားလုံးသည် ခေါင်းကိုမော့ကာ ကြည့်လိုက်ကြ၏။

ဇီဝေတောင်၏ မြင့်မားလှသော တောင်ထိပ်ကိုးခုမှာ တိမ်ပင်လယ်ကြီးအတွင်းသို့ ထိုးဖောက်ဝင်ရောက်နေသည်ကို တွေ့လိုက်ရသည်။ တောင်ထိပ်များတွင် မြူခိုးတိမ်တိုက်များ လွင့်မျောနေပြီး နတ်ဘုရားအရှိန်အဝါတို့မှာလည်း မီးလျှံများကဲ့သို့ တောက်ပနေသည်။

တောင်တန်းများအတွင်းဝယ် ရှေးဟောင်းသစ်ပင်ကြီးများသည် ကောင်းကင်သို့ ထိုးတက်နေကြပြီး ထူးဆန်းသော ကျောက်ဆောင်ကျောက်ခဲများမှာလည်း အစီအရီ တည်ရှိနေကြသည်။ တောင်ထိပ်များကို ဝန်းရံပျံသန်းနေသော ကြိုးကြာအုပ်ကြီးများကိုလည်း တစ်ချက်တစ်ချက် မြင်တွေ့ရတတ်၏။

ထို့ပြင် အဓိကတောင်ထိပ်မှ ဖြာထွက်လာသော ဆည်းဆာရိပ် ရောင်ခြည်တန်းပေါင်း ထောင်သောင်းတို့သည် တောင်ထိပ်ကိုးခုကြားဝယ် ရေတံခွန်သဖွယ် စီးဆင်းဖြာကျနေသည်မှာ နတ်ဘုရားတစ်ပါး ကိန်းဝပ်စံပယ်ရာနေရာအလား ခန့်ညားထည်ဝါလှသည်။

တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် ဇီဝေကိုးတောင်ထိပ်တစ်ခုလုံးမှာ ပိုင်လိုင်နတ်ဘုရားဘုံနှင့် ဆင်တူနေပြီး မြင်ရသူအပေါင်းကို အလိုအလျောက်ပင် ကြောက်ရွံ့ရိုသေစိတ်များ ဖြစ်ပေါ်စေတော့သည်။

"ဒါက ထာဝရရှင်သန်ခြင်း မိသားစုကြီး ဖြစ်တဲ့ ဇီဝေချန်မိသားစုရဲ့ ကျင့်ကြံရာနယ်မြေပေါ့လေ"

ဒုတိယသား ရွှီချင်းဟယ်အပါအဝင် ရွှီမိသားစုအကြီးအကဲအားလုံး၏ မျက်နှာထက်၌ အံ့ဩမှင်သက်နေသော အရိပ်အယောင်များ ထင်ဟပ်နေကြသည်။

"ထာဝရရှင်သန်ခြင်း မိသားစုဆိုတာ တကယ့်ကို မတူဘူးပဲ။ မှေးမှိန်လာပြီလို့ ဆိုရပေမဲ့လည်း သူတို့ရဲ့ အခြေခံအုတ်မြစ်က ငါတို့နဲ့တော့ အပြတ်အသတ် ကွာခြားနေတုန်းပဲ"

"ငါတို့ရွှီမိသားစုရဲ့ နန်းဆောင်တွေက အင်မတန်များပြားပြီး ခမ်းနားလှပြီလို့ ငါထင်ခဲ့တာ။ ဒါပေမဲ့ ဒီဇီဝေချန်မိသားစုနဲ့ ယှဉ်လိုက်ရင်တော့ တကယ့်ကို တဲစုတ်လေးလိုပါပဲလား"

"ဒီဇီဝေချန်မိသားစုထဲမှာ ဝိညာဉ်စွမ်းအင် စုစည်းမှု အစီအရင်ရဲ့ သဲလွန်စပေါင်း ရာချီပြီး ငါတွေ့နေရတယ်။ ဒါပေမဲ့ နှမြောစရာကောင်းတာက အဲဒီအစီအရင်တွေက အလုပ်မလုပ်နိုင်ကြတော့ပုံပဲ။ အကယ်၍သာ အဲဒီအစီအရင်တွေအားလုံး အလုပ်လုပ်နေမယ်ဆိုရင် ဇီဝေတောင်ပေါ်က ဝိညာဉ်စွမ်းအင် သိပ်သည်းဆဟာ ပြင်ပကမ္ဘာထက် အဆပေါင်း ဒါဇင်နဲ့ချီပြီး ပိုများနေမှာ အသေအချာပဲ"

"ဇီဝေချန်မိသားစုရဲ့ အထွတ်အထိပ်ကာလက ဘယ်လောက်တောင် ခမ်းနားလိုက်မလဲဆိုတာ မှန်းဆကြည့်ဖို့တောင် ခက်တယ်"

"ဇီဝေချန်မိသားစုရဲ့ အထွတ်အထိပ်က ရုတ်တရက်ရောက်လာသလိုပဲ ခဏချင်းပဲ ပျောက်ကွယ်သွားခဲ့တာ။ အကယ်၍သာ အဲဒီ ချန်မိသားစု ဘိုးဘေးကြီး ချန်ရွှမ်ဖုန်းက မိသားစုထဲမှာ နောက်ထပ် နှစ်ပေါင်းတစ်ထောင်လောက် ဆက်နေပြီး အစွမ်းအထက်ဆုံး ပညာရှင်အချို့ကို ပျိုးထောင်ပေးခဲ့မယ်ဆိုရင် ချန်မိသားစု အခုလို အခြေအနေမျိုး ရောက်မှာ မဟုတ်ဘူး"

"ချန်မိသားစု ဆုတ်ယုတ်ရတဲ့ အကြောင်းရင်းက တစ်ခုတည်းပဲ။ သူတို့ရဲ့ ဂုဏ်သရေအားလုံးက ချန်ရွှမ်ဖုန်း တစ်ယောက်တည်းအပေါ်မှာပဲ စုပုံနေခဲ့တာ။ သူလဲပြိုသွားတဲ့အခါမှာ ချန်မိသားစုလည်း တစ်ခဏချင်းမှာပဲ ပြိုလဲသွားခဲ့ရတော့တာပေါ့"

"အကယ်၍ မသေမျိုးတာအိုကို ပထမတန်းစားလို့ သတ်မှတ်ပြီး ထာဝရရှင်သန်ခြင်း နယ်ပယ် ရှိတဲ့ မိသားစုတွေနဲ့ ရှေးဟောင်းအထွတ်အမြတ် နယ်မြေတွေကို ဒုတိယတန်းစားလို့ သတ်မှတ်

မယ်ဆိုရင်... ဒီနေ့ခေတ် ဇီဝေချန်မိသားစုက တတိယတန်းစားရဲ့ အလယ်အလတ်အဆင့်လောက်မှာပဲ ရှိပါတော့မယ်"

"ဇီဝေချန်မိသားစုမှာ ကျင့်ကြံဆင့် အထွတ်အထိပ်ရောက်နေတဲ့ ဘိုးဘေးတစ်ယောက် ရှိနေသေးတယ်လို့ ကြားဖူးတယ်။ ဒါပေမဲ့ အဲဒါက အမှန်လားဆိုတာတော့ ငါမသိဘူး"

လူအုပ်ကြီးမှာ စိတ်လှုပ်ရှားစွာဖြင့် သက်ပြင်းချရင်း ပြောဆိုနေကြတော့သည်။

နင်ချန်းယွီသည်လည်း ဇီဝေကိုးတောင်ထိပ်ကို ကြည့်ရင်း သူ၏အတွေးတို့မှာ လှုပ်ခတ်နေ၏။ ယခုတစ်ကြိမ် ဇီဝေချန်မိသားစုကို ပြန်လည်မြင်တွေ့ရခြင်းမှာ သူ၏ရင်ထဲ၌ တစ်မျိုးတစ်ဖုံ ခံစားရစေသည်။

ဟင်း... မယုံနိုင်စရာပဲ။ ဒီလောက်အထိ ထုထည်ကြီးမားလွန်းတဲ့ အင်အားစုကြီးကို... ငါ့ရဲ့ အရင်ဘဝတုန်းက ငါတစ်ယောက်တည်းနဲ့ ဘယ်လိုများ နင်းခြေပြီး ဖျက်ဆီးပစ်နိုင်ခဲ့တာလဲ။

"သူ့ရဲ့ မြင့်မားတဲ့ တံတိုင်းတွေကို တည်ဆောက်တာကို ကြည့်ခဲ့ရပြီး ဧည့်သည်တွေကို ဧည့်ခံနေတာကို ကြည့်ခဲ့ရတယ်။ အခုတော့ သူ့ရဲ့ တံတိုင်းတွေ ပြိုကျနေတာကို ကြည့်နေရပြန်ပြီပေါ့"

နင်ချန်းယွီသည် ခေါင်းကို အသာအယာခါယမ်းလိုက်ရင်း အနည်းငယ် စိတ်မကောင်းသလို ဖြစ်သွားမိ၏။ သို့သော်လည်း ထိုစိတ်မကောင်းဖြစ်မှုမှာ ခဏတာမျှသာ ဖြစ်သည်။

ယခုဘဝ၌ သူသည် ဇီဝေချန်မိသားစုကို နောက်တစ်ကြိမ် နင်းခြေကာ အဆုံးစွန်သော အထွတ်အထိပ်သို့ တက်လှမ်းရန် ကံပါလာပြီးသား ဖြစ်သည်။

တကယ်လို့သာ ဇီဝေချန်မိသားစုက ပြိုလဲမသွားဘူးဆိုရင်... ငါ့အတွက် အခုလို ကောင်းကင်ဘုံက ပစ္စည်းတွေနဲ့ မြေကမ္ဘာက ရတနာတွေကို ဘယ်သူက လာပြီး ပေးမှာလဲ။

သူတို့ရဲ့ ကျဆုံးမှုက ငါ့အတွက်တော့ ရတနာသိုက်ကြီး ပွင့်သွားတာနဲ့ အတူတူပဲ။ အခုလို အဖိုးတန်တဲ့ နတ်ဘုရားလက်နက်တွေကိုကော ဘယ်သူက ငါ့ကို အလကား လာပေးဦးမှာလဲ။

All Chapters